သတင်းအချက်အလက်
Vol. 151 Ch. 2235
“ ကျွန်တော်တို့တွေ သုတေသန အချက်အလက်တွေနဲ့ အပို ဘက်စ်ကျောက်တုံး နှစ်ကီလိုကို ယူသွားကြမယ် …” လီယင်ဟုန် ပြောလိုက်ပြီး “ ဒါတွေနဲ့ ခိုလှုံခွင့်ရဖို့ ဖလှယ်လို့ရတယ် …”
ဤ အစီအစဉ်ကို ကြားတော့ လီကျန်းချွမ်၏ မျက်လုံးတို့ အရောင်လက်လာသည်။
နားထောင်ကြည့်ရသလောက်တော့ အတော်လေး အသုံးတည့်မည့် အစီအစဉ်ပင်။
“ ဒါပေမယ့် မေးစရာရှိတာက ဘယ်သူက ငါတို့ကို ကာကွယ်ပေးမှာလဲ …”
လီကျန်းချွမ်က စိုးရိမ်ပူပန်သည့် သူ့အတွေးများကို ထုတ်ဖော်ပြောလာခဲ့သည်။
“ အမေရိကားက ဒီလိုအရာတွေကို သူတို့ဘာသူတို့ ဖန်တီးနိုင်တယ် … ဥရောပတစ်ခွင်ကလည်း ဖရီးမေဆင်ရဲ့ ထိန်းချုပ်မှုအောက်မှာ … အဲ့နေရာတွေ သွားလို့ရမှာ မဟုတ်ဘူး …. ဂျပန်က မစ်ဆူအုပ်စုကလည်း ဒီရဲ့ နည်းပညာကို ပိုင်ဆိုင်ထားပြီးပြီ … အမေရိကားလိုမျိုးပဲ …. သူတို့လည်း ဒါတွေ မလိုအပ်ဘူး ….”
လီယင်ဟုန် ဦးနှောက်ထဲ တွက်ချက်မှုတို့ များစွာ ပြုလုပ်နေပြီး နောက်ဆုံး၌ အသံအက်အက်ဖြင့် ဆိုလိုက်၏။
“ ကြည့်ရတာတော့ ကိုးရီးယား လီမိသားစုဆီပဲ သွားရတော့မယ် ထင်တယ် …”
“ သူတို့ကလွဲရင် ဘယ်သူမှလည်း မကျန်တော့ဘူးပဲ …” လီကျန်းချွမ် သက်ပြင်းချလိုက်သည်။
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လီကျန်းချွမ်သည် ဆမ်ဆောင်းအုပ်စုထံမှ အကူအညီမတောင်းခံဘိုပေ။ သူတို့နှစ်ဖက်၏ ဆက်ဆံရေးက ထိုမျှလောက် ကောင်းမွန်မနေသောကြောင့်ပင်။
“ ကျွန်တော်တို့ ဒီအချိန်ရောက်လာမှတော့ ရှည်ရှည်ဝေးဝေးတွေ စဉ်းစားနေလို့ ဖြစ်မှာ မဟုတ်ဘူး … အဖေက အတွင်းဘက် ကိစ္စတွေကို စီမံပြီး ကျွန်တော်တို့ ယူသွားနိုင်တာ မှန်သမျှ ယူသွားကြမယ် … ကျွန်တော် အခုပဲ ဓာတ်ခွဲခန်းသွားပြီး အချက်အလက်တွေနဲ့ ကျောက်တုံးကို သွားယူလိုက်မယ် … ပြီးရင် ကိုးရီးယားကို လေယာဉ်နဲ့ ထွက်သွားကြစို့ ….”
“ အင်း … ကောင်းပြီ … “
လီကျန်းချွမ် ဆက်ပြီး အချိန်ဆွဲမနေတော့ပေ။ မည်သို့ပင်ဆိုစေ ဤသည်က တစ်ခုတည်းသော နည်းလမ်းဖြစ်၏။
……
နာရီဝက်ခန့် ကြာပြီးနောက် နှစ်ယောက်မှာ ထိန်းသိမ်းရေးစင်တာသို့ မောင်းနှင် ရောက်ရှိလာသည်။
ကားထဲက ထွက်တော့မည့် အချိန်မှာပဲ ဟော်ကျားရှင်းက လင်းရီကို ပြောလိုက်သည်။
“ လင်းရီ … ကိုယ့်လူ အချင်းချင်းပဲ ဆိုတော့ ငါ ကွေ့ဝိုက်မနေတော့ဘူး … ငါ့ကို အမှန်အတိုင်း ပြောပြစမ်းပါ … အထဲမှာ ချုပ်ထားတဲ့ နှစ်ယောက်ကို မင်း ဘယ်လို ကိုင်တွယ်ဖို့ ချင်လဲ …”
“ အင်း ……”
သုံးစက္ကန့်မျှ တွေးတောပြီးနောက် လင်းရီ ပြောလိုက်၏။ “ သူတို့ကို ရာဇဝတ်ဘေးကြောက်လို့ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုပြီး စီစဉ်လိုက်မယ် …”
ဟော်ကျားရှင်း၏ အမူအရာမှာ ချက်ချင်း အေးခဲသွားခဲ့သည်။ လင်းရီ၏ ခွန်းတုံ့ပြန် စကားက သူ့ကို ကျောချမ်းသွားခဲ့စေသည်။
တကယ့်ကိုပင်။ ထိုနေရာက ထွက်လာသည့် မည်သူကမျှ အပြစ်ပြုလို့ ကောင်းသူများ မဟုတ်ကြချေ။
“ မင်း သွားလိုက် … ကျန်တဲ့ ကိစ္စ ငါကြည့်ရှင်းလိုက်မယ် …”
“ ကျေးဇူးပါ ဦးလေးဟော် …”
လင်းရီ ကားတံခါးဖွင့်၍ ထိန်းသိမ်းရေး စင်တာထဲသို့ ဝင်ရောက်သွားခဲ့သည်။
ဖန့်ချိန်ကုန်သည်ကြီးများ ဖြစ်ရပ်အပြီးတွင် ဤနေရာရှိ လူတိုင်းကို ဟော်ကျားရှင်း၏ လူယုံများဖြင့် ပြန်လည် အစားထိုးလိုက်နိုင်သည်။
တစ်နည်းဆိုရသော် ကိုယ့်ပိုင်နက်ထဲ အလည်လာသည်နှင့် တူညီသည်။
“ လူက အထဲမှာပဲ …” ထိန်းသိမ်းရေး စင်တာ အစောင့်က ပြောလိုက်သည်။
“ ငါ့ဖို့ တံခါးကို သော့ပိတ်ထားပေးဦး … အတွင်းမှာ ဖြစ်ပျက်တဲ့အရာတွေကို အပြင်လူတွေ မမြင်စေချင်ဘူး …”
“ အိုကေလေ ..”
အချုပ်ခန်း တံခါး ပွင့်ဟလာခဲ့ပြီး လင်းရီ အထဲသို့ ဝင်ရောက်သွားသည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ ရွှမ်ဝန်ထုံနှင့် ကျန်ခြောက်ယောက်မှာ ကြက်သီးဖြန်းသွားခဲ့ပြီး အချုပ်ခန်း၏ ထောင့်ဘက်ခြမ်းနေရာသို့ ဆက်တိုက် ဆုတ်ခွာနေသည်။
ထိုအချိန်မှာပဲ အချုပ်ခန်းတံခါးအပေါ်တွင် ရှိသည့် လိုက်ကာများ အောက်သို့ကျလာခဲ့ကာ အခန်းနေရာတစ်ခုလုံးကို ချိတ်ပိတ်ထားသကဲ့သို့ ဖြစ်သွားခဲ့သည်။ အပြင်ဘက်မှ ကြည့်မည်ဆိုပါက အတွင်းတွင် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သိနိုင်မှာ မဟုတ်ချေ။
“ မင်း … မင်း ဘာလုပ်မလို့လဲ … ငါတို့ ဘာမှ မသိဘူး ….”
“ မင်း ဘာမှ ပြောဖို့ မလိုဘူး … ငါ ဒီလာတာ မင်းတို့ကို ကိုင်တွယ်ရုံ သပ်သပ်ပဲ …”
“ ငါတို့ကိုကိုင်တွယ်ဖို့ ….”
“ကျုံးဝေ့တပ်ဖွဲ့ကလူတွေကိုတောင် သေနတ်နဲ့ ရွယ်ရဲနေကြတယ်ဆိုတော့ မင်းတို့ ဟုန်မန်ဂိုဏ်းကကောင်တွေ သိပ် အတင့်ရဲလွန်းတယ် … ဒါ သေဒဏ်ပေးလို့ရတဲ့ ပြစ်မှုဆိုတာ မင်းတို့ နားမလည်ဘူးလား …”
“ ငါတို့မှာလည်း တခြားရွေးချယ်စရာမှ မရှိတာ …. ငါတို့ရဲ့ အပေးအယူကို မင်းတို့လူတွေက နှောင့်ယှက်ခဲ့တယ် … ပြီးတော့ ပစ္စည်းနဲ့လူကိုပါ မင်းတို့က ယူသွားကြတယ် … တကယ်လို့ ငါတို့ဘက်က သူတို့ကို မသတ်ဘူးဆိုရင် ငါတို့ရဲ့ ခြေရာလက်ရာတွေ ရှာတွေ့ကုန်မှာပေါ့ …”
“ မင်းတို့ကို ပိန်းတယ်လို့ပြောပြန်ရင်တောင် လွန်လှပြီ ထင်တယ် …” လင်းရီ ကြမ်းပြင်တွင် ရပ်တည်၍ ထိုလူများအား အပေါ်မှ စီးမိုးကြည့်လိုက်သည်။
“ ငါတို့ဘက်က အပေးအယူ ဖလှယ်မယ့် သတင်းအချက်အလက် အသေးစိတ်ကို ရထားတယ် … ဒီတော့ နောက်ကွယ်မှာ ဟုန်မန်ဂိုဏ်း ရှိနေမှန်း သိထားတာ သဘာဝပဲ …. ဒီလို ဂိမ်းမျိုး ကစားတာက သိပ် ညံ့ဖျင်းလွန်းရာကျတယ် ….”
ရွှမ်ဝန်ထုံ ခက်ခက်ခဲခဲ တံတွေးမျိုးချမိသွားခဲ့သည်။ သူ ဤနေရာကနေ ရှင်လျက် ထွက်သွားနိုင်မလားဆိုတာ ကိုယ့်ကိုယ်ကို မသေချာပေ။
“ ကျေးဇူးပြုပြီး …. ၊ တောင်းပန်ပါတယ် … ငါတို့ကို ခွင့်လွှတ်ပေးပါ … ငါတို့ သိထားသမျှ အကုန်ပြောပြပါ့မယ် … ငါ့အသက်ကိုပဲ ချမ်းသာပေးပါ … ဒီက ထွက်သွားပြီးရင် ဟုန်မန်ဂိုဏ်းအတွက် ဆက်ပြီး အလုပ်မပေးတော့ပါဘူး ….” ရွှမ်ဝန်ထုံက စိုးရိမ်ကြောင့်ကြစွာဖြင့် ပြောလိုက်၏။
“ ငါတို့ရဲ့ ပါတနာက ကျိုးဟိုင်ကပဲ … ပြီးတော့ ဟုန်မန်ဂိုဏ်းရဲ့ ဓာတ်ခွဲခန်းမှာ E အဆင့် ဗီဇဆေးရည်ကို ဖန်တီးနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတယ် … နေရာက ထုံလော့ ပင်လယ်အော်ဘေးက ဆေးဝါး စက်ရုံမှာ…. အဲ့မှာ သုတေသနနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများကြီးပဲ … မင်း သွားကြည့်ရင် ရှာတွေ့လိမ့်မယ် ….”
ရွှမ်ဝန်ထုံ ဒူးထောက်ထားပြီး ဖြစ်၏။ သူ့လက်နှစ်ဖက်ကိုလည်း ကြမ်းပြင်သို့ ထောက်ထားကာ ထပ်ခါတလဲလဲ တောင်းပန်နေသည်။
“ ငါ သိသမျှ အားလုံး ပြောပြပြီးသွားပြီ … ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့ … ငါ တကယ် မသေချင်လို့ပါ …”
“ မသေချင်လို့ မရဘူး … ကျုံးဝေ့တပ်ဖွဲ့က လက်စားချေရမှာပဲ … မင်းတို့ခြောက်ယောက်လုံး ဒီက ထွက်သွားနိုင်ဖို့ မစဉ်းစားနဲ့ …”
နောက်ထပ် နာရီဝက်ကျော် ကြသည်အထိ အော်ဟစ်အကူအညီတောင်းသံတို့ အချုပ်ခန်းထဲက ထွက်ပေါ်နေသည်။ အခြား အချုပ်ခန်းထဲရှိ လူများမှာ သိချင်စိတ် ပြင်းပြစွာဖြင့် သူတို့ခေါင်းများ ပြူလျက် ဘာတွေ ဖြစ်နေလဲ စပ်စုချင်နေကြသည်။
ထိုအချိန်မှာပဲ လင်းရီသည် ဘာမျှ ဖြစ်ပျက်မထားသကဲ့သို့ အမူအရာဖြင့် အချုပ်ခန်းထဲက တည်ငြိမ်စွာ ထွက်လာခဲ့၏။
လူတိုင်း၏ အကြည့်အောက်မှာပဲ ထိန်းသိမ်းရေး စင်တာထဲက ထွက်ခွာလာခဲ့သည်။
သူတို့တွေ အကြည့်ချင်းဖလှယ်ပြီး အချင်းချင်း တီးတိုး ပြောဆိုကုန်ကြ၏။
“ အထဲမှာ ဘာတွေ ဖြစ်သွားခဲ့လဲ မသိဘူးနော်… အသနားခံသံတွေကတော့ ကြားရတာ တကယ် ကျောချမ်းစရာပဲ ….”
“ ရိုက်နှက်နေလို့ အသနားခံနေတာပေါ့ဟ … အဲ့လူကို မင်းမသိဘူးလား … တစ်နေ့တုန်းက ကျိုးချန်လင်းနဲ့ ကျန်တဲ့ကောင်တွေ သူ့လက်ချက်နဲ့ အကုန် အပိုးကျိုးကုန်ကြတယ်လေ .. သူက တကယ့်ကို အထင်ကြီးဖို့ကောင်းတဲ့ ဖိုက်တာပဲ ….”
“ မေးနေစရာတောင် လိုသေးလို့လား … သူသာ လှုပ်ရှားဖို့ မလိုဘူးဆိုရင် လိုက်ကာကရော ချထားပါ့မလား …”
“ ဒီလို နတ်ဆိုးကိုမှ သွားပြီး အပြစ်လုပ်ရတယ်လို့ကွာ … ဒီကောင်တွေ အသက်မရှင်ချင်ကြတော့ဘူးနဲ့တူတယ် … အထဲကငနဲတွေတော့ သေလုမြောပါး ဆော်ပလော်တီးခံထားရလောက်ပြီ … မမြင်ရတာပဲ နာတယ်ကွာ ….”
“ တော်ပြီ … စကားပြောနေတာတွေ တော်တော့ … ဂျာကြီး လာနေပြီ … ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနေကြ …”
အချုပ်ခန်းထဲရှိ လူများအားလုံး တိတ်ဆိတ်သွားခဲ့ကြသည်။ ထို့နောက် သူတို့တွေ ဒါဇင်ချီသည့် လူများက ထမ်းစင်များ သယ်ဆောင်လာကြတာကို မြင်တွေ့လိုက်ရလေသည်။
“ ငါလခွမ်း … အထဲက ကောင်တွေ ထမ်းစင်နဲ့ ခေါ်သွားခံလိုက်ရတယ် .. ပြီးတော့ အပေါ်ကနေ အဝတ်ဖြူလည်း အုပ်ထားသေးတယ် … “
လူတိုင်း ထိုနေရာဘက်ခြမ်းသို့ ကျောချမ်းစွာ ကြည့်လိုက်ကြသည်။
ထမ်းစင်များ ယူလာသည်က နားလည်ပေး၍ ရသော်လည်းပဲ လူကို အပေါ်မှ အဝတ်ဖြူဖြင့် အုပ်လွှားထားသည်ကတော့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။
“ သူတို့အကုန် တကယ်ပဲ သေတဲ့ထိ ရိုက်နှက်ခံလိုက်ရတာလား …”
မဖြစ်နိုင်ပေ။ ဤသည်က ထိန်းသိမ်းရေး စင်တာ ဖြစ်သည်။ မည်သူကများ ထိုသို့ ပြုလုပ်ဝံ့မည်နည်း။
သို့ပေမယ့်လည်း သူတို့ရှေ့ရှိ မြင်ကွင်းက နှလုံးသားထဲ အရိပ်မည်းကြီး တစ်ခုသဖွယ် တစ်ဘဝလုံး ခြောက်လန့်နေမှာ သေချာသည်။
တစ်နေ့တွင် သူတို့ထဲ တစ်စုံတစ်ယောက်က ထိုကဲ့သို့သော အဆုံးသတ်မျိုးနှင့် အဆုံးသတ် မသွားနိုင်ဘူဆိုတာ ပြောရခက်၏။
ထိန်းသိမ်းရေး စင်တာထဲက ထွက်လာခဲ့ပြီးနောက် ဟော်ကျားရှင်းက ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။
လင်းရီ သူ့ကို ဖုန်းဆက်၍ အခြေအနေကို တစ်ချက် ကြိုတင် အသိပေးပြီး တက္ကစီဖြင့် ဆေးရုံသို့ ပြန်ရောက်လာသည်။
ဆေးရုံ၌ ကျောက်ယွင်ဟူမှာ သတိပြန်လည်လာပြီ ဖြစ်ပြီး လူတိုင်း၏ အခြေအနေကလည်း ဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်နေကြကာ ပုံမှန် အတိုင်း ဆက်သွယ်ပြောဆိုနိုင်နေပြီ ဖြစ်၏။
“ နင် သူတို့ အကုန်လုံးကို ရှင်းထုတ်ပစ်ခဲ့တာလား …” နင်ချဲ့ မေးလိုက်၏။
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ငါ အသုံးဝင်တဲ့ သတင်းတစ်ချို့လည်း ရလာခဲ့တယ် … ဖရီးမေဆင်က ဟောင်ကောင်မှာ ဓာတ်ခွဲခန်း တစ်ခု တည်ဆောက်ထားတယ် … ထုံလော့ ပင်လယ်အော်က ဟော်ရှင်း ဆေးဝါးစက်ရုံမှာပဲ … နေရာကို စစ်ဆေးကြည့်ဖို့ လူတစ်ချို့ လွှတ်လိုက် … စက်ရုံကိုလည်း ချိတ်ပိတ်ခိုင်းထားလိုက် … အတွင်းမှာ ရှိတဲ့ အချက်အလက်တွေက တန်ဖိုး သိပ်ရှိတယ် …”
“ ကောင်းပြီ … ငါ အခုပဲ စီစဉ်လိုက်မယ် …”
“ မင်းတို့နှစ်ယောက်က ဆေးဝါးစက်ရုံကို ကိုင်တွယ်လိုက်… လီမိသားစုကိုတော့ ငါ့ဘာငါပဲ ကိုင်တွယ်လိုက်မယ် … ကနေဦးပိုင်းမှာ မလိုအပ်ဘဲ သူတို့ကို သတိပေးမိသလို မဖြစ်စေနဲ့ …”
“ ရတယ် … ငါ နားလည်တယ် ….”
စာစဉ် (၁၅၁) ပြီး၏။