အခန်း (၁၀၈၁-၁၀၈၅)
Vol. 44 Ch. 1081-1085
အခန်း(၁,၀၈၁) ချင်းယန်ကျစ်နဲ့ ချင်းယွင်ကျစ်တို့ရဲ့ ရန်ပွဲ ၉၃)
ယန်းမင်အာက စူစူလေးကို ပခုံးပုတ်ကာ ရှင်းပြလိုက်ပါသည်။ “ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး စူစူလေး။ စိတ်မပူနဲ့။ စူစူလေးရဲ့ အစ်ကိုငယ်က အုတ်ခဲလိုပဲ မာတယ်။ ဒီလိုလေး ချော်လဲရုံနဲ့ ဘာမှ မထိခိုက်သွားဘူး”
“ဪ…”။ စူစူလေး ယုံကြည်သွားပါသည်။ ခြေလှမ်းဖို့ ပြင်နေသည့် သူမခြေဖဝါးလေးကိုလည်း ပြန်ရုတ်သိမ်းလိုက်သည်။
ထို့နောက် အစ်ကိုနှစ်ယောက် တိုက်ခိုက်နေတာကို ဆက်ပြီး စောင့်ကြည့်ခဲ့ပါသည်။
ချင်းယွင်ကျစ် ချော်လဲသွားတာကို ချင်းယန်ကျစ်လည်း အံ့အားသင့်ကာ ကြောင်စီစီဖြစ်သွားခဲ့ပါသည်။ ချင်းယွင်ကျစ် ကြမ်းပြင်ပေါ်မှာ လှဲနေတာ စက္ကန့် ၃၀ လောက်ကြာနေပြီဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ရှောင်းပေပေ စိတ်ဖိစီးသွားပါသည်။ သူမယောကျ်ားသာ အမြန်မလှုပ်ရှားလျှင် မတ်လေးက ဘယ်လို ဆက်ပြီး သရုပ်ဆောင်ရမှန်း သိမှာ မဟုတ်တော့ပါ။
ရှောင်းပေပေ၏ စိုးရိမ်ပူပန်မှုကို ခံစားမိတာကြောင့်လား မသိနိုင်သော်လည်း ချင်းယန်ကျစ် နောက်ဆုံးတော့ လှုပ်ရှားခဲ့ပါသည်။ လဲကျနေသည့် ချင်းယွင်ကျစ်၏ ခန္ဓာကိုယ်ပေါ် ခုန်တက်ကာ ကျောပေါ်မှာ ထိုင်လျက် သူ့နောက်ကျောကို လက်သီးဖြင့် ဆက်တိုက် ထိုးလေသည်။
လက်သီးဖြင့် ထိုးရင် ငယ်ငယ်က သူ့ညီနဲ့ အတူတူဖြတ်သန်းခဲ့ရသည့် အမှတ်ရတွေကို ပြန်သတိရမိသည်။ နှစ် ၂၀ ကျော်ကြာအောင် ခံစားခဲ့ရသည့် ဝမ်းနည်းမှုတွေကိုလည်း ပြန်သတိရမိပါသည်။ ထို့ကြောင့် ဒေါသကော စိတ်မကောင်းဖြစ်မှုကော ရောယှက်သွားခဲ့သည်။
“ဆန်ကုန်မြေလေးကောင်! မင်းကို ဘယ်သူက အိမ်ကနေနှင်ထုတ်လိုက်လို့လဲ! နှစ် ၂၀ ကျော်ကြာအောင် ပြန်မလာဖို့ ဘယ်သူက မှာထားလို့လဲ! တော်တော် သတ္တိကောင်းနေတယ်ပေါ့! ခွေးလောက်တောင် အသိဉာဏ်မရှိတဲ့ကောင်!”
“တစ်နှစ်နေမှ တစ်ခါ ဓာတ်ပုံတစ်ပုံ စာတစ်စောင်ပို့ရုံနဲ့ လုံလောက်ပြီ ထင်နေလား။ မင်းကိုယ်မင်း ဘာထင်နေလဲ။ မင်းတို့က ကမ္ဘာပတ်ပြီး ပျော်ရွှင်နေချိန် အိမ်က မိသားစုတွေ စိုးရိမ်ပူပန်နေတာ မသိဘူးလား”
“ခွေးကောင်! ငါ့ကို မင်းအစ်ကိုလို့ကော သဘောထားသေးရဲ့လား။ အဖေနဲ့ အမေတို့ကိုတောင် သတိရသေးရဲ့လား”
ချင်းယန်ကျစ် ဒေါသတွေ ပိုထွက်လာပြီး ချင်းယွင်ကျစ်၏ နောက်ကျောကို အဆက်မပြတ် ထိုးနေခဲ့ပါသည်။ သို့သော် သူကိုယ်တိုင်တောင် သတိမထားမိဘဲ မျက်လုံးတွေ နီမြန်းလာခဲ့သည်။
ရှောင်းပေပေနဲ့ ယန်းမင်အာတို့ မှင်သက်သွားကြပြီး ပွဲကြည့်ချင်စိတ်တောင် ပျောက်သွားပါသည်။
ယန်းမင်အာက ဝင်တားဖို့ ကြိုးစားသော်လည်း ရှောင်းပေပေက အမြန်ဆွဲထားလိုက်သည်။
“မသွားနဲ့!”
ယန်းမင်အာ ရှင်းပြလိုက်သည်။ “ကျွန်မယောက်ျား အထိုးခံရတာကို စိတ်ပူလို့ မဟုတ်ပါဘူး။ ခဲအိုကို စိတ်ပူလို့ပါ…”
ဒီထိုးချက်လောက်က သူမယောက်ျားအတွက် ကလိထိုးသလောက်သာ နာကျင်လိမ့်မည်။
ခဲအို၏ အခြေအနေကမှ ပိုပြီး စိတ်ပူဖို့ ကောင်းပါသည်။
“သူ့ဒေါသကို ဖြေဖျောက်ပါစေ”။ ရှောင်းပေပေ ပြောလိုက်သည်။ “ချင်းမိသားစုက ယောက်ျားလေးတွေအကုန် ခံစားချက်ကို မျိုသိပ်ထားတတ်ကြတယ်။ ဝမ်းနည်းကြောင်း၊ ဒေါသထွက်ကြောင်း ဘယ်တော့မှ ထုတ်မပြတတ်ကြဘူး။ အဲ့လိုသာ ဆက်တိုက် မျိုသိပ်ထားမယ်ဆိုရင် တစ်နေ့ကျ ဒုက္ခရောက်ရလိမ့်မယ်”
မျက်ရည်တွေကျနေပြီဖြစ်သည့် ယောက်ျားဖြစ်သူကို ကြည့်ရင်း ရှောင်းပေပေ ဆက်ပြောလိုက်သည်။ “ညီအစ်ကို နှစ်ယောက်ကြားက တချို့ကိစ္စတွေဆိုတာ နားလည်ရခက်တယ်။ သူတို့ကို ဒီလိုအချိန်ပေးပြီး စာရင်းရှင်းခိုင်းလိုက်တာ အကောင်းဆုံးပါပဲ”။
ယန်းမင်အာလည်း ရပ်တန့်သွားပါသည်။ “ဟုတ်ပါပြီ”
စူစူလေးလည်း မျက်မှောင်ကြုတ်နေသည်။ သူမ ခြေလှမ်းဖို့ ပြင်လိုက်သော်လည်း ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပါသည်။
သေချာစဉ်းစားပြီးနောက် ဝင်မတားဖို့ ဆုံးဖြတ်လိုက်ပါသည်။
ခဏကြာတော့ ချင်းယန်ကျစ်လည်း ပင်ပန်းသွားပြီး ချင်းယွင်ကျစ်ဘေးမှာ လှဲချကာ မျက်နှာကြက်ကြီးကို ငေကြည့်နေလိုက်ပါသည်။
ချင်းယွင်ကျစ်လည်း ပက်လက်လှန်လိုက်ပြီး တီးတိုးပြောလိုက်သည်။
“ငါတောင်းပန်ပါတယ်”
သူ့အသံက တိုးညှင်းနေသော်လည်း ချင်းယန်ကျစ်ကတော့ ကြားပါသည်။
“အခုမှ တောင်းပန်နေလို့ ဘာထူးတော့မှာလဲ။ အရမ်းနောက်ကျသွားပြီလို့ မထင်ဘူးလား”
“ထင်ပါတယ်”။ ချင်းယွင်ကျစ်လည်း နားလည်ပါသည်။
ညီဖြစ်သူကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် ချင်းယန်ကျစ် သက်ပြင်းချလိုက်ပါသည်။ “ငါတို့ကိုတောင် ပြန်လာမတွေ့နိုင်ရအောင် နှစ် ၂၀ တောအတွင်း ဘာတွေဖြစ်ခဲ့လို့လဲ”
ချင်းယွင်ကျစ် ခန္ဓာကိုယ် ရုတ်တရက် တောင့်တင်းသွားခဲ့သည်။ မျက်လုံးတွေမှာလည်း မှင်သက်မှုတွေနဲ့ ပြည့်နှက် သွားခဲ့ပါသည်။
… … …
အခန်း(၁,၀၈၂) အားလုံး သိပြီးသား
ချင်းယန်ကျစ်ကို ချင်းယွင်ကျစ် လှည့်ကြည့်လိုက်ပါသည်။
ချင်းယန်ကျစ်က အားလုံးသိထားသလို မျက်နှာမျိုး လုပ်နေသည်။
“ဘာအံ့ဩစရာ ရှိလို့လဲ။ မင်းနှစ်ဆယ်ချီပြီး ပြန်မလာတာကို ငါတို့ စိတ်ဆိုးတယ် ဆိုပေမယ့် မင်းအကြောင်း ငါတို့ နားလည်ပြီးသားပဲဥစ္စာ။ မင်းတို့ ပြန်မလာနိုင်တဲ့ကိစ္စတစ်ခုခု ရှိလို့သာ မဟုတ်ရင် ဒီလောက်အကြာကြီး ပျောက်သွားမှာ မဟုတ်ဘူး”
အားလုံးက မိသားစုဝင်တွေဖြစ်ကြသည်။ ဒီလိုကိစ္စကိုတောင် မရိပ်စားမိပါက သူ့ကိုယ်သူ အစ်ကိုဟု မခေါ်ထိုက်တော့ပါ။
ချင်းယန်ကျစ် ဆက်ပြောလိုက်၏။ “ငါတစ်ယောက်တည်း မဟုတ်ဘူး။ အဖေနဲ့ အမေတို့လည်း ရိပ်မိကြတယ်။ မင်းတို့ ကြိုးစားပမ်းစား ဟန်ဆောင်ထားရတာတွေ အလကားဖြစ်သွားမှာစိုးလို့သာ မပြောခဲ့တာ”
ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ မှင်သက်သွားခဲ့ကြပါသည်။
စူစူလေးလည်း မျက်လုံးများ အရောင်တောက်သွားသည်။ ချင်းယန်ကျစ်ဘေးသို့ သွားကာ ဒူးထောက်ထိုင်လျက် မေးလိုက်ပါသည်။ “အစ်ကိုလတ်တို့အားလုံး သိပြီးသားလား”
ချင်းယန်ကျစ် မျက်လုံးများ နီမြန်းနေဆဲ ဖြစ်သော်လည်း စူစူလေးကို မြင်သောအခါ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပါသည်။
စူစူလေးရဲ့ နှာခေါင်းလေးကို သူလှမ်းညှစ်လိုက်သည်။ “ဟုတ်တယ် အားလုံး သိထားပြီးသား။ ဖေဖေကော မေမေကာ၊ အစ်ကိုကြီးကော၊ အစ်ကိုလတ်ကော၊ ဒုတိယယောက်မကော အားလုံးသိထားပြီးသားပဲ။ အကြီးဆုံးယောက်မကိုတော့ နာမကျန်းဖြစ်ပြီး ကိုယ်ဝန်လည်း ဆောင်ထားရတော့ အရမ်းကြီး စိတ်မညစ်ရအောင် ပြောပြမထားလို့ သူသိမှာ မဟုတ်ဘူး”
“ဒါဆို အစ်ကိုငယ် ဘာလို့ ပြန်မလာတာလဲဆိုတာ အစ်ကိုလတ်တို့ ခန့်မှန်းနိုင်တယ်ပေါ့”။ စူစူလေး ထပ်မေးလိုက်ပါသည်။
“အသေးစိတ်တော့ မသိပါဘူး။ ဒါပေမယ့် အခုလက်ရှိ သူ့ပုံစံကို အကဲခတ်ကြည့်ရသလောက် တစ်ယောက်ယောက်က ခြိမ်းခြောက် အကြပ်ကိုင်ခဲ့တာမျိုး ဖြစ်နိုင်တယ်။ နိုင်ငံခြားမှာ နေလို့လည်း အဆင်မပြေ သူ့ကို သေစေချင်နေတဲ့ လူမိုက်တွေလည်း ရှိနေတော့ အိမ်ကိုပြန်မလာရဲဘဲ သူ့ရန်သူတွေကို အနိုင်ယူပြီးမှ ပြန်လာရဲခဲ့တာ နေမှာပေါ့”။
ချင်းယန်ကျစ် ခန့်မှန်းတာ ၉၅ ရာခိုင်နှုန်းလောက်တော့ မှန်ကန်ပါသည်။
သူ့ညီအကြောင်းကို သေချာ မစုံစမ်းနိုင်ခဲ့သော်လည်း သူ့ညီရဲ့ စရိုက်ကို ကောင်းကောင်းသိသဖြင့် အခြေအနေတွေကို ခန့်မှန်းနိုင်ခဲ့ပါသည်။
“အစ်ကိုလတ်က အရမ်းဉာဏ်ကောင်းတာပဲ!”။ စူစူလေး မျက်တောင်တဖျပ်ဖျပ် ခတ်လျက် ပြောလိုက်ပါသည်။
ညီမဖြစ်သူရဲ့ ချီးကျူးမှုကို ခံရပြီးနောက် ချင်းယန်ကျစ် စိတ်ပြန်ရွှင်သွားခဲ့ပါသည်။ “စူစူလေးရဲ့ အစ်ကိုကြီးတွေပဲဥစ္စာ။ ဉာဏ်ကောင်းမှ ဖြစ်မှာပေါ့”
“ဒါမယ့် အစ်ကိုငယ် အိမ်ပြန်မလာနိုင်တဲ့ အကြောင်းအရင်းကို သိပြီးပြီဆိုရင် သူ့ကို ဘာလို့ ထိုးတာလဲ”။ စူစူလေးက မေးလိုက်ပါသည်။
“ဒီကောင်က စိတ်ကြီးဝင်နေတာကိုး။ ငါတို့ကို ဖွင့်မပြောဘဲ တစ်ယောက်တည်း ဖြေရှင်းဖို့ ကြိုးစားးတယ်။ မိသားစုဆိုတာ အလကားမှမဟုတ်တာ။ ပျော်စရာရှိလည်း အတူတူ ပျော်ရသလို အခက်အခဲရှိလည်း အတူတူ ကျော်ဖြတ်ရမှာပဲဥစ္စာ! ညီမလေးလည်း အစ်ကိုလတ်စကားကို နားထောင်နော်။ နောက်ပိုင်း အခက်အခဲတွေ ပြဿနာတွေ ကြုံလာတဲ့အခါကျရင် တီဗွီတွေဒရမ်မာတွေထဲကလို မိသားစုအတွက် အနစ်နာခံပြီး တစ်ယောက်တည်း ဖြေရှင်းတာမျိုး မလုပ်နဲ့။ အဲ့လိုလျှို့ဝှက်ထားတာက အခက်အခဲကို အတူတူကျော်ဖြတ်ရတာထက် ပိုနာကျင်ရတယ်။ အဲ့လို စိတ်ကြီးဝင် ရူးသွပ်တဲ့ လုပ်ရပ်မျိုး အစ်ကိုလတ် လုံးဝ မကြိုက်ဘူး”
“ဪ… အာ့ဆို အစ်ကိုငယ်အကြောင်းကို လျှို့ဝှက်ထားပေးဖို့ သမီးလည်း ကူညီပေးခဲ့တာပဲ…”။ စူစူလေး ပြောလိုက်လေသည်။
“အဟမ်း။ ညီမလေးက ပြဿနာမရှိဘူး။ ညီမလေး လုပ်တာမှန်သမျှ အကုန်မှန်တယ်”။ ချင်းယန်ကျစ် ဘက်လိုက်စွာ ပြောလိုက်ပါသည်။
စည်းမျဉ်းတွေစည်းကမ်းတွေ အားလုံးက ချင်းမိသားစုအတွင်းရှိ ယောက်ျားသားတွေအတွက်သာဖြစ်သည်။ စူစူလေး အတွက်ကတော့ ဘာစည်းမျဉ်းစည်းကမ်းမှ မရှိပါ။ စူစူလေးကသာ စည်းမျဉ်းစည်းကမ်းတွေကို ဖန်တီးရမှာ ဖြစ်သည်။
ချင်းယန်ကျစ်နဲ့ စူစူလေးတို့ရဲ့ စကားတွေကို ကြားပြီးနောက် ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့နှစ်ယောက်စလုံး စကားပင် မပြောနိုင်ကြတော့ပါ။
ကိုယ့်အပြစ်ကို နားလည်ပေးပြီး နှစ်သိမ့်ခံရသည့် ခံစားချက်ကြောင့် နှလုံးသားတွေ နွေးထွေးသွားကြကာ နှစ်ယောက်စလုံး မျက်ဝန်းများ စိုစွတ်လာခဲ့ကြလေသည်။
… … …
အခန်း(၁,၀၈၃) မောင်နှမသုံးယောက် သောင်းကျန်းခြင်း
ရှောင်းပေပေက ယန်းမင်အာကို ပွေ့ဖက်လိုက်ပါသည်။ “ငတုံးမလေး ငိုချင်ရင် ငိုပစ်လိုက်။ ယောက်မ ရင်ခွင်ထဲမှာ ငိုပစ်လိုက်လို့ရတယ်။ ဒီနေ့မှ တွေ့ဖူးကြတာဆိုပေမယ့် ငါ့အင်္ကျီကို မျက်ရည်တွေ၊ နှပ်ချေးတွေ သုတ်ပစ်လိုက်လို့လည်း ရတယ်။ ပြန်ဝယ်ပေးဖို့တော့ မမေ့နဲ့ပေါ့”
ယန်းမင်အာ မျက်ရည်များ စီးကျရင်း ရယ်မောလိုက်ပါသည်။
“မရယ်နဲ့လေ။ မျက်ရည်ကုန်အောင် အရင်ငိုလိုက်။ အခြေအနေတွေက ဒီလောက်ထိ ဇာတ်ရှိန်တက်လာတာ မငိုတော့ရင် အဆင်မပြေဘူး”။ ရှောင်းပေပေ ဆက်ပြောလိုက်ပါသည်။
ယန်းမင်အာ ပိုလို့တောင် မငိုချင် ဖြစ်သွားလေသည်။
ရှောင်းပေပေကြောင့် ငိုချင်စိတ်လုံးဝ မရှိတော့ပေ။
“အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့ ပြန်တည့်သွားကြပြီ။ ရေး!!!”
စူစူလေး ချင်းယွင်ကျစ်နဲ့ ချင်းယန်ကျစ်တို့ ကြားထဲမှာ လှဲအိပ်ရင်း ပျော်ရွှင်စွာ အောင်ပွဲခံလိုက်ပါသည်။ ချင်းယန်ကျစ်နဲ့ ချင်းယွင်ကျစ်တို့လည်း ရယ်မောလိုက်ကြပါသည်။
ထိုစဉ် ချင်းယန်ကျစ်က စူစူလေး ယားတတ်သော နေရာများကို ကလိစထိုးလေသည်။
“အား!!!”။ စူစူလေး အော်လိုက်ပါသည်။ “အစ်ကိုလတ် ကလိမထိုးနဲ့ ယားတယ်!”
စူစူလေး လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူများကို မထိုးမိအောင် မနည်းစိတ်ထိန်းထားရပါသည်။
“ဒါအစ်ကိုငယ်ကို ကူညီလျှို့ဝှက်ပေးခဲ့တဲ့အတွက် အပြစ်ပေးတာ!”။ ချင်းယန်ကျစ်က လက်နှစ်ဖက်စလုံးကို အသုံးပြုကာ ကလိဆက်ထိုးလိုက်ပါသည်။
“အစ်ကိုငယ် ကယ်ပါဦး!”။ ချင်းယွင်ကျစ်ကို စူစူလေး အကူအညီ လှမ်းတောင်းလိုက်ရသည်။
ဒါကိုကြားတော့ ချင်းယွင်ကျစ် အမြန်လှုပ်ရှားလိုက်ပြီး ချင်းယန်ကျစ်၏ လက်နှစ်ဖက်ကို ချုပ်ကာ ကြမ်းပြင်ပေါ် ဖိထားလိုက်ရပါသည်။
“ယွင်ကျစ် ဒါဘာသဘောလဲ။ ငါမင်းကို ခွင့်လွှတ်ပေးထားတာတောင် မကြာသေးဘူး။ ငါ့ကို ထပ်တိုက်ခိုက်ရဲတယ်ပေါ့”။ ချင်းယန်ကျစ် မကျေနပ်စွာ မေးလိုက်ပါသည်။
“ညီမလေးရဲ့ အမိန့်လေ”။ ချင်းယွင်ကျစ် ပြန်ဖြေလိုက်လေသည်။
အစ်ကိုတစ်ယောက်ရဲ့ အမိန့်က အရေးပါသော်လည်း ညီမလေးတစ်ယောက်ရဲ့ အမိန့်က ပိုအရေးပါပါသည်။
စူစူလေး လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ချင်းယန်ကျစ်ကို ဆုံးမဖို့ ပြင်လိုက်ပါသည်။
“ညီမလေး ဘာလုပ်မလို့လဲ”
“ဟင်းဟင်းဟင်း”
ချင်းယန်ကျစ်ရဲ့ ချိုင်းနဲ့ ခါးတို့ကို စူစူလေး ကလိထိုးလေသည်။
“အား!!!”
ဒီတစ်ခေါက် အော်ရမည့်အလှည့်က ချင်းယန်ကျစ်ဖြစ်ပါသည်။
သောင်းကျန်းနေကြသည့် မောင်နှမ သုံးယောက်ကို ကြည့်ပြီး ရှောင်းပေပေနဲ့ ယန်းမင်အာတို့လည်း ပျော်ရွှင်ကြည်နူးစွာ ပြုံးမိကြပါသည်။
Gym မှပြန်ထွက်လာပြီး ညစာစားခန်းထဲသို့ ပြုံးပြုံးရွှင်ရွှင်ဖြင့် ဝင်လာကြသော လူ ၅ ယောက်ကို ကြည့်ကာ အဘွားချင်း မေးလိုက်ပါသည်။ “နင်တို့ဘာတွေလုပ်နေကြတာလဲ။ အတော်ပျော်နေတဲ့ပုံပဲ”
စူစူလေးက အဘွားချင်းထံ ပြေးသွားပြီး ပျော်ရွှင်စွာ ပြောလိုက်ပါသည်။ “မေမေ! အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့ ရန်ဖြစ်ကြတာလေ!”
“ရန်ဖြစ်ကြတာ ဟုတ်လား”။ အဘွားချင်း မယုံကြည်နိုင်ဘဲ ညီအစ်ကိုနှစ်ယောက်ကို သံသယဖြစ်စွာ ကြည့်လိုက်ပါသည်။
“ဟုတ်တယ်။ ကျွန်တော်တို့ တကယ် ရန်ဖြစ်ခဲ့ကြတာ။ ကျွန်တော်သူ့ကို ကြမ်းပြင်ပေါ် လှဲချုပ်ပြီး ထိုးခဲ့တာလေ”။ ချင်းယန်ကျစ် ဖြေလိုက်ပါသည်။
အဘွားချင်းက သူ့ကို အပြစ်တင်ချင်စိတ်တောင် မရှိပါ။ ထိုစကားကို သူကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ ယုံကြည်မှာ မဟုတ်ပေ။
“အဲ့တော့ နင့်ညီကို အနိုင်ယူပြီး ရန်ပွဲပေါင်း ၃၀၀ မှာ ပထမဆုံး နိုင်တဲ့ပွဲ ဖြစ်လာပြီပေါ့”။ အဘွားချင်း ပြောလိုက်လေသည်။
“အမေကလည်း ဘာလို့ ၃၀၀ တောင်လဲ”။ ချင်းယန်ကျစ် ချေပလိုက်လေသည်။ အလွန်ဆုံး ၂၅၀ လောက်သာ ရှိဦးမည်။ ဒီ့ထက် မများနိုင်ပါ။
“၂၈၇ ပွဲ”။ ချင်းယွင်ကျစ်က တည်တည်ငြိမ်ငြိမ် မျက်နှာဖြင့် ပြောလိုက်ပါသည်။ “ဒီနေ့နဲ့ဆို ၂၈၈ ပွဲရှိပြီ”
“ယွင်ကျစ်! ဒီလိုကိစ္စမျိုးအတွက် အဲ့လောက်ဉာဏ်ကောင်းစရာမလိုဘူးလေ!”
ညီအစ်ကိုနှစ်ယောက် ငယ်ငယ်တုန်းက သောင်းကျန်းခဲ့ကြသည့် မြင်ကွင်းတွေကို ပြန်မြင်ယောင်ကာ အဘွားချင်း ရယ်မောမိပါသည်။
“ဟုတ်ပါပြီ ထားပါတော့။ အသက်တွေ ကြီးနေတာတောင် ရန်ဖြစ် သောင်းကျန်းနေကြတုန်းပဲလား။ စူစူလေး မြင်သွားပြီး လှောင်ရယ်မှာကို မကြောက်ဘူးလား”
ထို့နောက် စူစူလေးကို အဘွားချင်း ပွေ့ချီလိုက်ပါသည်။
အဘွားချင်း ရင်ခွင်ထဲရောက်သောအခါ စူစူလေးက ပြောလိုက်လေသည်။
“မေမေ သမီးပေကျင်းကို သွားချင်တယ်”
… … …
အခန်း(၁,၀၈၄) ကိုကြီးကို ရှာဖွေဖို့ ပေကျင်းမြို့သို့ သွားရောက်ခြင်း
“သမီးလေးက ဘာလို့ ရုတ်တရက်ကြီး ပေကျင်းမြို့ကို သွားချင်တာတုန်း”။ အဘွားချင်း စိတ်ဝင်တစား မေးလိုက်ပါသည်။
“ကိုကြီးကို သွားရှာချင်လို့”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
ထိုအဖြေကို ကြားပြီးနောက် အဘွားချင်းမျက်နှာ အနည်းငယ်ပျက်သွားပြီး စိုးရိမ်ပူပန်သွားပါသည်။
တကယ်တော့ လုမိသားစုအကြောင်းကို စုံစမ်းဖို့ အဘိုးချင်းနဲ့ သူမနဲ့ လူတွေလွှတ်ထားပြီးသား ဖြစ်သည်။ သို့သော် ဘာသတင်းမှ မရခဲ့ကြပါ။ ထို့ကြောင့် စူစူလေးကို ဘာမှ ပြန်ပြောမပြရသေးခြင်း ဖြစ်သည်။ စူစူလေး ဒီကိစ္စကို တဖြည်းဖြည်းနဲ့ မေ့လျော့သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပါသည်။
သို့သော်လည်း ယခုတော့ စူစူလေးကိုယ်တိုင်က တောင်းဆိုလာပြီဖြစ်သဖြင့် လုကျန်းယွီမှာ စူစူလေးအတွက် အလွန် အရေးပါသည့် လူတစ်ယောက်ဆိုတာ သေချာသွားပါပြီ။ သူ့ကိုတွေ့ရမှ စူစူလေး စိတ်အေးနိုင်မှာဖြစ်သည်။
သို့သော် တစ်ဖက်သူကို ရှာဖွေနိုင်ဖို့ဆိုတာ မလွယ်ကူပါ။
လုမိသားစုအကြောင်းကို သေချာ နားမလည်သည့်အပြင် ပေကျင်းမြို့ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာလည်း မသိနိုင်ပါ။
“အမေ။ ကျွန်တော် ညီမလေးကို ခေါ်သွားပေးမယ်လို့ ကတိပေးပြီးသွားပြီနော်။ ညီမလေးကို ဒီတိုင်း စိတ်ညစ်ခံခိုင်းမယ့်အစား ပြဿနာကို ချက်ချင်း ဖြေရှင်းလိုက်တာ ပိုမကောင်းဘူးလား”။ ချင်းယန်ကျစ် ပြောလိုက်ပါသည်။
“ကျွန်တော်လည်း ထောက်ခံတယ်”။ ချင်းယွင်ကျစ်လည်း ဝင်ပြောလိုက်လေသည်။
“အဲ့တာဆို နင်တို့ သုံးယောက်က ဆုံးဖြတ်ထားပြီးသားပေါ့။ ငါ့ကို လာခွင့်တောင်းတာ မဟုတ်ဘဲ ဒီတိုင်း အသိပေးရုံပေါ့ ဟုတ်လား”။ အဘွားချင်း မကျေမနပ် ပြောလိုက်ပါသည်။
အမေဖြစ်သူကို ချင်းယန်ကျစ် အမြန်ချော့လိုက်ရသည်။ “အမေကလည်း ဒါခွင့်တောင်းတာပဲပေါ့။ မိသားစုထဲမှာ အာဏာအကြီးဆုံးက အမေပဲလေ။ အမေ့ခွင့်ပြုချက်မရဘဲ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချရဲပါ့မလား။ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချထားရင်တောင် အရာမရောက်သေးဘူး။ အမေ့ခွင့်ပြုချက် ရမှ ဖြစ်မှာ”
မောင်နှမ သုံးယောက်ကို ကြည့်ရင်း အဘွားချင်း သက်ပြင်းချလိုက်ပါသည်။ “အေးပါ အေးပါ။ ငါ သဘောမတူဘူးလို့လည်း မပြောပါဘူး။ သွားလိုက်တော့ စိတ်ထဲလည်း ရှင်းလင်းသွားတာပေါ့”
စူစူလေးကို ဒီအတိုင်း ထားလို့မဖြစ်မှန်း အဘွားချင်းလည်းသိပါသည်။
အဘွားချင်း ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ဘယ်လိုသွားကြမလဲ။ ဘယ်လိုရှာကြမလဲဆိုတာ သေသေချာချာ ဆွေးနွေးသွားမှ ဖြစ်မယ်နော်”
မောင်နှမသုံးယောက် ပြိုင်တူ ခေါင်းညိတ်လိုက်လေသည်။
ထိုနေ ညနေခင်း ညစာစားပြီးနောက် အဘွားချင်းက အဘိုးချင်းနဲ့ သား သုံးယောက်တို့ကို ခေါ်ပြီး စူစူလေးကို ပေကျင်းသို့ လိုက်ပို့မည့်ကိစ္စအား ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။
နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ လင်မယားနှစ်ယောက်က စူစူလေးကို ပေကျင်းသို့ အရင်ဆုံး ခေါ်သွားမည်ဖြစ်သည်။ သူတို့နဲ့အတူ ဟဲပေမူနဲ့ ချင်းယွင်ကျစ်၏ ဘော်ဒီဂတ်တွေလည်း လိုက်သွားမည် ဖြစ်ပါသည်။
ချင်းယွင်ကျစ်နဲ့ ယန်းမင်အာတို့ လင်မယားနှစ်ယောက်ကတော့ အနောက်မြောက်ပိုင်း ပရောဂျက်အတွက် အလုပ် များနေကြသဖြင့် မလိုက်နိုင်ကြပါ။ သို့သော် စူစူလေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူသဖြင့် သူတို့ဘော်ဒီဂတ် အဖွဲ့ကို ထည့်ပေးလိုက်ရပါသည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း အလုပ်တွေကို ချင်းယွင်ကျစ်တို့ လင်မယားထံသို့ အပြီးအပြတ်လွှဲပြောင်းပေးဖို့ ရက်ပိုင်းလောက် အချိန်ယူရမည်။
ထိုအချိန်ကုန်ဆုံးလို့မှ စူစူလေး ပြန်မလာသေးလျှင် အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း ပေကျင်းသို့ လိုက်သွားကြပါမည်။
အဘိုးချင်းနဲ့ အဘွားချင်းတို့က စူစူလေးကို အလွန်ဆုံး ၃ ရက် ၅ ရက်မျှသာ ခွဲခွာနိုင်မည်ဖြစ်သည်။ ဒီ့ထက် ပိုကြာလို့ မရပါ။
--- --- ---
၄ နှစ်ပြည့် မွေးနေ့ပြီးဆုံးသောအခါ ခရီးဆောင်အိတ်လေးကို ဆွဲလျက် အစ်ကိုလတ်၊ ဒုတိယ ယောက်မတို့နဲ့အတူတူ ပေကျင်းမြို့သို့ စူစူလေး ခရီးနှင်ခဲ့ပါသည်။
ပေကျင်းကို ရောက်တာနဲ့တစ်ပြိုင်နက် ကြိုတင်စီစဉ်ထားသည့် Rolls-Royce တစ်စီးဖြင့် ချင်းယန်ကျစ်တို့ တိုက်ခန်းဆီ သွားခဲ့ကြသည်။
ဒီတစ်ခါတော့ ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ တစ်ပြိုင်နက် ချင်းယုမူက စောင့်ကြိုနေပါသည်။
“ရောက်လာကြပြီလား”။ ချင်းယုမူ ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည်။ သူ့မျက်လုံးတွေထဲက ပျော်ရွှင်မှုကိုတော့ မဖုံးကွယ်နိုင်ပါ။
စူစူလေးက အမွေးပွပွ အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဦးထုပ်ထူထူလေးလည်း ဆောင်းထားကာ လက်ထဲမှာ ခရီးဆောင်အိတ်သေးသေးလေး ဆွဲထားသည်။ ဟူကျစ်က သူမ ပခုံးပေါ်မှအိတ်နေပါသည်။
စူစူလေးရဲ့ ခရီးဆောင်အိတ်လေးကို မြင်သောအခါ ချင်းယုမူ ရှေ့တိုးလာပြီး ပြောလိုက်သည်။ “နင့်ခရီးဆောင်အိတ် ငါကူသယ်ပေးမယ်”
… … …
အခန်း(၁,၀၈၅) ခရီးစရိတ်တွေနဲ့ ပြည့်နေတဲ့ ခရီးဆောင်အိတ်
ခရီးဆောင်အိတ်ကို စူစူလေး လွှတ်လိုက်ရာ “ဒုန်း”ခနဲ မြည်သံနဲ့အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပါသည်။
ချင်းယုမူလည်း မျက်လုံးပြူးသွားသည်။ ဒီလောက်သေးငယ်သည့် ခရီးဆောင်အိတ်လေးက ဒီလောက် လေးလံလိမ့်မည်ဟု ထင်မထားခဲ့ပါ။
အရှက်မကွဲစေဖို့အတွက် ချင်းယုမူ လက်မလျှော့သေးဘဲ လက်နှစ်ဖက်စလုံးကို သုံလျက် ခရီးဆောင်အိတ်ကို မ,ကြည့်လိုက်သည်။ သို့သော် ခရီးဆောင်အိတ်လေးက လှုပ်ပင် မလှုပ်ပါ။
“နင့်ခရီးဆောင်အိတ်ထဲ ဘာတွေထည့်ထားတာလဲ”။ စူစူလေးကို ချင်းယုမူ မေးလိုက်သည်။
“ခရီးသွားစရိတ်!”။ စူစူလေး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်ပါသည်။
“ခရီးသွားစရိတ်ဟုတ်လား။ ဘယ်လို ခရီးသွားစရိတ်က ဒီလောက် လေးမှာလဲ”။ ချင်းယုမူ ခရီးသွားလျှင် အဝတ်အစားတွေ၊ ဖိနပ်တွေ စသည်တို့ကိုသာ ဦးစားပေးယူတတ်သည်။
“ရွှေတွေ!”။ စူစူလေး ပြန်ဖြေလိုက်ပါသည်
“ရွှေဟုတ်လား။ ဒီထဲမှာ ရွှေတွေချည့်ပဲလို့ ပြောချင်တာလား”
“အွန်း အွန်း အကုန် ရွှေတွေချည့်ပဲ!”။ စူစူလေး ခေါင်းငြိမ့်ပြလိုက်သည်။
ရွှေတွေကို တခြားပစ္စည်းတွေနဲ့ အများကြီး လဲလှယ်လို့ရပါသည်။ ထို့ကြောင့် သူမရဲ့ ခရီးဆောင်အိတ်လေးထဲကို တန်ဖိုးအရှိဆုံးဖြစ်သည့် ရွှေတွေသာ ထည့်လာခြင်းဖြစ်သည်။
ချင်းယုမူ နှုတ်ခမ်းတွန့်သွားပြီး ဆွံ့အသွားလေသည်။
ရှောင်းပေပေ ပြုံလိုက်ပြီး သူမ သားကို လာကယ်ပေးလိုက်လေသည်။ “ယုမူ၊ နင့်ဒေါ်လေးကို ရေတစ်ခွက် သွားငှဲ့ပေးလိုက်ပါလား။ ဒီခရီးဆောင်အိတ်ကိုတော့ စူစူလေးရဲ့ ဘော်ဒီဂတ်က သယ်ပေးလိမ့်မယ်”
ရှောင်းပေပေက ယောက်ျားဖြစ်သူကိုလည်း မသယ်ခိုင်းခဲ့ပါ။ ယောကျ်ားဖြစ်သူပါ အရှက်ကွဲသွားလို့ မဖြစ်ပေ။
ဟဲပေမူ ရှေ့ထွက်လာပြီး ခရီးဆောင်အိတ်ကို သယ်လိုက်ပါသည်။
အိမ်ထဲကို ရောက်သောအခါ စူစူလေး ဆိုဖာပေါ် ထိုင်လိုက်တာနဲ့တစ်ပြိုင်နက် ချင်းယုမူက သစ်သီးများ အပြည့် ဖြည့်ထားသည့် ဗန်းကြီးတစ်ခုကို ယူလာခဲ့ပါသည်။
ပန်းသီး၊ နာနတ်သီး၊ ချယ်ရီသီး၊ စပျစ်သီး၊ နဂါးမောက်သီး၊ စောင်းလျားသီးများကို ဗန်းထဲမှာ အပြည့်ဖြည့်ထားပါသည်။
ရေဆေးစရာ ရှိတာကို ရေဆေးထားပြီး လှီးစရာရှိတာကို လှီးထားသည်။
သို့သော် သစ်သီးများ၏ ပုံသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် သစ်သီးလှီးထားသည့် လူက အတွေ့အကြု့ သိပ်ရှိပုံ မရပါ။ သစ်သီးများက အတော်လေး မညီမညာဖြစ်နေပါသည်။
ဒီအိမ်မှာ သစ်သီးတွေကို ဒီလောက် ဆိုးဆိုးရွားရွားလှီးနိုင်မည့် လူဆိုလို့ တစ်ယောက်တည်းသာ ရှိပါသည်…။
ချင်းယုမူက သစ်သီးတွေ လှီးထားတယ်ပေါ့…။
ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
သူတို့အမြင်မှာ သူတို့သားက ဒီလို သိတတ်သည့်လူမျိုး မဟုတ်ပါ။ အမြဲတမ်း ဂျစ်ကန်ကန် နေတတ်သူဖြစ်သည်။
သို့သော်လည်း စူစူလေးကတော့ ဒါတွေ ဘာမှ မစဉ်းစားပါ။ ခက်ရင်းကို ကိုင်လျက် သစ်သီးနှစ်ဖတ်လောက် ယူကာ စားကြည့်လိုက်သည်။
“ချိုတယ်”
“ချိုတယ်မလား”။ ချင်းယုမူ ပြုံးသွားပါသည်။
“အွန်း ချိုတယ်”
တကယ်ချိုပါသည်။ ထန်ထိုက်မင် ယူလာပေးသည့် မက်မွန်သီးတွေလောက်နီးနီး ချိုသည်။
“ချိုရင် ပြီးတာပဲ”။ ချင်းယုမူလည်း ကျေနပ်သွားခဲ့ပါသည်။
“မြောင်!”။ ဟူကျစ်က ချင်းယုမူ ပခုံးပေါ်ကို ခုန်တက်ပြီး စားစရာ တောင်းလိုက်ပါသည်။
ဟူကျစ်က ချစ်ဖို့ကောင်းသဖြင့် ဟဲပေမူလည်း ချယ်ရီသီးတစ်လုံး ယူကျွေးလိုက်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်းပေပေ ပြုံးသွားပါသည်။
“နင်က ဒီမှာ လူတစ်ယောက်ကို လာရှာတာဆို။ ခုတလော ငါလည်း အားနေတာဆိုတော့ အပင်ပန်းခံပြီး ကူရှာပေးလိုက်ပါ့မယ်။ ဘယ်လိုလဲ”
ချင်းယုမူ ခေါင်းမော့ရင်ကော့လျက် ပြောလိုက်သည်။ သို့သော် စူစူလေးကို သေချာကြည့်ရင်း ရင်ထဲ ဗလောင် ဆူနေပါသည်။
ဘာလို့ ပြန်မဖြေသေးတာလဲ။ ရူးတော့မှာပဲ!
“ရပါတယ် ကိုယ့်ဖာသာကိုယ် ရှာလိုက်မယ်”။ စူစူလေး ငြင်းလိုက်လေသည်။
“နင်… ဘယ်လိုလုပ် ကိုယ့်ဖာသာကိုယ်ရှာလို့ ရမှာလဲ။ နင်က သေးသေးလေးပဲ ရှိသေးတာ ပြီးတော့… ပြီးတော့ ပေကျင်းမြို့အကြောင်းလည်း ဘာမှသိတာ မဟုတ်ပဲနဲ့!”။ ချင်းယုမူ ဆင်ခြေနှစ်ခုကို အမြန်စဉ်းစားကာ ပြောလိုက်ပါသည်။
… … …