← Chapters

မင်းက သေချင်နေတာပဲ

Vol. 151 Ch. 2231

မင်းက သေချင်နေတာပဲ

Vol. 151 Ch. 2231

ရှောင်ပင်း၏ အကြည့်တို့ ငေးငိုင်ရှော့ခ်ရသွားခဲ့သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းထောင့်မှ သွေးတို့ ယိုစီးကျလာပြီး နာကျင်စွာ ညည်းညူသံ တစ်ချက် ပြုလိုက်မိ၏။

အင်္ကျီ အဝတ်အစားများတွင် သွေးတို့ စွန်းထင်းသွားခဲ့ပြီး သူမ၏ ခြေလက်အင်္ဂါတို့က လေလျော့ခံလိုက်ရသည့် ပူဖောင်းနှယ် အားအင်ချိနဲ့ကုန်သည်။

ရွှမ်ဝန်ထုံ မည်သည့် သက်ညှာမှုတို့မျှ မပြပေ။ အားနွှဲ့သူကို ညှာတာ ပေးခြင်းက သူ့ အဘိဓာန်တွင် ဘယ်တုန်းကမျှ မရှိခဲ့ဖူးသည့် စကားလုံး ဝေါဟာရ တစ်ခု ဖြစ်၏။

သူ့ ဓားမြောင်ကို ဆွဲနှုတ်လိုက်ပြီး နောက်တစ်ကြိမ် ပြန်ထိုးနှက်ဖို့ ဟန်ပြင်လိုက်သည်။

“ ခွေးသူတောင်းစား … ငါ မင်းကို သတ်မယ် …”

စွေ့ချန်၏ မျက်လုံးတို့ ရဲရဲနီသွားခဲ့ပြီး ကျယ်လောင်စွာ ဟိန်းဟောက်၍ ရွှမ်ဝန်ထုံထံသို့ ပြေးတက်လာခဲ့သည်။

စွေ့ချန်ကို သတိပြုမိတော့ ရွှမ်ဝန်ထုံ ထွက်ပြေးဖို့ ကြိုးပမ်းလိုက်၏။ သို့သော် သူ့ဘက်က သိပ်နောက်ကျသွားခဲ့လေပြီ။

စွေ့ချန်၏ အခိုင်အမာ ထိုးနှက်ချက်က သူ့မျက်နှာထက်သို့ တိတိကျကျ ကျရောက်သွားခဲ့ကာ တစ်ဖက်သို့ လွင့်ထွက်သွားစေခဲ့သည်။

“ ပင်းပင်း …”

စွေ့ချန်မှာ ရွှမ်ဝန်ထုံကို ဆက်ပြီး ကိုင်တွယ်ဖို့ အာရုံမရှိတော့ဘဲ ရှောင်းပင်းကို ခါးကနေတစ်ဆင့် မလိုက်၏။

“ ဒေါက်တာ … အမြန်လာခဲ့စမ်း …”

စွေ့ချန် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သို့သော် များပြားလှသည့် ဒေါက်တာတို့မှာ အဝေးတွင် ရပ်တန့်နေလျက် ကြောက်ရွှံ့တုန်လှုပ်နေလေသည်။

ထိုသို့ ပြုမူသည်ကိုလည်း နားလည်ပေး၍ရသည်။

သာမန်လူဆိုပါက ထိုသို့သော မြင်ကွင်းကို မြင်သည်နှင့် အင်မတန် ထိတ်လန့်သွားမှာ ဖြစ်၏။

“ အလွယ်လေး ထွက်သွားလို့ရမယ် ထင်နေလား …”

အခြေအနေ ပြင်းထန်လာပြီး ရွှမ်ဝန်ထုံ မည်သူ့ကိုမျှ လွတ်မြောက်နိုင်သည့် အခွင့်အရေး မပေးလိုပေ။

စွေ့ချန်က ထွက်ပြေးဖို့ကြိုးစားနေတာကို မြင်တော့ သူ့ ဓားမြောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ကိုင်တွယ်ဖို့ရာ ဆုံးဖြတ်လိုက်သည်။

တင် --

ထိုအချိန်မှာပဲ ဓာတ်လှေကားထံက အသံတစ်သံ ထွက်ပေါ်လာသည်။

ဓာတ်လှေကားတံခါးက ဖြည်းညင်းစွာ ပွင့်ဟလာခဲ့ပြီး လင်းရီ အပြင်သို့ ထွက်လာခဲ့သည်။

“ ခေါင်းဆောင် …”

သူ့ရှေ့ရှိ မြင်ကွင်းကို မြင်တော့ လင်းရီ၏ တည်ငြိမ်သည့် အမူအရာမှာ မြင်သာလောက်သည်အထိကို ကြောက်မက်ဖွယ်ရာ ကောင်းသွားခဲ့သည်။

လူသတ်လိုစိတ်တို့က သူ့ခန္ဓာကိုယ်ကနေ အရှိန်ပြင်းစွာ ထုတ်လွှင့်လာခဲ့ပြီး မြင်ကွင်းထဲရှိ မြင်မြင်သမျှ အရာရာတိုင်းကို ဖျက်စီးသွားသယောင် ရှိသည်။

လင်းရီ ဓာတ်လှေကားထဲက ထွက်ပေါ်လာတာကို မြင်တော့ ရွှမ်ဝန်ထံက သူ့ကို လှမ်းကြည့်လာသည်။

“ အကူ ရောက်လာပြီပေါ့ .. ဟက် … လာတော့လည်း အကုန်လုံးကို တစ်ခါတည်း အတူပို့ပေးရတာပေါ့ …”

ရွှမ်ဝန်ထုံ များများစားစား စဉ်းစားမနေချေ။ သူ့ရှေ့ရှိ ဤလူများအားလုံးကို သတ်ဖြတ်ဖို့ပဲ ခေါင်းထဲ ရှိသည်။

ထို့ကြောင့် လင်းရီမည်သူမည်ဝါ ဆိုတာကိုလည်း ဂရုစိုက်မနေခဲ့ချေ။

ထို့ပြင် … ဖန်းတောက်ဇူ ကွယ်လွန်သွားပြီးနောက် သူက လီကျန်းချွမ် ကြေးကြီးကြီးနှင့် ခေါ်ယူထားသည့် ကြေးစား တစ်ဦး ဖြစ်လေသည်။ ထို့ကြောင့် လင်းရီ အကြောင်းကို များများစားစား မသိခဲ့ချေ။

လင်းရီ ထွက်ပေါ်လာသည့်တိုင် သူ့ဘက်က အလေးအနက်မထားဘဲ ဓားမြောင်နှင့် စိတ်လွတ်ကိုယ်လွတ် တိုက်ခိုက်လာသည်။

ရွှမ်ဝန်ထုံ သူ့ထံသို့ ပြေးလာနေသည်ကို မြင်သော်လည်းပဲ လင်းရီသည် အေးစက်သည့် မျက်ဝန်းတို့နှင့် အမူအရာ ကင်းမဲ့နေဆဲပင်။

ဝှစ် …

သာမန်လျှံကာ လက်မြှောက်လိုက်ပြီး ရွှမ်ဝန်ထုံ၏ လက်ကောက်ဝတ်ကို ဆုပ်ဖမ်းထားလိုက်သည်။

ရွှမ်ဝန်ထုံ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူ့တိုက်ခိုက်မှုကို လင်းရီ ပိတ်စို့နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။

ချက်ချင်းဆိုသလို လင်းရီ၏ အမူအရာမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီး ငရဲက ထွက်လာသည့် မကောင်းဆိုးဝါး တစ်ကောင်နှယ် ကျောချမ်းဖွယ်လေသံဖြင့် ပြောဆိုလိုက်သည်။

“ မင်းက သေလမ်းရှာနေတာပဲ …”

ရွှမ်ဝန်ထုံ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ဆတ်ခနဲ လိမ်ချိုးပစ်လိုက်သ်ည။

အားးးးးးးးးး

ရွှမ်ဝန်ထုံ၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး သည်းမခံနိုင်လောက်အောင် နာကျင်လှသည့် ဝေဒနာက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့ကာ ကိုယ်လက် အစိတ်အပိုင်းများ အားအင် ချိနဲ့သွားခဲ့သည်။

သူ့ မျက်နှာသည်လည်း ဝေဒနာ ညှင်းပန်းမှုကြောင့် တွန့်လိမ်နေသည်။

သို့သော်လည်းပဲ နာကျင်မှုထက် ကြောက်ရွံ့မှုက ပိုပြီး ကြီးမားနေခဲ့သည်။

ဒီကောင်က ဘာလား … အသက် နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမှာကို သူ့လို စီအဆင့်ကတောင် ဒီလူနဲ့ ရင်ဆိုင်တဲ့အချိန် ဘာကြောင့် ခွန်အားမဲ့သလို ဖြစ်နေရတာလဲ …

လင်းရီ အလွှတ်မပေး။ ရွှမ်ဝန်ထုံ၏ လက်မောင်းကို သူ့အနားသို့ ဆွဲကာ ရင်ဘက်ကို ဆောင့်ကန်လိုက်သည်။

ဝေါ့…

သွေးတစ်လုတ် အန်ထွက်လာခဲ့ပြီး ရွှမ်ဝန်ထုံမှာ နောက်သို့ လွှင့်ထွက်သွားခဲ့ကာ နံရံနှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။

“ သူ့ကို ငါနဲ့ အပ်ထားလိုက် …”

ရွှမ်ဝန်ထုံကို ကိုင်တွယ်ပြီးနောက် လင်းရီသည် ရှောင်ပင်းကို စွေ့ချန်၏ လက်မောင်းထဲက လက်လွှဲယူလိုက်၏။

သူမ၏ ဒဏ်ရာကို အကြမ်းဖျင်း တစ်ချက် စစ်ဆေးကြည့်ပြီး သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။ အခြေအနေက သိပ်မပြင်းထန်ပေ။ အနည်းဆုံးတော့ အသက်အန္တရာယ် မစိုးရပေ။

“ ဒေါက်တာ … ဒီကို လာခဲ့ … သူ့ကို ခွဲစိတ်ခန်းထဲ ခေါ်သွား…”

အန္တရာယ်ကို ရှင်းလင်းပြီးသည်အား မြင်တော့ ထောင့်တစ်နေရာတွင် ပုန်းနေသည့် ဆရာဝန်နှင့် နာ့စ်များလည်း ကြောက်ကြောက်လန့်လန့်နှင့် ထွက်လာခဲ့ကြသည်။

သူတို့ထဲ ဆေးရုံဒါရိုက်တာ ရန်ပေါင်းလုံလည်း အပါအဝင်ပင်။

မကြာမီ ရှောင်ပင်းကို ခွဲစိတ်ခန်းထဲ ခေါ်သွား၏။ ရှောင်းကျန်းဖုန်းလည်း ထို့အတူပင်။

သူ့လက်မောင်းတွင် အနည်းဆုံး ဒါဇင်စင်တီမီတာခန့် ရှည်လျားသည့် ဓားရှရာကြီး ရှိနေခဲ့သည်။ ကံကောင်းစွာဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည်အထိတော့ မဟုတ်ခဲ့ပေ။

နှစ်ယောက်ကို ကိုင်တွယ်ပြီးနောက် ရဲအရာရှိ တစ်ဒါဇင်ခန့်က ဓာတ်လှေကားထဲကတစ်ဆင့် အစုလိုက်အပြုံလိုက် ရောက်ရှိလာသည်။

ဘာကြောင့်ဆို‌တော့ စွေ့ချန်တို့တွေ အစောပိုင်း တိုက်ခိုက်နေစဉ်အတွင်း ရှစ်လွှာရှိ ဆရာဝန်တစ်ဦးက ကြောက်လန့်တကြားဖြင့် ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားခဲ့သောကြောင့်ပင်။

သို့ပေမယ့်လည်း သူတို့ ရောက်လာခဲ့သည့် အချိန်၌ အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ အရာအားလုံးက ကိုင်တွယ်ပြီး ဖြစ်နေသည်။

လင်းရီကို မြင်တော့ ဦးဆောင်လာသည့် ရဲအရာရှိမှာ အင်မတန် ပျူငှာယဉ်ကျေးနေလျက် ရှိသည်။ ဘာကြောင့်ဆိုတော့ စွေ့ချန်နှင့် ကျန်သူများ၏ ပြုမူပုံမှတစ်ဆင့် လင်းရီက ရှိနေသည့် လူတိုင်းထက် ရာထူး အဆင့်အတန်း မြင့်ကြောင်း သိသာနေသောကြောင့်ပင်။

“ ဒီလူတွေ ခေါ်သွားပြီး အတွင်းရေးမှူးဟော်ကို ဆက်သွယ်လိုက် … ဒီကိစ္စကို သူကြည့်ပြီး စီစဉ်ပေးလိမ့်မယ် …”

လာသည့် လမ်း၌ကတည်းက လင်းရီသည် အရာအားလုံးကို ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ သို့သော် ယခု … ဤလူများကို ကိုင်တွယ်ဖို့ ရည်ရွယ်ချက် မရှိသေး။ လက်ရှိ အခြေအနေကို အရင်ဦးဆုံး ဖြေရှင်းဖို့လိုသည်။

“ ဟုတ် ဟုတ် … ကျွန်တော်တို့ လုပ်လိုက်ပါ့မယ် ….”

ကြမ်းပြင်တွင် လဲလျောင်းနေသည့် ရွှမ်ဝန်ထုံကို မြင်တော့ ရဲအရာရှိများမှာ ကြောက်လန့်သွားခဲ့ကြသည်။ သူ့ လက်ကောက်ဝတ်က မိုးပေါ်ကို လိမ်တွန့်နေပြီး ရင်ဘက်ကလည်း ချိုင့်ဝင်လို့နေသည်.

တစ်စုံတစ်ယောက်က သူ့ကို ဤသို့သော အခြေအနေသို့ ရောက်သည့်တိုင် ရိုက်နှက်ထားသည်မှာ သိသာလှသည်။ မည်သူ့လက်ချက် ဆိုတာကိုလည်း အဝေးကြီး စဉ်းစားနေဖို့ မလိုချေ။ သူတို့ရှေ့ရှိ လူငယ်လေးသာ ဖြစ်ရမည်။

ဤအကြောင်း စဉ်းစားမိတော့ ရောက်လာသည့် ရဲအရာရှိတိုင်း အဆုတ်တွင်းသို့ လေအေးကြီးများ ရှိုက်သွင်းမိသွားခဲ့ကြ၏။

သေစမ်း …. ရက်စက်ချက်ပဲ …

အံ့အားသင့်နေမိသော်လည်းပဲ သူတို့၏ မူလတာဝန်ကိုတော့ မေ့လျော့သွားခြင်း မရှိ။ ရွှမ်ဝန်ထုံအပါအဝင် လူလေးယောက်လုံးကို ခေါ်ဆောင်သွားခဲ့ကြသည်။

ရှစ်လွှာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

လာသည့်လမ်းတွင် အခြေအနေကို လင်းရီ နားလည်သဘောပေါက်ထားပြီး ဖြစ်၏။

သူတို့ဘက်က E အဆင့် ဗီဇဆေးရည်နှင့် လူနှစ်ယောက်ကို ဖမ်းမိထားပြီး မစ်ရှင်အောင်မြင်သည်။

သို့သော် အသင်း ၁ ကလည်း တန်ကြေး ကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။

ယွီစီယင်က သေနတ်ကျည်ဆံ ထိမှန်ခံလိုက်ရပြီး ကျောက်ယွင်ဟူက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလျက်ရှိကာ အသင်း ၁ တစ်သင်းလုံး ဒဏ်ရာကိုယ်စီနှင့် ဖြစ်နေလျက် ရှိသည်။

လင်းရီ၏ အကြည့်က စွေ့ချန် ၊ ကျန်းချောင်ယွဲ့နှင့် လော့ချီတို့အပေါ် ယှက်သန်းသွားခဲ့သည်။

သူတို့၏ နှာခေါင်းနှင့် မျက်နှာများက ဖူးယောင်နေသော်လည်းပဲ ယင်းတို့က ပြင်ပ ဒဏ်ရာများပဲ ဖြစ်၏။ အခြေအနေက သိပ်မဆိုးလှပေ။

“ မင်းတို့ အဆင်ပြေကြတယ်မလား ….” သူ မေးလိုက်သည်။

သုံးယောက်မှာ အကြည့်ချင်း ဖလှယ်၍ စွေ့ချန်က ကိုယ့်ကိုယ်ကို အပြစ်မကင်းသည့် လေသံဖြင့် ပြောဆိုလာသည်။

“ ကျုပ်တို့ ဒဏ်ရာတွေက ကိစ္စမရှိပါဘူး …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ စီယင်နဲ့ ယွင်ဟူရော ….”

“ အစ်မယင်ရဲ့ ကျည်ဆံကိုတော့ ခွဲထုတ်ပြီးပြီ … ဒါပေမယ့် ပခုံးက နာ့ဗ်ကြောတွေတော့ ထိခိုက်သွားတယ် …. နောက် တစ်ကြိမ် ထပ်ပြီး ခွဲစိတ်ရဦးမှာ …” လော့ချီ ရှင်းပြလိုက်၏။

“ အစ်ကိုဟူရဲ့ အခြေအနေကတော့ မကောင်းဘူး … အဆုတ်က အတော်လေး ထိခိုက်သွားတယ် .. အခု အရေးပေါ် ဆေးကုသမှု ခံယူနေတယ် …”

“ ချီးပဲ ….”

လင်းရီ အနီးနားရှိ ထိုင်ခုံကို ဒေါသထွက်ထွက်နှင့် ကန်ကျောက်လိုက်သည်။ ကျယ်လောင်သည့် အသံက အနီးနား မတ်တပ်ရပ်နေသည့် ဆေးရုံဝန်ထမ်းများကို လိပ်ပြာလွင့်လုမတတ် ဖြစ်သွားစေခဲ့လေသည်။

လင်းရီရင်ဘက်ထဲ စုပြုံနေသည့် ဒေါသတရားတို့က ထိုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာခဲ့သည်။

“ ဒါရိုက်တာကို ခေါ်လိုက်စမ်း … ငါကိုယ်တိုင် ခွဲစိတ်ခန်း ဝင်မယ် ….”

“ ငါ ဒီမှာပါ ….” ရန်ပေါင်းလုံက အလျင်အမြန် ရောက်လာပြီး ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်၏။ ခန္ဓာကိုယ်ကလည်း ပြောမပြတတ်လောက်အောင် တောင့်တင်းလို့နေသည်။

“ အသင့်ပြင်ထား …. ကျုပ် ခွဲစိတ်ခန်းထဲ ဝင်မယ် …”

“ ဘာ … ခွဲစိတ်ခန်းဝင်မယ် ဟုတ်လား ….”

ရန်ပေါင်းလုံ ရှော့ခ်ရစွာ မြည်တမ်းလိုက်မိ၏။

ခွဲစိတ်ခန်းဝင်တယ်ဆိုတာ လူတိုင်း ဝင်နိုင်တဲ့ အလုပ်မဟုတ်ဘူးလေ …

“ ကျုပ်နာမည် လင်းရီ … ကျုပ် အရင်က ဟွာရှန်းဆေးရုံရဲ့ နှလုံးခွဲစိတ်ဌာနမှာ ဒါရိုက်တာ လုပ်ခဲ့ဖူးတယ် …. ခင်များက ဆေးရုံဒါရိုက်တာဆိုတော့ ကျုပ် ဘယ်သူလဲ သိလောက်မှာပါ ….”

ရန်ပေါင်လုံ၏ အမူအရာမှာ ရှော့ခ်ရနေရာမှ အံ့အားသင့်မှုတို့ ကူးပြောင်းသွားခဲ့၏။

ဆေးနယ်ပယ်တွင် လင်းရီ၏ ဂုဏ်သတင်းက လူတိုင်း၏ အသိအမှတ်ပြုမှုကို လက်ခံရရှိထားသည်။

ထိုအကြောင်းကို မည်သူမဆို သိကြ၏။ လူတိုင်းက သူနှင့် လူကိုယ်တိုင် မတွေ့ဆုံဖူးသော်လည်း နာမည်ဂုဏ်သတင်းကိုတော့ ကြားဖူးနားဝ ရှိကြလေသည်။

“ စောနတုန်းကပဲ အတွင်းရေးမှူးဟော် ငါ့ဆီ ဖုန်းခေါ်လာပြီး အထဲက လူနှစ်ယောက်ကို ကယ်တင်ပေးဖို့ ဘာမဆို လုပ်ခိုင်းထားတယ်… အခု မင်းကိုယ်တိုင် ရောက်လာပြီဆိုတော့ ငါလည်း စိတ်ချပါပြီ …” ရန်ပေါင်လုံ ပြောလိုက်သည်။

All Chapters