← Chapters

ယွင်လုကိုသတ်မယ်

Vol. 1 Ch. 326

ယွင်လုကိုသတ်မယ်

Vol. 1 Ch. 326

သင်းကွပ်ခံထုတ်ကုန်...

ထိုအသုံးအနှုန်းမှာ အလွန်ပြင်းထန်လှသည့် အသုံးနှုန်းပင်ဖြစ်သည်။ ထို့ပြင် တစ်ဖက်လူမှာ လက်ရှိအချိန်တွင် ရှန်မိနိုင်ငံ၏ ရေပန်းအစားဆုံး မင်းသား ဖြစ်နေသည်။ သို့မဟုတ်ပါက ယွင်လုအား စေလွှတ်လိုက်ကြမည် မဟုတ်ပေ။ ကျန်းရီ၏ စကားသည် ယွင်လု၏ မျက်နှာအား ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

"ဝိုး"

ထင်ထားသည့်အတိုင်း ခန်းမကြီးထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အထူးသဖြင့် ရှားနိုင်ငံမှ အရာရှိများသည် ရယ်သံများကို မထိန်းနိုင်ကြတော့ချေ။ အရိုင်းအစိုင်းတစ်ယောက်ကို နောက်ထပ်ရိုင်းစိုင်းသော လူတစ်ယောက်ဖြင့် ကိုင်တွယ်ရမည်ဖြစ်သည်။ ရှန်မိနိုင်ငံ၏ မင်းသားတစ်ပါးမှာ သူတို့ရန်မစရဲသည့်သူ ဖြစ်သည်။ သို့သော် ကျန်းရီကမူ ထိန်းချုပ်စရာမလိုပဲ ကိုင်တွယ်နိုင်သည်။

အဘယ့်ကြောင့်ပေနည်း။

ဗာဂျရာအဆင့် ပုဂ္ဂိုလ်ကြီးများသည် သုံးနှစ်အတွင်း ကျန်းရီကို မထိဟု နတ်ဆိုးဧကရီနှင့် ကတိထားခဲ့ကြသည်။ ထို့ပြင် သူသည် စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်တွင် ပြိုင်ဘက်ကင်းသည်။ သူ့တွင် သတ်ဖြတ်ခြင်းအင်အားနှင့် စိတ်ဝိဉာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်းကျင့်စဉ်ရှိသောကြောင့် ဝိုင်းဝန်းတိုက်ခိုက်ခံရမည်ကိုလည်း ကြောက်စရာမလိုပေ။ ကျန်းရီသာ ဒေါသထွက်၍ ယွင်လုအား သတ်လိုက်ပါလျှင် ရှန်မိနိုင်ငံမှ ဗာဂျရာအဆင့်များသည် ဝင်ပါကြမည်မဟုတ်ပေ။ သူတို့၏ စစ်တပ်များကိုလည်း စေလွှတ်ရဲမည်မဟုတ်ရာ ယွင်လုမှာ အလကား သေရရုံသာ ရှိလိမ့်မည်။

ရှားထျန်းသည် ထိုအချက်ကို နားလည်၍ ကိုယ်ကိုကျုံ့နေလိုက်သည်။ ကျန်းရီရောက်လာသည်နှင့် သူလေမကျယ်ရဲတော့ပေ။ ယွင်လုသည် ထိုအချက်ကို နားလည်ပုံမပေါ်။ ယွင်ဟဲ၏ သေဆုံးမှုကြောင့် ကျန်းရီကို မုန်းတီးလွန်းနေသည့်အတွက်လည်း မစဉ်းစားမိပုံပေါ်သည်။ သူသည် သူ့အဆင့်အတန်းအပေါ် အလွန်အမင်း ယုံကြည်ချက်ရှိနေသည့် အချက်နှင့် ပေါင်းလိုက်သော် ကျန်းရီသည် သူ့ကိုမထိရဲဟုသာ သူယူဆလိုက်သည်။

ကျန်းရီ သူ့ကို ဆဲရေးလာသေယ် သူကလည်း ချက်ချင်းပြန်၍ ကျိန်ဆဲလိုက်သည်ယူ

"ကျန်းရီ မင်းကဘာကောင်လဲ၊ နတ်ဆိုးဧကရီကို အားကိုးနေရတဲ့ကောင်ပဲ မဟုတ်ဘူးလား။ လူသားတစ်ယောက်ဖြစ်ပြီး နတ်ဆိုးသားရဲတစ်ကောင်နဲ့ ပူးပေါင်းနေတာ မင်းမရှက်ဘူးလား...ဟားဟား...နတ်ဆိုးဧကရီက မင်းကို ကာကွယ်ပေးတယ်ဆိုရင်တောင် သုံးနှစ်ပါပဲ၊ သုံးနှစ်ကြာပြီးရင် မင်းဘယ်လိုသေမယ်ဆိုတာ ဒီမင်းသားက ကြည့်ဦးမယ်"

"ဟားဟားဟား"

ကျန်းရီသည် ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ကိုယ်မှ အတွင်းအား ထွက်ပေါ်လာခဲ့ပြီး ပုံရိပ်များအဖြစ် ပြောင်းလဲကာ ယွင်လုထံ ပြေးသွားလေ၏။ သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါလည်း ထွက်ပေါ်လာရာ ယွင်လုမှာ လှုပ်ရှား၍ မရတော့ပေ။ ယွင်လု၏ စိတ်ဝိဉာဉ်မျောလွင့် ခရီးသည် အဋ္ဌမအဆင့် သက်တော်စောင့်နှစ်ယောက်သည်ပင် မလှုပ်ရှားနိုင်ကြပေ။ ကျန်းရီသည် လက်ကိုဆန့်၍ ယွင်လု၏ လည်ပင်းအား ဆုပ်ကိုင်လိုက်ပြီး လေပေါ်သို့ မြှောက်လိုက်သည်။ ထို့နောက် သူ့ကိုယ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါများ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းရီသည် ခေါင်းမော့၍ မျက်ဝန်းများတွင် အကြောက်တရားများ ပြည့်နေသည့် ယွင်လုကိုကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ငါ၊ ကျန်းရီက ဘာကောင်မှမဟုတ်ဘူး...ဒါပေမယ့် မင်းကို အသာလေး လည်ပင်းညှစ်သတ်လိုက်လို့ရတယ်၊ တခြားလူတွေကို အားကိုးတယ်ဆိုတဲ့အကြောင်း ငါ့လာမပြောနဲ့။ မင်းရဲ့မင်းသားဆိုတဲ့ အဆင့်အတန်းကို ဖယ်လိုက်ရင် မင်းကဘာကောင်လဲ။ အဆတစ်သောင်းလောက် အလျှော့ပေးလိုက်ဦးမယ်၊ မင်းက မင်းသားဆိုတော့ရော ဘာဖြစ်လဲ။ အရင်က ငါမင်းရဲ့အစ်ကိုကိုတောင် သတ်ရဲသေးတာ အခုလည်း မင်းကို သတ်ရဲတယ်...မင်းစမ်းကြည့်ချင်လား"

ကျန်းရီသည် သူ့စကားအား အဆုံးသတ်လိုက်သည်။ သူသည် သတ်ဖြတ်ခြင်းအင်အားအား ထုတ်မသုံးခဲ့သော်လည်း သူ့မျက်လုံးများမှာ သားရိုင်းတစ်ကောင်ပမာ အေးစက်နေသည်။ ယွင်လု၏ကိုယ်မှာ အေးစက်နေပြီး သေခြင်းတရား၏ အငွေ့အသက်များကိုပါ ခံစားနေရရာ စကားတစ်ခွန်းမှ မပြောရဲတော့ချေ။

ဂလု...ဂလု

ခန်းမထဲရှိ လေထုမှာ အလွန်လေးလံနေသည်။ ရှားနိုင်ငံမှ မှူးမတ်များသည် ကျန်းရီ ယွင်လုကို သတ်လိုက်မည်အား ကြောက်နေကြ၍ အသက်ပင်ရဲရဲမရှူဝံ့ကြချေ။ ထိုသို့ဖြစ်လာပါက ရှန်မိနိုင်ငံ၏ ဘုရင်သည် အလွန်အမင်း ဒေါသထွက်ကာ စစ်ပွဲပင် စတင်လာနိုင်သည်။

ရှားထျန်းသည် ကျန်းရီ စိတ်ရူးပေါက်ကာ သူ့အားသတ်မည်စိုး၍ ဘေးသို့ ခြေလှမ်းအမြောက်အများ ရွှေ့လိုက်သည်။ ရှန်မိနိုင်ငံမှ သက်တော်စောင့်နှစ်ယောက်၏ နှလုံးမှာ တဒိန်းဒိန်းဖြစ်နေသည်။ ကျန်းရီသည် သူတို့၏ဘေးတွင် ရှိနေရာ သူတို့ မဆင်မခြင် လုပ်မိပါက ယွင်လုသေသွားမည်စိုး၍ မလှုပ်ရှားရဲကြပေ။

စုလောရွှယ်သည် နှုတ်ဆိတ်၍သာ ထိုင်နေခဲ့သည်။ သူမ၏ လှပသော မျက်ဝန်းတစ်စုံသည် ကျန်းရီကို ချစ်မြတ်နိုးစွာ ကြည့်နေလေ၏။ ရှားနိုင်ငံ၏ ဘုရင်မအနေနှင့် သူမတွင် ကျန်းရီကို တားဆီးရန် အစီအစဉ် မရှိပေ။ သူမမျက်ဝန်းထဲတွင် ကျန်းရီသည် ကောင်းကင်ထက်မှ နတ်ဘုရားဖြစ်ပြီး ကျန်းရီတစ်ခုခု လုပ်ချင်ပါက သူမတားမည်မဟုတ်ဘဲ တိတ်တဆိတ် ထောက်ပံ့ပေးမည်ဖြစ်သည်။

"အောမိတဖ"

ဘုန်းကြီးလေးဟွေ့ကန်းသည် ရုတ်တရက် ကြားဝင်လာ၏။ သူ့အသံသည် တိတ်ဆိတ်နေသော ခန်းမကြီးကို ဖြိုခွင်း၍ ထွက်ပေါ်လာခဲ့သည်။

"ဒကာလေးကျန်း...သားသတ်ဓားကို ချလိုက်တာနဲ့ ဘုရားသားတော်ဖြစ်လာပါလိမ့်မယ်။ သတ်ဖြတ်ခြင်းက ပြဿနာတိုင်းကို မဖြေရှင်းနိုင်ပါဘူး...ငြိမ်းချမ်းရေးနဲ့သာ အရာရာကို အနိုင်ယူနိုင်ပါတယ်"

ဘန်း...

ကျန်းရီသည် လက်ကိုလွှဲ၍ ယွင်လုအား ခန်းမအပြင်ဘက် ပစ်ထုတ်လိုက်သည်။ ထို့နောက် သူသည် ရှားထျန်းနှင့် ကျန်လူများကို စိုက်ကြည့်ကာ ခပ်တင်းတင်းပြောလိုက်သည်။

"ဒီနေ့က လောရွှယ်ရဲ့ နန်းတက်ပွဲနေ့...ခင်ဗျားတို့အားလုံး စိတ်ရင်းနဲ့ ကောင်းချီးပေးဖို့ ရောက်လာတယ်ဆိုရင် ကြိုဆိုပါတယ်။ ဒီကို ပြဿနာရှာဖို့ ရောက်လာတယ်ဆိုရင်တော့ ဒီကျန်းမျိုးနွယ်ကို မယဉ်ကျေးတဲ့အတွက် အပြစ်မတင်ပါနဲ့...ထွက်သွားချင်တဲ့သူများရှိရင် ထွက်သွားနိုင်ပါတယ်"

ရှန်မိနိုင်ငံမှ သက်တော်စောင့်နှစ်ယောက်သည် အလျင်အမြန် ပြေးထွက်သွားကာ ယွင်လုအား ထနိုင်ရန် ကူညီပေးလိုက်သော်လည်း တွန်းထုတ်ခြင်း ခံလိုက်ရသည်။ ယွင်လုသည် ကျန်းရီအား မုန်းတီးစွာ စိုက်ကြည့်ကာ ပြောလာလေ၏။

"ကောင်းတယ်၊ ကောင်းတယ်...သိပ်ကောင်းတယ်...ကျန်းရီ...သုံးနှစ်ကြာရင် မင်းဘယ်လိုသေမလဲဆိုတာ ဒီမင်းသားက ကိုယ်တိုင်လာကြည့်ဦးမယ်။ အခွင့်အရေးရရင် မင်းကို ငါကိုယ်တိုင် အပိုင်းပိုင်းဖြတ်ပေးမယ်"

မင်းသားယွင်လုသည် ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။ ရှားထျန်းနှင့် မြောက်ဘက်လျန်၊ မြောက်ဘက်မန့်တို့မှ စစ်သူကြီးနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ကာ သူတို့လူများနှင့် ထွက်ခွာသွားကြသည်။ မိုးပြာနဂါးအင်ပါယာမှ စစ်သူကြီးလုံနှင့် ကျင်းရှန်နိုင်ငံမှ စစ်သူကြီးဟဲသည် ကျန်းရီကို ရှက်ရွံစွာ ပြုံးပြလိုက်ကြပြီး ထွက်သွားကြသည်။ မိုးပြာနဂါးသင်တန်းကျောင်းနှင့် ဆူးပန်းပွင့်ပြာသင်တန်းကျောင်းမှ ဒုကျောင်းအုပ်များသည် တစ်ခဏတွေဝေနေကြသော်ငြား သူတို့လည်း ထွက်ခွာသွားကြသည်။ သူတို့သည် ဤနေရာသို့ ပွဲကြည့်ရန် လာကြခြင်းဖြစ်သည်။ သို့သော် ကျန်းရီသည် ဝံ့ကြွားစွာ ထွက်ပေါ်လာသည်ကို ကြည့်ပြီးနောက် နောက်ထပ်ကြည့်စရာပွဲ မရှိတော့သောကြောင့် ထွက်သွားကြခြင်းဖြစ်သည်။

ရန်လိုနေကြသူများ ထွက်ခွာသွားသည်နှင့် ခန်းမကြီးမှာ ယခင် ငြိမ်းချမ်းမှုများ ပြန်ရရှိသွားသည်။ ကျန်းရီသည် ဟွေ့ကန်း၊ ကျောင်းအုပ်ချီနှင့် အခြားလူများအား ပြုံးပြကာ ခန်းမ၏ အနောက်ပေါက်မှ ချက်ချင်း ထွက်ခွာသွားခဲ့သည်။ လူတိုင်းသည် အုပ်ချုပ်သူအသစ် နန်းတက်ချိန်တွင် ကျန်းရီ ဘာကြောင့်ထွက်သွားသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။ ပြဿနာရှာမည့်သူများ မရှိတော့သော်လည်း ရှားနိုင်ငံ၏ ကိုယ်စားအုပ်ချုပ်သူအနေဖြင့် ဤသို့အခမ်းအနားမျိုးတွင် ပျက်ကွက်သည်မှာ မသင့်တော်ပေ။

စုလောရွှယ်သည် စိတ်ထဲမထားဘဲ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဌာနမှ အမတ်အား ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအမတ်သည် ကောင်းကင်ကို ဆုတောင်းခြင်း၊ မြို့တွင်းလှည့်လည်ခြင်းနှင့် အင်အားကြီးမိသားစုများထံမှ ကောင်းချီးများ လက်ခံခြင်း စသည်တို့ကို လုပ်ဆောင်ရင်း နန်းတက်ပွဲ အခမ်းအနားကို ဆက်လက်ဆောင်ရွက်သည်။

***

ကျန်းရီ ခပ်မြန်မြန် ထွက်လာရခြင်းမှာ သူသည် မောက်မာလွန်း၍ မဟုတ်ပါချေ။ အကြောင်းအရင်းမှာ ဧည့်သည်နှစ်ယောက် ရောက်နေသည့်အချိန်တွင် နန်းတက်ပွဲအခမ်းအနား တက်နေရမည်မှာ မသင့်တော်ဟု သူခံစားရသောကြောင့်ဖြစ်သည်။

ကောင်းကင်သတ္ထုကြောရှိရာ မြေအောက်မှ သူထွက်လာချိန်တွင် အဘွားအိုမှ ယနေ့ရောက်လာသော ဧည့်သည်များနှင့် သူတို့၏ အဆင့်အတန်းများအကြောင်း၊ ပြဿနာရှာနေကြသူများလည်း ရှိကြောင်း သေချာရှင်းပြလာခဲ့သည်။ ထို့ကြောင့် ယွင်လုသည် ယွင်ဟဲ၏ ညီဖြစ်ပြီး ရှားနိုင်ငံ၏ လက်ရှိရေပန်းအစားဆုံး မင်းသားဖြစ်ကြောင်း သူသိလိုက်ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် အဘွားအိုသည် သူ့အား အံ့အားသင့်စရာ သတင်းတစ်ခုကို ပေးလာခဲ့သည်။ ယနေ့တွင် ရှားနိုင်ငံသို့ ဧည့်သည်နှစ်ယောက် လျှို့ဝှက်ရောက်လာကြောင်းနှင့် သူတို့မှာ ရွှယ်လော့နန်းဆောင်အတွင်း ရှိနေကြောင်း သတင်းဖြစ်သည်။

ကျန်းရီသည် စစ်သည်များ ထူထပ်စွာ စောင့်ကြည့်နေသည့် ရွှယ်လော့နန်းဆောင်ထံ ရောက်လာခဲ့သည်။ စစ်သည်များသည် ခြေလှမ်းကျဲကြီးများနှင့်လျှောက်လာသော ကျန်းရီအား မြင်ကြသောအခါ ဒူးထောက်၍ နှုတ်ဆက်လာကြသည်။

"ကိုယ်စားအုပ်ချုပ်သူကို နှုတ်ခွန်းဆက်ပါတယ်"

"ထကြပါ"

ကျန်းရီသည် လက်ကာပြလိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့် အထဲသို့ ဝင်သွားလိုက်သည်။ သူအထဲသို့ မရောက်ခင်တည်းက အထဲမှ အံ့အားသင့်နေသောအသံတစ်ခုကို ကြားလိုက်ရသည်။

"အစ်ကိုကြီး"

ဝှစ်...

အထဲမှ ဝတုတ်တုတ် အသားလုံးကြီးသည် တလှိမ့်လှိမ့်နှင့်ထွက်လာပြီး ကျန်းရီအား ပြေးဖက်၍ တတွတ်တွတ်ပြောတော့သည်။

"ဟားဟား...အစ်ကိုကြီး...ငါမင်းကို သတိရနေတာ"

ကျန်းရီသည် ပြုံးလိုက်ပြီး ဖက်တီး၏ မျက်နှာဝိုင်းဝိုင်းကြီးအား ကြည့်လိုက်သည်။ သူ့တွင် ရင်းနှီးနေသည့် ခံစားချက်တစ်မျိုး ရလာပြီး ချမ်ဝမ်ကွမ်၏ခေါင်းအား ပိတ်ရိုက်လိုက်သည်။

"ဝမ်ကွမ်...မင်းဘယ်လိုလုပ်ပြီး ပိုဝလာတာလဲ"

ချမ်ဝမ်ကွမ်သည် ကျန်းရီကို လွှတ်ပေးလိုက်ပြီး ရယ်မောနေသည်။ ကျန်းရီကမူ နန်းဆောင်၏ တစ်ဖက်ခြမ်းမှ အခြားလူငယ်အား လှမ်းကြည့်လိုက်သည်။ ထိုလူငယ်မှာ ကြေးညိုရောင်အသားအရည်ရှိပြီး အလွန်ချောမောခန့်ညားသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြပြီး ပွေ့ဖက်လိုက်ကာ ရယ်မောလိုက်ကြသည်။

"ဝူရွှမ်း...မတွေ့တာကြာပြီ၊ မင်းတကယ် ဒီရောက်လာတယ်...ငါတကယ် အံ့အားသင့်သွားတာ "

ကျန်းရီသည် ရယ်နေခဲ့ပြီး ဘေးမှ ကျန်းရှောင်နူအား လှည့်ပြောလိုက်သည်။

"ရှောင်နူ...တစ်ယောက်ယောက်ကို စားသောက်စရာတွေ ပြင်ခိုင်းချေ၊ ငါဝမ်ကွမ်တို့၊ ဝူရွှမ်းတို့နဲ့အတူ ပျော်ပျော်ပါးပါး သောက်ဦးမယ်"

"ဟုတ်ကဲ့...သခင်လေး"

ကျန်းရှောင်နူသည် ထွက်သွား၍ ကုန်းကုန်းများ၊ နန်းတွင်းအစေခံလေးများကို ဝိုင်နှင့် စားကောင်းသောက်ဖွယ်များ ပြင်ဆင်ရန် ခိုင်းလိုက်သည်။ ကျန်းရှောင်နူ၏ ပုခုံးထက်မှ မြေခွေးလေးသည် စားသောက်ပွဲရှိမည်ဟု ကြားသောအခါ စိတ်လှုပ်ရှားစွာ မျှော်လင့်နေတော့သည်။

"လောရွှယ်က ထီးနန်းဆက်ခံတယ်...ဒီလို ပွဲကြီးကို ငါတို့ လာပြီး ဂုဏ်မပြုလို့ ဘယ်ဖြစ်မလဲ"

ကျန့်ဝူရွှမ်းသည် ရယ်မော၍ ကျန်းရီအနီးကပ်ကာ ပြောလာလေ၏။

"ကျန်းရီ...မင်းက တကယ့်ကောင်ပဲ၊ မင်းကို ငါမတွေ့တာ တစ်နှစ်လောက်ပဲရှိသေးတယ် ဒါပေမယ့် မင်းက ကိစ္စအကြီးကြီးတွေ လုပ်ပြီးနေပြီ။ အခုဆို ရှားနိုင်ငံရဲ့ ကိုယ်စားအုပ်ချုပ်သူတောင် ဖြစ်နေပြီ...မင်းနဲ့လောရွှယ်ရဲ့ လက်ဆက်ပွဲက သိပ်မကြာတော့ဘူးမလား"

ကျန်းရီသည် နှာခေါင်းပွတ်၍ ရှက်ရယ်ရယ်လိုက်သည်။ သူသည် တစ်ခုခုကို သတိရသွားကာ ပြန်ဖြေလိုက်သည်။

"ဒါက လောရွှယ်ရဲ့သဘောပါ၊ ဟုတ်သား...ဝူရွှမ်း...မင်းနဲ့မင်းသမီးယွင်ဖေးရော အခြေအနေဘယ်လိုလဲ၊ အဲ့ဒီတုန်းက ငါသူမကို ဒီနန်းတော်ထဲမှာ တွေ့ခဲ့ပေမယ့် သင်တန်းကျောင်းကို ပြန်ဖို့အလျင်လိုနေတာနဲ့ ငါချက်ချင်းထွက်သွားခဲ့တာ"

"ဟူး..."

ထိုခေါင်းစဉ်သို့ ရောက်သွားသည့်အခါ ကျန့်ဝူရွှမ်း၏ မျက်နှာမှာ ဖြူလျော်သွားသည်။ ချမ်ဝမ်ကွမ်သည် ခေါင်းရမ်း၍ သက်ပြင်းတချချဖြစ်နေပြီး ကျန့်ဝူရွှမ်းကမူ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် သူသည် ရုတ်တရက် အံကြိတ်၍ ပြောလာလေ၏။

"ကျန်းရီ...ငါ့ကို တစ်ခုကူညီနိုင်မလား"

ကျန်းရီ၏ မျက်နှာမှာလည်း အလေးအနက် ဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။

"ဝူရွှမ်း...ပြောလေ၊ ငါလုပ်တဲ့ဟာ ဖြစ်နေသရွေ့ ငါမငြင်းဘူး"

"ကောင်းပြီ"

ကျန့်ဝူရွှမ်း၏ကိုယ်မှ လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့ပြီး အံကြိတ်၍ အေးစက်စွာ ပြောလာလေ၏။

"ယွင်လုကို အတူသတ်ဖို့ ငါ့ကိုကူညီပါ"

*****

All Chapters