စွန့်ပစ်ခံလိုက်ရခြင်း
Vol. 151 Ch. 2234
ကျီချင်းရန်၏ တည်ငြိမ်သည့် လေသံက မည်သည့် အကျိုးဆက်မျှ မရှိသည့် ပါမွှား ကိစ္စတစ်ခုကို ပြေဆိုဆွေးနွေးနေသည့်နှယ် သာမန်လျှံကာ နိုင်လှသည်။
သို့သော် သူမ စကားပြောပြီးနောက် တစ်ဖက်သို့ လှည့်သွားခဲ့ပြီး လင်းရီကို နောက်ကျောပေးထားလိုက်၏။
လင်းရီမှာ ပြောစရာ စကားလုံးတို့ ကင်းမဲ့စွာဖြင့် ငူငိုင်စွာ ရပ်တန့်နေမိသည်။
သူ အနည်းငယ် ရယ်မောချင်စိတ်လည်း ဖြစ်သလို စိတ်ထဲ တာဝန်ဟူသော ခံစားချက်ကိုလည်း ခံစားနေရသည်။
ပထမဆုံးအကြိမ်အဖြစ် တာဝန်ဝတ္တရား၏ အလေးချိန်ကို လင်းရီ ခံစားမိလိုက်ခြင်းပင်။
“ ငါ စောန ဒီလာတုန်းက လမ်းမှာ ကောက်ညှင်းလုံးတွေ ရောင်းနေတာ မြင်တယ် … ပြန်လာရင် မင်းဖို့ ဝယ်လာခဲ့ပေးမယ် …”
“ ….. “
“ မစ်တီးလေးရော …”
“ အိုကေ …”
လင်းရီ ပြုံးလျက် အခန်းထဲက ထွက်လာခဲ့ကာ တက္ကစီငှား၍ ဆေးရုံသို့ ဦးတည်လာသည်။
ကျန်သည့် အသင်း ၁ အဖွဲ့ဝင်များက အနားယူနေကြပြီး ကျန်းချောင်ယွဲ့ တစ်ဦးတည်းသာ ရှိနေသည်။
ထို့အပြင် ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း တစ်ချိန်လုံး ထွက်ခွာသွားခြင်း မရှိဘဲ လူနာခန်းထဲ ရှိနေခဲ့ကြသည်။
သူ ဆေးရုံကို ရောက်တော့ ယွီစီယင်နှင့် ကျောက်ယွင်ဟူတို့က သတိလည်လာပြီ ဖြစ်ပြီး အနည်းငယ် အားနည်းစွာ ခံစားနေကြရ၏။
ယွီစီယင်ကတော့ အဆင်ပြေသည်။ စကားပြောဖို့ ပြဿနာ မရှိပေ။ သို့သော် ကျောက်ယွင်ဟူမှာတော့ အနည်းငယ်မျှသာ ရွေ့လျားနိုင်သေးပြီး ပြန်သက်သာလာဖို့ကို အချိန်အတော်လေး ပေးရမည့် ပုံပင်။
“ ရတယ် … ဒီတိုင်းလေးပဲ နေ …” လင်းရီ ယွီစီယင်ကို ပြောလိုက်ပြီး “ အခုက လှုပ်ရှားရမယ့်အချိန်မဟုတ်သေးဘူး … အိပ်ရာပေါ်မှာပဲ ဒီတိုင်း လှဲနေလိုက်..”
လင်းရီ သူတို့နှစ်ယောက်ကို ထပ်ပြီး စစ်ဆေးကြည့်လိုက်သည်။ နှစ်ဦးလုံး၏ အခြေအနေက အတော်လေး ကောင်းမွန်လာနေပြီ ဖြစ်၏။
စိုးရိမ်စရာ မည်သည့် အခြေအနေမျှ မရှိတော့ချေ။
သူတို့ အခြေအနေကို စစ်ဆေးပြီးနောက် လင်းရီနှင့် ကျန်လေးယောက်တို့က ကော်ရစ်ဒါသို့ ထွက်လာခဲ့ကြသည်။
“ မင်းတို့ ယူခဲ့တဲ့ဥစ္စာနဲ့ … ဟိုနှစ်ယောက်ရော …”
“ အဲ့နှစ်ယောက်ကိုကကျ အတွင်းရေးမှူးဟော်နဲ့ ထည့်ပေးလိုက်တယ် … ပစ္စည်းကတော့ ရန်ကျင်း ပို့ပေးလိုက်ပြီ …”
“ ကောင်းတယ် … ငါ အဲ့နှစ်ယောက်ကို မြင်ချင်သေးတယ် …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ သူတို့နှစ်ယောက်လုံး အခု စိုးရိမ်စရာ မရှိတော့ဘူး … ဆေးရုံနဲ့ စကားပြောကြည့်ပြီး ကျိုးဟိုင် ပြန်ပို့လိုက် … ဒီနေရာက ကျိုးဟိုင်နဲ့ ယှဉ်ရင် မရှိတဲ့ အရာတွေ အများကြီးပဲ ….”
“ ကျုပ် အခုပဲ စီစဉ်လိုက်မယ် …”
အဓိက တာဝန်များ ညွှန်ကြားပေးပြီးနောက် လင်းရီသည် တက္ကစီစီး၍ ဟော်ကျားရှင်း၏ ရုံးခန်းသို့ ရောက်ရှိလာခဲ့သည်။
“ ဦးလေးဟော် … ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ ….”
“ မင်းရဲ့ အသင်းအကောင်း ငါလည်း ကြားမိတယ် … ဒီနေ့တောင် လာကြည့်တော့မလို့ပဲ… အခုရော အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲတဲ့ ….”
“ ခွဲစိတ်မှုက အောင်မြင်တော့ အားလုံး တည်ငြိမ်နေပါပြီ…” လင်းရီ ပြုံးလျက် ဆိုလိုက်သည်။
“ ဖန့်ချိန်က အခြေအနေရော ဘယ်လိုလဲ … ဘယ်သူမှ လာပြီး ပြဿနာ မရှာဘူးမလား …”
“ မင်း ငါတို့ကို တကယ်ကြီး ကူညီပေးခဲ့တာ …. “ ဟော်ကျားရှင်းက ပြောလျက် သက်ပြင်းချလိုက်သည်. “ ငါ့ကို ကွယ်ရာရော ပေါ်တင်ရော ကြံစည်နေကြတဲ့ လူတွေ အကုန်လုံး အတော်လေး ရိုကျိုးလာကြပြီ … ငါ့အထင် အခြေအနေက ခဏလောက်တော့ ငြိမ်နေဦးမယ် ထင်တာပဲ ….”
“ အဲ့လိုဆို ကောင်းတယ် ….”
သာယာနာပျော်ဖွယ် စကားတစ်ချို့ ပြောဆိုပြီးနောက် လင်းရီသည် စကားလမ်းကြောင်းကို အဓိက ကိစ္စရပ်ဆီသို့ ဦးတည်လိုက်၏။
“ ကျွန်တော့် အသင်းသားတွေ ပြောတာ သူတို့ မနေ့က ဖမ်းလာခဲ့တဲ့ နှစ်ယောက်ကို ဦးလေးဟော်နဲ့ ထည့်ပေးလိုက်တယ်ဆို … ကျွန်တော် အခု သူတို့နဲ့ တွေ့ချင်တယ် …”
“ ရတယ် … ငါ မင်းကို ခေါ်သွားပေးမယ် ….”
“ အလုပ်ရှုပ်ခံစရာ မလိုပါဘူး … အပြင်လူမှ မဟုတ်တာ …. တခြားလူနဲ့ လိုက်ပို့ခိုင်းလည်း အဆင်ပြေပါတယ် …” လင်းရီ ပြုံးလျက် ပြောလိုက်၏။
“ အဲ့လိုလုပ်လို့ ဘယ်ရမှာ …. ဒီလောက် ကြီးကြီးမားမား ဖြစ်ပျက်သွားမှတော့ သူများနဲ့ဆိုရင် ငါ စိတ်ချမှာ မဟုတ်ဘူး … ငါလည်း မင်းနဲ့ လိုက်ခဲ့မယ် …”
ဟော်ကျားရှင်းက ခေါင်းမာနေတာ မြင်တော့ လင်းရီလည်း စေတနာကို မငြင်းတော့ပေ။ နှစ်ယောက်လုံး ထိန်းသိမ်းရေး စင်တာသို့ ထွက်လာခဲ့ကြ၏။
လမ်းတွင် လင်းရီ၏ မျက်နှာမှာ တည်ကြည်လေးနက်လာခဲ့ပြီး သူ့ မျက်နှာအမူအရာထက်တွင်လည်း လူသတ်ချင်စိတ်တို့ ထွက်ပေါ်လာသည်။
…..
ဟောင်ကောင်၊ တုံးဖန်းဝန်ဟွာ့ဟိုတယ်။
ဟုန်မန်ဂိုဏ်း အာဏာကို စတင်လွှဲပြောင်းရယူစဉ်ကတည်းက လီကျန်းချွမ်သည် ဤဟိုတယ်ရှိ ဘုရင်ခန်းကို သူ၏ ရေရှည်နေထိုင်ရာ အဆောက်အဦး အဖြစ် အသုံးချနေလျက် ရှိသည်။
ယမန်နေ့ညမှ ယခုထိတိုင် အခန်းထဲမှာပဲ ရှိနေပြီး အပြင်သို့ ထွက်လာမခဲ့ချေ။
ရွှမ်ဝန်ထုံဆီကနေ မည်သည့် သတင်းမျှ မကြားရသည်က သူ့ကို အတော်လေး ကူကယ်ရာ မဲ့စေသည်။
Zzz zzz …
လျှပ်စစ်စီးသံတို့ ထွက်ပေါ်လာခဲ့ပြီး အခန်းတံခါး ပွင့်လာခဲ့၏။
လူငယ်တစ်ဦး အထဲသို့ ရောက်လာသည်။
လီကျန်းချွမ်နှင့် အနည်းငယ် သရုပ်တူပြီး နေကာမျက်မှန် တစ်လက်ကို ဝတ်ဆင်ထားလျက် ခပ်မိုက်မိုက်အရှိန်အဝါတို့ ထုတ်လွှတ်နေလျက် ရှိသည်။
သူ့နာမည်က လီယင်ဟုန် ဖြစ်ပြီး လီကျန်းချွမ်၏ သားပင်။
ယခုမတိုင်မီက နိုင်ငံခြားတွင် ကျောင်းတက်နေသူ ဖြစ်သည်
သူ့ အစီအစဉ်များအရ သူ့သားကို နိုင်ငံခြား၌ ဖြည်းဖြည်းချင်း အခြေချစေလိုသည်။
သို့သော် ဖန်းတောက်ဇူ ဖြစ်ရပ်အပြီးတွင် သူက ဟုန်မန်ဂိုဏ်း ခေါင်းဆောင် ဖြစ်လာခဲ့ပြီး စိတ် အစီအစဉ်လည်း ပြောင်းလဲသွားခဲ့ကာ သူ့သားကို နိုင်ငံသို့ ပြန်ခေါ်လိုက်သည်။
ဤနေရာတွင်တော့ သူနှင့် ဖန်းတောက်ဇူက တူညီသည့် မိဘများ ဖြစ်သည်ဟု ပြော၍ရသည်။ လီကျန်းချွမ်သည်လည်း အနာဂတ်တွင် သူ့သားက သူ့နေရာကို ဆက်ခံပြီး ဟုန်မန်ဂိုဏ်းခေါင်းဆောင် အသစ်ဖြစ်လာကာ မိသားစုကို ဆက်ပြီး ကြီးထွားလာအောင် ပြုလုပ်ပေးနိုင်သူ တစ်ဦး ဖြစ်စေချင်သည်။
ထို့ကြောင့် လီယင်ဟုန်ကို ဟုန်မန်ဂိုဏ်း၏ တာဝန်တစ်ချို့ လက်လွှဲယူ ကိုင်တွယ်စေပြီး အဓိကအားဖြင့် E အဆင့် ဗီဇဆေးရည်ကြည် ထုတ်လုပ်မှုအပိုင်းကို တာဝန်ပေးထားသည်။
“ ရွှမ်ဝန်ထုံဆီက သတင်းရပြီလား …”
လီယင်ဟုန် ခေါင်းခါလိုက်၏။ “ ကျွန်တော့်အထင်တော့ သူ တစ်ခုခု ဖြစ်နေပြီ ထင်တယ် …”
လီကျန်းချွမ်၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်။ သူလည်း ထိုသို့ ဖြစ်မည်ကို မျှော်လင့်ထားပြီးပုံရသည်။
မူလတုန်းကတည်းက အင်မတန် အန္တရာယ်များသည့် လှုပ်ရှားမှု ဖြစ်သောကြောင့် တစ်ခုခု ဖြစ်ပျက်သွားခဲ့သည်က နားလည်၍ ရသည့် အရာဖြစ်သည်။
“ အဖေ … အခုဆို ကျွန်တော်တို့ သူ့ကို ဆက်ပြီး မှီခိုလို့ မရတော့ဘူး … ကျွန်တော်တို့ရဲ့ အနေအထားက အတော်လေး အန္တရာယ်များနေပြီ … ကျုံးဝေ့တပ်ဖွဲ့ကလည်း ကျွန်တော်တို့ လက်ချက်ဆိုတာ ကျိန်းသေပေါက် သိမှာပဲ … ဟုန်မန်ဂိုဏ်းအပေါ် လှုပ်ရှားလာဖို့ အချိန် ဘယ်လောက်မှ လိုတော့မှာ မဟုတ်ဘူး … ရုံးချုပ်ကို ဒီ အကြောင်း တင်ပြပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲ မေးကြည့်ကြမလား ….”
လီကျန်းချွမ် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။ သို့သော် သူ့ဖုန်းကို ဖြည်းဖြည်းချင်း ထုတ်လာခဲ့၏။
ယခု အခြအနေ၌ အီဗန်ထံသို့ ဖုန်းဆက်ရုံကလွဲပြီး သူ့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။
ဖုန်းကို ကိုင်ထားရင်း အီဗန်၏ နံပါတ်ကို လီကျန်းချွမ် နှိပ်လိုက်၏။
“ ဟယ်လို မစ္စတာအီဗန် …”
“ အခြေအနေ ဘယ်လိုလဲ … အောင်မြင်ခဲ့လား …” အီဗန်က ဩရှသံ နက်နက်ဖြင့် မေးလာသည်။
သူ့ စကားလေသံထဲတွင် မည်သည့် စိတ်ခံစားချက် အတက်အကျကိုမျှ မမြင်တွေ့ရချေ။
“ အခုထိတော့ ငါတို့ဘက်က ရွှမ်ဝန်ထုံနဲ့ အဆက်အသွယ်မရသေးဘူး … အချိန်ကလည်း အတော်လေးကြာနေပြီဆိုတော့ ကြည့်ရတာ အစီအစဉ် ကျရှုံးသွားတယ်နဲ့တူတယ် … သူ ကျုံးဝေ့တပ်ဖွဲ့ လူတွေ လက်ထဲ ဖမ်းခံသွားရလောက်ပြီ ..”
အီဗန် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
“ ဓာတ်ခွဲခန်းက သုတေသန ပစ္စည်းတွေ အကုန်ဖျက်စီးပစ် … ကျုံးဝေ့တပ်ဖွဲ့ကလူတွေ သုံးလို့ရမယ့်ဟာ တစ်ခုမှ မရှိစေနဲ့ …”
“ ဟုတ်ကဲ့ …” လီကျန်းချွမ် တုံ့ပြန်လိုက်၏။
“ ငါတို့ကရော ဘယ်လိုလုပ်သင့်လဲ မစ္စတာအီဗန် … ငါတို့ ရုံးချုပ်ကို လာခဲ့လိုက်ရမလား ….”
“ လောလောဆယ်တော့ မရသေးဘူး …” အီဗန် ပြောလိုက်ပြီး “ ဟောင်ကောင်မှာ ခဏလောက် နေလိုက်ဦး … အခြေအနေကို အလှည့်အပြောင်းလုပ်နိုင်လောက်သေးတယ် … ဘာဆက်လုပ်သင့်လဲ သိရအောင် ငါ ရုံးချုပ်နဲ့ ဆက်သွယ်ဖို့ လိုတယ် …”
ဤသည်ကိုကြားတော့ လီကျန်းချွမ်၏ အမူအရာမှာ ကြွက်သတ်ဆေးစားမိသကဲ့သို့ အကျည်းတန်သွားခဲ့သည်။ သို့တိုင် သူ ဖျစ်ညှစ်ပြီး ပြုံးလိုက်၏။
“ နားလည်ပါပြီ … ငါတို့ မစ္စတာအီဗန်ရဲ့ သတင်းကို စောင့်နေပါ့မယ် …”
အီဗန် အရင် ဖုန်းချသွားခဲ့သည်။ သို့သော် လီကျန်းချွမ်မှာ မနေနိုင်ဘဲ ဒေါသတကြီးနှင့် ဖုန်းကို ကြမ်းပြင်သို့ ပေါက်ခွဲမိလိုက်၏။
သူ့အဖေ၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားတာကို မြင်တော့ လီယင်ဟုန်လည်း တစ်ခုခု မူမမှန်တာကို သတိထားမိသွားခဲ့သည်။
“ အဖေ … မာစတာက ဘာပြောလဲ …”
“ သူပြောတာ ငါတို့ရဲ့ သုတေသန ပစ္စည်းတွေကို ဖျက်စီးပြီး ဟောင်ကောင်မှာပဲ ဆက်နေ .. သူတို့ သတင်းကို စောင့်တဲ့ ….”
လီယင်ဟုန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ယင်းက မည်သည်ကို ဆိုလိုချင်နေသလဲ သူ နားလည်သည်။
ဖရီးမေဆင်အဖို့ ဓာတ်ခွဲခန်း သုတေသန ရလဒ်တို့က အရေးကြီးဆုံးပင်။
သို့တိုင် သူတို့ဘက်က ဆုတ်ခွာဖို့ အမိန့်မပေးလာဘဲ ဖျက်စီးခိုင်းခဲ့သည်။ ဆိုလိုသည်မှာ ဟောင်ကောင် ဟုန်မန်ဂိုဏ်းခွဲက သူတို့၏ အစီအစဉ်ထဲတွင် မပါဝင်ကြောင်း သွယ်ဝိုက်ပြီး ညွှန်းဆိုနေသည်။
ဟုန်မန်ဂိုဏ်းကို စွန့်ပစ်လိုက်သည်နှင့် မခြားပေ။
တစ်နည်းဆိုရသော် သူတို့က အသုံးချခံရပြီး အသုံးမဝင်တော့သည့် အချိန်၌ စွန့်ပစ်ခံလိုက်ရသည့် ကြွပ်ကြွပ်အိတ်နှင့် မခြားပေ။
“ အဖေ … ကျွန်တော်တို့ အခုလိုမျိုး လုပ်နေတာက ဖြေရှင်းနည်းလမ်း မဟုတ်သေးဘူးနော်… တစ်မိနစ် ထပ်စောင့်နေရင် အန္တရာယ်ကလည်း တစ်မိနစ် ပိုနီးလာမှာပဲ … အမြန်ဆုံး ဆုတ်ခွာနိုင်မယ့် နည်းကို စဉ်းစားဖို့လိုတယ် …”
“ ဒါပေမယ့် ငါတို့ ဆုတ်ခွာနိုင်မယ့် နေရာမှ မရှိတာ …”
အကယ်၍ သူတို့သာ ဆုတ်ခွာသွားခဲ့မည်ဆိုပါက ပိုက်ဆံကလွဲ၍ မည်သည့်အရာမျှ သယ်ဆောင်သွားနိုင်မှာ မဟုတ်တာကို လီကျန်းချွမ် ကောင်းစွာ နားလည်သည်။
ဟွာရှ၏ အားကြီးသည့် စစ်တပ်အင်အားအောက်တွင် မည်သည့်နိုင်ငံကမျှ သူတို့ကို လက်ခံပြီး နိုင်ငံရေး ခိုလှုံခွင့် ပေးဝံ့မှာ မဟုတ်ချေ။
ယခုလို အချိန်၌ သူတို့အတွက် ပိုက်ဆံ ဆိုသည်မှာ စုတ်ပဲ့သည့် စက္ကူနှင့် မခြားပေ။
“ မဟုတ်ဘူး … ကျွန်တော်တို့မှာ ဖဲတစ်ချပ် ကျန်နေသေးတယ် …”