← Chapters

အခန်း (၁၁၂၁-၁၁၂၅)

Vol. 45 Ch. 1121-1125

အခန်း (၁၁၂၁-၁၁၂၅)

Vol. 45 Ch. 1121-1125

အခန်း(၁,၁၂၁) အန္တရာယ်တွေ နီးကပ်လာပြီ

“ရှောက်ကျင်းယန် ဆုံးဖြတ်ချက် မြန်မြန်ချစမ်းပါ! အချိန်မရှိတော့ဘူးနော်”။ ထန်ထိုက်မင် စိတ်မရှည်စွာ ပြောလိုက်ပါသည်။

“ကောင်းပြီလေ ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်”။ ရှောက်ကျင်းယန် သဘောတူလိုက်ပါသည်။

ထန်ထိုက်မင်စကားကို သူအပြည့်အဝ ယုံကြည်သွားတာကြောင့် မဟုတ်ဘဲ ဆရာယဲ့ဆိုသူကို သူလည်း သံသယ အနည်းငယ် ရှိနေတာကြောင့် ဖြစ်ပါသည်။

အရာရာကို သူ့လက်ထဲမှာ လိုသလို ထိန်းချုပ်နိုင်တဲ့ လူငယ်တစ်ယောက်…

ပေကျင်းမြို့မှာ မသေမျိုးသွေးနှောလို့တောင် တင်စားခေါ်ဝေါ် လေးစားခံရတဲ့ ပုဂ္ဂိုလ်က ကလေးနှစ်ယောက်ရဲ့ ကိစ္စကို ဘာလို့ ဒီလောက် အရေးစိုက်နေရတာလဲ…

စူစူလေးအပေါ် တကယ်ပဲ သံယောဇဉ်ရှိလို့လား… ဒါမှမဟုတ် အကြံအစည်တစ်ခုခု ရှိနေတာလား…

ရှောက်ကျင်းယန် ထိုမေးခွန်းတွေအတွက် အဖြေကို သိချင်ပါသည်။

“ဒါဆို အခုချက်ချင်း သွားကြစို့!”

ထန်ထိုက်မင် မစောင့်နိုင်တော့ပါ။ ရှောက်ကျင်းယန်ရှိနေတာကြောင့်သာ မဟုတ်လျှင် အခုချိန်လောက်ဆို သူ လုကျန်းယွီဘေးကို ရောက်နေလောက်ပါပြီ။

--- --- ---

အစည်းအဝေးခန်းထဲက ရန်ပွဲလည်း အချိန်အတော် ကြန့်ကြာနေပြီဖြစ်သည်။

ဧည့်ကြိုခန်းထဲက မျက်လုံးတစ်စုံကလည်း လုကျန်းယွီကို အငြှိုးအတေးကြီးစွာ စိုက်ကြည့်နေဆဲ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လက်ထဲမှာ ချွန်ချွန်ထက်ထက် အရာတစ်ခုကိုလည်း ဆုပ်ကိုင်ထားပါသည်။

ရွှေရောင် အစင်းအကြောင်းများနဲ့ ရှေးဟောင်းပစ္စည်းတစ်ခုဟု ထင်ရပြီး ခပ်ဆန်းဆန်း ပုံသဏ္ဌာန်ရှိသည့် အရာဝတ္ထုတစ်ခု ဖြစ်သည်။ ဒီပစ္စည်းက သာမန် ပစ္စည်းမဟုတ်ပါ။ သူမ ပိုင်သည့် ပစ္စည်းလည်း မဟုတ်ပါ။ သူမကို စော်ကားခဲ့သူများအား အပြစ်ပေးနိုင်မည်ဟုဆိုကာ လူတစ်ယောက်က ပေးသွားခြင်း ဖြစ်သည်။

သူမ အခုချိန်ထိ စိတ်ကိုထိန်းပြီး စောင့်နေရခြင်းက ဘုတ်အဖွဲ့ဝင်အစည်းအဝေး၏ ရလဒ် မသေချာသေးတာကြောင့်သာ ဖြစ်သည်။ သခင်ကြီးလုသာ သူမတို့ သားအဖကို တကယ် မညှာမတာ အနိုင်ကျင့်လျှင် တစ်သက်လုံး နောင်တရသွားအောင် လုပ်ပစ်ပါမည်။

နောက်ဆုံးတော့ သခင်ကြီးလု အမိန့်ပေးလိုက်ပါသည်။

“တော်လောက်ပြီ။ အားလုံး တိတ်ကြစမ်း”

သခင်ကြီးလု၏ အသံကြောင့် ဝမ်ဝေ့မင်နဲ့ တခြားသူတွေ စကားများရန်ဖြစ်နေတာ ရပ်တန့်သွားကြပါသည်။ အစည်းအဝေးခန်းတစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

“ဥက္ကဌကြီး ကျွန်တော့်သမီးကို သေချာ မဆုံးမနိုင်ခဲ့တာ ကျွန်တော့်အပြစ်ပါ! ဒါပေမယ့် ကုမ္ပဏီမှာ ကျွန်တော် ဘာများ အမှားအယွင်း လုပ်ဖူးလို့လဲ။ ကျွန်တော့် စွမ်းရည်တွေကလည်း ယင်ကျစ်ကျဲထက် အများကြီး ပိုသာတယ်လေ”

“ကုမ္ပဏီမှာ မင်းရဲ့ အစွမ်းအစက တကယ် မဆိုးပါဘူး။ အဲ့တာကြောင့်လည်း ငါမင်းကို ဒီရာထူး ယုံယုံကြည်ကြည်နဲ့ အပ်နှင်းထားတာ။ ဒါပေမယ့် မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ကုမ္ပဏီကို မထိခိုက်နိုင်ဘူးဆိုတာ သေချာရဲ့လား။ ပြီးတော့ မင်းအပြစ်က မင်းသမီးကို မဆုံးမနိုင်တာ တစ်ခုတည်းပဲ ဆိုတာကကော သေချာရဲ့လား”။ သခင်ကြီးလု မေးလိုက်ပါသည်။

ဝမ်ဝေ့မင် ချက်ချင်း မျက်နှာ ဖြူရော်သွားခဲ့သည်။

သခင်ကြီးလု ဆက်ပြောသည်။ “တချို့ကိစ္စတွေက သေးငယ်တယ်လို့ ထင်ရပေမယ့် သဘောတရားတွေကတော့ မသေးငယ်ဘူး။ ယွဲ့ယွမ်အုပ်စုကနေ မင်းဂုဏ်သိက္ခာရှိရှိနဲ့ ထွက်သွားချင်ရင် ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်ခွင့် ပေးလိုက်ပါ။ မဟုတ်ရင်တော့ လူမြင်မကောင်းတာတွေ ဖြစ်လာလိမ့်မယ်”

“ဥက္ကဌကြီး…”။ ဝမ်ဝေ့မင် ကြောက်လည်းကြောက် ဒေါသလည်း ထွက်သွားပါသည်။

“ဒါမှမဟုတ် မင်းကို အလုပ်ဖြုတ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ကို အားလုံးသိအောင် ထုတ်ပြောလိုက်ရမလား”။ သခင်ကြီးလု ထပ်မေးလိုက်သည်။

ဝမ်ဝေ့မင် ငြင်းခုံချင်စိတ် ပျောက်ကွယ်သွားခဲ့သည်။ သခင်ကြီးလုကို ဒီတိုင်း စိုက်ကြည့်နေပြီး ဘာမှ ပြန်မပြောနိုင်တော့ပါ။

တခြား ဘုတ်အဖွဲ့ဝင်တွေလည်း ဘာမှ ဝင်မပြောကြတော့ပေ။ ဝမ်ဝေ့မင်ကို ကာကွယ်ပေးခဲ့ကြသူတွေလည်း တိတ်ဆိတ်သွားကြပါသည်။

ထိုစဉ် ဧည့်ကြိုခန်းနှင့် အစည်းအဝေးခန်းတို့ကို ဆက်ထားသည့် တံခါးမကြီး ရုတ်တရက် ပွင့်ထွက်သွားခဲ့ပြီး လူတစ်ယောက် ပြေးထွက်လာခဲ့ပါသည်။

အားလုံး ထိတ်လန့်သွားကာ ဧည့်ကြိုခန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

တောက်တောက်ပြောင်ပြောင် ဖက်ရှင်ကျကျ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က အရူးတစ်ယောက်လို ပြေးထွက်လာသည်။ မျက်နှာကို သေချာ မမြင်ရရင်တောင် ဝတ်စားထားပုံကိုကြည့်ပြီး ဝမ်ဝေ့မင်၏ သမီးဖြစ်သူ ဝမ်ဝေ့ရန်ဆိုတာ လူတိုင်း သိကြပါသည်။

အားလုံးထဲမှာ အလျှင်မြန် အသွက်လက်ဆုံးဖြစ်သော အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့လည်း အမြန် လှုပ်ရှားလိုက်ကြသည်။

အိမ်တော်ထိန်းကျန်းက လုကျန်းယွီနဲ့ သခင်ကြီးလုတို့ကို ကာကွယ်ပေးလိုက်ပြီး ဟဲပေမူကတော့ ဝမ်ဝေ့ရန်ကို တားဆီးဖို့ ကြိုးစားလိုက်ပါသည်။

… … …

အခန်း(၁,၁၂၂) လုမိသားစုကို အပြစ်ပေးရမယ်

ဒီလို အရူးမတစ်ယောက်ကို ဟဲပေမူ စိတ်ထဲတောင် မထားပါ။ ဒီတိုင်း ရိုးရိုးရှင်းရှင်း ဖမ်းချုပ်ဖို့သာ ပြင်လိုက်သည်။

ဝမ်ဝေ့ရန်နဲ့ တစ်မီတာလောက် အကွာကို ရောက်သောအခါ ဝမ်ဝေ့ရန်၏ ခန္ဓာကိုယ် ဘေးပတ်လည်ရှိ အားတစ်ခုက ဟဲပေမူကို လွင့်ထွက်သွားအောင် တွန်းထုတ်လိုက်လေသည်။

လေထဲ လွင့်ထွက်သွားသည့် ဟဲပေမူလည်း အလွန်အံ့အားသင့်သွားပါသည်။

ဘာတွေဖြစ်သွားတာလဲ…

ဒီမိန်းမကို ထိတောင် မထိရသေးဘူး အဲ့ဒီ တွန်းအားက ဘယ်က ထွက်လာတာလဲ.

ဟဲပေမူ ချက်ချင်း ပြန်ထလာပြီး ဝမ်ဝေ့ရန်ကို တားဆီးဖို့ ထပ်ကြိုးစားလိုက်သည်။ သို့သော် သူဘယ်လောက်ပဲ အားထုတ်သုံးပါစေ ထိုတွန်းအားကြီးကို မကျော်ဖြတ်နိုင်ပါ။

ဒါကိုမြင်တော့ အိမ်တော်ထိန်းကျန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး ဝမ်ဝေ့ရန်ကို တားဖို့ ပြေးလာခဲ့သည်။

သို့သော် သူ့တပည့်လိုပဲ အိမ်တော်ထိန်းကျန်းလည်း မမြင်ရသည့် တွန်းအားတစ်ခုကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့ပါသည်။ သူဘယ်လောက်ပဲ ကြိုးစားပါစေ ဝမ်ဝေ့ရန်အနားကို မကပ်နိုင်ပါ။

အတားအဆီးတွေ မရှိတော့သောအခါ ဝမ်ဝေ့ရန်က သခင်ကြီးလုနဲ့ လုကျန်းယွီတို့ရှေ့ကို တန်းတန်းမတ်မတ် ရောက်လာခဲ့ပါသည်။

လုကျန်းယွီက သခင်ကြီးလုရှေ့မှာ ကာရပ်လိုက်သည်။ အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့တောင် မတားဆီးနိုင်သည့် လူတစ်ယောက်ကို သူတားဆီးနိုင်စရာအကြောင်း မရှိပါ။ သို့သော် သူ့အဘိုးကို တွန့်ဆုတ်မှုမရှိဘဲ ကာကွယ် ပေးခဲ့ပါသည်။

ထို့နောက် တွန်းအားပြင်းပြင်းတစ်ခုကြောင့် လုကျန်းယွီ ပြူတင်းပေါက်ထံသို့ လွင့်ထွက်သွားခဲ့ပါသည်။ ထိုမြင်ကွင်းကို မြင်ပြီး အားလုံး သွေးပျက်သွားခဲ့လေသည်။ သခင်ကြီးလုအနီးနားရှိ ဘုတ်အဖွဲ့ဝင်တချို့က လုကျန်းယွီကို လှမ်းဆွဲဖို့ ကြိုးစားခဲ့သော်လည်း မမှီလိုက်ပါ။

ဝုန်း!

လုကျန်းယွီ၏ ခန္ဓာကိုယ် ပြူတင်းပေါက်နဲ့ ရိုက်မိကာ ကြမ်းပြင်ပေါ် ပြန်ကျလာခဲ့သည်။

“ကျန်းယွီ!!”။ သခင်ကြီးလု အော်လိုက်ပြီး လုကျန်းယွီထံ အလောတကြီးပြေးသွားဖို့ ကြိုးစားလိုက်သဖြင့် ခြေချော်ကာ ထိုင်ခုံမှ လဲကျသွားခဲ့ပါသည်။

ဒါကိုမြင်တော့ ဝမ်ဝေ့ရန် အရူးတစ်ယောက်လို ရယ်မောကာ ပြောလိုက်သည်။ “သောက်အဘိုးကြီး! ရှင်နဲ့တန်တာကို ရှင်ရတာပဲ! ရှင့်ကို နှစ်ပေါင်းများစွာ အဘိုးလုလို့ တလေးတစား ခေါ်ခဲ့ရတာ။ ကျွန်မတို့ကို သစ္စာဖောက်ရဲတယ်ပေါ့!”

ဝမ်ဝေ့ရန်လက်ထဲ ကိုင်ထားသည့် ပစ္စည်းကို အားလုံး မြင်သွားကြပါသည်။ ထိုရွှေရောင်ပစ္စည်းအပေါ်မှာ နဂါးတစ်ကောင်သဏ္ဌာန် ထွင်းထုထားပြီး နဂါး၏ မျက်လုံးများကို ပတ္တမြားဖြင့် ပြုလုပ်ထားပါသည်။

ဧကန္တ အဲ့ဒီပစ္စည်းကြောင့် ဒီလိုထူးထူးဆန်းဆန်းတွေ ဖြစ်သွားတာလား…

ဝမ်ဝေ့ရန်ကို ကြည့်ရင်း အားလုံး ထိတ်လန့်တုန်လှုပ်ကာ အနားမကပ်ရဲ ဖြစ်နေကြပါသည်။ အိမ်တော်ထိန်းကျန်းလို လူမျိုးတောင် သူမကို မထိနိုင်သဖြင့် တခြားသူတွေ မျှော်လင့်ချက် မရှိနိုင်ပါ။

အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့ ကြမ်းပြင်ပေါ်မှ ပြန်ထလာကြသည်။ ထို့နောက် ဆရာတပည့်နှစ်ယောက် အချင်းချင်း ကြည့်လျက် ဝမ်ဝေ့ရန်ထံ ပြိုင်တူ ပြေးသွားကြသည်။ အိမ်တော်ထိန်းကျန်းက ဝမ်ဝေ့ရန်ကို အာရုံလွှဲထားစဉ် ဟဲပေမူက အနောက်မှ အလစ်ဝင်တိုက်မည် ဖြစ်သည်။

နောက်တစ်ဖက် အိမ်တော်ထိန်းကျန်း ဝမ်ဝေ့ရန်နဲ့ တစ်မီတာအကွာလောက်ကို လွင့်ထွက်သွားခဲ့ပြန်သည်။

ဝမ်ဝေ့ရန်ကို အနောက်မှ ဝင်တိုက်ဖို့ ကြိုးစားနေသည့် ဟဲပေမူလည်း ထိုနည်းတူစွာ လွင့်ထွက်သွားခဲ့ပြန်သည်။

အနောက်မှ ဆူညံသံကို ကြားပြီး ဝမ်ဝေ့ရန်လှည့်ကြည့်လိုက်ရာ ဟဲပေမူကို မြင်လိုက်ရလေသည်။ “ငါ့ကို အလစ်ဝင်တိုက်ချင်တယ်ပေါ့ ဟုတ်လား။ သွားသေလိုက်စမ်း! ဒီနေ့ လုမိသားစုကို ငါအပြစ်ပေးရမှ ဖြစ်မယ်။ ဘယ်သူမှ မတားနိုင်စေရဘူး!”

“ဝေ့ရန် နင်ဘာတွေ လုပ်နေတာလဲ”။ ဝမ်ဝေ့မင်က ကြောက်ရွံ့တုန်လှုပ်စွာ မေးလိုက်ပါသည်။

“သူတို့ကို အပြစ်ပေးမလို့လေ”။ ဝမ်ဝေ့ရန်က သာမန်စကားတစ်ခွန်းလို အေးအေးလူလူ ပြောလိုက်လေသည်။

“ဝေ့ရန် နင့်လုပ်ရပ်က ဥပဒေနဲ့ မညီဘူးနော်!”။ ဝမ်ဝေ့မင် နာကျင်စွာ ပြောလိုက်ပါသည်။

“ဥပဒေနဲ့ မညီတော့ ဘာဖြစ်လဲ။ အဖေလည်း အရင်တုန်းက ဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်ဖူးတာပဲ မဟုတ်ဘူးလား။ ကျွန်မကို အနိုင်ကျင့်တဲ့လူတွေကို သင်ခန်းစာပေးဖို့ လူတွေငှားခဲ့ဖူးတယ် မဟုတ်ဘူးလား။ အဲ့တာတွေက တရားမဝင်ပေယ့် အဖေ ဘာမှ မဖြစ်ခဲ့ဘူးလေ။ အခုတော့ ကျွန်မဖာသာ ကျွန်မပဲ လုပ်တော့မယ်။ အဖေ့ အကူအညီကို မလိုတော့ဘူး!”

… … …

အခန်း(၁,၁၂၃) သောက်ကလေးမလေး

ဝမ်ဝေ့မင် မျက်လုံးများ ပြူးကျယ်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ ထိုလုပ်ရပ်တွေကို သူတကယ် လုပ်ဖူးပါသည်။ သို့သော်လည်း ကိစ္စတွေက အသေးအဖွဲသာ ဖြစ်သဖြင့် သူ့ရာထူးအာဏာနဲ့ ဖုံးကွယ်ထားနိုင်ခဲ့သည်။

သူ့လုပ်ရပ်တွေကြောင့် သူ့သမီး အတုယူမှားပြီး ဒီလို ရိုင်းစိုင်းမောက်မာသွားလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဝမ်ဝေ့မင် သူ့အမှားသူ နားလည်သွားခဲ့သည်။

သမီးဖြစ်သူကို သူတောင်းပန်လိုက်ပါသည်။ “ဝေ့ရန် အားလုံး အဖေ့အပြစ်တွေပါ။ အဖေအမှားတွေ လုပ်ခဲ့တာပါ။ အဖေ့ကို အတုမယူနဲ့နော် ဟုတ်ပြီလား”

“ကျွန်မ ဘာမှ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ဝမ်ဝေ့ရန်ဆိုတဲ့ ကျွန်မကို ဘယ်သူမှ အနိုင်ကျင့်လို့ မရစေရဘူး!”။ အဖေဖြစ်သူ၏ စကားကို ဂရုမစိုက်ဘဲ ဝမ်ဝေ့ရန် ပြန်ပြောလိုက်ပါသည်။

ထို့နောက် ပြူတင်းပေါက်ရှေ့မှာ လဲကျနေသည့် လုကျန်းယွီထံ ဝမ်ဝေ့ရန် လျှောက်သွားခဲ့ပါသည်။

လုကျန်းယွီ ဒဏ်ရာတွေ ရရှိသွားပြီး မတ်တပ်ပြန်ရပ်ဖို့ ကြိုးစားသော်လည်း မရပ်နိုင်ခဲ့ပါ။

“အဘိုးကြီးလု။ ဒီကောင်က ရှင့်ရဲ့ အသက်သွေးကြောမဟုတ်လား။ ရှင့်ရှေ့မှာ သူ့ကို သတ်ပစ်လိုက်ရမလား”။ ဝမ်ဝေ့ရန် ပြောလိုက်သည်။

“ကျန်းယွီကို မထိနဲ့နော်! မင်းဘာလိုချင်တာလဲ ငွေလား! ငါအကုန်လုံး ပေးနိုင်တယ်။ ကျန်းယွီကို မထိဖို့ ကတိပေးရင် ငါမင်းတို့ကို ယွဲ့ယွမ်အုပ်စုတစ်ခုလုံးပါ လွှဲပြောင်းပေးနိုင်တယ်!”။ သခင်ကြီးလု ကတိပေးလိုက်ပါသည်။

“မလိုချင်ဘူး! ရှင်တို့ နာကျင်ခံစားရတာကိုပဲ မြင်ချင်တယ်! ကျွန်မကို အထင်သေးတယ်မဟုတ်ဘူးလား ကျွန်မ အဖေကို အလုပ်ဖြုတ်ပစ်ချင်တယ် မဟုတ်ဘူးလား”

ဝမ်ဝေ့မင်၏ အလိုလိုက်မှုကြောင့် ဝမ်ဝေ့ရန်စိတ်က ပျက်ယွင်းနေပြီဖြစ်သည်။ စိတ်ကျေနပ်ဖို့ တစ်ခုတည်းကိုသာ ဦးစားပေးပြီး အကျိုးဆက်တွေကို ဘာမှ ထည့်မစဉ်းစားတော့ပါ။

“ငါသူ့ကို အလုပ်မထုတ်တော့ပါဘူး! မင်းတို့ လုပ်ချင်တာ လုပ်လို့ရတယ်။ ကျန်းယွီကိုတော့ မထိပါနဲ့! ငါဘာမဆို လုပ်ပေးမယ်လို့ ကတိပေးပါတယ်!”။ သခင်ကြီးလု အမြန် ကတိပေးလိုက်ပါသည်။

“သောက်ပိုတွေ! ကျွန်မကို ငတုံးလို့ ထင်နေတာလား။ သူ့ကို အခု လွှတ်ပေးလိုက်ရင် ရှင်တို့ ကျွန်မကို အလွတ်ပေးမှာ မဟုတ်ဘူး! ဒါပေမယ့် ရှင့်မြေးကို အခုသတ်လိုက်ရင်တော့ ကျွန်မ အသက်ရှင်လောက်တယ်!”

အခန်းထဲကလူတွေအားလုံး သူမကို စိတ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။

ဒီမိန်းမ ရူးနေပြီပဲ! တကယ် စိတ္တဇဖြစ်သွားပြီ!

ဝမ်ဝေ့ရန် ရူးမိုက်စွာ ရယ်မောလိုက်သည်။ သို့သော် ရုတ်တရက်ဆိုသလို သူမရှေ့မှာ လူတစ်ယောက် လာရပ်နေတာကို မြင်လိုက်ရလေသည်။

“သောက်ကလေးမလေး! နင့်ကိုလည်း ငါမေ့တော့မလို့။ နင်တို့ ချင်းမိသားစုနဲ့လည်း ငါစာရင်းရှင်းရဦးမယ်!”။ စူစူလေးကို မြင်ပြီး ဝမ်ဝေ့ရန် မျက်လုံးထဲက ဒေါသမီးတောက်များ ပိုမို ကြီးထွားလာခဲ့ပါသည်။

စူစူလေးက ဘာမှ ပြန်မပြောပါ။ ဒီ မိန်းမလက်ထဲ ကိုင်ထားသည့် ပစ္စည်းမှ ရွှေရောင်အရှိန်အဝါတွေ ထွက်နေတာကို စူစူလေး မြင်နေရသည်။ ထိုစွမ်းအင်က ဘာမှန်းမသိသော်လည်း အတော်လေး ကြီးမားပါသည်။ ထိုစွမ်းအင်ကို တွန်းလှန်ဖို့ သူမ ခွန်အားတွေ အကုန်လုံးကို အသုံးပြုမှဖြစ်လိမ့်မည်။

စူစူလေး အံကြိတ်လျက် အားတင်းကာ ဝမ်ဝေ့ရန်ဆီ နွားရိုင်းတစ်ကောင်လို အရှိန်အဟုန်ဖြင့် ပြေးလာခဲ့ပါသည်။

စူစူလေး၏ ပုံစံကို မြင်ပြီး ဝမ်ဝေ့ရန် အနည်းငယ် ချောက်ချားသွားသည်။ ကလေးမလေးတစ်ယောက် ပြေးလာတာကို မြင်ရုံနဲ့ ဘာကြောင့် ကြောက်ရွံ့သွားမိမှန်း သူမကိုယ်တိုင်တောင် နားမလည်ပါ။

ဝုန်း!

စူစူလေး သားရေကြိုးတစ်ခုကို ဝင်တိုက်မိသလိုမျိုး ခံစားလိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ သူများတွေထက် အားစိုက်ထုတ်ခဲ့တာကြောင့် လွင့်ထွက်သွားသည့်အကွာအဝေးကလည်း သူများတွေထက် ပိုဝေးပါသည်။

ချင်းယွင်ကျစ်က အစည်းအဝေးစားပွဲရှည်ကြီးပေါ် ခြေတစ်ချောင်းတင်ကာ အရှိန်ယူလျက် စူစူလေးကို ခုန်ဖမ်းလိုက်ပါသည်။ သို့သော် စူစူလေးလွင့်လာသည့် အရှိန်ကြောင့် နှစ်ယောက်စလုံး အနောက်သို့ ထပ်လွင့်သွားကာ နံရံကြီးနဲ့ ဝင်တိုက်မှ ရပ်တန့်သွားလေသည်။

“အစ်ကိုငယ်!’

စူစူလေး ခေါင်းမော့ကာ ချင်းယွင်ကျစ်ကို စိုးရိမ်တကြီး ကြည့်လိုက်ပါသည်။

… … …

အခန်း(၁,၁၂၄) ဒါသာမန်ပစ္စည်း မဟုတ်ဘူး

“ဘာမှမဖြစ်ပါဘူး”။ ချင်းယွင်ကျစ် နာကျင်မှုကို ကြိတ်ခံရင်း စူစူလေးရှေ့မှာ ဘာမှမဖြစ်သလိုမျိုး ဟန်ဆောင်လိုက်ပါသည်။

သို့သော်လည်း သူ့နောက်က အက်ကွဲနေသည့် နံရံကြီးကို ကြည့်ခြင်းအားဖြင့် အရှိန်ဘယ်လောက်ပြင်းထန်သလဲဆိုတာ သိနိုင်ပါသည်။

ချင်းယွင်ကျစ်ကို ကြည့်ရင်း စူစူလေးရင်ထဲ နာကျင်သွားသည်။ နှာခေါင်းတွေ ပူလာကာ မျက်လုံးတွေလည်း စိုစွတ်လာပါသည်။

လုံခြုံရေးအစောင့်များ၏ ဟန့်တားမှုကြောင့် ထန်ထိုက်မင်နဲ့ ရှောက်ကျင်းယန်တို့ နောက်ဆုံးမှ ရောက်လာကြသည်။

အစည်းအဝေးခန်းထဲသို့ ရောက်သောအခါ ကြမ်းပြင်ပေါ်မှာ လဲကျနေသည့် လုကျန်းယွီကို ချက်ချင်း တန်းမြင်သွားပြီး ထန်ထိုက်မင် တွန့်ဆုတ်မှုမရှိဘဲ ပြေးလာခဲ့သည်။ အခုချိန်မှာ လောကသုံးပါးနိယာမတွေဘာတွေ သူ့အတွက် အရေးမကြီးတော့ပါ။ သူ့အတွက် အရေးအကြီးဆုံးက လုကျန်းယွီကို ကာကွယ်ပေးဖို့ ဖြစ်ပါသည်။

ထန်ထိုက်မင်ကို မြင်သောအခါ စူစူလေး မျက်လုံးများ အရောင်တောက်သွားသည်။

နတ်ယုတ်မာလေးက လူမဟုတ်ဘူး! မသေမျိုးတစ်ယောက်ပဲ! သူသာဆို လုပ်နိုင်လောက်တယ်!

သို့သော် ထန်ထိုက်မင်လည်း တခြားသူတွေလိုပဲ အနောက်သို့ ပြန်လွင့်ထွက်လာခဲ့သည်။ သို့သော် ကြမ်းပြင်ပေါ် လဲကျမသွားအောင် ခြေထောက်နှစ်ဖက်ဖြင့် ထိန်းလိုက်သဖြင့် ကြမ်းပြင်ပေါ်မှာ အစင်းရာကြီးပင် ထင်သွားခဲ့သည်။

ဟန်ချက်ပြန်ထိန်းပြီးနောက် ဝမ်ဝေ့ရန်လက်ထဲက ပစ္စည်းကို ထန်ထိုက်မင် မြင်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့လေသည်။

“ရွှေနဂါးအဆောင်ပါလား… အဲ့ဒီပစ္စည်းက ဘာလို့ ဒီကို ရောက်နေတာလဲ”

ထိုပစ္စည်းက သာမန်ပစ္စည်း မဟုတ်ပါ။ ကောင်းကင်ဘုံမှ မသေမျိုးအဆောင်တစ်ခုဖြစ်သည်။ သာမန်လူတွေကို အသာထား၊ သူ့လို မသေမျိုးတစ်ယောက်ကတောင် ရွှေနဂါးအဆောင်ကို မတွန်းလှန်နိုင်ပေ။

“နတ်ယုတ်မာလေး ဘာပြောလိုက်တာ” ထန်ထိုက်မင်ကို စူစူလေး မေးလိုက်သည်။

“အဲ့ဒီနား မသွားနဲ့ စူစူလေး! အဲ့ဒီပစ္စည်းက နင့်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်တယ်!”။ စူစူလေးကို ထန်ထိုက်မင် လေးလေးနက်နက် သတိပေးလိုက်ပါသည်။

ထို့နောက် ဝမ်ဝေ့ရန်ကို ထန်ထိုက်မင် မေးမြန်းလိုက်သည်။ “မင်းလက်ထဲက ရွှေနဂါးအဆောင်ကို ဘယ်သူပေးတာလဲ’

ဒီမိန်းမက အသုံးချခံနယ်ရုပ်တစ်ရုပ်သာ ဖြစ်မှန်း ထန်ထိုက်မင် သိပါသည်။ ရွှေနဂါးအဆောင်ဆိုတာ သာမန်လူသားတွေ ပိုင်ဆိုင်နိုင်သည့် ပစ္စည်း မဟုတ်ပါ။ ဒီမိန်းမကို ထိုရွှေနဂါးအဆောင် ပေးလိုက်သူက သူရှာဖွေနေသည့် နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နိုင်ပါသည်။

“ဟာသပဲ။ ငါက ဘာလို့ ပြောပြရမှာလဲ”။ ဝမ်ဝေ့ရန် မောက်မာစွာ ပြောလိုက်သည်။

“အဲ့ဒီပစ္စည်းက မင်းလို လူသားတစ်ယောက် အသုံးချလို့ရတဲ့ ပစ္စည်းမဟုတ်ဘူး။ မင်းမသေချင်ရင် မြန်မြန်ချထားလိုက်!”။ ထန်ထိုက်မင် သတိပေးလိုက်သည်။

“ငါ့ကို ငတုံးများ ထင်နေလား။ ဒီလောက် အသုံးဝင်တဲ့ ပစ္စည်းကို ချထားစရာလား”

“ငါစေတနာနဲ့ သတိပေးနေတာနော်။ မင်းထိန်းချုပ်နိုင်တဲ့ ပစ္စည်းမဟုတ်ဘူးလို့!”။

“နင်က ဘယ်သူလဲ။ တစ်ခါမှလည်း မမြင်ဖူးဘူး။ ဝမ်ဝေ့ရန်ဆိုတဲ့ ငါ့ကို လာမရှုပ်နဲ့နော်။ နင့်ကိုပါ သတ်ပစ်လိုက်ရမလား!”

ဝမ်ဝေ့ရန်က ထန်ထိုက်မင်၏ စကားကိုဂရုမစိုက်ဘဲ ပြန်ခြိမ်းခြောက်လိုက်ပါသည်။

ထန်ထိုက်မင် တစ်ခုခုကို အမြန်စဉ်းစားလိုက်သည်။ “ဝမ်ဝေ့ရန်ဆိုတာ ဘယ်သူလဲ။ ငါလည်း တစ်ခါမှ မကြားဖူးဘူး။ သူများကို မဟောင်ခင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်မကြည့်ဘူးလား”

“နင်ဘာစကားပြောတာလဲ! နင်ဘယ်သူ့ကို စကားပြောနေမှန်းတောင် မသိဘူးလား ငတုံးကောင်ရဲ့!”။ ထန်ထိုက်မင်၏ စကားကြောင့် ဝမ်ဝေ့ရန် ဒေါသပိုပေါက်ကွဲသွားခဲ့သည်။

“မသိဘူး။ တစ်ချိန်လုံး အော်ဟစ်သောင်းကျန်းနေတဲ့ မင်းအသံကြောင့် ငါ့နားတွေ အူလာတာပဲ သိတယ်”။ ထန်ထိုက်မင် ရည်ရွယ်ချက်ရှိရှိ ထပ်ပြောလိုက်ပါသည်။

“ဘာပြောလိုက်တယ်! ငါ့ကို အဲ့လိုစကားမျိုးပြောရဲရအောင် နင်က ဘာကောင်မို့လို့လဲ”။ ဝမ်ဝေ့ရန် ထပ်အော်ပြောလိုက်လေသည်။

“မင်းကကော ဘယ်လိုမိန်းမလဲ။ ဘာအစွမ်းအစမှလည်း မရှိဘဲ ကိုယ့်နာမည်ကိုယ် တတွတ်တွတ်ရွတ်ပြပြီး စိတ်ကြီးဝင်နေတာ။ မွေးကတည်းက ဦးနှောက်ပါမလာဘူးလား။ ဒါမှမဟုတ် မမွေးခင်တုန်းက မင့်အမေ သောင်းကျန်းခဲ့လို့ ဦးနှောင့် ချိုင့်သွားတာလား”။ ထန်ထိုက်မင် သရော်ပြုံးပြုံးကာ ပြောလိုက်ပါသည်။

ထိုစကားကြောင့် ဝမ်ဝေ့ရန် စိတ်လွတ်သွားတော့သည်။

“ရတယ်လေ! ငါ့ကို ရန်လာစရဲတဲ့အကျိုးဆက်ကို သိသွားစေရမယ်!”။ ဝမ်‌ဝေ့ရန် ကြုံးဝါးလိုက်ပြီး လက်ထဲက ရွှေနဂါး အဆောင်ကို ဒေါသတကြီး လိမ်လှည့်လိုက်လေသည်။

… … …

အခန်း(၁,၁၂၅) သူကာကွယ်ပေးရမယ့်အလှည့်

ထန်ထိုက်မင်လည်း ချက်ချင်းလှုပ်ရှားလိုက်ပြီး အစည်းအဝေးခန်းထဲက ဘယ်သူမှ မရှိသည့်နေရာသို့ ပြေးသွားလိုက်သည်။

သိပ်မကြာလိုက်ဘဲ ရွှေနဂါးအဆောင်မှ ထွက်လာသည့် တွန်းအားက ထန်ထိုက်မင်ထံ ရောက်ရှိလာပြီး ထန်ထိုက်မင် လွင့်ထွက်သွားကာ နံရံကိုပါ ဖောက်ထွက်သွားပြီး ဘေးချင်းကပ်လျက် အခန်းထဲ ရောက်သွားလေသည်။

ရှောက်ကျင်းယန် နံရံအပေါက်ထဲ ပြေးဝင်သွားပြီး အုတ်ပုံကြားထဲ လဲကျနေသည့် ထန်ထိုက်မင်ကို ဆွဲထူလိုက်ပါသည်။

“မင်းဘာဖြစ်သွားသေးလဲ”

“ငါဘာမှမဖြစ်ဘူး။ ငါနဲ့ ဝေးဝေးမှာနေ! ဒီပစ္စည်းရဲ့ အားကို မင်းခံနိုင်ရည် မရှိဘူး”။ ထန်ထိုက်မင် သတိပေးလိုက်သည်။ ဒီစွမ်းအင်ကို မတွန်းလှန်နိုင်သော်လည်း အနည်းဆုံးတော့ သူ့မသေမျိုးခန္ဓာကိုယ်က တောင့်ခံနိုင်စွမ်း ရှိပါသည်။

ရှောက်ကျင်းယန် မျက်မှောင်ကြုတ်သွားသည်။ လုကျန်းယွီ၊ စူစူလေးနဲ့ တခြားသူတွေ အားလုံးကို ထန်ထိုက်မင် စိတ်ရင်းနဲ့ ကာကွယ်ပေးဖို့ ကြိုးစားနေတာဖြစ်မှန်း ပထမဆုံးအကြိမ်အဖြစ် ရှောက်ကျင်းယန် ယုံကြည်သွားပါသည်။

ထန်ထိုက်မင်က ရှောက်ကျင်းယန်ကို ဘာမှ ပြောခွင့်မပေးဘဲ မတ်တပ်ရပ်ပြီး အစည်းအဝေးခန်းထဲ ပြန်ပြေးဝင်သွားခဲ့သည်။

ဝမ်ဝေ့ရန်ကို ဆက်ပြီး ရန်စလိုက်ပါသည်။ “မင်းလုပ်နိုင်တာ အဲ့တာအကုန်ပဲလား”

စိတ်ကြီးဝင်နေဆဲဖြစ်သည့် ထန်ထိုက်မင်ကို ကြည့်ကာ ဝမ်ဝေ့ရန် ပိုကြမ်းတမ်းစွာ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီတစ်ခါတော့ ရွှေနဂါးအဆောင်ကို ၁၈၀ ဒီဂရီမှ ၃၆၀ ဒီဂရီအထိ လှည့်ပစ်လိုက်ပါသည်။ သူမကို ဒီအဆောင် ပေးသွားသူက ရွှေနဂါးအဆောင်ကို လှည့်ပါများလေလေ စွမ်းအား ပိုကြီးလာလေလေဖြစ်သည်ဟု သတိပေးသွားသည်။

ပထမတော့ သူမ မယုံကြည်ခဲ့ပါ။ သူမကို ဒီရွှေနဂါးအဆောင် ပေးခဲ့သူက ပေကျင်းမြို့တွင် နာမည်ကြီးပုဂ္ဂိုလ် ဖြစ်နေတာကြောင့်သာ မဟုတ်လျှင် လူလိမ်ဟု ထင်ခဲ့မိလောက်သည်။ အခုတော့ ဒီပစ္စည်းက လူတိုင်းကို အရုပ်တွေလို လွင့်ထွက်သွားအောင် စွမ်းဆောင်နိုင်မှန်း သူမ မျက်မြင် တွေ့နေရပါပြီ။

အခြေအနေမဟန်တာကို မြင်ပြီး ထန်ထိုက်မင် မရှောင်ရှားခဲ့ပေ။ ရွှေနဂါးအဆောင်၏ စွမ်းအားကို သူကောင်းကောင်း သိသည်။ ဒီစွမ်းအားက သာမန်လူသားတစ်ယောက်ကို ထိသွားလို့ လုံးဝ မဖြစ်ပါ။

အန္တရာယ်တောထဲ ကျရောက်လာသောအခါ ဝမ်ဝေ့ရန်နားမှာ လဲကျလာသည့် လုကျန်းယွီကို ထန်ထိုက်မင် လှမ်းကြည့်လိုက်သည်။

အရင်တုန်းက သူ့ကို သူအစ်ကိုကြီးက အမြဲတမ်း ကာကွယ်ပေးခဲ့သည်။ နောက်ဆုံးတော့ သူ့အစ်ကိုကြီးကို ပြန်ကာကွယ်ပေးနိုင်မည့် အခွင့်အရေး ရရှိလာခဲ့ပါသည်။

အရင်တစ်ခေါက်ကထက် ပိုပြင်းထန်သည့် တွန်းအားတစ်ခုက ထန်ထိုက်မင်ကို ရိုက်ခတ်လိုက်သည်။ ထန်ထိုက်မင်လည်း နောက်တစ်ဖန် လွင့်ထွက်သွားကာ နံရံကို ထပ်ဖောက်ထွက်သွားပြီး နောက်တစ်ခန်းရှိ နံရံကိုပါ ရိုက်မိသွားလေသည်။

အစည်းအဝေးခန်းထဲက လူတွေ အားလုံး သွေးပျက်သွားကြသည်။

ဒါလူသတ်မှုပဲ! ဝမ်ဝေ့ရန် လူသတ်မှု ကျူးလွန်နေတာပဲ!

ဝမ်ဝေ့ရန်လက်ထဲက ပစ္စည်းက စွမ်းအားကြီးလွန်းတယ်။ ဘာကြီးလဲ

ဘာလို့ အဲ့လောက် ကြောက်စရာကောင်းနေရတာလဲ။ နည်းပညာမြင့်လက်နက် တစ်မျိုးလား

လက်နဲ့လှည့်လိုက်တိုင်း ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ထွက်လာတယ်

နောက်တစ်ချက်နှစ်ချက်လောက်သာ ထပ်လှည့်လိုက်ရင် သူတို့အကုန်လုံး သေသွားနိုင်လား

ဝမ်ဝေ့ရန်ကိုယ်တိုင်လည်း မှင်သက်သွားခဲ့သည်။ ဒီလိုမြင်ကွင်းမျိုး သူမ ပထမဆုံးမြင်ဖူးတာဖြစ်သဖြင့် အနည်းငယ် ထိတ်လန့်သွားခဲ့ပါသည်။ သို့သော်လည်း ခပ်မြန်မြန်ပဲ စိတ်ကို တင်းလိုက်သည်။

ဒါသူ့အပြစ်ပဲ! သူ့မောက်မာမှုအတွက် ပြန်ပေးဆပ်ရတဲ့ ပြစ်ဒဏ်ပဲ!

ရှောက်ကျင်းယန်လည်း ထန်ထိုက်မင်ဆီ ထပ်ပြေးသွားခဲ့သည်။ ထန်ထိုက်မင်ကို ထူပေးရင်း နှာခေါင်းသွေးတွေ လျှံနေတာကို မြင်သွားပါသည်။ သို့သော် ထန်ထိုက်မင်ကတော့ ဘာမှမဖြစ်သလိုမျိုး လက်ဖြင့်သုတ်ကာ အစည်းအဝေးခန်းထဲ ပြန်ဝင်ဖို့ ကြိုးစားလိုက်သည်။

ရှောက်ကျင်းယန် သတိပေးလိုက်သည်။ “မင်းဘယ်လို သတ္တဝါလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် မင်းသွေးထွက်နိုင်တာတော့ သေချာတယ်။ သူ့ကို ရန်ထပ်စရင် မင်းအသက်အန္တရာယ်ရှိနိုင်တယ်နော်”

“အဲ့တာ ငါ့ကိစ္စပါ”။ ထန်ထိုက်မင် ဘာမှ ရှင်းမပြနိုင်ပါ။

ဝမ်ဝေ့ရန်သာ ရွှေနဂါးအဆောင်ကို တစ်ကြိမ်နှစ်ကြိမ်လောက် ထပ်သုံးလျှင် သူခံနိုင်ရည်ရှိတော့မှာ မဟုတ်မှန်း ထန်ထိုက်မင် နားလည်ပါသည်။ ရွှေနဂါးအဆောင်က ကောင်းကင်ဘုံပိုင် ပစ္စည်းတစ်ခုဖြစ်ကာ နတ်ဘုရားတွေကိုတောင် ဖျက်ဆီးနိုင်စွမ်း ရှိပါသည်။

သို့သော် ဒီအရူးမကို သူအာရုံမလွှဲထားပါက သူမရဲ့ ပစ်မှတ်က လုကျန်းယွီ ဖြစ်သွားနိုင်တာကိုလည်း ထန်ထိုက်မင် သိနေပါသည်။

… … …

All Chapters