အသင်းရဲ့ သိက္ခာ မကျစေရဘူး
Vol. 151 Ch. 2226
ယုံကြည်ချက် အပြည့်ဖြစ်နေသည် လီကျန်းချွမ်ကို မြင်တော့ ကျိုးကွမ်းယောင် အချိန်အတော်ကြာသည်ထိ တိတ်ဆိတ်သွားခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်က ယခု အပေးအယူ လုပ်မည့် ကိစ္စကို မသိသွားဘူးဆိုပါက အကောင်းဆုံးဖြစ်၏။
ထိုသို့ မဟုတ်ဘူးဆိုပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမလဲဆိုတာ မည်သူကမျှ သိရှိနိုင်မှာ မဟုတ်ချေ။
အကယ်၍ ကျုံးဝေ့တပ်ဖွဲ့ဝင်များ အမှန်တကယ် ရောက်လာခဲ့မည်ဆိုပါက အခြေအနေမှာ သူတို့ ထင်ထားသည်ထက် ဆိုးရွားသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေ အသင်း ၁၏ ခေါင်းဆောင် လင်းရီက စီ-အဆင့် ကျွမ်းကျင်သူနှစ်ဦးကိုပင် သတ်ဖြတ်ခဲ့ဖူးသူ ဖြစ်၏။
ထိုကဲ့သို့သော အင်အားမျိုးကို လီကျန်းချွမ်ဘက်ခြမ်းရှိ လူများက တောင့်ခံနိုင်မှာ မဟုတ်ချေ။ သူတို့၏ တစ်ခုတည်းသော အခွင့်အရေးက ခြုံခိုတိုက်ခိုက်မှု အောင်မြင်ခြင်း ရှိမရှိ အပေါ် မူတည်နေသည်။
ထိုအချိန်မှာပဲ ကားအတွင်း၌ ဂျရစ်ဂျရစ် မြည်သံများ ထွက်ပေါ်လာသည်။ စကားပြောစက်ထံမှ ဖြစ်၏။
“ ဘော့စ် … ကျုပ်တို့လူတွေကို အနောက်က လိုက်နေတဲ့လူတွေ ရှိပါတယ် ….”
ထိုစကား ကြားတော့ ကားထဲရှိ လူနှစ်ယောက်၏ အမူအရာမှာ ကွက်ခနဲ ပျက်သွားခဲ့ကြ၏။
ဤသို့ ဖြစ်လာလိမ့်မည်ကို လီကျန်းချွမ် မျှော်လင့်မထားခဲ့ချေ။
ယခုမတိုင်မီက အပေးအယူ ဖလှယ်မည့် သတင်းအချက်အလက်ကို ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး သိရှိကြသူ အကုန်လုံးကလည်း သူအနီးကပ် ယုံကြည်ရသူများပင်။ ထိုသူများ သတင်းပေါက်ကြားစေသည်မှာတော့ မဖြစ်နိုင်ပေ။
လီကျန်းချွမ်၏ ဦးနှောက်က အဆက်မပြတ် လည်ပတ်နေပြီး မာတဲ့ဟုန်များ ဤသတင်းကို ပေါက်ကြားစေလိုက်သလောဟု စတင် သံသယရှိလာတော့၏။
သို့ပေမယ့်လည်း ထိုသံသယကို လျင်မြန်စွာပဲ ချေဖျက်လိုက်သည်။ မာတဲ့ဟုန်က သိပ္ပံသုတေသန ပညာရှင် တစ်ဦး ဖြစ်ပြီး သူက လျှို့ဝှက်ချက်တွေ အများကြီးကို သိထားသည်ဆိုသော်လည်း အကုန်လုံးက သုတေသနနှင့် သက်ဆိုင်သည့် အရာများသာ ဖြစ်သည်။ ဆေးရည် အပေးအယူ လုပ်မည့် ကိစ္စနှင့် စပ်လျဉ်း၍မူကား သူ တစ်လုံးတစ်ပါဒမျှ သိရှိခြင်း မရှိပေ။
ဆိုတော့ … သတင်းက ဘယ်လိုဖြစ်ပြီး ပေါက်ကြားသွားခဲ့တာလဲ …
“ သူတို့ လူဘယ်နှစ်ယောက်လဲ …” လီကျန်းချွမ် အလျင်စလို မေးလိုက်၏။
“ နှစ်ယောက် ….”
“ အခွင့်အရေးရှာပြီး ပစ္စည်းကို ပြန်ယူလိုက် … မလိုအပ်ရင် တစ်ဖက်လူနဲ့ ထိပ်တိုက် မရင်ဆိုင်နဲ့ …”
“ ဟုတ်ကဲ့ ….”
စကားဝိုင်း အဆုံးသတ်သွားပြီး လီကျန်းချွမ်က ဒရိုင်ဘာကို ကားမောင်းရန် လက်ဟန်ပြလိုက်သည်။
ကျုံးဝေ့တပ်ဖွဲ့ကလူများ ရောက်လို့လာသည်။ ဟက်ပီးဗယ်လီသည် သူတို့အတွက် လုံခြုံမှု မရှိတော့ပေ။ ဤနေရာ၌ ခပ်ကြာကြာနေလို့ မဖြစ်ပေ။
“ လူကြီးမင်းလီ … ငါ စကားတစ်ခွန်းလောက် အကြံပြုချင်တယ် …” ကျိုးကွမ်းယောင်က အသံနိမ့်ပြီး ပြောလိုက်၏။
“ ပြောပါ …”
“ ငါ့အထင်ကတော့ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုး မလုပ်သင့်ဘူးလို့ ထင်တယ် …”
“ ဥက္ကဌကျိုးက ကြောက်တာလား …”
“ ကျုံးဝေ့တပ်ဖွဲ့မှာ အသင်း သုံးသင်းရှိတယ် …. ဒုတိယနဲ့ တတိယအသင်းက အဲ့လောက်ထိ စိုးရိမ်စရာ မဟုတ်ဘူး … ဒါပေမယ့် အသင်း ၁ ကတော့ သွားရှုပ်လို့ရတဲ့ထဲ မပါဘူး … အထူးသဖြင့် သူတို့ရဲ့ အသင်းခေါင်းဆောင် လင်းရီပဲ …. သူ့ ခွန်အားက သိပ်ကြောက်စရာ ကောင်းလွန်းတယ် …” ကျိုးကွမ်းယောင် ပြောလိုက်သည။
“ တကယ်လို့ မင်းဘက်က စီ အဆင့် ကျွမ်းကျင်သူကို စေလွှတ်လိုက်မယ်ဆိုရင်တောင် သူ့ကို ဟန့်တားထားနိုင်ဖို့က မသေချာဘူး …. လုံခြုံစိတ်ချရအောင် ငါကတော့ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ကို ရှောင်ရှားစေချင်တယ် …”
“ ဖြစ်နိုင်ရင် ငါလည်း သူတို့နဲ့ မျက်နှာချင်းဆိုင် ထိပ်တိုက် မတွေ့ချင်ပါဘူး … ဒါပေမယ့် ဒီခုတော့ ငါတို့ရဲ့ ပစ္စည်းကို ဘယ်လိုပဲ ဖြစ်ဖြစ် ရအောင် ပြန်ယူရမယ် …”
လီကျန်းချွမ်၏ အမူအရာက ပြောဆိုရင်းဖြင့် လေးနက်သည်ထက် လေးနက်လာသည်။
“ ငါ အထဲမှာ သေချာလေး စီစဉ်ထားတယ် … ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး … စိတ်ချလက်ချသာ နေစမ်းပါ …”
…..
ထိုအချိန်တွင် ယွီစီယင်နှင့် ကျန်းချောင်ယွဲ့တို့က သံသယရှိသူများနောက်သို့ လိုက်ရင်း ပွဲကျင်းပရာ နေရာမှ အပြင်ဘက် ကော်ရစ်ဒါသို့ ရောက်ရှိလာသည်။
လူအများစုက အတွင်း ပွဲကျင်းပသည့် နေရာတွင် စုဝေးနေကြသည် ဖြစ်၍ ပြင်ပ ကော်ရစ်ဒါတွေ လူက သိပ်မရှိပေ။
ထို့ပြင် သူမတို့နှင့် ပစ်မှတ်များ၏ အကွာအဝေးက ဆယ်မီတာခန့်လောက်သာ ဝေးကွာလေသည်။
“ လုပ်တော့ …”
တိုင်မင်ကွက်တိ ရောက်လာသည်ကို မြင်တော့ ယွီစီယင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး နှစ်ဦးလုံး တစ်ပြိုင်တည်း အရှိန်တင်ကာ ကိုယ်စီ ပစ်မှတ်များထံသို့ ပြေးဝင်သွားကြသည်။
ပစ်မှတ်များကလည်း သူတို့တွေ နောက်ယောင်လိုက်ခံနေရပြီဆိုတာကို သိထားပြီးဖြစ်သဖြင့် တစ်ခုခု လွဲချော်နေပြီကို သတိထားမိသည်နှင့် ချက်ချင်းပဲ ပြေးတော့သည်။
သို့သော်လည်းပဲ သူတို့ရဲ့ အမြန်နှုန်းက သာမန်လူ အနည်းစုထက်သာ ပိုသည်။ ယွီစီယင်တို့နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ယုန်နှင့်လိပ် အပြေးပြိုင်နေသကဲ့သို့ ဖြစ်ပြီး အချိန်တို အတွင်းမှာပဲ လိုက်မီသွားခဲ့သည်။
ယွီစီယင်က အနောက်ကနေ ချဉ်းကပ်လာပြီး အမျိုးသား၏ လည်ပင်းကို ဆွဲလိုက်၏။
ကျန်းချောင်ယွဲ့ကလည်း လှုပ်ရှားကာ ကန်ချက်တစ်ချက်နှင့်အတူ အဖြူရောင်ရှပ်နှင့် အမျိုးသားကို မှောက်သွားစေပြီး သူ့လက်တော့အိတ်ကို ဆွဲယူလိုက်သည်။
အခြေအနေ မဟန်သည်ကို မြင်တော့ အမျိုးသား နှစ်ဦးကလည်း သူတို့ အိတ်ထောင်ထဲက ခေါက်ဓားများကို ထုတ်ကာ ယွီစီယင်နှင့် ကျန်းချောင်ယွဲ့သို့ ပြေးဝင်လာသည်။
သို့သော်လည်းပဲ ဤမျှ အဆင့်လောက်က ယွီစီယင်တို့ကို နှိမ်နှင်းဖို့ရာ မိုးနှင့်မြေပမာ ဝေးကွာလွန်းလှသည်။
ယွီစီယင်က သက်တောင့်သက်သာပဲ ဘေးသို့ လှမ်း၍ ထိုးသွင်းလာသည့် ဓားမြောင်ကို ရှောင်ရှားကာ တိုက်ခိုက်လာသူ၏ လက်ကောက်ဝတ်ကို ဝှစ်ခနဲ ဆုပ်ဖမ်းထားလိုက်၏။ ထို့နောက် အားအင်အပြည့်ဖြင့် အပေါ်သို့ လိမ်ဆွဲလိုက်ရာ နာကျင်မှုကြောင့် ဓားက လက်တွင်းကနေ ပြုတ်ကျသွားလေသည်။ အမျိုးသားမှာ လွယ်လင့်တကူပဲ ဖိနှိပ်ခံလိုက်ရသည်။
အခြားတစ်ဖက်ခြမ်း၌ ကျန်းချောင်ယွဲ့သည်လည်း အဖြူရောင်ရှပ်နှင့် အမျိုးသားကို အလားတူ လွယ်လင့်တကူပဲ ဖိနှိပ်လိုက်နိုင်ပြီး ချွေးတစ်ပေါက်ပင် မထွက်လိုက်ချေ။
ဤအတောအတွင်း စွေ့ချန်က သူ့ကိုယ်သူ ကိုယ်ထင် မပြခဲ့ပေ။
လင်းရီ ညွှန်ကြားသည့်တိုင်း လိုက်နာရင်း အခြားသူများ ရောက်ရှိအလာကို ကာကွယ်ရန်အတွက် အသင့်ရှိလို့နေသည်။
နှစ်ယောက်လုံးကို အမှောက်သိပ်ပြီနောက် ယွီစီယင်က ကျန်းချောင်ယွဲ့ထံသို့ လျှောက်လှမ်းလာခဲ့၏။
“ အထဲမှာ ဘာပါလဲ ကြည့်ကြစို့ ….”
ကျန်းချောင်ယွဲ့က လက်တော့အိတ်ကို အလျင်အမြန်ဖွင့်လိုက်သည်။
အတွင်းတွင် ဂဏန်းလျှို့ဝှက်နံပါတ်ဖြင့် သော့ခတ်ထားသည့် အနက်ရောင် သေတ္တာတစ်လုံး ရှိနေသည်။
ကျန်းချောင်ယွဲ့မှာ လျှို့ဝှက်နံပါတ်ကို အလုပ်ရှုပ်ခံ၍ မေးမြန်းမနေတော့ဘဲ ကြမ်းပြင်တွင် ပြုတ်ကျနေသည့် ဓားမြောင်ကို ကောက်ယူကာ အကြမ်းပတမ်း ဖွင့်ဟလိုက်၏။
အတွင်း၌ အပြာရောင် ဆေးရည် ဖန်ပြွန်သေးသေးလေး နှစ်ချောင်း အတန်းလိုက် ရှိနေတာကို မြင်တော့ သူမတို့ ရင်ဘက်ထဲရှိ လေးပင်မှုများလည်း လျင်မြန်စွာ လျော့ပါးသွားခဲ့၏။
ကြည့်ရသည်မှာတော့ သတင်းအချက်အလက်က မှန်ကန်နေပုံပင်။
“ ဆုတ်ခွာဖို့ အသင့်ပြင်မယ် …”
ကျန်းချောင်ယွဲ့က စကားပြောစက်မှ တစ်ဆင့် လူတိုင်းကို ဆော်ဩပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။
ထိုအချိန် အခိုက်အတန့်မှာ ယွီစီယင် ရုတ်ချည်း ကြက်သီးမွေးညှင်းတို့ ထောင်ထလာသည်။
တစ်စုံတစ်ယောက်က ကျန်းချောင်ယွဲ့နောက်သို့ ဘယ်ချိန်ကမှန်း မသိ ရောက်နှင့်နေပြီး အိတ်ကပ်ထဲက သေနတ်ထုတ်ကာ ကျန်းချောင်ယွဲ့၏ ဦးခေါင်းသို့ ချိန်ရွယ်လိုက်သည်။
“ သတိထား …”
ယွီစီယင် အလန့်တကြား အော်ဟစ်လိုက်၏။ ထို့နောက် ခန္ဓာကိုယ်က အလိုအလျောက် ကျန်းချောင်ယွဲ့ အရှေ့သို့ ပစ်ဝင်သွားခဲ့သည်။
ဘန်း …
သေနတ်သံ တစ်ချက် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး အသံကဲ့သို့ အမြန်နှုန်းဖြင့် ကျည်ဆံတစ်တောင့်က ယွီစီယင်ကို ထိမှန်သွားခဲ့ပြီး သွေးတို့ ဖြာထွက်လာသည်။
“ ချီးပဲ …”
ကျန်းချောင်ယွဲ့၏ ဦးခေါင်းထဲ တဝီဝီ မြည်ဟည်းသွားပြီး ခါးရှိ သေနတ်ကို ထုတ်ကာ ထိုလူကို ချက်ချင်း ပစ်ခတ်လိုက်သည်။
တစ်ချက်တည်းနှင့် အသေသတ်လိုက်ခြင်းပင်။
ရုတ်ချည်းထွက်ပေါ်လာသည့် သေနတ်သံများက နေရာတစ်ဝိုက်ကို ပရမ်းပတာ ဖြစ်သွားစေခဲ့ပြီး ဖြတ်သွားဖြတ်လာ ပြုနေကြသည့် လူများအားလုံး ကြောက်လန့်တကြားဖြင့် ငယ်သံပါအောင် အော်ဟစ်ကာ မတူကွဲပြားသည့် ဦးတည်ရာဘက်ခြမ်းသို့ ပြေးလွှားသွားခဲ့ကြ၏။
“ စီယင် … “
“ စီယင် …”
ကျန်းချောင်ယွဲ့က ယွီစီယင်ကို ထိန်းပင့်ထားပေး၏။ သို့သော် သူမက သတိလစ်သွားခဲ့ပြီ ဖြစ်ပြီး မည်သည့်တုံ့ပြန်မှုတို့မျှ ပြသမလာချေ။
ယွီစီယင်၏ အခြေအနေက အရေးအပေါ်ဖြစ်လာတာကို မြင်တော့ စွေ့ချန်နှင့် အခြားသူများလည်း အရိပ်ထဲ ပုန်းအောင်နေရာမှ ပြေးထွက်လာခဲ့ကာ သူမနှင့်အတူ ဘေးကင်းရာ အရပ်သို့ ဆုတ်ခွာဖို့ လုပ်၏။
“ ငါ ကာဗာပေးထားမယ် .. သူ့ကို မြန်မြန် ခေါ်သွား …” စွေ့ချန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သို့သော် ထိုအချိန်မှာပဲ လူ အယောက် နှစ်ဆယ်ကျော်က အရပ်မျက်နှာ ပေါင်းစုံကနေ ထွက်ပေါ်လာပြီး စွေ့ချန်နှင့် အခြားသူများ ဆုတ်ခွာမည့်လမ်းကြောင်းကို ရှေ့ရောနောက်ပါ ပိတ်စို့ထားလိုက်သည်။
တစ်ဖက်လူက သူတို့ ထင်မှတ်ထားသည်ထက်ပင် သေချာ ဂရုတစိုက်နှင့် စီစဉ်ထားသည်ကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရ၏။
စွေ့ချန်၏ မျက်လုံးက ဘယ်ညာ ဆက်တိုက် ရွေ့လျားနေပြီး လေးနက်စွာ ဆိုလိုက်၏။ “ မင်း ဒီကနေ သူနဲ့အတူ အရင်ထွက်သွား … ဒီကလူတွေကို ငါ ကိုင်တွယ်ထားလိုက်မယ် …”
အရေးပေါ် အခြေအနေ၌ ရှောင်ပင်းနှင့် ကျန်သူများမှာ အခြားအရာများကို ဂရုမစိုက်နိုင်တော့ချေ။ ယွီစီယင်၏ ခန္ဓာကိုယ်မှာ သွေးတို့ ဖုံးလွှမ်းနေပြီ ဖြစ်ပြီး ဆေးကုသမှု ခံယူနိုင်ဖို့အတွက် ဆေးရုံသို့ ချက်ချင်း ခေါ်သွားဖို့လိုသည်။
အသင်း ၁ အဖွဲ့ဝင်များအားလုံး သူတို့ရဲ့ သေနတ်ကို ဆွဲထုတ်လိုက်ကြသည်။ သို့သော် ဟုန်မန်ဂိုဏ်းသားများကလည်း အလားတူ သေနတ်များ ဆွဲထုတ်လာကာ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်သည်။
“ ငါ့လူတွေကို လွှတ်ပေးလိုက် … ဒါဆို မင်းတို့အားလုံးကို ရှင်လျက် ထွက်သွားခွင့်ပေးမယ် ….”
ရှေ့တက် ပြောလာသည့်လူက ဆံပင်အတိုနှင့် ဖြစ်ပြီး မျက်နှာအမူအရာက ခံစားချက်ကင်းမဲ့သည့် စက်ပစ္စည်းတစ်ခုနှယ် အေးစက်နေသည်။
သူ့နာမည်က ရွှမ်ဝန်ထုံ ဖြစ်ပြီး ဟုန်မန်ဂိုဏ်းက ကြေးကြီးကြီးနှင့် ငှားရမ်းထားသည့် ဗီယက်နမ်သားပင်။
“ အစ်ကိုချန် … သူတို့ကို လွှတ်ပေးလိုက် … အစ်မယင်က ဒဏ်ရာရထားတယ် … ငါတို့ အချိန်ဆွဲနေလို့ မဖြစ်ဘူး …” ရှောင်ပင်း ပြောလိုက်သည်။
စွေ့ချန် မည်သည့် စကားမျှ မဆိုချေ။ အတွင်းစိတ် လွန်ဆွဲပွဲ ဖြစိနေပုံရသည်။
“ မလုပ်နဲ့ … ငါတို့ ဒီလူတွေကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး …”
ယွီစီယင်က ခက်ခက်ခဲခဲ ရုန်းကန်၍ စကားပြောဆိုလာသည်။
“ အသင်း ၁ရဲ့ သိက္ခာက ငါတို့လက်ထဲကျမှ ဆုံးရှုံးသွားလို့ မဖြစ်ဘူး ….”