← Chapters

မြေအောက်မှ ကောင်းကင်သတ္ထုကြော

Vol. 1 Ch. 323

မြေအောက်မှ ကောင်းကင်သတ္ထုကြော

Vol. 1 Ch. 323

"ကောင်းကင်သတ္ထုကြောက ဒီအောက်မှာလား"

ရှားနိုင်ငံနန်းတော်ထဲရှိ နန်းဆောင်တစ်ခု၏ အပြင်ဘက်တွင် ကျန်းရီ၏ မေးမြန်းသံ ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် ဟိုဟိုသည်သည် ကြည့်နေပြီး သူ့ဘေးမှ အဘွားအိုအား မေးလိုက်သည်။ စုလောရွှယ်သည် သူ့အား ကောင်းကင်သတ္ထုကြော ရှိရာသို့ ခေါ်ဆောင်သွားရန် ခေါင်းဆောင်ကုန်းကုန်းများကို စေခိုင်းခြင်းမရှိဘဲ အနှီအဘွားအိုအား စေခိုင်းခဲ့သည်။ အဘွားအိုမှာ သူမ၏အနားတွင် အမြဲရှိနေသူဖြစ်ပြီး ယုံကြည်ရသော လက်ထောက်ဖြစ်ကြောင်း ထင်ရှားသည်။

အဘွားအိုသည် အလွန်အသက်ကြီးနေပြီဖြစ်ပြီး အင်အားမှာ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်တွင်ရှိသည်။ သူမသည် ခေါင်းငြိမ့်လိုက်ပြီး တလေးတစား ပြန်ဖြေလာ၏။

"ဟုတ်ပါတယ်...ကိုယ်စားအုပ်ချုပ်သူ၊ ကောင်းကင်သတ္ထုကြောက ဒီအောက်မှာပါ၊ ဒီအစေခံရဲ့ လမ်းပြမှုမပါဘဲ ဘယ်သူမှ အထဲကို မဝင်နိုင်ပါဘူး"

ကျန်းရီသည် ခေါင်းငြိမ့်လိုက်သည်နှင့် အဘွားအိုက ချက်ချင်း ရှေ့မှဦးဆောင်သွားသည်။ သူတို့နန်းဆောင်ထဲသို့ မဝင်ခင်တွင် အနက်ရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် အစောင့်များ ချက်ချင်းပေါ်ထွက်လာကြပြီး တစ်ယောက်က အော်ပြောလာခဲ့သည်။

"ဒီနေရာက တားမြစ်နယ်မြေပဲ၊ မင်းကြီးရဲ့တံဆိပ်ပြားမပါဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး။ မြန်မြန်ထွက်သွား မသွားရင် အသတ်ခံရမယ်"

ကျန်းရီသည် နှုတ်ဆိတ်နေလိုက်ပြီး အဘွားအိုသည် စကားတစ်ခွန်းမှမဆိုဘဲ တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်သည်။ ထိုသူသည် တံဆိပ်ပြားအား ဖမ်းကာ တစ်ချက်ကြည့်လိုက်ပြီး ဒူးတစ်ဖက်ထောက်၍ နှုတ်ဆက်လာလေသည်။

"အကြီးအကဲ နှစ်ဦးကို နှုတ်ခွန်းဆက်ပါတယ်"

"ကိုယ်စားအုပ်ချုပ်သူ...ဒီလမ်းပါ"

အဘွားအိုသည် ကျန်းရီထံ ဦးညွှတ်၍ ပြောလာခဲ့သည်။ ကျန်းရီသည် လက်နောက်ပစ်၍ လျှောက်သွားလိုက်သည်။ သူသည် အထဲသို့ ဝင်သွားပြီး တစ်ချက်ကြည့်လိုက်သော် တစ်စုံတစ်ခုကို နားလည်သွားသည့် အမူအရာ ဖြစ်သွားခဲ့သည်။

နန်းဆောင်အတွင်းရှိ ခန်းမသည် အလွန်ကျယ်ဝန်းပြီး တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ကြီးတစ်ခုမှတစ်ပါး ဘာဆိုဘာမှ ရှိမနေချေ။ ကောင်းကင်သတ္ထုကြော ရှိရာသို့ သွားလိုပါက အစီအရင်မှတစ်ဆင့် သွားရမည်ဖြစ်သည်။

"ပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းလိုက်တော့"

အဘွားအိုသည် လျှောက်လာခဲ့ပြီး ကျန်းရီအား အစီအရင် အတွင်းသို့ ဝင်ရောက်ရန် ညွှန်ပြလိုက်ပြီး လျှို့ဝှက်အစောင့်များအား အမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ"

အစောင့်များသည် အစီအရင်အား မြန်ဆန်စွာ အသက်သွင်းလိုက်သည်။ အဖြူရောင်အလင်းတစ်ချက် လင်းလက်သွားပြီး အလုံပိတ် နန်းဆောင်တစ်ခုထံ ကျန်းရီ ရောက်ရှိသွားခဲ့သည်။ ထိုနန်းဆောင်ခန်းမထဲတွင်လည်း လျှို့ဝှက်အစောင့်များနှင့် တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်တစ်ခု ရှိနေလေသည်။

"ကိုယ်စားအုပ်ချုပ်သူ...ဒါကလည်း အချက်ပြစနစ်ပါတဲ့ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင် တစ်ခုပါ၊ ရန်သူတစ်ယောက်ယောက်က စောစောက နန်းဆောင်ကို တိုက်ခိုက်လာခဲ့ရင် ဒီနေရာက သတိပေးချက် ရလိမ့်မယ်၊ ပြီးရင် အစောင့််တွေက ဒီအစီအရင်ကို ချက်ချင်း ဖျက်ဆီးလိမ့်မယ်။ ဘယ်သူမှ ကောင်းကင်သတ္ထုကြော ရှိတဲ့နေရာကို တွေ့မှာမဟုတ်တော့ဘူး"

အဘွားအိုသည် ကျန်းရီ၏ မျက်ဝန်းများထဲမှ ရှုပ်ထွေးမှုတို့ကို မြင်လျှင် အသာရှင်းပြလိုက်၏။ ကျန်းရီသည် ခေါင်းငြိမ့်လိုက်ပြီး နားမလည်သေး၍ မေးကြည့်လိုက်သည်။

"ဒီလောက်တင်းကြပ်တဲ့ စည်းမျဉ်းတွေရှိနေတာ ရှားနိုင်ငံမှာ ကောင်းကင်သတ္ထုကြော ရှိတဲ့အကြောင်း ကျန်တဲ့ငါးနိုင်ငံက ဘယ်လိုသိသွားတာလဲ"

အဘွားအိုသည် သက်ပြင်းချ၍ ဆွေးဆွေးမြေ့မြေ့ ပြောလာလေ၏။

"အစက မင်းကြီးနဲ့ နိုင်ငံအစောင့်အရှောက် စုဖျင်ဖျင်းပဲ ကောင်းကင်သတ္ထုကြော အကြောင်းကို သိတာ...နောက်တော့ မင်းကြီးက တခြားလူတစ်ယောက်ကို အသိပေးလိုက်တယ်။ စစ်သေနာပတိချုပ် စုတိကောကိုပေါ့"

"အံ့သြစရာ မရှိတော့ပါဘူး"

ကျန်းရီ ယခုမှ နားလည်သွားသည်။ စုတိကောသည် ရှန်ဝူနိုင်ငံ၏ သူလျှိုသာဖြစ်သည်။ သူမသေခင်က သူ့သားအား အကြောင်းအရာများစွာ ပြောခဲ့ပုံရသည်။ သူ့သား မိုးပြာနဂါးအင်ပါယာသို့ သွားသောအခါ ထိုကိစ္စသည် နိုင်ငံအသီးသီး၏ အကြီးအကဲများထံ ပျံ့နှံ့သွားပါလိမ့်မည်။

တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်သည် ထပ်မံလင်းလက်သွားခဲ့ပြီး သူတို့အား မြေအောက်ထဲသို့ ပို့ဆောင်လိုက်သည်။ မြေအောက်ထဲတွင် ဖယောင်းတိုင်အလင်းများ ထွန်းညှိထားပြီး စစ်သည် ရာဂဏန်းခန့်လည်း ရှိနေသည်။ ထိုသူများသည် အတော်အသင့် အားကောင်းကြပြီး စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်ကပင် ဆယ်ယောက်မက ရှိနေလေသည်။ သူတို့သည် တစ်ယောက်ယောက် ရောက်လာသည်ကို မြင်သည်နှင့် သတိအနေအထား ဖြစ်သွားကြသည်။ အဘွားအိုကသာ နဂါးပုံတံဆိပ်ပြားကို ထုတ်ပြခြင်းမရှိပါက သူတို့၏ လက်နက်များကိုပင် ဆွဲထုတ်ပြီးနေကြလောက်ပြီ ဖြစ်သည်။

"အကြီးအကဲ နှစ်ယောက်ကို နှုတ်ခွန်းဆက်ပါတယ်"

တံဆိပ်ပြားကို မြင်သည်နှင့် စစ်သည်များအားလုံးသည် ဒူးထောက်ထိုင်ချလိုက်ကြသည်။ အဘွားအိုသည် ခေါင်းငြိမ့်ပြကာ မေးမြန်းလိုက်သည်။

"စစ်သူကြီးကူ ဘယ်မှာလဲ"

အနက်ရောင်ချပ်ဝတ်တို့ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးသည် ချက်ချင်း တုံ့ပြန်လာ၏။

"ဒီစစ်သူကြီး ဒီမှာပါ"

အဘွားအိုသည် ကျန်းရီအား တစ်ချက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

"ဒါက တော်ဝင်ရုံးတော်ရဲ့ ကိုယ်စားအုပ်ချုပ်သူပဲ၊ မြန်မြန်အရိုအသေပေးကြ"

"ကိုယ်စားအုပ်ချုပ်သူ"

စစ်သူကြီးကူသည် ကျန်းရီအား မသင်္ကာသလို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။ သူသည် စုတိဝမ်နှင့် လိုက်လာခဲ့ဖူးသော အဘွားအိုအား မြင်ဖူးသည်။ သူမသည် တော်ဝင်မိသားစု၏ အဖွဲ့ဝင်ဖြစ်ပြီး မင်းကြီး၏တံဆိပ်ပြားလည်း ပါလာရာ သံသယဝင်မနေတော့ပေ။ သူသည် အလျင်အမြန် ဦးညွှတ်၍ နှုတ်ဆက်လာသည်။

"ကူသောက်က ကိုယ်စားအုပ်ချုပ်သူကို အရိုအသေပေးပါတယ်"

ကျန်းရီသည် လက်တစ်ဖက်မြှောက်ပြကာ ပြောလိုက်သည်။

"အားလုံးထကြပါ၊ ကျွန်တော့်ကို ကောင်းကင်သတ္ထုကြောဆီသာ ခေါ်သွားပေး"

"နားလည်ပါပြီ"

စစ်သူကြီးကူသည် မြန်မြန်ထရပ်ကာ ကျန်းရီရှေ့မှဦးဆောင်၍ ဥမင်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။ ကျန်းရီသည် နောက်မှလိုက်သွားသော် ဘေးနှစ်ဖက်တွင် အရောင်ဖျော့ဖျော့လင်းနေသည့် အနက်ရောင် ကျောက်သားနံရံကြီးများကို တွေ့ရလေသည်။ ထိုကျောက်နံရံများသည် ဤနေရာကို အပေါ်မှ ကောင်းကင်စိတ်အသိဖြင့် အာရုံမခံနိုင်အောင် အထူးတည်ဆောက်ထားခြင်းဖြစ်မည်ဟု သူခန့်မှန်းလိုက်သည်။

အဘွားအိုသည် ကျန်းရီ နံရံများအား စူးစမ်းနေသည်ကို မြင်သောအခါ လမ်းလျှောက်ရင်း ရှင်းပြလာခဲ့သည်။

"ကျွန်မတို့ အခုဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှမသိကြဘူး၊ မင်းကြီးပဲသိတယ်လို့ ကျွန်မထင်တယ်...ကောင်းကင်သတ္ထုကြောရဲ့ သတင်းတွေ ထွက်သွားပြီးတဲ့နောက်  နိုင်ငံအသီးသီးက ရှားနိုင်ငံရဲ့ မြေအောက်တွေကို စစ်ဆေးဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ကြတယ်။ တစ်လကျော်ကြာသွားခဲ့ပေမယ့် ဘယ်သူကမှ ကောင်းကင်သတ္ထုကြောကို ရှာမတွေ့ခဲ့ကြဘူး"

ကျန်းရီ မအံ့သြမိပေ။ ဤကိစ္စသည် နိုင်ငံ၏ အသက်သွေးကြော ဖြစ်သည်။ သူသာ ဘုရင်ဆိုပါက စုဖျင်ဖျင်းကိုပင် ပေးသိမည် မဟုတ်ချေ။ စုတိဝမ်သည် စုတိကောကို အလွန်ယုံကြည်ခဲ့သည်။ သို့သော် ကောင်းကင်သတ္ထုကြော ပါမလာလျှင်တောင် အင်အားစုကြီး ခြောက်ခု စုပေါင်း၍ ရှားနိုင်ငံကို တိုက်ခိုက်ကြဦးမည်ဖြစ်သည်။ အကြောင်းမှာ ကျန်းပိုင်လီက ကြိုတင်အကွက်ချထားသောကြောင့် ဖြစ်သည်။

ဂူလမ်းကြောင်းသည် အလွန်ရှည်လျားသည်။ စစ်သူကြီးကူသည် ခြေလှမ်းတို့ကို အရှိန်မြှင့်သထက်မြှင့်နေခဲ့သည်။ ဂူလမ်းကြောင်းတစ်လျှောက် မီတာသုံးရာ အကွာသို့ ရောက်တိုင်း စစ်သည်အမြောက်အများ စောင့်ကြပ်နေသော ဂိတ်တံခါး တစ်ခုစီရှိသည်။ အစောင့်အကြပ်များမှာ အလွန်ထူထပ်လေသည်။

အကွာအဝေးတစ်ခုရောက်အောင် လျှောက်လှမ်းပြီးနောက် ဂူလမ်းကြောင်းသည် အောက်သို့နိမ့်ဆင်းသွားခဲ့သည်။ ကျန်းရီသည် ဂူလမ်းကြောင်း နိမ့်မသွားခင်တည်းက ကီလိုမီတာ အတော်များများ လျှောက်ခဲ့ရသည်ဟု ခံစားနေရသည်။ စစ်သူကြီးကူသည် တလေးတစားနှင့် အသိပေးလာလေ၏။

"ကိုယ်စားအုပ်ချုပ်သူ၊ အကြီးအကဲ...ကောင်းကင်သတ္ထုကြောက ရှေ့မှာပါ"

ကျန်းရီသည် စိတ်တက်ကြွလာခဲ့သည်။ သူသည် မျက်လုံးထံ အနက်ရောင်အတွင်းအားအချို့ ပို့ဆောင်လိုက်ပြီး ခပ်မှိန်မှိန် ဂူလမ်းကြောင်းကို အကဲခတ်လိုက်သည်။ အနည်းငယ်လျှောက်လိုက်ပြီးနောက် ရှေ့တွင် နောက်ထပ်ကျောက်တံခါးကြီးတစ်ခု ပေါ်ထွက်လာလေ၏။ စစ်သူကြီးကူသည် ကျောက်တုံးအိမ်ငယ်ပုံစံ ယန္တရားကို အသက်သွင်းလိုက်သည်။ ကျန်းရီလျှောက်သွားလိုက်သော် စစ်သူကြီးကူက တံခါးတစ်ချပ်ကို ဖွင့်လိုက်လေသည်။

"ကျွီ...ကျွီ"

ကျောက်တံခါးပွင့်သွားသော ခဏတွင် ကျန်းရီ၏မျက်လုံးများ တောက်ပသွားခဲ့သည်။ ထွက်ပေါ်နေသော ကောင်းကင်နှင့်မြေကြီး၏ သိပ်သည်းလှသည့် စွမ်းအင်များသည် သူ့စိတ်အား လန်းဆန်းစေသည်။

သူသည် အာရုံခံကြည့်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။

"လောရွှယ်မှန်တယ်...ဒီမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေက အပြင်လောကထက် အဆအများကြီး ပိုများတယ်...နတ်ဆိုးဧကရီရဲ့ ကောင်းကင်မျှော်စင်ထက်တောင် ပိုများသေးတယ်"

ကျန်းရီသည် ဂူလမ်းကြောင်းထဲ လျှောက်သွားခဲ့သည်။ လမ်းကြောင်းမှာ ပို၍ကျယ်လာပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များမှာလည်း ပိုမိုသိပ်သည်းလာလေသည်။ မကြာခင်တွင် ဒဏ္ဍာရီလာ ကောင်းကင်သတ္ထုကြောကို ကျန်းရီတွေ့လိုက်ရသည်။

ရှေ့တွင် မြေကွက်လပ်ကျယ်ကြီး ရှိနေသည်။ ထိုနေရာတွင် အလင်းဖျော့ဖျော့ ထုတ်လွှတ်နေသည့် အဖြူရောင် သလင်းကျောက်စိုင်ကြီးများ ရှိနေခဲ့သည်။ သလင်းကျောက်စိုင်ကြီးများကို တလက်လက်တောက်ပနေသည့် သေးငယ်သော ကျောက်တုံးများဖြင့် ဖွဲ့စည်းထားလေသည်။

ဝုန်း...ဝုန်း...

ကျောက်နံရံထက်တွင် အနည်းဆုံး အရေအတွက် တစ်ထောင်ခန့်သော သိုင်းသမားများ ရှိနေသည်။ သူတို့အားလုံးသည် ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့်များ ဖြစ်ကြသည်။ သူတို့သည် သလင်းကျောက်စိုင်ကြီးများကို လက်နက်အသီးသီးဖြင့် ထုရိုက်နေကြလေသည်။

"ကောင်းကင်ကျောက်တုံး တစ်တုံးမှ ထွက်မလာသေးတာ အံ့သြစရာ မရှိတော့ဘူး၊ သူတို့ ဒီလိုသာ ဆက်လုပ်နေရင် သလင်းကျောက်တွေ ဘယ်တော့မှ ကွဲမှာလဲ"

ကျန်းရီသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ဆွံ့အသွားခဲ့ရသည်။ လူတိုင်းသည် ကောင်းကင်အဆင့် လက်နက်များကို ကိုင်ထားကြပြီး သလင်းကျောက်များကို အားကုန်သုံး၍ ရိုက်ခွဲနေကြသည်။ သို့သော်လည်း ခွဲချက်တစ်ခုစီသည် လက်မတစ်ချောင်းစာမျှသော အကျယ်ရှိသည့် အက်ရာလေးကိုသာ ဖြစ်စေလေ၏။ လူအများကြီး တစ်နှစ်တူးလျှင်တောင် မီတာအနည်းငယ်မျှသာ တူးထုတ်နိုင်မည်ဖြစ်သည်။ ကောင်းကင်သတ္ထုကြောသည် မည်မျှကြီးမှန်း မသိရသေးချေ။ ကောင်းကင်ကျောက်တုံးများသည် သတ္ထုကြော၏ မည်သည့်နေရာတွင် ရှိနေသနည်း။

"ကိုယ်စားအုပ်ချုပ်သူ...ဒီကောင်းကင်သတ္ထုကြောရဲ့ သလင်းကျောက်တွေက အရမ်းမာတယ်။ အရင်က နိုင်ငံအစောင့်အရှောက်အကြီးအကဲကိုယ်တိုင် ဝင်ကူခဲ့ပေမယ့် တစ်ကြိမ်မှာ ကျောက်စိုင်နည်းနည်းပဲ ကွဲအောင်လုပ်နိုင်တယ်။ သုံးရက်လုံးလုံး တူးပြီးတော့ မီတာနှစ်ဆယ်အနက်ရောက်အောင်ပဲ သူတူးနိုင်ခဲ့တယ်...ဒါပေမယ့် ကောင်းကင်ကျောက်တုံးတွေ မတွေ့ခဲ့သေးဘူး"

ဘေးမှ အဘွားအိုသည် ရှင်းပြနေခဲ့သည်။ ကျန်းရီသည် တစ်ခဏမျှ စောင့်ကြည့်ပြီးနောက် မီးဝိဉာဉ်ပုလဲ တောက်ပလာကာ မီးနဂါးဓား ထွက်ပေါ်လာခဲ့သည်။ သူသည် အော်ဟစ်၍ အမိန့်ပေးလိုက်သည်။

"အားလုံးဖယ်ကြ...ငါစမ်းကြည့်မယ်"

*****

All Chapters