← Chapters

ခက်ခဲတဲ့ ရုန်းကန်မှု

Vol. 151 Ch. 2228

ခက်ခဲတဲ့ ရုန်းကန်မှု

Vol. 151 Ch. 2228

“ ယွင်ဟူကိုလည်း တစ်ချက်ကြည့်လိုက်ဦး …. သူ့အခြေအနေလည်း သိပ်မကောင်းဘူး …” ရှောင်းကျန်းဖုန်း ပြောလိုက်သည်။

ဤစကားကြားတော့ လော့ချီလည်း ကျောက်ယွင်ဟူအနားသို့ ရွေ့လျား၍ နှလုံးခုန်သံကို နားနှင့်ကပ် နားထောင်ကြည့်ပြီး သွေးခုန်နှုန်းကို စစ်ဆေးကြည့်လိုက်သည်။ သူမ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး အလျင်စလို အော်ဟစ်မိလိုက်၏။

“ အမြန် … မြန်မြန်လေး … အစ်ကိုဟူရဲ့ အခြေအနေကမှ တကယ့်ကို ဆိုးနေတာ ….”

“ ချီးပဲ …”

လော့ချီ ပျာပန်းခတ်နေသည့် အမူအရာဖြင့် သတိပေးလိုက်၏။ “ အစ်ကိုရီကိုလည်း လာဖို့ ပြောလိုက်…. ဒီ အခြေအနေမျိုးနဲ့ဆိုရင် ကျိုးဟိုင်ကို သွားဖို့က ဖြစ်နိုင်မှာ မဟုတ်တော့ဘူး ….”

…..

ကျိုးဟိုင် ၊ ကျိုကျုံးဗီလာ။

လင်းရီက ဆိုဖာပေါ်တွင် ထိုင်လျက် ကျောကို နောက်သို့ အနည်းငယ်ကိုင်းထားကာ စီးကရက်တစ်လိပ်ကို လက်ကြားညှပ်ထားရင်း ခြေတင်ချိတ်ထားသည်။

သူ့နာရီကို စားပွဲပေါ်တင်ထားပြီး ခေတ္တကြာတိုင်း အချိန်ကို လှမ်းလှမ်းကြည့်နေသည်။

ယခု ည ဆယ်နာရီကျော်နေပြီး ဖြစ်ပြီး အသင်း ၁ ကလည်း သူတို့ရဲ့ စစ်ဆင်ရေးကို စတင်နေလောက်ပြီ ဖြစ်၏။

နောက်ဆုံးရလဒ်က မည်ကဲ့သို့ ထွက်ပေါ်လာမလဲဆိုတာကို မည်သူကမျှ မသိရသေးချေ။

ကလေးကို ကျောင်းသို့ တစ်ယောက်တည်း လွှတ်လိုက်ရသည့်အတွက် စိတ်မချဖြစ်နေသည့် ဖခင်တစ်ယောက်နှယ် စိုးရိမ်ကြောင့်ကြမှုနှင့် ဂနာမငြိမ် ဖြစ်မှုကို ခံစားရနေလေသည်။

ပုံမှန် အမှုမထားသည့် အမူအရာနှင့် အမြဲတစေ နေလေ့ရှိသည့် လင်းရီသည် ယခုတွင်တော့ သူ့မျက်နှာထက်၌ စိုးရိမ်စိတ်ဖိစီးမှုတို့ကို အထင်းသား မြင်တွေ့နေရသည်။

ထိုအချိန်တွင် ကျီချင်းရန်က ရေချိုး ကိုယ်လက်သန့်စင်ပြီး၍ ရေချိုးခန်းထဲက ထွက်လို့လာသည်။

ဒုတိယထပ်တွင် ရပ်နေရင်း လင်းရီကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။

နှစ်ယောက်လုံးမှာ အတွေးကိုယ်စီနှင့် အတွင်းစိတ် လွန်ဆွဲပွဲအား ရင်ဆိုင်နေရ၏။

ကလင် ကလင် ကလင် …

ရုတ်တရက် မြည်ဟည်းလာသည့် ဖုန်းမြည်သံက တိတ်ဆိတ်သည့် ညတာကို ကျယ်လောင်စွာ ခွင်းထွက်လာသည့် မိုးကြိုးပစ်သံကဲ့သို့ပင်။ ဗီလာထဲရှိ ငြိမ်သက်နေမှုကို ထိုးခွင်းသွားခဲ့၏။

ခေါ်ဆိုလာသူက ရှောင်ပင်းပင်။

လင်းရီ ချက်ချင်း ဖုန်းကိုင်လိုက်၏။

“ အခြေအနေ …”

ဖုန်းထဲ ဘာတွေ ပြောလာခဲ့လဲဆိုတာကို ကျီချင်းရန် မသိသော်ခည်း လင်းရီ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကိုတော့ မြင်တွေ့နေရသည်။ သူ့မျက်လုံးအနီးတစ်ဝိုက်ရှိ မျက်လုံးကြွက်သားတို့ပင် တွန့်ကျုံ့သွားခဲ့၏။

“ ဘယ်ဆေးရုံလဲ …”

“ ကောင်းပြီ … ငါ သိပြီ …”

လင်းရီ ခွန်းတုံ့ပြန်ပြီးနောက် ဆိုဖာပေါ်က ထလိုက်၏။

သို့သော် ထိုအချိန်မှာပဲ ဒုတိယထပ်တွင် မတ်တပ်ရပ်နေသည့် ကျီချင်းရန်ကို မြင်တွေ့သွားခဲ့တော့ လင်းရီ၏ ခြေလှမ်းတို့ ရုတ်ချည်း တန့်သွားခဲ့သည်။

မမြင်နိုင်သည့် အချုပ်အနှောင်တို့က သူ့ခြေချင်းဝတ်များကို သံခြေချင်း ခတ်လိုက်သည့်နှယ်ပင်။

သူ ထွက်သွားချင်ပါသော်လည်း ထိုအခိုက်အန့်၌ သူ၏ ခွန်အားများအားလုံး ဇက်ကြိုးတပ်ခံလိုက်ရသည့်နှယ် စိတ်ခံစားချက်တို့က ပိုပိုပြီး မာန်ဟုန်ပြင်းပြလာသည်။

“ ငါ ဖန့်ချိန်ကို သွားဦးမယ် … ခဏနေ ပြန်လာမယ် … ဟောင်ကောင် သွားမလို့ မဟုတ်ဘူး…”

ဤသို့ ပြောပြီးနောက် ကျီချင်းရန်၏ စိတ်ခံစားချက်တို့ မည်သို့ဖြစ်သွားစေကာမူ သူ ကြည့်ရှုမနေတော့ဘဲ ဗီလာထဲက ထွက်ခွာသွားခဲ့တော့၏။

“ လင်းရီ ….”

လင်းရီ အိမ်ထဲက ထွက်သွားသည့် အချိန်မှာပဲ ကျီချင်းရန်က အနောက်မှနေ၍ အော်ဟစ်လိုက်၏။

သို့သော် သူမ၏ အသံကို လင်းရီ မကြားလိုက်ပေ။

ကားအင်ဂျင်သံတို့ ထွက်ပေါ်လာခဲ့ပြီး လင်းရီ မောင်းထွက်သွားခဲ့၏။

လေဆိပ်သို့ သွားသည့်လမ်းတွင် လျန်ကျင်းမင်ထံသို့ ဖုန်းဆက်ပြီး ဖန့်ချိန်သို့ ပျံသန်းမည့် လေယာဉ်တစ်စင်းကို ကြိုတင်စီစဉ်ခိုင်းထားလိုက်၏။

…..

ဟောင်ကောင် ၊ တုံးဖန်းဝန်ဟွာ့ ဟိုတယ်။

ဟက်ပီးဗယ်လီက ထွက်လာခဲ့ပြီးနောက် လီကျန်းချွမ်နှင့် ကျိုးကွမ်းယောင်တို့နှစ်ဦး ဤနေရာသို့ ရောက်လာခဲ့ကြသည်။

သို့သော် ကျိုးကွမ်းယောင်၏ မျက်နှာ အရောင်မှာတော့ လှပမနေဘဲ စိတ်ပျက်ဒေါသထွက်နေသည့် အရိပ်အယောင်တို့ အနည်းငယ် မြင်တွေ့နေရလေသည်။

“ လူကြီးမင်းလီ … မင်းပြောတော့ ဒီရဲ့ အပေးအယူက စိတ်ချရပါတယ်ဆို … ဘယ်လိုဖြစ်ပြီး ဒီလို မတော်တဆမှုတွေ ရှိလာရတာလဲ ….”

“ ဥက္ကဌကျိုး … ငါတောင်းပန်ပါတယ် … ငါလည်း ဒီသတင်း ဘယ်နားကနေ ဘယ်လိုဖြစ်ပြီး ပေါက်ကြားသွားလဲဆိုတာ အဖြေရှာမရဘူး ဖြစ်နေတယ် ….”

“ လူကြီးမင်းလီ ငါ့ကို ဖြေရှင်းချက် ကောင်းကောင်း ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် ….”

“ ငါ ပေးမှာပါ …”

လီကျန်းချွမ်၏ အမူအရာမှာ လေးနက်နေပြီး ဖြစ်ပျက်သွားခဲ့သည့် အခြေအနေတို့ကြောင့် ဒေါသထွက်နေသည်။

သူက ဟုန်မန်ဂိုဏ်း၏ ခေါင်းဆောင်နေရာ ရာထူးကို တက်လှမ်းပြီး ဖြစ်သော်လည်း သူ၏ အစွမ်းအစတို့က ဖန်းတောက်ဇူနှင့် နှိုင်းယှဉ်လိုက်လျှင် အတော်လေး လိုအပ်နေသေးသည်။

ဖန်းရှီဟုန်လောက်ပင် အစွမ်းအစ မရှိဟု ပြော၍ ရသည်။

ရည်မှန်းချက်က သူ့ အဓိက ချို့ယွင်းချက် ဖြစ်၏။

ထိုအချိန်မှာပဲ ဧည့်ခန်းတံခါး ပွင့်ဟလာခဲ့ပြီး ရွှမ်ဝန်ထုံ အထဲသို့ ရောက်လာသည်။

“ ဘော့စ် …”

ရွှမ်ဝန်ထုံကို မြင်တော့ လီကျန်းချွမ် အလျင်စလို မေးမြန်းလိုက်၏။

“ ဘာတွေ ဖြစ်ခဲ့လို့ မင်း အဲ့ဒီကောင်တွေ လွှတ်ပေးလိုက်တာလဲ ….”

“ အောင်မြင်ခါနီးပါပဲ … ဒါပေမယ့် သူတို့ထဲ တစ်ယောက်က ဖောက်ခွဲရေးပစ္စည်းတွေ ဝတ်ထားပြီး နှစ်ဖက်လုံး ပျက်စီးကြောင်း ကြံတယ် …. အဲ့တုန်းက ဟက်ပီးဗယ်လီမှာ လူတွေလည်း အများကြီးပဲ … မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်စေချင်လို့ သူတို့တွေ လွှတ်ပေးလိုက်တယ် …”

“ သေစမ်း …”

လီကျန်းချွမ် ဒေါသတကြီးနှင့် စားပွဲရိုက်၍ ကျိန်ဆဲလိုက်သည်။ “ အမှိုက်တွေ … သူ မလှုပ်ရှားနိုင်ခင် မင်းသူ့ကို မချေမှုန်းနိုင်ဘူးလား …”

“ သူ ကျုပ်ကို အခွင့်အရေး မပေးဘူး….”

“ ယီးပဲ …”

လီကျန်းချွမ် ဦးနှောက်သွေးကြောပြတ်ထွက်လုမတတ် ဒေါသထွက်နေသည်။ ဤသည်က သူ အာဏာရလာပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် တာဝန် လက်ခံခြင်းပင်။

ရုံးချုပ်ကို သူ့အစွမ်းအစများ ပြသနိုင်ဖို့ရာ မျှော်လင့်ခဲ့သော်လည်း ယခုအားလုံး တလွဲတချော်တွေ ဖြစ်ကုန်လေပြီ။ အကုန် ရှုပ်ထွေးကုန်ပြီ ဖြစ်၏။

သို့သော် ကျိုးကွမ်းယောင်ကတော့ အတော်လေး ငြိမ်သက်သွားခဲ့သည်။ သူ့စိတ်ခံစားချက်တို့က ပို၍ တည်ငြိမ်လာဟန်ပင်။

ရွှမ်ဝန်ထုံ ပြောသည့်အတိုင်းဆိုပါက ကျုံးဝေ့တပ်ဖွဲ့မှာ သူ့ပြိုင်ဘက် ဖြစ်ပုံမရပေ။ သို့သော် ဖောက်ခွဲရေးပစ္စည်းများကြောင့် လက်လွှတ်လိုက်ရပုံပေါ်သည်။

ဆိုလိုသည်မှာ ဤစစ်ဆင်ရေးတွင် ခေါင်းဆောင်အဆင့်များ ရောက်မလာခဲ့ဘဲ သာမန် အဖွဲ့ဝင်များသာ စေလွှတ်လိုက်သည်ဟူ၍ပင်။ မဟုတ်ပါက ရွှမ်ဝန်ထုံ၏ အစွမ်းအစဖြင့် သူ ပြန်လာနိုင်မှာ မဟုတ်ပေ။

ထို့ပြင် သူ စေလွှတ်လိုက်သည့် လူများကလည်း ယခုနယ်ပယ်ထဲတွင် မှတ်တမ်းတင်ခံထားရခြင်း မရှိသေးသည့်လူများ ဖြစ်ပြီး ကျိုးမိသားစုနှင့် ဆက်စပ်သက်ဆိုင်ခြင်းလည်း မရှိ။ ထို့ကြောင့် သူ့သတင်းအချက်အလက်များ ပေါက်ကြားသွားဖို့ကတော့ မဖြစ်နိုင်ပေ။

ကြည့်ရသလောက်တော့ အခြေအနေက ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်းမှာပဲ ရှိသေး၏။

“ တော်ပြီ … ထွက်သွားတော့ …”

လီကျန်းချွမ်က သူ့လက်ကို ဒေါသတကြီး ဝှေ့ယမ်းလိုက်သည်။ ယခုအချိန်တွင် သူ တော်တော်လေး စိတ်ပျက်နေမိပြီး အကျိုးဆက်များက မျက်တောင်တစ်ထောက်စာ မြင်နိုင်သည်ထက်ကို ပိုသည်။

“ လူကြီးမင်းလီ … မင်း ဒီကိစ္စ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ငါသိချင်တယ် …”

ကျိုးကွမ်းယောင်မှာ မစ်ရှင် ကျရှုံးမှုကို လက်ခံလိုက်ပြီ ဖြစ်၏။ သူတို့ ကျိုးမိသားစု၏ အစီအစဉ်များကို နှောင့်နှေးစေသည်ဆိုသော်လည်း အနည်းဆုံးတော့ ထိခိုက်မှု မရှိပေ။ အကယ်၍ ကျုံးဝေ့တပ်ဖွဲ့ကသာ သူတို့ ကျိုးမိသားစုက ဤကိစ္စတွင် ဆက်စပ်နေသည်ကို သိသွားခဲ့လျှင် အကျိုးဆက်တို့က ခန့်မှန်းတိုင်းတာမရအောင် ဖြစ်လာပေမည်။

“ အလျင်လိုဖို့ မလိုပါဘူး … ငါ့ကို အချိန်နည်းနည်းပဲ ထပ်ပေး … ငါ ဒီကိစ္စ သေချာကိုင်တွယ်ပေးမယ်…”

“ ဒါဆိုလည်း ငါ အရင် ပြန်နှင့်လိုက်ဦးမယ် … တကယ်လို့ တခြားကိစ္စတွေ ရှိသေးတယ်ဆိုလည်း ဖုန်းနဲ့ပဲ ဆက်သွယ်ကြတာပေါ့ …”

“ ကောင်းပြီ …”

လီကျန်းချွမ်မှာ ကျိုးကွမ်းယောင်ကို မြန်မြန် ထွက်သွားစေချင်နေတော့သည်။ သို့မှသာ ဤပြဿနာကို အချိန်ပေး၍ သေချာစဉ်းစားနိုင်မှာ ဖြစ်၏။

ကျိုးကွမ်းယောင် ထွက်ခွာသွားပြီးနောက် လီကျန်းချွမ်လည်း သူ့ကို ၀တ္တရားအရ လိုက်ပို့ပေးကာ ဧည့်ခန်းထဲသို့ ပြန်ရောက်လာသည်။

လက်ရှိ ပြဿနာက သူ့လူများ ဖမ်းခံလိုက်ရခြင်း ဖြစ်ပြီး သတင်းအချက်အလက်များ ပေါက်ကြားသွားဖို့ ရာခိုင်နှုန်း အတော်လေး မျာသည်။

အကယ်၍ ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက ကျုံးဝေ့တပ်ဖွဲ့၏ လှံခေါင်းများက သူ့ထံသို့ တိုက်ရိုက်ချိန်ရွယ်လာပေမည်။

အရာအားလုံးလည်း ပျက်စီးသွားရလိမ့်မည်။

ဤပြဿနာကို မည်သို့ ဖြေရှင်းရမလဲဆိုတာကို နည်းလမ်းရှာဖို့ လိုအပ်၏။

ကလင် ကလင် ကလင် ….

မေးခွန်း တသီကြီးနှင့် အကြံအိုက်နေစဉ် လီကျန်းချွမ်၏ ဖုန်းသံက မြည်ဟည်းလာသည်။

ခေါ်ဆိုလာသူ၏ နာမည်ကို မြင်တော့ သူ့ အမူအရာမှာ ရုတ်ချည်း လေးနက်လာခဲ့၏။

“ မစ္စတာ အီဗန် …”

“ အပေးအယူ အောင်မြင်သွားပြီလား ….”

လီကျန်းချွမ်၏ ခန္ဓာကိုယ် တောင့်တင်းသွား၏။ အချိန်မရွေး ပြုတ်ကျလာနိုင်သည့် ထက်ရှသည့် ဓားတစ်စင်းက သူ့ဦးခေါင်းထက်တွင် ချိတ်ဆွဲထားသည့်နှယ် စိတ်ထဲ ဆောက်တည်ရာမရ ဖြစ်နေမိလေသည်။

“ ဒီမှာ ပြဿနာ နည်းနည်းတက်သွားခဲ့တယ် မစ္စတာ အီဗန် …”

“ ပြဿနာ …. ကျုံးဝေ့တပ်ဖွဲ့ကလူတွေ သတိထားမိသွားပြီလား ….”

“ ဟုတ်တယ် … အပေးအယူလုပ်ပြီးတာနဲ့ လူနဲ့ ပစ္စည်းကို ကျုံးဝေ့တပ်ဖွဲ့ကလူတွေ လုသွားတယ် …”

လီကျန်းချွမ်နှင့် ဖန်းတောက်ဇူက ဟုန်မန်ဂိုဏ်း၏ ခေါင်းဆောင်ကြီးများ ဖြစ်ကြသော်လည်း သူတို့နှစ်ဦး ဆက်ဆံခံရပုံခြင်းက မတူညီကြပေ။

ဖန်းတောက်ဇူက ဖရီးမေဆင်၏ လက်ထောက် ကြီးကြပ်ရေးမှူးဖြစ်ခဲ့ပြီး နာမည်ရာထူး သပ်သပ်ဆိုသော်လည်းပဲ သူ့ ရာထူးက ကွပ်ကဲသူ ရာထူး အဆင့် အထက်တွင် ရှိနေသည်။

သို့သော် လီကျန်းချွမ်ကတော့ ကွဲပြား၏။

သူ့ကို အသစ်ခန့်အပ်ထားခြင်းဖြစ်ပြီး ရုံးချုပ်တွင် မည်သည့် စစ်မှန်သည့် လုပ်ပိုင်ခွင့်တို့မျှ မရှိသည့် ကွပ်ကဲသူ ရာထူးကိုသာ ပေးထားသည်။ မဟုတ်ပါက အီဗန်မှာ သူ့ကို ယခုလို လေသံမျိုးဖြင့် စကားပြောနေမှာ မဟုတ်ချေ။

“ တောင်းပန်ပါတယ် မစ္စတာအီဗန် … ငါ့ဘက်က ပေါ့ဆမိသွားတယ် ….”

“ ငါ ဘာဆင်ခြေမှ မကြားချင်ဘူး ….” အီဗန် ပြောလိုက်ပြီး “ သူတို့လူတွေ ဘယ်သွားခဲ့လဲ … မင်း ခြေရာခံပြီးပြီလား …”

All Chapters