သင်းကွပ်ခံ ထုတ်ကုန်
Vol. 1 Ch. 325
ရှားယွိမြို့သည် အုပ်ချုပ်သူအသစ် နန်းတက်တော့မည် ဖြစ်သောကြောင့် လှုပ်ရှားသက်ဝင်နေခဲ့သည်။ ထို့ပြင် နန်းတက်မည့်သူမှာ သမိုင်းတွင် ပထမဆုံးဘုရင်မ ဖြစ်လေသည်။ ထိုသတင်းသည် ရှားနိုင်ငံ၌သာ အုန်းအုန်းကြွက်ကြွက် ဖြစ်သွားသည်မဟုတ်ဘဲ နယ်မြေတစ်ခုလုံးသို့ပါ ပျံ့နှံ့သွားခဲ့သည်။
အုပ်ချုပ်သူအသစ် နန်းတက်သည့်အခါတိုင်း တစ်လောကလုံးသိအောင် ကြေငြာရပြီး နိုင်ငံအသီးသီးက သံတမန်များ စေလွှတ်၍ ဂုဏ်ပြုပေးကြသာ်။ နိုင်ငံအချင်းချင်း ဆက်ဆံရေး မကောင်းပါက အခြားနိုင်ငံက သံတမန်စေလွှတ်ပေးမည် မဟုတ်ချေ။ သို့သော်လည်း စုလောရွှယ်၏ နန်းတက်ပွဲသည် အလွန်ထူးခြားနေလေရာ နိုင်ငံအားလုံးနှင့် အင်အားကြီးအဖွဲ့အစည်းအားလုံးက သံတမန်တစ်ယောက်စီ စေလွှတ်လာကြသည်။
ဝိဉာဉ်သားရဲ သင်တန်းကျောင်းမှ ကျောင်းအုပ်ချီကို စေလွှတ်ပြီး ကျန်သင်တန်းကျောင်းနှစ်ခုက ဒုကျောင်းအုပ်သုံးယောက် စေလွှတ်လိုက်သည်။ ရွှေယွဲ့လျန်မျှော်စင်မှ အကြီးအကဲတစ်ဦးကို စေလွှတ်၍ ဇင်ဘုရားကျောင်းကမူ ဘုန်းကြီးလေးတစ်ပါးကို စေလွှတ်ခဲ့သည်။ ထိုဘုန်းကြီးလေးမှာ ကျန်းရီနှင့် ယခင်က တွေ့ခဲ့ဖူးသည့် ဘုန်းကြီးလေးဟွေ့ကန်းပင် ဖြစ်လေသည်။ ထိုဘုန်းကြီးလေးသည် ဇင်ဘုရားကျောင်းတွင် အဆင့်အတန်းမြင့်လှသည်။ သူ့ကိုစေလွှတ်လိုက်ခြင်းမှာ ဇင်ဘုရားကျောင်းသည် ရှားနိုင်ငံအား အလေးထားသည်ဟု ဆိုလိုလေသည်။ သို့မဟုတ် သူတို့၏ အလေးထားမှုမှာ ကျန်းရီအတွက် ဖြစ်ပုံရလေသည်။
မိုးပြာနဂါးအင်ပါယာသည် ကျန်းရီ၏ မိတ်ဆွေဟောင်းကြီး စစ်သူကြီးလုံအား စေလွှတ်လိုက်ပြီး မြောက်ဘက်မန့်နှင့် မြောက်ဘက်လျန်တို့မှ စစ်သူကြီးတစ်ဦးစီ စေလွှတ်ပေးကြသည်။ ကျင်းရှန်နိုင်ငံကမူ ကျန်းရီနှင့် ရင်းနှီးသည့် တစ်စုံတစ်ယောက်ကို စေလွှတ်ပေးခဲ့သည်။ ထိုသူမှာ သူ့အား လန်ဂိုဏ်းနှင့် စာရင်းရှင်းရန် ကူညီပေးခဲ့သည့် စစ်သူကြီးဟဲ ဖြစ်လေသည်။ ရှန်မိနိုင်ငံကမူ ဤတစ်ကြိမ်တွင် ယွင်ဖေးကို စေလွှတ်ခဲ့ခြင်းမရှိဘဲ မင်းသားတစ်ပါးကိုသာ စေလွှတ်ခဲ့သည်။ ရှန်ဝူနိုင်ငံ၏ သံတမန်မှာမူ ရန်စသည့် ရွေးချယ်မှုဟု ဆိုနိုင်သည့် တတိယမင်းသား ရှားထျန်း ဖြစ်ချေသည်။
လက်ရှိအချိန်တွင် ညီလာခံ ခန်းမကျယ်ကြီး၏ လေထုမှာ အလွန်အမင်း ထူးဆန်းနေလေ၏။ ရှားနိုင်ငံ၏ မှူးမတ်များမှာ တစ်ဖက်တွင် ရပ်နေကြပြီး အခြားနိုင်ငံများနှင့် အင်အားကြီးအဖွဲ့အစည်းများ၏ သံတမန်များမှာ တစ်ဖက်တွင် ရပ်နေကြလေသည်။ ရှားနိုင်ငံဘက်မှ လူများသည် မိုးပြာနဂါးအင်ပါယာနှင့် နိုင်ငံငါးခုမှ သံတမန်များကို မလိုမုန်းတီးသော မျက်လုံးများဖြင့် ပေါ်တင်ကြည့်နေကြသည်။
စုလောရွှယ်နှင့် မှူးမတ်များ၏ အပြင်းအထန် အားထုတ်မှုကြောင့် ရှားနိုင်ငံသည် အနည်းငယ် တည်ငြိမ်သွားပြီဖြစ်သည်။ ကိန်းဂဏန်းအရေအတွက် မှန်သမျှကို တာလီချိုးခဲ့ပြီး ရှားနိုင်ငံမှ စစ်ပွဲအတွင်း သေဆုံးသူအရေအတွက်မှာ ငါးသန်းမကပေ။ ထိုအထဲမှ အများစုသည် မိုးပြာနဂါးအင်ပါယာနှင့် နိုင်ငံငါးခုမှ မဟာမိတ်တပ်ကြီး၏ အသတ်ခံရခြင်းဖြစ်သည်။
သံတမန်အသီးသီးသည် ကိုယ်ပိုင်ဥယျာဉ်ထဲ ရောက်နေသည့်အလား ပေါ့ပေါ့ပါးပါးရှိနေကြသည်။ နိုင်ငံငါးခုမှ သံတမန်များသည် စုစည်းကာ အချင်းချင်း စနောက်၍ ပျော်ရွှင်စွာ စကားပြောနေကြပြီး ရှားနိုင်ငံမှ မှူးမတ်များကို လျစ်လျူရှုထားလေသည်။
"အချိန်ကျလာပါပြီ...အရှင်မ စုလောရွှယ် နန်းတက်ပါတော့မယ်"
ခဏကြာပြီးနောက် ခန်းမအတွင်းမှ တေးသံများကို ဖောက်ထွင်း၍ ကုန်းကုန်းလျှို၏ အော်သံ ထွက်ပေါ်လာခဲ့သည်။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဌာနမှ အမတ်သည် ရွှေရောင်လျှောက်လမ်းဆီ လှမ်းသွားကာ တလေးတစား အော်ဟစ်လိုက်သည်။
"အရှင်မကို ဖိတ်ခေါ်ပါတယ်...မှူးမတ်တွေက အရိုအသေပေးပြီး သံတမန်တွေက တလေးတစား ကြိုဆိုကြပါစို့"
ယဉ်ကျေးမှုဓလေ့ထုံးတမ်းဌာနမှ အမတ်၏အသံ တိတ်ဆိတ်သွားသည်နှင့် ရှားနိုင်ငံမှ မှူးမတ်များသည် ကြမ်းပြင်ပေါ် ဝပ်တွား၍ အရိုအသေပေးကြသည်။ ကျောင်းအုပ်ချီနှင့် အခြားလူများသည်လည်း တည်ငြိမ်စွာရပ်၍ ခေါင်းအနည်းငယ်ညွှတ်ကာ ရှားနိုင်ငံ၏ အုပ်ချုပ်သူအသစ်ကို ကြိုဆိုကြသည်။
"မင်းသားယွင်လု...ကျုပ်တို့ မြို့တော်မှာ ရွှယ်လော့ဗိမ္မာန်ဆိုတဲ့ အဆောက်အဦး တစ်ခုရှိတာ သိလား၊ အဲ့ဒီမှာ အရမ်းလှပြီး ကျော်ကြားတဲ့ အပျော်မယ်တစ်ယောက်ရှိတယ်။ သူမက ခန္ဓာကိုယ်ကို မရောင်းဘဲ အလှအပနဲ့ အနုပညာကိုပဲရောင်းတာ နှမြောဖို့ကောင်းတယ်။ သူမက သူမကြိုက်တဲ့သူကိုပဲ ညဘက်နေခွင့်ပေးတယ်...အခွင့်ကြုံရင် ကျုပ်တို့တော်ဝင်မြို့တော်ကို လာခဲ့စမ်းပါ...ဒီမင်းသားက ခင်ဗျားကို အလည်ခေါ်သွားပေးမယ်"
"ဟီးဟီး...မင်းသားရှားထျန်း...ခင်ဗျားက ထူးချွန်ပြီး ချောမောခန့်ညားတာတောင် ဆောင်ကြာမြိုင်က မိန်းမတစ်ယောက်ကို အရမယူနိုင်ဘူးပေါ့၊ ဒီမင်းသားလည်း အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး...စိတ်ဝင်စားစရာတော့ ကောင်းသားပဲ..."
ရောက်ရှိလာကြသူတိုင်းသည် ဆွံ့အသွားကြသည်။ ဂုဏ်သရေရှိ အခမ်းအနားတစ်ခုတွင် ရှားထျန်းနှင့် ရှန်မိနိုင်ငံ၏မင်းသား ယွင်လုသည် အရှက်သိက္ခာမရှိ ပြောဆိုနေကြသည်။ သူတို့အသံသည် အရမ်းမကျယ်သော်လည်း လူတိုင်းရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူတို့သည် အမှန်တကယ် ဆောင်ကြာမြိုင်မှ မိန်းမတစ်ယောက်အကြောင်းကို ဆွေးနွေးနေသည်လော။
ရှားနိုင်ငံမှ မှူးမတ်များသည် ဒေါသအလွန် ထွက်သွားကြသည်။ အချို့သည် ထရပ်၍ ဝေဖန်ရှုံ့ချတော့မည် ပြင်လိုက်သော်လည်း အမတ်ရမ်က ချောင်းနှစ်ချက်ဟန့်၍ တားဆီးလိုက်သည်။ ထိုအမတ်များသည် နှစ်ယောက်လုံးအား စိုက်ကြည့်လိုက်ကာ ဆက်လက်၍ ဝပ်တွားအရိုအသေပေးနေကြသည်။
ကံကောင်းထောက်မ၍ သူတို့နှစ်ယောက် စကားဆုံးမှသာ စုလောရွှယ်သည် အပျိုတော်လေးများ၊ ကုန်းကုန်းများ ခြံရံ၍ ဝင်လာခဲ့သည်။ သူတို့နှစ်ယောက်သည် စနောက်နေခြင်းကို ရပ်တန့်လိုက်သော်လည်း လှောင်ပြောင်လိုသော မျက်နှာထားများနှင့် ရပ်နေကြသည်။
ယဉ်ကျေးမှုဓလေ့ထုံးတမ်းဌာနမှ အမတ်သည် တလေးတစားပြောလိုက်သည်။
"အရှင်မ ပလ္လင်ပေါ်တက်တဲ့အခါ မှူးမတ်တွေက သုံးကြိမ်ဝပ်တွားပြီး ကိုးကြိမ်အရိုအသေပေးရင် 'အရှင်မ သက်တော်ရာကျော် ရှည်ပါစေ'လို့ တစ်ပြိုင်နက်တည်းအော်ရမယ်...သံတမန်တွေကတော့ ခေါင်းနည်းနည်းညွှတ်ပေးရုံပါပဲ"
စုလောရွှယ်သည် နဂါးဝတ်ရုံနှင့် ရွှေသရဖူကို ဆင်မြန်းထားသည်။ သူမမှာ ယခင်နှင့်မတူညီသည့် ဝတ်စားဆင်ယင်ပုံဖြင့် ဆွဲဆောင်မှုရှိရှိ တင့်တယ်နေလေသည်။ သူမသည် ပလ္လင်ထက် လှပတင့်တယ်စွာ လျှောက်လှမ်းသွားချိန်တွင် ရှားနိုင်ငံ၏ အရာရှိများက သုံးကြိမ်ဝပ်တွား၍ ကိုးကြိမ်အရိုအသေပေးကာ 'အရှင်မ သက်တော်ရာကျော်ရှည်ပါစေ'ဟု တစ်ညီတစ်ညာတည်း အော်ဟစ်ကြသည်။
သံတမန်အများစုသည် သုံးကြိမ်အရိုအသေပေးကြသည်။ မြောက်ဘက်လျန်နိုင်ငံ၊ မြောက်ဘက်မန့်နိုင်ငံ၊ မိုးပြာနဂါးသင်တန်းကျောင်းနှင့် ဆူးပန်းပွင့်ပြာသင်တန်းကျောင်းမှ သံတမန်များကမူ အရိုအသေမပေးဘဲ အခြေခံယဉ်ကျေးမှုဖြစ်သည့် လက်နှစ်ဖက်ကိုဆုပ်၍သာ မြှောက်လာကြသည်။ တစ်ဖက်တွင် ကျင်းရှန်နိုင်ငံမှ စစ်သူကြီးဟဲသည် နာနာခံခံနှင့် တလေးတစား အရိုအသေပေးလေ၏။
"ကျွတ်စ်...ကျွတ်စ်...ဘုရင်မ စုလောရွှယ်က တကယ်လှတာပဲ၊ သူမ နဂါးဝတ်ရုံကို ဝတ်လိုက်တာတောင်မှပဲ အရမ်းဆွဲဆောင်မှုရှိသေးတယ်"
"အမှန်ပဲ...ဘုရင်မလောရွှယ်က ရုပ်ရည်မှာရော၊ ကျက်သရေရှိတဲ့နေရာမှာရော၊ ကိုယ်ဟန်အမူအရာရော၊ ဝတ်စားဆင်ယင်ပုံမှာပါ ကျုပ်တို့တော်ဝင်မြို့တော်က ရွှယ်လော့ဗိမ္မာန်မှာရှိတဲ့ အပျော်မယ်ထက် အပြတ်အသတ်သာလွန်တယ်၊ သူမက ဒီလူ့လောကမှာ ပြိုင်စံရှားလောက်အောင်ကို လှတယ်...ဒီနဂါးဝတ်ရုံကို ဝတ်ထားတဲ့အချိန်မှာဆိုရင်...ဂလု...ဂလု"
အတိုင်အဖောက်ညီနေသော အသံနှစ်သံသည် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။ ယွင်လုနှင့်ရှားထျန်းသည် စုလောရွှယ်အား စကားများဖြင့် ထိကပါးရိကပါး အသရေဖျက်နေကြသည်။ ရှားထျန်းသည် စုလောရွှယ်အား ဆောင်ကြာမြိုင်မှ အပျော်မယ်နှင့် နှိုင်းနေပြီး တံတွေးပါမျိုချပြလိုက်သေးသည်။
"ရဲတင်းလိုက်တာ"
"မောက်မာလိုက်တာ"
ရှားနိုင်ငံမှ အရာရှိများသည် သူတို့ကိုသူတို့ မထိန်းနိုင်ကြတော့ပေ။ စစ်သူကြီးလုတို့ဆိုလျှင် လူသတ်ငွေ့များပင် ထွက်နေချေပြီ။ အချို့သည် လက်နက်များပင် ဆွဲထုတ်နေပြီးဖြစ်သည်။ စုလောရွှယ်ကို ညစ်ညစ်ညမ်းညမ်းပြောဆိုခြင်းသည် ရှားနိုင်ငံကို စော်ကားလိုက်ခြင်း ဖြစ်သည်။ မှူးမတ်အရာရှိများသည် သူတို့၏ အရှင်သခင် အရှက်ခွဲခံရသည်ကို ကြည့်နေရမည်ထက် သေရမည်ကိုသာ ရွေးချယ်လိုက်မည်ဟု ဆုံးဖြတ်ထားကြသည်။
"အောမိတဖ"
အခြားသံတမန်များသည်လည်း ထိုင်ကြည့်မနေနိုင်ကြတော့ပေ။ ဘုန်းကြီးလေးသည် လက်အုပ်ချီ၍ ဝင်ပြောလာခဲ့သည်။
"ဒကာလေးနှစ်ယောက် စကားပြောဆင်ခြင်ကြပါ"
"ဘာ...ဘာလဲ...ခင်ဗျားတို့ ရှားနိုင်ငံက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
ရှားထျန်းသည် အလွန်အကဲ ကြောက်လန့်နေသည့် အမူအရာနှင့် အလန့်တကြား ပြောလာသည်။
"ခင်ဗျားတို့ ဘာလိုချင်တာလဲ၊ ဒီမင်းသားကို သတ်ချင်လို့လား...ခင်ဗျားတို့ ဘုရင်မကို လှတယ်လို့ ချီးမွမ်းတာ ကျုပ်မှားလို့လား၊ နိုင်ငံနှစ်နိုင်ငံ စစ်ဖြစ်ရင်တောင် သံတမန်တွေကို သတ်လို့မရဘူး။ ပြီးတော့ ကျုပ်တို့က ဘုရင်မလောရွှယ် နန်းတက်တာကို ကောင်းချီးပေးဖို့ နိုင်ငံကိုယ်စားပြုအနေနဲ့ စေလွှတ်ခံရတာ...ဒါက ခင်ဗျားတို့ ရှားနိုင်ငံရဲ့ သံတမန်တွေကို ဆက်ဆံတဲ့ပုံလား။ ဒါမှမဟုတ် ခင်ဗျားတို့က ကျုပ်တို့ရှန်ဝူနိုင်ငံနဲ့ ရှန်မိနိုင်ငံကို စစ်ကြေငြာချင်နေကြတာလား"
ယွင်လုသည် ချက်ချင်းသံယောင်လိုက်၍ မကျေမနပ်ပြောလာလေ၏။
"ဟုတ်တယ်၊ ဟုတ်တယ်...ကျုပ်တို့က ဘုရင်မအသစ် နန်းတက်တာကို လာပြီး ဆုမွန်ကောင်းတောင်းပေးတာ၊ ဘုရင်မလောရွှယ်ကို လှတယ်လို့ ရိုးရိုးသားသား ပြောတာကို ခင်ဗျားတို့က လက်နက်တွေနဲ့ တုံ့ပြန်တယ်။ ကျုပ်တို့ကို သတ်ရဲရင်သတ်လိုက်လေ...ကျုပ်တို့နိုင်ငံတွေရဲ့ စစ်တပ်တွေ ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ် "
စစ်ကြေငြာသည့်အကြောင်း ပါလာသည်နှင့် စစ်သူကြီးလုတို့အဖွဲ့၏ အရှိန်အဝါများမှာ အားလျော့သွားခဲ့သည်။ ရှားနိုင်ငံသည် စစ်သည်တစ်သိန်းခန့်ပါသော စစ်တပ်နှင့် မည်သို့ယှဉ်တိုက်နိုင်မည်နည်း။ ကျန်းရီကြောင့်သာ မဟုတ်လျှင် ရှားနိုင်ငံဟူသည်မှာ ရှိတော့မည်တောင် မဟုတ်ပေ။ သူတို့သည် နောက်ထပ်စစ်ပွဲစရန် မတတ်နိုင်သေးပေ။ ထို့ကြောင့် ထိုနှစ်ယောက်ကို သတ်၍မရချေ။
ထို့ပြင် ထိုနှစ်ယောက်သည် ဤနေရာသို့ ပြဿနာ တမင်လာရှာခြင်းဖြစ်သည်။ ယနေ့သည် စုလောရွှယ်၏ နန်းတက်ပွဲနေ့ဖြစ်ပြီး သူတို့သာ လူသတ်မိပါက ရှားနိုင်ငံအတွက် ဆိုးကျိုးများသာ ရှိလေသည်။
စစ်သူကြီးလုတို့ အလွန်ဒေါသထွက်နေကြပြီး အမတ်ရမ်မှာ ဒေါသထွက်လွန်း၍ အသားများပါ တဆတ်ဆတ်တုန်နေသော်လည်း မည်သူမှ ပြန်မပြောရဲကြပေ။ သူတို့သည် အခြေအနေပိုဆိုးအောင် လုပ်မိမည်ကို ကြောက်နေကြသည်။ ယနေ့ ပျော်စရာအခမ်းအနားမှသည် အသုဘအခမ်းအနား ဖြစ်သွားပါက မည်သို့လုပ်မည်နည်း။
စုလောရွှယ်သည် မျက်မှောင်ကျုံ့လိုက်သည်။ သူမလည်း ဒေါသထွက်နေသည်မှာ ထင်ရှားသည်။ ထိုခဏတွင် သူမဘာလုပ်ရမည်ကို မသိတော့ပေ။
"ရှားထျန်း...ငါမင်းကို အရင်က မသတ်လိုက်တာတောင် မင်းကမောက်မာနေနိုင်သေးတယ်လား၊ ငါမင်းကို မင်းအမေတောင် မမှတ်မိအောင် ရိုက်ပစ်မယ်ဆို မင်းယုံမလား"
ထိုခဏတွင် ရေခဲတမျှ အေးစက်လှသော လေသံသည် ခန်းမကြီး၏ ဘေးဘက်လျှောက်လမ်းဆီမှ ထွက်ပေါ်လာခဲ့သည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ဦးသည် စစ်သည်တစ်စုနှင့်အတူ လျှောက်လာနေသည်။ သူပေါ်လာသောခဏတွင် စုလောရွှယ်၏ မျက်ဝန်းများမှာ ဝင်းပသွားခဲ့သည်။ ရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အရာရှိများမှာလည်း အားကိုးရာအား တွေ့လိုက်ရသည့်အလား လူသတ်ငွေ့များ ပြန်ထွက်ပေါ်လာခဲ့သည်။
"ကျန်းရီ"
ရှားထျန်းသည် ကျန်းရီကို မြင်လိုက်သောခဏတွင် နှုတ်ခမ်းထောင့်များ တွန့်သွားပြီး သူ့ကိုယ်မှာ တုန်ယင်လာလေသည်။ သူသည် ချက်ချင်းအကြည့်လွှဲလိုက်သည်။ သူသည် ကျန်းရီကို ကြောက်လွန်း၍ မျက်လုံးတည့်တည့်သို့ မကြည့်ရဲချေ။
ဘေးမှ မင်းသားယွင်လုသည် မဲ့ပြုံးပြုံး၍ ပြောလာလေ၏။
"အိုး...ဒါက နာမည်ကျော် ကင်းထောက်သံတမန်ကျန်ပေါ့၊ ရှားနိုင်ငံရဲ့ ကိုယ်စားအုပ်ချုပ်သူ...အရမ်းအထက်စီးဆန်တာပဲ...ရောက်ရောက်ချင်း လူတစ်ယောက်ကို ရိုက်မယ်ပြောတယ်၊ ငါအရမ်းကြောက်နေပါပြီ"
"မင်းဖင်ကြီးပဲ ကြောက်"
ကျန်းရီသည် ငြိမ်မနေဘဲ ချက်ချင်းဆဲရေးလိုက်သည်။ ထို့နောက် သူသည် ယွင်လုကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ဒီမိန်းမလျာက ဘယ်သူလဲ၊ ကုန်းကုန်းလျှို...သူက ခင်ဗျားလိုပဲ သင်းကွပ်ခံထုတ်ကုန်တစ်ခုလား"
*****