အခန်း (၁၁၀၆-၁၁၁၀)
Vol. 45 Ch. 1106-1110
အခန်း(၁,၁၀၆) လုကျန်းယွီ၏ ကြိုးစားမှု (၂)
လုကျန်းယွီ ရှင်းပြလိုက်သည်။ “အရင်တုန်းက ကစားကွင်းမှာ သူများတွေ ပျော်စရာကောင်းတာတွေ စီးနေခဲ့ကြတုန်းက ငါဒီတိုင်းပဲ ထိုင်ကြည့်နိုင်ခဲ့တာ။ အဲ့တာကြောင့် ဒီနေ့ ငါလည်း ကစားကြည့်ချင်လို့”
လုကျန်းယွီ လမ်းမလျှောက်နိုင်တုန်းက ဘာမှ မလုပ်နိုင်ခဲ့ပါ။ သူ မလုပ်နိုင်တာတွေများလေလေ လုပ်ချင်စိတ် ပိုမို ပြင်းပြလာလေလေဖြစ်သည်။
စူစူလေးက လုကျန်းယွီ၏ မျက်နှာကို ကြည့်ရင်း တစ်ခုခုကို လေးလေးနက်နက် စဉ်းစားလိုက်ပါသည်။
သူ့ကို စူစူလေးတစ်ခုခုပြောတော့မည်ဟု လုကျန်းယွီထင်လိုက်စဉ် စူစူလေးက မျက်နှာပြန်လွှဲသွားခဲ့ပါသည်။
“အာ့ဆို ငါ့ဖာသာငါပဲ ခုန်တော့မယ်။ ဒီမှာပဲစောင့်နေနော် ထျင်းထျင်း”။ ဟွော်ထျင်းကို စူစူလေး ပြောလိုက်ပြီး ပလက်ဖောင်းပေါ်သို့ ဆက်လျှောက်သွားခဲ့သည်။
အနောက်က ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့ ခြေထောက်တွေလည်း တဆတ်ဆတ် တုန်ယင်နေပါသည်။
အိမ်တော်ထိန်းကျန်းက ရယ်မောရင်း သူတို့နှစ်ယောက်ကို အားပေးလိုက်သည်။ “ဘာမှမဖြစ်ပါဘူး စိတ်မပူကြနဲ့။ ဘန်ဂျီခုန်ရင်း မတော်တဆမှုဖြစ်နိုင်ချေက အရမ်းနည်းပါတယ်”
အိမ်တော်ထိန်းကျန်းပြောတာ အမှန်တရားဖြစ်သော်လည်း ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့ကတော့ စိတ်မအေးနိုင်ပါ။
စူစူလေးက ချင်းယန်ကျစ်တို့ကို ထပ်ပြီးမနှိပ်စက်တော့ဘဲ ပလက်ဖောင်းအစွန်သို့ အရှိန်ဖြင့် ပြေးသွားကာ ခုန်ချလိုက်တော့သည်။
ဧရာမတာဝါကြီးပေါ်မှ လူကောင်သေးသေးလေးတစ်ခု ပြုတ်ကျလာတာ သစ်ပင်ကြီးတစ်ပင်ပေါ်မှ စာကလေးတစ်ကောင် ပြုတ်ကျလာသကဲ့သို့ ဖြစ်နေသည်။
“ဝါး!!! ငါပျံနေပြီကွ!!!”
စူစူလေး ခုန်ချသွားပြီးနောက် လုံးဝ မကြောက်ဘဲ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပါသည်။ အောက်ဆုံးထိရောက်သွားပြီး ပြန်ခုန်တက်သွားသောအခါ စူစူလေး တခစ်ခစ် ရယ်မောမိပါသေးသည်။
သူမက ပျော်ရွှင်နေသော်လည်း သူမကို မြင်နေရသူတွေကတော့ သတိပင် လစ်ချင်သွားပါသည်။
ပျော်ရွှင်စွာ ရယ်မောနေသော စူစူလေးကို လုကျန်းယွီ အပေါ်မှ ငုံ့ကြည့်နေပါသည်။
ထို့နောက် သူ့ကိုလည်း လုံခြုံရေးကြိုးတွေ တပ်ပေးဖို့ ဝန်ထမ်းများအား တောင်းဆိုလိုက်သည်။ ထို့နောက် သူလည်း တခြားတစ်နေရာမှ ခုန်ချလိုက်ပါတော့သည်။
စူစူလေးလိုပဲ လုကျန်းယွီ၏ မျက်နှာက တည်ငြိမ်လွန်းသည်။ ကြောက်ရွံ့ထိတ်လန့်မှုတွေ လုံးဝ မရှိပါ။
လုကျန်းယွီခုန်ဆင်းလာတာကို မြင်သောအခါ စူစူလေး အပြုံးများ ရုတ်တရက် ရပ်တန့်သွားသည်။
လုကျန်းယွီလည်း ဒါကို သတိထားမိပါသည်။
သို့သော် စက္ကန့်ပိုင်းလောက်ကြာသောအခါ စူစူလေး ပြန်လည်ပြုံးသွားပြီး လေထဲမှာ ဆက်လက် ပျော်ရွှင် ရယ်မောနေခဲ့ပါသည်။
လုကျန်းယွီကို စူစူလေး ထူးထူးဆန်းဆန်း ဆက်ဆံနေတာကို လူတိုင်း မြင်နိုင်ပါသည်။ သို့သော် သူမရင်ထဲက အတွေးကိုတော့ ဘယ်သူမှ မသိနိုင်ပါ။
ပလက်ဖောင်းပေါ်သို့ စူစူလေး ပြန်တက်လာသောအခါ လုကျန်းယွီက လေထဲမှာရှိနေဆဲဖြစ်သည်။
“သွားကြစို့ တခြားတစ်ခုခု သွားကစားကြမယ်”။
စူစူလေးက လုကျန်းယွီကို စောင့်မနေဘဲ ဟွော်ထျင်း၏ လက်ကိုဆွဲကာ ပြန်ထွက်သွားခဲ့ပါသည်။
ဟွော်ထျင်း ခေတ္တကြက်သေသေသွားပြီး အပြုံးကျယ်ကျယ် ပြုံးလိုက်ပါသည်။
လုကျန်းယွီ အတိတ်မေ့သွားတာက စိတ်ရှုပ်စရာကောင်းသော်လည်း အခု သူက စူစူလေး၏ အခင်ဆုံးသူငယ်ချင်း ဖြစ်နေကာ လုကျန်းယွီတစ်ယောက် ဘေးထုတ်ခံထားရတာကိုမြင်ရတော့ တကယ် ကျေနပ်ဖို့ ကောင်းပါသည်။
လုကျန်းယွီ ဘန်ဂျီပလက်ဖောင်းပေါ်သို့ ပြန်ရောက်လာသောအခါ အိမ်တော်ထိန်းကျန်း တစ်ယောက်တည်းသာ ကျန်ပါတော့သည်။
အလွန်တိတ်ဆိတ်ပြီး ခြောက်ကပ်လှသည်။ ရယ်မောပျော်ရွှင်သံလေးတွေ၊ ချစ်စရာကောင်းသည့် အပြုံးမျက်နှာလေးတွေက သူ့ကို စောင့်ကြိုမနေပါ။
“သူတို့ ဘယ်သွားကြတာလဲ”။ လုကျန်းယွီ မေးလိုက်သည်။
“ဟိုက သရဲအိမ်ကို သွားကြတာထင်တယ်။ ကြောက်စရာအကောင်းဆုံး သရဲအိမ်ကို ဝင်မှာတဲ့”။ အိမ်တော်ထိန်းကျန်း ပြန်ဖြေလိုက်ပါသည်။
စူစူလေးနဲ့ ဟွော်ထျင်းတို့က လမ်းလျှောက်ရင်း ဘယ်ဆက်သွားရမလဲ စကားတွေ များနေကြတာဖြစ်သည်။ ထို့ကြောင့် သူတို့ သရဲအိမ်တကယ်သွားကြတာလားဆိုတာ အိမ်တော်ထိန်းကျန်း သေချာ မသိနိုင်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေးနှစ်ယောက်က အတော်လေး သတ္တိရှိတာကိုတော့ ချီးကျူးရပါမည်။ သူတို့နောက်က ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့အတွက်ကတော့ စိတ်မကောင်းစရာပင်။
“အင်း…”။ လုကျန်းယွီ၏ မျက်နှာပေါ်တွင် စိတ်ပျက်အားလျော့မှု အရိပ်အယောင်တချို့ ပေါ်လာခဲ့လေသည်။
… … …
အခန်း(၁,၁၀၇) လုကျန်းယွီ၏ ကြိုးစားမှု (၃)
လုကျန်းယွီ၏ အတွေးကို အိမ်တော်ထိန်းကျန်း နားလည်သဖြင့် အကြံတစ်ခု ပေးလိုက်ပါသည်။ “သရဲအိမ်က စိတ်ဝင်စားစရာ ကောင်းမယ့်ပုံပဲ သခင်လေး။ အတူတူ သွားကြည့်ကြမလား”
“အင်း”။ လုကျန်းယွီ ခေါင်းငြိမ့်လိုက်ပါသည်။
လမ်းတွင် အိမ်တော်ထိန်းကျန်းက ပြုံးလျက် လွမ်းဆွတ်တမ်းတစွာ ပြောလိုက်သည်။ “သရဲအိမ်ဆိုတော့မှ ဟွာချန့်မြို့မှာတုန်းကလည်း သခင်မလေးစူစူနဲ့အတူ သခင်လေး သရဲအိမ်တစ်ခုထဲ ဝင်ခဲ့သေးတယ်။ အဲ့တုန်းက သခင်လေး ဝှီးချဲပေါ်မှာပဲ ရှိသေးတာ။ သခင်မလေးစူစူက သခင်လေးရဲ့ ဝှီးချဲကို တွန်းပေးပြီး သရဲအိမ်ထဲ ခေါ်သွားခဲ့တာလေ”
“ကျွန်တော်မမှတ်မိဘူး”။ လုကျန်းယွီ စိတ်မကောင်းဖြစ်စွာ ပြောလိုက်ပါသည်။
သူဆုံးရှုံးသွားသည့် မှတ်ဉာဏ်တွေက အဖိုးမဖြတ်နိုင်အောင် ရှိလိမ့်မည်။
“ကိစ္စမရှိပါဘူး။ အရင်ကအဖြစ်အပျက်တွေကို မမှတ်မိတော့ဘူးဆိုရင်တောင် အမှတ်တရအသစ်တွေ အမြဲတမ်း ဖန်တီးလို့ ရတာပဲ”။ အိမ်တော်ထိန်းကျန်း အားပေးလိုက်သည်။
ဆုံးရှုံးသွားသည့် မှတ်ဉာဏ်တွေ ပြန်ရမလာရင်တောင် သခင်လေးနဲ့ သခင်မလေးစူစူတို့ သူငယ်ချင်းတွေ ပြန်ဖြစ်သွားကြပြီး အမှတ်တရအသစ်တွေ ဖန်တီးနိုင်လိမ့်မည်ဟု အိမ်တော်ထိန်းကျန်း ယုံကြည်ပါသည်။
“အင်း”
သရဲအိမ်ရှေ့သို့ လုကျန်းယွီ ရောက်လာခဲ့ပါသည်။
ဝန်ထမ်းတစ်ယောက်က လုကျန်းယွီကို နွေးနွေးထွေးထွေးကြိုဆိုလျက် သတိပေးလိုက်ပါသည်။ “သခင်လေး ကျွန်တော်တို့ သရဲအိမ်က အရမ်းကြောက်ဖို့ကောင်းတယ်နော်။ စိတ်ကို ကြိုပြင်ဆင်ထားမှ ဖြစ်မယ်”
ပုံမှန်ဆို ဒီလောက်ငယ်ရွယ်သည့် ကလေးတွေက သရဲအိမ်ထဲဝင်ခွင့်မရှိကြပါ။
သို့သော်လည်း ဒီကစားကွင်း၏ ပိုင်ရှင်က ဟွော်ချန်းယီဖြစ်သဖြင့် သူ့သား သခင်လေးဟွော်အတွက် စည်းမျဉ်းစည်းကမ်းတွေကို ဒီနေ့တစ်ရက် ပြောင်းလဲပေးခဲ့ရပါသည်။
သခင်လေးဟွော်က သရဲအိမ်ထဲ ဝင်ချင်သည်ဟု ခေါင်းမာနေကာ ခြောက်လှန့်မှုကိုလည်း လျှော့ချလိုက်လို့ မရကြောင်း သူတို့ကို သတိပေးထားပါသည်။ ထို့ကြောင့် ဝန်ထမ်းတွေလည်း ဘာမှ မတတ်နိုင်ကြပေ။
သူတို့ရဲ့ ကြောက်စရာ သရဲအိမ်ကြောင့် ကလေးတွေ ငိုယိုကြောက်လန့်မသွားစေဖို့သာ ဆုတောင်းမိတော့သည်။
လုကျန်းယွီ ဘာမှ ပြန်မပြောဘဲ သရဲအိမ်ထဲသို့ ဝင်လာခဲ့ပါသည်။
အိမ်တော်ထိန်းကျန်းလည်း အပြုံးဖြင့် လိုက်ဝင်လာခဲ့သည်။ သို့သော် အထဲသို့ ရောက်တာနဲ့တစ်ပြိုင်နက် စူးစူးဝါးဝါး အော်သံတချို့ကို ကြားလိုက်ရပါသည်။
သေချာ နားထောင်ကြည့်မှ ကလေးတွေရဲ့ အော်သံမဟုတ်ဘဲ ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့ရဲ့ အော်သံ ဖြစ်နေမှန်း သိလိုက်ရပါသည်။
ဒီလူနှစ်ယောက်အတွက် အိမ်တော်ထိန်းကျန်း အတော်လေး ဂရုဏာသက်မိနေပါပြီ။
လုကျန်းယွီက သရဲအိမ်ထဲ လျှင်မြန်စွာ လျှောက်လှမ်းနေခဲ့သည်။ ရုတ်တရက်ပိတ်သွားသည့် တံခါးများ၊ ရွေ့လျားနေသည့် နံရံများက သူ့ကို မတားဆီးနိုင်ခဲ့ပါ။
စူစူလေးနဲ့ ဟွော်ထျင်းတို့ကတော့ မကြောက်ကြသော်လည်း လမ်းပျောက်နေကြသည်။
ဒီသရဲအိမ်ကြီးက ဝင်္ကပါကြီးတစ်ခုလို ဖြစ်သည်။ လော့ခ်ကျနေသည့် တံခါးများရှိနေပြီး သော့တွေကိုပါ ရှာဖွေဖို့ လိုအပ်ပါသည်။
ဒါတွေက စူစူလေးနဲ့ ဟွော်ထျင်းတို့ ကျွမ်းကျင်သည့်နေရာ မဟုတ်ပါ။
“ထျင်းထျင်း ငါတို့ ဘာလုပ်ကြမလဲ”။ စူစူလေး မေးလိုက်သည်။
“ငါလည်း မသိဘူး…”။ ဟွော်ထျင်း ပခုံးတွန့်ကာ ပြောလိုက်သည်။
“သွားပြီ ငါတို့ ထွက်လို့ မရတော့ဘူး”။ စူစူလေး ပြောလိုက်ပါသည်။
“အင်း… သရဲတွေကလည်း အော်နေတယ်…”။ ဟွော်ထျင်း သတ္တိရှိချင်ယောင် ဆောင်ကာ ပြောလိုက်ပါသည်။
အနည်းဆုံးတော့ ဟွော်ထျင်းက အိမ်တော်ထိန်းလျို့နဲ့ ချင်းယန်ကျစ်တို့ထက် သတ္တိရှိပါသည်။ သို့သော် စူစူလေးလို လုံးဝ ကြောက်စိတ်မရှိသည့် အဆင့်ကိုတော့ မမှီသေးပါ။ အထူးသဖြင့် ဒီသရဲအိမ်ကြီးက ဟွာချန့်မြို့ရှိ သရဲအိမ်ထက် အများကြီး ပိုကြောက်ဖို့ကောင်းသည်။ အပြင်အဆင်တွေ၊ နောက်ခံတီးလုံးတွေကလည်း အသက်ဝင်လှသည်။
ထိုစဉ် တံခါးတစ်ခု ရုတ်တရက်ပွင့်သွားသဖြင့် ဟွော်ထျင်း အာခေါင်ခြစ်ကာ အော်ဟစ်လိုက်ပါသည်။ “အား!!!”
“ငါပါ”။ လုကျန်းယွီ တံခါးဝတွင် ရပ်လျက် ပြောလိုက်သည်။
“ဪ မင်းကိုး”။ ဟွော်ထျင်း မကြောက်ရွံ့ချင်ယောင် ဆောင်ကာ ချက်ချင်း ပြောလိုက်ပါသည်။
ဒီကောင့်ရှေ့မှာ အရှက်ကွဲသွားလို့ မဖြစ်ဘူး!
“ငါလမ်းပြပေးမယ်”။ လုကျန်းယွီ ပြောလိုက်သည်။
“မလိုပါဘူး! ငါနဲ့ စူစူလေးတို့ ကိုယ့်ဖာသာကိုယ် လမ်းရှာနိုင်တယ်”။ ဟွော်ထျင်း ငြင်းဆန်လိုက်လေသည်။
စူစူလေးကတောင် သူ့ကို အဖတ်လုပ်ကာ အတူတူမကစားတော့သဖြင့် ဘာမှ အခွင့်အရေးပေးစရာမလိုပါ။
“ဟုတ်တယ်မလား စူစူလေး။ ဒီကောင့်ကို အကူအညီမတောင်းဘဲ ကိုယ့်အားကိုယ် ကိုးကြရအောင်နော်”။ ဟွော်ထျင်းက စူစူလေးကို မေးလိုက်ပါသည်။
… … …
အခန်း(၁,၁၀၈) လုကျန်းယွီ၏ ကြိုးစားမှု (၄)
စူစူလေးကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပြီ။ နင်နဲ့ပဲ အတူတူ လမ်းရှာမယ်”
စူစူလေး လုကျန်းယွီကို မသိချင်ယောင် ဆောင်လိုက်ပါသည်။
ဟွော်ထျင်း အားရပါးရ ရယ်မောလိုက်ပါသည်။ သရဲအိမ်ထဲရှိ မီးများက မှေးမှိန်သဖြင့် လုကျန်းယွီ၏ မျက်နှာကို သေချာ မမြင်ရသော်လည်း အခုချိန် သူစိတ်ရှုပ်နေမှာကိုတော့ ဟွော်ထျင်း ခန့်မှန်းနိုင်ပါသည်။
လုကျန်းယွီ စိတ်ရှုပ်လျှင် သူစိတ်ကျေနပ်သည်။
ဟွော်ထျင်းက စူစူလေး၏ လက်ကို ဆွဲလျက် လုကျန်းယွီ ဖွင့်ပေးထားသည့် တံခါးထဲ ဝင်သွားကာ လုကျန်းယွီကို တစ်ယောက်တည်း ထားခဲ့လိုက်ပါသည်။
လုကျန်းယွီ ခေတ္တတွန့်ဆုတ်ကာ ကျန်ခဲ့ပြီးနောက် သူတို့နောက် လိုက်လာခဲ့ပါသည်။
သူလိုက်လာမှန်း သိသဖြင့် ဟွော်ထျင်း မျက်စပစ်လိုက်သည်။ ထို့နောက် ဘေးမှာအတူတူ လျှောက်နေသည့် စူစူလေးကို လှည့်ကြည့်လိုက်ပြီး လုကျန်းယွီထံ သူမ အာရုံရောက်မသွားပါစေနဲ့ဟု ဆုတောင်းမိပါသည်။
စူစူလေးကလည်း လုကျန်းယွီ လိုက်လာတာကို သတိထားမိပါသည်။ သို့သော် မသိချင်ယောင် ဆောင်နေခြင်းသာ ဖြစ်သည်။
နတ်ယုတ်မာကြီးက သူမကို စမ်းသပ်နေတာဖြစ်နိုင်သည်။ ထို့ကြောင့် သူမ စိတ်ခံစားချက်ကို အလွယ်တကူ ထုတ်ပြလို့ မဖြစ်ပါ။ သူမ သန်မာမှ ဖြစ်မည်။
နတ်ယုတ်မာကြီး မရှိရင်တောင်၊ ကိုကြီး မရှိရင်တောင် သူမ အဆင်ပြေသည်ဆိုတာကို ပြသရမည်။
သူမ အရွယ်ရောက်နေပြီ ဖြစ်ပါသည်။
စူစူလေး ပြန်လှည့်မကြည့်တာကို မြင်ပြီး ဟွော်ထျင်း အောင်ပွဲခံအပြုံး ပြုံးလိုက်ပါသည်။ သို့သော် ထိုအပြုံးက အချိန်ကြာကြာ မခံခဲ့ပါ။
ရှေ့မှာ လမ်းဆုံးတစ်ခုကို ထပ်ရောက်သွားပြီဖြစ်သည်။ တံခါးတစ်ချပ်ရှိနေသော်လည်း ထိုတံခါးကို ဘယ်လိုမှ ဖွင့်လို့ မရပါ။
“ဘာလို့ လမ်းထပ်ပိတ်သွားတာလဲကွာ…”။ ဟွော်ထျင်း ငြီးတွားလိုက်ပါသည်။
ဒီသရဲအိတ်က တော်တော်စုတ်ပဲ့ပါလား
သူ့ကို အမြဲ မျက်နှာပျက်ရအောင် လုပ်နေတာ!
စူစူလေးက ခြေဖျားထောက်လျက် တံခါးလက်ကိုင်ဘုကို လှည့်ကြည့်သော်လည်း ပွင့်မလာပေ။
“မလောပါနဲ့။ ဟိုဘက်ကို သွားကြည့်ရအောင်”။ စူစူလေးက အရှုံးမပေးသေးဘဲ ပြောလိုက်သည်။
“အင်းပါ”။ ဟွော်ထျင်းလည်း ခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် သူတို့နှစ်ယောက် အခန်းထဲ သဲလွန်စ လှည့်ပတ်ရှာဖွေခဲ့ကြသည်။
သို့သော် ဒီအခန်းထဲမှာ တခြားလမ်းမရှိပါ။ သူတို့ လာရာလမ်းအပြင် ထိုတံခါးကြီးတစ်ချပ်တည်းသာ ရှိနေပါသည်။
ဒီမန်နေဂျာ ဘာစိတ်ကူးပေါက်နေတာလဲ။ သရဲအိမ်က ကြောက်ဖို့ကောင်းရင် တော်ပြီ မဟုတ်ဘူးလား။ တံခါးတွေ နံရံတွေအများကြီး ထည့်ပြီး ဘာလို့ ခေါင်းရှုပ်အောင်လုပ်နေတာလဲ။ အိမ်ပြန်ရောက်တာနဲ့ ဒီသရဲအိမ်ကို ဒီဇိုင်းဆွဲခဲ့တဲ့လူကို အလုပ်ဖြုတ်ဖို့ အဖေ့ကို ေ ပြာရမယ်!
ထိုစဉ် လုကျန်းယွီ ရောက်လာပြီး သူတို့နှစ်ယောက်ကို ပြောလိုက်ပါသည်။ “မင်းတို့ သော့တစ်ချောင်း ရှာမှ ရှေ့ဆက်သွားလို့ ရမှာ။ ဒါ Escape Room ပဲ”
“ဒါသရဲအိမ်မဟုတ်ဘူးလား။ ဘယ်က Escape Room လဲ”။ ဟွော်ထျင်း ပြန်ချေပလိုက်ပါသည်။
“သရဲအိမ်ပုံစံ လုပ်ထားတဲ့ Escape Room ပါ။ သရဲအိမ်စစ်စစ်တွေက ဒီခေတ်ကြီးထဲ သိပ်ရေပန်းမစားတော့ဘူး။ အဲ့တာကြောင့် Escape Room စတိုင်တွေနဲ့ ရောစပ်လာကြတယ်”။ လုကျန်းယွီ ရှင်းပြလိုက်သည်။
“ဘာတွေလာပြောနေတာလဲ ငါနားမလည်ဘူး သိလည်း မသိချင်ဘူး။ အဲ့တာတွေကို ကလေးတွေ သိစရာမလိုဘူး”။ ဟွော်ထျင်း တီးတိုးရေရွတ်လိုက်ပါသည်။
သူတို့အသက်အရွယ်ချင်း တူတူလောက်ဖြစ်သော်လည်း လုကျန်းယွီဆိုသည့်ကောင်က အမြဲတမ်း သူ့ထက်ပိုသိ ပိုနားလည်ဖြစ်နေသည်။ ကလေးက ကလေးလို နေသင့်ပါသည်။
“စူစူလေး ငါသော့ကူရှာပေးမယ်”။ လုကျန်းယွီက စူစူလေးကို ပြောလိုက်ပြီး တစ်ခုခုကို မျှော်လင့် စောင့်စားနေမိပါသည်။
စူစူလေးက လုကျန်းယွီကို ၂ စက္ကန့်လောက် ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်လေသည်။ “ရပါတယ် မလိုပါဘူး”
ကိုကြီးကိုပဲ အမြဲတမ်း အားကိုးစရာ မလိုကြောင်း သူမ ပြသရမည်။
“အဲ့တာဆို ဒီကနေ ထွက်လို့မရဘူးလေ”။ လုကျန်းယွီ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ပြောလိုက်ပါသည်။
သူ့မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာနဲ့ပဲ သူတို့က မခေါ်နိုင်မပြောနိုင် ဖြစ်နေကြတာလား။
“ထွက်လို့ရပါတယ်”။ စူစူလေး နှုတ်ခမ်းစူကာ ပြောလိုက်ပါသည်။
“အဲ့တာဆို ဘယ်လိုထွက်မှာလဲ”။ လုကျန်းယွီ မေးလိုက်ပါသည်။
… … …
အခန်း(၁,၁၀၉) သခင်မလေးစူစူကို ၂ ရက်လောက် ဆက်နေခိုင်းဖို့
“အဲ…”
စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး လက်ကို ဆန့်တန်းကာ အားအင်တွေ စုစည်းလျက် တံခါးကြီးကို ဆောင့်တွန်းလိုက်ပါသည်။
ဝုန်း!
အသံကျယ်ကြီးတစ်ခုနဲ့အတူ ရှေ့ကတံခါးချပ်ကြီးလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေတော့သည်။
စူစူလေးက လက်ဖဝါးဖုန်ခါလျက် ဟွော်ထျင်းကို ပြောလိုက်ပါသည်။ “လမ်းတွေ့ပြီ!”
တွေ့လား ရိုးရိုးရှင်းရှင်းလေးပဲ!
ဒီတိုင်း တွန်းလိုက်ရင် ရနေတာကို။ ကိုကြီးကို အကူအညီတောင်းစရာ မလိုဘူး!
ကြမ်းပြင်ပေါ်က တံခါးချပ်ကြီးကို ဟွော်ထျင်း ၂ စက္ကန့်လောက် ကြက်သေသေကာ စိုက်ကြည့်နေပါသည်။
ထို့နောက် သူ အားရပါးရ ရယ်မောလိုက်သည်။ “နင်အရမ်းတော်တာပဲ စူစူလေး! ငါတို့ ဘယ်သူ့ကိုမှ အားကိုးစရာ မလိုဘူး!”
“အွန်း အွန်း! ငါတို့ အရမ်းတော်တယ်”။ စူစူလေး ခေါင်းငြိမ့်လိုက်ပြီး ဟွော်ထျင်း၏ လက်ကိုဆွဲကာ ရှေ့ဆက် လျှောက်သွားခဲ့ပါသည်။
လုကျန်းယွီလည်း နောက်တစ်ဖန် တစ်ယောက်တည်း ကျန်ခဲ့ပြန်သည်။ ခေတ္တစဉ်းစားပြီးနောက် သူတို့နောက်သို့ လိုက်သွားခဲ့ပါသည်။
ထို့နောက် သရဲအိမ်ထဲမှ ဝုန်းဒိုင်းကြဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
သိပ်မကြာလိုက်ဘဲ စူစူလေးနဲ့ ဟွော်ထျင်းတို့ သရဲအိမ်ထဲမှ ထွက်လာနိုင်ခဲ့ကြသည်။
ချိုးစရာရှိသည့် တံခါးတွေကို ရိုက်ချိုးခဲ့သည်။ သူတို့သာ သရဲအိမ်ထဲမှ ထွက်မလာနိုင်သေးလျှင် သရဲအိမ်ကြီး တစ်ခုလုံး ပြိုကျသွားနိုင်ပါသည်။
အပြင်သို့ ပြန်ရောက်လာပြီး နေရောင်ခြည်ကို မြင်လိုက်ရပြီးနောက် စူစူလေး အောင်ပွဲခံလိုက်ပါသည်။ “ငါတို့ လုပ်နိုင်ပါတယ်လို့ ပြောသားပဲ!”
“အွန်း အွန်း! ဟုတ်တယ်!”
လုကျန်းယွီလည်း အပြင်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။ ပြုံးပျော်ရွှင်နေသည့် ကလေးနှစ်ယောက်ကို ကြည့်ရင်း သူအနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။
နောက်ဆုံးတော့ ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့လည်း ဖြူဖပ်ဖြူရော်ဖြစ်ကာ ပြန်ထွက်လာကြသည်။ သူတို့ နှစ်ယောက်ကို အိမ်တော်ထိန်းကျန်းက တွဲခေါ်လာရပါသည်။ အိမ်တော်ထိန်းကျန်းသာ လမ်းမပြပါက သူတို့ သရဲအိမ်ထဲမှာ နေ့တစ်ဝက်လောက် ပိတ်မိနေလောက်သည်။
ထို့နောက် စူစူလေးနဲ့ ဟွော်ထျင်းတို့ ချားရဟတ်၊ တိုက်ကား စသည့် ပျော်ရွှင်စရာတွေကိုသာ ကစားခဲ့ကြပါသည်။
ထိုအခါမှ ချင်းယန်ကျစ်နဲ့ အိမ်တော်ထိန်းလျို့တို့လည်း အသက်ဝဝ ရှူနိုင်ကာ အားအင်တွေ ပြန်လည် ပြည့်ဝ လာခဲ့ကြပါသည်။
တိုက်ကားတွေ၊ ချားရဟတ်တွေ စီးရင်း အိမ်တော်ထိန်းကျန်းက လုကျန်းယွီကို မှတ်မိတာရှိသလားဟု မေးမြန်းခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အရင်တစ်ခေါက်ကလည်း ကစားကွင်းမှာ စူစူလေး၊ ဟွော်ထျင်းနဲ့ လုကျန်းယွီတို့ ဒီလို ကစားနည်းတွေ ကစားခဲ့ကြတာကြောင့် ဖြစ်ပါသည်။
လုကျန်းယွီ ခေါင်းခါလိုက်သည်။ သူဘာမှ မမှတ်မိပါ။ ရင်းနှီးနေသလို ခံစားချက်တစ်ခုကိုသာ ခံစားရပါသည်။
တစ်နေကုန် ကစားပြီးနောက် စူစူလေးနဲ့ ဟွော်ထျင်းတို့ကို လုကျန်းယွီ နှုတ်ဆက်ခဲ့သည်။
စူစူလေးတို့နဲ့ လမ်းခွဲပြီးနောက် လုကျန်းယွီ ကားပေါ်တက်ကာ အိမ်ပြန်လာခဲ့သည်။ လမ်းမှာလည်း လုကျန်းယွီ အတွေးတွေလွန်ကာ ရီဝေနေခဲ့ပါသည်။
အိမ်တော်ထိန်းကျန်းက လုကျန်းယွီ၏ စိတ်ကို သိသဖြင့် အကြံတစ်ခု ပေးလိုက်သည်။ “သခင်မလေးစူစူကို အိမ်မပြန်စေချင်သေးဘူးမလား”
လုကျန်းယွီ ၂ စက္ကန့်လောက် တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်ပါသည်။
“ကျွန်တော် သိချင်နေတဲ့ကိစ္စတွေ ရှိသေးတယ်။ ပြဿနာတွေကို အဖြေမရှိဘဲ မပြီးသွားစေချင်ဘူး”
“လွယ်ပါတယ်။ သခင်မလေးစူစူ ပေကျင်းမှာ ၂ ရက်လောက် ဆက်နေလို့ရအောင် ကျွန်တော် စီစဉ်ပေးလိုက်ပါ့မယ်”။ အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ပြောလိုက်ပါသည်။
သူ့အတွက် တကယ်လည်း မခက်ခဲပါ။ သခင်လေးသာ ဆန္ဒရှိပါက သခင်မလေးစူစူကို ပေကျင်းမှာ ၂ ရက်လောက် ဆက်နေနိုင်အောင်လုပ်ဖို့ နည်းလမ်း တစ်ထောင်လောက် စဉ်းစားနိုင်ပါသည်။
လုကျန်းယွီလည်း ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ရင်း သဘောတူလိုက်ပါသည်။
လုအိမ်တော်သို့ ပြန်ရောက်သောအခါ သခင်ကြီးလုက မြေးဖြစ်သူကို ဧည့်ခန်းထဲမှာ စောင့်ကြိုနေပါသည်။
မြေးဖြစ်သူကို မြင်တာနဲ့တစ်ပြိုင်နက် အခြေအနေကို ချက်ချင်း မေးမြန်းလိုက်ပါသည်။
“ဘယ်လိုလဲ။ ဒီနေ့ ပျော်ခဲ့လား ကျန်းယွီ”
“အင်း”။ လုကျန်းယွီ ခေါင်းညိတ်လိုက်သော်လည်း မျက်နှာပေါ်မှာ ပျော်ရွှင်မှု အရိပ်အယောင် မပေါ်လွင်ပါ။
“ဘယ်လို…”။ မြေးဖြစ်သူ စိတ်အခြေအနေ မကောင်းမှန်း သခင်ကြီးလု ရိပ်မိပါသည်။
အိမ်တော်ထိန်းကျန်းက အပြုံးဖြင့် ဝင်ရှင်းပြလိုက်သည်။ “သူဘာမှ မမှတ်မိနိုင်လို့ နည်းနည်း စိတ်ဓာတ်ကျနေတာပါ”
“မလောပါနဲ့ အဘိုးတို့ ဖြည်းဖြည်းချင်း ကြိုးစားကြတာပေါ့။ အခုမှ တစ်ရက်ပဲ ရှိသေးတယ်။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်”
သခင်ကြီးလုက အမြန်နှစ်သိမ့်ပေးလိုက်ပါသည်။ သခင်ကြီးလု စကားပြောနေစဉ် လုအိမ်တော်သို့ ဆရာယဲ့ရောက်လာကြောင်း အိမ်စေတစ်ဦးက လာအကြောင်းကြားလေသည်။
ဆရာယဲ့ဆိုသည်မှာ ပေကျင်းမြို့ရှိ နာမည်အကြီးဆုံး ဗေဒင်ဆရာဖြစ်ပါသည်။ တွေ့ဆုံဖို့ အလွန်ခက်ခဲသူလည်း ဖြစ်သည်။
ဒီလိုလူမျိုးက သူတို့အိမ်ကို ဘာကြောင့် ရောက်လာခဲ့တာလဲ။
… … …
အခန်း(၁,၁၁၀) ဆရာယဲ့
“ဆရာယဲ့ကို ဝင်ခွင့်ပြုလိုက်ပါ”
သခင်ကြီးလုက အိမ်စေတွေကို အမိန့်ပေးလိုက်ပါသည်။ ထို့နောက် လုကျန်းယွီကို အပေါ်ထပ်သို့ လိုက်ပို့ပေးဖို့လည်း အိမ်တော်ထိန်းကျန်းအား ပြောလိုက်သည်။
“ကျွန်တော် သူနဲ့ တွေ့ချင်တယ်”
လုကျန်းယွီ အပေါ်ထပ်မသွားချင်သေးဘဲ နာမည်ကျော် ဆရာယဲ့နဲ့ တွေ့ချင်ပါသေးသည်။
“ကျန်းယွီ၊ ဆရာယဲ့ကို မင်းမေးချင်တာ ရှိလို့လား”။ သခင်ကြီးလု အမြန်မေးလိုက်ပါသည်။
“ကျွန်တော် ကိုမာဝင်သွားတုန်းက နာမည်ကျော် နတ်ဆေးသမားတော်ကြီး ဆရာကြီးရှုယီတောင် မကူညီပေးနိုင်ခဲ့ဘူးဆို။ ဒါပေမယ့် ဒီဆရာယဲ့ကြောင့် ကျွန်တော် ပြန်သတိရလာခဲ့တာ မဟုတ်လား”
“အဲ့တာတော့ ဟုတ်ပါတယ်။ အားလုံး ဆရာယဲ့ရဲ့ ကျေးဇူးတွေပဲ”
“အဲ့တာဆို ကျွန်တော်ကိုယ်တိုင် ကျေးဇူးတင်သင့်တာပေါ့”။ လုကျန်းယွီ ပြောလိုက်သည်။
“မှန်ပါတယ်။ သူ့ကို တကယ် ကျေးဇူးတင်သင့်တယ်”
ဆရာယဲ့က ထူးခြားသည့် ပုဂ္ဂိုလ်ဖြစ်သည်။ မြေးဖြစ်သူကို သတိပြန်လည်လာအောင် လုပ်ပေးပြီးနောက် တစ်စက္ကန့်ပင် ဆက်မနေခဲ့ပါ။ မြေးအဘိုးနှစ်ယောက် ကျေးဇူးမတင်နိုင်ခင် သူထွက်သွားခဲ့သည်။
သခင်ကြီးလုနဲ့ လုကျန်းယွီတို့ ဧည့်ခန်းထဲမှာ စောင့်နေခဲ့ကြပါသည်။ သိပ်မကြာလိုက်ဘဲ ဆရာယဲ့ ဝင်လာခဲ့သည်။
ဆရာယဲ့ကို အပြင်မှာ လုကျန်းယွီ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်သည်။
ထိုလူက အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး ပိန်ပိန်ရှည်ရှည် ခန္ဓာကိုယ်ရှိကာ ရုပ်ရည် သင့်တင့်ပါသည်။ အသက် ၂၀ ဝန်းကျင်သာ ရှိမည်ဟုထင်ရပြီး လုကျန်းယွီ ခန့်မှန်းထားတာထက် အများကြီး ပိုငယ်ရွယ်ပါသည်။
သခင်ကြီးလု၏ နွေးထွေးစွာကြိုဆိုမှုကို လက်ခံရင်း ဆရာယဲ့ ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်ပါသည်။ ထို့နောက် သူ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် လုကျန်းယွီအား လှမ်းကြည့်လိုက်သည်။
“သခင်လေးလုက ကျွန်တော့် အသက်အရွယ်ကို မယုံသင်္ကာဖြစ်နေတယ်ထင်တယ်”
ဆရာယဲ့က အပြုံးချိုချိုပြုံးလိုက်ပြီး သူ့မျက်လုံးတွေကလည်း လူတိုင်းရဲ့ အတွေးကို ဖောက်မြင်နေသကဲ့သို့ ဖြစ်သည်။
“ကျွန်တော်ထင်ထားတာထက် ငယ်နေလို့ပါ” လုကျန်းယွီ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါသည်။
“ဒီတိုင်း ငယ်နေတာကော မဖြစ်နိုင်ဘူးလား”
“ခင်ဗျားမှာ တစ်သက်တာ နုပျိုစေတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတယ်လို့ လူတွေက ပြောကြတယ်။ ခင်ဗျားကို မသေမျိုး သွေးနှောလို့တောင် တချို့က ခေါ်ကြတယ်”
“ကျွန်တော့်ကိုယ်ကျွန်တော် မသေမျိုးသွေးနှောလို့ တစ်ခါမှ မပြောဖူးပါဘူး။ ကျွန်တော်က ဒီအတိုင်း လှည့်စားမှု ပရိယာယ်အတတ်ပညာကို ကျွမ်းကျင်ရုံပါ”
ဆရာယဲ့က အပြုံးမပျက်ပါ။ လုကျန်းယွီ၏ သံသယကို ဒေါသမထွက်သည့်အပြင် စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေပါသည်။
“ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ ဆရာယဲ့။ ကျန်းယွီလေးက ဒီလိုပဲ သံသယများတတ်လို့ပါ”။ သခင်ကြီးလုက တလေးတစား ဝင်ပြောလိုက်ပါသည်။
သခင်ကြီးလု တလေးတစား ပြောဆိုရသူဆိုတာ နည်းပါးသည်။ ဆရာကြီးရှုယီ၊ အဘိုးချင်းတို့လင်မယားနဲ့ အခု သူ့ရှေ့မှာ ထိုင်နေသည့် ဆရာယဲ့တို့သာ ရှိပါသည်။
“စိတ်မရှိပါဘူး။ သူဘယ်လိုပဲပြောပြော ပြောခွင့်ရှိပါတယ်”
သခင်ကြီးလုက ဆရာယဲ့ကို ဆက်မေးလိုက်ပါသည်။ “ဆရာယဲ့ ဒီနေ့ ဘာကိစ္စရှိလို့ ကြွလာခဲ့တာလဲ”
“သခင်လေးလုရဲ့ မေးခွန်းတွေကို ဖြေပေးဖို့ လာခဲ့တာပါ”။ ဆရာယဲ့၏ အကြည့်က လုကျန်းယွီထံ ပြန်ရောက်သွားခဲ့ပါသည်။ “အခုတောင် သခင်လေးလုမှာ ကျွန်တော့်ကို မေးချင်နေတဲ့ မေးခွန်းတွေ ရှိတာ သေချာတယ်”
လုကျန်းယွီ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဆရာယဲ့ ရောက်ရှိလာကြောင်း အိမ်စေ လာပြောတုန်းက တကယ်ပဲ လုကျန်းယွီ၏ အာရုံထဲ မေးခွန်းများစွာ ပေါ်လာခဲ့ပါသည်။ မေးခွန်းအများစုကလည်း ဒီလူနဲ့ သက်ဆိုင်နေသည်။
သို့သော် ထိုအတွေးတွေကို သူ့အဘိုးနဲ့ အိမ်တော်ထိန်းကျန်းအပါအဝင် ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ပါ။
လုကျန်းယွီက အံ့အားသင့်သွားသည့်ပုံစံ လုပ်မပြဘဲ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်လေသည်။ “ကျွန်တော့်မှာ မေးခွန်းတွေ ရှိနေတယ်လို့ ဘာလို့ ထင်ရတာလဲ’
“နတ်ဆေးသမားတော်ကြီးရှုယီတောင် မကယ်တင်နိုင်ခဲ့တဲ့ သခင်လေးလုကို ကျွန်တော့်လို သာမန် ဗေဒင်ဆရာ တစ်ယောက်က ဘာလို့ ကယ်တင်နိုင်ခဲ့တာလဲ။ သခင်လေးလု သတိပြန်လည်လာပြီးနောက်ပိုင်း ဟွာချန့်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း ဘာလို့ မေ့လျော့သွားခဲ့တာလဲ စတဲ့မေးခွန်းတွေပေါ့”။
ဆရာယဲ့က ယုံကြည်ချက် အပြည့်ဖြင့် ပြန်ပြောလိုက်ပါသည်။
… … …