← Chapters

ရှားယွိမြို့ကနေ လေးဖက်ထောက်ထွက်ခိုင်းမယ်

Vol. 1 Ch. 324

ရှားယွိမြို့ကနေ လေးဖက်ထောက်ထွက်ခိုင်းမယ်

Vol. 1 Ch. 324

ဟူး...ဟူး...

သိုင်းသမားများ မြန်ဆန်စွာ လူစုခွဲလိုက်ပြီးနောက် ကျန်းရီ၏မီးနဂါးနှစ်ကောင်မှာ ပျံသန်းသွားခဲ့ပြီး ကျောက်နံရံထက် ကျဆင်းသွားခဲ့သည်။

ဗုန်း...

မီးနဂါးနှစ်ကောင်သည် ကျောက်နံရံကြီးထက် ကျဆင်းသွားခဲ့ပြီး နံရံတစ်ခုလုံး တုန်ခါသွားခဲ့သည်။ ဂူထဲမှ လူများအားလုံးမှာ မြေပြိုကျတော့မည်ဟုပင် ခံစားနေကြရသည်။ ကျောက်မှုန်များလည်း တထောင်းထောင်းထလာခဲ့ပြီး လူတိုင်း၏မြင်ကွင်းအား ဖုံးကွယ်လိုက်လေသည်။

"အာ..."

ကျန်းရီသည် အနက်ရောင်အတွင်းအားကိုသုံး၍ အမြင်အာရံအား တိုးမြှင့်လိုက်သည်။ ကျောက်နံရံပေါ်မှ ဓားချက်အား သူမြင်လိုက်ရလေသည်။ ဤသလင်းကျောက်သားများသည် အလွန်မာသည်ဟု သူသိထားခဲ့သော်လည်း ဤမျှ မာကျောနေမည်ဟု သူမထင်ထားခဲ့မိပေ။

သူ၏ အစွမ်းကုန် တိုက်ခိုက်မှုသည် လက်ဝါးတစ်ဝက်စာမျှသော အပေါက်ကလေးသာ ဖြစ်သွားစေသည်။

သေချာမကြည့်ရသေးခင်တည်းက ဤကောင်းကင်သတ္ထုကြောသည် အကန့်အသတ်မဲ့ ကြီးမားကြောင်း ကျန်းရီသိလိုက်သည်။ ၎င်းသည် မိုင်တစ်သောင်းကျော်အထိ ကျယ်ပြန့်လောက်သည်။ သူသာ ဤနှုန်းထားနှင့်တူးပါက သုံးနှစ်ကြာလျှင်တောင် တစ်မိုင်ခန့်သာ တူးနိုင်လိမ့်မည်။ သူကံကောင်းလျှင် ကောင်းကင်ကျောက်တုံးအနည်းငယ် ရှာတွေ့မည်ဖြစ်ပြီး ကံမကောင်းပါက တစ်တုံးမှပင် တွေ့မည်မဟုတ်ပေ။

"နည်းလမ်းအကုန် စမ်းသပ်ပြီးပြီလား"

ကျန်းရီသည် စစ်သူကြီးကူကို ကြည့်ကာ မေးလိုက်သည်။ စစ်သူကြီးကူသည် သက်ပြင်းချကာ ပြန်ဖြေလာ၏။

"တွေးလို့ရသမျှ နည်းလမ်းအကုန် စမ်းကြည်ပြီးသွားပြီ...ဒီသလင်းကျောက်တွေက အရမ်းမာတော့ သူတော်စင်အဆင့် လက်နက်တွေတောင် ဘာမှမလုပ်နိုင်ဘူး"

"ဝှစ်"

ကျန်းရီသည် ပျံသန်းသွားလိုက်ပြီး သလင်းကျောက်သားအား မီးနဂါးဓားဖြင့် တိုက်ရိုက်ခွဲချလိုက်သည်။ သတ္ထုရိုက်ခတ်သံ အကျယ်ကြီးထွက်ပေါ်လာခဲ့ပြီး မီးနဂါးဓားမှာ ပြန်ကန်ထွက်လာခဲ့သည်။ သူ၏ လက်မနှင့် လက်ညှိုးအကြားရှိ နေရာမှာလည်း ထုံကျင်သွား၍ လက်ထဲမှ မီးနဂါးဓား လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သလင်းကျောက်မှာမူ လက်ဝါးတစ်ဝက်စာခန့်သာ ပွင့်သွားခဲ့သည်။

ကျန်းရီသည် မီးနဂါးဓားကို ပြန်သိမ်းလိုက်ပြီး တစ်ခဏ စဉ်းစားနေခဲ့သည်။ ထို့နောက် စစ်သူကြီးကူဘက်လှည့်၍ မေးလိုက်သည်။

"မိုးပြာနဂါးအင်ပါယာက ကောင်းကင်သတ္ထုကြော ရှိတာမို့ ကောင်းကင်ကျောက်တုံးတွေ အများကြီး ပိုင်ဆိုင်တယ်မဟုတ်လား။ သူတို့ ဘယ်လိုလုပ်ပြီး ကောင်းကင်ကျောက်တုံးတွေကို တူးထုတ်တာလဲ...သူတို့ရဲ့ ဘိုးဘေးကြီး ကိုယ်တိုင်တူးတာကို အားကိုးနေတာတော့ မဖြစ်နိုင်ဘူးမလား"

"ကျွန်တော်တို့လည်း မသိပါဘူး"

စစ်သူကြီးကူသည် ခေါင်းယမ်းလိုက်သည်။ အဘွားအိုက ဝင်ပြောလာခဲ့သည်။

"ကိုယ်စားအုပ်ချုပ်သူ...မိုးပြာနဂါးအင်ပါယာမှာ ကောင်းကင်သတ္ထုကြော တူးဖော်တဲ့နည်းလမ်း ရှိတာပေါ့၊ ဒါပေမယ့် ဒီလိုထိပ်တန်းလျှို့ဝှက်ချက်ကို သူတို့ လျှောက်ပြောပြနေမှာတော့ မဟုတ်ဘူးလေ"

"ဒါမှန်တယ်"

ကျန်းရီသည် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ မီးနဂါးဓားက သက်ရောက်မှုများ ရှိမည်လားဟု သူစမ်းသပ်ချင်ခဲ့သည်။ သို့သော် သူ့လက်ရှိအင်အားဖြင့်ဆိုလျှင် မီးနဂါးဓားဖြင့်တောင် အများကြီး မလုပ်နိုင်ပေ။

သူသည် တစ်စုံတစ်ခုကို တွေးမိသွားကာ မေးလိုက်သည်။

"လက်အောက်ခံနိုင်ငံတွေ ကောင်းကင်သတ္ထုကြော တစ်ခုမှရှာမတွေ့လို့ ကောင်းကင်ကျောက်တုံး တူးဖော်တဲ့နည်းလမ်းကို လူတွေမသိကြတာလား"

"မဟုတ်ပါဘူး"

အဘွားအိုက သေချာနေသည့် လေသံဖြင့် ပြန်ဖြေလာသည်။

"တကယ်တော့ နိုင်ငံတိုင်းမှာ ကောင်းကင်သတ္ထုကြောတွေ ရှိပါတယ်၊ ဒါပေမယ့် အဲ့ဒါတွေက သနားစရာကောင်းလောက်အောင် သေးပြီးတော့ အရိုးရှင်းဆုံးနည်းလမ်းနဲ့ ကောင်းကင်ကျောက်တုံး နည်းနည်းလောက်ပဲ ထုတ်နိုင်ကြတယ်...ကောင်းကင်အဆင့် လက်နက်တွေနဲ့ မရပ်မနား တူးကြတဲ့နည်းလမ်းပေါ့..."

"ထပ်စမ်းကြည့်မယ်"

ကျန်းရီသည် အံကြိတ်၍ ပထမကြယ်ထဲမှ အနီရောင်အတွင်းအားများကို လှည့်ပတ်လိုက်သည်။ ထို့နောက် အတွင်းအားပေါက်ကွဲလက်ဝါးကိုသုံး၍ သလင်းကျောက်နံရံထက် တိုက်ရိုက် ရိုက်ချလိုက်သည်။

ဗုန်း...ဗုန်း...

သလင်းကျောက်နံရံကြီးသည် တုန်ခါသွားခဲ့ပြီး ကျန်းရီအား အားကောင်းလှသော ပေါက်ကွဲမှုများကြောင့် နောက်သို့ မီတာအနည်းငယ် လွင့်ထွက်လာခဲ့သည်။ ကျန်းရီ၏ ရိုက်ချက်သည် လူမျက်နှာတစ်ခုစာ အချိုင့်ဖြစ်သွားစေမှန်း မြင်ကြသောအခါမှာ လူတိုင်း ထိတ်လန့်သွားကြသည်။

"အမ်"

နောက်သို့လွင့်လာသော ကျန်းရီသည်လည်း မယုံနိုင်ဟန်တို့ မျက်ဝန်းထဲတွင် ပေါ်ထွက်နေခဲ့သည်။ သူ၏အတွင်းအားဖြင့် တိုက်ရိုက်တိုက်ခိုက်မှုသည် သူတော်စင်အဆင့်လက်နက်ထက်တောင် ပိုအားပြင်းနေသည်။ သူ့အတွင်းအား၏ အင်အားသည် မီးနဂါးဓားထက် ပို၍ အားကောင်းသွားသည်လော။

ငါရဲ့ အနီရောင် အတွင်းအားတွေက ပုံမှန်အတွင်းအားတွေထက်ပိုပြီး စွမ်းအားမြင့်တာလား...ဒါမှမဟုတ် အထူးစွမ်းရည်တစ်မျိုးပဲ ပါနေတာလား

ကျန်းရီသည် အံ့အားသင့်နေခဲ့သည်။ သူ့ပထမကြယ် အသွင်းသွားပြီးနောက် သူ့အတွင်းအားသည် ကောင်းကင်ဧကရာဇ်အဆင့်များသာ ပိုင်ဆိုင်သည့် စွမ်းအားစစ်များအဖြစ် ဆင့်ကဲပြောင်းလဲသွားကြောင်း နတ်ဆိုးဧကရီက မပြောခဲ့ပေ။ ထို့ကြောင့် ထိုအချက်ကို သူမရှင်းမလင်း ဖြစ်နေခြင်းဖြစ်သည်။

ထို့နောက် သူသည် အနက်ရောင်အတွင်းအားကိုသုံး၍ သလင်းကျောက်နံရံထက် ရိုက်ချလိုက်သည်။ ထိုရိုက်ချက်မှာ အလွန်အားနည်းနေပြီး လက်မတစ်ခုစာမျှသော အက်ရာလေးသာ ကျန်ရစ်သည်။ သူ၏ တောက်ပနေသော မျက်လုံးများမှာ ပြန်မှိန်သွားခဲ့သည်။ သူ့ပထမကြယ်ထဲမှ အတွင်းအားများသည် အလွန်အားကောင်းသော်လည်း ထိုအတွင်းအားရအောင် ကျင့်ကြံရသည်မှာ အလွန်နှေးကွေးလှသည်။ သူဆက်လက်ကျင့်ကြံရဦးမည်ဖြစ်ပြီး ဤသို့အချိန်ဖြုန်းနေ၍ မရပေ။

ငါကျောင်းအုပ်နဲ့ နတ်ဆိုးဧကရီကို သွားမေးသင့်လား...

ကျန်းရီသည် ထိုအတွေးကို တွေးမိသွားသောအခါ စိတ်လှုပ်ရှားလာခဲ့သည်။ အထူးသဖြင့် နတ်ဆိုးဧကရီကို တွေးမိသောအခါ ဖြစ်သည်။ သူမ၏ နန်းတော်ရှိ ကောင်းကင်မျှော်စင်တွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များ သိပ်သည်းနေခြင်းမှာ နတ်သမီးတောင်ထွတ်၏ အောက်ခြေတွင် ကောင်းကင်သတ္ထုကြောတစ်ခု ရှိနေ၍ပေလော။ သူမသည် ကောင်းကင်မျှော်စင်ကိုတောင် ဖန်တီးနိုင်ရာ ကောင်းကင်သတ္ထုကြောကို အလွယ်တကူ တူးဖော်နိုင်မည့်နည်းအား သိလောက်သည်။

ပြန်ဖို့ အချိန်ကျပြီ...

ကျန်းရီသည် ဆုံးဖြတ်လိုက်ပြီး အဘွားအိုအား အပြင်ပြန်ထွက်ချင်ကြောင်း လက်ဟန်ပြလိုက်သည်။ မကြာခင်တွင် သူတို့သည် တည်နေရာရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင် အထပ်ထပ်ကိုသုံး၍ နန်းတော်ထံ ပြန်ရောက်သွားခဲ့သည်။ အပြင်ရောက်သည်နှင့် စုလောရွှယ်ထံ သွားရောက်တွေ့ဆုံကာ သူမနန်းတက်ပြီးသည်နှင့် ဝိဉာဉ်သားရဲသင်တန်းကျောင်းဆီ တစ်ခေါက်ပြန်၍ နတ်သမီးတောင်ထွတ်ဆီ သွားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။

"ကျန်းရီ"

ကျန်းရီသည် ကောင်းကင်သတ္ထုကြောရှိရာသို့ ပြန်သွား၍ ကျင့်ကြံရန် ထွက်ခွာအံ့ဆဲဆဲတွင် စုလောရွှယ်က သူ့အားလှမ်းခေါ်လာခဲ့သည်။ သူမ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်သည် အလင်းတစ်ချက်လက်သွားခဲ့ပြီး သူ့မလက်ထဲတွင် ကျောက်စိမ်းသေတ္တာငယ်များ ပေါ်ထွက်လာသည်။ သူမသည် ကျန်းရီထံ သေတ္တာများကို ကမ်းပေးလိုက်ပြီး ပြောလာသည်။

"ကျွန်မမှာ ကောင်းကင်ကျောက်တုံး ငါးခုရှိတယ်။ ဒါက ရှင်ပေးခဲ့တဲ့ နှစ်ခုအပါအဝင် တော်ဝင်မိသားစုမှာ ရှိတဲ့ ကျောက်တုံးအကုန်ပဲ...ဒါတွေကို အရင်ယူသွားပြီး ကျင့်ကြံ"

"ငါ ဘယ်လို ယူနိုင်မှာလဲ"

ကျန်းရီသည် သူမအား ပြန်ကြည့်ကာ ငြင်းလိုက်သည်။

"ဒါတွေကို မင်းကိုယ်တိုင်ပဲ သုံးတာ ပိုကောင်းလိမ့်မယ်။ ငါ့ရဲ့ကျင့်ကြံဆင့်အတွက် ကောင်းကင်ကျောက်တုံးတွေ အများကြီး သုံးဖို့ လိုတယ်...နည်းနည်းလေးနဲ့ မလုံလောက်ဘူး။ မင်းရဲ့ကျင့်ကြံဆင့်ကိုလည်း မြှင့်ဖို့လိုသေးတယ်လေ"

"ခစ်...ခစ်"

စုလောရွှယ်သည် ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်ပြောလာခဲ့သည်။

"ရှားနိုင်ငံမှာ လုပ်စရာအလုပ်တွေ အခုတစ်ထောင်မက ရှိနေတယ်။ ကျွန်မမှာ ကျင့်ကြံဖို့ အချိန်ရှိဦးမယ်လို့ ရှင်ထင်လား...ပြီးတော့ နောက်သုံးနှစ်ကြာရင် ရှားနိုင်ငံကို ကာကွယ်ဖို့ကိစ္စက ရှင့်ဆီပဲ ရောက်လာမှာ၊ ဒီတော့ ရှင့်ဆီပေးလိုက်တာက ပိုကောင်းတယ်။ ကျွန်မအတွက်က အခုကျင့်ကြံလည်း အသုံးမဝင်ဘူး...ကျွန်မရဲ့ အင်အားက အရမ်းနိမ့်နေတယ်..."

"ဒါဆိုလည်း ကောင်းပြီလေ"

ကျန်းရီသည် အပိုများ ပြောမနေတော့ဘဲ သေတ္တာများအားလုံးကို မီးဝိဉာဉ်ပုလဲ အတွင်း ထည့်သိမ်းလိုက်သည်။ ထို့နောက် သူသည် စုလောရွှယ်အား ပွေ့ဖက်ကာ ပြောလိုက်သည်။

"ငါမြေအောက်မှာ ကောင်းကင်ကျောက်တုံး နှစ်တုံး၊ သုံးတုံးလောက်ကိုသုံးပြီး ကျင့်ကြံတော့မယ်၊ နှစ်ပတ်ကြာရင် ငါပြန်ထွက်လာခဲ့မယ်...ကိစ္စတစ်ခုခုရှိရင် တစ်ယောက်ယောက်နဲ့ အကြောင်းကြားလိုက်"

"အင်း"

စုလောရွှယ်သည် ချိုမြိန်စွာ ပြုံးပြလိုက်ပြီး ရုတ်တရက် ခြေဖျားထောက်ကာ ကျန်းရီ၏ပါးပြင်အား ဖျတ်ခနဲ နမ်းလိုက်သည်။ ထို့နောက် နူးနူးညံ့ညံ့ ပြောလာလေ၏။

"စိတ်မပူပဲ ကောင်းကောင်းသွား...ကျန်းလန်*၊ ရှောင်နူနဲ့ရှောင်ဖေးကို ကျွန်မဂရုစိုက်ထားလိုက်မယ်"

(မှတ်ချက်-လန် ဆိုတာက ကိုယ့်ထက်ငယ်တဲ့သူတွေကို သုံးတဲ့ အသုံးအနှုန်းပါ၊ ဒီနေရာမှာ မမစုက ကျန်းလေးလို့ ချစ်စနိုးနဲ့ ခေါ်လိုက်ပုံရပါတယ်)

ကျန်းရီ၏ ကိုယ်သည် အေးခဲသွားခဲ့ပြီး သူ့နှလုံးသားမှာ အပျော်များဖြင့် ပြည့်နှက်လာသည်။ သူသည် ခေါင်းငြိမ့်ပြလိုက်ပြီး မြန်မြန် ထွက်လာလိုက်သည်။ ထို့နောက် သူသည် ရှောင်နူနှင့် ရှောင်ဖေးကို အသိပေးကာ မြေအောက်မှ ကောင်းကင်သတ္ထုကြော ရှိရာသို့ အဘွားအိုနှင့်အတူ ပြန်လည်ထွက်ခွာလာခဲ့သည်။ ထို့နောက် သူသည် ကောင်းကင်သတ္ထုကြောအနီးတွင် တင်ပျဉ်ချိတ်ထိုင်၍ ကျင့်ကြံနေလိုက်သည်။

သူသည် တစ်နေ့ခင်းလုံး ကျင့်ကြံပြီးနောက် စစ်သူကြီးကူအား လာခိုင်းလိုက်ပြီး သူ့အား စောင့်ရှောက်ပေးထားရန် လူအချို့စေလွှတ်ပေးခိုင်းလိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ကျောက်တုံး တစ်တုံးကိုထုတ်ကာ စတင်ကျင့်ကြံတော့သည်။

သူ၏ အနက်ရောင်အတွင်းအားများသည် ကောင်းကင်ကျောက်တုံးအား ရစ်ပတ်သွားပြီး စွမ်းအင်လှိုင်းတစ်ခုက သူ့ကိုယ်ထဲ စတင်စီးဝင်လာသည်။ သူသည် ထိုစွမ်းအင်အား ထိန်းချုပ်ကာ ဒန်တျန်းထဲသို့ ဝင်ရောက်သွားရန် လမ်းညွှန်ပေးနေလိုက်သည်။ သူယခင်ကျင့်ကြံစဉ်က ကြယ်ကိုးခုလုံးက တောက်ပလာပြီး စွမ်းအင်များကို စုပ်ယူ၍ အနက်ရောင်အတွင်းအားများအဖြစ် ပြောင်းလဲလိုက်သည်။ ဤတစ်ကြိမ်တွင်မူ အနည်းငယ် ကွဲပြားသွားလေသည်။ အသွင်ပြောင်းသွားသော ကြယ်သည် စွမ်းအင်များကို စုပ်ယူနေဆဲ ဖြစ်သော်လည်း ထိုစွမ်းအင်ကို အနီရောင်အတွင်းအားများ အဖြစ်သို့ ပြောင်းလဲပေးလေသည်။ သို့သော်လည်း ရရှိသော အနီရောင်အတွင်းအားပမာဏမှ နှမြောစရာကောင်းလောက်အောင် နည်းပါးလေသည်။

ကျန်းရီသည် ထိုအကြောင်းကို ခေါင်းရှုပ်ခံ၍ တွေးပူမနေတော့ဘဲ စွမ်းအင်စုပ်ယူရာတွင်သာ အာရုံစိုက်ထားလိုက်သည်။ ဤတစ်ခေါက်တွင် သူ၏ စုပ်ယူနှုန်းမှာ ပိုမိုမြန်ဆန်နေခဲ့ပြီး ပထမကျောက်တုံးတစ်ခုဖြင့် ကျင့်ကြံပြီးရန် လေးရက်သာ ကြာမြင့်ခဲ့သည်။

ဒုတိယကြယ်က ပထမကြယ်နဲ့ နှိုင်းယှဉ်ရင် အတွင်းအားနှစ်ဆ တကယ်လိုတာပဲ၊ ဒါထက်တောင် ပိုလိုနိုင်သေးတယ်...အဲ့ဒါ လုံးဝ အသွင်ပြောင်းသွားဖို့ဆိုရင် ကောင်းကင်ကျောက်တုံး ခုနှစ်တုံးလောက် လိုမယ်လို့ ငါထင်တယ်...

ကျန်းရီသည် ဝမ်းနည်းစွာ တွေးနေချိန်တွင် စစ်သူကြီးကူက ပူပူနွေးနွေး စားစရာများ သယ်လာလေသည်။ ကျန်းရီသည် အစာစားပြီးနောက် တစ်ခွက်သောက်ကာ နေ့ဝက်အနားယူပြီးမှ ဆက်ကျင့်ကြံခဲ့သည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးနေခဲ့သည်။ ကျန်းရီသည် ကျင့်ကြံခြင်းတွင်သာ စိတ်နှစ်ထားရာ အချိန်ကိုလည်း မေ့လျော့နေခဲ့သည်။ သူ တတိယမြောက် ကျောက်တုံးဖြင့် ကျင့်ကြံပြီးနောက် ကျင့်ကြံခြင်းအား ရပ်နားလိုက်သည်။ စစ်သူကြီးကူသည် သူ့အား လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးကာ ပြောလာလေ၏။

"ကိုယ်စားအုပ်ချုပ်သူ...ဒီနေ့က နန်းတက်ပွဲနေ့ပါ၊ နိုင်ငံအသီးသီးက သံတမန်တွေ စေလွှတ်လိုက်ကြတယ်...အရှင်မက အရှင် ကျင့်ကြံပြီးသွားရင် ထွက်လာခဲ့ဖို့ အမိန့်ပေးထားပါတယ်။ ပြဿနာရှာတဲ့ သံတမန်တစ်ချို့လည်း ရှိနေတယ်...အရှင်မက သူတို့ကို ဖိနှိပ်ဖို့ အရှင့်ကို လိုအပ်နေတယ်"

"ပြဿနာရှာနေကြတယ်ဟုတ်လား"

ကျန်းရီ၏ မျက်ခုံးနှစ်ဖက်မှာ မြင့်တက်သွားခဲ့ပြီး အေးစိမ့်သော အလင်းနှစ်ခုက မျက်ဝန်းထဲတွင် ဖျတ်ခနဲ လက်သွားသည်။ သူသည် ချက်ချင်းထရပ်ကာ ပြောလိုက်သည်။

"သွားကြစို့...ပြဿနာရှာရဲတဲ့သူရှိရင် ငါ သူတို့ကို ရှားယွိမြို့ကနေ လေးဖက်ထောက် ထွက်ရအောင် လုပ်ပေးမယ်"

*****

All Chapters