မာန်ဘိုးဘေးတို့ရဲ့ ပညာရပ်
Vol. 2 Ch. 18
“စုမင် ဒါတွေက မင်းမာန်နတ်ဘုရားဆီက အမွေဆက်ခံရတဲ့ အထဲမှာ မပါပေမဲ့ အားလုံးက မာန်စွမ်းအားရှင် တစ်ယောက် သိကိုသိထားရမယ့် အချက်တွေပဲ။ ငါကတော့ ဒီဘဝမှာ ဉာဏ်အလင်းပေါက် အဆင့်ကို ရောက်နိုင်တော့မှာ မဟုတ်ဘူး”
“လေပြေစီးကြောင်းက အကြီးအကဲဆိုရင် အသက် ၂၀ မတိုင်ခင်အထိ ငါ့လောက်တောင် စွမ်းအားမရှိခဲ့ဘူး။ သူ့အသက် ၃၄ နှစ်မှာ ငါနဲ့ စီးချင်းထိုးနိုင်ဖို့ အနိုင်နိုင် ကြိုးစားနေရတုန်း။ အဲဒီတုန်းက အနီးအနားတစ်ဝိုက်က မျိုးနွယ်စုမှန်သမျှ ငါဘယ်သူလဲ ဆိုတာ မသိတဲ့သူမရှိဘူး”
ပြောရင်းနှင့် အကြီးအကဲ၏မျက်နှာမှာ ရဲတက်လာသည်။ သူ့မျက်လုံးထဲတွင် ဂုဏ်ယူနေသည့် အရိပ်အယောင်များ စွန်းထင်းနေ၏။
သို့သော် ၎င်းဂုဏ်ယူမှု ရောင်စဉ်များမှာ တစ်စုံတစ်ရာကြောင့် မှေးမှိန်သွားလေသည်။၊ အကြီးအကဲ၏ မျက်လုံးများမှာ သေတ္တာတစ်ခုထဲ ထည့်ပိတ်ခံရပြီး ဖုန်မှုန့်အထပ်ထပ်အောက် ရောက်ရှိသွားသလိုမျိုးပင်။
“အဲဒီအချိန်တုန်းက ငါက သွေးကြောကျောက်သား ကျင့်စဉ်ရဲ့ နဝမအဆင့်ကို ရောက်နေပြီ”
အကြီးအကဲက ခါးခါးသီးသီး ရေရွတ်လိုက်၏။ သူ့မျက်ဝန်းထဲတွင် အတိတ်ကို ပြန်ပြောင်း အောက်မေ့မှုများနှင့်အတူ ဝမ်းနည်းမှုများက ကြီးထွားလာနေသည်။
“စုမင် မင်းမှတ်ထား။ မင်းထက် သန်မာပြီး မင်းထက် စွမ်းအားကြီးမားတဲ့သူ ဆိုတာ ရှိစမြဲပဲ။ မင်းဘယ်တော့မှ မာန မထောင်လွှားနဲ့ ...”
အကြီးအကဲက အတိတ်အကြောင်းကို ဆက်မပြောချင်တော့သည့်ဟန်နှင့် ခေါင်းသွင်သွင် ခါယမ်းလိုက်သည်။
“ငါ့ဘဝမှာ မျိုးနွယ်စုကနေ သုံးကြိမ်သုံးခါ ထွက်ခွာခဲ့ရတာမို့ အများကြီး တွေ့ကြုံရင်ဆိုင်ဖူးတယ်။ စွန့်လွှတ်ဆုံးရှုံးခဲ့ရတာတွေ အများကြီးရှိပေမဲ့ ငါ မာန်ပညာရပ်တစ်ခုကို သင်ယူနိုင်ခဲ့တယ်။ ဒါဟာ လေပြေစီးကြောင်း မျိုးနွယ်ဝင်တစ်ယောက် ဘယ်သောအခါမှ သင်ယူနိုင်မှာ မဟုတ်တဲ့ ပညာရပ်ပဲ။ ဒီလို အလယ်အလတ်တန်း အင်အားရှိတဲ့ မျိုးနွယ်စုတစ်ခုမှာ ရှာဖွေတွေ့ရှိဖို့လည်း သိပ်ခက်တယ်။ ဒီပညာရပ်ဟာ ငါတို့ မာန် ဘိုးဘေးဘီဘင်တွေ ချန်ထားရစ်ခဲ့တ အင်အားကြီး မျိုးနွယ်စုတွေမှာသာ သင်ယူနိုင်တဲ့ ပညာရပ်ဖြစ်တယ်”
“ဒါဟာ စစ်မှန်တဲ့ မာန်စွမ်းအားရှင်တို့ရဲ့ ဉာဏ်အလင်းပေါက် ပညာရပ်ပဲ။ တစ်သက်တာမှာ တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ရွေးချယ်ခံ အမွေခံကို ကောင်းချီးပေးဖို့ သုံးတဲ့ပညာရပ်ဖြစ်တယ်”
အကြီးအကဲက အာရုံစူးစိုက်မှုအပြည့်နှင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလို သူ့လက်ဖဝါးတစ်ခုလုံး သွေးများ စွန်းပေသွားပြီး လက်ဖဝါးနှင့် စုမင်နဖူးပေါ် ဖိချလိုက်၏။
“စုမင် ဒါဟာ ငါ့တစ်သက်တာမှာ တစ်ကြိမ်တစ်ခါတည်းသော ဉာဏ်အလင်းပေါက် ပညာရပ်ကို အသုံးပြုခြင်းဖြစ်ပြီး မင်းကို လွှဲပြောင်းပေးခြင်း ဖြစ်တယ်။ မင်းအတွက် ငါ့ရဲ့ ကောင်းချီး ထုံမွှမ်းပေးမှုပဲ။
“တစ်နေ့ကျရင် မင်းက ငါမပြည့်ဝခဲ့တဲ့ အိပ်မက်ကို အကောင်အထည် ဖော်နိုင်ပြီး နက်မှောင်တောင် လူမျိုးစုအတွက် ဉာဏ်အလင်းပေါက် အဆင့်ကို ရောက်ရှိနိုင်မယ်လို့ ငါမျှော်လင့်တယ်”
“မင်းကိုယ်ထဲက ချီကို အသက်သွင်းပြီး ငါ အနှစ်ရှစ်ဆယ်တိတိ ကျင့်ကြံခဲ့တဲ့ မာန်သွေးတွေကို စုပ်ယူလိုက်စမ်း”
အကြီးအကဲ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးရောင်ရဲရဲများ ဖုံးလွှမ်းသွား၏။ သွေးများ စီးကျနေသည့်အတိုင်း အနီရောင်သည် သူ၏ ညာဘက်လက်တွင် ထင်ထင်ရှားရှားကြီး ပေါ်လာ၏။ များပြားလှသည့် သွေးကြောများ အကြီးအကဲ၏ ကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ စုမင် ကြည့်ရုံနှင့် အနည်းဆုံး သွေးကြောပေါင်း (၇၀၀) ခန့် ရှိရမည်ဟု ခန့်မှန်းမိလိုက်သည်။
ဒါ အကြီးအကဲရဲ့ စွမ်းအားအစစ်အမှန်ပဲ … ပျံ့နှံ့ဖြာဆင်းနေသည့် သွေးကြောပေါင်း ၇၀၀ ကျော်။ ထို့ကြောင့် အကြီးအကဲမှာ သွေးကြောကျောက်သား ကျင့်စဉ်အဆင့် (၉) သာ ရှိသေးသော်လည်း အဆင့် (၁၀) တန်းဝင်သည့် မာန်စွမ်းအားရှင် တစ်ယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။
စုမင် တုန်ယင်သွား၏။ သူ့တစ်ကိုယ်လုံးအနှံ့ သွားလာနေသော ချီစွမ်းအင်ထုကြီးကြောင့် ကြီးမားလှသည့် အပူလှိုင်းကြီးမှာ စုမင်၏ နဖူးပြင်မှ ခန္ဓာကိုယ်နေရာအနှံ့ အဆုံးမရှိ စီးဆင်းနေ၏။ ထို့ကြောင့် သူ့ ချီစွမ်းအင် လှည့်လည်မှု အရှိန်အဟုန်မှာ တစ်မုဟုတ်ချင်း တိုးပွားလာသည်။ စုမင်၏ မွေးညင်းပေါက်များထဲမှ အနက်ရောင် အခိုးအငွေ့များ ထွက်လာပြီး တစ်ကိုယ်လုံးရှိ အတားအဆီး မှန်သမျှ ပွင့်ထွက်လာ၏။ အသက်တစ်ခါ ရှူလိုက်တိုင်း အနီးအနားတွင် ရှိရှိသမျှ လေအများကြီး ရှုနေမိသလို သူ့ခန္ဓာကိုယ်က ခံစားနေရသည်။
ကျိုးကြေသံတစ်ခုက လေထုထဲ ပျံ့နှံ့လာ၏။ စုမင် ခန္ဓာကိုယ်မှာ တုန်ခါမနေတော့ပေ။ ယခုလေးတင် အလွန်အားကောင်းသည့် အားဖြည့်စာတစ်ခု စားပြီးသလိုမျိုး သူ့မျက်နှာက နီရဲနေသည်။ သူ့ ကိုယ်ပေါ်မှ သွေးကြောများ စတင် ပြောင်းလဲလာ၏။
စောနက ထင်ယောင်ထင်မှားလိုလို မှေးမှေးမှိန်မှိန်သာ ရှိနေခဲ့သော ခုနစ်ခုမြောက် သွေးကြောမှာ ပျံ့နှံ့ဖြာဆင်းလာပြီ ဖြစ်၏။ ၎င်းသွေးကြောပေါ်ပြီးသည်နှင့် ရှစ်ခုမြောက် သွေးကြောလည်း နောက်က လိုက်လာသည်။ ကိုးခုမြောက် သွေးကြောသည်လည်း ထပ်မံ ပေါ်ပေါက်လာ၏။
ခန္ဓာကိုယ်တွင်း ချီ လှည့်လည် သွားလာနှုန်းက ကြောက်စရာ အရှိန်အဟုန်နှင့် တိုးတက်လာနေသည်။ တစ်ကြိမ် လှည့်လည် စီးဆင်းပြီးသွားသည့်အခါတိုင်း စုမင်ကိုယ်ထဲမှ ရှိသမျှ သွေးများအကုန် အေးခဲစေးပျစ်သွားသလိုမျိုး ခံစားနေရသည်။
“ဒါဟာ သွေးကြော ကျောက်သားရဲ့ အစစ်မှန်ဆုံး ဆိုလိုရင်းပဲ။ မင်းဟာ မင်းရဲ့သွေးတွေကို ကျောက်သားလို ခိုင်မာတည်မြဲပြီး စင်ကြယ်ရှင်းသန့်ပြီးရင် အဲဒီသွေးတွေကို မာန်သွေးတွေ အဖြစ် ပြောင်းလဲပစ်ရမယ်”
ယခင်ကဆိုလျှင် စုမင်မှာ ကျင့်စဉ်လေ့ကျင့်ချိန်တိုင်း ခန္ဓာကိုယ်ထဲတွင် သွေးအလုံအလောက် မရှိသလို ခံစားခဲ့ရသည်။ သို့သော် ယခုအချိန် အခိုက်အတန့်တွင် ထိုခံစားချက်မှာ လုံးဝပျောက်ကွယ်သွားပြီး နဖူးမှ တစ်ကိုယ်လုံး အပူများ အဆက်မပြတ် စီးဆင်းနေသည်။ သူ့တွင် သွေးမလုံလောက်ခဲ့သည့် အချိန်များမှာ အိပ်မက်ပမာ ကျန်ရစ်ခဲ့ပြီ ဖြစ်၏။
အနီရောင်အလင်းစိုင်များ လွှမ်းခြုံနေသည့် အကြီးအကဲမှာ အနီရောင် အလင်းလုံးကြီး တစ်ခုနှင့် တူနေသည်။ စုမင် ကိုယ်တိုင်လည်း အနီရောင် အလုံးတစ်လုံးလို ဖြစ်နေ၏။ အကြီးအကဲနှင့် ယှဉ်လိုက်လျှင် လရောင်နှင့် ပိုးစုန်းကြူး သာသာ ရှိသေး၏။ သို့သော် ထိုပိုးစုန်းကြူး အလင်းရောင်လေးသည် လရောင်ထံမှ အလင်းများကို စုပ်ယူနေသလို တစ်စတစ်စ ကြီးထွားအားကောင်းလာနေ၏။
“ဒါ ... ဒါက အခုနက အကြီးအကဲ ပြောခဲ့တဲ့ဟာပဲ။ ဒါဟာ မာန်မျိုးနွယ်စုရဲ့ စစ်မှန်တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ အလင်းပွင့်ခြင်း ဖြစ်စဉ်ပဲ။ ဒါဟာ အင်အားကြီး မာန်မျိုးနွယ်စုတွေမှသာ ပိုင်ဆိုင်တဲ့ ရှေးဟောင်း မာန် အတတ်ပညာရပ်ပဲ”
ကိုးခုမြောက် သွေးကြော ပျံ့နှံ့ဖြာဆင်းလာသည်နှင့် စွမ်းအားများ ပြည့်လျှံလာသည့် ခံစားချက်မျိုး စုမင် တစ်ကိုယ်လုံး လွှမ်းခြုံလာသည်။ သူ့ခန္ဓာကိုယ်ထဲမှ မည်းညစ်ညစ် အနံ့ဆိုးများ ပျောက်ပျက်သွားပြီး အမျိုးအမည် ဖော်ပြခြင်းငှာ မစွမ်းသာသည် မွှေးရနံ့တမျိုး အစားထိုး ဝင်ရောက်လာသည်။
စုမင်တကိုယ်လုံး နွေးထွေးပြီးသက်သောင့်သက်သာ ခံစားနေရ၏။
အကြီးအကဲက စုမင်၏ ကိုယ်ခန္ဓာအား အာရုံစိုက်ကြည့်နေသည်။ သူသိထားသည့် ရှေးဟောင်း မာန်အတတ်ပညာရပ်၏ အနှစ်သာရ၊ စစ်မှန်သော မာန်အလင်းပွင့်ခြင်း ဆိုသည်မှာ အမွေဆက်ခံသူ၏ ကျင့်ကြံမှုကို တိုးပွားလာစေခြင်း မဟုတ်ဘဲ ခနွာကိုယ်ထဲတွင် မလိုလားအပ်သော အညစ်အကြေးများကို ဖယ်ရှားပေးခြင်း ဖြစ်သည်။ အရွေးချယ်ခံ အမွေခံအတွက် မာန်စွမ်းအားကျင့်ကြံနိုင်ရန် သင့်တော်သည့် ကိုယ်ခန္ဓာတစ်ခု ဖန်တီးပေးခြင်း ဖြစ်သည်။ အရွေးချယ်ခံ၏ မာန်စွမ်းအင်ကျင့်ကြံခြင်းခရီးစဉ် ပို၍ သာယာချောမွေ့အောင် ပြုလုပ်ပေးခြင်း ဖြစ်သည်၊၊
ခန္ဓာကိုယ်မှ မလိုလားအပ်သော အညစ်အကြေးများကို ဖယ်ရှားခြင်းဆိုသည်မှာ အလွယ်ကလေး ဖယ်ထုတ်၍ ရသည်မျိုး မဟုတ်ပေ။ ၎င်းအရာများကို ဖယ်ရှားနိုင်ရန် စုမင်အတွက် သူ့ မာန်သွေးများကို လမ်းပြအဖြစ်သုံးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ တစ်သက်တာတွင် တစ်ခါသာ အသုံးပြုနိုင်မည့် ပညာရပ် ဖြစ်သည်။
အကယ်၍ ဒုတိယအကြိမ် အသုံးပြုမိလျှင် ကိုယ်ခန္ဓာမှာ ပေါက်ကွဲပြီး ဝိညာဉ်လည်း အပိုင်းပိုင်းအစစ ပြတ်ထွက်သွားမည် ဖြစ်၏။
စုမင်၏ ခန္ဓာကိုယ် ရနံ့ပိုမို မွှေးပျံ့လာသည်ကို ကြည့်ရင်း အကြီးအကဲက ပြုံးလိုက်သည်။ သို့တိုင် သူမရပ်တန့်သေး။ အသက်ပြင်းပြင်းရှူပြီး ဘယ်လက်ကိုမြှောက်ကာ ညာလက်ပေါ် ဖိကပ်လိုက်ပြန်၏။ မကြာခင်မှာ ပိုမို အားပြင်းသည့် အပူလှိုင်းများ စုမင် ကိုယ်ထဲ တိုးဝင်လာပြန်သည်။
စုမင် တုန်ခါသွားသည်။ အနွေးဓာတ် ဝင်ရောက်လာသည့်အခါ သူ့ကိုယ်မှ အနက်ရောင် အညစ်အကြေးများ မထွက်လာတော့ပေ။ နှလုံးခုန်သံမှာ တစ်ကိုယ်လုံးတွင် ပဲ့တင် ထွက်ပေါ်လျက် ရှိ၏။ ထို့နောက် သူ့မျက်လုံးထဲမှ မည်းညစ်ညစ် အရည်များ စီးကျလာသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရ၏။
တစ်ချိန်တည်းတွင် ဆယ်ခုမြောက် သွေးကြောမှာ အထင်အရှား ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။ အချိန်မှာ သိပ်ပင်မကြာလိုက်ပေ။ သူ့ခန္ဓာကိုယ်တွင် ဆယ့်တစ်ခုမြောက် သွေးကြော ခပ်ရေးရေးလေး ထွက်ပေါ်နေပြီ ဖြစ်၏။
ဆယ့်တစ်ခုမြောက် သွေးကြောပျံ့နှံ့ဖြာဆင်းပြီ ဆိုသည်နဲ့ စုမင်မှာ သွေးကြော ကျောက်သား ကျင့်စဉ်၏ တတိယမြောက်အဆင့်သို့ ရောက်ရှိမည် ဖြစ်၏။
သို့တစေ ဆယ့်တစ်ခုမြောက် သွေးကြောထွက်ပေါ်လာရန်မှာ အလွန်ခက်ခဲကြောင်း ထင်ရှားလှသည်။ စုမင်ခန္ဓာကိုယ်မှ အနက်ရောင် အခိုးအငွေ့များ မထွက်တော့ဘဲ ရနံ့မွှေးပျံ့နေသည့်တိုင် ဆယ့်တစ်ခုမြောက် သွေးကြောမှာ ခပ်ရေးရေးသာ ထွက်လာနေဆဲ ရှိလေသည်။
“စုမင် မင်းရဲ့လေ့ကျင့်မှု တိုးတက်လာအောင် ငါက ထိထိရောက်ရောက်တော့ မကူညီနိုင်ဘူး။ ဘာကောင်းကျိုးမှလည်း ချက်ချင်း ဖြစ်လာမှာမဟုတ်ဘူး။ ဒါပေမဲ့ မင်းဉာဏ်ရှိရှိ အသုံးချတတ်မယ် ဆိုရင်တော့ မင်းဟာ တတိယမြောက် အဆင့်ကို သိပ်မကြာခင် ရောက်ရှိသွားလိမ့်မယ်”
အကြီးအကဲအသံက စုမင်နားထဲသို့ ပဲ့တင်ထပ် ရိုက်ခတ်လာသည်။
စုမင် အသက်ကို တဝကြီး ရှူသွင်း၍ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
မျက်လုံးဖွင့်လိုက်တဲ့ အချိန် ကမ္ဘာကြီးတခုလုံး အနည်းငယ် ပြောင်းလဲသွားသလိုပင်။ သူ၏ အမြင်စွမ်းအားက ပို၍ ကြည်လင်ပြတ်သားလာတယ်။ သူ ယခင်က သတိပင် မထားမိခဲ့သော အသေးစိတ်အရာများကို နေ့အချိန်တွင် မြင်နေရသလိုမျိုး ပြတ်ပြတ်ထင်ထင်ကြီး မြင်နေရသည်။
ကမ္ဘာကြီးက အရင်ကနှင့် လုံးဝ မတူတော့။
စုမင်၏ မျက်ဝန်းများက ရေလိုကြည်လင်နေသည်။ တစ်ယောက်ယောက်သာ အနီးကပ်ကြည့်မည် ဆိုလျှင် ဖန်လုံးလေးလို ဖြစ်နေမည်ကို တွေ့ရပေလိမ့်မည်။ ကြည့်မိသူအဖို့ မျက်လုံး မလွှဲရက်စရာပင်။ စုမင် အကြီးအကဲကို ကြည့်လိုက်သည့်အခါ အကြီးအကဲမှာ ရှိရင်းစွဲထက် ပိုအသက်ကြီးသွားသလိုပင်။ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသည့် အရိပ်အယောင်များကို တွေ့လိုက်ရ၏။ သို့သော် သူ့ကိုကြည့်နေသည့် အကြီးအကဲ၏ မျက်ဝန်းထဲတွင် ကြင်နာသနားမှုနှင့် သံယောဇဉ်များကို အထင်အရှား မြင်နေရလေသည်။
စုမင်မှာ အကြီးအကဲအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူ့ရင်တခုလုံး လှိုက်ဖိုလာပြီး ဘာစကားမှ မပြောနိုင်တော့။ သူ ဒူးထောက်ပြီး အကြီးအကဲအား ဂါရဝပြုလိုက်၏။
“ရပြီ။ မင်းက လူကြီးဖြစ်သွားပြီ။ သာမန်လာစုတစ်ယောက် မဟုတ်တော့ဘူး။ ငါနည်းနည်း ပင်ပန်းနေပြီ။ ပြန်တော့။ ငါအနားယူလိုက်ဦးမယ်”
“အကြီးအကဲ”
စုမင် နှုတ်ခမ်းကို ခါးသီးစွာကိုက်လို့ သူ့ရှေ့မှ မြင်ကွင်းအား အာရုံထဲစွဲနေအောင် မှတ်လိုက်သည်။ မိသားစုတစ်ခု၏ နွေးထွေးကြင်နာသော မေတ္တာကို မျှဝေခံစားပေးခဲ့ပြီး ငယ်ဘဝ တစ်လျှောက်လုံး အဖော်ပြုပေးခဲ့သူ အကြီးအကဲ၏ ကြင်နာသနားမှုကို ယခုဘဝတွင်သာမက ကမ္ဘာအဆက်ဆက် ထာဝရဆုံးတိုင် စုမင် မေ့နိုင်တော့မည် မဟုတ်ပေ။ ၎င်းမှာ စုမင် တစ်သက်လုံး ပြန်မပေးဆပ်နိုင်သည့် ချစ်ခြင်းမေတ္တာ ဆိုသည်ကိုလည်း ကောင်းကောင်းကြီး နားလည်နေသည်။
“ငါနဲ့အတူ လေပြေစီးကြောင်း မျိုးနွယ်စုကိုလိုက်ခဲ့။ ငါတို့တွေ လေပြေစီးကြောင်း မျိုးနွယ်စု အကြီးအကဲဆီ ရောက်တဲ့အခါ မာန်စွမ်းအားရှင်တွေကိုလည်း မြင်တွေ့ရလိမ့်မယ်။ နက်မှောင်တောင်က ကိုယ်စားပြု၊ မဟူရာတောင် ကိုယ်စားပြုတွေနဲ့ တခြားမျိုးနွယ်စု အသေးလေးတွေလည်း သွားရောက်ကြရမှာ။ အဲဒါက မင်းတို့ ဒီခေတ် လူငယ်တွေ အတွက် အတွေ့အကြုံကောင်း တစ်ခုဖြစ်လိမ့်မယ် ....”
စုမင် ထွက်မလာခင် အကြီးအကဲပြောလိုက်သည့် စကားများကို နားထဲမှာ ပြန်ကြားယောင်နေမိသည်။
“ငါမင်းရဲ့ ချီ ကိုရော၊ ရနံ့ကိုပါ ပိတ်စီးပေးထားတယ်။ ငါ့ထက် အစွမ်းရှိတဲ့သူက လွဲလို့ ဘယ်သူမှ သတိပြုမိစရာ မရှိဘူ။ မင်း မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်နေပြီ ဆိုတဲ့အချက်ကို ဘယ်သူ့ကိုမှ ပြောပြနဲ့။ သစ္စာဖောက်ကို ရှာတွေ့ပြီဆိုမှ ဆုံးဖြတ်ချက် ချကြမယ်”
စုမင် ခေါင်းညိတ်ပြလိုက်၏။
အကြီးအကဲက တင်ပျဉ်ချိတ်၍ မျက်လုံးများကို မှိတ်ကာ ကုန်ဆုံးသွားသည့် အားအင်များ ပြန်လည်ဖြည့်တင်းရန် လုပ်နေသည်ကို တွေ့သည်နှင့် စုမင် အလိုက်တသိ တိတ်တိတ်လေး ပြန်လာခဲ့သည်။
စုမင် သိထားချက်များအရ လေပြေစီးကြောင်းသည် အလယ်အလတ်တန်းစား အင်အားရှိ မျိုးနွယ်စုဖြစ်ပြီး အနီးအနား တစ်ဝိုက်ရှိ မျိုးနွယ်စုတို့၏ ခေါင်းဆောင်မျိုးနွယ်စုဟု ပြော၍ရသည်။ ကြားဖူးထားသည့် ကောလာဟလ စကားများအရ လေပြေစီးကြောင်း၏ အကြီးအကဲမှာ ဉာဏ်အလင်းပေါက် အဆင့်သို့ပင် ရောက်ရှိပြီးသူဟု ဆိုကြသည်။ ထိုသူသည် အသက်ရှည်ရုံမက ကောင်းကင်နှင့် မြေပြင်ကိုပါ ဖျက်ဆီးနိုင်သည့် အစွမ်းသတ္တိကို ပိုင်ဆိုင်ထားသည်ဟု ဆိုလေသည်။
“ဉာဏ်အလင်းပေါက်အဆင့် .... ငါ့ဘဝမှာ အဲဒီအဆင့်လောက်ထိ ကျင့်ကြံနိုင်ပါ့မလား မသိဘူး။ ငါ့ရဲ့ ကိုယ်ပိုင်မာန် အမှတ်အသားကိုရော ရေးဆွဲနိုင်ပါ့မလားမသိဘူး”
စုမင်၏ မျက်ဝန်းများမှာ ရည်မှန်းချက်အပြည့်နှင့် လင်းလက်နေသည်။ ဉာဏ်အလင်းပေါက် အဆင့်ဆိုသည်မှာ သူ့အတွက် ဒဏ္႑ာရီပုံပြင် တစ်ခု ပမာပင်။ ယခုထိတော့ သိပ်ကို အလှမ်းဝေးလွန်းလှသည်။။
“ဒါဆို ဒါက အကြီးအကဲရဲ့ စွမ်းအားအစစ်အမှန်တွေပေါ့။ ဒီလောက်ထိ စွမ်းအား ကြီးလိမ့်မယ်လို့ မထင်ထားဘူး။ မဟူရာတောင်ရဲ့ အကြီးအကဲမှာလည်း လျှို့ဝှက်ချက်တွေတော့ ရှိမှာပဲ မဟုတ်ရင် သူတို့လည်းဒီလောက်ထိ ခံစရာမရှိဘူး”
စုမင် ထိုအကြောင်းများ မတွေးမိအောင် ခေါင်းကို ခါယမ်းလိုက်၏။
လအတော်ကြာကြာ ပစ်ခတ်ထားခဲ့သည့် အိမ်သို့ စုမင်ပြန်ရောက်လာသည်။ အိမ်မှာ သန့်ရှင်းနေသည်။ ဖုန်တစ်စက်တလေမျှပင် မရှိ။ သူမရှိခဲ့သည့်ရက်များအတွင်း ချန်းရှင်း ရောက်လာမှန်း စုမင်သိလိုက်သည်။
ချန်းရှင်းမှာ နက်မှောင်တောင် မျိုးနွယ်စုတစ်ခုလုံးတွင် သူနှင့် အခေါ်အပြောရှိသည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်သည်။ ချန်းရှင်းသည် မျိုးနွယ်စုခေါင်းဆောင်၏ သမီးဖြစ်ပြီး အနာဂတ်၏ မျိုးနွယ်စု ခေါင်းဆောင် အလောင်းအလျာနှင့် လက်ဆက်ရမယ့်သူ ဖြစ်သည်။ ထိုမှ မျိုးနွယ်စု ဆက်လက် သာယာဝပြောပြီး အဓိကရုဏ်းများ ဖြစ်ပွားမှု မရှိမည် ဖြစ်၏။
ယင်းအချက်ကို စုမင်မှာ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ ဝမ်းနည်းခြင်းမျိုး မရှိခဲ့ပေ။ ချန်းရှင်းမှာ သူ့အတွက် ညီမလေး တစ်ယောက်လို ဖြစ်ပြီး တခြားခံစားချက်လည်း မရှိပေ။
စုမင်က သစ်သားကုတင်ပေါ်တွင် တင်ပျဉ်ချိတ် ထိုင်ချပြီး လည်ပင်းမှ ကျောက်တုံးလေးကို ကိုင်၍ လေးလေးနက်နက် စဉ်းစားလိုက်၏။
ညရောက်သည်နှင့် လေ့ချန်မှာ ဝေခွဲမရသည့်ဟန်မျိုးနှင့် စုမင်ထံ ရောက်လာသည်။ စုမင်ကို မြင်လိုက်ရသည့်အခါ ထပ်မံ အံ့အားသင့်သွားပြန်သည်။ သူ့မျက်နှာမှ ကြောင်တောင်တောင် အမူအရာကြောင့် စုမင်ပြုံးမိလိုက်၏။
မဟူရာတောင်တွင် မာန်စွမ်းအားရှင်များထံမှ ရလာသည့် ကျန်နေသေးသည့် ဆေးပင်အပိုင်းကို စုမင် ထုတ်ပြလိုက်၏။ စုမင်အနေနှင့် ဝေဟင်ကျောက်တုံးပင် အကြောင်းကို အသေအချာ သိသည်။ ၎င်းမှာ ဒေသထွက် အရှားပါးဆုံး ဆေးပင်များထဲတွင် ပါဝင်၏။ ဆေးမြစ်အား တောင်တွေရှိသည့်အရပ်တွင် ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းရသည့် အပင်မျိုး ဖြစ်သည်။ ယခင်က ရဖူးသည့် အပင်များနှင့်မတူဘဲ သစ်ရွက်ခြောက်ရွက်နဲ့ ကောင်းကောင်း ကြီးထွားနေသည့် အပင်ပေါက်လေး ဖြစ်သည်
“ဝေဟင်ကျောက်တုံးပင်ပဲ။ ငါ ဆေးဖော်စရာရှိလို့။ ငါ လိုပေမဲ့ မင်းအတွက် တစ်ရွက် ပေးလို့ရတယ်။ မင်း ကျင့်ကြံတဲ့အခါ အကူအညီဖြစ်နိုင်တယ်”
စုမင်က အရွက်တစ်ရွက်ကို ခူးလိုက်ပြီး လေ့ချန်အား ပေးလိုက်၏။
လေ့ချန်က ခေါင်းကုတ်ပြီး တဟားဟား ရယ်လိုက်သည်။ ရင်ဘတ်ကို ရှက်ရှက်နှင့် ပုတ်ပြီး စုမင် လက်ထဲမှ လှမ်းယူလိုက်၏။
“စုမင်၊ ငါက ကိစ္စအားလုံးကိုတော့ မကျွမ်းကျင်ပါဘူး။ ဒါပေမဲ့ ငါငယ်ငယ်ထဲက မင်းကို ပြောခဲ့တယ်၊ ငါ တစ်နေ့ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာမှာ။ ငါရှိနေသရွေ့ မင်းကို ကာကွယ်ပေးသွားမှာ”
စုမင်က အားရပါးရ ရယ်မောလိုက်ပြီး လေ့ချန်နဲ့ စကားဆက်လိုက်၏။ လေ့ချန်မှာ သူပြောနေသည်ကိုပင် အာရုံမစိုက်နိုင်ဘဲ ဝေဟင်ကျောက်တုံးရွက်ထံ၌သာ မျက်စိ မလွှဲနိုင်ဘဲ ဖြစ်နေသည်ကို စုမင် သတိထားမိလိုက်၏။ သူ့ပုံစံမှာ သစ်ရွက်ကို ယခုပင် စား၍ ကျင့်ကြံခြင်း စတင်ချင်သည့်ပုံ။ ထို့ကြောင့် စုမင်မှာ ပင်ပန်းနွမ်းနယ်နေဟန် ဆောင်လိုက်၏။ စုမင် ဖြစ်သွားသည့် အမူအရာကို မြင်သည်နှင့် လေ့ချန် မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ သူ ထရပ်ပြီး မြန်မြန်ထွက်သွားတော့၏။
ကောင်းကင်မှာ မှောင်မိုက်နေပြီ ဖြစ်၍ စုမင်က တံခါးကို ထိုင်ခုံနှင့်ပိတ်ပြီး ခုတင်ပေါ်တွင် တင်ပျဉ်ချိတ် ထိုင်လိုက်သည်။ အသက်ကို ဝဝရှူပြီး လည်ပင်းမှ ကျောက်နက်ကလေးအား ကိုင်ရင်း လေးလေးနက်နက် စဉ်းစားမိပြန်သည်။ စိတ်ထဲတွင် သူရောက်ရှိခဲ့သည့် ထူးဆန်းလှသည့် နေရာလေးကို ပြန်မြင်ယောင်နေမိသည်။
“ငါကို အများကြီး အကျိုးပြုတဲ့ မြူမှုန်ထိုးခွဲတော့ ရထားပြီးပြီ။ နောက်ထပ်ကော ဘာအသစ် ထပ်ရမလဲ မသိဘူး”
စုမင် မျက်လုံးများကို မှိတ်လိုက်၏။ ထူးဆန်းသောနေရာဆီ ထပ်မံသွားရောက်နိုင်သည့် နည်းလမ်းကို သူတွေ့ထားသည်မှာ ကြာပြီ ဖြစ်သည်။ သူလေ့ကျင့်နေသည့်အခါ ရှိရှိသမျှ သွေးအားလုံး ရင်ဘတ်ထံ ပို့ဆောင်နိုင်ဖို့သာ လိုအပ်သည်။ သို့ဆိုလျှင် ထူးဆန်းသည့် နေရာထံ နောက်တစ်ခေါက် ရောက်သွားနိုင်မည် ဖြစ်သည်။
၎င်းနည်းလမ်းကို သူ အခေါက်ခေါက် လေ့ကျင့်ပြီး ဖြစ်သည်။ ဒီတစ်ကြိမ်တော့ သူ လက်တွေ့လုပ်ကြည့်ရပေတော့မည်။
*****