အခန်း (၁၁၁၁-၁၁၁၅)
Vol. 45 Ch. 1111-1115
အခန်း(၁,၁၁၁) ဆရာယဲ့ရဲ့ အဖြေများ
သူ့စကားလုံးတွေက တကယ်ပဲ လုကျန်းယွီ သိချင်နေသည့် မေးခွန်းတွေပဲ ဖြစ်သည်။
ဒီလူက အနာဂတ်ကို ကြိုမြင်နိုင်စွမ်း၊ လူတွေရဲ့ အာရုံကို ဖတ်နိုင်စွမ်း တကယ်ရှိလောက်သည်။
“အဲ့တာဆို အဲ့ဒီမေးခွန်း နှစ်ခုအတွက် အဖြေက ဘာလဲ”။ လုကျန်းယွီ မေးလိုက်ပါသည်။
“ပထမမေးခွန်းအတွက် အဖြေက သခင်လေးလုကို ကုသပေးနိုင်တဲ့ဆေး ကျွန်တော့်လက်ထဲမှာ ရှိနေခဲ့တာကြောင့် သတိပြန်လည်လာအောင် လုပ်ပေးနိုင်ခဲ့တာ။ ဒုတိယမေးခွန်းအတွက် အဖြေကတော့ အချိန်မတန်သေးလို့ပါ။ လိုအပ်တဲ့ အခြေအနေရပ်တစ်ခု ပျောက်ဆုံးနေတုန်းပဲ”
မေးခွန်း ၂ ခုစလုံးကို ဆရာယဲ့ ဖြေလိုက်သော်လည်း ဘာအဖြေမှ မရလိုက်သလို ခံစားရပါသည်။
“ပထမမေးခွန်းကို ခဏလောက် ဘေးဖယ်ထားလိုက်ပါ။ ကျွန်တော့်ကို ကုသပေးနိုင်တဲ့ ဆေးတစ်မျိုး ခင်ဗျားမှာ တိုက်တိုက်ဆိုင်ဆိုင်ရှိနေတယ်ပဲ ထားပါတော့။ ဒါပေမယ့် အချိန်မတန်သေးလို့ပါ ဆိုတဲ့ ဒုတိယမေးခွန်းအတွက် အဖြေက သိပ်ပြီး ယုံကြည်ချင်စရာ မကောင်းဘူး။ အခြေအနေတစ်ခုခုနဲ့ မကိုက်ညီသေးလို့ မှတ်ဉာဏ်တွေ ပြန်ပေါ်မလာသေးတာ ဆိုတဲ့အဖြေကလည်း သိပ်ပြီး အဓိပ္ပာယ်မရှိဘူး”
“တချို့ကိစ္စတွေက ဒီလိုပဲ ဆန်းကြယ်နေတာကော မဖြစ်နိုင်ဘူးလား သခင်လေးလု။ လောကကြီးက ဧရာမ ပဟေဠိ ကစားနည်းတစ်ခုလိုပဲ။ အစိတ်အပိုင်းတစ်ခုတစ်လေ ပျောက်ဆုံးနေရင်တောင် အောင်မြင်အောင် ကစားနိုင်မှာ မဟုတ်သေးဘူး။ သခင်လေးလုအတွက်လည်း အရေးပါတဲ့ ပဟေဠိ အစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေသေးတာနေမှာပါ”
လုကျန်းယွီ၏ မျက်လုံးများ မှောင်မိုက်သွားပါသည်။ “အဲ့တာဆို ကျွန်တော်လိုအပ်တဲ့ ပဟေဠိ အစိတ်အပိုင်းက ဘာများလဲ ဆရာယဲ့”
“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေဆိုတာ ထုတ်မပြောကောင်းဘူး”
ဆရာယဲ့က နောက်တစ်ဖန် ရူးချင်ယောင် ဆောင်သွားပြန်သည်။
“ဘာပဲဖြစ်ဖြစ် ကျန်းယွီလေးကို တွေ့ဖို့အတွက် ဒီအထိ ကြွလာပေးတာ ဆရာယဲ့ကို ကျေးဇူးအများကြီး တင်ပါတယ်”။ သခင်ကြီးလုက ပြောလိုက်ပါသည်။
“ကိစ္စမရှိပါဘူး ကျွန်တော့်တာဝန်ပဲလေ”။ ထို့နောက် ဆရာယဲ့ မတ်တပ်ထရပ်လိုက်သည်။ “ကျွန်တော့် တာဝန် အောင်မြင်သွားပြီမို့လို့ ပြန်လိုက်ပါဦးမယ်”
“ဆရာယဲ့ ပြန်တော့မလို့လား။ ညစာလေးဘာလေး စားသွားပါဦးလား”
“နေပါစေတော့”။ ဆရာယဲ့ ငြင်းလိုက်ပြီး လှည့်ထွက်သွားခဲ့ပါသည်။
လုကျန်းယွီကို မရေရာတဲ့ အဖြေ နှစ်ခုပေးဖို့အတွက် ဒီအထိ ရောက်လာခဲ့တာလား။
ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် ဆရာယဲ့ ရုတ်တရက် ရပ်တန့်သွားပြီး သခင်ကြီးလုကို လှည့်ပြောလိုက်ပါသည်။ “စကားမစပ် သခင်ကြီးလု… ခုတလော ယွဲ့ယွမ်အုပ်စု မတည်မငြိမ်ဖြစ်နေတာကို အာရုံရမိတယ်”။
“ရာထူးအပြောင်းအလဲတချို့တော့ ရှိတယ်။ ဒါပေမယ့် အရမ်းကြီး အရေးမကြီးပါဘူး”။ သခင်ကြီးလုက ဝမ်ဝေ့မင်ကို အလုပ်ဖြုတ်ဖို့ စီစဉ်ထားတာဖြစ်သည်။ သို့သော် အရေးကြီးကိစ္စ မဟုတ်ပါ။
“ယွဲ့ယွမ်အုပ်စုရဲ့ သင်္ကေတဖြစ်တဲ့ ဝေလငါးသဏ္ဌာန် လာဘ်ကောင်က အတော်လေး အဆင်ပြေတယ်။ သခင်ကြီးလု အားနေတယ်ဆိုရင် ယွဲ့ယွမ်အုပ်စုရဲ့ အရှေ့တောင်ဘက်ခြမ်းမှာ အဲ့ဒီ လာဘ်ကောင်အရုပ်တစ်ခုလောက် ထောင်ထားလိုက်ရင် ကံဆိုးမှုတွေကို တွန်းလှန်နိုင်မှာပါ”
ထိုသို့ပြောပြီးနောက် ဆရာယဲ့ တကယ် ပြန်သွားခဲ့ပါသည်။
တခြားသူတွေ ကံဆိုးမှုကို တွန်းလှန်ချင်လျှင် အဆောင်ပစ္စည်းများ ဆောင်ထားပြီး သစ်ပင်ပန်းပင်များ စိုက်ပျိုးဖို့သာ ပထမဆုံး တွေးလေ့ ရှိသည်။ သို့သော်လည်း ဆရာယဲ့ကတော့ သခင်ကြီးလုကို ယွဲ့ယွမ်အုပ်စု၏ ဝေလငါးလာဘ်ကောင် အရုပ်ကို ဆောင်ထားဖို့သာ ပြောခဲ့ပါသည်။
ယွဲ့ယွမ်အုပ်စု၏ ဒီဇိုင်နာများကတော့ သူတို့ ဖန်တီးထားသည့် လာဘ်ကောင်အရုပ် ဒီလောက်ထိ အာနိသင်ရှိလိမ့်မည်ဟု ထင်ထားမှာ မဟုတ်ပါ။
သခင်ကြီးလု ခေတ္တ စဉ်းစားလိုက်ပြီး လက်ထောက်ဖြစ်သူကို ဖုန်းဆက်ကာ ဆရာယဲ့ မှာကြားသည့်အတိုင်း လုပ်ဖို့ ညွှန်ကြားလိုက်ပါသည်။
ဆရာယဲ့၏ စကားများက ထူးဆန်းသော်လည်း သူ့ကို သခင်ကြီးလု ယုံကြည်သဖြင့် ခိုင်းသည့်အတိုင်း လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။
ထို့အပြင် ကုမ္ပဏီရှေ့မှာ လာဘ်ကောင်အရုပ်တစ်ရုပ်လောက် ထပ်ထောင်ရတာ ဘာမှ မပင်ပန်းပါ။ အသုံးမဝင်ဘူးဆိုရင်တောင် အရှုံးမရှိနိုင်ပေ။
--- --- ---
တစ်ဖက်တွင် နောက်တစ်နေ့မနက် စူစူလေးကို ဟွာချန့်မြို့သို ပြန်ပို့ဖို့ ဆုံးဖြတ်ထားကြသည့် ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ လင်မယားလည်း အဘိုးချင်းတို့က စူစူလေးကို ပေကျင်းမြို့မှာ ၂ ရက် ဆက်နေခွင့် ပြုသည့်အကြောင်း ကြားခဲ့ကြပါသည်။
ထို့နောက် ချင်းယွင်ကျစ်က ချင်းယန်ကျစ်ကို ဆက်သွယ်လာခဲ့သည်။ မနက်ဖြန် မနက်စောစော လုမိသားစုနဲ့ လုပ်ငန်းကိစ္စ ဆွေးနွေးဖို့အတွက် ယွဲ့ယွမ်ကုမ္ပဏီကို သွားရောက်ရမည်ဖြစ်ကြောင်းနဲ့ စူစူလေးကိုပါ တစ်ပါတည်း ခေါ်သွားဖို့ ပြောခဲ့ခြင်း ဖြစ်ပါသည်။
… … …
အခန်း(၁,၁၁၂) ယွဲ့ယွမ်သို့ နောက်တစ်ခေါက်
ဒီကိစ္စက လုမိသားစု၏ အကြံအစည်ဖြစ်မည်ဟု ချင်းယန်ကျစ်နဲ့ ရှောင်းပေပေတို့ ချက်ချင်း ရိပ်မိကြပါသည်။
ထို့နောက် နောက်ထပ် ၂ ရက်လောက် ပေကျင်းမြို့မှာ ဆက်နေရမည် ဖြစ်ကြောင်း စူစူလေးကို ချင်းယန်ကျစ် ပြောပြလိုက်ပါသည်။ သူမ ဖေဖေနဲ့ မေမေက ခွင့်ပြုထားမှန်း သိသဖြင့် စူစူလေး ကန့်ကွက်စရာ မရှိပါ။ ဖေဖေနဲ့ မေမေတို့ စိတ်မပူလျှင် သူမ ဘယ်နှရက်ပဲ ဆက်နေရနေရ ကိစ္စမရှိပေ။
ထို့ကြောင့် နောက်တစ်နေ့ မနက်မိုးလင်းသောအခါ စူစူလေးနဲ့ ချင်းယန်ကျစ်တို့ ယွဲ့ယွမ်ကုမ္ပဏီထံ ထပ်မံ ရောက်လာခဲ့ကြပါသည်။
ဒီတစ်ခါတော့ ဘာ QR code မှ ပြစရာမလိုတော့ပါ။ ဝင်ပေါက်ကို ရောက်တာနဲ့ တစ်ပြိုင်နက် လုံခြုံရေး အစောင့်များက နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါသည်။ ကုမ္ပဏီထံ လမ်းပြပေးသည့် လူကလည်း မနေ့ကလို လုံခြုံရေးဦးလေးကြီး မဟုတ်တော့ဘဲ ယင်ကျစ်ကျဲ ကိုယ်တိုင် ဖြစ်သွားပါသည်။
“မစ္စတာချင်းတို့ကို လာကြိုပေးဖို့ ဥက္ကဌကြီးက ကျွန်တော့်ကို မှာထားလို့ပါ”။ ယင်ကျစ်ကျဲက ဝမ်းသာစွာ ပြောလိုက်ပါသည်။ သူစိတ်အတော် ရွှင်နေပုံ ရပါသည်။
“ကျွန်တော်တို့ ဒုက္ခပေးမိပြီထင်တယ်”။ ချင်းယန်ကျစ် အားနာစွာ ပြောလိုက်ပါသည်။
“ဘာဒုက္ခမှ မရှိပါဘူးဗျာ”။ ချင်းမိသားစုက ယင်ကျစ်ကျဲအတွက် ဒုက္ခပေးသူတွေ မဟုတ်ပါ။ ကျေးဇူးတင်တွေဟုတောင် ခေါ်ထိုက်ပါသည်။ မနေ့က အဖြစ်အပျက်များကြောင့် ဝမ်ဝေ့မင် ရာထူးမှ အထုတ်ခံလိုက်ရပြီး အသစ်ရွေးချယ်မည့် လူတွေထဲ ယင်ကျစ်ကျဲ၏ အမည်က ထိပ်ဆုံးမှ ပါဝင်နေပါသည်။
ချင်းယန်ကျစ်က ယွဲ့ယွမ်အုပ်စုနဲ့ မသက်ဆိုင်သော်လည်း ယင်ကျစ်ကျဲ စိတ်ရွှင်နေရခြင်း အကြောင်းအရင်းကို ခန့်မှန်းနိုင်ပါသည်။ ယဉ်ကျေးမှုအရ ဘာမှ ဆက်မမေးတော့ဘဲ စူစူလေးကိုသာ ဂရုစိုက်နေလိုက်ပါသည်။ သူ့ညီမလေးကို ကောင်းကောင်း ဂရုစိုက်ဖို့က အရေးကြီးဆုံးဖြစ်သည်။
“အစ်ကိုလတ် ဟိုမှာကြည့်! ဧရာမ ဝေလငါးကြီး!”။ စူစူလေးက လက်ညှိုးထိုးကာ ပြောလိုက်ပါသည်။
စူစူလေး လက်ညှိုးထိုးပြသည့် နေရာကို ကြည့်လိုက်သောအခါ ဧရာမဝေလငါး လေသွင်းအရုပ်ကြီးကို မြင်လိုက်ရပါသည်။
“အကြီးကြီးပါလား! မနေ့ကတောင် ဒီမှာ မရှိသေးဘူးနော်”။ ချင်းယန်ကျစ်၏ အံ့အားသင့်မှုကလည်း စူစူလေးနဲ့ ထပ်တူကျပါသည်။
ယင်ကျစ်ကျဲက ရှင်းပြလိုက်လေသည်။ “ဟုတ်ပါတယ်။ မနေ့ညကမှ ဥက္ကဌကြီး စီစဉ်လိုက်တာလေ။ ဒီအပြာရောင် ဝေလငါးကြီးက ယွဲ့ယွမ်ရဲ့ ကိုယ်စားပြု လာဘ်ကောင်ပဲ။ ကုမ္ပဏီဝန်းရဲ့ အရှေ့တောင်ဘက်မှာ လေသွင်းရုပ်တစ်ရုပ် ထောင်ထားရမယ်လို့ ပြောလို့ ညတွင်းချင်း ဒီလို စီစဉ်လိုက်ရတာ”။
သခင်ကြီးလုလို သဘာဝလွန်ကိစ္စတွေကို ယုံကြည်မှုမရှိဘဲ သိပ္ပံပညာကိုသာ အားထားတတ်သည့် ပုဂ္ဂိုလ်တစ်ယောက်က ဘာကြောင့် ဒီလို အယူသီးသွားတာလဲ ယင်ကျစ်ကျဲ နားမလည်ပါ။ ဧကန္တ အသက်ကြီးလာတာကြောင့် အယူအဆတွေ ပြောင်းလဲသွားတာ ဖြစ်နိုင်ပါသည်။
ထို့နောက် လေသွင်းဝေလငါးအရုပ်ကြီးဘေးရှိ အဆောက်အဦးကို ယင်ကျစ်ကျဲ ညွှန်ပြာလိုက်ပါသည်။ “ရောက်တော့မယ်။ အဲ့ဒီအဆောက်အဦးထဲမှာ ဥက္ကဌကြီးရဲ့ ရုံးခန်းရှိတယ်လေ”
ယင်ကျစ်ကျဲ၏ ဦးဆောင်မှုဖြင့် စူစူလေး၊ ချင်းယန်ကျစ်နဲ့ ဟဲပေမူတို့ ဓာတ်လှေကားပေါ် တက်လိုက်ကြပြီး ထိပ်ဆုံးအထပ်ရှိ ဥက္ကဌကြီး ရုံးခန်းသို့ ရောက်ရှိလာကြပါသည်။
ရုံးခန်းထဲတွင် သခင်ကြီးလု ရောက်နေပြီးသား ဖြစ်သည်။ ပုံမှန်ဆို ယွဲ့ယွမ်သို့ သခင်ကြီးလု လာလေ့ မရှိပါ။ ထို့ကြောင့် ဒီလို အခြေအနေမျိုးက အတော်လေး ထူးခြားပါသည်။ ရုံးခန်းထဲရှိ ဆိုဖာပေါ်မှာ ကလေးမုန့်တွေအများကြီးကို ကျကျနန စီရီထားလေသည်။ အရုပ်တွေကော၊ ရုပ်ပြစာအုပ်တွေကော အများကြီး ရှိနေပါသည်။
ချင်းမိသားစုနဲ့ လုပ်ငန်းကိစ္စဆွေးနွေးဖို့ဆိုတာ ဆင်ခြေသက်သက်ဖြစ်ကာ စူစူလေးက အဓိကဖြစ်မည်ဟု ချင်းယန်ကျစ် ခန့်မှန်းထားပြီးသား ဖြစ်သည်။ သို့သော် ရုံးခန်းထဲက မုန့်တွေ အရုပ်တွေ စာအုပ်တွေကို မြင်သောအခါ ခချင်းယန်ကျစ် သက်ပြင်းချမိပါသေးသည်။ သခင်ကြီးလုက အတော်လေး ဟန်မဆောင်နိုင်သူဖြစ်သည်။
“စူစူလေး ရောက်လာပြီလား”။ သခင်ကြီးလုက နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါသည်။
“အွန်း ဘိုးဘိုးလု”။ စူစူလေး တည်ငြိမ်စွာ ပြန်ပြောလိုက်ပါသည်။ သခင်ကြီးလု၏ နွေးထွေးမှုနဲ့ ယှဉ်လိုက်ပါက သူမကို အေးစက်သည်ဟုပင် ခေါ်ဆိုနိုင်သည်။
“စူစူလေး မြန်မြန်လာထိုင်ပါဦး။ မနက်စာကော စားပြီးပြီလား။ ဗိုက်ဆာနေမှာပေါ့။ စူစူလေး ဘာစားချင်လဲ။ နွားနို့ပူပူ သောက်မလား”
သခင်ကြီးလုက ချင်းယန်ကျစ်ကို လုံးဝ မေ့လျော့နေခဲ့ပြီး စူစူလေးကိုသာ ဧည့်ခံနေလေသည်။
… … …
အခန်း(၁,၁၁၃) စူစူလေးနဲ့ လုကျန်းယွီတို့ အတူကစားဖို့ လှည့်စားခြင်း
သခင်ကြီးလု၏ တက်ကြွနေသော အပြုအမူများကြောင့် ယင်ကျစ်ကျဲ အံ့အားသင့်မှင်သက်သွားခဲ့သည်။ ဥက္ကဌကြီးလု ဒီလောက်ထိ သွက်လက်နေတာကို သူတစ်ခါမှ မမြင်ဖူးခဲ့ပါ။ ဥက္ကဌကြီးလုကိုယ်ထဲ တခြားဝိညာဉ်တစ်ခုခုများ ပူးကပ်နေသလားဟု ထင်ရသည်။
“ရပါတယ်။ သမီးအစ်ကိုလတ်နဲ့အတူ အဖော်လိုက်လာခဲ့တာ။ သမီးတာဝန်က အစ်ကိုလတ်ကို ကာကွယ်ပေးဖို့လေ။ ကစားဖို့ မဟုတ်ဘူး”။ စူစူလေး ငြင်းဆန်လိုက်လေသည်။
သူမမှာလည်း စံနှုန်းတွေရှိပါသည်။ အမြဲတမ်း စားဖို့သောက်ဖို့၊ ကစားဖို့ပဲ စဉ်းစားနေလို့ မဖြစ်ပါ။ အရေးကြီးသည့် အလုပ်လုပ်စရာရှိလျှင် သေချာ အာရုံစိုက် လုပ်ဆောင်ရပါမည်။
“ဘာမှ မဖြစ်ပါဘူး။ ဟိုမှာ အိမ်တော်ထိန်းကျန်းလည်း ရှိနေတယ်လေ။ သူရှိနေတော့ ဘေးကင်းတယ်လို့ မထင်ဘူးလား”။ သခင်ကြီးလုက စူစူလေးကို ချော့ပြောလိုက်လေသည်။
“ဪ…”
အာ့ဆိုလည်း အဆင်ပြေပါတယ်။ မုန့်နည်းနည်းလောက် စားလိုက်လည်း ကိစ္စမရှိလောက်ပါဘူး။
သခင်ကြီးလုက ဆက်ပြောလိုက်သည်။ “ဘိုးဘိုးလုက စူစူလေးရဲ့ အစ်ကိုလတ်နဲ့ အောက်ထပ်မှာ အလုပ်ကိစ္စ သွားဆွေးနွေးလိုက်ဦးမယ်နော်။ ဒီမှာ တစ်ယောက်တည်းနေခဲ့ရင် စူစူလေး ပျင်းမှာလား”
“မပျင်းပါဘူး။ ကာတွန်းကား ဖွင့်ပြခဲ့ပေါ့”။ စူစူလေး ပြန်ဖြေလိုက်သည်။
“အဲ… ကာတွန်းကားက… ကိစ္စမရှိပါဘူး။ ဒါပေမယ့် ကာတွန်းကားကြည့်ချင်တာအပြင် တခြား ဘာလုပ်ချင်သေးလဲ။ ဟိုမှာကြည့်။ အိမ်ဆောက်အတုံးလေးတွေနဲ့ ကစားလို့လည်းရတယ်။ ကလေးတွေ သဘောကျတဲ့ ရွှံ့စေးအရုပ်လေးတွေ လုပ်လို့လည်း ရတယ်။ အရင်တုန်းကဆို စူစူလေး ရွှံ့စေးအရုပ်လေးတွေ လုပ်ရတာ ကြိုက်တယ် မဟုတ်ဘူးလား။ SpongeBob ပုံစံလေး ပေါ်လာအောင် လုပ်လိုက်ပေါ့”
“သမီးလုပ်ရင် မလှဘူး”
ရွှံ့စေးတွေကို မြင်ရတော့ အရင်တုန်းက လုကျန်းယွီ သူမအတွက် လုပ်ပေးခဲ့ဖူးသည့် ကာတွန်းရုပ်လေးတွေကို စူစူလေး ပြန်သတိရမိပါသည်။ ထိုအရုပ်လေးတွေက အလွန်လှပလွန်းပါသည်။
သို့သော် ကိုကြီးက သူမအတွက် ထပ်ပြီး လုပ်ပေးတော့မှာ မဟုတ်ပါ။
“အဲ့တာဆို စူစူလေးရဲ့ ကိုကြီးနဲ့အတူတူ ကစားမလား။ သူလည်း ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင် ကုမ္ပဏီမှာ ရှိနေတယ်။ စူစူလေးနဲ့ ရွှံ့ရုပ်လေးတွေ အတူတူလုပ်ဖို့ ခေါ်လိုက်ရမလား”။ သခင်ကြီးလု ကမ်းလှမ်းလိုက်ပါသည်။
‘တိုက်တိုက်ဆိုင်ဆိုင်’ဟုတ်လား
သခင်ကြီးလုက တော်တော် ပုံပြောကောင်းတာပဲ!
သူ့မြေး ဒီကုမ္ပဏီမှာ တိုက်တိုက်ဆိုင်ဆိုင်ရှိနေတယ်ဆိုတာ အရူးပဲ ယုံလိမ့်မယ်!
သူ့ညီမလေးကို သခင်ကြီးလု လှည့်စားဖို့ ကြိုးစားနေမှန်း ချင်းယန်ကျစ် သိပါသည်။ သို့သော် ဘာမှ ဝင်မပြောခဲ့ပါ။ ဘာပဲဖြစ်ဖြစ် စူစူလေးကို ဒီမှာခေါ်ထားပြီး ကလေးနှစ်ယောက် အချိန်တူတူ ဖြုန်းနိုင်ဖို့ လုမိသားစုက အစွမ်းကုန် ကြိုးစားခဲ့ရတာဖြစ်သည်။ အားလုံးက လုကျန်းယွီကို မှတ်ဉာဏ်တွေ ပြန်ရလာစေဖို့အတွက်သာ ဖြစ်ပါသည်။ ချင်းယန်ကျစ်လည်း ဒီရည်ရွယ်ချက်ကို ထောက်ခံသည်။
စူစူလေး လက်ခံချင်သော်လည်း ချက်ချင်း တွန့်ဆုတ်သွားခဲ့ပါသည်။
မဖြစ်ဘူး… နတ်ယုတ်မာကြီးက မမှတ်မိစေချင်လို့ ကိုကြီး မမှတ်မိသေးတာ ဖြစ်မယ်။
နတ်ယုတ်မာကြီးက သူမကို စမ်းသပ်နေတာ! ကိုကြီးကို အားကိုးစရာ မလိုတော့မှန်း သေချာအောင် စမ်းသပ်နေတာ!
အတူတူကစားဖို့ ခေါင်းညိတ်လိုက်ပါက သူမ မရင့်ကျက်သေးဘူးဟု နတ်ယုတ်မာကြီး ထင်သွားလိမ့်မည်။ ထို့အပြင် သူမက အရွယ်ရောက်နေပြီ ဖြစ်သဖြင့် ရွှံ့စေးနဲ့ ကစားဖို့ မသင့်တော့ပါ။
“ရပါတယ်။ ကာတွန်းကားပဲ ကြည့်တော့မယ်”။ စူစူလေး ပြန်ဖြေလိုက်ပြီး ဆိုဖာပေါ်မှာ ပြန်ထိုင်လိုက်ပါသည်။
“အဲ…”။ သခင်ကြီးလု ဆွံ့အသွားပြီး ဘေးမှာ ရပ်နေသည့် အိမ်တော်ထိန်းကျန်းအား အချက်ပြလိုက်ပါသည်။
ထိုအခါ အိမ်တော်ထိန်းကျန်းက အိတ်ထဲအသင့်ဆောင်ထားသည့် SpongeBob ရွှံ့ရုပ်လေးကို ထုတ်ပြလိုက်လေသည်။
“ဟာ!”။ စူစူလေး ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး SpongeBob ရွှံ့ရုပ်လေးဆီ အကြည့်ရောက်သွားခဲ့သည်။
“သခင်လေးရဲ့ ရွှံ့ရုပ်လုပ်တဲ့ စကေးက တော်တော်လေး တိုးတက်လာတယ်။ SpongeBob ဇာတ်ကောင်တွေ အကုန်လုံးကို လုပ်ပေးသင့်တယ်။ ဒါမှ SpongeBob လေးတစ်ကောင်တည်း အထီးကျန်မနေမှာ”။ အိမ်တော်ထိန်းကျန်းက ရွှံ့စေးရုပ်လေးကို ကိုင်ရင်း ပြောလိုက်ပါသည်။
ထို့နောက် မျက်လှည့်ပြနေသကဲ့သို့ အိမ်တော်ထိန်းကျန်းက နောက်ထပ်အိတ်ကပ်တစ်ခုထဲမှ Peppa Pig ရုပ်ကလေး တစ်ရုပ်ကို ထုတ်လိုက်လေသည်။
“ဒီ Peppa Pig လေးကလည်း တစ်ရုပ်တည်းပဲ ရှိတယ်။ တစ်ကောင်တည်းဆိုတော့ သနားစရာလေး။ သူ့မောင်လေး၊ ဖေဖေနဲ့ မေမေတို့ ရှိနေရင် အထီးမကျန်တော့ဘူးပေါ့”။ အိမ်တော်ထိန်းကျန်း သက်ပြင်းချကာ စိတ်မကောင်းဖြစ်စွာ ပြောလိုက်ပြန်သည်။
… … …
အခန်း(၁,၁၁၄) ဆရာယဲ့က လာတွေ့ခိုင်းတာ (၁)
“ဒါဆို မြန်မြန် လုပ်ပေးလိုက်လေ!”။ စူစူလေး တိုက်တွန်းလိုက်ပါသည်။
တစ်ယောက်တည်း နေရတာ တကယ် သနားစရာကောင်းပါသည်။ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေနဲ့ တူတူ ရှိနေမှ ပျော်စရာကောင်းမှာဖြစ်သည်။
“စူစူလေး လုပ်ပေးလိုက်ပါလား။ ဟိုမှာ ရွှံ့စေးလေးတွေ အသင့်ရှိတယ်”။ အိမ်တော်ထိန်းကျန်း ပြောလိုက်လေသည်။
“မဖြစ်ပါဘူး။ သမီးရွှံ့စေးရုပ်လုပ်ရင် ရုပ်ဆိုးတယ်။ မိသားစုနဲ့တူမှာ မဟုတ်ဘူး”။ စူစူလေး တိုးညှင်းစွာ ပြောလိုက်ပါသည်။
“ဒါဆို စူစူလေးကို ကူညီပေးဖို့ တစ်ယောက်ယောက်ကို ခေါ်ပေးရမလား”။ အိမ်တော်ထိန်းကျန်း မေးလိုက်သည်။
“အွန်း!”။ စူစူလေး ချက်ချင်း ခေါင်းညိတ်လိုက်ပါသည်။
အနီးနားမှာ ရပ်နေသည့် ချင်းယန်ကျစ် မျက်နှာ မှောင်မိုက်သွားပြီး တွေးလိုက်သည်။
အိမ်ပြန်ရောက်ရင် ငါ့ညီမလေးကို သေချာ ဆုံးမမှဖြစ်မယ်…
လူဆိုးတစ်ယောက်ယောက်က ဒီလို လှည့်စားပြီး ဖမ်းခေါ်သွားရင် ဘယ်လိုလုပ်မလဲ!
အိမ်တော်ထိန်းကျန်း ကျေနပ်သွားပြီး လုကျန်းယွီကို ချက်ချင်း သွားခေါ်လိုက်ပါသည်။
လုကျန်းယွီကို မြင်သောအခါ စူစူလေး နားလည်သွားပါသည်။ သူမ နဖူးကို လက်သေးသေးလေးဖြင့် ရိုက်ကာ တီးတိုး ငြီးတွားလိုက်လေသည်။ “ငါတော်တော် တုံးတာပဲ’
စူစူလေး နဖူးပေါ်လက်တင်လျက် စိတ်ရှုပ်သွားပုံကို မြင်ပြီး လုကျန်းယွီ ပြုံးမိသွားပါသည်။
သခင်ကြီးလုလည်း အမြန်ထလိုက်ပြီး ချင်းယန်ကျစ်ကိုခေါ်ကာ အလုပ်ကိစ္စဆွေးနွေးဖို့ဟုဆို၍ အောက်ထပ်သို့ ဆင်းလာခဲ့ကြပါသည်။ သို့သော်လည်း စူစူလေးနဲ့ သူ့မြေးတို့ရဲ့ ခင်မင်မှုကို ပြန်အဖတ်ဆယ်ဖို့ ကြံစည်နေတာ ဖြစ်မှန်း လူတိုင်းသိကြပါသည်။
--- --- ---
ယွဲ့ယွမ်ကုမ္ပဏီဝန်း အနီးအနားရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ထန်ထိုက်မင် အေးအေးလူလူ ကော်ဖီသောက်နေပါသည်။
မျက်နှာချင်းဆိုင်မှာ ထိုင်နေသူက သူ့ကို ဖမ်းဖို့ နှစ်ဝက်လောက် ကြိုးစားခဲ့ရသော ရှောက်ကျင်းယန်ဖြစ်သည်။
ထန်ထိုက်မင်က ကြောက်ရွံ့တုန်လှုပ်သည့် အရိပ်အယောင် လုံးဝ မရှိပါ။ ရှောက်ကျင်းယန်ကလည်း အလောတကြီး ဘာမှ မလုပ်ဘဲ ကော်ဖီတစ်ခွက် အရင်မှာလိုက်ပါသည်။
ကော်ဖီရောက်လာသောအခါ သကြားနဲ့ နွားနို့ အချိုးကျကျ ထည့်လိုက်ပြီး ဇွန်းဖြင့် ဖြည်းညှင်းစွာ မွှေလိုက်ပါသည်။
သူ့ထက်တောင် ပိုပြီး အေးအေးဆေးဆေးဖြစ်နေသည့် ရှောက်ကျင်းယန်ကို ကြည့်ကာ ထန်ထိုက်မင် ရယ်မာလျက် မေးလိုက်ပါသည်။ “ဘယ်လိုဖြစ်တာလဲ ငါ့ကို ဖမ်းဖို့ နည်းလမ်းရှာတွေ့သွားပြီလား”
ရှောက်ကျင်းယန်က ဇွန်းကို ပြန်ချလိုက်ပြီး ကော်ဖီခွက်ကိုင်လျက် တစ်ငုံသောက်ကာ ပြန်ပြောလိုက်ပါသည်။ “ငါ့လက်ထဲက လွတ်အောင်ပြေးနိုင်တဲ့ မင်းအစွမ်းအစကိုမင်း တော်တော် ယုံကြည်ချက်ရှိတဲ့ပုံပဲနော်”
“ဒီလိုပါပဲ။ လွတ်လာတာ တစ်ကြိမ်မကတော့ဘူးဆိုတော့ အတွေ့အကြုံ ရင့်ကျက်နေပြီလို့ပဲ ပြောရမလား”။ ထန်ထိုက်မင် ခပ်သဲ့သဲ့ ပြုံးလျက် ပြောလိုက်ပါသည်။
“မင်းက ငါ့လက်ထဲကနေ အမြဲတမ်းထွက်ပြေးနေပြီး စူစူလေးတို့နားကိုကျတော့ မကြာခဏ ဘာလို့ ရောက်လာတာလဲလို့ ငါစဉ်းစားနေတာ”။ ရှောက်ကျင်းယန် ပြောလိုက်သည်။
“ဪ အဲ့တာဆို မင်းသိသွားပြီပေါ့”။ ထန်ထိုက်မင် လှောင်ပြုံး ပြုံးလိုက်သည်။ သူ့လို သာမန် သေမျိုးတစ်ယောက်က အရာရာကို အလွယ်တကူ သိသွားတာဆိုလျှင် ရယ်စရာကောင်းပါလိမ့်မည်။
“မသိပါဘူး ငါ့အတွေ့အကြုံတွေကို အသုံးချပြီး ကောက်ချက်ချကြည့်တာ။ ဒါပေမယ့် ရလာတဲ့ အဖြေတွေက အဓိပ္ပာယ်ရှိမနေဘူး”။ သူ့ရဲ့ ကျရှုံးမှုကို ရှောက်ကျင်းယန် ဝန်ခံလိုက်ပါသည်။
“ဒါဆို မင်းတော်တော် ပါးနပ်တယ်လို့ ပြောရမှာပေါ့။ ငါ့ကို ဖမ်းလို့မရမှန်း သိတော့ စိတ်တည်ငြိမ်သွားပြီ မဟုတ်လား”
ရန်သူတွေဖြစ်နေသော်လည်း ရှောက်ကျင်းယန်၏ ဆင်ခြင်တုံတရားရှိမှုကိုတော့ ထန်ထိုက်မင် လေးစားပါသည်။
“ကံမကောင်းစွာနဲ့ မနေ့ကလည်း မင်းလိုပဲ နားလည်ရခက်တဲ့လူတစ်ယောက်နဲ့ ဆုံခဲ့သေးတယ်”။ ရှောက်ကျင်းယန် ဆက်ပြောလိုက်သည်။
“အဲ့တာဆို မင်းတော်တော် ကံမကောင်းတာပဲ။ ငါ့လိုလူမျိုးတွေနဲ့ပဲ အမြဲတမ်း တွေ့နေတာ”။ ရှောက်ကျင်းယန်ကို ထန်ထိုက်မင် ရန်စလိုက်ပါသည်။ ရှောက်ကျင်းယန် စိတ်ရှုပ်ထွေးသွားတာကို မြင်ရတာ သူ့အတွက် ဖျော်ဖြေမှု တစ်ခုလို ဖြစ်နေသည်။
“သူ့ကိုယ်သူ စူစူလေးရဲ့ ဆရာလို့ ပြောတယ်။ ပြီးတော့ ဒီနေ့ ဒီကို လာရင် မင်းကို ဖမ်းနိုင်လိမ့်မယ်လို့လည်း ပြောလိုက်တယ်”။ ရှောက်ကျင်းယန်က ဆိုသည်။
ဒါကိုကြားတော့ ထန်ထိုက်မင်၏ အာရုံထဲ ထိုပိန်ပိန်ပါးပါးပုဂ္ဂိုလ်၏ ပုံရိပ် ပေါ်လာခဲ့ပြန်သည်။
ဗေဒင်ပညာအနည်းငယ်တတ်ပြီး သာမန်လူတစ်ယောက်သာ ဖြစ်သည်ဟု ဆိုခဲ့သူ…။
ထန်ထိုက်မင် ကော်ဖီဆိုင်ထဲ အကဲခတ်ကြည့်လိုက်ပြီး ထိုပုဂ္ဂိုလ်ကို ရှာဖွေလိုက်ပါသည်။
“သူ မရှိဘူး”။ ရှောက်ကျင်းယန် ဖြတ်ပြောလိုက်ပါသည်။
“ငါ့ကို ဒီမှာလာတွေ့ဖို့အပြင် တခြား ဘာတွေ ပြောခဲ့သေးလဲ”။ ထန်ထိုက်မင် မေးလိုက်သည်။
… … …
အခန်း(၁,၁၁၅) ဆရာယဲ့က လာတွေ့ခိုင်းတာ (၂)
“မင်းကို ကြိုးစားပမ်းစား လိုက်ရှာနေစရာ မလိုဘူးတဲ့။ အခုချိန်မှာ မင်းက မင်းဂရုအစိုက်ဆုံးလူအနားမှာပဲ နေနေဦးမယ်လို့ ပြောသွားတယ်။ အဲ့ဒီစကားကို အဓိပ္ပာယ်ကောက်ပြီး လိုက်ရှာလိုက်ရင် မင်းဘယ်မှာပဲ ရှိနေရှိနေ ငါရှာလို့တွေ့မှာပဲ”
ထို့ကြောင့် ရှောက်ကျင်းယန် အလျှင်မလိုတာ ဖြစ်သည်။ ထန်ထိုက်မင် ဒီနေ့ ထွက်ပြေးသွားရင်တောင် ထပ်ရှာနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိပါသည်။
ထန်ထိုက်မင် မျက်နှာ မှောင်မိုက်သွားခဲ့သည်။
စိတ်ထဲမှလည်း ကျိန်ဆဲလိုက်၏။
လခွီးပဲ! အဲ့ဒီကောင်က ဘာကောင်လဲ။ ဘာလို့ ဒီအကြောင်းတွေကိုတောင် သိနေတာလဲ။
သာမန် ဗေဒင်ဆရာတစ်ယောက်က ဒါမျိုးတွေ သိနေတာ ဖြစ်နိုင်လို့လား။ လာနောက်နေတာလား!
အလှည့်စားခံရသည့် ခံစားချက်ကြီးကို ထန်ထိုက်မင် မုန်းတီးသည်။ သို့သော် ပြဿနာက ရန်သူဘယ်သူဘယ်ဝါမှန်း မသိတာပင်။
အချိန်အတော်ကြာစဉ်းစားပြီးနောက် စူစူလေး၏ ဆရာအကြောင်း မစုံစမ်းခင် သူ့ရှေ့က ကောင်နဲ့ အရင်ဆုံး စာရင်းရှင်းဖို့ ထန်ထိုက်မင် ဆုံးဖြတ်လိုက်ပါသည်။
“ရှောက်ကျင်းယန် ငါ့ကို ပြောစမ်းပါ။ မင်းငါ့ဆီက ဘာလိုချင်တာလဲ။ ကလဲ့စားချေချင်တာ သက်သက်ဆိုရင် အဲ့ဒီနေ့က ငါ့ကို တစ်ညလုံး နှိပ်စက်ပြီးပြီမဟုတ်ဘူးလား။ အဲ့တာမှ မလုံလောက်သေးရင် ငါ့ကို ၂ ချက်လောက် ထပ်ထိုးလို့ရတယ်။ ငါ့နောက်ကို ဒီအတိုင်း ဆက်လိုက်နေတာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး”
ရှောက်ကျင်းယန်နဲ့ ညှိနှိုင်းဖို့ ထန်ထိုက်မင် ဆုံးဖြတ်လိုက်ပါသည်။
“မူလအစီအစဉ်ကတော့ မင်းကို ထောင်ထဲပို့ပြီး ထိုက်သင့်တဲ့အပြစ်ဒဏ်ပေးဖို့ပဲ”။ ရှောက်ကျင်းယန် ပြောလိုက်သည်။
“မူလအစီအစဉ်ဟုတ်လား။ အဲ့တာဆို အခု မင်းစိတ်ပြောင်းသွားပြီပေါ့”
“ဟုတ်တယ် စိတ်ပြောင်းသွားပြီ။ လူသားတွေကို ပေးတဲ့ အပြစ်ဒဏ်က မင်းအတွက် ဘာမှ မပြောပလောက်မှန်း ငါသိတယ်။ ဒီကိစ္စကို ငါနားလည်ထားတဲ့ အသိဉာဏ်လောက်နဲ့ ဖြေရှင်းလို့ မရနိုင်မှန်းလည်း ငါသိတယ်”
“မင်းဉာဏ်ကောင်းသားပဲ”
“ဒါပေမယ့် မင်းကို ဒီအတိုင်းလည်း လွှတ်မပေးနိုင်ဘူး။ အဲ့တာကြောင့် ဆရာယဲ့ အကြံဉာဏ်ပေးထားတဲ့အတိုင်း မင်းအမုန်းတီးဆုံး အရာကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ”။ ရှောက်ကျင်းယန် ဆက်ပြောလိုကသည်။
“ငါအမုန်းတီးဆုံးအရာ ဟုတ်လား။ ငါအမုန်းတီးဆုံးအရာက ဘာလို့ သူပြောလိုက်တာလဲ”။ ထန်ထိုက်မင် မေးလိုက်သည်။
“မင်းက အချုပ်အနှောင်ခံရတာ၊ စောင့်ကြည့်ခံရတာ၊ နောက်ယောင်ခံလိုက်ခံရတာ၊ လွတ်လပ်မှုကို ထိန်းသိမ်းခံရတာတွေကို အမုန်းတီးဆုံးပဲတဲ့”
ရှောက်ကျင်းယန်က သရော်ပြုံးဖြင့် ပြောလိုက်ပါသည်။ သို့သော် ထန်ထိုက်မင်၏ မျက်နှာကတော့ ဖြူရော်သွားပြီး ဒေါသလည်း ထွက်လာပါသည်။
“အဲ့ဒီ ဆရာယဲ့ဆိုတဲ့ကောင်က ဘာကောင်လဲ!”။ ထန်ထိုက်မင် ဒေါသတကြီး ရေရွတ်လိုက်လေသည်။
“မင်းလိုမျိုး နားလည်ရခက်တဲ့လူပေါ့”။ ရှောက်ကျင်းယန် ပြုံးသွားပြီး ပြောလိုက်သည်။
“သူ့ရည်ရွယ်ချက်က ဘာလဲ”။ ထန်ထိုက်မင် ထပ်မေးလိုက်ပါသည်။
“ငါလည်း မသိဘူး”
“မင်းက ဘာမှမသိဘဲနဲ့ သူခိုင်းတဲ့အတိုင်း လုပ်နေတာပေါ့။ မင်းကို အသုံးချနေတာဆို ဘယ်လိုလုပ်မလဲ”။ ထန်ထိုက်မင် သတိပေးလိုက်သည်။
“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အသုံးချခံရတာဆိုလည်း ဘာဖြစ်လဲ”။ ရှောက်ကျင်းယန် ပြောလိုက်သည်။ “မင်းတို့ နှစ်ယောက်စလုံးက ငါထိန်းချုပ်နိုင်တဲ့လူတွေ မဟုတ်တော့ ငါ့ကို စိတ်ကျေနပ်မှုရအောင် ကူညီပေးနိုင်တဲ့လူဘက်ကို ပါတာ ငါ့အမှားလား။ နားလည်ရခက်တဲ့ ဆရာယဲ့နဲ့ ငါ့လက်ထဲက ခဏခဏ ထွက်ပြေးနေတဲ့ ရာဇဝတ်သား ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ သိသာပါတယ်”
ထန်ထိုက်မင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ရှောက်ကျင်းယန်ကို အချိန်မရွေးထထိုးတော့မလို ဖြစ်နေပါသည်။
လခွီးပဲ! ဒီကောင့်ကို ထိုးချင်လိုက်တာ! ငါ့ကို ရန်လာစတဲ့အကျိုးဆက်ကို သိသွားစေချင်လိုက်တာ!
ပြီးရင် အဲ့ဒီ ဆရာယဲ့ဆိုတဲ့ကောင် အစ်ကိုကြီးကို ဒုက္ခမပေးနိုင်အောင် အစ်ကိုကြီးဆီ ပြန်သွားရမယ်!
ထန်ထိုက်မင်၏ မတည်မငြိမ် အမူအရာကို မြင်ပြီး ရှောက်ကျင်းယန် ပြုံးကာ ကော်ဖီကို အရသာခံလျက် ဆက်သောက်နေလိုက်ပါသည်။
ဒီနေ့ ရာသီဥတုလေးက အတော်သာယာနေပြီး ကော်ဖီကလည်း မွှေးပျံ့နေလေသည်။
… … …