အခန်း (၁၁၀၁-၁၁၀၅)
Vol. 45 Ch. 1101-1105
နတ်သားရဲမလေးရဲ့ ကမ္ဘာသစ် Book-45 (ဇာတ်သိမ်း)
အခန်း(၁,၁၀၁) ကန်ပြီး အိမ်ပြန်မယ်
“ဘာမှမဖြစ်ပါဘူး…”
သူ့ရင်ဘတ် အနည်းငယ် နာကျင်သွားသော်လည်း အရမ်းကြီး မဆိုးရွားသဖြင့် မတ်တပ်ပြန်ရပ်နိုင်ခဲ့ပါသည်။
လုကျန်းယွီ၏ ရင်ဘတ်ကို အိမ်တော်ထိန်းကျန်း အမြန်စစ်ဆေးကြည့်လိုက်သည်။ ကန်ချက်ကြောင့် သိသိသာသာ ဖူးယောင်သွားတာကလွဲပြီး အရိုးကျိုးတာတွေဘာတွေ မရှိပါ။
ဒဏ်ရာအခြေအနေကို ကြည့်ခြင်းအားဖြင့် စူစူလေး ကန်ချက်ကို အတော်လေး ထိန်းချုပ်ထားခဲ့မှန်း သိသာသည်။ သူမ ခွန်အားအစစ်ရဲ့ ၁၀ ပုံ ၁ ပုံလောက်ကို သုံးရင်တောင် လုကျန်းယွီ နံရိုးတွေ အမှုန့်ဖြစ်သွားနိုင်သည်။
စူစူလေးကို လုကျန်းယွီ ပြန်ကြည့်လိုက်ပါသည်။
စူစူလေးက ခေါင်းမော့ရင်ကော့လျက် ပြောလိုက်၏။ “အဲ့တာ ငါ့ကို ဆပ်စရာရှိတဲ့ အကြွေးပဲ!။ အရင်တုန်းက နင်ငါ့အပေါ် သဘောကောင်းခဲ့တုန်းက ပြန်မယူချင်ခဲ့ဘူး။ အခုတော့ အကြွေးပြန်ယူတော့မယ်! ဒါမယ့် တစ်ချက်ပဲ ကန်မှာပါ။ ကျန်တာ ဘာအကြွေးမှ ဆပ်စရာမလိုဘူး။ နင်က တမင်သက်သက်လုပ်တာမှ မဟုတ်တာ။ နေမကောင်းဖြစ်နေတာကိုး”
ထိုသို့ပြောပြီးနောက် မတ်တပ်ရပ်နေနိုင်ပြီဖြစ်သည့် လုကျန်းယွီ၏ ခြေထောက်ကို ကြည့်လျက် စူစူလေး ပြောလိုက်သည်။ “နင် မတ်တပ်ရပ်လိုက်တော့ အရင်ကလောက် ချစ်ဖို့မကောင်းတော့ဘူး။ မတ်တပ်ပြန်ရပ်နိုင်အောင် ငါမကူညီပေးခဲ့ရင် ကောင်းမှာပဲ”
ထို့နောက် လူကြီးလေးတစ်ယောက်လို စူစူလေး သက်ပြင်းချလိုက်ပြီး လုကျန်းယွီကို မှာကြားလိုက်သည်။ “ကဲပါ။ ကောင်းကောင်းနား၊ စာကြိုးစားပြီး ကျန်းကျန်းမာမာ ကြီးပြင်းလာခဲ့နော်”
စူစူလေး၏ စကားကြောင့် လုကျန်းယွီ အနည်းငယ် မှင်သက်သွားခဲ့သည်။ ဘယ်လိုပြန်ပြောရမှန်း မသိတော့ဘဲ ဒီတိုင်းသာ စိုက်ကြည့်နေမိပါသည်။
စူစူလေး ထပ်ပြီး အချိန်မဆွဲတော့ပါ။ ချင်းယန်ကျစ်တို့ထံသို့ ပြန်လျှောက်သွားခဲ့ပြီး သခင်ကြီးလုအား ပြောလိုက်သည်။ “သမီးပြန်တော့မယ် ဘိုးဘိုးလု”
သခင်ကြီးလု အနည်းငယ် ရီဝေစွာ မေးလိုက်သည်။ “စူစူလေး ဒီကို လာလည်ပြီး ကစားလို့ရတယ်လေ”
“မလာတော့ပါဘူး။ ဖေဖေနဲ့ မေမေ့ဆီ ပြန်တော့မယ်”။ စူစူလေး ပြောလိုက်ပါသည်။
သူမ ဆန္ဒပြည့်ဝသွားခဲ့ပြီ ဖြစ်သည်။ သူမကို ကိုကြီး မဆက်သွယ်ရသည့် အကြောင်းအရင်းကို သိခဲ့ရပြီ ဖြစ်ပါသည်။
ထို့နောက် နတ်ယုတ်မာကြီးကိုလည်း ကလဲ့စားချေကာ ပြန်ကန်နိုင်ခဲ့ပြီ ဖြစ်သည်။
လုပ်စရာရှိတာတွေ အားလုံး လုပ်ပြီးသွားပြီဖြစ်ကာ စူစူလေး ရင့်ကျက်သွားသလို ခံစားလိုက်ရသည်။
သို့သော် သခင်ကြီးလုရင်ထဲတော့ လေးလံသွားခဲ့သည်။
စူစူလေးက ချင်းယန်ကျစ်နဲ့ ဟွော်ထျင်းတို့၏ လက်ကိုဆွဲလျက် ပြန်ပင်လှည့်မကြည့်ဘဲ တံခါးဆီ လျှောက်သွားခဲ့ပါသည်။
လုကျန်းယွီလည်း စူစူလေးကို ငေးကြည့်နေခဲ့သည်။ သူမ မရှိတော့တာတောင် တံခါးဝကို သူငေးကြည့်မိနေဆဲဖြစ်၏။
တစ်ခုခု မှားယွင်းနေသလို ခံစားရသော်လည်း အတိအကျ မပြောပြနိုင်ပါ။
ထိုအချိန်ကာလအတွင်းက မှတ်ဉာဏ်တွေ သူ့ဆီမှာ မရှိပါ။ သို့သော် သူ့ရင်ထဲမှာတော့ ဝမ်းနည်းနေသလို ခံစားရသည်။
သူ့ရင်ဘတ်ကိုသူ ငုံ့ကြည့်လိုက်ပါသည်။ အကန်ခံထားရသည့် နေရာက အနည်းငယ် နာကျင်နေသော်လည်း တခြား နေရာတစ်ခုက ပို၍ပင် နာကျင်နေသလို ခံစားရသည်။
--- --- ---
သခင်ကြီးလုစီစဉ်ပေးထားသော ကားဖြင့် စူစူလေးတို့ အိမ်ပြန်လာခဲ့ကြသည်။ လမ်းတွင် ချင်းယန်ကျစ်နဲ့ ဟွော်ထျင်းတို့က စူစူလေးကို စိုးရိမ်ပူပန်စွာ ခဏခဏ ကြည့်နေကြသည်။
“ဘာလို့ ကြည့်နေကြတာလဲ”။ စူစူလေး မေးလိုက်သည်။
“အဲ…”။ ချင်းယန်ကျစ် တွန့်ဆုတ်သွားပြီး မေးချင်တာကို မမေးနိုင်ခဲ့ပါ။
ထိုစဉ် ဟွော်ထျင်းကတော့ မထိန်းနိုင်ဘဲ ဝင်ပြောလိုက်ပါသည်။ “ဝမ်းမနည်းစမ်းပါနဲ့! ဝမ်းနည်းတယ်ဆိုလည်း ဝမ်းနည်းတဲ့အကြောင်း ပေါ်တင် ပြောလိုက်စမ်းပါ! ပြီးတော့ စိတ်မပူနဲ့။ အဲ့ဒီ နှလုံးသားမရှိတဲ့ ဆန်ကုန်မြေလေးကောင်က နင်နဲ့ သူငယ်ချင်း မလုပ်ချင်တော့ဘူး ဆိုရင်တောင် ငါရှိသေးတာပဲ။ ငါတစ်ယောက်တည်း မဟုတ်ဘူး။ အာပြဲစိန် ယွင်ယွင်လည်း ရှိတယ်။ မဲလုံးကြီးနဲ့ ဟူကျစ်တို့လည်း ရှိတယ်။ နင့်မှာ တူတွေ အများကြီးလည်း ရှိတယ်!”
ဟွော်ထျင်း လက်ချောင်းထောင်ကာ ရေတွက်ပြလိုက်ပါသည်။
မဲလုံးကြီးနဲ့ ဟူကျစ်တို့က အခုတော့ သိပ်အားမကိုးရဘဲ အိပ်ပျော်နေကြပြီဖြစ်သော်လည်း လိုအပ်သည့် အချိန်တွေမှာတော့ အကူအညီ ဖြစ်နိုင်ကြပါသည်။
“အွန်း အွန်း။ နင်တို့ အကုန်လုံးရှိနေတယ်။ ကိုကြီး မရှိလည်း ဘာမှမဖြစ်ဘူး”။ စူစူလေး ခေါင်းညိတ်လိုက်သည်။
ဝမ်းမနည်းပါဘူးလို့ ပြောပြီးတာတောင် သူမ ဝမ်းနည်းနေသေးတယ်လို့ ထျင်းထျင်းနဲ့ အစ်ကိုလတ်တို့က ဘာလို့ ထင်နေကြသေးတာလဲ။
… … …
အခန်း(၁,၁၀၂) နတ်ယုတ်မာကြီးရဲ့ လုပ်ရပ်ကို နားလည်စ ပြုလာပြီ
ဒါမှမဟုတ် သူမ ပုံစံကပဲ ဝမ်းနည်းနေသလို ဖြစ်နေလို့လား။
သေချာစဉ်းစားပြီးနောက် စူစူလေး ထပ်ပြောလိုက်သည်။ “သူ့ကို ဟိုးအရင်ကတည်းက ကန်ဖို့ ဆုံးဖြတ်ထားလို့ ကန်ခဲ့တာ။ ဝမ်းနည်းလို့ မဟုတ်ဘူး”
တကယ်တော့ ဒီလိုကန်ဖို့တောင် မလိုအပ်တော့ပါ။ သူမ နတ်ယုတ်မာကြီးကိုလည်း အရင်ကလောက် စိတ်မဆိုးတော့ပါ။
သူမကို ကန်ထုတ်ခဲ့တုန်းက နတ်ယုတ်မာကြီးရဲ့ လုပ်ရပ်ကို သူမ နားလည်စ ပြုလာပါပြီ။
သူမအပေါ်ထားသည့် နတ်ယုတ်မာကြီး၏ မျှော်လင့်ချက်ကို နားလည်စပြုလာပါပြီ။
သူမ အစ်ကိုငယ်က ဖေဖေနဲ့ မေမေတို့ကို အမှန်အတိုင်း မပြောဘဲ အိမ်ကို နှစ်တွေအများကြီး ပြန်မလာသည့် ကိစ္စနဲ့ ဆင်တူသည်။ သူတို့ကို မချစ်လို့ မဟုတ်ဘဲ လေးလေးနက်နက် ချစ်တာကြောင့်သာ ဖြစ်သည်။
တစ်ခါတလေ လူတွေရဲ့ လုပ်ရပ်နဲ့ ပြောစကားများက ရင်ထဲမှာ ရှိနေသည့် ခံစားချက်အစစ်အမှန်နဲ့ ခြားနားနေတတ်သည်။
နတ်ယုတ်မာကြီး သူမကို ကန်ထုတ်ခဲ့ပြီး လူသားအဖြစ် ပြန်လည်မွေးဖွားလာခဲ့စေခြင်းကလည်း ဒီလိုပဲ ဖြစ်နိုင်ပါသည်။
ဟွော်ထျင်း သိပ်မယုံကြည်သေးပါ။ “အဲ့တာဆို သူ့ကို ထပ်သွားမတွေ့တော့ဘူးလို့ ဘာလို့ ပြောခဲ့တာလဲ။ အဲ့တာ စိတ်ဆိုးလို့ ပြောတာလား။ တကယ် အတည်ပြောတာလား”
သခင်ကြီးလုကို စူစူလေး ပြောခဲ့သည့်စကားများက စိတ်ဆိုးတုန်း ပြောမိသည့် စကားလုံးများနဲ့ ဆင်တူပါသည်။
“အခုလောလောဆယ်တော့ မတွေ့တော့ဘူးလေ။ နောက်ပိုင်းကျ ထပ်တွေ့ချင်တွေ့မှာပေါ”။ စူစူလေး တီးတိုး ရေရွတ်လိုက်ပါသည်။
ဒီနေ့ သူမ စိတ်မညစ်ခဲ့ဘူးဟု ပြောလျှင် လိမ်ရာကျပါလိမ့်မည်။ ကိုကြီးကို ဒီလိုပုံစံမျိုးနဲ့ မြင်လိုက်ရပြီးနောက် ရင်ထဲမှာ အနည်းငယ် စိတ်ပျက်သွားမိတာတော့ မှန်ပါသည်။
သို့သော် ကိစ္စမရှိပါ။ သူမက ရင့်ကျက်နေပြီဖြစ်ပြီး ပြဿနာတွေကို ကိုယ်တိုင် ရင်ဆိုင်နေနိုင်ပြီဖြစ်ပါသည်။
သတ္တိလည်း ရှိသဖြင့် ဒီလို အသေးအဖွဲစိတ်ညစ်ရတာလေးကို အရှုံးပေးမှာ မဟုတ်ပါ။
“နင်အရမ်းတော်တာပဲ!”။ စူစူလေး သဘောထားပြည့်ဝတာကို မြင်ပြီး ဟွော်ထျင်း အလွန်ပျော်ရွှင်သွားပါသည်။
စူစူလေးက တကယ်ပဲ ခြားနားပါသည်။ အမြဲတမ်း ငိုယို နှပ်ချေးထွက်နေသည့် သူ့တခြားသူငယ်ချင်းတွေနဲ့ တခြားစီ ဖြစ်သည်။ စူစူလေးက အလွန်သတ္တိရှိပြီး တော်ပါသည်။
“ဒါပေါ့! ငါက တခြားသူမှ မဟုတ်တာ!”။ စူစူလေး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပါသည်။
စူစူလေး မျက်နှာပေါ်က အပြုံးကိုမြင်မှ ချင်းယန်ကျစ်လည်း စိတ်အေးသွားခဲ့ပါသည်။
သူ့ညီမလေးက သူထင်ထားတာထက် အများကြီး ပိုသန်မာသည့်ပုံစံပင်။ စူစူလေးဆီမှ သူတို့ ပြန်သင်ယူရပါမည်။
“ပေကျင်းမြို့ကို ရောက်လက်စနဲ့ ငါနေရာစုံအောင် လိုက်ပို့ပေးမယ်လေ။ ငါ ပျော်စရာကောင်းတဲ့ နေရာတွေ အများကြီး သိတယ်!”
ကိုယ့်ကိုယ်ကိုယ် အိမ်ရှင်တစ်ယောက်ဟု ခံယူပြီး စူစူလေးကို ပေကျင်းမြို့ထဲ နေရာစုံအောင် လိုက်ပို့ပေးဖို့ ဟွော်ထျင်း ဆုံးဖြတ်ထားသည်။
“ဒါမယ့် ဒီမှာ အကြာကြီးမနေဘူးလို့ ဖေဖေနဲ့ မေမေ့ကို ကတိပေးထားတယ်။ ငါအကြာကြီး နေရင် သူတို့ စိတ်ပူကြလိမ့်မယ်”
သူမ ဖေဖေနဲ့ မေမေက အရေးအကြီးဆုံးဖြစ်သည်။ ရင့်ကျက်သူတစ်ယောက်အနေဖြင့် ကိုယ့်မိဘတွေကို စိတ်ပူအောင် မလုပ်သင့်ပါ
“အဲ့တာဆိုလည်း… တစ်ရက်လောက်ပဲ လျှောက်လည်ကြမယ်လေ! ဘယ်လိုလဲ”
“တစ်ရက်လောက်က ကိစ္စမရှိပါဘူး။ အဖေနဲ့ အမေ့ကို ငါအကြောင်းကြားလိုက်မယ်။ သူတို့ ခွင့်ပြုမှာပါ”။ စူစူလေး ကိုယ်စား ချင်းယန်ကျစ် သဘောတူလိုက်ပါသည်။
“အွန်းပါ အွန်းပါ။ အဲ့တာဆို နောက်တစ်ရက်လောက် ဆက်နေလိုက်မယ်”
အစ်ကိုလတ်က ခွင့်ပြုသဖြင့် သူမ နောက်တစ်ရက်လောက် လျှောက်လည်ပြီးမှ အိမ်ပြန်ပါတော့မည်။
--- --- ---
စူစူလေးတို့ ပြန်သွားပြီးနောက် လုကျန်းယွီကို ဆေးထည့်ပေးဖို့အတွက် သခင်ကြီးလု မိသားစုဆရာဝန်ကို ပင့်ခဲ့ပါသည်။
လုကျန်းယွီ၏ ရင်ဘတ်ပေါ်က ဖူးယောင်နေသည့် ခြေရာသေးသေးလေးကို ကြည့်ရင်း သခင်ကြီးလု ရယ်လည်းရယ်ချင် စိတ်မကောင်းလည်း ဖြစ်သွားပါသည်။ အကန်ခံလိုက်ရသည့် မြေးအတွက်ကော၊ စူစူလေးအတွက်ကော သူ စိတ်မကောင်း ဖြစ်မိပါသည်။
သခင်ကြီးလု သက်ပြင်းချကာ ပြောလိုက်သည်။ “စူစူလေး ကန်တာကို စိတ်မဆိုးပါနဲ့။ မင်းခြေထောက်တွေကို ပြန်ကောင်းလာအောင် လုပ်ပေးခဲ့တာ သူပဲ။ ပြီးတော့ မင်းပြန်ပေးဆွဲခံရတုန်းကလည်း ကယ်တင်ပေးခဲ့တာ သူပဲ”
သူ့မြေးကို တခြားတစ်ယောက်ယောက်ကသာ ဒီလိုလာလုပ်တာဆို သခင်ကြီးလု ချက်ချင်း လက်တုန့်ပြန်မိမှာ ဖြစ်သည်။ သို့သော် တစ်ဖက်လူက စူစူလေးဖြစ်နေသဖြင့် မြေးဖြစ်သူကို စိတ်မဆိုးဖို့သာ သခင်ကြီးလု ဖြောင်းဖြနိုင်ပါသည်။
လုကျန်းယွီ တိုးညှင်းစွာ မေးလိုက်သည်။ “ဘိုးဘိုး… ကျွန်တော် သူတို့နဲ့ ရှိနေတုန်းက ပျော်ရွှင်ခဲ့ရလား”
… … …
အခန်း(၁,၁၀၃) အရင်က မှတ်ဉာဏ်တွေကို ပြန်ဖော်ဖို့ ဖြစ်နိုင်ပါ့မလား
“ပျော်တာပေါ့။ စူစူလေးနဲ့ အတူရှိခဲ့တုန်းက မင်းအရမ်း ပျော်ခဲ့တာ။ အရင်တုန်းကဆို မင်းမပြုံးသလောက် ရှားတယ်။ ဒါပေမယ့် စူစူလေးနဲ့ ရှိနေတဲ့အချိန်တိုင်းမှာ မင်းပြုံးပျော်ရယ်မောနေတာချည့်ပဲ”။ သခင်ကြီးလု ပြောလိုက်သည်။
လုကျန်းယွီ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပါသည်။ အတန်ကြာမှ ခေါင်းပြန်မော့လာပြီး သခင်ကြီးလုကို မေးလိုက်သည်။
“သူတို့ ဘယ်တော့ ပြန်ကြမှာလဲ”
“သိပ်မကြာလောက်ဘူး။ စူစူလေး စကားကို အကဲခတ်ကြည့်ရသလောက်တော့ ချက်ချင်းတောင် ပြန်သွားနိုင်တယ်”
“အဲ့ဒီ ကလေးမလေးနဲ့ ကျွန်တော် အချိန်တူတူ ထပ်ကုန်ဆုံးလိုက်ရင် အရင်က မှတ်ဉာဏ်တွေ ပြန်ရနိုင်လောက်လား”။ လုကျန်းယွီ မေးလိုက်ပါသည်။
ဒီနေ့မတိုင်ခင်တုန်းက သူ့မှတ်ဉာဏ်တွေ ဆုံးရှုံးခဲ့မှန်း လုကျန်းယွီသိသော်လည်း ပြန်မှတ်မိနိုင်ဖို့ မကြိုးစားခဲ့ပါ။ သဘာဝအတိုင်း ထားလိုက်ပါက တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်မှတ်မိလာလိမ့်မည်ဟု တွေးခဲ့သည်။
သို့သော်လည်း ဒီနေ့ ထိုကလေးမလေးကို မြင်ပြီးနောက် လုကျန်းယွီ မှတ်ဉာဏ်တွေ ပြန်လည်ရရှိချင်စိတ် ပြင်းပြလာခဲ့သည်။
“အဲ့တာ ဖြစ်နိုင်ချေရှိတယ်!”။ လက်ထောက်ဖြစ်သူကို သခင်ကြီးလု အမြန်ညွှန်ကြားလိုက်သည်။ “ဒီရက်ပိုင်းထဲ ချင်းမိသားစုရဲ့ အစီအစဉ်တွေ ဘယ်လိုရှိလဲ အမြန်သွားစုံစမ်း! သိရတာနဲ့ ငါ့ကို အမြန် အစီရင်ခံ!”
“ကျွန်တော်ကောပဲ”။ လုကျန်းယွီ ပြောလိုက်ပါသည်။
“ဟုတ်တယ်။ မင်းတို့ သခင်လေးကိုလည်း အစီရင်ခံဖို့ မမေ့နဲ့”။ သခင်ကြီးလု အပြုံးဖြင့် ပြောလိုက်ပါသည်။ မြေးဖြစ်သူ ဒီလို စိတ်ပြောင်းလဲသွားတာကို သခင်ကြီးလု တကယ်ဝမ်းသာပါသည်။
မြေးဖြစ်သူ မှတ်ဉာဏ်တွေ ပြန်မရလည်း ကိစ္စမရှိပါ။ သို့သော် မြေးဖြစ်သူ ပျော်ရွှင်နေတာကိုတော့ သခင်ကြီးလု မြင်ချင်ပါသည်။
ခြေထောက်တွေကို ပြန်လည် အသုံးပြုနိုင်နေပြီဖြစ်သော်လည်း မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားသည့် သူ့မြေးက သူမျှော်လင့်ထားသလောက် ပျော်ရွှင်မနေပါ။
--- --- ---
နောက်တစ်နေ့တွင် စူစူလေးတို့ကို ဟွော်ထျင်းက ကစားကွင်းသို့ လိုက်ပို့ပေးခဲ့သည်။
ကစားကွင်းထဲ ဝင်လိုက်သောအခါ ကစားကွင်းတစ်ခုလုံး လူသူကင်းမဲ့နေတာကို မြင်လိုက်ရပါသည်။ ဝန်ထမ်းတွေ ရှိသော်လည်း ဧည့်သည်တွေဆိုလို့ စူစူလေးတို့ အဖွဲ့သာ ရှိသည်။
တစ်ခုခု မူမမှန်တာကို ချင်းယန်ကျစ် သတိထားမိပါသည်။
“သခင်လေးဟွော်။ မင်းဒီတစ်နေရာလုံးကို ငှားထားတာလား”။ ဟွော်ထျင်းကို ချင်းယန်ကျစ် မေးလိုက်သည်။
“မဟုတ်ပါဘူး”။ ဟွော်ထျင်း ငြင်းလိုက်သည်။
“တကယ်မဟုတ်ဘူးလား”။ ချင်းယန်ကျစ် မယုံသင်္ကာဖြစ်နေပါသေးသည်။
ချင်းယန်ကျစ်ကလည်း ပေကျင်းမြို့မှာ နေထိုင်နေသူဖြစ်သဖြင့် ဒီနေရာအကြောင်း ကောင်းကောင်း သိပါသည်။ ကစားကွင်း တစ်ခုလုံးကို တစ်ယောက်ယောက်က ငှားထားတာကြောင့်သာ မဟုတ်လျှင် ရုံးဖွင့်ရက်တွေမှာတောင် ဒီလို လူသူကင်းမဲ့နေမှာ မဟုတ်ပါ။
“တကယ်ပြောတာ။ ဒါကျွန်တော့် မိသားစုပိုင်တဲ့ ကစားကွင်းလေ။ အမိန့်တစ်ခု ပေးလိုက်ရင်ရပြီ။ တစ်နေရာလုံးကို ငှားစရာတောင် မလိုဘူး”။ ဟွော်ထျင်း ရှင်းပြလိုက်ပါသည်။
“…” ချင်းယန်ကျစ် ဆွံ့အသွားခဲ့သည်။
ဟွော်ထျင်းက စူစူလေး၏ လက်ကို ဆွဲပြီး စိတ်လှုပ်ရှားစရာ ကောင်းသည့် အပျော်စီးယာဉ်များဆီ ခေါ်သွားလေသည်။ “ပုံမှန်ဆို ဒါတွေကို ငါတို့လို ကလေးတွေ စီးလို့မရဘူး။ ဒါပေမယ့် ဒီနေ့က ကိစ္စမရှိဘူး။ ငါတို့ စီးချင်တာ စီးလို့ရတယ်”
ဘယ်သူ့ကို ဂရုစိုက်စရာလိုလို့လဲ။
သူ့အဖေက ဒီကစားကွင်းပိုင်ရှင်ဆိုတော့ စည်းကမ်းကို ကြိုက်သလို ပြုပြင်လို့ရတယ်!
“ရေး!!! စီးမယ် စီးမယ်!”။ စူစူလေး ပျော်ရွှင်သွားပါသည်။
သူတို့နောက် လိုက်လာသည့် ချင်းယန်ကျစ်ကတော့ မပြုံးနိုင်ပါ။
သူ့ညီမလေးက ရိုလာကိုစတာတွေ၊ Drop Towers တွေ စီးမလို့လား
သူ့ကို နှလုံးရောဂါရအောင် လုပ်ကြမလို့လား။
စူစူလေးကို ချင်းယန်ကျစ် လှမ်းဆွဲလိုက်ပြီး ချော့ကာ ပြောလိုက်သည်။
“ညီမလေး၊ ကလေးလေးတွေစီးတဲ့ဟာလေးတွေပဲ သွားစီးရအောင်လေ။ အဲ့တာတွေက ညီမလေး အရွယ်ရောက်လာမှ စီးကြရအောင်နော်”
“သမီးက အရွယ်ရောက်နေပြီလေ!”။ သူမက အသက် ၁၀၄ နှစ်တောင် ရှိနေပါပြီ။ ၁၀၃ နှစ်တုန်းကထက် ၁ နှစ်ကြီးများတောင် ပိုကြီးနေပြီဖြစ်သည်။
သူမ အသက် ၁၀၃ နှစ်တုန်းကလည်း အရွယ်မရောက်သေးဘူးဟု ဆိုကြသည်။ ထို့ကြောင့် ယခု ၁၀၄ နှစ် ပြည့်သွားပြီ ဖြစ်သဖြင့် အရွယ်ရောက်ပြီဟု သတ်မှတ်သင့်ပါသည်။
“ဒီ့ထက် နည်းနည်းလေး ပိုအရွယ်ရောက်တဲ့ထိ စောင့်ကြရအောင်နော်!”
တစ်နှစ်လောက်ပဲ အချိန်ဆွဲလို့ရရင်တောင် ချင်းယန်ကျစ် ကြိုးစားပါမည်။
“အစ်ကိုလတ်က သမီးကို အရွယ်မရောက်သေးဘူးလို့ ထင်လို့လား”။ စူစူလေး နှုတ်ခမ်းစူကာ မေးလိုက်ပါသည်။
… … …
အခန်း(၁,၁၀၄) လုကျန်းယွီကို လျစ်လျူရှုခြင်း
“မဟုတ်ပါဘူး မဟုတ်ပါဘူး။ ညီမလေးက အရမ်းလိမ္မာပြီး သိတတ်နေပါပြီ”။ ချင်းယန်ကျစ် ပြောချင်သည့် စကားလုံးများကို ပြန်လည် မျိုသိပ်လိုက်ရသည်။
“အာ့ဆို အရွယ်ရောက်နေပြီပေါ့ ဟုတ်လား”။ စူစူလေး မေးလိုက်ပါသည်။
“အရွယ်ရောက်နေပြီ!”
သူ့ညီမလေးက ဒီလိုမျက်လုံးလေးတွေနဲ့ ကြည့်နေသဖြင့် လည်ပင်းကို ဓားထောက်ခံထားရရင်တောင် အကောင်းဘက်ကပဲ ဖြေပါမည်။
“အွန်း အာ့ဆို သမီး သွားကစားတော့မယ် အစ်ကိုလတ်!”
ထို့နောက် ဟွော်ထျင်းထံ စူစူလေး ပြေးသွားပြီး နှစ်ယောက်သား ရိုလာကိုစတာပေါ် တက်သွားကြသည်။
ချင်းယန်ကျစ်ကတော့ အောက်မှာသာ ကျန်ခဲ့လေသည်။ သူ့ဘေးမှာ အိမ်တော်ထိန်းလျို့လည်း ရှိနေပြီး နှစ်ယောက်စလုံးရဲ့ မျက်နှာထားတွေက ဆင်တူဖြစ်နေပါသည်။
ရိုလာကိုစတာကြီး ဘယ်ဘက်သို့ ကွေ့လျှင် သူတို့လည်း ဘယ်ဘက်သို့ ယိမ်းသွားကြပြီး ညာဘက်သို့ကွေ့လျှင် ညာဘက်သို့ လိုက်ယိမ်းမိကြသည်။
ရိုလာကိုစတာကြီး ရပ်တန့်သွားသောအခါ ချင်းယန်ကျစ် သက်ပြင်းတောင်ချချိန်မရှိဘဲ စူစူလေးနဲ့ ဟွော်ထျင်းတို့ နောက်တစ်ခေါက်ထပ်စီးဖို့ တိုင်ပင်နေကြတာကို မြင်သွားပါသည်။
“အိမ်တော်ထိန်းလျို့…”။ ကောင်းကင်ပေါ်က ရိုလာကိုစတာကြီးကို မော့ကြည့်ရင်း အိမ်တော်ထိန်းလျို့ကိုခေါ်လိုက်သည်။
ရိုလာကိုစတာကြီးက မြန်ဆန်ပြီး စူစူလေး၏ မျက်နှာကို သေချာမမြင်ရသော်လည်း ချင်းယန်ကျစ်တစ်ယောက် ရိုလာကိုစတာကြီးကို မျက်ခြေမပြတ် လိုက်ကြည့်နေမိပါသည်။
“မစ္စတာချင်း ဘာမှပြောစရာမလိုဘူး။ ကျွန်တော် ကိုယ်ချင်းစာပါတယ်။ ကျွန်တော်လည်း အမြဲတမ်း ဒီလို ခံစားနေရတာ”
ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့ ခါးသီးစွာ ပြုံးလိုက်ရင်း တစ်ယောက်ပခုံးတစ်ယောက်ပုတ်ကာ အားပေးလိုက်ကြလေသည်။
ကစားကွင်းထဲသို့ လုကျန်းယွီ ဝင်လာသောအခါ စူစူလေးနဲ့ ဟွော်ထျင်းတို့ ရိုလာကိုစတာစီးနေကြဆဲ ဖြစ်သည်။
ကောင်းကင်ပေါ်မှာ ရယ်မောပျော်ရွှင်နေသည့် ကလေးနှစ်ယောက်ကို ကြည့်ရင်း လုကျန်းယွီ ရင်ထဲ ပဋိပက္ခ ဖြစ်သွားခဲ့ပါသည်။
သူလည်း အရင်က သူတို့နဲ့ ကစားပြီး ဒီလိုမျိုး ပျော်ရွှင်ခဲ့တာလား…
အိမ်တော်ထိန်းကျန်းနဲ့အတူတူ လုကျန်းယွီလျှောက်လာပြီး ချင်းယန်ကျစ်တို့ဘေးမှာ ရပ်လိုက်ပါသည်။
ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့က ကောင်းကင်ပေါ်ကိုသာ အကြည့်ရောက်နေသဖြင့် ဘေးမှာ လူတွေ လာရပ်နေတာကိုတောင် မသိကြပါ။
စူစူလေးနဲ့ ဟွော်ထျင်းတို့ ပြန်ဆင်းလာကြမှ ဘေးမှာ လူတချို့ရောက်နေမှန်း ချင်းယန်ကျစ်တို့ သတိထားမိသွားသည်။
ချင်းယန်ကျစ်က လုကျန်းယွီကို တစ်ချက်သာ လှည့်ကြည့်လိုက်ပြီး မျက်နှာလွှဲလိုက်ပါသည်။
သူ့ညီမလေးက အငြှိုးအတေး မထားနိုင်သော်လည်း သူကတော့ စိတ်ဆိုးမိဆဲ ဖြစ်ပါသည်။
ဒီကောင်လေးအပေါ် သူ့ညီမလေး ဒီလောက်ကောင်းခဲ့တာကို…
ဒီအတိုင်း မေ့သွားစရာလား။ မတရားလိုက်တာ!
ပုံမှန်ဆို ချင်းယန်ကျစ်က အတော်လေး သဘောကောင်းသူဖြစ်ပါသည်။ သို့သော် ညီမဖြစ်သူနဲ့ ပတ်သတ်လာရင်တော့ အလွန်ကလေးဆန်ပြီး နားလည်ရခက်လာသည်။
ချင်းယန်ကျစ်ဘေးသို့ ပြန်လျှောက်လာသော စူစူလေးလည်း လုကျန်းယွီကို မြင်သွားသည်။
သို့သော် အကြည့်ချင်း ခဏလောက်ဆုံပြီးနောက် စူစူလေး မျက်နှာလွှဲလိုက်ပါသည်။
ချင်းယန်ကျစ်ကိုသာ စူစူလေး ပြောလိုက်သည်။ “အဲ့တာကြီးစီးတာ အရမ်းပျော်ဖို့ကောင်းတာပဲ အစ်ကိုလတ်!”
“အင်းပါ အင်းပါ။ ငါ့ညီမလေး ပျော်ရင်ပြီးတာပဲ! နောက်တစ်ခါတော့ ထပ်မစီးနဲ့တော့နော်…”
“နောက်တစ်ခါ အဲ့တာကစားကြမယ်။ ထျင်းထျင်းပြောတာတော့… ဘန်ဂျီခုန်တာဆိုလား!”။ စူစူလေးက ကစားကွင်း အလယ်ရှိ အမြင့်ဆုံး တာဝါကြီးကို လက်ညှိုးထိုးပြလိုက်ပါသည်။
“ဘန်…ဘန်ဂျီခုန်မယ် ဟုတ်လား!”။ ချင်းယန်ကျစ် နှလုံးသား အပြင်သို့ခုန်ထွက်လာမတတ်ဖြစ်သွားသည်။
သူ့ညီမလေးကို ဖျက်လိုဖျက်ဆီးလုပ်နေသည့် ဟွော်ထျင်းကိုလည်း စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပါသည်။
ကောင်စုတ်လေး! တခြားပျော်စရာကောင်းတဲ့ ကစားနည်းတွေ ညွှန်းပေးလို့ မရဘူးလား။
ဘာလို့ ကြောက်စရာကောင်းပြီး အန္တရာယ်များတာတွေပဲ လိုက်ပြနေတာလဲ။
ဟွော်ထျင်းကတော့ ချင်းယန်ကျစ်၏ အကြည့်ကို ဂရုစိုက်ပုံ မပေါ်ပါ။ သူဂရုစိုက်တာက လုကျန်းယွီဖြစ်သည်။
သူတို့အကြောင်း ဘာမှ မမှတ်မိသည့် ဒီကောင်က သူတို့နောက် ဘာကြောင့်လိုက်လာတာလဲဆိုတာကို ဟွော်ထျင်း သိချင်နေပါသည်။
ထို့အပြင် ဒီကောင်က သူ့ထက်လည်း အရပ်ရှည်နေပုံရသည်။ ဝှီးချဲပေါ်မှာ ထိုင်နေတုန်းက လုကျန်းယွီ သူ့ထက် အရပ်ပိုရှည်မှန်း ဟွော်ချင်း မသိနိုင်ခဲ့ပါ။
စူစူလေးပြောတာမှန်တယ်! ဒီကောင် ဝှီးချဲပေါ်မှာ ထိုင်နေတာကမှ ပိုကြည့်ကောင်းသေးတယ်!
လုကျန်းယွီလည်း ဟွော်ထျင်း၏ ရန်လိုသော အကြည့်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။ သို့သော် သူ ကြောက်လည်း မကြောက် ဝမ်းလည်းမနည်းပါ။
စူစူလေး၏ အပြုအမူကသာ သူ့ရင်ထဲမှာ ဖော်ပြရခက်သော ခံစားချက်တစ်ခုကို ဖြစ်ပေါ်လာစေသည်။
… … …
အခန်း(၁,၁၀၅) လုကျန်းယွီ၏ ကြိုးစားမှု (၁)
“ညီမလေး ဘန်ဂျီမခုန်ပါနဲ့လား။ အန္တရာယ်များလွန်းပါတယ်”။ ချင်းယန်ကျစ်က စူစူလေးကို ဖြောင်းဖြလိုက်ပါသည်။
ဘန်ဂျီတာဝါကြီးကို ချင်းယန်ကျစ် မကြာခဏ လှမ်းကြည့်မိသည်။
အဲ့တာကြီးက မီတာ ၂၀၀ ကျော်လောက် မြင့်တာ မဟုတ်ဘူးလာ။
အဲ့အပေါ်က ခုန်ချရရင် ခန္ဓာကိုယ်မထိခိုက်ရင်တောင် ဝိညာဉ်တစ်ခါတည်း လွင့်သွားနိုင်တယ်!
“အန္တရာယ်မများပါဘူး! လူတွေအများကြီး ခုန်နေကြတာပဲကို!”။ စူစူလေး ပြတ်သားစွာ ပြောလိုက်ပါသည်။
ဒီလောက်လေးမြင့်တာ ဘာလို့ အန္တရာယ်များရမှာလဲ!
“ဒါပေမယ့်…”
ဒါပေမယ့် ညီမလေးက ငယ်ငယ်လေးရှိသေးတာလေ…
ဘန်ဂျီခုန်ဖို့ စည်းမျဉ်းစည်းကမ်းနဲ့တောင် မကိုက်ညီဘူး…
သို့သော်လည်း ချင်းယန်ကျစ် ဒါတွေ ထုတ်ပြောလို့ မရပါ။
“သွားကြမယ် စူစူလေး”
ချင်းယန်ကျစ် ဘာမှမပြောနိုင်ခင် ဟွော်ထျင်းက စူစူလေး၏ လက်ကိုဆွဲပြီး ဘန်ဂျီတာဝါကြီးဆီ ပြေးသွားခဲ့ပါသည်။
ဟွော်ထျင်းက စူစူလေးကို ဒီမှာ ထပ်မနေစေချင်တော့ပါ။ ထိုအတိတ်မေ့ရောဂါသည်ကြောင့် သူမ စိတ်ညစ်သွားရင် ဘယ်လိုလုပ်မည်နည်း။ စူစူလေးကို ပျော်စရာကောင်းတာတွေသာ ကစားစေချင်ပါသည်။
“အွန်း!”
စူစူလေးနဲ့ ဟွော်ထျင်းတို့ လက်ချင်းတွဲပြီး ဘန်ဂျီတာဝါဆီသို့ ပျော်ပျော်ကြီး ပြေးသွားကြပါသည်။
ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့လည်း မျက်နှာမှောင်မိုက်စွာဖြင့် အနောက်မှ ပြေးလိုက်သွားရတော့သည်။
ဘာလို့ ဘန်ဂျီခုန်တာပဲ ကစားချင်ကြတာလဲ။
တိုက်ကားလေးဘာလေးစီးတာ ပိုပျော်စရာမကောင်းဘူးလား!
လုကျန်းယွီ ခေတ္တတွန့်ဆုတ်သွားသော်လည်း အနောက်မှ လိုက်လာခဲ့ပါသည်။
အခုဆို လုကျန်းယွီ လမ်းလျှောက်နိုင်နေပြီဖြစ်သည်။ သို့သော်လည်း ပြေးလွှားလို့တော့ မရသေးပါ။ ထို့ကြောင့် အိမ်တော်ထိန်းကျန်းနဲ့အတူတူ ဖြည်းညှင်းစွာသာ လျှောက်လာခဲ့ပါသည်။
ဘန်ဂျီတာဝါကြီးက မီတာ ၂၈၀ လောက်မြင့်ပြီး ထိပ်ဆုံးထိရောက်အောင် ဓာတ်လှေကားဖြင့် တက်ရသည်။
လုကျန်းယွီအပေါ်သို့ ရောက်ရှိသွားသောအခါ စူစူလေးနဲ့ ဟွော်ထျင်းတို့က လုံခြုံရေးကြိုးတွေ တပ်ဆင်ပြီး ခုန်ချဖို့ အသင့်ဖြစ်နေကြပါပြီ။
စူစူလေးက အပေါ်ဆုံးသို့ရောက်သောအခါ ပိုလို့တောင် စိတ်လှုပ်ရှားပျော်ရွှင်နေပါသေးသည်။ သို့သော် ဟွော်ထျင်းကတော့ မတူပါ။
ရိုလာကိုစတာစီးတုန်းက ကိစ္စမရှိသော်လည်း ဘန်ဂျီပလက်ဖောင်းပေါ်ကို ရောက်မှ ဟွော်ထျင်း ဒူးတွေချောင်လာပါသည်။
အပေါ်ဆုံးမှ အောက်ဆုံးသို့ ငုံ့ကြည့်ရသည့် ခံစားချက်ကြီးက တကယ်ခြားနားပါသည်။
ဟွော်ထျင်း၏ ခြေထောက်တွေ အတော်တုန်ယင်နေပြီး နောက်ပြန်ဆုတ်ချင်နေကြသည်။
ထို့နောက် ဟွော်ထျင်း ခေါင်းမော့ရင်ကော့လျက် ဘေးက ဝန်ထမ်းကို မေလိုက်ပါသည်။ “ခင်ဗျားတို့ လုံခြုံရေး ကြိုးတွေက စိတ်ကောချရရဲ့လား။ ဒါတွေကို လူကြီးတွေအတွက် သုံးတာမလား။ ကျွန်တော်တို့လို ကလေးတွေ သုံးတော့ ချောင်လွန်းမနေဘူးလား။ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ!”
ဝန်ထမ်းက အမြန်ရှင်းပြလိုက်ပါသည်။ “သခင်လေးဟွော် ကျေးဇူးပြုပြီး စိတ်ချပါ။ သခင်လေးဟွော်နဲ့ သူငယ်ချင်းတစ်ယောက် ဒီနေ့ လာကစားမယ်လို့ ကြားလို့ ကျွန်တော်တို့ မန်နေဂျာက ညတွင်းချင်း ကလေးသုံး လုံခြုံရေးကြိုးတွေကို အထူးပြင်ဆင်ထားခဲ့တာပါ။ သခင်လေးဟွော်တို့ ရောက်မလာခင်ကတည်းက အကြိမ်ကြိမ် စမ်းသပ်ပြီးပါပြီ။ ရာနှုန်းပြည့် ဘေးကင်းပါတယ်”
“ခင်ဗျားကို အဲ့လောက် အသေးစိတ် ဘယ်သူလုပ်ခိုင်းလို့လဲ!”။ ဟွော်ထျင်း ဒေါသထွက်သွားပါသည်။
ဝန်ထမ်းတွေလည်း မှင်သက်သွားသည်။
သူတို့ လုပ်တာ မှားသွားလို့လား…
သခင်လေးဟွော်က သူတို့ သေချာ မပြင်ဆင်ထားမှ စိတ်ဆိုးရမှာ မဟုတ်ဘူးလား။
“ထျင်းထျင်း တူတူခုန်ကြရအောင်!”။ စူစူလေးက ဟွော်ထျင်း၏ လက်ကိုဆွဲရင်း ပျံသန်းရသည့် ခံစားချက်ကို ပြန်လည် ခံစားနိုင်ဖို့ ပြင်လိုက်ပါသည်။
“စူ… စူစူလေး အခု ငါသေချာ စဉ်းစားကြည့်မှ ငါတို့လိုကလေးတွေအတွက် အန္တရာယ်နည်းနည်းရှိနေမလားလို့”။ ဟွော်ထျင်း တုန်လှုပ်စွာ ပြောလိုက်သည်။
“ဘာမှမဖြစ်ဘူး ထျင်းထျင်း ငါနင့်ကို ကာကွယ်ပေးမယ်!”။ စူစူလေး အာမခံလိုက်သည်။
“မ…မဟုတ်ဘူး…ငါပြောချင်တာက…”
ကာကွယ်ပေးတာတွေ မပေးတာတွေနဲ့ မဆိုင်ဘူးလေ…
စူစူလေးရဲ့ စွမ်းအားကို သူယုံကြည်ပေမယ့် လေထဲရောက်တာနဲ့ ဘယ်သူက ဘယ်သူ့ကို ကာကွယ်နိုင်မှာလဲ…။
ဟွော်ထျင်း ကြောက်လန့်နေတာကို စူစူလေးကလွဲပြီး လူတိုင်း မြင်နိုင်ပါသည်။
ထိုစဉ် လုကျန်းယွီရောက်လာပြီး ပြောလိုက်သည်။ “ငါအတူ ခုန်ပေးမယ်”
စူစူလေးနဲ့ ဟွော်ထျင်းတို့ သူ့ကို တပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ နှစ်ယောက်စလုံး မျက်နှာက အူတူတူ ဖြစ်နေလေသည်။
… … …