← Chapters

ကျရောက်လာတော့မည့် ကပ်ဘေး

Vol. 151 Ch. 2229

ကျရောက်လာတော့မည့် ကပ်ဘေး

Vol. 151 Ch. 2229

“ ကျုံးဝေ့တပ်ဖွဲ့ကလူတွေ ငါ့လူကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရသွားတယ်ဆိုတော့ ခန့်မှန်းပြီး ပြောရရင် သူတို့တွေ ဝေးဝေးသွားနိုင်ဦးမှာ မဟုတ်ဘူး … ချက်ချင်း ဆေးကုသမှု ခံယူရမှာ ဆိုတော့လေ …”

ဖုန်းတစ်ဖက်ခြမ်းရှိ အီဗန်မှာ ခေတ္တ အသံတိတ်သွား၏။ “ သူတို့ရဲ့ ခြေရာလက်ရာတွေ မြန်နိုင်သမျှ မြန်မြန်ရှာ … ပြီးတော့ ရှင်လျက် မထွက်သွားစေနဲ့ ….”

“ ဒါက ….. လူကြီးမင်း အီဗန် … မင်း အတည်ပြောနေတာတော့ ဟုတ်ပါတယ်နော်….”

လီကျန်းချွမ်မှာ ကြက်သေသေသွားခဲ့သည်။ အီဗန်က ထိုကဲ့သို့ အမိန့်ပေးလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

“ ငါ အတည်ပြောနေတာ .. ဒါ လက်စားချေနိုင်မယ့် သိပ်ကို ကောင်းမွန်တဲ့ အခွင့်အရေးပဲ … အဲ့လူတွေသာ သေသွားခဲ့ရင် လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ရုံတင်မကဘူး … ပြဿနာတွေ အများကြီးကိုလည်း ရှောင်ပြီးသား ဖြစ်တယ်လေ …”

လီကျန်းချွမ် ခေတ္တ ငြိမ်သက်သွားပြီး ခွန်းတုံ့ပြန်လိုက်သည်။ “ ဟုတ်ကဲ့ …. နားလည်ပါပြီ …”

“ အမြန်လုပ် … မင်းမှာ အချိန်နှစ်နာရီပဲ ရှိတယ် … မဟုတ်ရင် ကျုံးဝေ့တပ်ဖွဲ့ဘက်က တပ်ကူတွေ ရောက်လာတော့မှာ .. အဲ့ခါကျရင် မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး …”

လီကျန်းချွမ်၏ ခန္ဓာကိုယ် တင်းကြပ်သွားခဲ့၏။ “ ဟုတ်ကဲ့ … နားလည်ပါပြီ…”

ဖုန်းချပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စိတ်ထဲ ပြန်လည် တွေးတောဆင်ခြင်ကြည့်ရင်း လီကျန်းချွမ်၏ မျက်နှာအမူအရာမှာ မည်းမှောင်နေသည်။

အီဗန် ပြောသွားသည့် လက်စားချေသည့် အရာက မည်သည်ကို ဆိုလိုချင်နေသလဲဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိသည်။

တလောတုန်းကပဲ ကျုံးဝေ့တပ်ဖွဲ့က နိုင်ငံအနှံ့အပြားရှိ ဖရီးမေဆင် ဌာနချုပ် (၆)ခုကို မီးရှို့ခဲ့ကာ ကမ္ဘာ့အလယ်တွင် သူတို့မျက်နှာကို အိုးမည်းသုတ်ခဲ့သည်။

ယခုကဲ့သို့ အခွင့်အရေးကောင်းနှင့် သူတို့၏ ဂုဏ်သိက္ခာကို အဖတ်ပြန်ဆည်လိုသည်က သဘာဝပင်။

ထို့ပြင် သူ့အတွက်လည်း ဤသို့ပြုလုပ်သည်က အကျိုးအမြတ်ရှိ၏။

အဆိုပါ လူခုနစ်ယောက်လုံးကို သတ်ဖြတ်လိုက်မည်ဆိုပါက ကိစ္စမှာ မျက်မြင်သက်သေ မကျန်ရစ်ဘဲ ပြီးဆုံးသွားလိမ့်မည်။

အကယ်၍ ကျုံးဝေ့တပ်ဖွဲ့က သူ့ကို သံသယရှိလာခဲ့လျှင်ပင် ဘာမျှ တတ်နိုင်မှာ မဟုတ်ချေ။

ဟောင်ကောင်၏ ထူးခြားသည့် နိုင်ငံတကာ အနေအထားအရ ဟွာရှဘက်က လွန်လွန်ကြူးကြူး သိပ်မပြုလုပ်ဝံ့ပေ။

ဤအစီအစဉ်က အနည်းငယ် ရူးမိုက်ပြီး အန္တရာယ်များသော်လည်းပဲ အတော်လေး ကောင်းမွန်လှသည့် အစီအစဉ် တစ်ခုဖြစ်တာတော့ ကျိန်းသေသည်။

သို့သော်လည်းပဲ … အီဗန် ပြောသွားခဲ့သည့်အတိုင်း ဤကိစ္စအပေါ် အောင်မြင်စွာ ကိုင်တွယ်နိုင်ခြင်း ရှိမရှိက ကံတရားအပေါ် မူတည်နေခဲ့သည်။

အကယ်၍ ၎င်းတို့က ဟောင်ကောင်၌ပဲ ရှိနေဦးမည်ဆိုပါက အချိန်တိုအတွင်း အမြန်ဆုံး တွေ့အောင် ရှာဖွေဖို့လိုသည်။ မဟုတ်ပါက အကူတပ်အင်အားများ ရောက်ရှိလာသည်နှင့် ပြဿနာကို မဖြေရှင်းနိုင်ဘဲ ဖြစ်သွားလိမ့်မည်။

ဤအကြောင်းတွေးတောမိတော့ လီကျန်းချွမ်၏ အမူအရာ တင်းမာသွားခဲ့ပြီး ရွှမ်ဝန်ထုံထံ လှမ်းပြောလိုက်သည်။ “ အောက်ကလူတွေ အကုန်လုံးကို ဖြန့်ကျက်လိုက် .. အဲ့လူ ခုနစ်ယောက်လုံးကို အချိန်တိုအတွင်း အမြန်ဆုံးရှာ … တစ်ယောက်မှ ရှင်လျက် မလွတ်သွားစေနဲ့ … သူတို့တွေ ပြန်လမ်း မရှိစေရဘူး ….”

“ ကျုပ် လူတွေ လွှတ်ထားပြီးပြီ …. ဟောင်ကောင်မှာ ပြည်မကြီးက လူနာတွေ တစ်ယောက်မှ မရှိဘူး ….”

“ မရှိဘူးလား ….”

လီကျန်းချွမ်၏ မျက်လုံးတို့ ဂနာမငြိမ် ဖြစ်သွားခဲ့ပြီး “ ရှာတဲ့ ဧရိယာကို ဟောင်ကောင်အပြင် ဖန့်ချိန်ကိုပါ ဖြန့်ကျက်လိုက် …”

“ နားလည်ပါပြီ ..”

…..

ကျုံးဝေ့တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်လာရန်အတွက် သန်မာသည့် လုပ်နိုင်စွမ်းတို့ လိုအပ်ရုံမျှမက အခြားကဏ္ဍဘက်များတွင်လည်း ထိုက်သင့်သည့်အလျောက် ကျွမ်းကျင်နေဖို့ လိုအပ်သည်။

ကားမောင်းကျွမ်းကျင်မှု၌ အသင်း ၁ ၏ တစ်ယောက်ချင်းစီတိုင်းက ဆရာအဆင့်များ ဖြစ်ကြသည်။

ကီလိုမီတာ ၆၀ ကျော် အကွာအဝေးကို ကျန်းချောင်ယွဲ့က နာရီဝက်နှင့် အပြတ်နှင်ပြီး ဟောင်ကောင်မှတစ်ဆင့် ဖန့်ချိန် ပြည်သူ့ဆေးရုံသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

ဆေးရုံသို့ ရောက်သည်နှင့် ကျန်းချောင်ယွဲ့က ယွီစီယင်ကို သယ်သွားပြီး စွေ့ချန်က ကျောက်ယွင်ဟူကို သယ်ဆောင်ကာ အရေးပေါ်ဌာနထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ယွီစီယင် ပခုံးထက်ရှိ သေနတ်ဒဏ်ရာကို မြင်တော့ တာဝန်ကျ ဆရာဝန်မှာ ရှော့ခ်ရသွားခဲ့ပြီး သူ့ အမူအရာကလည်း တစ်မျိုးတစ်မည် ဖြစ်သွားခဲ့သည်။

ဆေးရုံ၏ စည်းမျဉ်းစည်းကမ်းတို့အရ … အကယ်၍ သေနတ်ထိမှန် ဒဏ်ရာရထားသည့် လူနာတစ်ဦးဖြစ်ပြီး ရဲဘက်က အဖော်ပါမလာခဲ့ဘူးဆိုပါက မိမိတို့ဘက်ကနေ၍ ရဲစခန်းသို့ ချက်ချင်း အကြောင်းဖို့ လိုအပ်သည်။

အရေးပေါ်ဌာနရှိ တာဝန်ကျ ဒေါက်တာက လူနာကို လုပ်ထုံးလုပ်နည်းများအတိုင်း အရင်ဆုံး ကုသပေးလိုက်၏။ ထို့နောက် အနီးနားရှိ ရဲစခန်းကို ဖြစ်ပျက်ခဲ့သည့်အတိုင်း တင်ပြလိုက်သည်။

သူတို့တွေ တာဝန်နှစ်ခုလုံးကို ကြန့်ကြာအောင် အချိန်မဆွဲခဲ့ကြပေ။

ဖမ်းခံထားရသည့် အမျိုးသားနှစ်ယောက်ကိုတော့ ပြဿနာရှာခြင်းမှ ကာကွယ်နိုင်ရန်အတွက် သတိလစ်အောင် လုပ်ပြီး ကားထဲ သော့ခတ်ထားခဲ့သည်။

လူငါးဦးက အပြင်ဘက်တွင် စိုးရိမ်ကြောင့်ကြကြီးစွာ စောင့်ဆိုင်းနေခဲ့ကြ၏။ ယွီစီယင်ကိုတော့ များများစားစား စိတ်မပူမိကြပေ။ သို့သော် ကျောက်ယွင်ဟူ၏ အခြေအနေကတော့ အမှန်တကယ်ကို ဆိုးရွားနေတာ ဖြစ်၏။

“ အစ်ကိုရီ စာပြန်လာတယ် … အဲ့နှစ်ယောက်ကို ခေါ်သွားဖို့ လူလွှတ်လိုက်ပြီတဲ့ ….” ရှောင်ပင်း ပြောလိုက်ပြီး “ အစ်မယင်နဲ့ အစ်ကိုယွင်ဟူကို ခွဲစိတ်ပေးဖို့ လူစီစဉ်ထားပေးပြီးပြီ ပြောတယ် ….”

ညဆိုင်းစောင့်သည့် ဆရာဝန်များအားလုံးနီးပါးက တာဝန်ကိုယ်စီ ကျနေကြသည်။ သို့ပေမယ့်လည်း ယွီစီယင်နှင့် ကျောက်ယွင်ဟူတို့၏ အခြေအနေက အချိန်ဆွဲ၍ မရသည့်အတွက် လင်းရီက ဟော်ကျားရှင်းကို ကြိုတင် ဆက်သွယ်ပြီး ဤကိစ္စကို စီစဉ်ခိုင်းထားခဲ့၏။

“ အစ်ကိုရီ ဒီရောက်ဖို့က လိုသေးတယ်မလား ….” လော့ချီ တိတ်တိတ်လေး မေးလာသည်။

“ သူ လေယာဉ်ပေါ်ရောက်နှင့်နေပြီ …. ကျိုးဟိုင်ကနေ ဖန့်ချိန် ၊ လေဆိပ်ကနေ ဆေးရုံဆိုတော့ … ကိုယ်ပိုင်လေယာဉ်နဲ့ဆိုရင်တောင် အနည်းဆုံး ၂ နာရီလောက်တော့ ကြာမှာပဲ ….”

အသင်း တစ်အတွက် လင်းရီသည် အသင်း၏ ဝိဉာဏ်ဖြစ်သည်။ ယခုကဲ့သို့ တစ်စုံတစ်ရာ ဖြစ်ပျက်အပြီးတွင် အနားတွင် လင်းရီ ရှိမနေသည်က တစ်ခုခု လစ်ဟာနေသကဲ့သို့ ခံစားနေရ၏။

သူတို့အားလုံး လင်းရီ အမြန် ရောက်လာပါစေဟူ၍ မျှော်လင့်နေကြသည်။

“ အရာရှိကြီး …. ကျွန်တော်ပြောတဲ့လူတွေ အကုန်လုံး ဒီမှာပါပဲ …”

အရေးပေါ် ခန်းမထဲရှိ လေထုက အလွန်အမင်း လေးလံမွန်းကြပ်နေစဉ်တွင် ရဲအရာရှိများ ဝန်းရံလျက် ဆရာဝန် တစ်ဦးက စွေ့ချန်နှင့် အခြားသူများထံ ရောက်လာခဲ့သည်။

“ ဘာကိစ္စလဲ …”

“ မင်းတို့ သူငယ်ချင်းက သေနတ်ထိမှန် ဒဏ်ရာရထားတယ် …. လုပ်ထုံးလုပ်နည်းတွေအတိုင်း ငါတို့ဘက်က စုံစမ်းစစ်ဆေးဖို့ လိုတယ် … စခန်းကို အသာတကြည် လိုက်ခဲ့ရင် လိုက်ခဲ့ … မဟုတ်ဘူးဆိုရင်‌တော့ အဆိုးမဆိုနဲ့ပေါ့ ….”

“ စိတ်အေးအေးထားပါ … အကုန်လုံးက တစ်ဖက်တည်းသားချင်းတွေပါပဲ …”

စွေ့ချန်က သူ့ အိတ်ကပ်ထဲကနေ အိုင်ဒီတစ်ခုကို ထုတ်ပေး၍ ဦးဆောင်လာသည့် ရဲအရာရှိထံ ကမ်းပေးလိုက်သည်။

အရာရှိများက စွေ့ချန်၏ စစ်တပ်အိုင်ဒီကို မြင်တော့ ဗိုလ်မှူး အဆင့် ဖြစ်နေတာကို မြင်တွေ့လိုက်ရလေသည်။ ရာထူးက သူတို့ရဲတွေထက်ကို အများကြီး မြင့်သည်။ သူတို့လက်တွေ တုန်ယင်သွား၏။ ချက်ချင်းဆိုသလို အကြည့်က အခြားသူများထံ ကျရောက်သွားခဲ့လေသည်။

ရှောင်ပင်းနှင့် အခြားသူများလည်း သူတို့၏ အိုင်ဒီများကို ထုတ်၍ ၎င်းတို့ရှေ့တွင် ဖျတ်ခနဲ တစ်ချက်ပြလိုက်သည်။

ဟစ် …

ရဲအရာရှိများအားလုံး လေအေးကြီးများ ရှိုက်သွင်းမိသွားခဲ့ကြပြီး တစ်ညီတစ်ညွှတ်တည်း အလေးပြုလိုက်ကြ၏။

“ ကောင်းသောနေ့ပါ ဆရာ …”

“ ဒီကိစ္စက မင်းတို့နဲ့ မဆိုင်ဘူး … ပြန်ကြတော့ …”

“ ကျွန်တော်တို့ တစ်ခုခု ကူညီပေးဖို့ လိုအပ်သေးလား ဆရာ ….”

“ မလိုဘူး ….” ရှောင်ပင်း အမှုမထားသည့် မျက်နှာအမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ အတွင်းရေးမှူးဟော်က စီစဉ်ထားပေးပြီးပြီ …”

“ အတွင်းရေးမှူးဟော် …”

ဤသည်ကိုကြားတော့ ရှိနေကြသည့် လူတိုင်း အံ့ဩတုန်လှုပ်သွားခဲ့ကြသည်။

ဒီရဲ့ ရိုးရိုးရှင်းရှင်း အဝတ်အစားတွေနဲ့ လူတွေက အထူးမစ်ရှင် လာထမ်းဆောင်ကြတာများလား …

မတော်တဆမှု တစ်ခု ဖြစ်တော့ အတွင်းရေးမှူး ဟော် ကိုယ်တိုင် သူတို့အတွက် စီစဉ်ပေးရတယ် … ဒါ ဘယ်လိုလွှမ်းမိုးမှုမျိုးလဲ အဲ့တာ …

“ ဒါဆို ကျွန်တော်တို့ သွားတော့မယ်နော် ဆရာတို့ … တစ်ခုခု လိုအပ်တယ်ဆိုရင် အချိန်မရွေး ဆက်သွယ်လို့ရပါတယ် ….”

စွေ့ချန် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောခဲ့ချေ။

ရောက်ရှိလာသည့် ရဲအရာရှိများအားလုံး ဆုတ်ခွာသွားခဲ့ကြပြီး ဆေးရုံရှိ ဆရာဝန်နှင့် နာ့စ်များကတော့ ကိုယ်စီ အံ့အားသင့်လျက် ကျန်ရစ်နေခဲ့လေသည်။

ဒီရဲ့ အင်မော်တယ်တွေက ဘယ်ကနေ ရောက်လာခဲ့ကြတာလဲတဲ့ …

နာရီဝက်ခန့်ကြာပြီးနောက် ပြည်သူ့ဆေးရုံအုပ်ကြီး အပါအဝင် ဖန့်ချိန်ရှိ ဆေးပညာ ကျွမ်းကျင်သည့် ဆရာဝန်များအားလုံး ၊ ယွီစီယင်နှင့် ကျောက်ယွင်ဟူတို့ကို ခွဲစိတ်မှု လုပ်ဆောင်ရန်အတွက် ရှစ်လွှာတွင် စုဝေးကြ၏။

ကျန်သူများက အပြင်တွင် စောင့်ကြပ်နေခဲ့ကြသည်။ အကြိုစစ်ဆေးမှု ရလဒ်ကလည်း ထွက်လာခဲ့ပြီး အခြေအနေကလည်း အတော်လေးကို စိုးရိမ်နေရ၏။

နာရီလက်တံက တစ်ရွေ့ရွေ့နှင့် ရွေ့လျားနေသော်လည်း သူတို့အဖို့ ရွေ့လျားနေသည့် နာရီလက်တံက ယနေ့တွင် အထူးတလှယ် ရှည်ကြာလွန်းလှသည်ဟု ခံစားနေရသည်။

ဤအတောအတွင်း ဟော်ကျားရှင်း ကိုယ်တိုင်ကိုယ်ကျ ရောက်လို့လာပြီး အခြေအနေကို တစ်ချက် စစ်ဆေးကာ ဝမ်းနည်းစိတ်မကောင်းကြောင်း စကားတို့နှင့် စွေ့ချန်တို့အား နှစ်သိမ့်ပေးသည်။

သူ ထွက်ခွာသွားသည့် အချိန်၌ ၊ ဟော်ကျားရှင်းက ဖမ်းထားသည့် လူနှစ်ယောက်ကို တစ်ပါတည်းခေါ်ဆောင်သွားပြီး လင်းရီ ရောက်လာ၍ ၎င်းတို့အား စုံစမ်းစစ်ဆေးမှာကို စောင့်ဆိုင်းနေသည်။

တစ်ချိန်တည်းတွင် အဖြူရောင် လန်ခရူဇာ တစ်စင်းက ကျယ်ပြောသည့်လမ်းမထက်တွင် အမြန်ဆုံး အရှိန်နှုန်းဖြင့် မောင်းနှင်နေလျက်ရှိသည်။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသူကတော့ ရွှမ်ဝန်ထုံပင်။

ယခုမတိုင်မီက သူတို့တွေ ဟောင်ကောင်ရှိ ဆေးရုံများအားလုံးသို့ လိုက်လံ စစ်ဆေးခဲ့ပြီး သေနတ်ထိမှန်ဒဏ်ရာနှင့် လူနာ ရောက်မလာခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့တွေ ဖန့်ချိန်ဘက်သို့ ဦးတည်လာခဲ့ကြ၏။

ဟောင်ကောင်နှင့် ဖန့်ချိန်က အတော်လေးနီးကပ်ပြီး ကားဖြင့်‌ အမြန်ခရီးနှင်မည်ဆိုပါက အချိန် ဘယ်လောက်မျှ မကြာပေ။

ထို့နောက် သူတို့တွေ ဖန့်ချိန် ပြည်သူ့ဆေးရုံ၌ ရပ်တန့်လိုက်ကြ၏။

ဘာကြောင့်ဆိုတော့ ဤဆေးရုံက ဖန့်ချိန်၏ အကောင်းဆုံး ဆေးရုံဖြစ်သောကြောင့် ဖြစ်ပြီး သီအိုရီကျကျ စဉ်းစားမည်ဆိုပါက အကယ်၍ တစ်စုံတစ်ယောက်က ဒဏ်ရာကို ကုသလိုလျှင် ဤသည်က သူတို့၏ အကောင်းမွန်ဆုံးသော ရွေးချယ်မှုဖြစ်သည်။

All Chapters