ပြင်းထန်စွာ ဒဏ်ရာရခြင်း
Vol. 151 Ch. 2230
“ ဘော့စ်ရွှမ် … ကျုပ်တို့ တကယ်ပဲ ဒီတိုင်း သွားမေးမှာလား … သူတို့ဘက်ကရော ပူးပေါင်းပေးပါ့မလား …” ဒရိုင်ဘာက မေးလိုက်၏။
“ လိုအပ်လာရင် သုံးလို့ရအောင် အိုင်ဒီ အတု နည်းနည်း လုပ်ထားတယ် … ဒီလို သာမန်ဝန်ထမ်းတွေလောက်ကတော့ အေးဆေး အရူးလုပ်လို့ရတယ် …” ရွှမ်ဝန်ထုံ ပြောလိုက်သည်။
“ အမှန်ပဲ ….”
ဆယ်မိနစ်ခန့် ကြာပြီးနောက် ရွှမ်ဝန်ထုံ၏ ကားက ဆေးရုံဝန်းထဲသို့ ရောက်ရှိလာခဲ့သည်။
ကားပါကင်ထိုးပြီးနောက် ရွှမ်ဝန်ထုံ အပါအဝင် လူလေးဦးက ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်ပြီး အရေးပေါ်ဌာနသို့ ဦးတည်လိုက်၏။
သူတို့ ဝင်လာချိန်၌ တာဝန်ကျ နာ့စ်တစ်ဦးက သူတို့ကို မေးခွန်းထုတ်သည့် အကြည့်တို့ဖြင့် ကြည့်လာသည်။
ညကြီး အချိန်မတော် အရေးပေါ်လူနာ တစ်ယောက် အရေးပေါ် ဌာနသို့ ရောက်လာသည်က နားလည်ပေး၍ရသည်။
သို့ပေမယ့်လည်း ပုံမှန် အကောင်းအတိုင်း အေးအေးဆေးဆေးပုံစံရှိသည့် ဤလူလေးယောက်က မည်သည့် အကြောင်းအရင်းနှင့် ရောက်လာလဲဆိုတာကတော့ မသေချာပေ။
ရွှမ်ဝန်ထုံ ကောင်တာသို့ သွားရောက်ပြီး ကြိုတင် ပြင်ဆင်ထားသည့် အိုင်ဒီအတုကို ထုတ်ပြပြီး ပြောလိုက်သည်။
“ ဟဲလို အလှလေး … ငါတို့က ရဲအရာရှိတွေပါ … မင်းတို့ဆီမှာ သေနတ်ထိမှန် ဒဏ်ရာနဲ့ ရောက်လာတဲ့ နစ်နာသူများ ရှိလားမသိဘူး …”
ဤစကား ကြားတော့ နာ့စ်လည်း ထိုသူများက ရဲအရာရှိ ဖြစ်သည်ကို သဘောပေါက်သွားခဲ့သည်။
“ အွန်း … စောန နှစ်နာရီလောက်တုန်းကပဲ နှစ်ယောက် ရောက်လာတယ် …” သူမက အိုင်ဒီကို တစ်ချက်ကြည့်ရင်း များများစားစား စဉ်းစားမနေဘဲ ပြောလိုက်သည်။ ဘာကြောင့်ဆိုတော့ သူတို့နိုင်ငံတွင် ရဲအရာရှိကဲ့သို့သော အစိုးရအရာရှိများက တောင်းဆိုလာလျှင် နိုင်ငံသားတိုင်း အကောင်းဆုံး ပူးပေါင်းပေးရမည်ဟူသော ဥပဒေ ရှိထားသောကြောင့်ပင်။ ထို့ပြင် မည်သူကရော လက်လွှတ်စပယ် ရဲဟန်ဆောင်ဝံ့လိမ့်မည်နည်း။
“ သူတို့ အခု ရှစ်လွှာမှာ ခွဲစိတ်မှု ခံယူနေတယ်… တကယ်လို့ လိုအပ်တယ်ဆိုရင် ရှင်တို့ ဓာတ်လှေကားကနေ တက်သွားလိုက်…”
ရွှမ်ဝန်ထုံ ဘာမျှ ဆက်ပြောတော့ဘဲ သူ့လူများနှင့်အတူ ဓာတ်လှေကားထဲ ဝင်သွားခဲ့သည်။
သူတို့က ဤနေရာသို့ ရောက်လာခဲ့ပြီး ကံစမ်းကြည့်ချင်ရုံမျှသာ ဖြစ်သော်လည်းပဲ အနှီငနဲသားများက အတည်ပေါက် ဖန့်ချိန် ပြည်သူ့ဆေးရုံသို့ ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားပေ။
တိုက်ဆိုင်မှု တစ်ချို့ ရှိကောင်းရှိနိုင်သော်လည်း ထိုသို့ ဖြစ်နိုင်ချေ အလားအလာက အင်မတန် မြင့်မားကြောင်းကို ရွှမ်ဝန်ထုံ ယုံကြည်သည်။
ရှစ်လွှာရှိ လေထုက ထုံးစံအတိုင်း အုံ့မှိုင်း လေးလံနေလျက်ပင်။
ရှောင်ပင်းနှင့် လော့ချီတို့က ရံဖန်ရံခါ အချိန်ကို စစ်ဆေးကြည့်နေကြ၏။ ဘာကြောင့်ဆိုတော့ လွန်ခဲ့သည့် ဆယ်မိနစ်တုန်းကပဲ လင်းရီ ဖန့်ချိန်သို့ ရောက်လာ၍ သူတို့ရှိရာထံသို့ ရောက်လာနေပြီ ဖြစ်ကြောင်း ပြောထားခဲ့သောကြောင့်ပင်။
သူ့ အစွမ်းအစဖြင့် မီးနီများကို လျစ်လျူရှုပြီး အချိန်မရွေး ရောက်ရှိလာနိုင်သည်။
တင် --
ဓာတ်လှေကား တံခါးပွင့်သံ ထွက်ပေါ်လာသည်။
လူငါးဦးလုံး မသိတ်စိတ်အလျောက် မျှော်လင့်ချက် ကိုယ်စီဖြင့် ဓာတ်လှေကားရှိရာဘက်ထံ အကြည့်ပို့မိလိုက်ကြသည်။ လင်းရီ ထွက်ပေါ်လာမှာကို သူတို့တွေ မျှော်လင့်စောင့်စားနေခဲ့ကြ၏။
သို့သော် ဓာတ်လှေကားတံခါး ပွင့်လာသည့် အခိုက်အတန့်မှာပဲ စွေ့ချန်နှင့် အခြားသူများမှာ ရုတ်ချည်း အမူအရာ ပြောင်းလဲကုန်သည်။
သူတို့နှင့် တိုက်ခိုက်ခဲ့သည့်လူက ဤနေရာထိတိုင် ရောက်လာခဲ့လိမ့်မည်ဟူ၍ လုံးဝ ထင်မှတ်မထားခဲ့ချေ။
စွေ့ချန်က ချက်ချင်းပဲ ရှေ့သို့ တက်လှမ်းသွားပြီး လူလေးယောက်အရှေ့တွင် မားမားမတ်မတ် ရပ်တည်လိုက်သည်။
“ မင်းတို့ကောင်တွေ တကယ်ကြီး ဒီနေရာထိရောက်လာကြတယ်ဆိုတော့ … ဇတော့ တယ်ကောင်းသားပဲ ….”
ရွှမ်ဝန်ထုံ၏ မျက်လုံးတို့ မှေးကျဉ်းသွားသည်။
“ စောနက ဟောင်ကောင်မှာ မင်းတို့ဘက်က ငါ့လူနှစ်ယောက်ကို လက်လွှဲပေးခဲ့မယ်ဆိုရင် ငါ မင်းတို့ကို လွှတ်ပေးရင် လွှတ်ပေးလိုက်လို့ရတယ် … ဒါပေမယ့် မရတော့ဘူး … အခု … မင်းတို့ အကုန်လုံး သေဖို့ပြင်ထားလိုက်တော့ ….”
“ မမေ့နဲ့ … ဟုန်မန်ဂိုဏ်း အသက်ရှင်လျက် ရှိနေတယ်ဆိုတာ ဟွာရှဘက်က ညှာတာမှုကို ပြထားလို့ပဲ … မင်းငါတို့ကို ဟွာရှပိုင်နက်ထဲမှာ ထိခိုက်အောင် လုပ်ဝံ့ရင် ဟုန်မန်ဂိုဏ်းတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရမယ်…”
“ ဒီအခြေအနေမှာ ငါတို့ဘက်က ရွေးချယ်စရာ မရှိဘူး ….” ရွှမ်ဝန်ထုံ ပြောလိုက်ပြီး “ တကယ်လို့ မင်းတို့ကို ရှင်လျက် ပြန်လွှတ်ပေးလိုက်ရင်လည်း ငါတို့ဟုန်မန်ဂိုဏ်းက အဆုံးသတ် လှမှာ မဟုတ်ဘူး … ဒီတော့ မင်းတို့အားလုံး သေသွားခဲ့ရင် ဒီကိစ္စ ဘယ်သူမှလည်း သိနိုင်မှာ မဟုတ်တော့ဘူး… ပေးလာတဲ့ အခွင့်အရေးကို ကောင်းကောင်းတန်ဖိုးမထားတတ်တဲ့ မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်လိုက်ကြ … ငါ အခုပဲ မင်းတို့ကို အဆုံးသတ်ပေးမယ် …”
အချိန်၏ အနှစ်သာရကို ရွှမ်ဝန်ထုံ နားလည်သည်။ သူ့ရှေ့ရှိ ဤလူများကို အလျင်အမြန် အပြတ်ဖြတ်ဖို့ လိုအပ်၏။ မဟုတ်ပါက သူတို့၏ အကူတပ်ဖွဲ့များ ရောက်ရှိလာသည်နှင့် ပြဿနာ များသွားလိမ့်မည်။
ထိုအကြောင်းကို စိတ်ထဲတွေးတောလျက် ရွှမ်ဝန်ထုံသည် စွေ့ချန်ထံသို့ ပြေးဝင်လာခဲ့သည်။
စွေ့ချန် နောက်ဆုတ်သွားခြင်း မပြုဘဲ ထိပ်တိုက် ရင်ဆိုင်လိုက်၏။
ရွှမ်ဝန်ထုံက တည့်လက်သီးတစ်လုံး ပစ်ခွင်းလာပြီး စွေ့ချန်မှာ ရှောင်တိမ်းနိုင်ရုံမျှသာ ရှောင်တိမ်းလိုက်နိုင်သည်။
သို့သော် ရွှမ်ဝန်ထုံမှာ စွေ့ချန်နှင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံကြောင့် အလျင်အမြန်ပဲ အသာစီးကနေ တိုက်ခိုက်လာလေသည်။
အခြေအနေမဟန်သည်ကို မြင်တော့ ကျန်းချောင်ယွဲ့က ညာသံပေးလိုက်၏။ “ လှုပ်ရှားတော့ …”
ကျန်လေးယောက်လည်း ချက်ချင်းပဲ နှစ်အုပ်စုခွဲသွားကြသည်။
ရှောင်ပင်းနှင့် လော့ချီတို့က ရွှမ်ဝန်ထုံ ခေါ်လာသည့် လူများနှင့် ရင်ဆိုင်သည်။
ကျန်သည့် ကျန်းချောင်ယွဲ့နှင့် ရှောင်းကျန်းဖုန်းတို့က စွေ့ချန်နှင့် ပူးပေါင်းပြီး ရွှမ်ဝန်ထုံကို အတူတကွ ရင်ဆိုင်ကြသည်။
ရွှမ်ဝန်ထုံ ခေါ်ဆောင်လာသည့် လူများ၏ အရည်အချင်းက သာမန်မျှသာ ဖြစ်ပြီး ရှောင်ပင်းတို့အဖို့ များစွာ အချိန်မယူလိုက်ရပေ။ ပြီးသည့်နောက် ကျန်းချောင်ယွဲ့တို့နှင့် သွားရောက်ပူးပေါင်းကာ ငါးယောက် - တစ်ယောက် တိုက်ခိုက်ရသည့် တိုက်ပွဲ ဖြစ်လာသည်။
သို့တိုင် ၊ ယင်းက အခြေအနေကို များစွာ ပြောင်းလဲသွားစေခြင်း မရှိပေ။
ရွှမ်ဝန်ထုံက သူတို့ထက် အဆင့်တစ်ဆင့်မျှသာ ပိုမြင့်သော်လည်းပဲ သူ၏ တိုက်ပွဲ အတွေ့အကြုံတွေ့က အင်မတန် ကြွယ်သည်။ လူငါးယောက် ပူးပေါင်း၍ လူတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်သည့်တိုင် နှစ်ဖက်က မတိုးသာ မဆုတ်သာ အခြေအနေ၌မှာပဲ ကျရောက်နေလျက်ရှိသည်။
အခြေအနေက သူ့အတွက် သိပ်မကောင်းတာကို မြင်တော့ ရွှမ်ဝန်ထုံက ဗျူဟာပြောင်းလဲလိုက်၏။ အုပ်စုထဲ အားအနည်းဆုံးဖြစ်သည့် လော့ချီကို အရင်ဆုံး ပစ်မှတ်ထားလိုက်သည်။
သူ့ခွန်အားအပေါ်တွင် ယုံကြည်ချက် အပြည့်ရှိသည်။ ထို့ပြင် မစ်ရှင်က အချိန်ကြန့်ကြာနေလေ ၊ ပို၍ ဆိုးရွားလာလေဖြစ်၏။
စိတ်ပိုင်းဖြတ်ပြီးသည်နှင့် ရွှမ်ဝန်ထုံသည် ကျန်းချောင်ယွဲ့၏ တိုက်ခိုက်ချက်များကို တန်ပြန်တိုက်ခိုက်ခြင်း မပြုဘဲ ခြေတစ်လှမ်းနင်းပြီး ရှောင်လွှဲဝှေ့ရှောင်လိုက်သည်။
ထို့နောက် သူ့ဘေးနားရှိသည့် ခုံတန်းကို လွှားခနဲ ခုန်ကျော်ပြီး ရှောင်ပင်းနှင့် လော့ချီကို မျက်နှာချင်းဆိုင်လိုက်လေသည်။
ဘန်း …
ပြင်းထန်သည့် ရွှမ်ဝန်ထုံ၏ ခြေကန်ချက်က လော့ချီ၏ ဝမ်းဗိုက်သို့ ကျရောက်သွားခဲ့ပြီး သူ့အား လွှင့်ထွက်သွားစေခဲ့သည်။
“ ရှောင်ချီ …”
လော့ချီ ဒဏ်ရာရသွားတာကို မြင်တော့ ရှောင်ပင်း အော်ဟစ်လိုက်၏။
သူမ တဒင်္ဂခန့် အာရုံလွှင့်ပျံသွားသည့် အချိန်မှာပဲ ရွှမ်ဝန်ထုံက အိတ်ထောင်ထဲ ထည့်ထားသည့် ဆောင်ဓားကို ထုတ်၍ ရှောင်ပင်းထံသို့ ထိုးနှက်လာသည်။
သူ၏ ရည်ရွယ်ချက်က ရှင်းလင်းသည်။ နေရာရှိ လူတိုင်းကို သတ်ဖြတ်ဖို့ ဖြစ်၏။
“ ရှောင်ပင်း …”
ရှောင်းကျန်းဖုန်း အလန့်တကြား အော်ဟစ်လိုက်ပြီး အခြား မည်သည့် အရာကိုမျှ ဂရုစိုက်မနေနိုင်တော့ဘဲ ရှောင်ပင်းထံသို့ ပြေးလွှားသွားခဲ့သည်။
အာ့ ---
ရှောင်းကျန်းဖုန်း၏ ကြားဝင်နှောင့်ယှက်မှုကြောင့် ဓားက ရှောင်ပင်းထံသို့ မရောက်ရှိလိုက်ပေ။ ထိုအစား ရှောင်းကျန်းဖုန်း၏ လက်မောင်းထဲ စိုက်၀င်သွားခဲ့၏။
“ ချီးပဲ …”
စွေ့ချန် ဟိန်းဟောက်ပြီး သူနှင့် ကျန်းချောင်ယွဲ့တို့ နှစ်ဦးပူးပေါင်းပြီး မတူကွဲပြားသည့် ဦးတည်ရာဘက်ခြမ်းတို့မှ တိုက်စစ်ဆင်လိုက်ကြ၏။
ယခု သူတို့ နှစ်ဦးသာ ကျန်ရစ်တော့သဖြင့် ရွှမ်ဝန်ထုံ၏ မျက်လုံးထဲတွင် ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။
လက်ထဲရှိ ဓားဖြင့် ၊ ရွှမ်ဝန်ထုံသည် ကျန်းချောင်ယွဲ့ထံသို့ ဒေါသတကြီး ပြေးဝင်သွားသည်။ တစ်ဖက်ကလည်း လျင်မြန်သည့် လှုပ်ရှားမှုတို့ဖြင့် ဓားနှင့် တိုက်ခိုက်လာမှုများကို တိမ်းရှောင်လေသည်။ တစ်ချိန်တည်းတွင် စွေ့ချန်က အနီးနားရှိ ခုံတန်းကို မပြီး ရွှမ်ဝန်ထုံထံသို့ လွှဲရိုက်လိုက်သည်။
အန္တရာယ်ကို အာရုံခံမိတော့ ရွှမ်ဝန်ထုံက ကျင်လည်စွာဖြင့် နောက်သို့ ဆုတ်သွားခဲ့သည်။
ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကျန်းချောင်ယွဲ့က ဘေးဘက်ခြမ်းကနေ ဝင်လာပြီး ရွှမ်ဝန်ထံ၏ ဦးခေါင်းသို့ ကန်ကျောက်လိုက်သည်။
သို့သော် ထိုကဲ့သို့သော တိုက်ခိုက်မှုများက ရွှမ်ဝန်ထုံကို ထိခိုက်ဒဏ်ရာ ရစေရန် အင်မတန် ခဲယဉ်းနေဆဲပင်။ ခြေကန်ချက်ကြောင့် ခေတ္တမျှ မူးဝေသွားသည့် ရွှမ်ဝန်ထုံသည် ခေါင်းတစ်ချက်ခါပြီး ကြမ်းပြင်ထက်က ထလာခဲ့ကာ ကျန်းချောင်ယွဲ့ထံသို့ အလင်းကဲ့သို့ လျင်မြန်သည့် အမြန်နှုန်းဖြင့် ပြေးဝင်လာခဲ့သည်။
ကျန်းချောင်ယွဲ့က လျင်မြန်သော်ငြား ရွှမ်ဝန်ထုံနှင့် နှိုင်းယှဉ်ရာတွင်တော့ လိုအပ်နေဆဲဖြစ်၏။
သို့သော် သူ့ဘက်က လှုပ်ရှားလာသည့် အခိုက်အတန့်မှာပဲ ရှောင်ပင်းက ပြေးဝင်လာခဲ့ပြီး နောက်ကွယ်မှတစ်ဆင့် အောင်အောင်မြင်မြင်ဖြင့် ပုန်းလျှိုးကွယ်လျှို တိုက်ခိုက်နိုင်လိုက်ကာ သူ့ လှုပ်ရှားမှုများကို နှောင့်ယှက်နိုင်သွားခဲ့သည်။
သို့သော်လည်းပဲ ယင်းက ရွှမ်ဝန်ထုံ၏ ဒေါသစိတ်ကို လောင်စာသွားထည့်သကဲ့သို့ ဖြစ်သွားစေခဲ့၏။
အချိန်ကလည်း တရွေ့ရွေ့နှင့် ကုန်ဆုံးလာနေပြီး ခွဲစိတ်ခန်းထဲတွင်လည်း လူနှစ်ယောက်ထက် ပိုရှိနေကာ အကယ်၍ သူသာ ၎င်းတို့ကို အလျင်အမြန် မကိုင်တွယ်ဘူးဆိုပါက သူ့အတွက် အသက်န္တရာယ်ကလည်း ပိုပိုပြီး စိုးရိမ်စရာ ဖြစ်လာသည်။
ခံပြင်းဒေါသစိတ်တို့နှင့်အတူ ရွှမ်ဝန်ထုံသည် ကျန်းချောင်ယွဲ့ကို လုံးလုံးလျားလျား လျစ်လျူရှုထားလိုက်ပြီး ထိုအစား ရှောင်ပင်းထံသို့ အဟုန်အပြည့်ဖြင့် ဦးတည်လာခဲ့သည်။
သူမကို ကန်ကျောက်လိုက်ပြီး ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားစေလိုက်သည်။
သို့သော် ရွှမ်ဝန်ထုံက သူမကို သက်ညှာပေးဖို့ရာ စိတ်ကူးမရှိ။ ကျင်လည်သွက်လက်စွာ လှုပ်ရှား၍ သူမ၏ ကော်လံကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်လိုက်ပြီး ဓားကိုင်ထားသည့် အခြားလက်တစ်ဖက်က သူမ၏ ဝမ်းဗိုက်သို့ ထိုးစိုက်လိုက်သည်။