အခန်း (၁၁၃၁-၁၁၃၃)
Vol. 45 Ch. 1131-1133
အခန်း(၁,၁၃၁) မှတ်ဉာဏ်များ ပြန်လည် ရရှိခြင်း
ဝမ်ဝေ့ရန် တုန့်ပြန်ချိန်တောင် မရလိုက်ပါ။ မျက်စိတစ်မှိတ်အချိန်အတွင်း ရွှေရောင်အလင်းတန်းများက သူမဆီ ရောက်ရှိလာသည်။ ထို့နောက် ဝမ်ဝေ့ရန် လွင့်ထွက်သွားကာ လက်ထဲက ရွှေနဂါးအဆောင်လည်း ကြမ်းပြင်ပေါ် လွတ်ကျသွားလေတော့သည်။
အဖြစ်အပျက်က မြန်ဆန်လွန်းသဖြင့် ဘယ်သူမှ မတုန့်ပြန်နိုင်ခဲ့ပါ။
မသေမျိုးဖြစ်သည့် ထန်ထိုက်မင်တစ်ယောက်တည်းကသာ အမြန်လှုပ်ရှားနိုင်ခဲ့ပြီး ကြမ်းပြင်ပေါ် ကျနေသည့် ရွှေနဂါးအဆောင်ကို ကောက်ယူလိုက်ပါသည်။ ရွှေနဂါးအဆောင်သာ မရှိပါက ဝမ်ဝေ့ရန်မှာ သာမန် အရူးမ တစ်ယောက်သာ ဖြစ်သည်။ ဘာမှကြောက်စရာမလိုတော့ပါ။
ထို့နောက် ပြူတင်းပေါက်မှ ခေါင်းပြူထွက်လျက် လုကျန်းယွီနဲ့ စူစူလေးတို့ကို ထန်ထိုက်မင် ငုံ့ကြည့်လိုက်ပါသည်။ ရွှေရောင်အလင်းတန်းများက ကျိန်းသေပေါက် သူ့အစ်ကိုကြီးရဲ့ စွမ်းအင်ဖြစ်သည်။
သူ့အစ်ကိုကြီး ပြန်ရောက်လာပြီဆိုတဲ့သဘောလား
ဒါမှမဟုတ် တခြားအကြောင်းအရင်းတစ်ခုကြောင့်လား
ဧရာမ ဝေလငါးလေသွင်းရုပ်ကြီးပေါ်မှာ လုကျန်းယွီကို စူစူလေး အံ့အားသင့်စွာ ကြည့်လိုက်သည်။
“နတ်ယုတ်မာကြီးလား”။ စူစူလေး ခေါ်လိုက်သည်။
ခုနက ရွှေရောင်အလင်းတန်းတွေက နတ်ယုတ်မာကြီးရဲ့ အလင်းတန်းတွေဖြစ်မှန်း စူစူလေး သိပါသည်။
“မှတ်ဉာဏ်တွေ ဆုံးရှုံးသွားရုံနဲ့ ဘာလို့ နတ်ယုတ်မာကြီး ဖြစ်သွားရတာလဲ”။ လုကျန်းယွီ ပြုံးကာ မေးလိုက်ပါသည်။
“ဟာ! ကိုကြီးပဲ! ကိုကြီး ပြန်သတိရသွားပြီလား!”။ စူစူလေး အံ့အားသင့်စွာ ထပ်မေးလိုက်သည်။
“အင်း… မှတ်မိပါပြီ။ ဘာတွေဖြစ်သွားတာလဲ နားမလည်ဘူး။ ကိုကြီးခန္ဓာကိုယ်ထဲ နွေးထွေးတဲ့ စွမ်းအင်တချို့ ခံစားလိုက်ရပြီး မှတ်ဉာဏ်တွေအားလုံး ပြန်ရောက်လာတယ်”။ လုကျန်းယွီ တိုးညှင်းစွာ ပြောလိုက်သည်။
တကယ် သူမရဲ့ ကိုကြီးပဲ!
ပြုံးလည်း ပြုံးနေတယ်! လေသံက နူးညံ့သိမ်မွေ့ပြီး သူစိမ်း မဆန်တော့ဘူး!
စူစူလေး အပျော်လွန်သွားပြီး လုကျန်းယွီကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ပါသည်။
“ကိုကြီး သမီးကို မှတ်မိပြီပေါ့! ပျော်စရာကြီး!”
စူစူလေး၏ အောင်ပွဲခံသံကိုကြားပြီး လုကျန်းယွီ ပျော်ရွှင်သွားသလို စိတ်မကောင်းလည်း ဖြစ်မိပါသည်။ “စူစူလေးကို မေ့သွားမိလို့ တောင်းပန်ပါတယ်”
“ရပါတယ် ရပါတယ်။ ကိုကြီး တမင်သက်သက် မေ့တာမှ မဟုတ်တာ။ ပြီးတော့ ကိုကြီးကို ကန်လည်း ကန်ပြီးသွားပြီ။ အာ့ကြောင့် ကျေသွားပြီနော်”
“စူစူလေး မကျေနပ်သေးရင် နောက်တစ်ခါ ထပ်ကန်လို့ ရသေးတယ်နော်”။ လုကျန်းယွီ အပြုံးဖြင့် ပြောလိုက်သည်။
“အာ့ဆို ကိုကြီး နေပြန်ကောင်းတဲ့အထိ စောင့်ပြီးမှ ထပ်ကန်တော့မယ်”
“ဟုတ်ပါပြီ ဟုတ်ပါပြီ”။ လုကျန်းယွီ ရယ်မောရင်း ခေါင်းညိတ်လိုက်ပါသည်။
“ခုနက ကိုကြီး ဘာတွေလုပ်လိုက်တာလဲ။ အရမ်းမိုက်တာပဲ!”။ စူစူလေး မေးလိုက်သည်။
“ခုနက ဟုတ်လား”။ လုကျန်းယွီတစ်ခုခု တွေးမိသွားပြီး အဆောက်အဦးပေါ်သို့ မော့ကြည့်လိုက်သည်။ ပြူတင်းပေါက်နား ရပ်နေခဲ့သည့် ဝမ်ဝေ့ရန်ကို မတွေ့ရတော့ပါ။
“အဲ့ဒီ မိန်းမ ဘယ်ရောက်သွားလဲ”။ လုကျန်းယွီ မေးလိုက်သည်။
လုကျန်းယွီကိုယ်တိုင်လည်း ဘာတွေဖြစ်သွားသလဲဆိုတာ သိပုံမပေါ်ပါ။ သူ့ကိုယ်မှ ထွက်လာသည့် ရွှေရောင် အလင်းတန်းတွေကိုလည်း မြင်လိုက်ပုံ မပေါ်ပါ။
ဆိုလိုတာက နတ်ယုတ်မာကြီး၏ မှတ်ဉာဏ်တွေမဟုတ်ဘဲ ကိုကြီးရဲ့ မှတ်ဉာဏ်တွေကိုသာ ပြန်လည်ရရှိသွားတာ ဖြစ်နိုင်ပါသည်။
“သူရှုံးသွားပြီ! ကိုကြီး ဘာမှ စိတ်မပူနဲ့တော့နော်!”
ကလေးနှစ်ယောက် ဝေလငါး လေသွင်းရုပ်ကြီးပေါ် လှဲလျောင်းရင်း စကားပြောနေစဉ် လူကြီးတွေက အောက်သို့ အမြန်ဆင်းလာကြပြီး ကုမ္ပဏီလုံခြုံရေးများကို ခေါ်ကာ ကယ်ဆယ်ရေး စတင်ခဲ့ကြပါသည်။
ဝမ်ဝေ့ရန်ကိုလည်း ရှောက်ကျင်းယန်က လက်ထိပ်ခတ်ကာ ဖမ်းဆီးသွားပြီဖြစ်သည်။ ဝမ်ဝေ့ရန် ရုန်းကန်ဖို့ ကြိုးစားသော်လည်း အသုံးမဝင်ပါ။ ပါးစပ်ကိုပါ တိပ်ဖြင့် အကပ်ခံထားရသဖြင့် အော်လည်း မအော်နိုင်တော့ပါ။ ဝမ်ဝေ့မင်လည်း ဘာတစ်ခွန်းမှ မပြောဘဲ သမီးဖြစ်သူနောက်မှ တိတ်တဆိတ်လိုက်သွားခဲ့တော ့သည်။
မကြာမီ ယွဲ့ယွမ်လုံခြုံရေးအဖွဲ့မှ စူစူလေးနဲ့ လုကျန်းယွီတို့ကို အောင်အောင်မြင်မြင် ကယ်တင်ပေးနိုင်ခဲ့ပါသည်။
မြေပေါ်သို့ ပြန်ရောက်သောအခါ သခင်ကြီးလုက လုကျန်းယွီကို ချက်ချင်း ပွေ့ဖက်လိုက်ပါသည်။ ချင်းယွင်ကျစ်နဲ့ ချင်းယန်ကျစ်တို့ ညီအစ်ကိုတွေလည်း စူစူလေးရဲ့ ဒဏ်ရာတွေကို အမြန်စစ်ဆေးကြည့်လိုက်ကြပါသည်။
… … …
အခန်း(၁,၁၃၂) စူစူလေးဆရာက လူကောင်းမဟုတ်ဘူး
“ညီမလေး ဘာဖြစ်သွားသေးလဲ။ ဘယ်နားနာနေလဲ။ ခဏသည်းခံထားနော်။ ဆရာဝန်တွေ မကြာခင် ရောက်လာလိမ့်မယ်!”။ ချင်းယန်ကျစ် စိုးရိမ်ပူပန်စွာ ပြောလိုက်ပါသည်။
“ဘာမှမဖြစ်ပါဘူး။ အစ်ကိုငယ်ရဲ့ ဒဏ်ရာကမှ ပိုစိုးရိမ်ရတာ။ အစ်ကိုငယ်ကို ဆေးရုံပို့ပေးကြရအောင်!”။ ချင်းယွင်ကျစ်၏ ဒဏ်ရာတွေကမှ ပိုစိတ်ပူစရာကောင်းသည်ဟု စူစူလေးထင်သဖြင့် ဆေးရုံချက်ချင်း ပို့ပေးချင်ပါသည်။
“ဘာမှမဖြစ်ပါဘူး။ အသေးအဖွဲဒဏ်ရာလေးတွေပါ”။ ချင်းယွင်ကျစ် ပြန်ပြောလိုက်ပါသည်။
“ဘာပဲဖြစ်ဖြစ် ဆရာဝန်ဆီ သွားပြသင့်တယ်”။ စူစူလေး တိုက်တွန်းလိုက်သည်။
“စူစူလေး အတူလိုက်လာရင် သွားမယ်”။ ချင်းယွင်ကျစ် ဈေးဆစ်လိုက်ပါသည်။
“အင်းပါ အာ့ဆို အတူတူသွားကြမယ်နော်”။
ဟူး… အစ်ကိုငယ်က လူကြီးဖြစ်နေပြီကို ဆရာဝန်သွားပြဖို့ အဖော်လိုသေးတယ်လား။
ရွေးချယ်စရာမှမရှိတာ… ဆရာဝန်ဆီ တစ်ယောက်တည်း သွားရမှာ ကြောက်တယ်ဆိုလည်း သူမ အဖော်ပြုပေးရမှာပေါ့။
အားလုံး စိတ်သက်သာရာရပြီး ပျော်ရွှင်နေကြစဉ် ထန််ထိုက်မင်၏ မျက်နှာကတော့ မှောင်မိုက်နေပါသည်။ သူစိတ်မအေးနိုင်သေးပါ။ ဝမ်ဝေ့ရန်က သာမန် အသုံးချခံနယ်ရုပ်တစ်ရုပ်သာ ဖြစ်သည်။ တကယ်ကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်ပါသည်။ ထိုလူ့ကို ဖမ်းမမိသေးသရွေ့ စူစူလေးနဲ့ လုကျန်းယွီတို့ ဘေးကင်းနိုင်မှာ မဟုတ်ပါ။
သူသံသယရှိသည့် ကြိုးကိုင်သူက စူစူလေးရဲ့ ဆရာဆိုသူဖြစ်သည်။
ထန်ထိုက်မင် အတွေးလွန်နေစဉ် အားလုံးရှေ့သို့ ဆရာယဲ့ ရောက်လာတာကို မြင်လိုက်ရပါသည်။ ရိုးရှင်းသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သည့် သူ့အပြုံးကြောင့် ထန်ထိုက်မင် ပို၍ နေရခက်သွားခဲ့သည်။
ထန်ထိုက်မင် အားလုံးရှေ့မှာ ကာရပ်ကာ မေးလိုက်ပါသည်။ “မင်းဘယ်သူလဲ”
“ကျွန်တော် ဒုက္ခပေးဖို့လာခဲ့တာ မဟုတ်ပါဘူး”။ ဆရာယဲ့က အပြုံးဖြင့် ပြန်ဖြေလိုက်ပါသည်။
“ဒုက္ခပေးဖို့ လာခဲ့တာ မဟုတ်ဘူးတဲ့လား။ အဲ့ဒီ အရူးမကို သွားခေါ်လာပြီး ဒီပစ္စည်းကို ဘယ်သူပေးခဲ့တာလဲလို့ မေးကြည့်ရဦးမလား”။ ထန်ထိုက်မင်က ရွှေနဂါးအဆောင်ကို ကိုင်ပြီး ပြောလိုက်ပါသည်။
“အဲ့ဒီ ရွှေနဂါးအဆောင်ကို ငါပေးခဲ့တာ ဟုတ်ပါတယ်”။ ဆရာယဲ့ ဝန်ခံလိုက်ပါသည်။
“အဲ့တာဆို ဘာပြောစရာရှိသေးလို့လဲ”။ ထန်ထိုက်မင် ပိုပြီး သံသယဝင်လာပါသည်။ ဒီလူက သာမန် လူသား မဟုတ်လောက်ပါ။ လူသားတစ်ယောက်က ရွှေနဂါးအဆောင်ကို ပိုင်ဆိုင်ထားဖို့နေနေသာသာ သိတောင် မသိသင့်ပါ။
ဆရာယဲ့က ရှင်းမပြသေးဘဲ ပြုံးသာ ပြုံးလိုက်ပါသည်။
ထိုစဉ် ဆရာယဲ့ရောက်လာတာကို စူစူလေးလည်း သတိထားမိသွားသဖြင့် ပြေးလာခဲ့သည်။ သို့သော် ထန်ထိုက်မင်က ဝင်တားလိုက်ပါသည်။
“စူစူလေး မသွားနဲ့!”
“အဲ့တာ သမီးဆရာလေ!”
“သူက လူကောင်းမဟုတ်ဘူး!”
“မဖြစ်နိုင်တာ ဆရာက လူကောင်းပါ!”
“သူနင့်ကို လှည့်စားနေတာ။ သူ့ပုံစံကို ကြည့်ပြီး မယုံကြည်လိုက်နဲ့!”
စူစူလေး မျက်မှောင်ကြုတ်သွားပြီး ဆရာယဲ့ကို မော့ကြည့်လိုက်ပါသည်။
“နတ်ယုတ်မာလေး အထင်မှားနေတာလား။ ဆရာက လူကောင်းပါ”
“သူက လူကောင်းဆိုတာ ဘယ်လိုလုပ်သိတာလဲ”
“သူ့အနံ့က မွှေးတယ်!”
“အဲ့တာ ဘယ်လိုအကြောင်းပြချက်လဲ။ လူတစ်ယောက်က လူကောင်းဟုတ်မဟုတ်ကို အနံ့နဲ့ ခွဲလို့ရတယ်လား”။ စူစူလေးကြောင့် ထန်ထိုက်မင် သွေးတက်ချင်သွားသည်။
ဒီကလေးမလေးက သူ့ကိုကျတော့ ကြောက်ပြပြီး တကယ်ကြောက်ရမယ့်လူကျတော့ နည်းနည်းလေးတောင် မကြောက်ပါလား…။
“ဒါမယ့်…”။ စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ဆရာဖြစ်သူကို တိုက်ရိုက်မေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ “ဆရာက လူကောင်းလား”
စူစူလေး၏ မေးခွန်းကြောင့် ဆရာယဲ့ ရယ်မောလိုက်ပါသည်။
ထန်ထိုက်မင် ဘာမှ ထပ်မပြောနိုင်ခင် ဆရာယဲ့၏ ခြေဖျားအောက်မှ အကာအရံတစ်ခု ဖြာထွက်လာခဲ့သည်။ ထန်ထိုက်မင်နဲ့ စူစူလေးတို့ ဘေးပတ်လည်ကို လှည့်ကြည့်လိုက်ရာ တခြားသူတွေ အားလုံး ပျောက်ကွယ်သွားကာ သူတို့ ၃ ယောက်သာ ရှိပါတော့သည်။
“မင်းဘာလုပ်မလို့လဲ”။ ထန်ထိုက်မင်က စူစူလေးကို အနောက်သို့ပို့ကာ ကာကွယ်ပေးရင်း မေးလိုက်ပါသည်။
“စိတ်မလောပါနဲ့။ ဒါသာမန် အကာအရံတစ်ခုပါ။ တခြားဘာရည်ရွယ်ချက်မှ မရှိဘူး။ ငါတို့စကားဝိုင်းကို သူများတွေ မကြားနိုင်အောင် အသုံးပြုထားတာ။ တခြားလူသားတွေကို ငါတို့ သုံးယောက် ပြောမယ့်စကားတွေ မကြားစေချင်ဘူး မလား”
… … …
အခန်း(၁,၁၃၃) နတ်သားရဲမလေးရဲ့ ကမ္ဘာသစ်
“မင်းက တကယ် လူသားမဟုတ်ဘူပဲ!”။ ထန်ထိုက်မင် ဒေါသထွက်သွားသည်။
“ငါ့မှာ အသွေးနဲ့အသားနဲ့ ရှိတယ်လေ”။ ဆရာယဲ့က ငြင်းဆန်လိုက်ပါသည်။
“သောက်အဓိပ္ပာယ်မရှိတာ!”။
“စူစူလေးရှေ့မှာ မဆဲပါနဲ့”။ ဆရာယဲ့ ဆုံးမလိုက်သည်။
“ဒီသောက်…”။ ထန်ထိုက်မင် အလွန်ဒေါသထွက်သွားသော်လည်း အဆဲစကားလုံးများကို ပြန်မျိုသိပ်လိုက်ရသည်။
“ငါမင်းနဲ့ ရန်မဖြစ်ချင်ဘူး။ မင်းက ငါ့အစ်ကိုကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့ အရိပ်နက်လား။ ငါ့အစ်ကိုကြီးကို ထိခိုက်အောင် လုပ်ဖို့ မင်းကြံစည်နေတာမလား”။ ထန်ထိုက်မင် ခန့်မှန်းကာ မေးလိုက်ပါသည်။
“မဟုတ်ဘူး”။ ဆရာယဲ့ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
“ဒါပေမယ့် မင်းပြောတဲ့ အရိပ်နက်ကိုတော့ ငါသိမယ်ထင်တယ်။ သူက ရက်စက်ကြမ်းကြုတ်တဲ့ နတ်သားရဲ ချုံးချီရဲ့ ကြွင်းကျန် ဝိညာဉ်တစ်ခုပဲ။ သူ့ကို မင်းအစ်ကိုကြီး နှိမ်နင်းခဲ့ပြီးပြီ။ ငါနဲ့ ဘာမှ မသက်ဆိုင်ဘူး။ မယုံဘူးဆိုရင် မင်းကြိုက်သလို စစ်ဆေးလို့ရတယ်။ ဒီအကြောင်း သိတဲ့သူနည်းပေမယ့် မရှိတာတော့ မဟုတ်ဘူး။ ဒါမှမဟုတ် မင်းအစ်ကိုကြီး လူ့ဘဝသက်တမ်းကုန်တဲ့အချိန်ထိ စောင့်ပြီး မေးကြည့်လိုက်လို့ရတယ်”
“ငါသေချာ အတည်ပြုမှာပါ။ တိကျတဲ့အဖြေတစ်ခုကို မရမချင်း မင်းကို ငါသံသယဝင်နေဦးမှာပဲ။ ပြီးတော့ မင်းက အဲ့ဒီ အရိပ်နက် မဟုတ်ရင်တောင် လူကောင်းမဟုတ်တာ သေချာတယ်”။ ထန်ထိုက်မင်၏ သံသယများက နည်းနည်းလေးတောင် လျော့နည်းမသွားခဲ့ပါ။
ဆရာယဲ့ ပြုံးကာ ပြောလိုက်သည်။ “ငါဘယ်သူဘယ်ဝါလဲဆိုတာ မင်းသိချင်တယ်မလား။ တကယ်တော့ မင်းသိချင်တာကို စူစူလေး အဖြေပေးပြီးသားလေ”
“ငါ့ကို အူကြောင်ကြောင်တွေ လာမပြောနဲ့။ အရာရာကို တတ်သိနားလည်နေသလို ပုံစံမျိုးနဲ့ မင်းမျက်နှာကို ငါသည်းမခံနိုင်ဘူး!”။ ထန်ထိုက်မင် စိတ်မရှည်တော့ပါ။
သို့သော်လည်း ဆရာယဲ့ကတော့ မတုန်လှုပ်ပေ။ စူစူလေးကို သူမေးလိုက်သည်။ “စူစူလေး ပြန်စဉ်းစားပါဦး။ ဆရာ့ရဲ့ အနံ့က ဘာလို့ အရမ်းမွှေးတယ်လို့ ထင်တာလဲ”
“ဘာလို့လဲဆိုတော့…”။ စူစူလေး ခေါင်းမော့ကာ လေးလေးနက်နက် စဉ်းစားလိုက်သည်။ ထိုအခါ မကြာသေးခင်က သူမ ဆုံခဲ့ရသည့် ပိုင်ကျဲနတ်သားရဲဖေဖေ မေမေတို့ရဲ့ ပုံရိပ်များကို ပြန်မြင်ယောင်မိသွားသည်။ ထိုနွေးထွေးသည့် ခံစားချက်လေးကြောင့် သူမ အိပ်တောင်ငိုက်လာခဲ့ပါသည်။
“ဪ! ဆရာ့ရဲ့ အနံ့က နတ်သားရဲဖေဖေရဲ့ အနံ့နဲ့ တူတယ်!”။ စူစူလေး သဘောပေါက် နားလည်သွားသည်။ ဆရာယဲ့ကို အရင်ကတည်းက ဘာကြောင့် သဘောကျခဲ့မှန်းလည်း စူစူလေး နားလည်သွားပါသည်။ သူမရဲ့ နတ်သားရဲဖေဖေနဲ့ အနံ့ချင်း တူညီနေတာကြောင့် ဖြစ်သည်။
“ဘာ…”။ ထန်ထိုက်မင် အံ့အားသင့်သွားသည်။ “မဖြစ်နိုင်ဘူး။ ပိုင်ကျဲနတ်သားရဲ ဇနီးမောင်နှံသေသွားတာ ကြာလှပြီ။ မင်းက စူစူလေးရဲ့ အဖေ မဖြစ်နိုင်ဘူး။ မင်းလိမ်နေတာ! စူစူလေးကို လှည့်စားဖို့ ကြိုးစားနေတာ! မင်းတော်တော် စက်ဆုပ်ဖို့ ကောင်းတာပဲ”
“ငါက စူစူလေးရဲ့ အဖေမဟုတ်ဘူး။ သူ့အဖေ ပြန်ဝင်စားတာလို့လည်း မပြောမိပါဘူး။ ဒါပေမယ့် ငါ့ဆီမှာ စူစူလေး နတ်သားရဲအဖေရဲ့ အနံ့ရှိနေတာကိုတော့ ငြင်းလို့မရဘူးလေ”။ ဆရာယဲ့ ရှင်းပြလိုက်သည်။
“မင်းဘာကို သွယ်ဝိုက်ပြီး ပြောချင်နေတာလဲ”။ ထန်ထိုက်မင် စိတ်မရှည်စွာ မေးလိုက်ပါသည်။
“ငါက ပိုင်ကျဲနတ်သားရဲကြီးရဲ့ ဦးချိုကနေ ဖြစ်တည်လာတာမို့လို့ပဲ။ သူ သေသွားပြီးတဲ့နောက်ပိုင်း သူ့ဦးချိုကို လူသားကမ္ဘာပေါ် သက်ဆင်းစေခဲ့တယ်။ သူ့သမီးလေးကို အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက်ပေါ့”။ ဆရာယဲ့ ရှင်းပြလိုက်ပါသည်။
ထိုရှင်းပြချက်ကြောင့် ထန်ထိုက်မင် မှင်သက်သွားခဲ့သည်။ စိတ်မရှည်မှုမှ တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပိုင်ကျဲနတ်သားရဲ ဇနီးမောင်နှံ၏ ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားပါသည်။ နတ်သားရဲအဖေ၏ ဦးချိုက လူသားအဖြစ် ပြန်လည် ဝင်စားလာနိုင်သည်ဆိုတာကို ထန်ထိုက်မင် ယုံကြည်သည်။
ဆရာယဲ့က ဆက်ရှင်းပြလိုက်ပါသည်။ “အဲ့တော့ ရှင်းရှင်းလင်းလင်း ပြောရရင် ငါက စူစူလေးရဲ့ အဖေလည်း မဟုတ်ဘူး။ သူ့အဖေ ပြန်ဝင်စားတာလည်း မဟုတ်ဘူး။ သူ့အဖေရဲ့ ဆန္ဒတွေနဲ့ စွမ်းရည်တချို့ကို ဆက်ခံထားတဲ့ သက်ရှိတစ်ခုသက်သက်ပဲ”
ထိုအဖြေကြောင့် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်တွေ အားလုံး အဓိပ္ပာယ်ရှိလာသလိုလို ထန်ထိုက်မင် ခံစားမိပါသည်။ ပိုင်ကျဲနတ်သားရဲများ၏ အထူးခြားဆုံး စွမ်းရည်က အတိတ်ကို ကြိုမြင်နိုင်ခြင်း ဖြ်သည်။ ဆရာယဲ့ကလည်း ထိုပညာမှာ ထူးချွန်သူဖြစ်ပါသည်။
“ဒါဆို ငါ့အစ်ကိုကြီးနဲ့ စူစူလေးတို့ကို ဒုက္ခပေးဖို့အတွက် အဲ့ဒီအရူးမကို ရွှေနဂါးအဆောင်ပေးလိုက်တဲ့ ကိစ္စကိုကော ဘယ်လိုဖြေရှင်းမလဲ။ နတ်သားရဲအဖေက သူ့သမီးကို ဒုက္ခပေးဖို့တော့ မင်းကို မှာမထားလောက်ဘူးမလား”။ ထန်ထိုက်မင် ထပ်မေးလိုက်ပါသည်။
“အဲ့ဒီအဖြစ်အပျက်ကြောင့် ဘယ်လိုအကျိုးဆက်တွေ ရှိလာလဲ”။ ဆရာယဲ့က ပြန်မေးလိုက်ပါသည်။
“ငါတို့အားလုံး ဒဏ်ရာဒဏ်ချက်တွေ ရသွားကြတယ်လေ!”
“ဒဏ်ရာရတာအပြင် ဘာဖြစ်လာသေးလဲ”။ ဆရာယဲ့ ထပ်မေးလိုက်သည်။
“ဒဏ်ရာရတာအပြင်…”
ဆရာယဲ့က သူ့မေးခွန်းသူ ပြန်ဖြေပေးလိုက်သည်။
“ဒဏ်ရာရတာအပြင် မင်းက အားလုံးကို ကာကွယ်ပေးခဲ့တယ်။ အဲ့တာကြောင့် မင်းလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်ပေးဆပ်နိုင်ခဲ့တယ်။ မင်းအစ်ကိုကြီးကလည်း အန္တရာယ်ကို လျစ်လျူရှုပြီး သူ့မိသားစုနဲ့ စူစူလေးတို့ကို ကာကွယ်ပေးခဲ့တယ်။ သူ့မှတ်ဉာဏ်တွေလည်း ပြန်ရလာခဲ့တယ်။ စူစူလေးကလည်း သူချစ်မြတ်နိုးတဲ့ လူတွေကို ကာကွယ်ပေးနိုင်ခဲ့ပြီး မင်းအစ်ကိုကြီးရဲ့ လုပ်ရပ်တွေကို နားလည်သွားခဲ့တယ်”
အချိန်မတန်သေး၍ လုကျန်းယွီ မှတ်ဉာဏ်တွေ ပြန်မရသေးတာဟု ဆရာယဲ့ ပြောခဲ့ဖူးသည်။ လုကျန်းယွီ မှတ်ဉာဏ်တွေ ပြန်ရဖို့ လိုအပ်သည့် အခြေအနေရပ် ၂ ခု ရှိပါသည်။ ပထမတစ်ခုက စူစူလေး ခံစားချက် အစစ်အမှန်တွေကို နားလည်ကာ လုကျန်းယွီကို အငြှိုးအတေးမထားတော့ဖို့ ဖြစ်သည်။ ဒုတိယတစ်ခုက စူစူလေးကို လူသားတစ်ယောက်အနေနဲ့ လုကျန်းယွီ ကာကွယ်ပေးဖို့ ဖြ်စပါသည်။
ထန်ထိုက်မင် ဝန်မခံချင်သော်လည်း သေချာသုံးသပ်ကြည့်သောအခါ ဆရာယဲ့ပြောတာ မှန်ကန်သည်ဟု ထင်မိပါသည်။
“မင်းရဲ့ ရည်ရွယ်ချက်က ကောင်းမွန်တယ်ဆိုရင်တောင် ဒီလောက် အန္တရာယ်များတာတွေ မလုပ်သင့်ဘူး! စူစူလေးနဲ့ ငါ့အစ်ကိုကြီးတို့ ပြုတ်ကျသွားတုန်းက အောက်မှာ လေသွင်းရုပ်ကြီး ရှိမနေရင် ဘယ်လိုလုပ်မလဲ! သူတို့ရဲ့ လူသား ခန္ဓာကိုယ်တွေ တစ်စစီဖြစ်သွားလိမ့်မယ်!”
“အဲ့တာကြောင့် အဲ့ဒီနေရာမှာ လေသွင်းရုပ်တစ်ရုပ်ထားဖို့ ငါညွှန်ကြားခဲ့တာလေ”။ ဆရာယဲ့ အပြုံးဖြင့် ရှင်းပြလိုက်သည်။
“မင်းက အဲ့တာတွေပါ ကြိုတွက်ချက်ထားတာလား”
“ဒါပေါ့။ ငါ့တပည့်လေးကို ဒုက္ခရောက်အောင် လုပ်ပါ့မလား”။ ဆရာယဲ့က စူစူလေးကို နူးညံ့သိမ်မွေ့စွာ ကြည့်လိုက်ပါသည်။
သူ့အကြည့်က ပိုင်ကျဲနတ်သားရဲဖေဖေရဲ့ အကြည့်နဲ့ တူလွန်းပါသည်။ ထန်ထိုက်မင်၏ လက်ကို စူစူလေး လွှတ်လိုက်ပြီး ဆရာယဲ့ဆီ ပြေးသွားခဲ့သည်။
ဆရာယဲ့လည်း ဆောင့်ကြောင့်ထိုင်ကာ စူစူလေးကို ပွေ့ချီလိုက်ပါသည်။
“ဆရာ!”
“အင်း”
“ဘာလို့ သမီးကို လာမတွေ့တာလဲ”
“စူစူလေးနားမှာ ဆရာရှိနေခဲ့ရင် ပြဿနာတွေ အခက်အခဲတွေကို စူစူလေးကိုယ်စား ဝင်ဖြေရှင်းမိမှာစိုးလို့ပေါ့။ အဲ့တာဆို စူစူလေး အခုလို ရင့်ကျက်လာမှာ မဟုတ်ဘူးလေ”
“ဪ အာ့ကြောင့်ကိုး။ အာ့ဆိုလည်း ဆရာ့ကို စိတ်မဆိုးတော့ပါဘူး”
“ကျေးဇူးတင်ပါတယ် စူစူလေး…”
အသွေးအသားထဲက ခံစားချက်တွေကို ဖုံးကွယ်ထားလို့ မရပါ။ ဆရာယဲ့ဆိုသည့်လူက စူစူလေးရဲ့ နတ်သားရဲအဖေ ဦးချိုမှ ဖြစ်တည်လာသည်ဆိုတာကို ထန်ထိုက်မင် ယုံကြည်ရပါတော့မည်။ ထို့ကြောင့် စူစူလေးကို ဖခင်မေတ္တာဖြင့် ချစ်မြတ်နိုးနေတာဖြစ်နိုင်ပါသည်။
နောက်ဆုံးတော့ ထန်ထိုက်မင်လည်း စိတ်အေးသွားခဲ့ပါပြီ။
ထို့နောက် အကာအရံပျောက်ကွယ်သွားပြီး စူစူလေးတို့ သုံးယောက် လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကြသည်။ တခြားသူတွေက ဘာတွေဖြစ်သွားသလဲ သိပုံမပေါ်ပါ။ လုပ်စရာရှိတာကို လုပ်ခဲ့ကြပြီး ဆေးရုံပို့စရာရှိသည့် လူတွေကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ရက်အနည်းငယ် ကြာသောအခါ လုကျန်းယွီကို နှုတ်ဆက်ဖို့အတွက် လုအိမ်တော်သို့ စူစူလေး လာခဲ့ပါသည်။
“ကိုကြီး သမီးပြန်တော့မယ်”
“ပေကျင်းမြို့မှာပဲ နေလို့မရဘူးလား”။ လုကျန်းယွီ တွန့်ဆုတ်စွာ မေးလိုက်ပါသည်။
စူစူလေး ခေါင်းခါလိုက်ပါသည်။ “ဖေဖေနဲ့ မေမေတို့ဆီ ပြန်ရမယ်လေ။ သမီးလူကြီးဖြစ်သွားမှ ပေကျင်းမြို့ကို လာပြီး ကိုကြီးဆီ လာလည်မယ်”
ကိုကြီးက သူမအတွက် အရေးပါသော်လည်း အခုချိန်မှာ အရေးကြီးဆုံးက သူမ မိဘတွေနဲ့ မိသားစုကို ဂရုစိုက်ဖို့ ဖြစ်ပါသည်။
လုကျန်းယွီ အနည်းငယ် ဝမ်းနည်းသွားသော်လည်း စူစူလေးကို ပေကျင်းမြို့မှာ ခေါ်ထားလို့မဖြစ်မှန်း သိပါသည်။ “ဒါဆို ကိုကြီး ဟွာချန့်မြို့ကို ခဏခဏ လာလည်လို့ရလား”
“ရတာပေါ့! သမီးတို့က သူငယ်ချင်းတွေပဲဥစ္စာ! သူငယ်ချင်းတွေဆိုတာ အဆက်အသွယ် မပြတ်ရဘူး!”
“ဟုတ်တယ် ကိုကြီးတို့က သူငယ်ချင်းတွေနော်”။ လုကျန်းယွီ မျက်နှာ အပြုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။ စူစူလေးရဲ့ ရိုးရိုးရှင်းရှင်း ချစ်စရာကောင်းသည့် အပြုံးလေးက ကမ္ဘာကြီးတစ်ခုလုံးကို လှပသွားစေပါသည်။
လုကျန်းယွီကို နှုတ်ဆက်ပြီးနောက် အစ်ကိုနှစ်ယောက်ရဲ့ လက်ကိုတွဲလျက် စူစူလေး ထွက်သွားခဲ့သည်။ ခြံအပြင်ကို ရောက်သောအခါ လုကျန်းယွီကို စူစူလေး လှည့်ကြည့်မိပါသေးသည်။ သူမ မျက်လုံးတွေထဲ တွန့်ဆုတ်မှုတချို့ ရှိနေပါသည်။ သို့သော် သူမ မျက်နှာလွှဲလိုက်ပြီး ခြေလှမ်းသေးသေးလေးများဖြင့် လုအိမ်တော်မှ ထွက်ခွာလာခဲ့တော့သည်။
--- --- ---
စူစူလေး ပြန်သွားပြီးနောက် လုကျန်းယွီ၏ ဘဝက စူစူလေး ပေကျင်းမြို့သို့ ရောက်မလာခင်တုန်းအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သို့သော် သူ့ရင်ထဲမှာတော့ တစ်ခုခု ပျောက်ဆုံးနေသလို ဟာတာတာ ခံစားချက်ကြီးတစ်ခု ရှိနေခဲ့ပါသည်။
အားလပ်ရက်တစ်ခုတွင် ကျောင်းပိတ်သဖြင့် ကျောင်းသွားစရာမလိုသည့် လုကျန်းယွီက လုအိမ်တော် ခြံဝန်းထဲမှာ ရီဝေစွာ ထိုင်နေခဲ့လေသည်။ ဒီလို အချိန်၊ ဒီလို နေ့လယ်ခင်းမျိုးမှာ သူ့ခြေထောက်တွေ ပြန်မကောင်းနိုင်တော့သဖြင့် စိတ်ဓာတ်ကျပြီး ခြံဝန်းထဲ ထိုင်နေစဉ် ကလေးမလေးတစ်ယောက်က ခြံနံရံပေါ် ကျော်တက်ကာ သူ့ဘဝထဲ ဝင်လာခဲ့တာကို ပြန်အမှတ်ရမိပါသည်…။
သခင်ကြီးလု အလုပ်တွေပြီးမြောက်ပြီး အောက်ထပ်သို့ ဆင်းလာသောအခါ ခြံဝန်းထဲ ရီဝေစွာ ထိုင်နေသည့် မြေးဖြစ်သူကို မြင်သွားပါသည်။ သခင်ကြီးလု သက်ပြင်းချလိုက်ပြီး မြေးဖြစ်သူထံ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
“အဘိုး အလုပ်ပြီးသွားပြီလား”
“ပြီးသွားပါပြီ။ မင်းကော လုပ်စရာရှိတာ လုပ်ပြီးပြီလား”
“အိမ်စာတွေ အကုန်ပြီးပါပြီ”
“ဒါဆို ခြံထဲမှာ ဘာလို့တစ်ယောက်တည်း ထိုင်နေတာလဲ”
“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း ရှုခင်းတွေ ကြည့်နေတာ”။ လုကျန်းယွီ ဆင်ခြေပေးလိုက်သည်။
“ကျန်းယွီ၊ မင်းခြေထောက်တွေ အကောင်းပကတိပြန်ဖြစ်သွားပြီလေ။ ပြေးလွှား ခုန်ပေါက်နိုင်ပြီမဟုတ်လား။ မင်းလို အသက်အရွယ် ကလေးတွေက ရှုခင်းတွေကြည့်ရမယ့်အစား သူငယ်ချင်းတွေနဲ့ ပျော်ပါးကစားနေသင့်တာ”
“ကျွန်တော်သိပါတယ်”။ လုကျန်းယွီ ဒါကိုနားလည်သော်လည်း စိတ်မဝင်စားပါ။
“ကျန်းယွီ အဘိုးစီစဉ်ထားတာ တစ်ခုရှိတယ်။ အဘိုး ဟွာချန့်မြို့မှာ အနားယူဖို့ စဉ်းစားနေတာ။ ဘယ်လိုသဘောရလဲ”
“ဟင်”။ လုကျန်းယွီ အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဟူး… အဘိုးလည်း အသက်ကြီးနေပါပြီကွာ။ ကုမ္ပဏီကိစ္စအများစုကို လူငယ်တွေလက်ထဲ လွှဲပြောင်းပေးခဲ့ပြီးပြီ။ ကျန်တဲ့ကုမ္ပဏီတွေရဲ့ အခွင့်အာဏာကိုလည်း ထိုက်တန်တဲ့လူတွေလက်ထဲ ထည့်ပေးခဲ့ပြီးပြီ။ အခုတော့ ဒီအဘိုးကြီးက အစည်းအဝေးတချို့ တက်ဖို့ကလွဲပြီး တခြား ဘာမှလုပ်စရာမရှိတော့ဘူး”
“ဒါပေမယ့် အဘိုးက ဥက္ကဌပဲလေ။ အဘိုးရဲ့ ဆုံးဖြတ်ချက်ကသာ အဓိက။ ဒီလိုအစည်းအဝေးတွေဆိုတာလည်း အွန်လိုင်းပေါ်ကနေ လုပ်နိုင်တာပဲ။ ဒီအဘိုးကြီး ဟိုပြေးဒီပြေးလုပ်နေဖို့ မလိုအပ်တော့ဘူး”
“အဘိုး ကျွန်တော့်အတွက် ဒီလို ဆုံးဖြတ်လိုက်တာလား”။ လုကျန်းယွီ မေးလိုက်သည်။
“မင်းကြောင့်လည်း ပါပါတယ်။ မင်းက အဘိုးအတွက် အရေးအပါဆုံးလူပဲ။ အဲ့တာကြောင့် မင်းအတွက် အရာရာ ထည့်စဉ်းစားပေးရတာပေါ့။ ဒါပေမယ့် အဘိုးလည်း တကယ် တိတ်ဆိတ်တဲ့နေရာမှာ အနားယူချင်လို့ပါ။ အဘိုး အသက်ကြီးနေပြီ။ ပေကျင်းမြို့မှာ လူတိုင်းက အဘိုးကို ကြောက်ကြတယ်။ ဟွာချန့်မြို့မှာတော့ အဘိုးတကယ် ယုံကြည်ရတဲ့လူတချို့ ရှိနေတယ်။ ပြီးတော့ အဘိုးတို့ အပြီးပြောင်းနေမှာ မဟုတ်ပါဘူး။ ဟွာချန့်မှာ နှစ်နည်းနည်းလောက်ပဲ အနားယူမှာပါ”
ထို့နောက် လုကျန်းယွီ၏ ပခုံးကို သခင်ကြီးလု ပုတ်ပေးလိုက်ပါသည်။ “လေဆိပ်မှာ Private လေယာဉ်ရောက်နေပြီ။ အဘိုးတို့ ဒီနေ့ညပဲ သွားကြမယ်”
လုကျန်းယွီကို တွန့်ဆုတ်ခွင့်တောင်မပေးတော့ဘဲ သခင်ကြီးလု ဆုံးဖြတ်ချက် ချခဲ့ပါသည်။
--- --- ---
မနက်ခင်းစောစောအချိန်တွင် စူစူလေး အိပ်ရာထလာပြီး မျက်နှာသစ် ရေမိုးချိုးကာ မနက်စာစားခဲ့သည်။ ထို့နောက် ဖေဖေ၊ မေမေ၊ အစ်ကိုကြီးတို့၊ ယောက်မတို့၊ တူလေးတို့ကို နှုတ်ဆက်ပြီး ကျောပိုးအိတ်ကလေးလွယ်လျက် ဘော်ဒီဂတ်နဲ့ ဟူကျစ်တို့ကို ခေါ်ကာ ကျောင်းသွားဖော်ဖြစ်သည့် ဟွော်ထျင်းနဲ့အတူတူ အိမ်မှထွက်လာခဲ့ပါသည်။
လုအိမ်တော်ရှေ့မှ ဖြတ်သွားစဉ် ပိတ်ထားခဲ့တာကြာပြီဖြစ်သည့် လုအိမ်တော်ခြံတံခါးကြီး ရုတ်တရက် ပွင့်သွားခဲ့ပြီး စမတ်ကျကျ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် လုကျန်းယွီ ထွက်လာခဲ့ပါသည်။
“ဂွတ်မောနင်း စူစူလေး”။ လုကျန်းယွီက သိမ်မွေ့စွာ နှုတ်ဆက်လိုက်ပါသည်။
စူစူလေး ခြေလှမ်းတွေ ရပ်တန့်သွားပြီး အမြင်မှားနေတာမဟုတ်မှန်း သေချာအောင် မျက်လုံးလေးတွေကို လက်ဖြင့် ပွတ်ကြည့်လိုက်ပါသည်။
“ကိုကြီး!!”
လုကျန်းယွီထံ စူစူလေး ပြေးသွားလိုက်ပါသည်။
“အင်း”။ စူစူလေး ပျော်ရွှင်သွားတာကိုမြင်ပြီး လုကျန်းယွီလည်း အပြုံးကို မဖုံးကွယ်နိုင်တော့ပါ။
“ကိုကြီးက အားလပ်ရက် လာလည်တာလား”။ စူစူလေး မေးလိုက်သည်။
“မဟုတ်ဘူး။ ကိုကြီးကျောင်းပြောင်းလာတာ။ အခု ဒီမှာပဲ ကျောင်းတက်ရတော့မယ်။ စူစူလေးတို့ မိသားစု ဖွင့်ထားတဲ့ ကျောင်းမှာ ဆရာကောင်းတွေအများကြီးရှိတယ်လို့ကြားတယ်”။ လုကျန်းယွီ ရှင်းပြလိုက်ပါသည်။
“ဒါဆို အခုချိန်ကစပြီး အတူတူကစားလို့ ရပြီပေါ့နော်”။ စူစူလေး ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
“ဒါပေါ့”။ လုကျန်းယွီ ခေါင်းညိတ်လိုက်ပါသည်။
ဒါကိုကြားတော့ ဟွော်ထျင်း မျက်စပစ်လိုက်ပါသည်။ “ဘာလို့ ငါ့ကို လိုက်အတုခိုးနေတာလဲ”
လုကျန်းယွီ ပြုံးလိုက်ပြီး ဟွော်ထျင်းအား မေးလိုက်ပါသည်။ “ငါတို့ ကျောင်းအတူတူ သွားလို့ရမလား”
“ရတာတော့ ရပါတယ်။ စူစူလေး ပျော်ရင်ပြီးတာပဲ။ ပြီးတော့ ငါတို့ကို မသိဘူးလို့ ပေါက်ကရတွေ ထပ်မပြောတော့ရင် ငါကလည်း သဘောထားကြီးကြီးနဲ့ ခွင့်ပြုပေးရမှာပေါ့”
ဟွော်ထျင်း မကျေနပ်သည့်ပုံစံ လုပ်ပြနေသော်လည်း လုကျန်းယွီ ဟွာချန့်မြို့သို့ ရောက်လာတာကို သူ စိတ်မဆိုးပါ။
“ကျေးဇူးတင်ပါတယ်”။ ဟွော်ထျင်းကို လုကျန်းယွီ ပြောလိုက်သည်။
“ကိစ္စမရှိဘူး”။ ဟွော်ထျင်းက ခေါင်းမော့ရင်ကော့လျက် ပြန်ဖြေလိုက်သည်။ ထို့နောက် ပြုံးမိသွားပါသည်။
ခပ်လှမ်းလှမ်းတွင် ချင်းလောင်ယွင်လည်း လွယ်အိတ်ကလေးသယ်လျက် သူတို့ သုံးယောက်ထံ ပြေးလာခဲ့ပါသည်။ “ဒေါ်လေးစူစူ!’။
သူမအမေရဲ့ Scooter နဲ့ ရောက်လာတာဖြစ်ပြီး စူစူလေးကို မြင်တာနဲ့တစ်ပြိုင်နက် ဆင်းပြေးလာခဲ့တာဖြစ်သည်။
“ဒေါ်လေးစူစူ ကျောင်းတူတူသွားကြရအောင်!”။ ချင်းလောင်ယွင် ပြောလိုက်သည်။ ထို့နောက် ဘေးနားမှာ မတ်တပ်ရပ်နေသည့် လုကျန်းယွီကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားပါသည်။ “ကိုကြီးလုက ထျင်းထျင်းထက် အရပ်ပိုရှည်တာပဲ!”။
အရင်တုန်းကဆို လုကျန်းယွီက ဝှီးချဲပေါ်မှာသာ ထိုင်နေရတာဖြစ်သဖြင့် သူ့အရပ်ကို ဘယ်သူမှ မတိုင်းတာနိုင်ခဲ့ပါ။
“အာပြဲစိန်လေး ဘယ်သူ့ကို အရပ်ပုတယ်လို့ ပြောလိုက်တာလဲ”။ ဟွော်ထျင်း ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။
“နင့်ကို အရပ်ပုတယ်လို့ဘယ်သူမှ မပြောဘူး! ကိုကြီးလုက နင့်ထက် အရပ်ပိုရှည်တယ်လို့ပဲပြောတာ”။ ချင်းလောင်ယွင် ပြန်ချေပလိုက်ပါသည်။
“အဲ့လိုဆိုလည်း ငါ့ကိုအရပ်ပုတယ်လို့ ပြောလိုက်တာနဲ့အတူတူပဲလေ! ဘာကွာလို့လဲ”။ ယောက်ျားလေးတွေက အရပ်နဲ့ ပတ်သတ်လာလျှင် ဆတ်ဆတ်ထိမခံဖြစ်တတ်သည်။ အထူးသဖြင့် ဟွော်ထျင်းလို ယုံကြည်ချက်လွန်ကဲနေသူက ပိုဆိုးပါသည်။
“ဒါပေမယ့် တကယ်လည်း ကိုကြီးလုလောက်မှ နင်အရပ်မရှည်တာ…”
“မဟုတ်တာတွေ မပြောနဲ့! ငါ အရွယ်မရောက်သေးလို့ ပုနေသေးတာ!”
အသေးအဖွဲပြဿနာတစ်ခုကြောင့် သူတို့နှစ်ယောက် သတ်ပုတ်ကြပြန်သည်။ စူစူလေးကတော့ အသားကျနေပြီဖြစ်ပါသည်။ အရင်ကဆို နှစ်ယောက်ကြား ဝင်ဖြေရှင်းပေးတတ်သော်လည်း အခုတော့ စိတ်ထဲပင် မထားတော့ပေ။ သက်ပြင်းသာ တိုးတိုးတိတ်တိတ် ချမိပါသည်။
ဟူး… လူသားပေါက်စတွေက တော်တော်မရင့်ကျက်ကြတာပဲ။
သူမလို ရင့်ကျက်တည်ငြိမ်တဲ့လူမျိုးဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
လုကျန်းယွီက လူကြီးလေးလိုဖြစ်နေသည့် စူစူလေး၏ မျက်နှာလေးကို ကြည့်ကာ ပြုံးသွားပါသည်။ ထို့နောက် စူစူလေး၏ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။ “ကျောင်းသွားကြစို့”
“အွန်း အွန်း!”။ စူစူလေးခေါင်းငြိမ့်လိုက်ပါသည်။
ထို့နောက် သူတို့ လေးယောက်သား အတူတူ ထွက်ခွာလာခဲ့ကြသည်။ ဟုံဖုန်းမူကြိုရှေ့တွေင် စူစူလေးနဲ့ ချင်းလောင်ယွင်တို့ကို နှုတ်ဆက်ခဲ့ပြီး လုကျန်းယွီနဲ့ ဟွော်ထျင်းတို့က မူလတန်းကျောင်းသို့ ဆက်သွားခဲ့ကြပါသည်။
နောက်ပိုင်း နေ့ရက်တွေမှာလည်း ကျောင်းသွားဖို့၊ အတူတူကစားဖို့၊ အိမ်စာတွေလုပ်ဖို့၊ ကျောင်းပိတ်ရက် လည်ပတ်ဖို့အတွက် ကလေး လေးယောက်သား မခွဲမခွာ အတူတူရှိနေခဲ့ကြသည်။ တစ်ခါတလေ စူစူလေးရဲ့ အစ်ကိုကြီးတို့၊ ယောက်မတို့၊ တူလေးပေါင်းစုံတို့လည်း ပါဝင်လေ့ရှိပါသည်။
စူစူလေးအတွက် ဖြူစင် ရိုးရှင်းပြီး ပျော်စရာကောင်းသော ကမ္ဘာသစ်လေးတစ်ခု ဖြစ်လာခဲ့သည်။
တစ်နေ့နေ့တစ်ချိန်ချိန် စူစူလေး အရွယ်ရောက်လာသောအခါ သူမ မြင်နေရသည့် ကမ္ဘာလောကကြီးက ထင်သလောက် လှပချင်မှ လှပတော့မည်။
ထိုအချိန်မတိုင်ခင်အထိတော့ စူစူလေးနဲ့ သူမ မိသားစု၊ သူမ ချစ်ခင်ရသည့် သူငယ်ချင်းများနဲ့အတူတူ ဘဝကို ဖြူစင်၊ ရိုးရှင်း၊ ပျော်ရွှင်စွာ ဖြတ်သန်းရပေဦးမည်။
ပြီးပါပြီ