မာန်စွမ်းအင် အမှတ်အသား
Vol. 2 Ch. 17
“အကြီးအကဲ ... ကျွန်တော် တမင်သက်သက် လုပ်ခဲ့တာမဟုတ်ပါဘူး။ သူတို့က ရှောင်ဟုန်ကို ဖမ်းသွားကြလို့ပါ”
စုမင် ဗလုံးဗထွေးနှင့် ပြောဆိုလိုက်၏။
“သူတို့ … ဟုတ်လား”
အကြီးအကဲ ကြက်သေ သေသွားသည်။
“တစ်ယောက်က သွေးကြောကျောက်သား အဆင့် (၂) ရှိပြီး ကျန်တစ်ယောက်က အဆင့် (၃) ရှိတဲ့ မာန်စွမ်းအားရှင်တွေပါ”
စုမင်က ပုလင်းအဖုံးကို ပြန်ပိတ်ပြီး ဘေးနားရှိ စားပွဲပေါ် တင်လိုက်၏။
“မဟူရာတောင် မျိုးနွယ်စုကလား။ မင်းဘယ်လို လွတ်လာတာလဲ”
အကြီးအကဲ၏ မျက်လုံးများမှာ သံမဏိအလား အေးစက် မာကျောသွားသည်။
“ကျွန်တော် လွတ်လာတာ မဟုတ်ဘူး။ သူတို့သေသွားတာ”
စုမင်ဟာ ခေါင်းမော့ပြီး အကြီးအကဲကို ကြည့်လိုက်၏။
အကြီးအကဲမှာ မှင်တက်သွားသော်လည်း မဆိုစလောက်ကလေး အမူအရာ ပျက်ယွင်းသွားသည်ကို မြင်လိုက်ရ၏။ ခေတ္တ တိတ်ဆိတ်သွားသော်လည်း အသေးစိတ်အား မမေးရန် ဆုံးဖြတ်လိုက်၏။ ပြောရလျှင် စုမင်သည် သူ့ မြေးအရင်းတယောက်လိုပင်။ စုမင် ကြီးပြင်းအောင် သူ စောင့်ရှောက်ပေးခဲ့ရသည်မို့ စုမင်၏ အကျင့်စရိုက်အားလုံး အူမချေးခါးမကျန် ကောင်းကောင်း သိသည်။
“သူတို့ကို မဟူရာမီးတောင်မှာ တွေ့ခဲ့တာ မဟုတ်လား။ အရင်တစ်ခါ မင်းငါတို့ကို ပြောခဲ့တဲ့ သတင်းစကားက အရမ်းအသုံးဝင်တယ်။ အဲဒီအတွက် မင်းကို ဆုချီးမြှင့်ရမှာ ဆိုပေမဲ့ မင်း မာန်စွမ်းအားရှင် ဖြစ်လာတာကို ထိမ်ချန်ထားတဲ့အတွက် အဲဒီဆုကို ပယ်ဖျက်လိုက်ပြီ။ အခု မင်းက မာန်စွမ်းအားရှင် ဖြစ်လာခဲ့ပြီဆိုတော့ ... နေဦး .... ငါ မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်ဖို့ ကျင့်ကြံခြင်း လမ်းခရီးမှာ ကြုံတွေ့ခဲ့ရတာတွေကို ပြောပြမယ်။ မင်းကိုယ်ထဲက သွေးကြောတွေကိုလည်း ဖွင့်ပေးမယ်”
အကြီးအကဲက စုမင်ကိုကြည့်ပြီး ပြုံးလိုက်သည်။
“အကြီးအကဲ ...”
စုမင် စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကုတ်လိုက်သည်။ ခဏ တွေဝေနေပြီးနောက် ခပ်တိုးတိုးလေး ပြောလိုက်၏။
“တောင်းပန်ပါတယ်။ ကျွန်တော် မာန်စွမ်းအားရှင် ဘယ်လို ဖြစ်လာတယ် ဆိုတာ မမေးတော့ဘူးလား”
“ဘာလို့ မေးနေရဦးမှာလဲ။ လူတိုင်းမှာ ကိုယ်စီ လျှို့ဝှက်ချက်တွေ ရှိကြတာပဲ။ ငါ့အတွက်က ငါ့ရဲ့စုမင်လေး မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်လာခဲ့ပြီဆိုတာကို သိရဖို့ပဲ လိုတယ်”
အကြီးအကဲက ပျော်ရွှင်စွာ ရယ်မောလိုက်၏။
စုမင် မျက်ရည်တို့ ဝဲတက်လာသည်။ သူ့ကိုယ်ထဲတွင် လှည့်ပတ် စီးဆင်းနေသည့် နဂါးခံတွင်းရည်တွေနှင့်တကွ ခံစားခဲ့ရသမျှ အရာအားလုံး အပါအဝင် အကြီးအကဲ၏ သူ့အပေါ်ထားသည့် ကြင်နာသနားမှုများကို ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်တော့ပေ။ အကြီးအကဲ၏ မြင့်မြတ်မှုကို စုမင်၏ စိတ်သန္တာန်နှင့် ဝိညာဉ်တွင် ကဗ္ဗည်းတင် ထိုးထွင်းထားသလို စွဲထင်သွားပြီ ဖြစ်၏။
“အကြီးအကဲ ... ကျွန်တော့်မှာ ဆေးလုံးတွေရှိတယ်”
စုမင်က အကြီးအကဲကို ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်၏။
“ဆေးလုံး ... ဟုတ်လား”
အကြီးအကဲက စိတ်ရှုပ်ထွေးသွားသလို မေးလိုက်ပြီး ခေါင်းကို ခါယမ်းကာ ရယ်မောလိုက်သည်။
“ဆေးမြစ်ကို ပြောတာလား။ မင်း ရှားပါးတဲ့ ဆေးမြစ်တွေ တွေ့ခဲ့မှန်း သိပေမဲ့ ငါက နက်မှောင်တောင်မျိုးနွယ်စုရဲ့ အကြီးအကဲပါ။ အရမ်းကို ရှားပါးလွန်းမှသာ ငါမမြင်ဖူးတာ ရှိမယ်၊ တော်တန်ရုံလောက်ကတော့ အားလုံးကို ... ဘာလဲ”
အကြီးအကဲ စကားမဆုံးခင် စုမင်က ပုလင်းနှစ်လုံးကို ထုတ်ပြီး အကြီးအကဲ ရှေ့တွင် ထားလိုက်၏။
ပုလင်းနှစ်လုံးတွင် ရှိနေသည်မှာ ရောဂါပျောက်ကင်းစေသည့် ဆေးနံ့များ လှိုင်လှိုင်ထွက်နေသည့် အစိမ်းရောင် ဆေးလုံးလေးများ ဖြစ်သည်။ တစ်ပုလင်းစီတွင် ဆေးလုံး အမြောက်အမြား ရှိနေလေ၏။
အကြီးအကဲက တည်ငြိမ်စွာနှင့် ဆေးပုလင်း တစ်လုံးကိုယူပြီး လေ့လာကြည့်လိုက်သည်။ သူမြင်ဖူးခဲ့တာတွေနှင့် လုံးဝမတူတာ သေချာသွားပြီးနောက် နှာဝကပ်၍ အနံ့ ရှူကြည့်လိုက်ချိန် သူ့ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားလေသည်။
“ထူးဆန်းလိုက်တဲ့ဆေး။ ငါအနံ့ကလေးပဲ ရှူကြည့်ရသေးတယ်၊ ငါ့ရဲ့ သွေးတွေ ပိုပြီး လျင်လျင်မြန်မြန် လည်ပတ်သွားတာကို ခံစားလိုက်ရတယ်”
အကြီးအကဲက ရေရွတ်လိုက်ပြီး ဆေးလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလေ၏။ ခဏအကြာ မျက်လုံးများကို မှိတ်ပြီး စတင်တွေးတောနေတော့သည်။ မျက်လုံးများ ပြန်ဖွင့်လာချိန် သူ စုမင်ကို ကြည့်လိုက်၏။
“ဒါ ဆေးလုံးတဲ့လား”
စုမင် ခေါင်းညိတ်ပြပြီး ဆေးပုလင်းကို ညွှန်ပြလိုက်သည်။ ဆေးစွမ်းအာနိသင်နှင့် အသုံးပြုပုံကို ရှင်းပြလိုက်သည်။ အကြီးအကဲမှာ အသက်ပြင်းပြင်း ရှူရင်း စုမင် စကားအလိုက် သူ့အမူအရာများ ပြောင်းလဲနေတော့သည်။
အကြီးအကဲက ဆတ်ခနဲ စုမင်အား လက်နှင့် ဝှေ့ယမ်းလိုက်သည့်အခါ မာန်နတ်ဘုရား ရုပ်တု ပုံရိပ်ယောင် ပေါ်ပေါက်လာသည်။ ၎င်းမှာ လူတစ်ပိုင်း သားရဲတစ်ပိုင်း သဏ္ဌာန်ရှိသည့် နက်မှောင်တောင်၏ မာန်နတ်ဘုရား ရုပ်တုဖြစ်သည်။
ရုပ်တုပေါ်လာသည်နှင့် အခန်းထဲ၌ နူးညံ့ညင်သာသည့် စွမ်းအားတချို့ ပျံ့နှံလာလေသည်။
“ဆက်ပြောချေ”
စုမင်မှာ အကြီးအကဲ၏ တည်ကြည်လေးနက်သည့် မျက်နှာကို ကြည့်ရင်း ရင်တွေ ပေါက်ကွဲမတတ် တုန်လာသည်။ ခပ်ဖြည်းဖြည်းလေးပင် ဆက်လက်၍ မြူမှုန်ထိုးခွဲဆေးလုံး၏ အာနိသင်အကြောင်း ရှင်းပြလိုက်၏။
အကြီးအကဲက မတ်တတ်ရပ်ရင်း သူပြောသမျှကို နားထောင်နေသည်။ စုမင်ပြောသည်ကို နားစိုက်ထောင်ရင်း ဆေးလုံးတစ်လုံးကို ထုတ်၍ အသေအချာ လေ့လာနေလေ၏။ ထို့နောက် ဆေးလုံးကို ဘာမပြော ညာမပြောနှင့် တစ်ခါတည်း မျိုချလိုက်သည်။ သူ စုမင်ကို ယုံကြည်သည်။ သူ့ အပြုအမူတွင် တွေဝေမှု နည်းနည်းမှ မရှိပေ။ ထို့နောက် ခရမ်းရောင် ပုလင်းခပ်သေးသေးကို ထုတ်ယူပြီး မော့ချလိုက်ပြန်၏။
စုမင် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ လေထဲတွင် ရောင်ခြည်တန်းများနှင့် လင်းလက်နေသည့် မာန်နတ်ဘုရား ရုပ်တုကို ကြည့်လိုက်သည်။ အကယ်၍ ရုပ်တု၏ ပုံရိပ်ကြောင့်သာ မဟုတ်လျှင် ဆေးသောက်ပြီးနောက် အကြီးအကဲထံမှ ထွက်ပေါ်လာသည့် ရောင်ခြည်များကြောင့် တစ်ရွာလုံး လင်းထိန်သွားမည်ကို ရှင်းရှင်းလင်းလင်း သိနေသည်။ အပြင်မှ ကြည့်လျှင်ပင် စူးရှသော အလင်းရောင်ကို ကျိန်းသေ မြင်မိကြမည်မှာ မုချပင်။
အလင်းရောင်မှာ စတင်ထွက်ပေါ်စဉ်အချိန်အတိုင်း ခပ်မြန်မြန်ပင် မှေးမှိန်ပျောက်ကွယ်သွား၏။ အကြီးအကဲ၏ မျက်လုံးများ ပြန်ဖွင့်လိုက်စဉ် ၎င်းကိုယ်မှ ထွက်ပေါ်နေသည့် အနီရောင် အလင်းများလည်း ပျောက်ကွယ်သွားလေသည်။ သူ့မျက်လုံးများမှာ စိတ်လှုပ်ရှားမှု အထပ်ထပ်နှင့် ပြည့်လျှမ်းနေ၏။ မြူမှုန်ထိုးခွဲဆေးလုံးကို အသေအချာကြည့်ပြီး အသက်ပြင်းပြင်း ရှူရှိုက်သည်။
“စုမင် ဒါကို မှတ်ထားစမ်း”
အကြီးအကဲ ခေါင်းမော့လာပြီး စုမင်ကို ကြည့်လိုက်သည်။
စုမင် ချက်ချင်း အာရုံစိုက်နားထောင်လိုက်၏။
“ဒီနေ့ဒီအချိန်ကစပြီး မင်း ဒီဆေးလုံးတွေအကြောင်း ဘယ်သူ့မှ ပြောပြလို့ မရဘူး။ ငါမေးခဲ့ရင်တောင် မင်းလုံးဝ မပြောပြရဘူး။ အခုကစပြီး ငါလည်း မင်းကို ဒီအကြောင်း ထပ်မမေးတော့ဘူး”
“ဒီမျိုးနွယ်စုထဲက ဘယ်သူ့ကိုမှလည်း မပြောရဘူးဆိုတဲ့စကားကို အသေအချာ မှတ်ထား။ လေ့ချန်ကိုတောင်မှ မပြောပြနဲ့”
အကြီးအကဲက စုမင်၏ မျက်လုံးများကို ကြည့်ပြီး မာမာထန်ထန်နှင့် ပြောဆိုလိုက်၏။
စုမင်လည်း တွေဝေသွားသည်။
အကြီးအကဲက သက်ပြင်းချလိုက်သည်။ သူသိနေသည်။ စုမင်သည် ရိုးသားသည့် ကလေး တယောက် ဖြစ်သည်။ ထို့ကြောင့် ဒုတိယံမိ လေသံမာမာနှင့် သတိပေးလိုက်ပြန်၏။
“စုမင်။ ငါပြောတာနားထောင်။ ဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူး။”
မျက်ဝန်းထဲတွင် ပြတ်သားမှုအပြည့်နှင့် စုမင်က ခေါင်းကို ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်၏။
“မျိုးနွယ်စုက မလုံခြုံတော့ဘူး”
အကြီးအကဲက ခပ်တိုးတိုးသာ ရေရွတ်လိုက်သော်လည်း စုမင်ကတော့ အံဩမှင်တက်သွားသည်။ အထူးသဖြင့် စုမင်၏ ချီစွမ်းအင်အား မျိုးနွယ်စုခေါင်းဆောင် သုံးယောက် သတိမထားမိလေအောင် ပိတ်ကာပေးလိုက်သည့် အဖြစ်ကို သွားသတိရမိလိုက်သည်။
“ငါတို့မျိုးနွယ်စုထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတယ်။ အဲဒီအကြောင်းကို ငါနဲ့ မျိုးနွယ်စုခေါင်းဆောင်ပဲ သိထားတယ်။ တခြား ဘယ်သူမှမသိဘူး။ သစ္စာဖောက်ဟာ ပိပိရိရိကြီး ပုန်းကွယ်နေတယ်။ ဘယ်သူဆိုတာ ငါတို့မသိကြဘူး ...”
“မင်းယူလာပေးတဲ့ သတင်းစကားအရ မဟူရာတောင် မျိုးနွယ်စုက ငါ့ရဲ့ ကျောင်းတော်က ရန်သူဟောင်းကြီးဟာ နောက်တစ်ဆင့် တက်ရောက်နိုင်မယ့် နည်းလမ်းကို အမှန်တကယ် ရှာတွေ့သွားတဲ့ ပုံပဲ။ အခုတလော ဒီအနီးအနားက ရာသီဥတုက ထူးဆန်းတယ်လို့ ခံစားမိနေတာ။ အဲဒါ ကပ်ဘေးကြီး ဆိုက်တော့မယ့် လက္ခဏာ တစ်ခုပဲ”
“စုမင် မင်းရဲ့ဆေးလုံးတွေက တကယ်ကောင်းမွန်တဲ့ အတွက် ငါယူထားလိုက်မယ်။ ထပ်ပြီးတော့ မပေးပါနဲ့။ ငါ့အတွက်က နောက်တစ်ဆင့်ကို တက်ရောက်နိုင်ရင် လုံလောက်ပြီ။ အကယ်၍ မတက်ရောက်နိုင်ဘူး ဆိုရင် ထပ်ပေးလည်း အလကားဖြစ်မှာပဲ”
“ငါ့မှာ ဆေးမြစ်တွေ ပြတ်လပ်နေတာ မဟုတ်ဘူး။ ဒီအဆင့်မှာ ပိတ်မိနေပြီး ထိုးဖောက်နိုင်ဖို့ အတွက် အခါအခွင့် မသင့်သေးတာ”
အကြီးအကဲက သူ မာန်စွမ်းအားရှင်တယောက် ဖြစ်လာသည့် ကျင့်ကြံခြင်း အတွေ့အကြုံများအကြောင်း အနည်းငယ် ပြောပြသည်။ ထို့နောက် သစ်ရွက်သစ်ခက်များနှင့် ပြုလုပ်ထားသည့် အရာတစ်ခုကို ထုတ်ယူလိုက်၏။ ထိုအရာကို ကြည့်လိုက်သည့်အခါ အကြီးအကဲ၏ မျက်ဝန်းထဲတွင် အတိတ်ကို လွမ်းဆွတ် တမ်းတမှုများ ပြည့်လျှံနေသည်။
ခဏအကြာ အကြီးအကဲက လေးနက်တည်ကြည်သော အမူအရာနှင့် စုမင်အား ၎င်းပစ္စည်းလေးကို ပေးလေ၏။
“ငါ ငယ်ငယ်တုန်းက စွန့်စားခန်းတွေ ထွက်ရင်း ရလာခဲ့တဲ့ အရာပဲ။ ဒါကို ဝါးပိုးမှတ်စုလို့ ခေါ်တယ်။ ဒါကို မျိုးနွယ်စုကြီးတွေမှာပဲ တွေ့နိုင်တယ်။ ဒီထဲမှာ ဆေးပင်တွေ အများကြီးရဲ့ အသုံးဝင်ပုံတွေ အများကြီး မှတ်သားထားတယ်။ ဒါကိုယူထား”
စုမင်က ဝါးမှတ်စုကို လက်ခံယူပြီး အလွန် အံ့ဩနေသည်။ ရင်ဘတ်ထဲ သိမ်းဆည်းပြီး အကြီးအကဲအိမ်မှ ပြန်တော့မည်အလုပ်တွင် အကြီးအကဲက စုမင်အား လေးလေးနက်နက် ကြည့်လိုက်သည်။
“စုမင် … မင်း မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်လာတာကို ငါဝမ်းသာပါတယ်၊ ဒါပေမဲ့ မင်းသိထားရမှာ မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်လာပြီ ဆိုတာနဲ့ မင်းဟာ အရင်လို သာမန်မျိုးနွယ်စုဝင် တစ်ယောက် မဟုတ်တော့ဘူး။ မာန်ပညာရပ်ကို ကျင့်ကြံသူတွေရဲ့ လမ်းခရီးဟာ အလွန်ခက်ခဲ ကြမ်းတမ်းတယ်။ အမှားသေးသေးလေး တစ်ခုလုပ်မိရုံနဲ့ အသက်အန္တရာယ် ထိခိုက်နိုင်တယ်။ အဲဒါကို မဟူရာမီးတောင်မှာ ရှိနေတဲ့အချိန်မှာ မင်းခံစားမိခဲ့မှာပဲ”
“ဒါပေမဲ့လည်း ငါတို့ဟာ မာန်မျိုးနွယ်စုဝင်တွေ အနေနဲ့ သေခြင်းတရားကို ကြောက်ရွံ့နေလို့ မရဘူး။ ရှေ့ဆက်လျှောက်ရမယ့် ခရီးလမ်းက ခက်ခဲတယ် ဆိုပြီးလည်း လက်လျှော့လိုက်လို့ မဖြစ်ဘူး”
“မင်းရဲ့အိပ်မက်ကို ငါနားလည်တယ်။ မင်းက ဒီနေရာကနေ ထွက်ခွာပြီး လောကကို သိမြင်ချင်တယ်။ အဲဒါကို ငါအပြည့်အဝ ထောက်ခံတယ်”
စုမင်က ငြိမ်ငြိမ်လေး နားထောင်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“မင်းက လူကောင်းလေးပါ။ ငါမင်းကို အကြာကြီး စောင့်ကြည့်လာရတဲ့သူမို့ ငါ အဲဒါကို သိတယ်။ ဒါပေမဲ့ ငါ့ရဲ့ လေ့ကျင့်ပေးမှုက မလုံလောက်လို့ မင်းကို မကူညီပေးနိုင်ခဲ့ဘူး။ ငါထင်ခဲ့တယ်၊ ငါတို့ စုမင်လေး မာန်စွမ်းအားရှင်တစ်ယောက် ဖြစ်မလာလည်း အဆင်ပြေမှာပါ လို့။ ဒါပေမဲ့ မင်းသာ မာန်ပညာရပ် ကျင့်ကြံသူ ဖြစ်လာနိုင်ခဲ့ရင်လည်း မင်းရဲ့ ခရီးလမ်း ဖြောင့်ဖြူး သာယာဖို့ ငါဘာမဆို လုပ်ပေးမယ် ဆိုပြီးတော့ပေါ့”
အကြီးအကဲမျက်နှာပေါ်မှ အပြုံးမှာ တစ်စတစ်စ ပျောက်ကွယ်သွားပြီး စုမင်အား အနားလာရန် လက်ယပ်ခေါ်လိုက်၏။
“လာ ... ငါ့ရှေ့မှာထိုင်ပြီး မင်းခါတိုင်းလေ့ကျင့်သလို သွေးကြောထဲက သွေးတွေကို လှည့်လည်ပြ”
စုမင်သည် ဆံပင်များ ဖြူဖွေးနေပြီး အရေးကြောင်းများ ပြည့်နေသည့် မျက်နှာပြင်နှင့် လူအိုကြီးအား ကြည့်လိုက်သည်။ အကြီးအကဲသည် သူ့အား ကြင်နာမှုအပြည့်နှင့် ကြည့်နေသည်။ အကြီးအကဲနှင့်သူ့ကြား သွေးသားရင်းများပမာ နှီးနှောဆက်နွယ်မှု မရှိသော်ငြား နှစ်ယောက်ကြားမှ သံယောဇဉ်သည် တကယ့်သွေးသားရင်းတို့၏ သံယောဇဉ် မှန်သမျှထက် ကျော်လွန်နိုင်မှန်း စုမင်သိနေသည်။
“အကြီးအကဲ”
စုမင်က ခံစားချက်အပြည့်နှင့် ပြန်ပြောလိုက်သည်။
“ဒီကိုလာခဲ့ချေ”
အကြီးအကဲက စိတ်ပါလက်ပါ ရယ်မောလိုက်သည်။
စုမင်က အကြီးအကဲရဲ့ရှေ့တွင် လိမ်လိမ်မာမာ ထိုင်ချလိုက်ပြီး အသက်ကို ဝဝရှူလိုက်သည်။ ပြီးသည်နှင့် ချီကို တစ်ကိုယ်လုံးအနှံ့ ဖြန့်ကြက်လိုက်၏။ မကြာခင် သူ့ခန္ဓာကိုယ်တွင် သွေးကြောခြောက်ခု ပေါ်ပေါက်လာ၏။ ၎င်းသွေးကြောခြောက်ခုထံမှ အနီရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်လာသည့်အချိန် သတ္တမမြောက် သွေးကြောလည်း ပေါ်ပေါက်လာပြီး ဖြည်းဖြည်းချင်း ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ထွက်ပေါ်လာနေ၏။
ယခင်လတစ်လလုံး စုမင်မှာ စတုတၳမြောက်သွေးကြော ပေါ်ပေါက်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ မျှော်လင့်ချက် အရိပ်အယောင်လေးပင် မရှိခဲ့ချေ။ ထိုသို့ဖြစ်ရခြင်းမှာ သူရရှိခဲ့သည့် အတွင်းဒဏ်ရာများနှင့် အများကြီး ဆက်စပ်မှုရှိသည်။ အကြီးအကဲက သူ့ဒဏ်ရာအား ကုပေးလိုက်ပြီးနောက် ခန္ဓာကိုယ်ထဲမှ ချီအား အသက်သွင်းလိုက်ရုံနှင့် သတ္တမမြောက် သွေးကြောမှာ အလိုအလျောက် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
“မင်းက မာန်နတ်ဘုရားရုပ်တုကနေ သိသင့်သိထိုက်တာတွေကို ဆက်ခံရရှိပြီးပြီ။ သွေးကြော ကျောက်သားရဲ့ တတိယအဆင့်ကို ရောက်ဖို့ဆိုရင် သွေးကြော ဆယ့်တစ်ကြောတိတိ ပေါ်ပေါက်ဖို့ လိုတာလည်း မင်းသိထားမှာပါ။ စတုတၳမြောက် အဆင့်မှာဆိုရင် သွေးကြော နှစ်ဆယ့်ငါးကြော ဖြစ်သွားပြီ”
“ပဉ္စမမြောက် အဆင့်အတွက် သွေးကြော ငါးဆယ့်သုံးကြော လိုအပ်ပြီး နောက်အဆင့်တွေဆို ထပ်ပြီး များများလာပြီ။ သွေးကြော ကျောက်သားကျင့်စဉ်ရဲ့ ဧကဒသမအဆင့်မှာ ဆိုရင် သွေးကြော ၇၈၁ ကြော ပေါ်ပေါက်ဖို့လိုအပ်တယ်”
“ဒါပေမဲ့ အဆင့်တက်ဖို သွေးကြောအရေအတွက်က လူတစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး။ တချို့ကျတော့ အတိအကျ ပေါ်ပေါက်မှ အဆင့်တက်ပေမဲ့ တချို့ကျတော့ သူတို့ ကိုယ်ခန္ဓာထဲမှာပဲ သွေးကြောတွေကို ပျံ့နှံ့ဖြာဆင်းအောင် လုပ်ဆောင်နိုင်ကြတယ်။ သွေးကြောများများ ပေါ်ပေါက်လေ ဉာဏ်အလင်းပေါက် အဆင့်ကို ရောက်ရှိလေပဲ”
“ငါကြားဖူးတာတော့ ဉာဏ်အလင်းပေါက် အဆင့်ကို ရောက်သွားတဲ့ လူတွေရဲ့ ကိုယ်မှာ သွေးကြော ကိုးရာကျော် ရှိတယ်တဲ့။ လေပြေစီးကြောင်း မျိုးနွယ်စုရဲ့ အကြီးအကဲကိုပဲ နမူနာကြည့်၊ ငါသူ့ကိုသိတာ နှစ်တွေကြာလှပြီ။ အဲဒီတုန်းက သူ့ကိုယ်မှာ သွေးကြော ၉၇၁ ကြောတောင် ရှိတယ်”
“အရင်က ကြားဖူးနားဝ ရှိခဲ့တာကတော့ တချို့ အလယ်အလတ် အရွယ်အစား မျိုးနွယ်စုတွေနဲ့ မျိုးနွယ်စုကြီးတွေက သွေးကြောကျောက်သား အဆင့်မှာ သွေးကြော ၉၃၀ ပျံ့နှံ့ ထွက်ပေါ်နေတဲ့သူ ရှိတယ်တဲ့”
“အဲဒါဟာ မာန်မျိုးနွယ်စုတွေရဲ့ သွေးကြောကျောက်သား ကျင့်စဉ်ပဲ။ သွေးကြော ကျောက်သား အဆင့်မှာ သွေးကြောပေါင်း ၉၉၉ ကြောအထိ ထွက်ပေါ်ခဲ့တဲ့ မာန်စွမ်းအားရှင်တွေ သမိုင်းထဲမှာ ရှိခဲ့ဖူးတယ်။ အားလုံးဟာ ကျော်ကြားထင်ရှားတဲ့ စွမ်းအားကြီးမားသူတွေ ဖြစ်ခဲ့ကြတယ်”
“တချို့ ကောလာဟလတွေ မှာတော့ မင်းက သွေးကြောကျောက်သား ကျင့်စဉ်မှာ သွေးကြော တစ်ထောင်အထိ ထွက်ပေါ်နိုင်ခဲ့ပြီဆိုရင် ကျင့်စဉ် ပြီးမြောက်အောင်မြင်ပြီလို့ ဆိုနိုင်ပြီတဲ့။ ဒါပေမဲ့ အဲဒီလို ဖြစ်ရပ်မျိုးက ဘိုးဘေးဘီဘင်တွေ လက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်လောက်ကပဲ ရှိခဲ့ဖူးတယ်တဲ့။ ဒီခေတ်မှာတော့ အင်မတန်ကို ရှားပါးနေပြီ။ ကျင့်စဉ်ပြီးမြောက် အောင်မြင်တဲ့သူ လုံးဝမရှိဘူးဆိုတာ ငါရဲရဲကြီး ပြောရဲတယ်။ အတိအကျ ပြောပြမယ့်သူ မရှိတာမို့ အသေးစိတ်ကိုတော့ ငါလည်း မသိဘူးပေါ့ကွယ်”
ကိုယ်တွင်းမှ ချီစွမ်းအင်များကို လှည့်လည်နေရင်း အကြီးအကဲ၏ စွမ်းအင်များ စိမ့်ဝင်နေသည့်အသံကို စုမင် နားထောင်နေသည်။
“သွေးကြောကျောက်သား ကျင့်စဉ် ပြီးမြောက်သွားတဲ့အခါ ဉာဏ်အလင်းပေါက် အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်။ ဉာဏ်အလင်းပေါက် အဆင့်ဆိုတာ အသန့်စင်ဆုံး မာန်သွေးရရှိနိုင်ဖို့ မင်းမှာ ရှိသမျှ သွေးကြောတွေကို စင်ကြယ်ရှင်းသန့်ခြင်း ပြုလုပ်ရတာပဲ။ ပြီးတာနဲ့ မင်းရဲ့ ကိုယ်ခန္ဓာမှာ မင်းအလိုရှိတဲ့ မာန်အမှတ်အသားကို ရေးဆွဲနိုင်ပြီ။ မာန်အမှတ်အသားဟာ မင်းရဲ့ နှလုံးသားနဲ့ လိုအင်ဆန္ဒပေါ်မှာ မှီတည်ပြီး ဖြစ်ပေါ်လာမှာ။ တစ်နေ့ကျရင် မင်းရဲ့ မာန်အမှတ်အသားဟာ ဘယ်လိုပုံ ဖြစ်မလဲ ဆိုတာကို မြင်ရဖို့ ငါ့မှာ စိတ်တွေ လှုပ်ရှားလိုက်တာ”
*****