← Chapters

ကိုယ်စားအုပ်ချုပ်သူ

Vol. 1 Ch. 322

ကိုယ်စားအုပ်ချုပ်သူ

Vol. 1 Ch. 322

"မင်း...မင်း....မင်း..."

အမတ်ယွီသည် ဒေါသထွက်လွန်း၍ သတိလစ်မတတ်ပင်။ ညီလာခံရှိ မှူးမတ်များ အားလုံးသည်လည်း မနှစ်မြို့သော အမူအရာများ ရှိနေကြသည်။ သူတို့အားလုံးသည် မာနကြီးကြပြီး စည်းလုံးညီညွှတ်ကြသည်။ ကျန်းရီသည် ရှာနိုင်ငံ၏ ကယ်တင်ရှင်၊ ကျေးဇူးရှင် ဖြစ်နေသည် ဆိုလျှင်တောင် ကျန်းရီ၏ ရိုင်းစိုင်းပြီး အကျိုးအကြောင်းမသင့်သော အပြုအမူကို သူတို့ လက်မခံနိုင်ကြပေ။ သူတို့သည် ကျန်းရီအား မုန်းတီးသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

"ထားလိုက်တော့၊ ထားလိုက်တော့...မင်း လှုပ်ရှားဖို့ မလိုပါဘူး၊ ဒီအမတ်အိုကြီးက အရင်မင်းကြီးနောက်ကို အခုပဲ လိုက်သွားပါတော့မယ်"

အမတ်ယွီသည် သက်ပြင်းနှစ်ချက် ချလိုက်ပြီး ရွှေချထားသော တိုင်လုံးကြီးထံ ပြေးသွားလေ၏။ သူသည် ညီလာခံခန်းမထဲတွင် တိုင်လုံးကြီးကို ဝင်ဆောင့်၍ သတ်သေရန် ပြုလိုက်ခြင်းဖြစ်သည်။

ကျန်းရီသည် စုလောရွှယ်၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချ၍ အော်ဟစ်လိုက်သည်။

"နေဦး"

အမတ်ယွီသည် ခေါင်းမာလှသူဖြစ်ရာ ခြေလှမ်းအနည်းငယ်တောင် နှေးကွေးမသွားခဲ့ဘဲ ရွှေရောင်တိုင်လုံးကြီးထံသို့သာ အားကုန်ပြေးသွားနေခဲ့သည်။ သူ တိုင်လုံးကြီးနှင့် ဝင်ဆောင့်အံ့ဆဲဆဲတွင် ကျန်းရီသည် သတ်ဖြတ်ခြင်းအင်အားကို အသုံးပြုလိုက်သည်။ သတ်ဖြတ်ခြင်း အရှိန်အဝါတစ်ခု ချက်ချင်းထွက်ပေါ်လာခဲ့ပြီး နန်းတော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အမတ်ယွီသည် အသက်ကြီးသူဖြစ်ရာ အလွန်အားနည်းလေသည်။ သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သက်ရောက်မှုခံရသည်နှင့် ချက်ချင်း သတိလစ်သွားခဲ့သည်။

ထို့နောက် ကျန်းရီ၏ သတ်ဖြတ်ခြင်းအရှိန်အဝါသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူသည် အေးစက်စက်စွာ ပြောလာခဲ့သည်။

"တစ်ယောက်လာပြီး အမတ်ယွီကို သူ့အိမ်တော် ပြန်ပို့ပေးလိုက်၊ သူ့ကို စိတ်ပူနေဖို့ မလိုဘူး။ သူသေချင်ရင်သေပါစေ...ဒီညီလာခံခန်းမကိုသာ သွေးမစွန်းစေနဲ့"

စစ်သူကြီးလုသည် အံကြိတ်၍ စစ်သည်နှစ်ယောက်အား အမတ်ယွီကို သယ်သွားကြရန် အချက်ပြလိုက်သည်။ ထို့နောက် ကျန်းရီသည် အမတ်ရမ်ကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"အဲ့ဒီအမတ်...ခင်ဗျားကရော အရင်မင်းကြီးနောက် လိုက်သွားချင်လို့လား၊ သွားချင်တယ်ဆိုရင် အိမ်ပြန်ပြီးတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်...ရှားနိုင်ငံက ခင်ဗျားတို့လို ပုပ်သိုးနေတဲ့ အမတ်တွေ မလိုဘူး"

"မင်း..."

အမတ်ရမ်သည် ဒေါသထွက်လွန်း၍ သွေးအန်လုနီးပါးပင်။ သူသည် ကျန်းရီကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက ဘာမလို့လဲ၊ မင်းက သိုင်းနည်းနည်းလောက်တတ်တဲ့ အရိုင်းအစိုင်းတစ်ယောက်ကလွဲပြီး တခြား ဘာမှမဟုတ်ဘူး။ ဒီအမတ်အိုကြီးက မင်းအကြိုက်လိုက်တဲ့ လူတွေရဲ့ လက်ထဲမှာ ရှားနိုင်ငံကြီး ပျက်စီးသွားမှာကို မမြင်ချင်ဘူး။ မဟုတ်ရင် ငါအရင်မင်းကြီးနောက် လိုက်သွားမယ်"

"ပျက်စီးသွားမယ်ဟုတ်လား"

ကျန်းရီသည် ဒေါသထွက်လွန်း၍ ရယ်ချလိုက်သည်။ သူသည် သူ့ကိုယ်မှ အရှိန်အဝါများ အားလုံးကို သိမ်းဆည်းလိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

"အမတ်အိုကြီး...ခင်ဗျားကန်းနေတယ်လို့ ကျုပ်ထင်တယ်၊ ကျန်းရီဆိုတဲ့ ကျုပ်ကြောင့်သာ မဟုတ်ရင် ခင်ဗျားရဲ့ ရှားနိုင်ငံကြီး ရှိနေဦးမယ်လို့ ခင်ဗျားထင်လား၊ ခင်ဗျားရဲ့ အိုမင်းနေတဲ့ အသက်တစ်ချောင်းရော ရှိဦးမယ်လို့ထင်လား"

"ရှားနိုင်ငံက အခု ဘယ်အခြေအနေမှာလဲ။ ရှားယွိမြို့ကလွဲပြီး တခြားမြို့တွေအကုန် ပျက်စီးနေပြီ၊ ပြည်သူတွေ ဘယ်နှစ်ယောက်လောက် အိမ်ခြေမဲ့ပြီး လျှောက်သွားနေကြလဲ။ ပြည်သူတွေ ဘယ်လောက်တောင် ငတ်မွတ်ပြီး သေကြေနေကြလဲ။ မြို့တွေ ဘယ်လောက်တောင် ဓားပြတွေ ချေမှုန်းတာကို ခံလိုက်ရလဲ။ အခု ရှားနိုင်ငံရဲ့ ပြည်သူတွေက သူတို့ကို လာကယ်မှာကို စောင့်နေကြတယ်၊ စစ်သည်တွေ စေလွှတ်ပြီး သူတို့ကို  စောင့်ရှောက်ပေးမှာကို စောင့်နေကြတယ်။ ခင်ဗျား ဒီမှာ ဘာလုပ်နေလဲ...ဘယ်သူ ဘုရင်ဖြစ်သင့်တယ်ဆိုတာကို ငြင်းခုန်နေတယ်"

"စုယွိနဲ့ စုဟမ်က ဘယ်လိုအမှိုက်တွေဆိုတာ ခင်ဗျားမသိဘူးလား၊ ဘိုးဘေးတွေရဲ့ စည်းမျဉ်းအတွက်၊ တော်ဝင်ဓလေ့ထုံးတမ်းအတွက်၊ စည်းကမ်းတွေအတွက်....ပြည်သူတွေကို မျက်နှာလွှဲပစ်တော့မှာလား။ ရှားနိုင်ငံက ကပ်ဆိုက်နေပြီလို့ ခင်ဗျားပြောတယ်၊ အဲ့ဒါ ပြည်သူတွေအတွက် ပြောတာပေါ့...ချီးစကားတွေ....ခင်ဗျားက သောက်ကျိုးနဲ စာအုပ်တွေကို နှစ်တွေအများကြီး လေ့လာခဲ့တယ်။ ခင်ဗျားလုပ်ခဲ့သမျှက သောက်ရေးမပါတွေလို့ပဲ ကျုပ်ထင်တယ်"

"တိုတိုပြောရမယ်ဆိုရင် ခင်ဗျားတို့တွေက အသုံးဝင်တဲ့နေရာ ရှိသေးတယ်၊ လောရွှယ်ကို ကူပြီး နိုင်ငံရဲ့ အကြပ်အတည်းတွေကို အတူမျှဝေနိုင်တယ်၊ ရှားနိုင်ငံရဲ့ ပြည်သူတွေအတွက် ကောင်းတာလေးနည်းနည်း လုပ်ပေးနိုင်တယ်၊ နိုင်ငံ မြန်မြန် တည်ငြိမ်အောင် ကူညီပေးနိုင်တယ်။ အဲ့ဒါတွေကြောင့်သာ မဟုတ်ရင် ခင်ဗျားတို့အားလုံး ဒီနေ့ ဒီကို လာစရာတောင် မလိုဘူး"

"ကျုပ် ခင်ဗျားတို့ကို ပေးတဲ့ ကမ်းလှမ်းချက်က တူနေတုန်းပဲ၊ ပြည်သူတွေအတွက် တကယ်နှလုံးသားရှိတဲ့ သူတွေ၊ ရှားနိုင်ငံပြန်ပြီး တည်ငြိမ်သွားစေချင်တဲ့သူတွေ နေခဲ့နိုင်တယ်။ လောရွှယ်ကို မထောက်ခံဘဲ အရင်မင်းကြီးနောက်ကို လိုက်သွားချင်တဲ့သူတွေ အခုထွက်သွားနိုင်တယ်။ သေချင်နေကြရင်လည်း ကိုယ့်အိမ်ကိုယ်ပြန်ပြီး သေကြပါ၊ ဒီကိုလာပြီး မှန်ကန်ဖြောင့်မတ်ပြီး သစ္စာရှိချင်ယောင် ဆောင်မနေကြပါနဲ့။ ကျုပ် အဲ့ဒီ မူယာမာယာတွေကို နေသားမကျသေးဘူး"

ကျန်းရီသည် အတွင်းအားဖြင့် အသံကိုမြှင့်ထားခဲ့သည်။ သူ့အသံမှာ ကျယ်လောင်ပြတ်သားလှပြီး အမတ်များ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ အများစု၏ မျက်နှာထက်တွင် ဝမ်းနည်းနာကျည်းသည့် အမူအရာများ ရှိနေကြသော်လည်း သူတို့၏မျက်ဝန်းများတွင် ရှက်ရွံ့ရိပ်များ ရှိနေလေသည်။ သူတို့သည် အမတ်ရမ်၏ ဆုံးဖြတ်ချက်ကို စောင့်နေသည့်အလား အမတ်ရမ်အား ကြည့်နကြသည်။

"ကောင်းလိုက်တဲ့ အဟောအပြော"

အမတ်ရမ်သည် နှစ်ကြိမ်တိုင်တိုင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျယ်လောင်စွာ တုံ့ပြန်လာလေ၏။ သူသည် ရှက်ရွံ့နေသော အမူအရာဖြင့် ဒူးနှစ်ဖက်ထောက် ထိုင်ချကာ စကားပြောလာခဲ့သည်။

"ဒီအမတ်အိုကြီးက စာအုပ်တွေကိုချည်း အချည်းနှီး လေ့လာခဲ့မိပါတယ်။ အရင်မင်းကြီး၊ သေဆုံးသွားတဲ့စစ်သည်တွေနဲ့ ပြည်သူတွေကို မျက်နှာပြရမှာတောင် ရှက်မိပါတယ်။ ဒီအမတ်အိုကြီး ရမ်ဖျင်က အရှင်မစုလောရွှယ်ရဲ့ လက်အောက်မှာ လိုလိုလားလား အမှုထမ်းပါ့မယ်။ မသေမချင်း အရှင်မကို ထောက်ပံ့ပြီး ရှားနိုင်ငံအတွက် စွမ်းစွမ်းတမံ အမှုထမ်းသွားပါ့မယ်လို့ ကျွန်တော်မျိုးရဲ့ နှလုံးသားနဲ့ရင်းပြီး ကျိန်ဆိုပါတယ်"

အမတ်ရမ် ဒူးထောက်သည်နှင့် အမတ်မှန်သမျှက လိုက်ပါလာကြသည်။ သူတို့အားလုံးသည် တစ်ညီတစ်ညာထဲ အော်ဟစ်လာလေ၏။

"ကျွန်တော်မျိုးတို့ အရှင်မစုလောရွှယ်ရဲ့ လက်အောက်မှာ လိုလိုလားလား အမှုထမ်းပါ့မယ်။ မသေမချင်း အရှင်မကို ထောက်ပံ့ပြီး ရှားနိုင်ငံအတွက် စွမ်းစွမ်းတမံ အမှုထမ်းသွားပါ့မယ်လို့ ကျွန်တော်မျိုးတို့ နှလုံးသားနဲ့ရင်းပြီး ကျိန်ဆိုပါတယ်"

"ဟူး..."

ပလ္လင်ထက်မှ စုလောရွှယ်အပါအဝင် စစ်သူကြီးလုနှင့် အခြားစစ်သူကြီးများသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ ထိုအမတ်များအားလုံး ရာထူးမှ နှုတ်ထွက်သွားခဲ့လျှင် အချိန်တိုအတွင်း ရှားနိုင်ငံ ပြန်လည်တည်ငြိမ်ရန် မဖြစ်နိုင်ပေ။ မှူးမတ်များမရှိဘဲ မည်သူက နိုင်ငံအား ကူညီအုပ်ချုပ်ပေးမည်နည်း။

ထိုသူများသာ လက်ခံသွားကြလျှင် အရာရာသည် လွယ်ကူသွားပြီဖြစ်သည်။ စစ်သူကြီးများသည် စကားတစ်ခွန်းမှ မပြောရဲကြပေ။ ကျန်းရီရှိနေရာ သူတို့ ကန့်ကွက်မိပါက သူ့လက်အတွင်း ချက်ချင်းသေသွားကြရလိမ့်မည်။ လွန်ခဲ့သောည ကျန်းရီ မြို့စားနှစ်ယောက်ကို ဖမ်းဆီးစဉ်အခါက ခံစားရသော ဖိအားကို သူတို့မှတ်မိနေသေးသည်။

ထို့ပြင် ကျန်းရီသည် ယခုအခါ ရှားနိုင်ငံ၏ သူရဲကောင်းဖြစ်နေပြီဖြစ်သည်။ သူ့အား စစ်သည်များအားလုံးက လေးစားကြည်ညိုကြသည်။

ထို့နောက်တွင်တော့ ညီလာခံခန်းမတွင် ကျန်းရီအား မလိုအပ်တော့ပေ။ စုလောရွှယ် ထီးနန်းဆက်ခံရန် အတည်ပြုပြီးနောက် ကျန်ကိစ္စများအားလုံးကို အမတ်များကသာ ကိုင်တွယ်ဖြေရှင်းကြသည်။ အမတ်အုပ်စုသည် နန်းတက်မည့်ရက်၊ နန်းတက်ရန် ပြင်ဆင်စရာရှိသည်များနှင့် မြို့အသီးသီးကို မည်သို့ပြန်လည်ထူထောင်ကြမည်ကို စတင်ဆွေးနွေးကြသည်။

ထိုဆွေးနွေးချက်များကို နားထောင်ပြီးနောက် ကျန်းရီသည် ထိုရှုပ်ထွေးသော အရေးကိစ္စများကို သဘောမကျသောကြောင့် စတင်အိပ်ငိုက်လာသည်။ ကံကောင်းထောက်မ၍ အုပ်ချုပ်သူလုပ်မည့်သူမှာ စုလောရွှယ်သာဖြစ်သည်။ သူသာဆိုပါက ဘာမှမလုပ်နိုင်ဘဲ ရှိသမျှ အရေးအခင်း ဟူသမျှကို အခြားသူများထံ လွှဲထားမိမည်မှာ သေချာသည်။

"ကောင်းပြီ...နန်းတက်ပွဲက နောက်နှစ်ရက်ကြာရင် ကျင်းပမယ်"

စုလောရွှယ်သည် တည်ငြိမ်စွာ ပြောလိုက်ပြီးနောက် ကျန်းရီထံ တစ်ချက်လှမ်းကြည့်လိုက်သည်။

"ငါ ကျန်းရီကို ကိုယ်စားအုပ်ချုပ်သူ ရာထူးပေးဖို့ လုပ်ထားတယ်၊ ငြင်းချင်တဲ့သူ ရှိလား"

"ကိုယ်စားအုပ်ချုပ်သူ"

မှူးမတ်များအကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြန်သည်။ အရင်ကလည်း ထိုရာထူးနှင့် လူတစ်ယောက် ရှိခဲ့ဖူးသည်။ ကိုယ်စားအုပ်ချုပ်သူသည် ဘုရင်ကိုယ်စား အမိန့်ချမှတ်နိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် ကျန်းရီစိတ်မပျော်ဘူးဆိုလျှင် မှူးမတ်များ၊ စစ်သူကြီးများကို ချက်ချင်းထ၍ ကွက်မျက်နိုင်သည့် ရာထူးပင် ဖြစ်ချေသည်။

ထိုရာထူးသည် လူတိုင်း၏ အထက်တွင်ရှိ၍ လူတစ်ယောက်အောက်သာ နိမ့်သည်။

"လုံးဝ လက်မခံနိုင်ပါဘူး"

အမတ်ရမ်သည် ချက်ချင်းငြင်းလိုက်သည်။ ကိုယ်စားအုပ်ချုပ်သူ ရာထူးအား ထိုအရူးကောင် ကျန်းရီကိုသာ ပေးလိုက်ပါက သူတို့ အသက်ရှင်နိုင်ကြပါဦးမည်လော။ ညီလာခံတွင် မည်သူက သူ့အား ဆန့်ကျင်ရဲပါမည်နည်း။ သူမပျော်လျှင် သူကြိုက်သည့်အချိန် လူထသတ်နေပါက မည်သို့ဖြစ်မည်နည်း။

ကျန်းရီသည် ရှားနိုင်ငံ၏ ကယ်တင်ရှင်ဖြစ်ပြီး အလွန်အင်အားကြီးသော်လည်း အပြင်လူ ဖြစ်နေသေးသည်။ အမတ်များသည် သူတို့ခေါင်းများအား အချိန်မရွေး အန္တရာယ် ပေးလာနိုင်သည့် အပြင်လူကို သူတို့အထက်တွင်ထားရန် မလိုလားကြပေ။

အမတ်ရမ်သည် အလျင်အမြန် ဘိုးဘေးများ၏ စည်းမျဉ်းများကို ထုတ်ပြောလာပြီး အခြားသူများကလည်း စာအုပ်ကြီးများအတိုင်း အပြင်းအထန် ကန့်ကွက်လာကြသည်။ သူတို့သည် ကျန်းရီအား သူတို့ကို မဖိနှိပ်နိုင်လောက်သည့် စစ်သူကြီးရာထူးပေးရန် ပရိယာယ် ကြွယ်ကြွယ်ဖြင့် အဆိုပြုလာကြသည်။

"ဟမ့်"

ကျန်းရီသည်လည်း မကျေနပ်ပါချေ။ သူတို့သည် သူ့အား ကိုယ်စားအုပ်ချုပ်မဖြစ်စေချင်သလို သူကလည်း မလုပ်ချင်ပေ။ စုလောရွှယ်ကြောင့်သာ မဟုတ်လျှင် ရှားနိုင်ငံအား သူလှည့်၍ပင် ကြည့်မည်မဟုတ်။

"အဟွတ်...အဟွတ်"

စုလောရွှယ်သည် ကျန်းရီ ပြန်ပြောတော့မည်ကို မြင်သောအခါ အလျင်အမြန် ချောင်းဟန့်လိုက်၍ မေးခွန်းပြန်မထုတ်နိုင်လောက်သည့် လေသံဖြင့် မေးလိုက်သည်။

"ကျန်းရီက ရှားနိုင်ငံရဲ့ ကျေးဇူးရှင်ပဲ၊ သူမရှိဘဲ သုံးနှစ်ကြာရင် ဘယ်သူက မိုးပြာနဂါးအင်ပါယာနဲ့ နိုင်ငံငါးခုရဲ့ မဟာမိတ်တပ်ကြီးကို ဘယ်သူက ရင်ဆိုင်ပေးမှာလဲ။ ရှင်တို့ထဲက တစ်ယောက်လောက်သာ အဲ့လိုအစွမ်းအစရှိရင် အဲ့လူကိုလည်း ကျွန်မ ကိုယ်စားအုပ်ချုပ်သူရာထူး ချီးမြှင့်ပေးမယ်။ တခြားဘာမှ မရှိရင် ဒီကိစ္စကို အတည်ပြုလိုက်ပြီ၊ ညီလာခံသိမ်းနိုင်ပြီ"

စကားဆုံးသည်နှင့် စုလောရွှယ်သည် ချက်ချင်းထွက်ခွာသွားခဲ့သည်။ ကျန်းရီသည်လည်း နှာခေါင်းပွတ်၍ ထရပ်လိုက်သည်။ စစ်သူကြီးလုတို့လူစုသည် ဒူးတစ်ဖက်ထောက်၍ ဝမ်းသာအားရ နှုတ်ဆက်လာလေ၏။

"ဒီစစ်သူကြီးက ကိုယ်စားအုပ်ချုပ်သူကို အရိုအသေပေးပါတယ်"

ကျန်းရီသည် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ထိုအဆင့်အတန်းသည် ရှားနိုင်ငံပြည်သူများ၏ သေခြင်းရှင်ခြင်းကိုပင် ဆုံးဖြတ်နိုင်သည့် အခွင့်အာဏာဖြစ်သလို အလွန်ကြီးလေးသော တာဝန်လည်းဖြစ်သည်။

ယနေ့မှစ၍ သူသည် ရှားနိုင်ငံတွင် စစ်ရထားတွင် ချည်နှောင်ခံလိုက်ရပြီဖြစ်သည်။ သူသည် ရှားနိုင်ငံနှင့်အတူ ချေမှုန်းသုတ်သင်ခံရမည့် နေ့တစ်နေ့လည်း ရှိလာနိုင်လေသည်။

*****

All Chapters