← Chapters

အခန်း (၁၁၂၆-၁၁၃၀)

Vol. 45 Ch. 1126-1130

အခန်း (၁၁၂၆-၁၁၃၀)

Vol. 45 Ch. 1126-1130

အခန်း(၁,၁၂၆) စူစူလေး၏ ရပ်တည်မှု

အစည်းအဝေးခန်းထဲ ထန်ထိုက်မင် ပြန်ဝင်လာသောအခါ ဝမ်ဝေ့ရန်သာမက လူတွေအားလုံး မယုံကြည်နိုင် ဖြစ်သွားကြသည်။

ဒီကောင် လူကော ဟုတ်သေးရဲ့လား

သာမန်လူတစ်ယောက်ဆို ဒီလောက် ဒဏ်ရာတွေရပြီး သေသွားမှာပဲ မဟုတ်လား။

တခြားသူသာဆို ကြောက်လန့်သွားလောက်ပြီဖြစ်သော်လည်း ဝမ်ဝေ့ရန်ကတော့ မောက်မာမှုဖြင့် စိတ္တဇဆန်နေသူ ဖြစ်သည်။ သူမကို စိန်ခေါ်ရဲသူ ရန်လာစရဲသူတိုင်းကို သည်းခံမှာ မဟုတ်ပါ။ ထိုလူတွေအားလုံး သေသွားစေရမည်။

ဝမ်ဝေ့ရန် အလွန်ကြမ်းကြုတ်လာပြီး လက်ထဲက ရွှေနဂါးအဆောင်ကို အသည်းအသန် လှည့်ပစ်လိုက်သည်။

တစ်ကြိမ်… နှစ်ကြိမ်… သုံးကြိမ်…

တစ်ပတ်လောက် လှည့်လိုက်တာတောင် ကြောက်စရာ စွမ်းအားမျိုး ထွက်လာလျှင် ဒီလိုအကြိမ်ပေါင်းများစွာ လှည့်လိုက်လျှင် ဗုံးတစ်လုံးနဲ့ စွမ်းအားချင်း တူသွားနိုင်သည်။ တိုက်ခိုက်ခံရသည့်လူသာမက ဘေးပတ်လည်ရှိ လူတွေအပြင် အဆောက်အဦးကြီးတစ်ခုလုံးပါ ပြိုကျသွားနိုင်သည်။

အစည်းအဝေးခန်းထဲကလူတွေအားလုံး သွေးပျက်ကာ မျက်နှာတွေ ဖြူရော်သွားကြသည်။ တချို့ဆို အစည်းအဝေးခန်းထဲမှ ထွက်ပြေးကုန်ကြပါပြီ။ သူများတွေ ထွက်ပြေးတာကိုမြင်ပြီး လူတိုင်း လိုက်ပြေးကုန်ကြသည်။

နောက်ဆုံးတော့ အခန်းထဲမှာ လုမိသားစု၊ ချင်းမိသားစုနဲ့ ဝမ်ဝေ့မင်တို့ကလွဲပြီး တခြား ဘုတ်အဖွဲ့ဝင်တွေ ဘယ်သူမှ မရှိကြတော့ပါ။ ဝမ်ဝေ့မင်၏ မျက်လုံးများက အလွန်မှောင်မိုက်နေပါသည်။

ချင်းမိသားစုဝင်နဲ့ လုမိသားစုဝင်းတွေလည်း အလွန်ကြောက်ရွံ့နေကြသည်။

ဒီတိုက်ခိုက်မှုကို ထန်ထိုက်မင် ခံနိုင်ရည်ရှိပါ့မလား။

ဝမ်ဝေ့ရန် ရွှေနဂါးအဆောင်ကို လှည့်ပတ်နေတာ ရပ်တန့်လိုက်သောအခါ အလွန်ပြင်းထန်သည့် တွန်းအားတွေ ထွက်လာပြီး ထန်ထိုက်မင်ထံ တည့်တည့်ဦးတည်သွားလေသည်။

ထိုစဉ် ရှောက်ကျင်းယန် အမြန်လှုပ်ရှားလိုက်ပြီး ထန်ထိုက်မင်၏ အင်္ကျီကော်လံကို ကိုင်ကာ နောက်သို့ ပြန်ဆွဲခေါ်လိုက်ပါသည်။

ထန်ထိုက်မင် ထိတ်လန့်သွားသည်။ ရှောက်ကျင်းယန် ဒီလို လုပ်လိမ့်မည်ဟု သူထင်မထားခဲ့ပေ။

“အရူးကောင်!”

ထန်ထိုက်မင် တစ်ခွန်းတည်းသာ ရေရွတ်နိုင်သည်။ ရွှေနဂါးအဆောင်၏ စွမ်းအားနဲ့ အမြန်နှုန်းတို့က ရှောက်ကျင်းယန်လို သာမန်လူသားမျိုး ခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပါ။ အခုချိန် ပြေးဝင်လာလို့ ထန်ထိုက်မင်ကို မကယ်တင်နိုင်သည့်အပြင် သူပါ ဒုက္ခရောက်သွားနိုင်သည်။

နောက်ကျသွားပြီဖြစ်မှန်း ထန်ထိုက်မင် သိလိုက်ပါသည်။ နောက်ဆုံးအချိန်မှာ ရှောက်ကျင်းယန်ကို သူ့ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးဖို့သာ ဆုံးဖြတ်နိုင်တော့သည်။ ဒါမှ ရှောက်ကျင်းယန်လို သာမန်လူသားတစ်ယောက် ထိခိုက်မှု နည်းပါးမှာ ဖြစ်သည်။

ထန်ထိုက်မင်၏ လုပ်ရပ်ကြောင့် ရှောက်ကျင်းယန်လည်း ကြက်သေသေသွားခဲ့သည်။

စက္ကန့်ပိုင်းအတွင်း ရွှေနဂါးအဆောင်၏ တွန်းအား ရောက်ရှိလာသည်။ ထိုတွန်းအားက အဆင့် ၁၀ ကျော်သည့် ဟာရီကိန်း မုန်တိုင်းတစ်ခုနီးပါး စွမ်းအားကြီးသဖြင့် မျက်လုံးတွေကိုတောင် ဖွင့်မထားနိုင်တော့ပါ။ ထန်ထိုက်မင်နဲ့ ရှောက်ကျင်းယန်တို့အနားရရှိ ပရိဘောဂပစ္စည်းတွေ၊ နံရံတွေအားလုံး တစ်စစီပျက်စီးသွားခဲ့သည်။

ဒီတစ်‌ခေါက် စွမ်းအင်က အရင် နှစ်ခေါက်ကထက် အဆပေါင်းများစွာ ပိုမိုကြီးမားသည်။ သို့သော် ထန်ထိုက်မင် နာကျင်မှုကို မခံစားခဲ့ရပါ။

ဘာဖြစ်သွားတာလဲ…

ထန်ထိုက်မင် ခေါင်းလှည့်ကာ ရှေ့သို့ပြန်ကြည့်လိုက်ရာ သူတို့ရှေ့မှာ ရပ်နေသည့် စူစူလေးကို မြင်လိုက်ရလေသည်။

“စူစူလေး!!”

အခန်းထဲက လူတွေအားလုံး တစ်ပြိုင်တည်း အော်လိုက်ကြသည်။

ဒဏ်ရာရရှိထားသည့် ချင်းယန်ကျစ်၊ ဟဲပေမူ၊ အိမ်တော်ထိန်းကျန်းတို့ ချက်ချင်းဆိုသလို စူစူလေးထံ ပြေးလာခဲ့ကြသည်။ ဒဏ်ရာအပြင်းထန်ဆုံး ရရှိထားသည့် ချင်းယွင်ကျစ်က မတ်တပ်ရပ်ဖို့ ကြိုးစားသော်လည်း ဒဏ်ရာတွေကြောင့် ပြန်လဲကျသွားခဲ့ပါသည်။ အိမ်တော်ထိန်းကျန်းနဲ့ ဟဲပေမူတို့လည်း ထိခိုက်ဒဏ်ရာ ရရှိထားကြသည်။ ထို့ကြောင့် အားလုံးထဲမှာ ချင်းယန်ကျစ်က အမြန်ဆုံးဖြစ်သဖြင့် စူစူလေးထံ အရင်ဆုံး ရောက်ရှိသွားခဲ့ပါသည်။

ကြမ်းပြင်ပေါ်လဲကျသွားသည့် စူစူလေးကို အမြန်ပွေ့ချီကာ တုန်ယင်နေသော အသံဖြင့် ခေါ်လိုက်ပါသည်။ “ညီမလေး! ညီမလေး ဘာဖြစ်သွားသေးလဲ’

“ဘာမှမဖြစ်ပါဘူး”။ စူစူလေး မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ချိုမြိန်သော အသံလေးဖြင့် ဖြေလိုက်ပါသည်။

အနည်းငယ်နာကျင်သော်လည်း ထင်ထားသလောက်တော့ မနာကျင်ခဲ့ပါ။

ချင်းယန်ကျစ်၏ မျက်လုံးများ သွေးချင်းနီသွားခဲ့သည်။

ဘာလို့ ဘာမှမဖြစ်ရမှာလဲ! နံရံတွေတောင် တစ်စစီဖြစ်သွားတာ သူ့ညီမလေး ဘယ်လောက်တောင် နာကျင်သွားလိုက်မလဲ!

… … …

အခန်း(၁,၁၂၇) ကိုကြီး မကြောက်နဲ့

အားလုံးရဲ့ စိုးရိမ်ပူပန်နေသော အကြည့်များကို မြင်ပြီး စူစူလေး ခက်ခက်ခဲခဲ မတ်တပ်ပြန်ရပ်ပြလိုက်ပါသည်။

“ဘာမှ မဖြစ်ပါဘူး။ တကယ် ဘာမှမဖြစ်ပါဘူး”

အနည်းငယ် နာကျင်နေသော်လည်း တခြားသူတွေ ဘာမှမဖြစ်ဖို့ အရေးကြီးပါသည်။

ထို့နောက် သူမ လက်မောင်းကို ကွေးလျက် သန်မာသည့်ပုံစံမျိုး လုပ်ပြဖို့ ကြိုးစားလိုက်သည်။ သို့သော် ဒဏ်ရာ တစ်ခုကြောင့် သူမ မျက်နှာလေး အနည်းငယ် ရှုံ့တွသွားခဲ့ရပါသည်။ သို့သော်လည်း မျက်နှာကို အမြန်ဆုံး ပြင်လိုက်ပြီး ပြုံးလိုက်ကာ အားလုံးကို နှစ်သိမ့်လိုက်ပါသည်။ “အစ်ကိုလတ် မငိုပါနဲ့! တကယ် မနာဘူး! ဒဏ်ရာတွေက အသေးအဖွဲတွေပဲဥစ္စာ! သမီးမကြောက်ပါဘူး!”

ချင်းယန်ကျစ် မျက်ရည်များ ဝဲနေပြီး ခေါင်းညိတ်ပြလိုက်ပါသည်။

စူစူလေးကို ထန်ထိုက်မင် သေချာ ကြည့်လိုက်သည်။ သူမ တကယ် ဒဏ်ရာပြင်းပြင်းထန်ထန် ရမထားမှန်း သေချာမှ သက်ပြင်းချနိုင်လေသည်။ စူစူလေးသာ တစ်ခုခုဖြစ်သွားပါက သူ့အစ်ကိုကြီးကို ဘယ်လိုရှင်းပြရမှန်း သိမှာမဟုတ်ပါ။

စူစူလေးက လူသားအဖြစ် ပြန်လည်မွေးဖွားလာသော်လည်း နတ်သားရဲစွမ်းအင်များကို ပိုင်ဆိုင်ထားဆဲဖြစ်သဖြင့် ရွှေနဂါးအဆောင်၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။

ထန်ထိုက်မင် ဘာမှထပ်မစဉ်းစားတော့ပေ။ အခု ပိုအရေးကြီးသည့်ကိစ္စတွေ ရှိနေပါသည်။ ဝမ်ဝေ့ရန်ကို ထပ်ကြည့်လိုက်ပြီး စိန်ထပ်ခေါ်လိုက်သည်။ “ဒီနေရာက ကျဉ်းလွန်းတယ်။ မင်းမှာ သတ္တိရှိရင် အပြင်မှာ တစ်ယောက်ချင်း ယှဉ်ချမလား”

“ငါ့ကို ငတုံးမများထင်နေလား”။ ဝမ်ဝေ့ရန် အံကြိတ်ကာ ပြောလိုက်သည်။ “ငါနားလည်သွားပြီ။ ငါ့ကို နင်တမင်သက်သက် ရန်စနေတာပဲ။ ငါ့ကို အာရုံလွှဲဖို့ ကြိုးစားနေတာမလား”

ဝမ်ဝေ့ရန်က ရူးသွပ်နေသော်လည်း ဦးနှောက်မရှိသူ မဟုတ်ပါ။

ထို့နောက် သူမခြေဖျားနားမှာ လဲကျနေသည့် လုကျန်းယွီကို ဝမ်ဝေ့ရန် ငုံ့ကြည့်လိုက်သည်။ “နင်တို့က ဒီဒုက္ခိတကို ကာကွယ်ပေးချင်နေကြတာမလား။ တစ်ယောက်ကိုတစ်ယောက် ရွံစရာကောင်းအောင် ကာကွယ်ပေးနေကြတာ ဟန်ဆောင်နေကြတာ။ နောက်ဆုံးကျတော့လည်း ဒီဒုက္ခိတကို ငါပစ်မှတ်ထားမှာ နင်တို့အကြောက်ဆုံးမလား”

ဒါကိုကြားတော့ ထန်ထိုက်မင် မျက်နှာ မှောင်မိုက်သွားခဲ့ပြီး သတိပေးလိုက်သည်။ “သူ့ကို မထိနဲ့နော်။ သူမင်းကို ဘာမှ မလုပ်ဖူးဘူး။ မင်းကို စိန်ခေါ်နေတဲ့လူ စော်ကားနေတဲ့လူက ငါပဲ။ သူနဲ့ ဘာမှမဆိုင်ဘူး!”

“အဲ့တော့ ဘာဖြစ်လဲ။ သူ့ကို သတ်ပစ်လိုက်ရင် အဘိုးကြီးလု ရင်ကွဲသွားလိမ့်မယ် နင်တို့အားလုံး ရင်ကွဲရလိမ့်မယ်။ အဲ့တာဆို ငါလိုချင်တာရပြီ! ဝမ်ဝေ့ရန်ကို စိန်ခေါ်ရဲတဲ့ အကျိုးဆက်ကို နင်တို့ နားလည်သွားကြလိမ့်မယ်! နင်တို့အားလုံး သေချင်စိတ်ပေါက်သွားစေရမယ်!’

သူမကို မလေးမစား စော်ကားခဲ့သူတွေကို ပြန်ပေးဆပ်ရအောင် လုပ်ချင်တာဖြစ်သည်။ ထို့ကြောင့် သူမ တိုက်ခိုက်နေသည့်လူက အပြစ်ရှိသူဖြစ်ဖြစ် အပြစ်မဲ့သူဖြစ်ဖြစ် ဂရုမစိုက်နိုင်ပါ။

ထို့နောက် လုကျန်းယွီကို ဝမ်ဝေ့ရန် ရွှေနဂါးအဆောင်ဖြင့် ချိန်ရွယ်လိုက်ပါသည်။

လုကျန်းယွီ သတိလည်နေပါသည်။ သို့သော် ပြူတင်းပေါက်နဲ့ ရိုက်မိထားသည့် ဒဏ်ကြောင့် ကြမ်းပြင်ပေါ်မှာ မလှုပ်နိုင်ဘဲ လဲကျနေလေသည်။

ဒီတစ်ခါတော့ ဝမ်ဝေ့ရန် ရွှေနဂါးအဆောင်ကို အများကြီး မလှည့်ခဲ့ပါ။ ၁၈၀ ဒီဂရီသာ လှည့်လိုက်သည်။ ဒီ့ထက် ပိုလှည့်ဖို့လည်း မလိုအပ်ပါ။ လုကျန်းယွီနောက်မှာ မှန်တွေတောင် မရှိတော့သည့် ပြူတင်းပေါက်ကြီးတစ်ခု ရှိသည်။ တွန်းအားလေးနည်းနည်း ထုတ်သုံးလိုက်ပါက အထပ် ၃၀ မြင့်သည့် အဆောက်အဦးပေါ်မှ လုကျန်းယွီ ပြုတ်ကျသွားလိမ့်မည်။

ဝမ်ဝေ့ရန်၏ အကြံအစည်ကို ရိပ်မိသွားပြီး စူစူလေးနဲ့ ထန်ထိုက်မင်တို့ တွန့်ဆုတ်မှုမရှိဘဲ ပြိုင်တူ ပြေးလာခဲ့ကြသည်။ နှစ်ယောက်စလုံး ဒဏ်ရာရထားကြသော်လည်း နာကျင်မှုကို တောင့်ခံခဲ့ကြသည်။

ဝမ်ဝေ့ရန်ကို တားဖို့ ထန်ထိုက်မင် ကြိုးစားလိုက်စဉ် ရွှေနဂါးအဆောင်ကြောင့် နောက်တစ်ဖန် လွင့်ထွက်သွားခဲ့ပြန်သည်။ ထန်ထိုက်မင် အာရုံလွှဲထားစဉ် စူစူလေးက အလစ်ဝင်သွားပြီး လုကျန်းယွီရှေ့ကို ရောက်ရှိသွားလေသည်။

ထို့နောက် လုကျန်းယွီကို စူစူလေး ပွေ့ဖက်ထားလိုက်လေသည်။ “ကိုကြီး! မကြောက်နဲ့!”

ထို့နောက် ပြင်းထန်သည့် တွန်းအားကြောင့် စူစူလေးနဲ့ လုကျန်းယွီတို့ အဆောက်အဦးပေါ်မှ အတူတူ ပြုတ်ကျသွားလေတော့သည်။

အဆောက်အဦးပေါ်မှ ပြုတ်ကျသွားသည့်အချိန်မှာတောင် စူစူလေးက လုကျန်းယွီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားဆဲဖြစ်သည်။

… … …

အခန်း(၁,၁၂၈) ပြန်လည် တွေ့ဆုံခြင်း

“စူစူလေး…”။ သူ့ကို ပွေ့ဖက်ထားသည့် စူစူလေးအား လုကျန်းယွီ မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“သမီးတောင်းပန်ပါတယ် ကိုကြီး… သမီး မပျံတတ်သေးဘူ”။ စူစူလေး တောင်းတောင်းပန်ပန် ပြောလိုက်ပါသည်။

ကောင်းကင်ဘုံတွင် နတ်ယုတ်မာကြီး သူမကို ပျံသန်းနည်း သင်ပေးခဲ့တုန်းက သူမ အပျင်းထူခဲ့သည်။ အမြဲတမ်း အသိုက်ထဲမှာပဲ ခိုအောင်းနေခဲ့သည်။ အခု သူမ ပျံသန်းချင်သည့်အခါမှာတော့ လူသားကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ။

“စူစူလေး ဘာလို့ ခုန်ချလိုက်တာလဲ။ ငါနင့်ကို မမှတ်မိတော့ဘူးလေ။ ဘာလို့ ငါ့ကို ကယ်ဖို့ နင့်အသက်ကို ရင်းရတာလဲ”

“မှတ်မိသည်ဖြစ်စေ မမှတ်မိသည်ဖြစ်စေ ကိုကြီးက သမီးရဲ့ ကိုကြီး၊ နတ်ယုတ်မာကြီး ဖြစ်နေတုန်းပဲ။ ကိုကြီးကို ကာကွယ်ပေးရမယ့်တာဝန်က မှတ်မိတာ မမှတ်မိတာနဲ့ မသက်ဆိုင်ဘူး။ ရဲရင့်တဲ့လူတစ်ယောက်ဆိုတာ ကိုယ်ချစ်တဲ့လူတွေကို ကာကွယ်ပေးဖို့ သတ္တိရှိရတယ်!”။ စူစူလေး ပြတ်သားစွာ ပြောလိုက်သည်။

“စူစူလေး…”

အတိတ်က မှတ်ဉာဏ်တွေမရှိသော်လည်း စူစူလေး၏ စကားကြောင့် လုကျန်းယွီရင်ထဲ နွေးထွေးသော ခံစားချက်တစ်ခု တိုးဝင်လာခဲ့ပါသည်။

သူတို့နှစ်ယောက် အောက်သို့ ဆက်လက်ပြုတ်ကျသွားခဲ့ပြီး ရုတ်တရက်ဆိုသလို ဘေးပတ်လည်ရှိ မြင်ကွင်းများ ပြောင်းလဲသွားခဲ့သည်။ မိုးမျှော်တိုက်ကြီးတွေ အားလုံး ပျောက်ကွယ်သွားကာ အဖြူရောင် ဟင်းလင်းနယ်တစ်ခုဆီ ရောက်ရှိသွားခဲ့ပါသည်။

သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။ စူစူလေးခန္ဓာကိုယ်ပေါ်က နာကျင်မှုတွေလည်း ပျောက်ကွယ်သွားကာ ငှက်မွေးလေးတစ်ခုလို၊ တိမ်တိုက်လေးတစ်ခုလို ပေါ့ပါးသွားခဲ့ပါသည်။

ဒီနေရာကြီးကို… မြင်ဖူးသလိုပဲ!

ဒီကို ရောက်ဖူးတယ်!

ဒီနေရာကြီးရဲ့ အမည်ကို စူစူလေး စဉ်းစားဖို့ ကြိုးစားနေစဉ် သူမရှေ့မှာ ဧရာမ ပိုင်ကျဲနတ်သားရဲ နှစ်ကောင် ပေါ်လာခဲ့ပါသည်။

“ပိုင်ကျဲ ဖေဖေနဲ့ မေမေ!”။ စူစူလေး ချက်ချင်း မှတ်မိသွားပါသည်။

“စူစူလေး…”

နတ်သားရဲဖေဖေနဲ့ မေမေတို့ ပြိုင်တူ ခေါ်ဆိုလိုက်ပြီး ခေါင်းငုံ့ကာ စူစူလေး၏ ပါးကို တစ်ဖက်တစ်ချက်စီမှ ပွတ်သပ်ပေးလိုက်ပါသည်။ စူစူလေးခေါင်းက သူတို့ နဖူးလောက်သာ ရှိသဖြင့် ပိုင်ကျဲနတ်သားရဲ နှစ်ကောင်၏ အလယ်တွင် စူစူလေး ညပ်သွားသည်။ စူစူလေးကလည်း နတ်သားရဲဖေဖေနဲ့ မေမေတို့၏ ပါးကို ပျော်ပျော်ရွှင်ရွှင် ပွတ်သပ်လိုက်ပါသည်။

ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး စူစူလေး ပိုင်ကျဲနတ်သားရဲအဖြစ် အသွင်ပြောင်းသွားတော့သည်။ သူမတစ်ကိုယ်လုံး နူးညံ့ဖြူဖွေးသည့် ငွေရောင် သားမွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ သူမ အရွယ်အစားက နတ်သားရဲဖေဖေ မေမေတို့လောက်တော့ မကြီးမားသေးပါ။

“သမီးပိုင်ကျဲနတ်သားရဲ ပြန်ဖြစ်သွားပြီ!”။ စူစူလေး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပါသည်။

ထို့နောက် အတောင်နှစ်ဖက်ကို ဖြန့်လျက် ပျံသန်းကြည့်လိုက်သည်။

“ပျံလည်း ပျံနိုင်သွားပြီ!”။ စူစူလေး အောင်ပွဲခံလိုက်သည်။

၂ စက္ကန့်လောက် ပျော်ရွှင်သွားပြီးနောက် စူစူလေး အရေးကြီးတာကို ပြန်သတိရသွားပါသည်။ “ကိုကြီးကို သွားကယ်ရဦးမယ်!”

စူစူလေး ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သည်။ အရပ်မျက်နှာတိုင်းက အဖြူရောင် ဟင်းလင်းနယ်တွေသာ ဖြစ်သဖြင့် ဘယ်ကို ပျံရမလဲမသိ ဖြစ်နေပါသည်။

“စိတ်မပူပါနဲ့ စူစူလေး။ ဖေဖေနဲ့ မေမေတို့ ပြောထားတာ မေ့သွားပြီလား။ ဒီနေရာမှာ အချိန်က လူ့လောကရဲ့အချိန်နဲ့ မတူညီဘူးဆိုတာလေ”။ နတ်သားရဲမေမေက ရှင်းပြလိုက်ပါသည်။

“ဪ ဟုတ်သားပဲ!”

နတ်သားရဲဖေဖေကလည်း ပြုံးကာ ဝင်ပြောလိုက်သည်။ “စူစူလေးက တော်လိုက်တာ။ ဖေဖေတို့နဲ့ အမြန်ဆုံး ပြန်တွေ့နိုင်ခဲ့တယ်”

“ဟုတ်သားပဲ! နတ်သားရဲဖေဖေနဲ့ မေမေတို့ ဘာလို့ထပ်ရောက်လာကြတာလဲ”။ စူစူလေး မေးလိုက်သည်။

“ဖေဖေတို့ရဲ့ သမီးလေး ထပ်ပြီး အရွယ်ရောက်သွားလို့ပေါ့။ ဖေဖေတို့ ချန်ထားခဲ့တဲ့ အကြွင်းအကျန်ပုံရိပ်တွေမှာ အခြေအနေရပ်တွေ ရှိတယ်။ အဲ့ဒီ အခြေအနေရပ်တွေကို စူစူလေး ပြည့်မှီမှ ဒီကိုရောက်လာပြီး ဖေဖေတို့နဲ့ တွေ့ရမှာ”။ နတ်သားရဲ ဖေဖေက ရှင်းပြလိုက်ပါသည်။

“အဲ့တာဆို သမီးက အဲ့ဒီအခြေအနေရပ်တွေကို ပြည့်မှီသွားလို့လား”

“ဒါပေါ့။ သမီးလေး အများကြီး သင်ယူတတ်မြောက်ခဲ့တယ်။ ဖေဖေနဲ့ မေမေတို့ ပိုစိတ်ချရပြီပေါ့”။ ပိုင်ကျဲနတ်သားရဲဖေဖေ၏ အကြည့်မှာ ဝမ်းနည်းမှု ဝမ်းသာမှုများ ရောယှက်နေပါသည်။ သူတို့ရဲ့ သမီးလေး ကျန်းကျန်းမာမာ သန်သန်မာမာနဲ့ ကြီးပြင်းလာတာကို ဝမ်းသာမိပြီး သူတို့အနားမှာရှိမပေးနိုင်တော့တာကို ဝမ်းနည်းမိခြင်းဖြစ်သည်။

“အွန်း! နတ်သားရဲဖေဖေနဲ့မေမေ စိတ်မပူပါနဲ့! သမီးက ရင့်ကျင်သွားပြီ! လိမ်လိမ်မာမာနေပါ့မယ်။ သမီးအတွက် ဘာမှ စိတ်ပူစရာမလိုဘူး!”။ စူစူလေး ကတိပေးလိုက်သည်။

… … …

အခန်း(၁,၁၂၉) နတ်သားရဲဖေဖေနဲ့ မေမေ

“အမှန်ပဲ။ ဖေဖေတို့ရဲ့ သမီးလေးက ရင့်ကျက်သွားပါပြီ။ သမီးလေး ကိုယ့်အနာဂတ်ကိုယ် ပုံဖော်နိုင်ပြီမို့လို့ ဖေဖေနဲ့ မေမေတို့ စိတ်ချလို့ရပြီ”။ နတ်သားရဲဖေဖေက ညှင်သာစွာ ပြောလိုက်လေသည်။

“စိတ်ချလို့ရပြီဆိုပေမယ့် သမီး ဒီ့ထက် စွမ်းအားပိုကြီးလာရင် ထပ်လာတွေ့ရမယ်နော်! မညစ်ရဘူး!”။ စူစူလေး လေးလေးနက်နက် ပြောလိုက်ပါသည်။

“ဟုတ်ပါပြီ။ စူစူလေး ဒီ့ထက်ပိုတော် ပိုစွမ်းအားကြီးလာရင် ဖေဖေနဲ့ မေမေတို့ ထပ်လာတွေ့မယ်နော်”။ နတ်သားရဲမေမေ ကတိပေးလိုက်ပါသည်။

“နတ်သားရဲဖေဖေနဲ့ မေမေ၊ ဖက်ကြရအောင်!”။ စူစူလေး ပျော်ရွှင်စွာ ပြောလိုက်သည်။

ဒီတွေ့ဆုံမှုက ခဏတာသာဖြစ်မှန်း စူစူလေး သိပါသည်။ မကြာမီ သူတို့ နှုတ်ဆက်ရလိမ့်မည်။ နောက်တစ်ခါ ဘယ်အချိန်မှ ပြန်တွေ့ရမလဲဆိုတာကိုလည်း စူစူလေး သေချာမသိပါ။ ထို့ကြောင့် ပိုင်ကျဲနတ်သားရဲ ဖေဖေနဲ့ မေမေတို့ရဲ့ အသွင်အပြင်၊ အနံ့တို့ကို စိတ်ထဲစွဲသွားအောင် မှတ်ထားချင်သည်။

နတ်သားရဲဖေဖေနဲ့ မေမေတို့ကို စူစူလေး ပွတ်သပ်လိုက်ပါသည်။

နတ်သားရဲဖေဖေနဲ့ မေမေလည်း သမီးဖြစ်သူကို ကြည့်ကာ ဝမ်းမြောက်သွားကြပြီး မျက်ရည်များ ဝဲလာခဲ့ပါသည်။

စူစူလေး ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမရဲ့ ကမ္ဘာကြီးတစ်ခုလုံးက နွေးထွေးမှုအရောင်သာ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကို သူမ ပြန်လည်ရောက်ရှိသွားခဲ့ပြီး နတ်သားရဲဖေဖေနဲ့ မေမေက သူမနားမှာ ရှိနေကြသည်။

ထိုအချိန်တုန်းက သူမ ဥလေးတစ်လုံးအဖြစ်သာ ရှိနေပါသေးသည်။ နတ်သားရဲဖေဖေနဲ့ မေမေတို့၏ နူးညံ့သိမ်မွေ့သော အသံကို သူမ ကြားနေရသည်။ နတ်သားရဲဖေဖေနဲ့ မေမေတို့က သူမကို အလွန်ချစ်မြတ်နိုးပြီး ဥထဲမှ သူမ ထွက်လာမည့် အချိန်ကို စောင့်မျှော်နေကြသည်။

သို့သော် သူမ အပျင်းထူခဲ့ပါသည်။ ဥခွံထဲမှာ နေရတာ သက်တောင့်သက်သာ ရှိသဖြင့် အပြင်မထွက်ချင်သေးပါ။

တစ်နေ့ကျတော့ နတ်သားရဲဖေဖေနဲ့ မေမေတို့က အရေးကြီးကိစ္စတစ်ခုရှိသည်ဟု ဆိုကာ ထွက်သွားခဲ့ကြသည်။ အရင်ကလိုပဲ မကြာခင် ပြန်ရောက်လာကြလိမ့်မည်ဟု စူစူလေး ထင်ခဲ့ပါသည်။ သို့သော် သူမ ဥခွံထဲမှာ အချိန်အကြာကြီး စောင့်နေခဲ့သော်လည်း နတ်သားရဲဖေဖေနဲ့ မေမေတို့ ပြန်မလာကြတော့ပါ။

ထို့နောက် နတ်ယုတ်မာကြီး ရောက်ရှိလာပြီး သူမကို ခေါ်ဆောင်သွားခဲ့သည်။ နတ်သားရဲ ဖေဖေ မေမေတို့နဲ့ မတူဘဲ နတ်ယုတ်မာကြီး၏ အသံက အေးတိအေးစက်နိုင်လှသည်။ နတ်သားရဲဖေဖေနဲ့ မေမေတို့ ဘယ်ရောက်သွားကြသလဲဆိုတာကို သိချင်သဖြင့် ဥခွံထဲမှ ဖောက်ထွက်နိုင်အောင် စူစူလေး အစွမ်းကုန်ကြိုးစားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် အလင်းတန်းတစ်ခု တိုးဝင်လာပြီး အပြင်လောကကို သူမ ပထမဆုံးအကြိမ်အဖြစ် မြင်ခဲ့ရသည်။ ဥခွံထဲမှ ထွက်လာပြီးနောက် သူမ ပထမဆုံး မြင်လိုက်ရတာက နတ်ယုတ်မာကြီး၏ အေးတိအေးစက် မျက်နှာဖြစ်ပါသည်။

ဒါသူမရဲ့ ဖေဖေနဲ့ မေမေမဟုတ်ပါ။ သူမဖေဖေနဲ့ မေမေတို့ကိုသာ တွေ့ချင်သည်။

သို့သော် နတ်ယုတ်မာကြီးက သူမဖေဖေနဲ့ မေမေတို့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ကြောင်း ပြောခဲ့သည်။ သို့သော် စူစူလေး မယုံကြည်ခဲ့ပါ။ နတ်ယုတ်မာကြီးကို သူမ မုန်းတီးခဲ့သည်။ နတ်သားရဲဖေဖေနဲ့ မေမေတို့ ပျောက်ကွယ်သွားအောင် သူလုပ်လိုက်တာ ဖြစ်မည်။

သူ့ကို မုန်းတီးသော်လည်း နတ်ယုတ်မာကြီးက နေ့တိုင်း စားစရာတွေ ယူလာပေးပြီး ပုံပြင်တွေလည်း ပြောပြခဲ့သည်။ နေ့တိုင်းလိုလို သူမနဲ့ အချိန်အကြာကြီး အဖော်ပြုပေးခဲ့သည်။

အချိန်တစ်ခုကြာပြီးနောက် နတ်ယုတ်မာကြီးကို စူစူလေး မမုန်းနိုင်တော့ပါ။ သို့သော် မမုန်းတော့သည့် အချိန်ကျမှ နတ်ယုတ်မာကြီးက သူမကို ကန်ထုတ်ခဲ့သည်။

တကယ်တော့ ကန်ထုတ်ခဲ့တာကို စိတ်ဆိုးတာ မဟုတ်ပါ။ သူမကို အလိုမရှိတော့သည့်အတွက် ဝမ်းနည်းခြင်းသာ ဖြစ်သည်။ သူမမှာ နတ်သားရဲဖေဖေနဲ့ မေမေလည်းမရှိတော့ပါ။ ထို့ကြောင့် သူမအတွက် အရေးအပါဆုံး ပုဂ္ဂိုလ်က နတ်ယုတ်မာကြီးသာ ဖြစ်ခဲ့သည်။ သူစွန့်ပစ်တာကို ခံလိုက်ရသောအခါ စူစူလေး အလွန်ဝမ်းနည်းသွားခဲ့ပါသည်။

ကံကောင်းစွာဖြင့် လူသားဘဝမှာ လူသား ဖေဖေ မေမေ၊ သူငယ်ချင်းကောင်းတွေ အများကြီးနဲ့ သူမ ဆုံခွင့်ရခဲ့သည်။

“နတ်သားရဲဖေဖေနဲ့မေမေ…”

“ဘာလဲ သမီးလေး”။ နတ်သားရဲဖေဖေက နူးညံ့သိမ်မွေ့စွာ မေးလိုက်ပါသည်။

“ဒီကနေ ထွက်သွားရင် သမီး ဒီလိုပုံစံအတိုင်းပဲ ရှိနေမှာလား”။ စူစူလေး ဆက်မေးလိုက်သည်။

နတ်သားရဲဖေဖေမေမေတို့နဲ့ ဆုံရတာ ပျော်စရာကောင်းသော်လည်း အခု နတ်ယုတ်မာကြီးကို ကယ်တင်ဖို့ နည်းလမ်းရှာဖွေရမည်ဖြစ်သည်။

ထိုသို့မေးပြီးနောက် သူမနောက်ကျောပေါ်ရှိ အတောင်ပံတွေကို လှည့်ကြည့်လိုက်ပါသည်။ သူမမှာသာ အတောင်ပံတွေ ရှိနေလျှင် နေရာမရွေး ပျံသန်းသွားလို့ရပြီး အဆောက်အဦးပေါ်မှ ပြုတ်ကျမှာကိုလည်း စိတ်ပူစရာ မလိုတော့ပါ။

… … …

အခန်း(၁,၁၃၀) တချို့ကိစ္စတွေကို ကံစီမံထားပြီးသား

“စူစူလေးက လူသားလေးဖြစ်နေပြီလေ။ ဒီလောကအပြင်ဘက်မှာ နတ်သားရဲအဖြစ် အသွင်ပြောင်းလို့ရမှာ မဟုတ်ဘူး”။ နတ်သားရဲမေမေက ပြောလိုက်ပါသည်။

“အာ့ဆို ဘယ်လိုလုပ်ရမလဲ။ ကိုကြီးနဲ့ သမီးတို့ အဆောက်အဦးအမြင့်ကြီးပေါ်က ပြုတ်ကျသွားတာ။ သမီးတို့ သေသွားမှာလား။ သမီးတို့ သေသွားရင် အရင်ပုံစံ ပြန်ဖြစ်သွားမှာလား။ မဖြစ်သေးပါဘူး။ သမီးသေသွားရင် လူသား ဖေဖေနဲ့ မေမေတို့ အရမ်းဝမ်းနည်းသွားကြလိမ့်မယ်”

စူစူလေး သေရမှာ မကြောက်ပါ။ သို့သော် လူသားဖေဖေနဲ့မေမေ၊ အစ်ကိုကြီးတွေနဲ့ တူလေးတွေ၊ သူမကို ချစ်မြတ်နိုးသည့်လူတွေအားလုံး ရင်ကွဲသွားမှာကိုတော့ စူစူလေး ကြောက်ပါသည်။

“စိတ်မပူပါနဲ့ စူစူလေး။ အားလုံး အဆင်ပြေသွားမှာပါ။ သမီးတို့နှစ်ယောက်စလုံး မသေနိုင်ပါဘူး”။ နတ်သားရဲဖေဖေက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“သမီးတို့ကို တစ်ယောက်ယောက် လာကယ်မှာလား”။ စူစူလေး မေးလိုက်သည်။

“ဘယ်သူမှ ကယ်တင်စရာမလိုဘူး… တချို့ကိစ္စတွေကို ကံစီမံထားပြီးသား။ ဖေဖေတို့ရဲ့ စူစူလေးက ဘာမှ စိုးရိမ်စရာ မလိုဘူးနော်”။ နတ်သားရဲဖေဖေ အာမခံလိုက်ပါသည်။

“ဟင်”။ စူစူလေး သိပ်နားမလည်ပါ။ နတ်သားရဲဖေဖေ၏ စကားလုံးများက နားလည်ရခက်နေပါသည်။

“အတိုချုန်းပြောရရင် ဘာမှ တွေးမပူပါနဲ့။ အမှောင်ထဲကို ရောက်တိုင်း အလင်းဆိုတာ ရှိစမြဲပဲ။ သမီးနဲ့ သမီးရဲ့ ကိုကြီးတို့ ဘေးကင်းမှာပါ”။ နတ်သားရဲမေမေက အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်ပါသည်။

“အာ့ဆိုလည်း သမီးစိတ်မပူတော့ဘူး!”

စူစူလေး စိတ်အေးသွားပြီး ပိုင်ကျဲနတ်သားရဲ ဖေဖေနဲ့ မေမေတို့ကို ထပ်မံပွေ့ဖက်လိုက်ပါသည်။ တိုတောင်းသော်လည်း နွေးထွေးသည့် အခိုက်အတန့်လေးဖြစ်သည်။

နတ်သားရဲဖေဖေနဲ့ မေမေတို့ကို နှုတ်ဆက်ပြီးနောက် အဖြူရောင်ဟင်းလင်းနယ်မြေ ပျောက်ကွယ်သွားပြီး စူစူလေး လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်။ သူမနဲ့ ကိုကြီးတို့ အဆောက်အဦးပေါ်မှ ပြုတ်ကျနေကြဆဲဖြ်သည်။

စူစူလေး ဘေးပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူမတို့ကို လာကယ်မည့်လူဟူ၍ မရှိပါ။ သူမနဲ့ ကိုကြီးတို့ အရှိန်ဖြင့် ပြုတ်ကျနေကြဆဲဖြစ်သည်။

ပိုင်ကျဲနတ်သားရဲဖေဖေနဲ့ မေမေတို့ မမှားလောက်ပါဘူးနော်…

သေချာပါတယ်! နတ်သားရဲဖေဖေနဲ့ မေမေတို့က လုံးဝ လိမ်မှာ မဟုတ်ဘူး!

စူစူလေး အတွေးများနေစဉ် သူမတို့နှစ်ယောက်၏ ခန္ဓာကိုယ်မှာ အလွန်ပျော့အိသည့် ဧရာမပူပေါင်းကြီးတစ်လုံးပေါ်ကို ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ အလွန်နူးညံ့အိစက်လွန်းသဖြင့် နာကျင်မှုကို လုံးဝ မခံစားခဲ့ရပါ။

စူစူလေး အောက်က အပြာရောင် ပူပေါင်းကြီးကို ငုံ့ကြည့်လိုက်သည်။

ဧရာမဝေလငါး လေသွင်းရုပ်ကြီးပဲ!

ဒီနေ့ သူမတို့ ရောက်လာတုန်းက မြင်ခဲ့ရတဲ့ လေသွင်းရုပ်ကြီးမဟုတ်လား!

ကုမ္ပဏီရှေ့မှာ ထားဖို့အတွက် ဝန်ထမ်းတွေကို အဘိုးဖြစ်သူ ညွှန်ကြားထားသည့် လေသွင်းရုပ်ကြီးဖြစ်မှန်း လုကျန်းယွီလည်း သိပါသည်။ သူတို့အိမ်ကို ဆရာယဲ့ ရောက်လာသည့်နေ့တုန်းက ပြောကြားသွားခဲ့သည့်စကားကို မှတ်မိပါသေးသည်။ ဒီလေသွင်းရုပ်ကြီးကို ကုမ္ပဏီ၏ အရှေ့တောင်ဘက်တွင် ထားလိုက်ပါက ကံဆိုးမှုတွေကို တွန်းလှန်နိုင်လိမ့်မည်ဟု ဆရာယဲ့ ဆိုခဲ့သည်။

ဧကန္တ…

လုကျန်းယွီ အားယူကာ ခေါင်းမော့လိုက်ပြီး စူစူလေးကို စိုးရိမ်တကြီး မေးလိုက်ပါသည်။ “စူစူလေး ဘယ်နေရာ နာသွားသေးလဲ”

“မနာပါဘူး! သမီးက သန်မာပြီးသား!”။ နည်းနည်းတော့ နာကျင်နေသော်လည်း သူမခန္ဓာကိုယ်က သန်မာသဖြင့် ကိစ္စမရှိပါ။

ထိုစဉ် အဆောက်အဦးအပေါ်မှ စောင့်ကြည့်နေသည့် ဝမ်ဝေ့ရန်လည်း စူစူလေးနဲ့ လုကျန်းယွီတို့ ဘေးကင်းတာကို မြင်ပြီး သူမ ထင်ထားသလို ဖြစ်မလာသည့်အတွက် ဒေါသအလွန် ထွက်သွားခဲ့သည်။ နှစ်ယောက်စလုံးကို ထပ်မံ တိုက်ခိုက်ဖို့ အတွက် ဝမ်ဝေ့ရန် ရွှေရောင်နဂါးအဆောင်ကို ထပ်လှည့်လိုက်ပါသည်။

ဝမ်ဝေ့ရန်၏ လုပ်ရပ်ကို လုကျန်းယွီ မြင်သွားသည်။ ဒဏ်ရာရရှိထားသည့် သူ့ခန္ဓာကိုယ် ရုတ်တရက်ဆိုသလို စွမ်းအားတွေနဲ့ ပြည့်နှက်သွားခဲ့ပြီး စူစူလေးကို အပေါ်မှ မိုးကာ ကာကွယ်ပေးလိုက်သည်။

“ကိုကြီး”။ စူစူလေး အံ့အားသင့်သွားလေသည်။

ရွှေနဂါးအ‌ဆောင်၏ စွမ်းအင် ထွက်လာပြီး လုကျန်းယွီ၏ နောက်ကျောပေါ်သို့ ကျရောက်ခါနီးဆဲဆဲအချိန်တွင် လုကျန်းယွီ၏ ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထိုးထွက်လာခဲ့သည်။ ရွှေရောင် အလင်းတန်းများက ရွှေနဂါးအဆောင်၏ စွမ်းအင်ကို လွှမ်းခြုံတိုက်ဖျက်ကာ ဝမ်ဝေ့ရန်ဆီသို့ ဦးတည်သွားလေသည်။

… … …

All Chapters