လူတိုင်းကြွားနိုင်တယ်
Vol. 14 Ch. 148
ကျန်းယန်နှင့်ချင်းရှုတို့ ထိုမြင်ကွင်းကိုခံစားဖို့ နောက်တွင်ခဏနေခဲ့ပြီးနောက် မကြာခင်တွင် စစ်ထူမင်ယွဲ့နှင့်ကျားမိစ္ဆာတို့ကို လိုက်မီသွားခဲ့သည်။
သူတို့ တိုက်ပွဲကွင်းပြင်၀င်ပေါက်သို့ ပြန်လာခဲ့ကြ၏။
ထိုနေရာတွင် ဘာကောင်းကင်မြေပြင်ရတနာမှရှိမနေသလို တိုက်ပွဲကွင်းပြင်ဖွင့်တာလည်း ရက်အနည်းငယ်ရှိနေပြီဖြစ်သောကြောင့် ၀င်ပေါက်တွင် သူတို့ကလွဲ ဘယ်သူမှရှိမနေခဲ့ကြပေ။
“မင်းရဲ့ပစ္စည်းလေးကအတော်စိတ်၀င်စားစရာကောင်းတာပဲ မြင်ကွင်းတွေကို အဝေးကြီးကနေတောင် ပြတ်ပြတ်သားသားမြင်ရမယ်” ချင်းရှုကျန်းယန်လက်ထဲကမှန်ပြောင်းကိုကြည့်ကာ ပြောလိုက်သည်။
“ပုံမှန်အားဖြင့်တော့ ဒါမျိုးမြင်နိုင်ဖို့ဆို မွေးရာပါေကာင်းလွန်းတဲ့အမြင်အာရုံမျိုးရှိရင်ရှိ မဟုတ်ရင် အမြင်အာရုံကိုတိုးမြှင့်ပေးနိုင်တဲ့ ဆေးတစ်မျိုးမျိုးသုံးရမှာ ဒါမှမဟုတ်ရင်တော့ နတ်ဝိညာဉ်အဆင့်တစ်ယောက်မှသာ ဒါမျိုးမြင်နိုင်လိမ့်မယ် မင်းပစ္စည်းက တကယ်ပဲ ဘာများလဲ”
“၈ဆမှန်ပြောင်း(8×scope)” ကျန်းယန် သာမန်အတိုင်းဖြေလိုက်သည်။
“ဟမ်” ထိုကဲ့သို့သော စကားလုံးမျိုးကိုမကြားခဲ့ဖူးသော်လည်း ချင်းရှု အမြန်တုန့်ပြန်လိုက်၏။
“အဲ့တာကအတော်လေး….မိုက်တာပဲ”
ထို့နောက် သူကျန်းယန်လက်ထဲက ဘားရတ်ရိုင်ဖယ်ကိုစစ်ဆေးလိုက်ကာ မေးလိုက်သည်။
“ဒါကို မင်းတို့အဇူရာတိမ်ဂိုဏ်းကလုပ်ထားတာလား”
“ငါ့အကြံဉာဏ်ပါ ငါ့ဆရာဦးလေး ၅ က ငါ့အကြံဉာဏ်ပေါ်အခြေခံပြီး ကဗ္ဗည်းတွေဆွဲပေးတယ် ဆရာဦးလေး ၆ ကတော့ ကိုယ်ထည်ကို သွန်းလုပ်ပေးတယ်” ကျန်းယန်ရိုးရိုးသားသားဖြေလိုက်၏။ လူတစ်ယောက်နှင့် ခိုင်မာသောဆက်ဆံရေးရှိချင်လျှင် စစ်မှန်မှုက မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သည်။
နောက်ဆုံးတွင် သူသည် ချင်းရှုထံမှ တိုက်ပွဲကွင်းပြင်၏အချက်အလက်တွေ ရယူစရာရှိနေသေးသည် မဟုတ်ပါလော။
“ငါအကဲခတ်မိသလောက်တော့ မင်းက တစ်ယောက်တည်းေနရတာကြိုက်တဲ့သူမျိုး မဟုတ်ပါဘူး” ကျန်းယန်ပြောကာ ချင်းရှူကိုကြည့်လိုက်ပြီး
“ဘာလို့မင်းကိုမင်းစီနီယာတွေက ကြဉ်ထားကြတာလဲ”
ချင်းရှု တခဏတိတ်ဆိတ်သွားပြီးနောက် ကျားမိစ္ဆာကိုလက်ညှိုးထိုးပြကာ ပြောလိုက်၏။
“မင်းသူ့ကိုစကားပြောလား”
“ပြောတယ်” ကျန်းယန် ခေါင်းညိတ်ပြလိုက်လေသည်။
“ဒါက ငါ့ရဲ့၀မ်ချိုက်လေ ငါသူ့ကိုမွေးထားတာ အတော်ကြာသွားပြီ”
ချင်းရှု ဆွံ့အသွားခဲ့၏။ သူစစ်ထူမင်ယွဲ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းအကြည့်လွှဲပစ်လိုက်သည်။
စစ်ထူမင်ယွဲ့ ချင်းရှုကို ခပ်ကြမ်းကြမ်းတစ်ချက်ပြန်ကြည့်လိုက်၏။ ထိုကောင်၏ အကြည့်က ဘာကိုဆိုလိုနေပါသနည်း။
ချင်းရှု ကျောက်တုံးတစ်တုံးကိုလက်ညှိုးထိုးပြလိုက်ကာ မေးလိုက်ပြန်သည်။
“မင်းအဲ့ဒီကျောက်တုံးတွေကိုရော စကားပြောလား”
“ပြောတယ်လေ” ကျန်းယန် ခေါင်းညိတ်ပြလိုက်ပြန်၏။ စိတ်ဝိညာဉ်ရတနာများနှင့်စကားပြောခြင်းကလည်း ကျောက်တုံးများနှင့်စကားပြောသလိုပင် မဟုတ်ပါလော။
ချင်းရှုလုံး၀ဆွံ့အသွားခဲ့ကာ ဘယ်လိုဥပမာပေးရမည်ကိုပင် မသိတော့ပေ။
ကျန်းယန် ရယ်မောလိုက်သည်။
“မင်းဆိုလိုချင်တာကို ငါနားလည်ပါတယ် မင်းကသူတို့နဲ့ပေါင်းသင်းဆက်ဆံလို့မရဘူးမဟုတ်လား”
ချင်းရှုခါးသက်သက်ပြုံးလိုက်ကာ ခေါင်းယမ်းလိုက်ပြီး
“ငါက မပေါင်းသင်းနိုင်တာတော့မဟုတ်ဘူး သူတို့နဲ့ပေါင်းသင်းရတာကြီးက အရမ်းပင်ပန်းလွန်းတာ သူတို့ခေါင်းတွေက အမှိုက်တွေနဲ့ပြည့်နေတာ ဦးနှောက်နည်းနည်းတောင်မရှိဘူး …မင်းအဲ့ဒီခံစားချက်ကိုသိလား”
ကျန်းယန် မျက်လုံးများ တောက်ပသွားခဲ့သည်။
“မင်းအကြံဉာဏ်တွေကို မင်းရဲ့ဂိုဏ်းတူညီအစ်ကိုတွေက နားမလည်နိုင်ဘဲနဲ့ မင်းကိုတောင်အရူးလို့ထင်နေကြတာမဟုတ်လား”
“ဟုတ်တယ်” ချင်းရှု ခေါင်းညိတ်ပြလိုက်၏။
“မင်းအတွက် အဲ့ဒီနိယာမတွေကတစ်ချက်ကြည့်ရုံနဲ့ နားလည်နိုင်စရာဖြစ်နေပေမယ့် သူတို့အတွက်တော့ ဘယ်လောက်ကြိုးစားစား နားမလည်နိုင်စရာဖြစ်နေတယ် မဟုတ်လား မင်းလည်းသူတို့ကို ဘယ်လိုမှသင်ပေးလို့မရဘူးလေ”
ချင်းရှု ကျန်းယန်ကိုထူးဆန်းသောမျက်နှာထားဖြင့် ကြည့်လိုက်ကာ
“မင်းဘယ်လိုသိလဲ”
“သူတို့ကမင်းဆီမေးခွန်းတွေမေးဖို့ လာကြပေမယ့် မင်းဘယ်လိုပဲရှင်းပြပြ နားမလည်နိုင်ကြဘူးမလား မင်းသူတို့ကိုနားလည်အောင်ရှင်းပြလိုက်နိုင်ရင်လည်း နောက်ဆုံးမှာ မင်းကိုအပြစ်တင်ရင်းပဲ ပြီးသွားတယ်မဟုတ်လား”
ချင်းရှု ကျန်းယန်ကိုတိတ်တဆိတ်စိုက်ကြည့်နေခဲ့သည်။
“မင်းက သူတို့မေးခွန်းတွေကိုဖြေပေးပြီးသွားရင် ဒီလောက်ရိုးရှင်တာလေးကိုတောင်နားမလည်နိုင်ဘူးဆိုပြီး အထင်သေးတဲ့ အကြည့်နဲ့ကြည့်တယ်မဟုတ်လား အဲ့ဒီအခါ သူတို့က မင်းကိုမကြိုက်ကြတော့ဘူးလေ ဒါပေမယ့်လည်း အချိန်တန်တော့ ရွေးစရာမရှိဘဲ မင်းဆီပဲမေးခွန်းတွေမေးဖို့ ပြန်လာရတာပဲလေ မင်းဆရာဦးလေးအချို့တောင် အကူအညီေတာင်းဖို့ မင်းဆီလာကြတယ်မဟုတ်လား”
ချင်းရှု ငေးကြောင်စွာစိုက်ကြည့်နေရင်း နောက်ဆုံးတွင် ရုတ်တရက်မေးလိုက်၏။
“မင်းမှာ ဒဏ္ဍာရီလာစိတ်ဖတ်အတတ် ရှိနေတာလား”
မဟုတ်လျှင် သူထိုအကြောင်းများကိုမည်သို့သိနေနိုင်ပါမည်နည်း။
ကျန်းယန် ကြိတ်၍ရယ်မောလိုက်သည်။
ချင်းရှုကို ဘယ်လိုကိုင်တွယ်ရမလဲ သူအတိအကျသိရှိသွားခဲ့ချေပြီ။
ထို့နောက် သူ့ပေါင်သူရိုက်လိုက်ကာ အားရပါးရရယ်မောလိုက်၏။
“ဘာလို့သိနေလဲဆိုတော့ ငါလည်းအဇူရာတိမ်ဂိုဏ်းမှာ မင်းနဲ့တစ်ထပ်တည်းတူတဲ့ အတွေ့အကြုံမျိုးရှိခဲ့လို့ပဲ”
“မင်းမှာလည်း ငါ့လိုအတွေ့အကြုံမျိုးရှိတာလား မင်းက ကျားတွေ ကျောက်တုံးတွေနဲ့တောင် စကားပြောတယ်လို့ ပြောခဲ့တာမလား” ချင်းရှု ကျန်းယန်ကိုကြည့်ကာ မေးလိုက်သည်။
ကျန်းယန် ကျားမိစ္ဆာကိုလက်ညိုးထိုးပြကာ ပြောလိုက်၏။
“ဒီကောင်က စကားမပြောတတ်ဘူး သူနဲ့ဆက်ဆံရတာက အဓိပ္ပာယ်တစ်ခုခုရှိနေမယ်လို့ မင်းထင်လား ငါက အကြောင်းအရာတစ်ခုခုကိုရွေးပြီး ငါပြောချင်တာကို သူ့ကိုပြောပြသလိုနဲ့ တကယ်က ငါ့ကိုယ်ငါပြန်ပြောနေတာပဲ ဒါဆို တစ်ဖက်က ကျားဖြစ်ဖြစ် ကျောက်တုံးဖြစ်ဖြစ် ဘာကွဲပြားမှုရှိတော့မှာလဲ”
စစ်ထူမင်ယွဲ့နှင့်ကျားမိစ္ဆာတို့ ရှုပ်ထွေးသွားဟန်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
သူဘာပြောနေသလဲ သူတို့ဘာမှနားမလည်တော့ပေ။
သို့သော်လည်းချင်းရှုမျက်လုံးများကတော့ တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ဆိုတော့ အဲ့လိုလည်း အလုပ်ဖြစ်တာပဲလား မှန်တယ် သူတို့နဲ့ဆက်ဆံရတာက ပင်ပန်းလွန်းတယ် ဘာလို့ငါ့ကိုယ်ငါ စကားမပြောရမှာလဲ တကယ်လို့ ငါ့ကိုယ်ငါသာပြောနေတာဆိုရင် တစ်ဖက်က ဘာဖြစ်ဖြစ် ဘာပြဿနာရှိတော့မှာလဲ ဒီနည်းလမ်းနဲ့ဆို ငါဘယ်သူ့ကိုမှလည်း မစော်ကားမိတော့ဘူး…”
ကျန်းယန် ခေါင်းယမ်းကာ စိတ်ညစ်နေဟန်ဖြင့် ပြောလိုက်သည်။
“ဂိုဏ်းထဲက ငါ့ဘ၀က ဘယ်လောက်နာကျင်စရာကောင်းလဲ မင်းမသိပါဘူး…အမှန်အတိုင်းပြောရရင် ငါ့ဆရာနဲ့ ငါ့ဆရာဦးလေးတွေရဲ့ ဦးနှောက်ကတစ်ခုခုမှားနေတယ်”
“သူတို့က လုံး၀ကိုဦးနှောက်မရှိတာ”
“မင်းစဉ်းစားကြည့်လေ နှစ်ငါးထောင်သက်တမ်းရှိတဲ့ဂိုဏ်းကြီးတစ်ဂိုဏ်းကို ငါ့ဆရာတို့ အုပ်ချုပ်လိုက်တာ နောက်ဆုံးမှာဂိုဏ်းက စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းပဲကျန်တော့တဲ့အခြေအနေထိ ရောက်သွားတယ်”
ချင်းရှုကတော့ ကျန်းယန်ကိုမယုံကြည်နိုင်ဟန်ဖြင့်သာစိုက်ကြည့်နေခဲ့၏။
စိတ်ဝိညာဉ်ကျောက်တုံးရာဂဏန်းပဲကျန်အောင် ထိုလူများ မည်သို့စီမံအုပ်ချုပ်လိုက်ပါသနည်း။
ထိုမျှ တုံးအသောလူမျိုး ဒီကမ္ဘာကြီးပေါ်တွင် တကယ်ကြီးတည်ရှိနေပါသလော။
ကျန်းယန်အသေးစိတ်အချက်အလက်များကို ထုတ်မပြောဘဲ ရလဒ်ကိုသာပြောနေခြင်း ဖြစ်သည်။ ထို့နောက် သူဆက်ပြောလိုက်ပြန်၏။
“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက သူတို့က ငါ့ကိုလှည့်စားပြီး ဂိုဏ်းထဲ ၀င်ခိုင်းခဲ့တာ ဂိုဏ်းက ရှေးဟောင်းဂိုဏ်းကြီးတစ်ဂိုဏ်းလို့ ပြောခဲ့တယ် ငါကလည်းအရမ်းငယ်သေးတော့ အတွေ့အကြုံကနုတယ်လေ ရှေးဟောင်းဂိုဏ်းကြီးတွေက ဒီလိုပုံစံပဲရှိတာဖြစ်မယ်လို့တောင် ငါတွေးခဲ့မိတာ သူတို့ကလည်း ငါ့ကို၀င်၀င်ချင်း စိတ်ဝိညာဉ်ရတနာနှစ်ခုတောင်ပေးတော့ ငါလည်း ပျော်ပျော်ကြီး၀င်ခဲ့မိတာပေါ့”
“ငါဂိုဏ်းထဲ၀င်ပြီးတဲ့နောက်မှာ သူတို့က ငါ့ကိုအမတကျင့်ကြံခြင်း သင်ပေးခဲ့ကြတယ်”
“စိတ်ဝိညာဉ်စွမ်းအင်ဆိုတာဘာလဲလို့ သိပြီးတဲ့နောက်မှာ ငါကအသက်တစ်ရှိုက်စာအတွင်း ချီကိုအောင်မြင်စွာ စုပ်ယူနိုင်ခဲ့တယ် ပြီးတော့ ဘာဆေးဝါးမှမသုံးဘဲ တစ်လအတွင်း ငါ့ခန္ဓာကိုယ်ကို သန့်စင်ခဲ့တယ် သုံးလမှာ စိတ်ဝိညာဉ်ပင်လယ်ကိုဖွင့်ပြီး နှစ်၀က်အရောက်မှာတာအိုမျိုးစေ့ကိုဖွဲ့တည်နိုင်ခဲ့တယ် တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ရွှေအမြုတေကိုပါ ဖွဲ့တည်ပြီးသွားတယ် အဲ့ဒီအခါမှ ဂိုဏ်းကဆင်းရဲလွန်းလို့ အစားအစာတောင်မတတ်နိုင်တဲ့ဂိုဏ်းဆိုတာ ငါသိသွားခဲ့တယ်”
“အဲ့ဒီမှာ ငါစိတ်တိုသွားပြီး ငါ့ဆရာနဲ့ ဆရာဦးေလးေတွကို ငါဂိုဏ်းကိုပြန်ပြီးပြုပြင်ပြောင်းလဲလို့ရအောင် ငါ့ကိုဂိုဏ်းချုပ်နေရာပေးပါလို့ အတင်းအကြပ်တောင်းဆိုပစ်ခဲ့တယ်”
“ငါဂိုဏ်းချုပ်နေရာကို လက်လွှဲယူပြီးတဲ့နောက်မှာတော့ နှစ်ရက်အတွင်း စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ရှာနိုင်ခဲ့တယ် အဲ့တာက ငါ့ဆရာနဲ့ငါ့ဆရာဦးလေးတွေကို လန့်တောင်သွားစေခဲ့တယ်”
သူချင်းရှုကို သူ့ဘ၀အကြောင်းအမှန်တစ်၀က်အမှားတစ်၀က်ရော၍ ပြောပြနေခဲ့သည်။ ဉာဏ်ကြီးရှင်တစ်ယောက်နှင့် ဆက်ဆံရာတွင် သင်သည် ငတုံးတစ်ယောက်ပုံစံ လုံး၀ပေါ်နေ၍ မဖြစ်ပေ။ သင့်တွင် ထိုပါရမီရှင်စိတ်၀င်စားနိုင်မည့် ဉာဏ်ရည်အဆင့်အတန်းမျိုးရှိကြောင်း ပြသဖို့ လို၏။
ချင်းရှုလည်း စိတ်၀င်စားလာခဲ့ပြီး ဆက်မေးလိုက်လေသည်။
“ပြီးတော့ ဘာဆက်ဖြစ်သွားလဲ”
“ပြီးတော့ တစ်လတည်းနဲ့ ငါကဂိုဏ်းဆီစိတ်ဝိညာဉ်ကျောက်တုံး ၁သန်းထပ်ပြီး ပြန်ယူလာနိုင်ခဲ့တယ်”
စစ်ထူမင်ယွဲ့ ကျန်းယန်ကိုတိတ်တဆိတ်စိုက်ကြည့်နေခဲ့၏။ ထိုစိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းက သူမဟာမှန်း သူမကောင်းကောင်းသိပေသည်။
“နောက်လ၀က်နေတော့ ငါ့အရည်အချင်းကိုသုံးပြီး နောက်ထပ်စိတ်ဝိညာဉ်ကျောက်တုံး လေးသန်းရှာနိုင်ခဲ့ပြန်တယ်”
စစ်ထူမင်ယွဲ့ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏။ ထိုလေးသန်းက သူ့ဆရာတိမ်တောင်အင်ပါယာကိုဖိနှိပ်ပစ်လိုက်၍ ရလာသော လေးသန်းမှန်း သူသိနေခဲ့သည်။
“စိတ်ဝိညာဉ်ကျောက်တုံး သန်းချီရှာနိုင်ခဲ့ပြီးတဲ့နောက်မှာ ငါက ဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေကိုဖွင့် နည်းလမ်းအမျိုးမျိုးသုံးပြီး ဂိုဏ်းအတွက်နောက်ထပ်စိတ်ဝိညာဉ်ကျောက်တုံး သန်း၃၀ရှာပေးခဲ့တယ် လျှို့ဝှက်နယ်မြေထဲမှာလည်း ငါကဂိုဏ်းအသီးသီးက ဒါဇင်နဲ့ချီတဲ့ကျင့်ကြံသူတွေကို သတ်ပစ်ပြီး အပိုးကျိုးသွားအောင် လုပ်နိုင်ခဲ့သေးတယ်”
“အဲ့ဒီနောက်တော့ အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကိုဖိနှိပ်ပေးထားရတယ်ဆိုတဲ့ အချက်ကိုသုံးပြီး ဂိုဏ်းကြီးတွေဆီက ရနိုင်သလောက်အကျိုးအမြတ်တွေ သဲ့ယူတယ်လေ ဂိုဏ်းကြီးတိုင်းက ငါတို့အဇူရာတိမ်ဂိုဏ်းဆီ စိတ်ဝိညာဉ်ကျောက်တုံး သန်း၅၀နဲ့ မရေတွက်နိုင်တဲ့ ဆေးလုံးတွေ တွင်းထွက်တွေ ရိုရိုသေသေနဲ့ လာပို့ခဲ့ကြရတယ်”
ချင်းရှု အလွန်စိတ်လှုပ်ရှားစွာနားထောင်နေခဲ့ပြီး သဘောတူဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်၏။
“ငါအဲ့ဒီအကြောင်းကိုသိတယ် ငါတို့ရှို့ယိဘုရားကျောင်းရဲ့ ကိုယ်စားသွားပို့ပေးရတာက ငါ့ဆရာပဲ ပြီးတော့ သူ့ဘုရားကျောင်းကို ပြန်မလာတော့ဘူး….မင်းတို့ဖမ်းတာ ခံလိုက်ရတာကိုး”
ကျန်းယန် အရှက်မဲ့စွာ ဆက်လက်ကြွားဝါနေခဲ့သည်။
“မှန်တယ် မင်းဆရာလည်း ငါ့ရဲ့အကြံအစည်ေအာက်မှာပဲ အဖမ်းခံလိုက်ရတာ …ဒါပေါ့ ငါ့ခွန်အားကမလုံလောက်သေးတော့ တကယ်ဖမ်းတာကတော့ ငါ့ဆရာပါ”
သူအရှက်မရှိ သူ့ကိုယ်သူအမှတ်၀င်ယူလိုက်ပြီး ဆက်ပြောလိုက်၏။
“စိတ်ဝိညာဉ်ကျောက်တုံး သန်းချီရှာပြီးတဲ့နောက်မှာ ငါက တပည့်တွေစတင်ခန့်အပ်ခဲ့တယ် အခုဆို ဂိုဏ်းထဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့်တပည့် ထောင်ချီပြီးရှိနေပြီ ငါ့ကိုသာအချိန်နည်းနည်းထပ်ပေးရင် ဂိုဏ်းကသူရဲ့ အရင်က အအောင်မြင်ဆုံးခေတ်အခြေအနေကိုတောင် ကျော်လွန်သွားမှာ သေချာတယ်”
သူချင်းရှုပုခုံးပေါ်လက်တင်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။
“အဲ့တော့ ဉာဏ်ကြီးရှင်တွေက ဉာဏ်ကြီးရှင်အချင်းချင်းနဲ့ပဲ အလုပ်လုပ်သင့်တယ်ကွ ပူးပေါင်းကြရအောင်”
သူတို့ဘယ်လိုပူးပေါင်းကြမလဲဆိုတဲ့ကိစ္စကိုတော့ အနာဂတ်တွင်ဆက်ပြီး ဆွေးနွေးနိုင်၏။
အရင်ဆုံး သူလိုနေတာက ထိုကောင်၏ အရည်အချင်းများကို တိုက်ပွဲကွင်းပြင်ထဲတွင် အသုံးပြုဖို့သာ ဖြစ်သည်။