အခန်း (၁၀၉၁-၁၀၉၅)
Vol. 44 Ch. 1091-1095
အခန်း(၁,၀၉၁) ဒေါသထွက်နေပြီ မြန်မြန်ချော့ပါ
သူက ယွဲ့ယွမ်ဝန်ထမ်း မဟုတ်သော်လည်း ဝမ်ဝေ့ရန်ထက် ပိုမိုယုံကြည်မှုရှိစွာ အမိန့်ပေးခဲ့သည်။ မောက်မာတာချင်း ယှဉ်လိုက်လျှင် ဟွော်ထျင်း ဘယ်သူ့ကိုမှ မရှုံးနိမ့်ဖူးပါ။
လုံခြုံရေးအစောင့်တွေကလည်း သူ့ကို ကြောက်လန့်သွားကြသည်။ မဲလုံးကြီးကို ကြောက်တာထက် ဟွော်ထျင်းဟူသည့် နာမည်ကို ပိုကြောက်တာ များပါသည်။ ပေကျင်းမြို့တွင် ဒီသခင်လေးကို ဒေါသထွက်အောင် လုပ်မိသူတိုင်း ဇာတ်သိမ်း မလှနိုင်ပေ။
ဝမ်ဝေ့ရန် အလွန်ဒေါသထွက်နေပါပြီ။ သူမ အရှက်ကွဲကာ ဂုဏ်သိက္ခာတွေ ကျဆင်းနေပြီဖြစ်သည်။ သူမ အနိုင်ကျင့် တိုက်ခိုက်ခံနေရသော်လည်း ကုမ္ပဏီရှိ လုံခြုံရေးဝန်ထမ်းများက ဘာမှ မလုပ်ဘဲ ရပ်ကြည့်နေကြသည်။ သူမဘက်က ဘယ်သူမှ ရပ်တည်မပေးပါ။ သူမကို တိုက်ခိုက်သည့်လူက သူမရှေ့မှာတင် အေးအေးလူလူ မတ်တပ်ရပ်နေသည်။
ထိုစဉ် ဟွော်ထျင်းက စူစူလေးကို ပြောလိုက်သည်။ “ဟိုကလေးမလေး နင်ပေကျင်းကိုလာတာ ဘာလို့ ငါ့ကို ကြိုမပြောတာလဲ”
ဟွော်ထျင်း၏ မျက်နှာက ခက်ထန်နေပါသည်။ မျက်နှာပေါ်မှာ ဒေါသထွက်နေသည်ဟု စာကပ်မထားရုံဖြစ်သည်။
“ဟမ်။ ငါက ဘာလို့ကြိုပြောရမှာလဲ”။ စူစူလေး နားမလည်ပါ။
“ပေကျင်းဆိုတာ ငါ့မွေးရပ်မြေ၊ ငါ့ပိုင်နက်လေ! ငါ့ပိုင်နက်ထဲ ဝင်လာပြီး ငါ့ကို အသိမပေးရအောင် တုံးနေလို့လား”
“ငါက မတုံးဘူး။ ငါ့ကို ငတုံးလို့ မခေါ်နဲ့!”။ စူစူလေး ပါးဖောင်းကာ ပြန်ပြောလိုက်သည်။
“အဲ့တာဆို ဘာလို့ ကြိုမပြောတာလဲ!”။ သူမကို ငတုံးဟု မခေါ်လို့ဖြစ်သော်လည်း ဒီလို ကြိုမပြောသည့်အတွက်တော့ စာရင်းရှင်းမှဖြစ်မည်။
“နင်ကျောင်းတက်နေတာ မဟုတ်ဘူးလား။ ငါက လူတစ်ယောက် လာရှာတာ။ သူ့ကို ရှာတွေ့တာနဲ့ ပြန်မှာ။ နင်လည်း ကျောင်းမပျက်ရတော့ဘူး”။ စူစူလေး ပြန်ဖြေလိုက်ပါသည်။
“ကျောင်းတစ်ရက်နှစ်ရက်လောက် ပျက်တာနဲ့ သေမသွားဘူး! သူငယ်ချင်းဆိုတာ ပိုအရေးကြီးတယ်။ နင်ဒုက္ခ ရောက်နေတဲ့အချိန် ငါ့ကိုတောင် သတိမရဘူးဆိုတော့ ငါ့ကို သူငယ်ချင်းအဖြစ် သဘောမထားတော့လို့လား”။ ဟွော်ထျင်း မေးလိုက်လေသည်။
“မဟုတ်ပါဘူး။ နင်က ငါ့သူငယ်ချင်းပါ။ ဒါမယ့် ဒီကိစ္စကို ငါ့ဖာသာငါလုပ်နိုင်တယ်။ သူငယ်ချင်းတစ်ယောက်ကို မလိုအပ်ဘဲ ဒုက္ခပေးတာ မကောင်းဘူးလေ”
“နင့်ဖာသာနင် ဘယ်လိုလုပ်မှာလဲ။ အခုတောင် ဒီလို မိန်းမမျိုး အနိုင်ကျင့်တာကို နင်ခံနေရတာ မဟုတ်ဘူးလား”။ ဝမ်ဝေ့ရန်ကို လက်ညှိုးထိုးပြကာ ဟွော်ထျင်း မေးလိုက်ပါသည်။
“သူအနိုင်ကျင့်တာကို မခံပါဘူး! ငါသူ့ကို ရိုက်တော့မလို့! စကားနဲ့ အရင်ဖြေရှင်းသင့်တယ်လို့ အစ်ကိုလတ်က ပြောလို့ ခဏစောင့်နေတာ”။ ဟွော်ထျင်းကို စူစူလေး ရှင်းပြလိုက်သည်။ “ထျင်းထျင်း နင်လည်းတူတူပဲ။ ငါတို့က ကလေးကြီးတွေ ဖြစ်နေပြီ။ ပြဿနာဖြစ်လာရင် စကားနဲ့ အရင်ဖြေရှင်းရမယ်။ စကားနဲ့ ဖြေရှင်းလို့မရမှ လက်ပါရမှာ”
“အဲ့တာလည်း… ဟုတ်တော့ဟုတ်ပါတယ်…”။ ဟွော်ထျင်း ခေါင်းကုတ်လျက် ပြောလိုက်ပါသည်။
“သေချာပေါက် ဟုတ်တယ်။ လူကြီးလူကောင်းဆိုတာ ပြဿနာကို လက်မပါဘဲ စကားနဲ့ပဲ ဖြေရှင်းတတ်တယ်တဲ့…။ အာ့ကြောင့် အရင်ဆုံး ကျိုးသင့်ကြောင်းသင့်ပြောပြီး ဖြေရှင်းရတယ်။ အဲ့လို ဖြေရှင်းလို့မရမှ လက်နဲ့ ကြမ်းကြမ်းတမ်းတမ်း ဆုံးမရမယ်”။
“ဟုတ်ပါပြီ”။ ဟွော်ထျင်း ခေါင်းငြိမ့်လိုက်ပါသည်။ “ဘာပဲဖြစ်ဖြစ် နင်ပေကျင်းမြို့ကိုရောက်နေတာ ငါ့ကို ဘာမှ မပြောလို့ စိတ်ဆိုးတယ်”
ဝမ်ဝေ့ရန်ကို စူစူလေး ကိုင်တွယ်နိုင်တာ မကိုင်တွယ်နိုင်တာ ဟွော်ထျင်း ဂရုမစိုက်ပါ။ သူဒေါသထွက်တာက ဒေါသထွက်တာပဲ ဖြစ်သည်။
“အာ့ဆို နောက်တစ်ခါ ပေကျင်းကိုလာရင် နင့်ကို ကြိုအသိပေးမယ်လို့ ကတိပေးတယ် ဟုတ်ပြီလား”။ စူစူလေး ချော့ပြောလိုက်သည်။
“ဒီတစ်ခါကကော”။ ထိုကတိတစ်ခုတည်းနဲ့ ဟွော်ထျင်းကို ချော့မြူလို့ မရနိုင်ပါ။
“ဒီတစ်ခါတော့ နင့်ကို သကြားလုံး ဝယ်ကျွေးမယ်လေ”
“ပြီးတော့ ဒီနေ့ည ငါနဲ့အတူတူ ဘတ်စ်ကတ်ဘော ကစားရမယ်”။ ဟွော်ထျင်း ထပ်တောင်းဆိုလိုက်ပါသည်။
… … …
အခန်း(၁,၀၉၂) စကားနဲ့ဖြေရှင်းလို့ မရတော့ဘူး
“ဟုတ်ပြီ”။ စူစူလေး သဘောတူလိုက်ပါသည်။
သူမ ဘတ်စ်ကတ်ဘော ကစားရတာကို မကြိုက်သော်လည်း ကစားပေးလိုက်ပါမည်။
ကွင်းတစ်ကွင်းထဲ ဘောလုံးပစ်ထည့်ရသည့် ကစားနည်းက သူမအတွက် အလွန်လွယ်ကူလွန်းသည်။
သူမရဲ့ ပစ်ချက်တိုင်း ကွင်းထဲ ဝင်ပါသည်။
“အင်း”။ ဟွော်ထျင်းလည်း ချက်ချင်းကျေနပ်ကာ ပြုံးပျော်သွားခဲ့ပါသည်။
ဟွော်ထျင်းနဲ့ စူစူလေးတို့က တခြားသူတွေ ဘယ်သူမှ ရှိမနေသလိုမျိုး စကားပြောနေကြသဖြင့် ဝမ်ဝေ့ရန် အလွန် ပေါက်ကွဲသွားပါသည်။
“နင်တို့နှစ်ယောက် ပြောလို့ ပြီးပြီလား!” ဝမ်ဝေ့ရန် ဒေါသတကြီး ဖြတ်ပြောလိုက်သည်။
ဟွော်ထျင်းနဲ့ စူစူလေးတို့ ပြိုင်တူ လှည့်ကြည့်လိုက်ကြပါသည်။
“နင်ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ဒီအရိုင်းအစိုင်းမလေးက ငါ့ကို တွန်းလှဲပစ်တယ်။ အဲ့တာကြောင့် အခုချက်ချင်း အဲ့ဒီအရိုင်းအစိုင်းမလေးကို ယွဲ့ယွမ်ကုမ္ပဏီဝန်းထဲက ကန်ထုတ်ပစ်ရမှ ကျေနပ်မယ်!”။ ဝမ်ဝေ့ရန် အော်ပြောလိုက်ပါသည်။
ဝမ်ဝေ့ရန်၏ ကြမ်းကြုတ်သော အမူအရာကို ဟွော်ထျင်း သေချာ အကဲခတ်ကာ စူစူလေးကို လှည့်ပြောလိုက်ပါသည်။ “တွေ့လား။ ဒီလို မိန်းမမျိုးကို စကားနဲ့ရှင်းပြလို့ ဘာမှမထူးဘူး။ အဲ့တာကြောင့် လက်ပါမှရမယ်။ မဲလုံးကြီးကို တစ်ခုခု လုပ်ခွင့်ပေးလိုက်ပါလား။ သူဒီလို မလုပ်ရတာ ကြာပြီ”
“ဝုတ် ဝုတ်!”။ မဲလုံးကြီးက နှစ်ချက်ဟောင်ကာ ထောက်ခံလိုက်ပါသည်။
“ဪ… အာ့ဆိုလည်း ရတယ်လေ”။ စူစူလေး သဘောတူလိုက်သည်။
“မလုပ်ပါနဲ့ မလုပ်ပါနဲ့!”။ ယင်ကျစ်ကျဲ အမြန်ကြားဝင် တားလိုက်ပါသည်။ “သခင်မလေးစူနဲ့ သခင်လေးဟွော်တို့ မလောကြပါနဲ့။ ဝမ်ဝေ့ရန်ရဲ့ လုပ်ရပ်က မှားပါတယ်။ ဒါပေမယ့် လူကို ခွေးကိုက်တယ်ဆိုတာ မကောင်းဘူးလေ။ ဥပဒေနဲ့လည်း မညီဘူး”
ယင်ကျစ်ကျဲ ကျဉ်းထဲကျပ်ထဲ ရောက်နေပါပြီ။ ယနေ့ သူ့ရှေ့ကလူတစ်ယောက်ယောက်သာ ထိခိုက်ဒဏ်ရာ ရသွားလျှင် သူပြဿနာ တက်နိုင်သည်။
ဟွော်ထျင်းနဲ့ စူစူလေးတို့ကို တောင်းတောင်းပန်ပန်ပြောနေသည့် ယင်ကျစ်ကျဲကို မြင်သောအခါ ဝမ်ဝေ့ရန် ပို၍ပင် ဒေါသထွက်လာခဲ့ပါသည်။
“ယင်ကျစ်ကျဲ ဒါဘာသဘောလဲ။ ရှင်က ယွဲ့ယွမ်ကလူ မဟုတ်ဘူးလား! အခုဘာလို့ အပြင်လူတွေကို ကူညီပေးနေတာလဲ”
ဝမ်ဝေ့ရန်က ကျေးဇူးမတင်သည့်အပြင် ယင်ကျစ်ကျဲကိုပါ ရန်လိုနေပါသည်။
ယင်ကျစ်ကျဲ ခေါင်းတွေ အလွန်ကိုက်လာပါသည်။ “ဝေ့ရန် ကျေးဇူးပြုပြီး ပါးစပ်လေး ခဏပိတ်ထားပါ!”
“ရှင်က ဘာမို့လို့ ကျွန်မကို အမိန့်လာပေးနေတာလဲ။ ရှင်က ကျွန်မအဖေရဲ့ ခွေးသာသာပဲ! ကျွန်မအဖေ မျက်နှာသာ ပေးတာကြောင့်သာ မဟုတ်ရင် ရှင့်အဆင့်က မန်နေဂျာအဆင့်ပဲ ရှိနေဦးမှာ!”
ယင်ကျစ်ကျဲလည်း သည်းမခံနိုင်တော့ပေ။ “မင်းတော်တော် ပြောရခက်ပါလား”
ဟွော်ထျင်းက စူစူလေး၏ လက်ကို ဆွဲကာ ပြောလိုက်သည်။ “နင်တွေ့လား။ မုတ်ဆိတ်ထူ ဦးလေးကြီးက ဒီလောက် ဆုံးမနေတာတောင် နားမထောင်ဘူး။ ငါတို့ လုပ်စရာရှိတာ လုပ်ကြရအောင်လေ”
စူစူလေး ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ အဲ့တာဆို သူ့ကို ဘယ်လို ရိုက်ကြမလဲ။ ဘယ်ဘက်ကလား ညာဘက်ကလား”
“နင်ဘာမှမလုပ်နဲ့ ငါ့တာဝန်သာထားလိုက်။ သူ့ကို ဆုံးမပြီးသွားရင် ကျန်တာ ငါ့အဖေ ဖြေရှင်းပေးလိမ့်မယ်”
ဒီလိုကိစ္စမျိုးတွေမှာ ဟွော်ထျင်းက အလွန်အတွေ့အကြုံရင့်ကျက်ပါသည်။
ပြောပြောဆိုဆိုနဲ့ မဲလုံးကြီး၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ “မဲလုံးကြီး၊ ဒီမိန်းမကို လန့်သေသွားတဲ့အထိ ခြောက်လိုက်စမ်း!”
ထို့နောက် ဇက်ကြိုးကို လွှတ်ပေးလိုက်ရာ မဲလုံးကြီး လှစ်ခနဲ ပြေးထွက်သွားခဲ့ပါသည်။
“အား!!!”။ ကြောက်စရာကောင်းသည့် ခွေးကြီး သူမထံ ပြေးလာတာကို မြင်သောအခါ ဝမ်ဝေ့ရန် မျက်နှာ ဖြူရော်ဖြူဖပ် ဖြစ်သွားလေသည်။ ၂ ခါလောက်သာ အော်လိုက်နိုင်ပြီး မဲလုံးကြီးက သူမအပေါ် ခုန်အုပ်ကာ မြေပေါ် တွန်းချလိုက်ပါသည်။
ဒါကိုမြင်တော့ လုံခြုံရေးအစောင့်တွေက ဝမ်ဝေ့ရန်ကို ကယ်ဆယ်ဖို့ ရှေ့တိုးလာကြသည်။
သို့သော် ဟူကျစ်က ဟဲပေမူ၏ ပခုံးပေါ်မှ ခုန်ဆင်းလျက် လုံခြုံရေးအစောင့်တွေရှေ့မှာ ကာရပ်ကာ မာန်ဖီလိုက်ပါသည်။
“မြောင်း!”
သူ့ကိုယ်သူ အလွန်ကြောက်စရာကောင်းလှပြီဟု ဟူကျစ်ထင်ခဲ့သည်။ သို့သော်လည်း လုံခြုံရေးအစောင့်တွေက သူရှိနေမှန်းတောင် မမြင်ကြပါ။
ဟူကျစ် စိတ်ဖိစီးသွားပြီး ပိုကျယ်အောင် အော်လိုက်ပါသည်။ “မြောင်!!”
ထို့နောက် ၁၀ ပေလောက် အမြင့်ထိ ခုန်ကာ လုံခြုံရေးအစောင့်တစ်ဦး၏ ပခုံးပေါ် တက်သွားလေသည်။
ဘာကြီးလဲ!
လုံခြုံရေးအစောင့်လည်း လန့်ဖျပ်သွားပြီး ပခုံးပေါ်က သတ္တဝါကို လှမ်းဆွဲဖို့ ကြိုးစားသည်။ သို့သော် လက်ထဲ ဘာမှ ပါမလာခဲ့ပါ။
ဟူကျစ်က လုံခြုံရေးအစောင့် နောက်တစ်ယောက်ထံ ခုန်တက်သွားပြီ ဖြစ်သည်။
ဝမ်ဝေ့ရန်ကို ကယ်တင်ဖို့ ကြံထားကြသည့် လုံခြုံရေးအစောင့်တွေအားလုံး ဟူကျစ်၏ နှောင့်ယှက်မှုကြောင့် ဗရုတ်သုက္ခ ဖြစ်ကုန်ကြလေသည်။
… … …
အခန်း(၁,၀၉၃) လူဆိုးတွေကို ခြောက်ဖို့အတွက်သာ
လုံခြုံရေးအစောင့်တွေရဲ့ မစ်ရှင်က ဝမ်ဝေ့ရန်ကို ကယ်ဆယ်ဖို့မှ ကြောင်ဖြူလေးကို ဖမ်းဖို့အဖြစ် ပြောင်းလဲသွားသည်။
ဝမ်ဝေ့ရန်ကတော့ မြေကြီးပေါ်မှာ မဲလုံးကြီး၏ ခြေထောက်လေးဖက်ဖြင့် ဖိထားခြင်းကို ခံနေရပါသည်။
ဧရာမ ခွေးကြီးရဲ့ ခေါင်းက သူမ မျက်နှာပေါ်တည့်တည့်မှာရှိနေပြီး ပါးစပ်ကြီးလည်းဟကာ ကြောက်စရာ အစွယ်ကြီးတွေကို ထုတ်ပြနေပါသည်။ ထို့အပြင် သွားရည်တွေကလည်း ဝမ်ဝေ့ရန်၏ မျက်နှာပေါ်တည့်တည့်ကို ကျနေခဲ့ပါသည်။
“ကယ်ကြပါ! ကယ်ကြပါဦး!”။ ဝမ်ဝေ့ရန် စူးစူးဝါးဝါး အော်ဟစ်လိုက်ပါသည်။
မဲလုံးကြီးက ခေါင်းငုံ့ကာ ဝမ်ဝေ့ရန်၏ မျက်နှာကို လျှာဖြင့် လျက်လိုက်ရာ မိတ်ကပ် တစ်ဝက်လောက် ပြောင်စင်သွားသည်။
အရသာကို ကြိုက်ပုံမပေါ်သဖြင့် မဲလုံးကြီး ခေါင်းကို ခါရမ်းပစ်လိုက်ပါသည်။
ထို့နောက် လျှာပေါ်က ထူးထူးဆန်းဆန်းအရသာကို ဖယ်ရှားဖို့အတွက် ဝမ်ဝေ့ရန်၏ အင်္ကျီကို လျှာဖြင့် ထပ် လျက်လိုက်ပါသည်။
ဝမ်ဝေ့ရန် လုံးဝ စိတ်ချောက်ချားနေပါပြီ။ ကြောက်စိတ်နဲ့ ရွံရှာစိတ်တို့ နှစ်ခုပေါင်းကာ သူမ သတိလစ်လုနီးပါး ဖြစ်နေလေပြီ။
“သွားစမ်း! သွားစမ်း! အား!!”။ ဝမ်ဝေ့ရန် ဆက်တိုက်ဆိုသလို အော်ဟစ်လိုက်ပါသည်။
သို့သော်လည်း သူမကို ကယ်တင်နိုင်မည့်လူတွေ အကုန်လုံးကို ဟူကျစ်က အချိန်ဆွဲထားလေသည်။ ဟူကျစ်က ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုး မဟုတ်ဘဲ အနှောင့်အယှက်ပေးရုံသာ ဖြစ်ပါသည်။
၃ မိနစ်ခန့်ကြာသောအခါ ဟွော်ထျင်း လုံလောက်ပြီဟု ထင်သဖြင့် မဲလုံးကြီးကို ပြန်ခေါ်လိုက်ပါသည်။
၃ မိနစ်ဆိုတာ သိပ်မကြာသော်လည်း ဝမ်ဝေ့ရန်အတွက်တော့ ၃ နှစ်လောက် ကြာသည်ဟုပင် ထင်ရသည်။
ဟူကျစ်လည်း ပြန်ဆုတ်ခွာသွားပြီး ဟဲပေမူဩ၏ လက်ပေါ် ခုန်တက်လိုက်ပါသည်။
စိတ်ရှုပ်စရာ သတ္တဝါလေး မရှိတော့မှ လုံခြုံရေးအစောင့်တွေလည်း ဝမ်ဝေ့ရန်ဆီ ပြေးသွားနိုင်တော့သည်။
ဝမ်ဝေ့ရန်မှာ ဘာဒဏ်ရာဒဏ်ချက်မှ မရှိသော်လည်း မျက်နှာတစ်ခုလုံး သွေးမဲ့ ဖြူရော်နေပြီး မျက်လုံးတွေကလည်း ပြူးကျယ်နေပါသည်။ သူမ သွေးပျက်ချောက်ချားနေမှန်း သိသာသည်။
ဟွော်ထျင်းက စိတ်ကျေနပ်သွားပြီး စူစူလေးကို ပြောလိုက်ပါသည်။ “တွေ့လား။ မဲလုံးကြီးက သူများတွေကို မကိုက်တတ်ဘူး။ ဒီတိုင်း ကြောက်သွားအောင်ပဲ ခြောက်တာ”
“အွန်းအွန်း”။ စူစူလေး ခေါင်းညိတ်လိုက်ပါသည်။ “ဒါမယ့် လူဆိုးတွေကိုပဲခြောက်ရမယ်နော်။ လူကောင်းတွေကို မခြောက်ရဘူး ကြားလား”
“စိတ်မပူပါနဲ့။ အပြင်ထွက်တိုင်း သူ့ကို ကြိုးနဲ့ဆွဲထားတယ်။ ပြီးတော့ မဲလုံးကြီးက အရမ်းလိမ္မာနေပြီ။ လူကောင်းတွေကို ကြောက်အောင် မလုပ်တော့ဘူး!”။ ဟွော်ထျင်း ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်ပါသည်။
“အွန်း အွန်း!”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။
ဝမ်ဝေ့ရန် ဒေါသထွက်လွန်းသဖြင့် စကားပင်် မပြောနိုင်တော့ပါ။
သူမလို ယွဲ့ယွမ်၏ ဂုဏ်သရေရှိ သခင်မလေးက ဒီလို အရိုင်းအစိုင်း ကလေးစုတ်နှစ်ယောက်၏ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။
သူမ သည်းမခံနိုင်ပါ။ ဒီကိစ္စကို ဒီအတိုင်း ခွင့်မလွှတ်နိုင်ပါ။
ထိုစဉ် ဝမ်ဝေ့ရန်၏ အဖေဖြစ်သူ ယွဲ့ယွမ်၏ လက်ရှိ စီအီးအို ဝမ်ဝေ့မင် ရောက်ရှိလာခဲ့ပါသည်။
သမီးဖြစ်သူ၏ စုတ်စုတ်ပြတ်ပြတ် အခြေအနေကို မြင်သောအခါ ဝမ်ဝေ့မင် စိတ်ပူသွားပြီး မေးလိုက်သည်။ “ဘယ်လို ဖြစ်တာလဲ ဝေ့ရန်။ ဘာလို့ ဒီလိုပုံစံ ဖြစ်နေတာလဲ”
“အဖေ ရောက်လာပြီလား!”။ ဝမ်ဝေ့မင်ကို မြင်သောအခါ ဝမ်ဝေ့ရန် မျက်လုံးများ ပြန်တောက်လောင်သွားခဲ့သည်။ စူစူလေး၊ ဟွော်ထျင်းနဲ့ တခြားသူတွေကို လက်ညှိုးငေါက်ငေါက်ထိုးလျက် သူမအဖေကို တိုင်လိုက်ပါသည်။ “အဖေ အဲ့ဒီလူတွေလေ! သူတို့ ခွေးနဲ့ သမီးကို တိုက်ခိုက်တယ်! သူတို့ကို လက်တုန့်ပြန်ရမှ ကျေနပ်မယ်!”
သမီးဖြစ်သူ ညွှန်ပြရာသို့ ဝမ်ဝေ့မင် လှည့်ကြည့်လိုက်သည်။ ချင်းယန်ကျစ်၊ ချင်းယုကျိုးနဲ့ စူစူလေးတို့ကို မြင်ရတာ ကိစ္စမရှိသော်လည်း ဟွော်ထျင်းကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် သူမျက်နှာ ပျက်သွားခဲ့ပါသည်။
ဟွော်ထျင်းက ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။ “ဘာမှလိုက်ရှာမနေနဲ့။ ကျွန်တော်လုပ်တာ။ ကျွန်တော့် မဲလုံးကြီးက ခင်ဗျားသမီးကို အဲ့လိုပုံစံ ဖြစ်သွားအောင် လုပ်လိုက်တာ။ ပြောစရာရှိရင် ကျွန်တော့်ကိုပဲပြော!”
ဝမ်ဝေ့မင်၏ မျက်နှာ အလွန်ခက်ထန်နေပါသည်။ သူ ဟွော်ထျင်းကို ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ထုတ်ပြလို့ မရပေ။
“သခင်လေးဟွော်၊ သူများကို ခွေးနဲ့ တိုက်ခိုက်တာ မကောင်းဘူးနော်”။ ဟွော်ထျင်းကို ဝမ်ဝေ့မင် အေးအေးဆေးဆေး ဆုံးမဖို့ ကြိုးစားပါသည်။
“အဲ့တာဆို ခင်ဗျားသမီး သူများတွေကို လိုက်ရိုက်နေတာကတော့ ကောင်းတယ်ပေါ့။ ကျွန်တော်တို့ တူလေးကို ခင်ဗျားသမီး ပါးရိုက်စရာအကြောင်း ဘာမှမရှိဘူး!”။ ဟွော်ထျင်း ပြန်ချေပလိုက်ပါသည်။
ဒါကိုကြားတော့ ချင်းယုကျိုး နှုတ်ခမ်းတွန့်သွားသည်။ သူ့ကို ဟွော်ထျင်း တူလေးဟု ခေါ်နေတာ အနည်းငယ် ထူးဆန်းနေပါသည်။
ဝမ်ဝေ့မင်က ဝမ်ဝေ့ရန်ဘက်သို့လှည့်ကာ မေးလိုက်သည်။ “ဝေ့ရန် နင်သူများကို ပါးရိုက်ခဲ့သေးလား”
… … …
အခန်း(၁,၀၉၄) ဟွော်ထျင်းနဲ့ စာရင်းရှင်းလို့ မရဘူး
“ကိုယ့်အဆင့်အတန်းကိုယ်မသိတဲ့ အဲ့ဒီကောင်ကြောင့်လေ! ဒီနေ့ည သမီးရဲ့ သူငယ်ချင်းတွေကို သူဖျော်ဖြေပေးလိမ့်မယ်လို့ ကတိပေးထားပြီးသား ဖြစ်နေတာကို သူငြင်းတယ်! သာမန် ဆယ်လီအဆင့်ကများ။ သူ့ကို ဒီလို ကမ်းလှမ်းတာကိုတောင် ကျေးဇူးတင်သင့်တာ!”။ ဝမ်ဝေ့ရန်က သူမကိုယ်သူမ အမှားလုပ်မိသည်ဟု လုံးဝ မထင်ပါ။
သူမက အဆင့်အတန်းရှိသည့် သူဌေးသမီးတစ်ယောက်ဖြစ်သည်။ ချင်းယုကျိုးလို သာမန် ဆယ်လီတစ်ယောက်က သူမထက် အများကြီး နိမ့်ကျပါလိမ့်မည်။
“ဝေ့ရန်!”။ ဝမ်ဝေ့မင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့သမီး၏ စကားမှာ အမှားတွေပါနေတာကို သိသော်လည်း သူဘာမှ မပြောရက်ပါ။
“အဖေကလည်း! သူတို့ သမီးကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြတာနော်! အဲ့တာ အဖေ့ကိုလည်း မလေးမစား လုပ်တဲ့သဘောပဲ။ သူတို့နဲ့ စာရင်းမရှင်းချင်ဘူးလား”။ ဝမ်ဝေ့ရန်က ဒီလူတွေကို ချက်ချင်း လက်တုန့်ပြန်ချင်နေတာ ဖြစ်သည်။
“ဝေ့ရန် စိတ်လျှော့စမ်း!”။ ဝမ်ဝေ့မင်က ပြဿနာကို ဒီ့ထက် ပိုမကြီးစေချင်ပါ။
တခြားသူသာဆို သူလက်တုန့်ပြန်မိမှာ ဖြစ်သော်လည်း ဟွော်ထျင်းကိုတော့ သူဘာမှ မလုပ်နိုင်ပါ။
“အဖေက ဘာလို့ ဟွော်မိသားစုကို ကြောက်နေရတာလဲ။ သူတို့က ယွဲ့ယွမ်ရဲ့ ရှယ်ယာဝင်တွေတောင် မဟုတ်ဘူးလေ!”။ ဝမ်ဝေ့ရန် မခံချင်စွာ ပြန်ပြောလိုက်ပါသည်။
ဟွော်ထျင်းနဲ့ ပတ်သတ်ပြီး သူမ အဖေ စိတ်ပူနေမှန်း ဝမ်ဝေ့ရန် သိပါသည်။ အရင်တစ်ခေါက်တုန်းက ဟွော်ထျင်း အနိုင်ကျင့်တာကို သူမ ခံခဲ့ရတုန်းကလည်း ဒီလိုပဲ ပြောခဲ့တာ ဖြစ်သည်။
သို့သော် သူမ နားမလည်ပါ။ ဟွော်မိသားစုက ယွဲ့ယွမ်နဲ့လည်း ဘာမှ မပတ်သတ်ပေ။ ထို့ကြောင့် သူတို့ကို သူမအဖေ ဘာကြောင့် ဒီလောက် အရေးစိုက်နေသလဲဆိုတာ သူမ နားမလည်နိုင်ပါ။
“ဝေ့ရန် နင်စီးပွားရေးကိစ္စတွေအကြောင်း ဘာမှ နားမလည်ပါဘူး”။ ဝမ်ဝေ့မင် ပြောလိုက်ပါသည်။
သူ့သမီး၏ တွေးခေါ်ပုံက အလွန်ရိုးရှင်းပြီး အမြင်ကျဉ်းမြောင်းသည်။ ဟွော်မိသားစုက နံပါတ် ၁ မဟုတ်ရင်တောင် စော်ကားသင့်သည့် လူတွေ မဟုတ်ကြပါ။
စီးပွားရေးလောကမှာ မိတ်ဆွေများလေလေ အခွင့်အလမ်းများလေလေဖြစ်ကာ ရန်သူများလေလေ အန္တရာယ်များလေလေ ဖြစ်သည်။
အထူးသဖြင့် ရန်သူက ဟွော်ချန်းယီလို လူမျိုးဆို ပိုကြောက်ဖို့ကောင်းပါသည်။
“အဖေ! သမီးကို သူတို့ ဘယ်လိုတွေ လုပ်ခဲ့ကြလဲ ကြည့်ပါဦး!”။ ဝမ်ဝေ့ရန်က ဒဏ်ရာတချို့ ထုတ်ပြကာ ပြောလိုက်ပါသည်။
အရင်တစ်ခေါက် သူမ ဘာဒဏ်ရာမှ မရခဲ့သဖြင့် သည်းခံလို့ ရသေးသည်။ ဒီတစ်ခါတော့ သူမပုံစံက အလွန် စုတ်ပြတ်သပ်နေပြီ ဖြစ်သဖြင့် အဖေဖြစ်သူလည်း သည်းမခံနိုင်လောက်ပါ။
“အေးပါ။ ခဏနေရင် မစ္စတာဟွော်နဲ့ ဒီကိစ္စ အဖေဆွေးနွေးလိုက်မယ်”။ ဝမ်ဝေ့မင်က သမီးဖြစ်သူ၏ ပခုံးကို ကိုင်လျက် ချော့ပြောလိုက်ပါသည်။
အဖေဖြစ်သူ၏ စကားကို ဝမ်ဝေ့ရန် နားလည်ပါသည်။ “အဖေတို့က တရားလွန်လိုက်တာ! သမီး ဒီလောက်တောင် ဖြစ်နေတာကို မကူညီနိုင်ဘူးလား! အဖေက သမီးအဖေအရင်းကော ဟုတ်ရဲ့လား!”
ထို့နောက် ဝမ်ဝေ့ရန် ထွက်ပြေးသွားလေတော့သည်။
ဝမ်ဝေ့မင် အနောက်မှ ပြေးလိုက်သွားချင်သော်လည်း ချင်းယန်ကျစ်တို့ကို ကြည့်ပြီး ယင်ကျစ်ကျဲအား ပြောလိုက်ပါသည်။ “ကျစ်ကျဲ၊ ဧည့်သည်တွေကို ငါ့ကိုယ်စား ဧည့်ခံပေးပါ”
“နားလည်ပါပြီ”။ ယင်ကျစ်ကျဲ ခေါင်းညိတ်လိုက်ပါသည်။
ထိုအခါမှ သမီးဖြစ်သူနောက်ကို ဝမ်ဝေ့မင် စိတ်ချလက်ချ လိုက်သွားနိုင်တော့သည်။
ယင်ကျစ်ကျဲလည်း သက်ပြင်းချကာ ချင်းယန်ကျစ်တို့ကို ရှင်းပြလိုက်ပါသည်။ “ကျေးဇူးပြုပြီး စိတ်မဆိုးကြပါနဲ့။ စီအီးအိုက သူ့သမီးက တော်တော် အလိုလိုက်တယ်။ အဲ့တာကြောင့် ဒီလိုပုံစံ ဖြစ်နေတာပါ…”
ယင်ကျစ်ကျဲက တခြား ဘာမှ မပြောချင်တော့ပါ။ သို့သော်လည်း ဝမ်ဝေ့ရန်၏ အပြုအမူကို မျက်မြင် တွေပြီးကြပြီ ဖြစ်သဖြင့် အားလုံး နားလည်နိုင်ပါသည်။
“ဒါပေမယ့် စိတ်ချပါ။ ကျွန်တော်တို့ စီအီးအိုကတော့ အစွမ်းအစရှိတဲ့ လူတစ်ယောက်ပါပဲ”။ ယင်ကျစ်ကျဲ အာမခံ လိုက်သည်။
ချင်းယန်ကျစ်က ပြုံးသာ ပြုံးပြလိုက်ပြီး ဘာမှ ဆက်မမေးတော့ပါ။ သူလည်း ပေကျင်းမြို့မှာ နေထိုင်တာ ဖြစ်သဖြင့် ယွဲ့ယွမ်အုပ်စုအကြောင်း ကြားဖူးပါသည်။
ဝမ်ဝေ့မင်က တကယ်ပဲ အစွမ်းအစရှိသူဖြစ်သည်။ မဟုတ်ပါက ယွဲ့ယွမ်၏ စီအီးအို ဖြစ်လာမှာ မဟုတ်ပါ။ သို့သော်လည်း သူ့သမီးဖြစ်သူကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။
ရန်ပွဲပြီးဆုံးသွားသောအခါ ယင်ကျစ်ကျဲက စူစူလေးတို့ကို ခေါ်ပြီး ကုမ္ပဏီဝန်းထဲက ကဖေးဆိုင်တစ်ခုမှာ ဧည့်ခံခဲ့ပါသည်။
အားလုံး စိတ်တည်ငြိမ်အောင် ကလေးနှစ်ယောက်အတွက် နွားနို့ ၂ ခွက် မှာပေးလိုက်ပြီး လူကြီး ၃ ယောက်အတွက် ကော်ဖီ ၁ ခွက်စီ မှာပေးလိုက်ပါသည်။
အထူးသဖြင့် ယင်ကျစ်ကျဲက စိတ်တည်ငြိမ်ဖို့ ပိုလိုအပ်ပါသည်။ နဖူးတစ်ခုလုံး ချွေးတွေ ရွှဲစိုကာ တစ်ကိုယ်လုံး တုန်ယင်နေဆဲ ဖြစ်သည်။
“ဟိုကလေးမလေး နေ့လယ်ကျ ဘယ်သွားမှာလဲ”။ ဟွော်ထျင်း မေးလိုက်သည်။
“ဘယ်မှ မသွားဘူး။ ဒီမှာပဲ မိုးချုပ်တဲ့အထိ ဘိုးဘိုးလုကို စောင့်နေမှာ”။ စူစူလေး ပြောလိုက်သည်။
“လုကျန်းယွီကို တွေ့ဖို့အတွက်နဲ့ ဒီမှာ တစ်နေ့ခင်းလုံး စောင့်နေမှာလား”။ ဟွော်ထျင်း သဝန်တိုစွာ ပြောလိုက်ပါသည်။
… … …
အခန်း(၁,၀၉၅) သခင်ကြီးလု
လုကျန်းယွီဆိုတဲ့ကောင်က ဘာမို့လို့လဲ။
ဒီကောင့်ကိုဆို စူစူလေးက အမြဲတမ်း ဂရုစိုက်နေတာပဲ။ သူ့ရောဂါကို ကုပေးဖို့ ဆရာကြီးရှုယီကို ကူပြောပေးပြီး ဆေးပင်တောင် ကိုယ်တိုင် သွားရှာပေးခဲ့တာ။
ဒါတောင် စကားတစ်ခွန်းမှ မပြောဘဲ ပျောက်သွားရဲတယ်ပေါ့။
နှလုံးသားမရှိတဲ့ကောင်!
စူစူလေးက ဘာလို့ အဲ့လိုကောင်မျိုးကို လိုက်ရှာနေတာလဲ။ ဘယ်တော့မှ မတွေ့တော့တာ ပိုမကောင်းဘူးလား!
“အွန်း! စောင့်ရမယ်။ သေချာ မေးကြည့်ရမယ်။ သေချာမေးကြည့်ပြီးရင် ဘာမှ ထပ်မစဉ်းစားတော့ဘူး။ ပြဿနာရှိရင် ဖြေရှင်းမှ ရမယ်။ ရှောင်နေလို့မဖြစ်ဘူးလို့ အစ်ကိုလတ်က ပြောဖူးတယ်”။ စူစူလေး ပြတ်သားစွာ ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် သူမ သေချာရှင်းလင်းသွားအောင် မေးမြန်းရပါမည်။ ထိုအခါမှ သူမ စိတ်တွေ အေးချမ်းနိုင်မည်ဖြစ်သည်။
“ပြီးတာပဲ ပြီးတာပဲ။ အဲ့လောက် စောင့်ချင်နေလည်း စောင့်လိုက်”
ဟွော်ထျင်း စူပုပ်ကာ ပြောလိုက်ပါသည်။ သို့သော် သူလည်းထွက်သွားဖို့ အစီအစဉ်မရှိပါ။ စူစူလေးနဲ့ အတူတူ စောင့်နေမှာ ဖြစ်သည်။
သူ့မကျေနပ်ချက်က စူစူလေးကိုယ်စား မတရားမှုကို ခံစားမိတာကြောင့်သာ ဖြစ်သည်။
--- --- ---
နေ့လယ်ခင်း ကုန်လွန်သွားပြီး ညမိုးချုပ်သောအခါ စတိတ်စင်ရှေ့မှာ လူတွေ စည်ကားလာပြီဖြစ်သည်။
ချင်းယုကျိုးက စင်နောက်မှာ ပြင်ဆင်နေပါသည်။ စူစူလေးတို့ကတော့ ယင်ကျစ်ကျဲနဲ့အတူ ရှေ့ဆုံး VIP ထိုင်ခုံတွေမှာ ထိုင်ခွင့်ရခဲ့သည်။
စတိတ်စင်ပေါ်က မြင်ကွင်းကို သေချာမြင်ရစေဖို့အတွက် စူစူလေးကို ချင်းယန်ကျစ် ပေါင်ပေါ် ထိုင်ခွင့် ပေးထားပါသည်။
ယွဲ့ယွမ်၏ နှစ်ပတ်လည် ပွဲတော်က ရုပ်ရှင်ပွဲတော်တွေလောက် ကြီးကျယ်ခမ်းနားပါသည်။ ဖျော်ဖြေမည့်လူတွေ အားလုံးကလည်း နာမည်ကျော်တွေပဲ ဖြစ်ကြသည်။
“အစ်ကိုလတ်၊ ဘိုးဘိုးလု ရောက်လာတော့မှာလား”
ဆယ်လီတူလေး ဖျော်ဖြေတာကို ကြည့်ဖို့အပြင် စူစူလေး ဂရုအစိုက်ဆုံးက သခင်ကြီးလု ဘယ်အချိန် ရောက်လာမလဲ ဆိုတာပဲဖြစ်သည်။
“ခဏနေရင် လာပါလိမ့်မယ်။ သူ နာရီဝက်လောက်နေရင် ရောက်လာလောက်တယ်”။ ချင်းယန်ကျစ် ပြန်ဖြေလိုက်ပါသည်။
သို့သော် သခင်ကြီးလု ဒီနေ့ ရောက်လာနိုင်ပါ့မလားဆိုတာ ချင်းယန်ကျစ်လည်း သေချာ မသိပါ။
လွန်ခဲ့သည့် ၂ နှစ်တောအတွင်း သခင်ကြီးလုကို ယင်ကျစ်ကျဲတောင် မတွေ့ဆုံခဲ့ရပါ။ ကိုယ်စားလှယ်တွေကိုသာ စေလွှတ်လေ့ ရှိပါသည်။
စူစူလေး ဝမ်းနည်းစိတ်ပျက်သွားမှာကို ချင်းယန်ကျစ် စိတ်ပူတာကြောင့် နှစ်သိမ့်ပြောလိုက်ရခြင်း ဖြစ်ပါသည်။
ဝမ်ဝေ့ရန်လည်း VIP ရှေ့ဆုံးတန်းမှာထိုင်နေပြီး စူစူလေးကို စိုက်ကြည့်နေလေသည်။
သူမ အဝတ်အစားလဲလိုက်ရပြီး မိတ်ကပ်တွေလည်း ပြန်လိမ်းလိုက်ရပါသည်။ စူစူလေးနဲ့ ဟွော်ထျင်းတို့ကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေပြီး ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးမိလေလေ ဒေါသတွေ ပိုကြီးထွားလာလေလေ ဖြစ်သည်။
သူမ ကလဲ့စားချေနိုင်ဖို့ နည်းလမ်းတစ်ခုခု ရှာမှ ဖြစ်မည်။
ဟွော်ထျင်းကို ကလဲ့စားမချေနိုင်ရင်တောင် ယင်ကျစ်ကျဲ ခေါ်လာသည့် ထိုအုပ်စုကို ကလဲ့စားရအောင် ချေရမည်။
စူစူလေး ခေါင်းထောင်လျက် စတိတ်စင်ပေါ်ကို မျှော်လင့်တကြီး စောင့်ကြည့်နေပါသည်။
တင်ဆက်သူ၏ အဖွင့်စကား ပြီးဆုံးသွားသောအခါ စတိတ်စင်ပေါ်သို့ သခင်ကြီးလု ဖြည်းညှင်းစွာ တက်လာခဲ့ပါသည်။
အခမ်းအနားတစ်ခုလုံး လက်ခုပ်ဩဘာသံများဖြင့် စီစီညံသွားခဲ့ပါသည်။
အသက် ၇၀ ဝန်းကျင် ရှိနေပြီဖြစ်သည့် သခင်ကြီးလုမှာ အာဏာတွေ၊ ပါဝါတွေ အများကြီး ပိုင်ဆိုင်ထားသည်။
သူက ယွဲ့ယွမ်အုပ်စုက ကျောထောက်နောက်ခံ အင်အားတစ်ခုဖြစ်သဖြင့် သူ့ကို မြင်လိုက်ရတာ ယွဲ့ယွမ်အုပ်စု၏ အနာဂတ်ကို မြင်နေရသလိုမျိုး ဖြစ်ပါသည်။
စူစူလေးလည်း အများနည်းတူ ပျော်ရွှင်သွားလေသည်။
ဘိုးဘိုးလုပဲ!
ရုတ်တရက်ဆိုသလို ချင်းယန်ကျစ်ပေါင်ပေါ်မှ စူစူလေး ခုန်ချလိုက်ပြီး လျှပ်စီးလို လျှင်မြန်သော အလျှင်ဖြင့် စတိတ်စင်ပေါ် ပြေးတက်သွားခဲ့လေတော့သည်။
… … …