← Chapters

ဘယ်သူ့အမှားလဲ

Vol. 151 Ch. 2232

ဘယ်သူ့အမှားလဲ

Vol. 151 Ch. 2232

လင်းရီ၏ အထောက်အထား အစစ်အမှန်ကို သိလိုက်ရတော့ ရန်ပေါင်လုံ၏ သဘောထားမှာ ကြီးစွာ ပြောင်းလဲသွားခဲ့ပြီး သာမန်လျှံကာ အမှုမထားဝံ့တော့ချေ။

“ အခုက ဒီအကြောင်းတွေ ပြောနေရမယ့် အချိန် မဟုတ်ဘူ … သွားပြီး အဝတ်တွေ သွားပြင်ထားတော့ … ကျုပ်တို့ နှစ်စုံလိုတယ် …”

“ ပြဿနာမရှိဘူး …. ငါ အခုချက်ချင်းပဲ စီစဉ်ခိုင်းလိုက်မယ် …”

“ လော့ချီ … အသင့်ပြင်ထား … ခဏနေ ငါနဲ့အတူ အထဲဝင်ရမယ် …”

“ ဟုတ် …”

စစ်ဆေးတက္ကသိုလ် ကျောင်းသူတစ်ဦး ဖြစ်သည့်အလျောက် ဤသို့သော ကဏ္ဍမျိုးတွင် သူမက အတွေ့အကြုရှိလေသည်။

….

မကြာမီ ခွဲစိတ်ခန်းဝတ်စုံက အဆင်သင့် ဖြစ်သွားခဲ့ပြီး လင်းရီနှင့် လော့ချီတို့မှာ စည်းမျဉ်းစည်းကမ်းများအတိုင်း အဝတ်စားလဲပြီး ခွဲစိတ်ခန်းထဲသို့ ဝင်သွားခဲ့ကြသည်။

အနီးနားတွင် ရပ်နေသည့် ရန်ပေါင်လုံကတော့ ချွေးအေးတို့က တိတ်တဆိတ် ခိုးသုတ်လိုက်၏။ သူ့စိတ်ထဲ ဖိအားများနေသည်။

ဒီရဲ့ နတ်တမန်တော်က ဘယ်ကနေများ ရောက်လာတာပါလိမ့် … အတွင်းရေးမှူးဟော်ကိုတောင် ကိုယ်တိုင်ဖုန်းဆက်ပြီး လိုအပ်တာတွေ ခိုင်းဝံ့နေတယ် …

ဖန့်ချိန်၏ ကြွယ်ဝမှုက ကျိုးဟိုင်နှင့် နှိုင်းယှဉ်၍ရသော်လည်းပဲ လူမှုရေးနှင့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင်တော့ အနည်းငယ် နောက်ပြန်ဆွဲနေသေးသည်။

သူတို့မြို့ရှိ အကောင်းဆုံး ပြည်သူ့ဆေးရုံကြီးဆိုသည်မှာ သာမန် ဒုတိယတန်းစား မြို့တစ်မြို့၏ စံချိန်စံနှုန်းတို့နှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။ ထို့ကြောင့် သူတို့အားလုံး ဤကဲ့သို့ ခက်ခဲလှသည့် ခွဲစိတ်မှုပြုလုပ်ရန်အတွက် လုံးဝ ပြင်ဆင်မထားမိကြချေ။

အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့မည်ဆိုပါက အကျိုးဆက်တွေကို သူလည်း ခံယူနိုင်မှာ မဟုတ်။

အချိန်က တရွေ့ရွေ့နှင့် ကုန်ဆုံးနေပြီး တစ်နာရီကျော်ကြာပြီးနောက် ဓာတ်လှေကား တံခါး ပွင့်လာသည်။ ချိုးယွီလော့နှင့် နင်ချဲ့တို့ ထွက်လာခဲ့ကြ၏။

“ အစ်မချိုး … အစ်မနင် …. လာပြီလား …”

မစ်ရှင် ပြီးဆုံးတော့ ရှောင်ပင်းက လင်းရီတစ်ဦးတည်းကိုသာမက စခန်းသို့လည်း သတင်းပို့ခဲ့သည်။

သတင်းကို ကြားတော့ ချိုးယွီလော့နှင့် နင်ချဲ့တို့ ချက်ချင်းပဲ ဖန့်ချိန်သို့ ထွက်လာခဲ့ကြသည်။

ပုံမှန်ဆိုပါက သူတို့၏ ရာထူးအဆင့်ဖြင့် ဤနေရာသို့ ရောက်လာနေစရာ မလိုပေ။ သို့သော်လည်း လင်းရီနှင့် ပတ်သက်မှုတို့ကြောင့် သူတို့အားလုံး ဤနေရာသို့‌ အပြေးရောက်လာခဲ့ကြခြင်းပင်။

စွေ့ချန်နှင့် ကျန်းချောင်ယွဲ့တို့နှစ်ဦးတည်းကိုသာ အပြင်၌ မြင်တွေ့နေရပြီး နှစ်ဦးလုံး၏ မျက်နှာကလည်း ဖူးယောင် သွေးထွက်နေတာကို မြင်တော့ ချိုးယွီလော့နှင့် နင်ချဲ့တို့မှာ တစ်ခုခု လွဲချော်နေတာကို ခံစားမိလိုက်ကြ၏။

“ ဟယ် … ဒါ ဘယ်လိုတွေ ဖြစ်ရတာလဲ … ကျန်တဲ့ တခြားလူတွေရော ….”

ကျန်းချောင်ယွဲ့က ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်ကို နင်ချဲ့တို့ထံ ပြန်ပြောင်းပြောပြလိုက်သည်။

သူတို့နှစ်ဦးလုံး၏ အမူအရာမှာ ချက်ချင်း လက်ငင်း အေးစက်သွားခဲ့၏။

“ ဟုန်မန်ရဲ့ သတ္တိက ကောင်းသထက် ကောင်းလာနေတာပဲ … ဒင်းတို့က ဖန့်ချိန်ထိတောင် လိုက်လာဝံ့နေတယ် …”

“ ကျွန်မတို့လည်း ဒီလိုဖြစ်လာမယ်လို့ မျှော်လင့်မထားဘူး … ဒါကြောင့်မို့ ဒီကို ရောက်လာပြီးနောက်ပိုင်း ထွေထူး ကြိုတင်ပြင်ဆင်ထားတာတွေ ဘာမှ မလုပ်ထားတာ … လက်နက်တွေတောင် ကားထဲပဲ ချန်ထားခဲ့တာ …. မဟုတ်ရင် ဒီလိုမျိုးတွေ ဖြစ်မှာမဟုတ်ဘူး ….”

“ ကိုယ့်ကိုယ်ကို အပြစ်တင်မနေပါနဲ့ဟယ် … နင်တို့ အကောင်းဆုံး လုပ်ခဲ့ပြီးပြီပဲ …” ချိုးယွီလော့ ပြောလိုက်ပြီး “ နင်တို့က အသင်းသိက္ခာကို မကျစေပါဘူး … ပြီးတော့ ကျုံးဝေ့တပ်ဖွဲ့ရဲ့ ဂုဏ်သတင်းကိုလည်း မပျက်စီးစေခဲ့ဘူး ….”

“ ကျေးဇူးတင်ပါတယ် အစ်မချိုး ….”

ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦးလုံး စိတ်ထဲ ကြိတ် သက်ပြင်းချလိုက်ကြသည်။ တစ်ချိန်တည်းတွင် ကိုယ့်အသင်းဖော်အချင်းချင်း အသက်စွန့်ပြီး ကာကွယ်တတ်သည့် လူများကို အသင်းထဲ ခေါ်သွင်းနိုင်သည့် အံ့ချီးဖွယ်စွမ်းရည်ကိုလည်း လက်ဖျားခါမိသွားခဲ့သည်။

သူတို့တွင် လင်းရီကဲ့သို့ ထူးခြားသည့် အမြင်အာရုံ မရှိကြောင်းကို ဝန်ခံသည်။

အချိန်က တဖြည်းဖြည်းနှင့် ကုန်ဆုံးသွားခဲ့ပြီး မကြာမီ အချိန်အတွင်းမှာပဲ မနက် ငါးနာရီကျော်သွားခဲ့သည်။ အပြင်ဘက် မိုးကောင်းကင်တွင် လင်းစပြုနေလေပြီ။

ထိုအချိန်မှာပဲ ဓာတ်လှေကားတံခါး ပွင့်ဟလာခဲ့ပြီး လူတိုင်း အံ့အားသင့်သွားရလောက်သည့် လူတစ်ဦး ထပ်မံ၍ ထွက်ပေါ်လာသည်။

ယင်းက ကျီချင်းရန်ပင်။

“ မရီး ….”

ကျီချင်းရန်ကို မြင်တော့ ရှိနေကြသည့် လူတိုင်း နှုတ်က လွှတ်ခနဲ နှုတ်ဆက်မိသွားခဲ့ကြ၏။ စိတ်ထဲတွင်တော့ ကျီချင်းရန်ကို ဤနေရာတွင် မြင်တွေ့ရလိမ့်မည်ဟု မျှော်လင့်မထားသဖြင့် အံ့အားသင့်မိနေလေသည်။

အစောပိုင်းတုန်းက ၊ လင်းရီထွက်သွားချိန်တွင် ကျီချင်းရန် နှလုံးသားထဲရှိ ခက်ခဲမှုတို့ကလည်း ပိုပို၍ တိုးလာသည်။ ဘာကြောင့်ဆိုတော့ သူမက လင်းရီ၏ လမ်းတွင် အတားအဆီး တစ်ခုအဖြစ် တည်ရှိရန် မရည်ရွယ်ဘဲ သူ့ကို ပံ့ပိုးပေးလိုစိတ်သာ ရှိခဲ့သည်။

သို့ပေမယ့် မည်သို့ ပြုလုပ်ရမည်ကို သူမ မသိ။

လင်းရီ ထွက်ခွာသွားခဲ့ပြီးနောက် ကျယ်ပြောလှသည့် ကျိုကျုံးဗီလာကြီးမှာ အတိုင်းအဆမဲ့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီး အေးစက်မှုနှင့် အထီးကျန်ဆန်မှုတို့ ဝန်းရံနေသည့် အငွေ့အသက်က ကျီချင်းရန်ကို ကြောက်လန့်သွားစေခဲ့သည်။

ထို့နောက် သူမ အိပ်ခန်းထဲသို့ပြန်၍ အဝတ်အစားလဲပြီး လေယာဉ်လက်မှတ်ဖြတ်ကာ ဖန့်ချိန်သို့ ထွက်လာခဲ့လိုက်သည်။

လင်းရီနှင့် ဖုန်းပြောမှုမှတစ်ဆင့် သူက ဖန့်ချိန်ဆေးရုံသို့ ရောက်ရှိနေကြောင်းကို သိရှိသွားခဲ့သည်။ သို့သော် မည်သည့် ဆေးရုံလဲဆိုတာကိုတော့ သူမ မသိ။ အခြားရွေးချယ်စရာ မရှိသဖြင့် ဟော်ယွမ်ယွမ်ကို ဖုန်းဆက်ပြီး ကောင်းကျုံးယွမ်ထံ အကူအညီတောင်းပေးဖို့ ပြောရတော့သည်။

ကောင်းကျုံးယွမ်ကလည်း စိတ်မပျက်စေခဲ့ပေ။ သူ၏ အဆက်အသွယ်များကို အသုံးပြု၍ သတင်းတစ်ချို့ ရရှိလာခဲ့ပြီး သူမလည်း ပြည်သူ့ဆေးရုံသို့ ချက်ချင်း ဦးတည်လာခဲ့လေသည်။

“ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ …”

“ ပြဿနာ နည်းနည်းတက်နေလို့ပါ မရီး … စိတ်ပူစရာတော့ မရှိပါဘူး …” စွေ့ချန်က ပြုံးလျက် ဆိုလိုက်သည်။

“ လင်းရီလည်း ဒီမှာ ရှိတယ်မဟုတ်ဘူးလား ….” ကျီချင်းရန် စကားအစ်သည့် အနေဖြင့် မေးမြန်းလိုက်၏။

စွေ့ချန်က အခြားသူများကို တစ်ချက် လှမ်းကြည့်လိုက်သည်။ နင်ချဲ့က အသာခေါင်းညိတ်ပြတာ မြင်တော့ သူ ပြောလိုက်၏။

“ အစ်မယင်နဲ့ ယွင်ဟူက ဒဏ်ရာရထားလို့ အစ်ကိုရီက သူတို့ကို ခွဲစိတ်ပေးနေတဘ် …”

“ ခွဲစိတ်ပေးနေတယ်ဟုတ်လား …”

“ သူတို့ ဒဏ်ရာတွေက ပြင်းထန်လို့လား ….”

“ အစ်မယင်က ပခုံးမှာ ကျည်ဆံမှန်သွားတယ် … ယွင်ဟူကကျတော့ အဆုတ် တော်တော်လေး ထိခိုက်သွားတယ် … အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲဆိုတာတော့ ကျွန်တော်တို့လည်း အတိအကျ မသိရသေးဘူးရယ် ….”

“ ကျည်ဆံမှန်တယ် …”

“ အဆုတ်ထိခိုက်သွားတယ် ….”

ကျီချင်းရန်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့ပြီး ကျန်းချောင်ယွဲ့က လျင်မြန်စွာ တုံ့ပြန်၍ ရှေ့တက် တက်လှမ်းလာခဲ့ပြီး လဲကျမယောင် ဖြစ်နေသည့် ကျီချင်းရန်ကို ဖေးမပေးထားလိုက်သည်။

“ ယောင်းမ … နင် ပင်ပန်းနေတယ်ဆိုလည်း ခဏနားဖို့ ခေါ်သွားပေးမယ်လေ …”

“ ရ … ရတယ် … မလိုဘူ …”

ကျီချင်းရန် ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။

သူတို့ အရေးကိစ္စများကို သူမ နားမလည်ပါသော်လည်း ယခု အခိုက်အတန့်၌ ဖြောင်းဖြနှစ်သိမ့်ပေးသည့် စကားလုံးတို့ပင် သူမ နှုတ်က ပြောလို့ ထွက်မလာချေ။

“ လင်းရီလည်း ဒီမှာရှိနေတယ်ဆိုတော့ အဆင်ပြေမှာပါ …”

ကျီချင်းရန် နှစ်သိမ့်ပေးဖို့ ကြိုးစားလိုက်၏။ သို့သော်လည်းပဲ သူမ၏ စကားလုံးတို့က မည်မျှပင် အားနည်းခွန်အားကင်းမဲ့နေလိုက်သလဲဆိုတာ ကိုယ့်ကိုယ်ကို နားလည်သည်။

တိတ်ဆိတ်စွာဖြင့် ၊ ကျီချင်းရန် ထောင့်တစ်နေရာတွင် ထိုင်နေလိုက်ပြီး နေရာနှင့် မအပ်စပ်သယောင် ခံစားနေရသည်။ သူမကိုယ်သူမ မရှိသင့်သည့် လူပိုတစ်ယောက် ဤနေရာတွင် ရှိနေသည့်နှယ် ခံစားနေရ၏။

အကယ်၍ သူမဘက်ကသာ ထိုစဉ်အချိန်က လင်းရီကို ထိုမျှ အတိုင်းအတာအထိ ရောက်အောင် မတွန်းပို့ခဲ့ဘူးဆိုပါက ဤလူများနှင့်အတူ ချီတက်၍ အောင်ပွဲခံပြီးနေလောက်ချေပြီ။

ယခုလို အနာတရ၊ ထိခိုက်ဒဏ်ရာရသည့်လူများလည်း ရှိလာမှာ မဟုတ်ချေ။

သူမ၏ လုပ်ရပ်က မှန်လော၊ မှားလော ဆိုတာကို ကျီချင်းရန် အချိန်တစ်ခုလောက်အထိ နားမလည်နိုင်အောင် ဖြစ်နေသည်။

သူမက လင်းရီကို အန္တရာယ်နှင့် မကြုံစေချင်ရုံမျှသာ ဖြစ်၏။ သူ့ကို သက်တောင့်သက်သာ၊ အန္တရာယ်ကင်းကင်းနှင့် တည်ငြိမ်သည့် ဘဝလေးတွင် အေးအေးချမ်းချမ်း နေထိုင်စေချင်သည်။

သို့တိုင် ၊ သူမ၏ အနှီ ဆုံးဖြတ်ချက်ကပဲ ဤသို့သော အခြေအနေရောက်အောင် တွန်းပို့ခဲ့တာ ဖြစ်သည်။

သူမသာ မရှိခဲ့ဘူးဆိုပါက အခြေအနေတို့က ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်သည်။

အကယ်၍ သူတို့ထဲက တစ်ယောက်သာ ခွဲစိတ်ခန်း စားပွဲပေါ်မှ ပြန်မထွက်လာနိုင်ခဲ့ဘူးဆိုလျှင် သူမနှင့် လင်းရီ၏ ကံကြမ္မာသည်လည်း အဆုံးသတ်ကောင်း သတ်သွားနိုင်သည်။

ကူကယ်ရာမဲ့စွာ ခံစားနေရရင်း … ကျီချင်းရန် ဆံပင်ကို အနောက်သို့ သပ်သိမ်း၍ အခိုက်အတန့်တိုင်းက လူကို မွန်းကြပ်စေသည်ဟု ခံစားနေရသည်။

များမကြာမီ ခွဲစိတ်ခန်းတံခါး ပွင့်လာခဲ့ပြီး လက်ထောက် ခွဲစိတ်ဆရာ၀န်က အရင်ဦးဆုံး ထွက်လာခဲ့သည်။

ကျုံးဝေ့တပ်ဖွဲ့ရှိ လူများအားလုံး စုပြုံဝန်းရံလာသည်။

“ အထဲမှာ အခြေအနေ ဘယ်လိုရှိလဲ ….”

“ ခွဲစိတ်မှု‌ အောင်မြင်တယ် … လူနာက သိပ်မကြာခင် ပြန်သတိလည်လာလိမ့်မယ် .”

သူမ ပြောနေစဉ်မှာပဲ နောက် လူတစ်ယောက်က နာ့စ်တစ်ဦးနှင့်အတူ ထွက်လာခဲ့သည်။

ထို့နောက် ယွီစီယင်နှင့် ကျောက်ယွင်ဟူတို့မှာ တွန်းလှည်းနှင့် အပြင်သို့ ရောက်လာသည်။

နှစ်ဦးလုံးမှာ သတိလစ် မေ့မြောနေကြ၏။

“ ချောင်ယွဲ့ … မင်းတို့နှစ်ယောက် ကူပြီး လူနာခန်းထဲ တွန့်ပို့ပေးလိုက် …”

“ ဟုတ် အစ်မနင် …”

လူတစ်အုပ်စုက ယွီစီယင်နှင့် ကျောက်ယွင်ဟူတို့ကို လူနာခန်းထဲ တွန်းပို့ပေးလိုက်ကြသည်။

ချိုးယွီလော့နှင့် နင်ချဲ့တို့က ထွက်ခွာသွားခြင်း မရှိ။ ကျီချင်းရန်လည်း အလားတူ မထွက်သွားသေးဘဲ ရှေ့သို့ တက်လာပြီး မေးလိုက်သည်။

“ ဒေါက်တာ … အထဲမှာ လူတွေ ကျန်သေးတယ်မလားဟင် …”

“ ခွဲစိတ်တာက အတော်လေး ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်တော့ သူတို့တွေ မောလို့ အထဲမှာ နားနေကြတယ် … ခဏလောက်ပဲ ထပ်စောင့်လိုက်ပါ ….”

“ ကျွန်မ အထဲဝင်ပြီး သွားကြည့်လို့ရလား …” ကျီချင်းရန် အစမ်းသဘော မေးမြန်းကြည့်လိုက်၏။

“ အဲ့တာတော့ မရဘူးရှင့် …. စည်းမျဉ်းတွေအတိုင်းဆိုရင် မဆိုင်တဲ့လူတွေက . . . . . . “

“ ရတယ် … သူတို့ကို ပေးဝင်လိုက် …”

အပြင်တွင် စောင့်ဆိုင်းနေသည့် ရန်ပေါင်းလုံက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျီချင်းရန်ကို အထဲဝင်ခွင့်ပြုလိုက်သည်။

ခွင့်ပြုချက် ရသည်နှင့် ကျီချင်းရန်လည်း ခွဲစိတ်ခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားခဲ့၏။

အနားယူနေသည့် လင်းရီမှာလည်း ကျီချင်းရန်ဝင်လာတာကို မြင်တော့ မြင်သာလောက်သည့် အံ့အားသင့်မှုက သူ့မျက်နှာထက်တွင် ထွက်ပေါ်လို့လာသည်။

“ မင်း ဘာလို့ ဒီရောက်လာတာ …”

All Chapters