← Chapters

အခန်း (၁၀၈၆-၁၀၉၀)

Vol. 44 Ch. 1086-1090

အခန်း (၁၀၈၆-၁၀၉၀)

Vol. 44 Ch. 1086-1090

အခန်း(၁,၀၈၆) ယွဲ့ယွမ် အုပ်စု

“ရပါတယ်။ အစ်ကိုလတ်နဲ့ ယောက်မတို့လည်း ရှိတယ်။ ပြီးးတော့ ဟူကျစ်နဲ့ ဘော်ဒီဂတ်လေးတို့လည်း ရှိတယ်! အားလုံးက တော်ပြီးသား!”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။

“နင်… ဘာလို့…”။ ချင်းယုမူ မျက်နှာ အလွန်ရှုံ့မဲ့သွားပြီး အသက်ရှူသံတွေလည်း ပြင်းလာပါသည်။

စိတ်တိုလိုက်တာ! စူစူလေးစိတ်ထဲမှာ သူက အဲ့လောက်တောင် အသုံးမဝင်ဘူးလား။

“ဟမ်”။ စူစူလေးက ချင်းယုမူကို စိုက်ကြည့်လျက် ဘာဆက်ပြောမလဲ စောင့်နေပါသည်။

ဘာပြောချင်နေတာလဲ။ ဘာလို့ ရုတ်တရက်ကြီး ရပ်သွားတာလဲ။

“ငါ အိမ်စာပဲ သွားလုပ်တော့မယ်!”။ ချင်းယုမူ ရုတ်တရက်လှည့်ထွက်သွားပါသည်။ ဒေါသလည်း အလွန် ထွက်နေပုံရသည်။

စူစူလေး မှင်သက်သွား၏။

မူမူလေး ဘာဖြစ်သွားတာလဲ။ ဘာလို့ စိတ်ဆိုးသွားပြန်တာလဲ.

ကိစ္စမရှိပါဘူးလေ။ အရေးမကြီးဘူး။ ဟူကျစ်နဲ့ ရေချိုးပြီး စောစောအိပ်ရမယ်!

မနက်ဖြန်စောစောထပြီး ကိုကြီးကို သွားရှာရမယ်!

--- --- ---

နောက်နေ့ မနက် မိုးလင်းသောအခါ ချင်းယန်ကျစ်နဲ့ ဟဲပေမူတို့ကို လက်တစ်ဖက်စီဖြင့် ဆွဲလျက် ဟူကျစ်ကို ပခုံးပေါ် တင်ပြီး ချင်းယွင်ကျစ် စီစဉ်ပေးထားသည့် ကားထဲ စူစူလေး ဝင်လာခဲ့ပါသည်။

ဒီနေ့ သူတို့ရဲ့ ဦးတည်ချက်က ပေကျင်းမြို့၏ လူအစည်ကားဆုံးနေရာဖြစ်သော CBD သို့ သွားရောက်ရန် ဖြစ်သည်။ CBD မှာ ကုမ္ပဏီပေါင်း ထောင်နဲ့ချီရှိကာ နည်းပညာ၊ ဘဏ္ဍာရေး၊ အင်တာနက်၊ အစားအသောက် စသည်ဖြင့် လုပ်ငန်းပေါင်းစုံ ထွန်းကားရာ နေရာလည်း ဖြစ်သည်။

အားလုံးထဲမှာ အကြီးမားဆုံး ကုမ္ပဏီက ယွဲ့ယွမ်အုပ်စု ဖြစ်သည်။ သူတို့ ကုမ္ပဏီပိုင်နက်က စတုရန်းမီတာ ၃၀၀,၀၀၀ လောက် ရှိပြီး စွမ်းရည် ပါရမီများဖြင့် ပြည့်စုံသော ဝန်ထမ်းသောင်းနဲ့ချီပြီး ပိုင်ဆိုင်ထားသည်။

ဒီနေ့ စူစူလေး သွားမည့်နေရာက ယွဲ့ယွမ်အုပ်စုဆီကို ဖြစ်ပါသည်။

ချင်းယွင်ကျစ်က ဘာကြောင့် ဒီကို လာခိုင်းသလဲဆိုတာ စူစူလေး နားမလည်ပါ။ သို့သော် ကိုကြီးကို ဒီမှာ ရှာတွေ့နိုင်ချေ ရှိသည်ဟု ချင်းယွင်ကျစ် ပြောခဲ့သည်။

ယွဲ့ယွမ်အုပ်စု၏ အရှေ့ဘက်ဂိတ်ဆီ စူစူလေးတို့ ကား ရောက်ရှိလာခဲ့ပါသည်။ သို့သော် အဆောက်အဦးထဲ ဝင်ခွင့် မရသေးပါ။

လုံခြုံရေးအစောင့်က သူတို့ကို လာရောက်မေးမြန်းခဲ့သည်။

“ဘယ်သူနဲ့ တွေ့ချင်လို့လဲ မသိဘူး”

စူစူလေးက မှန်ချကာ ပြန်ဖြေလိုက်သည်။

“ကိုကြီးကို လာရှာတာ!”။ ကလေးအသံလေးဖြင့် စူစူလေး ရှင်းပြလိုက်သည်။

“ကိုကြီး ဟုတ်လား။ အဲ့တာ ဘယ်သူလဲ”။ လုံခြုံရေးအစောင့်က အပြုံးဖြင့် မေးလိုက်ပါသည်။

ဒီကလေးမလေးက ချစ်စရာကောင်းလွန်းသဖြင့် လုံခြုံရေးအစောင့်တောင် လေသံနူးညံ့သွားပါသည်။

“ကိုကြီးရဲ့နာမည်က… သူ့နာမည်က…”။ ကိုကြီးရဲ့ နာမည်ကို စူစူလေး မမှတ်မိပါ။

ကိုကြီးနာမည်က မှတ်ရအလွန်ခက်သဖြင့် သူမ ခဏခဏ မေ့သွားတတ်ပါသည်။

“သူ့နာမည် လုကျန်းယွီပါ”။ ချင်းယန်ကျစ် ကူဖြေပေးလိုက်ပါသည်။

“အဲ့တာ ဒီကဝန်ထမ်းတစ်ယောက်လား။ စိတ်မရှိပါနဲ့။ ဝန်ထမ်းမိသားစုဝင်တွေက ကုမ္ပဏီဝန်းထဲ ဝင်ခွင့် မရှိလို့ပါ”။ စူစူလေးကို လုံခြုံရေးအစောင့်က ရှင်းပြလိုက်ပါသည်။

“မဟုတ်ပါဘူး။ ကိုကြီးက ဝန်ထမ်း မဟုတ်ဘူး။ သူက သမီးထက် နည်းနည်းပိုကြီးတယ်။ ဒါပေမယ့် အလုပ် မလုပ်သေးဘူး”။ စူစူလေး ပြန်ရှင်းပြလိုက်ပါသည်။

“အဲ့တာဆို သူငယ်ချင်းလေးပေါ့ ဟုတ်လား”။ လုံခြုံရေးအစောင့်က ရယ်မောကာ မေးလိုက်ပါသည်။

“အရင်တုန်းကတော့ သူငယ်ချင်းပါ။ အခုတော့ မသိတော့ဘူး”

သူမကို သူငယ်ချင်းအဖြစ် အသိအမှတ်ပြုသေးရဲ့လားဟု ကိုကြီးကို မေးဖို့ လာခဲ့တာဖြစ်သည်။

“စိတ်မရှိပါနဲ့ သမီးလေး။ ကုမ္ပဏီဝန်းထဲကို ဝန်ထမ်းတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေပဲ ဝင်ခွင့်ရှိတယ်လို့ စည်းကမ်းထုတ်ထားလို့ပါ”

“ဧည့်သည်တော်တွေ ဟုတ်လား”။ စူစူလေး ခေါင်းလေးစောင်းကာ မေးလိုက်ပါသည်။

ချင်းယန်ကျစ် မေးလိုက်သည်။ “ကျွန်တော်တို့က ဖိတ်ကြားထားတဲ့ ဧည့်သည်တွေဆိုတာ ဘယ်လို သက်သေပြရမလဲ”

“ခင်ဗျားတို့ကို ဖိတ်ကြားထားတဲ့လူက QR Code တစ်ခု ပေးလိမ့်မယ်။ အဲ့ဒီ QR code ကို Scan ဖတ်ပြီး အတည်ပြုမှ ရမှာပါ”။ လုံခြုံရေးအစောင့်က ရှင်းပြလိုက်ပါသည်။

“ဒီဟာကို ပြောတာလား”။ ချင်းယန်ကျစ် ဖုန်းထုတ်ကာ QR Code တစ်ခုကို ဖွင့်ပြလိုက်ပါသည်။

… … …

အခန်း(၁,၀၈၇) ဟွော်မိသားစုနဲ့ ယှဉ်ပြိုင်နိုင်တဲ့ လုမိသားစု

ဒီ QR Code ကို ချင်းယွင်ကျစ်က ပို့ပေးထားခြင်းဖြစ်သည်။ ကုမ္ပဏီထဲ ဝင်ခွင့်ရစေဖို့ဟု ဆိုခဲ့သည်။ အသေးစိတ်တော့ ပြောမပြခဲ့ပါ။

“ဟုတ်တယ် ဟုတ်တယ် အဲ့တာပဲ”။ လုံခြုံရေးအစောင့်က Scanner တစ်ခု ထုတ်လိုက်ပြီး QR Code ကို အမြန် စစ်ဆေးလိုက်ပါသည်။ ဖန်သားပြင်ပေါ်မှာ ပေါ်လာသည့် အချက်အလက်ကို ကြည့်ရင်း သူ မျက်လုံးပြူးသွားသည်။ “စီအီးအိုယင်ရဲ့ အထူးဧည့်သည်ပဲ! ကျေးဇူးပြုပြီး ဝင်ခဲ့ပါ ဝင်ခဲ့ပါ”

အထူးဧည့်သည် ဟုတ်လား။

ဖုန်းထဲက QR Code ကို ချင်းယန်ကျစ် ငုံ့ကြည့်လိုက်သည်။

သူ့ညီ ဘာတွေများ လုပ်ခဲ့တာလဲ။

ယွဲ့ယွမ်အုပ်စုမှာ VIP QR Code ကိုပါ ဘယ်လို ရအောင်ယူလိုက်တာပါလိမ့်…။

လုံခြုံရေးအစောင့်က စူစူလေးတို့ကားကို မြေအောက် ကားပါကင်ဆီ လမ်းပြခေါ်ဆောင်သွားပေးခဲ့သည်။

ထို့နောက် ဓာတ်လှေကားထိရောက်အောင် လိုက်ပို့ပေးခဲ့ပြီး အပြုံးဖြင့် နှုတ်ဆက်ခဲ့ပါသသည်။

ဓာတ်လှေကား တံခါး ပိတ်သွားတာနဲ့ ဟဲပေမူက ပြောလိုက်ပါသည်။ “ယွဲ့ယွမ်ရဲ့ ဝန်ထမ်းတွေက ဘယ်ဆိုးလို့လဲ”

ချင်းယန်ကျစ်က ပြန်ပြောလိုက်ပါသည်။ “ယွဲ့ယွမ်ဆိုတာ ပေကျင်းမြို့ရဲ့ ထိပ်တန်း ကော်ပိုရေးရှင်းတစ်ခုပဲ။ အဲ့တာကြောင့် ဒီလိုတွေ အဆင့်မြင့်နေတာ မထူးဆန်းပါဘူး”

“ခင်ဗျားညီက သာမန်မဟုတ်ဘူးထင်တယ်နော်”။ ဟဲပေမူ ထပ်ပြောလိုက်ပါသည်။

“အဲ့တာတော့ ငါလည်း မပြောတတ်ဘူး။ ဒီ နှစ် ၂၀ အတွင်း သူဘာတွေ လုပ်ခဲ့လဲ အတိအကျ မသိနိုင်ဘူး။ လောလောဆယ်တော့ အဲ့ဒီ စီအီးအိုယင်ဆိုတဲ့လူကိုပဲ သွားတွေ့ကြတာပေါ့”။

ချင်းယန်ကျစ်လည်း ဘာမှ မပြောနိုင်ပါ။

သူတို့ သုံးယောက် ၁၀ ထပ်မြောက်သို့ ရောက်လာခဲ့ကြသည်။

ထို့နောက် အမျိုးသမီးအတွင်းရေးမှူးတစ်ယောက်က သူတို့ကို ရုံးခန်းတစ်ခန်းဆီ ခေါ်သွားပေးခဲ့ပါသည်။

ရုံးခန်းတံခါးပေါ်က နာမည်ပြားကို ချင်းယန်ကျစ် မော့ကြည့်လိုက်သည်။

ယွဲ့ယွမ် ဒုဥက္ကဌ ယင်ကျစ်ကျဲ

ရုံးခန်းတံခါး ပွင့်သွားသောအခါ မုတ်ဆိတ်မွေးအပြည့်နဲ့ လူကြီးတစ်ယောက်က သူတို့ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ပါသည်။ ချင်းယန်ကျစ်နဲ့ လက်ဆွဲနှုတ်ဆက်လျက် သူ့ကိုယ်သူ မိတ်ဆက်လိုက်ပါသည်။ “တွေ့ရတာ ဝမ်းသာပါတယ် မစ္စတာချင်း။ ကျွန်တော်က ယင်ကျစ်ကျဲပါ။ နိုင်ငံခြားမှာတုန်းက ကျွန်တော့်ကို မစ္စတာကျစ်ရဲ့ညီ အကူအညီတွေ ပေးဖူးတယ်လေ”

ထို့နောက် စူစူလေးကို ငုံ့ကြည့်ကာ သူပြောလိုက်သည်။ “ဒါ သခင်မလေးချင်းပဲဖြစ်မယ်။ ချစ်စရာကောင်းလိုက်တာ! ချင်းမိသားစုရဲ့ မျိုးရိုးဗီဇတွေကတော့ အကုန်ရှယ်ပဲနော်”

“အွန်း! ဟုတ်တယ်!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

အမှန်တရားဖြစ်သဖြင့် ဘာမှငြင်းဖို့ မလိုအပ်ပါ။

ချင်းယန်ကျစ်က စကားအပိုမပြောဘဲ ယင်ကျစ်ကျဲအား မေးလိုက်ပါသည်။ “ဒီကိုလာရတဲ့ အကြောင်းအရင်း ကျွန်တော့်ညီ ပြောထားသေးလား”

“ပြေထားပါတယ် ပြောထားပါတယ်။ လုမိသားစုဝင်တစ်ယောက်ကို လိုက်ရှာနေတာဆို”။ ယင်ကျစ်ကျဲ ပြောလိုက်သည်။

“သူတို့ မျိုးရိုးနာမည်ကတော့ လုဆိုတာ သေချာတယ်။ လက်ရှိ ပေကျင်းမြို့မှာ ရှိနေကြတယ်။ ဒါပေမယ့် သူတို့ ဘယ်မှာလဲ ဘာတွေ လုပ်နေကြသလဲ ဆိုတာတော့ မသိဘူး”

“အဲ…”။ ယင်ကျစ်ကျဲ အနေခက်စွာ ရှင်းပြလိုက်ပါသည်။ “မစ္စတာချင်း။ ဒီလုမိသားစုက သာမန် မိသားစု မဟုတ်ဘူး။ ယွဲ့ယွမ်အုပ်စု တည်ထောင်သူရဲ့ နောက်ကွယ်က လုမိသားစုပဲ”

“ခင်ဗျားဆိုလိုတာ… ဟွော်မိသားစုကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ လုမိသားစုလား”

ချင်းယန်ကျစ်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားပါသည်။

“ဟုတ်တယ် မစ္စတာချင်း။ အဲ့ဒီ လုမိသားစုကလွဲလို့ တခြား ဘယ်လုမိသားစုက ဒီလို တခမ်းတနား ပြင်ဆင်နိုင်မှာလဲ မဟုတ်ဘူးလား”။ ယင်ကျစ်ကျဲ ရှင်းပြလိုက်ပါသည်။

“ဒါဆို ကျွန်တော်တို့ ရှာနေတဲ့ကောင်လေးက လုမိသားစုရဲ့ သခင်လေးလား”။ ချင်းယန်ကျစ် ထပ်မေးလိုက်ပါသည်။

“ဟုတ်တယ်။ နှစ်ယောက်မရှိတဲ့ သခင်လေးပဲ။ လုမိသားစုက ရိုးရှင်းပါတယ်။ သခင်ကြီးရယ်၊ သခင်လေးရယ် နှစ်ယောက်ပဲ ရှိတယ်။ သခင်ကြီးသာ ဆုံးပါသွားရင် လုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို သခင်လေးက ဆက်ခံရမှာ”။ ယင်ကျစ်ကျဲ ပြန်ဖြေလိုက်သည်။

“ဒါဆို သူ့ကိုတွေ့လို့ရအောင် ဘယ်လိုလုပ်ရမလဲ”။

ဒီကိစ္စက မလွယ်ကူနိုင်မှန်း ချင်းယန်ကျစ် ခန့်မှန်းမိနေပါပြီ။

… … …

အခန်း(၁,၀၈၈) တွေ့ဆုံခွင့် ရဖို့

“အဲ့တာတော့ ကျွန်တော်လည်း မပြောတတ်ဘူး”။ ယင်ကျစ်ကျဲ အမှန်အတိုင်း ဝန်ခံလိုက်ပါသည်။ “ကျွန်တော်က ဒီကုမ္ပဏီရဲ့ ဒုဥက္ကဌဆိုတော့ ကျွန်တော်တွေ့ခွင့်ရတဲ့လူဆိုလို့ စီအီးအိုတစ်ယောက်ပဲ ရှိတယ်။ လုမိသားစုက ယွဲ့ယွမ် နောက်ကွယ်က အင်အားစု ဆိုပေမယ့် ဒီကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်လေ့ မရှိဘူး”

“ဒါပေမယ့် ကျွန်တော့်ညီက ခင်ဗျားတို့ဆီ လွှတ်လိုက်တာဆိုတော့ အကြောင်းအရင်းတစ်ခုခုရှိမှာပေါ့”။ ချင်းယန်ကျစ် မေးလိုက်သည်။

“ဒါပေါ့ ဒါပေါ့။ ဒီနေ့ည ကုမ္ပဏီမှာ နှစ်ပတ်လည် အစည်းအဝေးကျင်းပမှာလေ။ အရင်နှစ်တွေက အတွေ့အကြုံအရဆို စီအီးအိုကိုယ်တိုင် တက်ရောက်နိုင်သလို ကိုယ်စားလှယ်တစ်ယောက်ကိုလည်း လွှတ်လိုက်နိုင်တယ်”။ ယင်ကျစ်ကျဲ ရှင်းပြလိုက်သည်။

ဆိုလိုတာက ဒီနေ့ည သခင်ကြီးလုကို တွေ့နိုင်ချေရှိသည့်သဘောပင်။

ချင်းယန်ကျစ် မျက်မှောင်ကြုတ်လိုက်ပြီး စူစူလေးကို လှည့်ကြည့်လိုက်ပါသည်။

“အစ်ကိုလတ် ဘာဖြစ်လို့လဲ”။ စူစူလေး မေးလိုက်သည်။

“ဒီနေ့ည ဘိုးဘိုးလုကို တွေ့နိုင်ချေရှိသလို တွေ့လို့မရတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဒီအစ်ကိုကြီးက ပြောတယ်”။ စူစူလေးကို ချင်းယန်ကျစ် ရှင်းပြလိုက်ပါသည်။

“ဪ ရပါတယ်။ ကြိုးစားကြည့်မယ်လေ”။ စူစူလေး ပြောလိုက်သည်။ ထို့နောက် ယင်ကျစ်ကျဲဘက်သို့လှည့်ကာ စူစူလေး ကျေးဇူးတင်လိုက်ပါသည်။ “ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် မုတ်ဆိတ်ထူ အစ်ကိုကြီး”

ယင်ကျစ်ကျဲ အားရပါးရ ရယ်မောလိုက်ပါသည်။ “ဟားဟားဟား ဒီအသက်အရွယ်နဲ့ အစ်ကိုကြီးအခေါ်ခံရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ပျော်လိုက်တာ!”

ထို့နောက် ယင်ကျစ်ကျဲ ဆက်ပြောလိုက်ပါသည်။ “ပန်းခြံထဲကို ကျွန်တော် လိုက်ပြပေးမယ်။ ဒီနေ့ည နှစ်ပတ်လည် အစည်းအဝေးဆိုတော့ သီချင်းဆိုဖို့ ဆယ်လီတွေကိုလည်း ဖိတ်ကြားထားတယ်။ တော်တော် စည်ကားလိမ့်မယ်။ ခင်ဗျားတို့ လာရှာတဲ့လူကို မတွေ့ဘူးဆိုရင်တောင် ဒီပွဲကြည့်ရတာ တန်ပါတယ်”

“ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်”

လောလောဆယ်တော့ ဒါက တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ပါသည်။ တစ်ဖက်လူက တကယ်ပဲ ထိုလုမိသားစုဝင် ဆိုလျှင်တွေ့ဆုံဖို့ အလွန်ခက်ခဲလိမ့်မည်။

အတွင်းရေးမှူးကို ယင်ကျစ်ကျဲ ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီးနောက် ချင်းယန်ကျစ်၊ စူစူလေး၊ ဟဲပေမူတို့ကို ခေါ်လျက် ကုမ္ပဏီဝန်းထဲသို့ ဆင်းလာခဲ့ပါသည်။

ကုမ္ပဏီဝန်းထဲမှာ ဘောလုံးကွင်းလောက်နီးနီးကျယ်သည့် ရုံကြီးတစ်ရုံရှိသည်။ ဒီနေ့ည နှစ်ပတ်လည်ပွဲတော်အတွက် စတိတ်စင်ကိုလည်း ထိုနေရာမှာပဲ တည်ဆောက်ထားတာ ဖြစ်ပါသည်။

ထို့အပြင် ဒီနေ့ည ဖျော်ဖြေမည့် ဆယ်လီတွေတချို့လည်း ကြိုရောက်နေကြလေပြီ.

စူစူလေးက မျက်လုံးလျှင်သဖြင့် ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်သွားသည်။

ဆယ်လီတူလေးပဲ!

စူစူလေးက ချင်းယန်ကျစ်၏ အင်္ကျီကို ဆွဲလျက် ပြောလိုက်သည်။ “အစ်ကိုလတ် အစ်ကိုလတ် ဟိုမှာကြည့်”

ချင်းယန်ကျစ်လည်း စူစူလေးပြသည့်နေရာကို လှမ်းကြည့်လိုက်ရာ သူ့သားလတ် ချင်းယုကျိုးကို မြင်လိုက်ရပါသည်။

ဒီကောင် ဒီနေ့ည ပေကျင်းမြို့မှာ လာဖျော်ဖြေမှာကို ငါ့တောင် မပြောပြဘူးလား။

“ဘာဖြစ်လို့လဲ”။ ယင်ကျစ်ကျဲက မေးလိုက်ပါသည်။

“အဲ့ဒီ တောက်တောက်ပြောင်ပြောင်နဲ့ ဒီနေ့ည ဖျော်ဖြေမယ့်ကောင်က ကျွန်တော်တို့ မိသားစုဝင်လေ” ချင်းယန်ကျစ် ရှင်းပြလိုက်ပါသည်။

"ဪ ဟုတ်လား။ ချင်းမိသားစုကတော့ တကယ့် ပါရမီရှင်တွေနဲ့ ပြည့်နေတာပဲနော်! ချင်းယုကျိုးက ခုတလော တော်တော် ပေါ်ပြူလာဖြစ်နေတာလေ။ ပရိတ်သတ်တွေလည်း အများကြီးရထားတယ်”။ ယင်ကျစ်ကျဲက ချီးကျူးလိုက်ပါသည်။

“အပိုတွေပါဗျာ။ ဘာမှ အရေးမပါတာတွေ”။ ချင်းယန်ကျစ် ပြန်ပြောလိုက်လေသည်။

“ဘာကို အရေးမပါတာလဲဗျ။ တခြားသူတွေ အသာထားဦး မစ္စတာချင်းယွင်ကျစ် တစ်ယောက်တည်းကိုတောင် ယှဉ်နိုင်တဲ့လူက ရှားတယ်”

စကားပြောရင်းနဲ့ ယင်ကျစ်ကျဲ မျက်နှာ ရုတ်တရက် တောင့်တင်းသွားလေသည်။ ချင်းယုကျိုးဘေးမှာ စီအီးအို၏ သမီးဖြစ်သူကို မြင်လိုက်ရတာကြောင့် ဖြစ်သည်။

စူစူလေးလည်း ချင်းယုကျိုးကို စိုက်ကြည့်နေပါသည်။ အမျိုးသမီးတစ်ယောက်က သူမရဲ့ ဆယ်လီတူလေးနဲ့ စကားများ ရန်ဖြစ်နေပုံရသည်။

စူစူလေး မျက်မှောင်ကြုတ်သွားခဲ့ပါသည်။

ဖြောင်း!

ထိုအမျိုးသမီးက ချင်းယုကျိုးကို ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်လိုက်လေသည်။

ထိုအခါ စူစူလေးလည်း လျှပ်စီးလို အလျှင်ဖြင့် ပြေးထွက်သွားခဲ့ပါသည်။

… … …

အခန်း(၁,၀၈၉) ငါ့တူလေးကို မရိုက်နဲ့

ရှေ့က အမျိုးသမီးကြောင့် ချင်းယုကျိုး ကြက်သေသေသွားခဲ့ရသည်။

သူမကို စိတ်မဝင်စားဘူးဟု ပြတ်ပြတ်သားသား ပြောထားပြီးသား ဖြစ်သည်။ ပရိတ်သတ်ပဲဖြစ်ဖြစ် သူ့အတွက် ရှူးဂါးမာမီ လုပ်ပေးချင်သူပဲဖြစ်ဖြစ် ချင်းယုကျိုး ဘာမှ မပတ်သတ်ချင်ပါ။

သို့သော် ဒီအမျိုးသမီးက အလွန်ရိုင်းပျနေပြီး သူ့ကို အနှောင့်အယှက် လာပေးနေသဖြင့် စိတ်တိုစရာ ကောင်းပါသည်။

“ဝမ်ဝေ့ရန်ဆိုတဲ့ ငါက နင့်လိုလူမျိုးကို ကြည့်နေတာတောင် ကံကောင်းလှပြီမှတ် ချင်းယုကျိုး။ ငါ့ညီအစ်မတွေ စောင့်ကြည့်နေကြတာ ငါ့ကို အရှက်ကွဲစေချင်လို့လား”

“ခင်ဗျားဖာသာ အရှက်ကွဲတာ မကွဲကာ ကျုပ်နဲ့ ဘာဆိုင်လဲ။ ခင်ဗျားညီအစ်မတွေကို ခင်ဗျားဖာသာ ကြွားလုံးထုတ်ထားတာလေ။ ကျုပ်လုပ်ခိုင်းတာမှ မဟုတ်တာ။ ခင်ဗျားက ယွဲ့ယွမ် စီအီးအိုရဲ့ သမီးဖြစ်နေရင်တောင် ကျုပ်မှာ ငြင်းပိုင်ခွင့်ရှိတယ်”

“ဟန်ဆောင်မနေစမ်းပါနဲ့။ ရုပ်ပြစားရတဲ့ နင်တို့လို ဆယ်လီအဆင့်အတန်းကများ။ ပြည့်တန်ဆာထက် သာတယ် ဆိုရုံပဲ ရှိတယ်။ ငါက နင့်ကို အခွင့်အရေးပေးနေတာ!”

ဝမ်ဝေ့ရန်က လက်ပိုက်လျက် မောက်မာစွာ ပြောလိုက်ပါသည်။

“ခင်ဗျား ကြောင်နေတာလား။ ခင်ဗျားဆီက ကျုပ်ဘာအခွင့်အရေး တောင်းဆိုနေလို့လဲ။ ခင်ဗျားကိုကော ခင်ဗျား စည်းစိမ်တွေကိုကော ကျုပ် စိတ်မဝင်စားဘူး!””။ ချင်းယုကျိုး သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်လာပါပြီ။

ဝမ်ဝေ့ရန် ဒေါသထွက်လာပြီး လက်မြှောက်ကာ ချင်းယုကျိုးကို ပါးရိုက်လိုက်လေသည်။

ထိုစဉ် ရုတ်တရက်ဆိုသလို လျှပ်စီးလို အလျှင်ဖြင့် အရာတစ်ခုက သူမနားကို ရောက်လာပါသည်။ ဘယ်သူဘယ်ဝါမှန်း ဝမ်ဝေ့ရန် သေချာ မမြင်နိုင်ခင် သူမခြေထောက်ကို အားဖြင့် ဆောင့်တွန်းခံလိုက်ရသဖြင့် ဟန်ချက်ပျက်ကာ မြေကြီးပေါ် လဲကျသွားခဲ့ပါသည်။

ဖင်ထိုင်လျက်သား လဲကျသွားတာဖြစ်ပြီး အလွန်နာကျင်သွားခဲ့သည်။

ဝမ်ဝေ့ရန် အလွန်ဒေါသပေါက်ကွဲသွားပြီး ခေါင်းမော့ကြည့်လိုက်ရာ ချင်းယုကျိုးဘေးမှာ ခါးထောက်ရပ်နေပြီး သူမကို စူးစူးဝါးဝါးစိုက်ကြည့်နေသည့် ကလေးမလေးတစ်ယောက်ကို မြင်လိုက်ရပါသည်။

“ဒါဘယ်သူ့ကလေးလဲ။ ဘယ်သူက ကိုယ့်ကလေးကိုယ်ကြည့်မထားတာလဲ!”

“ဘယ်သူ့ကလေးမှ မဟုတ်ဘူး! ငါက သူ့ဒေါ်လေးပဲ။ သူ့ကိုရိုက်ခွင့် ဘယ်သူက ပေးလို့လဲ! ဒါငါ့တူလေး! ငါတို့ မိသားစုဝင်တွေပဲ သူ့ကို ရိုက်လို့ရတယ်။ နင်ရိုက်လို့ မရဘူး!”

စူစူလေး ခပ်စွာစွာ ပြန်ပြောလိုက်ပြီး ချင်းယုကျိုးကို လှည့်မေးလိုက်ပါသည်။

“ဆယ်လီတူလေး ဘာဖြစ်သွားသေးလဲ။ မျက်နှာလေး နာသွားသေးလား။ မကြောက်နဲ့ ဒေါ်လေးကာကွယ်ပေးမယ်!”

ချင်းယုကျိုး ကြည်နူးသွားသော်လည်း အနည်းငယ် စိုးရိမ်မိပါသည်။

“ဒေါ်လေး ခဏဖယ်နေနော်။ ဒီကိစ္စ ငါ့ဖာသာ ရှင်းလိုက်ပါ့မယ်”

ဝမ်ဝေ့ရန်အကြောင်းကို ချင်းယုကျိုး သိပါသည်။ သူမက အလိုလိုက်ခံထားရပြီး ထင်တိုင်းကြဲနေသော သူဌေးသမီး တစ်ယောက်ဖြစ်သည်။ စူစူလေးသာ သူမကို ဒေါသထွက်အောင် လုပ်မိပါက လက်တုန့်ပြန်မှာကို စိုးရိမ်မိပါသည်။

“မဖြစ်ပါဘူး။ ဒေါ်လေးက ကာကွယ်ပေးရမှာ။ သူ တူလေးကို အနိုင်ကျင့်ရင် ဒေါ်လေး ပြန်ရိုက်ပေးမယ်!”။ စူစူလေး ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောလိုက်သည်။

သူတို့စကားကို နားထောင်ရင်း ဝမ်ဝေ့ရန် ဒေါသတကြီး လှောင်ရယ်လိုက်ပါသည်။ “နင့်ဖာသာနင် ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး! လုံခြုံရေးတွေ ဘယ်မှာလဲ။ ဘာလုပ်နေကြတာလဲ!”

ယွဲ့ယွမ်စီအီးအို၏ သမီးဖြစ်သဖြင့် ကုမ္ပဏီ၏ လုံခြုံရေးအစောင့်တွေကို သူမ အမိန့်ပေးလို့ရမည်ဟု ဝမ်ဝေ့ရန် ယုံကြည်ပါသည်။

လုံခြုံရေးအစောင့်တွေ သူတို့ကို ဝိုင်းလိုက်ကြပါသည်။ ယင်ကျစ်ကျဲနဲ့ ချင်းယန်ကျစ်တို့လည်း အပြေး ရောက်လာကြသည်။ ယင်ကျစ်ကျဲက လုံခြုံရေးအစောင့်တွေကို အမြန်တားလိုက်ပါသည်။

ချင်းယန်ကျစ်ကလည်း တိုက်ခိုက်ဖို့ အသင့်ပြင်နေသည့် စူစူလေးကို အမြန် တားလိုက်သည်။ “ညီမလေး ဘာမှ မဖြစ်ဘူးနော်။ စကားအေးဆေး အရင်ပြောရအောင်။ အဆင်မပြေမှ လက်ပါကြမယ်နော်”

စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။

လူသားတွေက စကားဖြင့် ဖြေရှင်းရတာကို ပိုသဘောကျသဖြင့် စကားဖြင့် အရင်ဆုံး ဖြေရှင်းကြည့်လိုက်မည်။ အဆင်မပြေမှ အကုန်လုံးကို သူမ လက်သီးဖြင့် ဆုံးမပါမည်။

ဟဲပေမူက ချင်းယန်ကျစ်နဲ့ ယင်ကျစ်ကျဲတို့ နောက်မှ ဖြည်းညှင်းစွာ လိုက်လာခဲ့ပါသည်။

သူအမြန် ပြေးလာလို့ ရသော်လည်း မပြေးဖို့ ဆုံးဖြတ်လိုက်ပါသည်။ သူ့တာဝန်က စူစူလေးကို ကာကွယ်ပေးဖို့ဖြစ်သည်။ စူစူလေးကို တားဖို့ မဟုတ်ပါ။

ယင်ကျစ်ကျဲက အားလုံးကြားမှာ ဝင်ဖြေရှင်းပေးလိုက်လေသည်။ “ဝေရန်၊ ဝေရန် ဒါငါ့ဧည့်သည်တွေပါဟ”

“ဦးလေးယင် ဘာတွေလုပ်နေတာလဲ။ ဒီလိုလူစားမျိုးတွေကို ကုမ္ပဏီထဲ ဘာလို့ ခေါ်လာတာလဲ”။ ဝမ်ဝေ့ရန်က ယင်ကျစ်ကျဲကိုလည်း လေးစားမှုမရှိပါ။

… … …

အခန်း(၁,၀၉၀) သခင်လေးဟွော်

သူမအဖေက စီအီးအိုဖြစ်ပြီး ယင်ကျစ်ကျဲက ဒုဥက္ကဌအဆင့်သာ ရှိသည်။ မတတ်သာလို့သာ ဦးလေးယင်ဟု ခေါ်နေရခြင်း ဖြစ်ပါသည်။

ယင်ကျစ်ကျဲ မျက်နှာ အနည်းငယ်တောင့်တင်းသွားပြီး အနေခက်စွာ ရှင်းပြလိုက်ပါသည်။ “သူတို့က သာမန်လူတွေ မဟုတ်ဘူး။ ဒါ ချွမ်ယွင်နည်းပညာကုမ္ပဏီရဲ့ စီအီးအို မစ္စတာချင်းလေ”။

ယင်ကျစ်ကျဲက ချင်းယန်ကျစ်ကို မိတ်ဆက်ပေးလိုက်ပါသည်။

“ချွမ်ယွင် ဟုတ်လား။ ကြားဖူးပါတယ်။ သိပ်အရေးမပါတဲ့ အသေးစား ကုမ္ပဏီတစ်ခုပဲ။ ဈေးကွက်တန်ဖိုး သန်း ၂၀၀ - ၃၀၀ လောက်ပဲ ရှိတယ် ဟုတ်တယ်မလား”။ ဝမ်ဝေ့ရန် အထင်အမြင်သေးစွာ မေးလိုက်ပါသည်။

ဈေးကွက်တန်ဖိုး ထရီလီယံ ချီသော ယွဲ့ယွမ်အုပ်စုနဲ့ ယှဉ်လိုက်ပါက သန်း ၂၀၀ - ၃၀၀ တန်ဖိုးရှိသည့် ကုမ္ပဏီက ဘာမှ မပြောပလောက်ပါ။

“မဟုတ်ဘူး။ ချွမ်ယွင်ဆိုတာ ချင်းမိသားစု ကော်ပိုရေးရှင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ ချင်းကော်ပိုရေးရှင်းကလည်း လုပ်ငန်းနယ်ပယ်ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးတစ်ခုပဲလေ”။ ယင်ကျစ်ကျဲ မျက်မှောင်ကြုတ်သွားပြီး ရှင်းပြဖို့ ကြိုးစားပါသည်။

“လျှောက်ပြောမနေနဲ့တော့! အဲ့ဒီ အရိုင်းအစိုင်းမလေးက ကျွန်မကို တွန်းချတယ်! ကျွန်မလက်တွေကို ကြည့်ပါဦး!”

ဝမ်ဝေ့ရန် လက်မြှောက်လိုက်ပြီး ပွန်းနေသည့် လက်ဖဝါးများကို ယင်ကျစ်ကျဲအား ပြလိုက်ပါသည်။ သူမ တင်ပါးလည်း အလွန်နာနေသည်။

“အဲ… ငါ ပိုးသတ်ဆေး ထည့်ပေးပါ့မယ်”။ ယင်ကျစ်ကျဲ ပြောလိုက်သည်။

“ဦးလေး ပါးစပ်ပိတ်ထား!”။ ဝမ်ဝေ့ရန် ဒေါသထွက်သွားပြီး ယင်ကျစ်ကျဲကို တွန်းထုတ်လိုက်ပါသည်။ “လုံခြုံ‌ရေး အစောင့်တွေ ဘာရပ်ကြည့်နေကြတာလဲ။ အကုန်လုံးကို ဆွဲထုတ်လိုက်။ အထူးသဖြင့် ဒီအရိုင်းအစိုင်းမလေးနဲ့ ချင်းယုကျိုးတို့ကို အပြင် ဆွဲထုတ်လိုက်ကြ! အကုန်လုံးကို မမြင်ချင်ဘူး!”

လုံခြုံရေး အစောင့်တွေ တွန့်ဆုတ်သွားကြပြီး ဝမ်ဝေ့ရန်နဲ့ ယင်ကျစ်ကျဲတို့ကို တစ်လှည့်စီ ကြည့်နေကြပါသည်။ ဘယ်သူမှ မလှုပ်ရဲကြသေးပါ။

ယင်ကျစ်ကျဲက ဝမ်ဝေ့ရန်ကို အကျိုးသင့်အကြောင်းသင့် ဆက်ပြောဖို့ ကြိုစားပါသည်။ “ချင်းယုကျိုးက ဒီနေ့ည ဖျော်ဖြေပေးမယ့် ဧည့်သည်လေ။ ကြေညာစရာရှိတာတွေ ကြေညာပြီးသွားပြီ။ အခုချိန်ကျမှ သူထွက်သွားလို့ ဘယ်ကောင်းပါ့မလဲ”

“ဘာမကောင်းစရာရှိလဲ။ ကျွန်မ ဖျက်သိမ်းချင်တာကို ဖျက်သိမ်းလို့ရတယ်။ အကြောင်းပြချက် တစ်ခုခု ပေးလိုက်ပေါ့။ သူက ဘာအဆင့်မှမရှိတဲ့ ဆယ်လီပဲဥစ္စာ! ပိုက်ဆံသာ လုံလုံလောက်လောက် ကမ်းလှမ်းလိုက်ရင် သူ့နေရာဝင်ချင်တဲ့ လူတွေ အများကြီးပဲ!”။ ဝမ်ဝေ့ရန် မောက်မာစွာ ပြောလိုက်သည်။

ယင်ကျစ်ကျဲ ဆွံ့အသွားပါသည်။ သူဘယ်လိုပဲ ရှင်းပြပါစေ ဝမ်ဝေ့ရန်က တစ်ခွန်းမှ နားမထောင်ပါ။

ထိုစဉ် ကောင်လေးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ “အော်ကြီးဟစ်ကျယ်နဲ့ ဘယ်သူများလဲလို့။ ရုပ်ဆိုးဆိုး အဘွားကြီး ဖြစ်နေတာကိုး!’

ထိုအသံကိုကြားသောအခါ ဝမ်ဝေ့ရန် မျက်မှောင်ကြုတ်သွားသည်။ ဟွော်ထျင်းနဲ့ သူ့လက်ထဲမှာ ဆွဲထားသည့် အနက်ရောင် ခွေးကြီးကို မြင်သောအခါ ဝမ်ဝေ့ရန် မျက်စိမျက်နှာ ပျက်သွားခဲ့ပါသည်။

ဟွော်ထျင်းက အသက် ၈ နှစ်သာ ရှိသေးပြီး ဝမ်ဝေ့ရန်က အသက် ၂၀ ဝန်းကျင်ဖြစ်သည်။ ထို့ကြောင့် ဟွော်ထျင်းကို သူမ ကြောက်စရာ မလိုပါ။

သို့သော် ဟွော်ထျင်းက ပေကျင်းမြို့၏ နာမည်ဆိုးဖြင့် ကျော်ကြားသော သခင်လေးဖြစ်ပြီး တွေ့သမျှလူတိုင်းကို ဒုက္ခပေးတတ်သည်။ ဝမ်ဝေ့ရန်တောင် အရင်တစ်ခေါက်တုန်းက သူ့ခွေးကြီးကြောင့် အလန့်တကြား ဖြစ်ခဲ့ဖူးသည်။

ဝမ်ဝေ့ရန် အကြောက်လွန်ပြီး တစ်ဖက်လူကို မတုန့်ပြန်နိုင်ဘဲ ရှုံးနိမ့်သွားတာဆိုလို့ ထိုတစ်ခေါက်သာ ရှိဖူးးပါသည်။

ဟွော်ထျင်း၏ အဖေက ဝမ်ဝေ့ရန် စော်ကားလို့ရသည့် လူမျိုးမဟုတ်သဖြင့် မာနကို မျိုချလိုက်ရပါသည်။

“ဟွော်ထျင်း။ ငါတို့ ယွဲ့ယွမ်ကုမ္ပဏီမှာ နင်က ဘာလာလုပ်တာလဲ”။ ဟွော်ထျင်းကို ဝမ်ဝေ့ရန် မကျေနပ်စွာ ပြန်မေးလိုက််ပါသည်။

“နင့်အပူပါလား။ ငါ့ဖာသာ လာချင်တဲ့နေရာလာမှာပေါ့!”။ ဟွော်ထျင်း ခေါင်းမော့ရင်ကော့လျက် ပြန်ငေါက်လိုက်ပါသည်။

ယွဲ့ယွမ်ကုမ္ပဏီဖြစ်နေလည်း အရေးစိုက်စရာလား။

ဟွော်ထျင်းဆိုတဲ့သူက ယွဲ့ယွမ်မကလို့ ဘယ်သူ့ပိုင်နက်ဖြစ်ဖြစ် ဂရုစိုက်စရာလား!

ဟွော်ထျင်းကြောင့် ဝမ်ဝေ့ရန် အလွန်ဒေါသထွက်သွားပါသည်။

ဟွော်မိသားစုမှာ ယွဲ့ယွမ်နောက်ကွယ်က အင်အားစုမဟုတ်သော်လည်း ပေကျင်းမြို့မှာ ဦးနှောက်ရှိသူတိုင်း ဟွော်မိသားစုကို တိုက်ခိုက်မည် မဟုတ်ပါ။

လှုပ်ရှားတော့မည့် လုံခြုံရေးအစောင့်တွေကို ဟွော်ထျင်း လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အားလုံး နားထောင်ကြ။ ဘယ်သူမှ မလှုပ်နဲ့! လှုပ်တဲ့ကောင်ဆီကို မဲလုံးကြီး လွှတ်ကိုက်ခိုင်းလိုက်မှာနော်!”

… … …

All Chapters