← Chapters

တင်းကျပ်သွားသော လက်သီးဆုပ်များ

Vol. 9 Ch. 81

တင်းကျပ်သွားသော လက်သီးဆုပ်များ

Vol. 9 Ch. 81

"အဖေ နိုးလာပြီလား"

"ဂိုဏ်းခေါင်းဆောင် နောက်ဆုံးတော့ နိုးလာပြီပေါ့၊ ဂိုဏ်းခေါင်းဆောင် တာဝန်ယူဖြေရှင်းပေးဖို့ ကျွန်တော်တို့ အားလုံး စောင့်နေကြတာ"

"အဲ့ဒီ နတ်ဆိုးကောင်က သိုးရေခြုံထားတဲ့ ဝံပုလွေကောင်ပဲ၊ ဂိုဏ်းခေါင်းဆောင်ကို နတ်ဆိုးလမ်းစဉ် လျှောက်လှမ်းတဲ့သူလို့ စွပ်စွဲပြီးတော့ ကျွန်တော်တို့ကို ဆန့်ကျင်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ သစ္စာရှိမှုက အလင်းလိုမျိုး ရှင်းလင်းပါတယ်"

"ဂိုဏ်းခေါင်းဆောင်ကို တင်ပြပါတယ်၊ ကျွန်တော်တို့ ကြားထဲမှာ သစ္စာဖောက် တစ်ယောက်ရှိနေတယ်"

များစွာသော ပြောဆိုသံများကြားထဲမှ ပိုင်ချင်းဝူ ရှုပ်ထွေးစွာဖြင့် ဝေဝေဝါးဝါး မေးလိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ လူတွေအများကြီး ဒီမှာစုဝေးနေရတာလဲ"

"ပြီးတော့ မင်းအစောပိုင်းက ပြောသွားတဲ့ သစ္စာဖောက် တစ်ယောက်ရှိနေတယ် ဆိုတာ ဘာကိုပြောချင်တာလဲ"

"သစ္စာဖောက်က..."

ပိုင်ချင်းဝူထံသို့ အကုန်လုံး တိုင်တောနေချိန်မှာပဲ အစီအရင်ဝိညာဉ်သည် ချီယွမ်ရှိရာသို့ လက်နောက်ပစ်ကာ သွားလိုက်ရင်း ချီးကျူးလိုက်သည်။

"ချီတ၊ မင်းလုပ်ခဲ့တာ တော်တယ်၊ မင်းငါ့ကို စိတ်မပျက်စေခဲ့ဘူး"

ထို့နောက်တွင် အစီအရင်ဝိညာဉ်က ခေါင်းယမ်းလိုက်ရင်း ခပ်တိုးတိုး ပြောလိုက်၏။

"တိမ်ကြွေဂိုဏ်းက မင်းလိုမျိုး ပါရမီရှင်ကို ဘယ်လို ကံကောင်းပြီး ရနိုင်ခဲ့တာလဲ မသိဘူး၊ ကြည့်ရတာ မင်းကြောင့် တိမ်ကြွေဂိုဏ်းတော့ ကံမကုန်သေးဘူးဘဲ"

"ဟီးဟီး"

ချီယွမ် ခြောက်ကပ်စွာ ရယ်မောလိုက်ရင်း ပုံမှန်လိုမျိုး ပြန်ဖြေကြားလိုက်သည်။

"တစ်ကယ်တော့ ကျွန်တော်က အစီအရင် သခင်ကြီးရဲ့ လုပ်နိုင်စွမ်းကို အားကိုးပြီး လျှောက်လုပ်လိုက်တာပါ၊ အကြီးအကဲ တစ်ယောက်က မိသားစုရဲ့ ရတနာပဲ ဆိုတဲ့ဆိုရိုးစကားအတိုင်းပဲ အစီအရင်ဝိညာဉ် သခင်ကြီးကမှ တိမ်ကြွေဂိုဏ်းရဲ့ ထောက်တိုင် တစ်ယောက်ပါ"

"မင်း ငါ့ကို လာမြှောက်မနေနဲ့"

အစီအရင်ဝိညာဉ်ကြီးက စိုက်ကြည့်လာကာ...

"ဒီအဘိုးကြီးက နောက်ထပ် နှစ်တွေလည်း ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်သေးတယ်၊ ပြောရရင် ဘယ်သူပဲ ဂိုဏ်းခေါင်းဆောင် ဖြစ်ဖြစ် အရေးမကြီးပါဘူး၊ မင်းနဲ့ ကျေးဇူးကြွေး ရှိနေလို့သာ မဟုတ်ရင် ငါ ဒီကိစ္စကို ဝင်ရှုပ်မှာတောင် မဟုတ်ဘူး၊ ကဲ ငါသွားပြီ၊ အရေးမကြီးရင် ငါ့ကိုလာ မနှောင့်ယှက်နဲ့"

ပြောပြီးသည်နှင့် အစီအရင်ဝိညာဉ်၏ ပုံရိပ်သည် ဝေဝါးလာကာ နေရာမှချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။

[အိုး ဟုတ်သားပဲ၊ အဲ့ဒီ ပုန်းနေတဲ့ ကျန်းချိုက်ချမ်းနဲ့ လီမင်ဝမ်က ဒီကိုလာနေကြတုန်းပဲ]

မှတ်မိသွားသည်နှင့် ချီယွမ်သည် အိပ်ကပ်အတွင်းမှ ဆက်သွယ်ရေး မန္တန်စာရွက်ကို တစ်ရွက်ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ မန္တန်စာရွက်ကို အသက်သွင်းတော့မည့်အချိန်မှာပဲ စနစ်၏ မျက်နှာပြင်အထက်တွင် တာဝန်အလင်းတန်းများ ဝင်ရောက်လာကာ နောက်ထပ် တာဝန်တစ်ခုကို အသက်သွင်းလာလေ၏။

"တာဝန်အသစ် ပေးအပ်ပါတယ်၊ အခုဆိုရင် တိမ်ကြွေဂိုဏ်းက ပျက်ဆီးသွားခဲ့ပြီ။ နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းတဲ့ အတွင်းခန်းမရဲ့အကြီးအကဲ ယင်ချင်းယွမ်က ဂိုဏ်းခေါင်းဆောင်ကို ပုန်ကန်ပြီး သတ်ပစ်လိုက်တယ်၊ ကြမ်းတမ်းတဲ့ တိုက်ပွဲအပြီးမှာ ယင်ချင်းယွမ်က အာဏာကို အောင်မြင်စွာ ရရှိနိုင်ခဲ့ပြီး တိမ်ကြွေဂိုဏ်းကို ထိန်းသိမ်းလိုက်နိုင်တယ်"

"ဒါပေမဲ့ ပိုင်ရှင်က ယင်ချင်းယွမ်နဲ့ သူ့ရဲ့သားက နတ်ဆိုးဂိုဏ်းရဲ့ လူယုံတွေမှန်း ကြိုပြီးသိထားတဲ့အတွက် သတိကြီးကြီးထားခဲ့တာမလို့ အဲ့ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်ပြီး ဂိုဏ်းတူအစ်မ ပိုင်ရှီရို့ကိုပါ ပရမ်းပတာ အခြေအနေကြားက ဆွဲထုတ်နိုင်ခဲ့ပါတယ်၊ သေရေးရှင်ရေး အခြေအနေကနေ ပိုင်ရှင်က သူမနဲ့အတူ တိမ်ကြွေဂိုဏ်းက လွတ်မြောက်လာခဲ့တယ်၊ ဒါပေမဲ့ သူမရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးချီစွမ်းအင် အရိပ်အငွေ့တွေ ဝင်ရောက်နေတော့ သူမရဲ့ အသက် အန္တရာယ်ကို စိုးရိမ်နေရပြန်တယ်။ အဲ့ဒါကို ပိုင်ရှင်ကလည်း ချက်ချင်းပဲ သတိထားမိသွားခဲ့တယ်"

"တာဝန်အကြောင်းအရာ... ဂိုဏ်းတူအစ်မ ပိုင်ရှီရို့ မသေခင် ယင်ယန်အသွင်ပြောင်းခြင်း သိုင်းပညာကို အသုံးပြုပြီး သူမကို ကယ်တင်ပါ၊ ပြီးရင် သူမရဲ့ ကျင့်ကြံမှုကို အခြေခံတည်ထောင်ခြင်းနယ်ပယ် ရောက်သည့်အထိ ဆက်တိုက် မြှင့်တင်ပေးပါ"

"တာဝန်၏ ခက်ခဲမှု... ကြယ်သုံးပွင့် (အလယ်အလတ်အဆင့်)"

"တာဝန်၏ ဆုလာဘ်... အမှတ် တစ်ထောင်၊ ထိပ်သီး အဆင့်ဖိနှိပ်ခြင်း ဆေးလုံး ၁၅ လုံး၊ ထိပ်သီးအဆင့် မှော် လက်နက်ဖြစ်တဲ့ အမှောင်အလင်း ချီလင်ဓားနဲ့ ပိုင်ရှင်ရဲ့ ကိုယ်ပိုင် စနစ်နေရာကို ငါးရာ စတုရန်းမီတာ အထိ တိုးချဲ့ပေးမယ်၊ ပြီးရင် (ဝါးရခက်သော ဆန်ပျော့ဆိုတဲ့) ပင်ကိုနတ်စွမ်းရည်ကိုလည်း ရရှိမယ်]

[ပိုင်ရှင်က အခုဆိုရင် ပိုင်ရှင်ထက် ကျင့်ကြံဆင့်မြင့်တဲ့ တာအို လက်တွဲဖော်ကို ရှာဖွေပြီးတော့ ချည်နှောင်လို့ ရပါပြီ၊ ချည်နှောင်ပြီးတဲ့အချိန်ကျရင် လက်တွဲဖော်အမျိုးသမီးပိုင်ဆိုင်တဲ့ အသန်မာဆုံး နတ်စွမ်းရည်ကို ကိုယ်တိုင်ကျင့်စရာမလိုပဲ စိတ်ချလက်ချ အပိုင်အသုံးပြုလို့ ရသွားပြီ]

[မှတ်ချက်... အဲ့ဒီ လက်တွဲဖော်က ပိုင်ရှင်နဲ့ နှစ်ကိုယ်တွဲကျင့်ကြံနေကျ လက်တွဲဖော်ပဲ ဖြစ်ရမယ်၊ ဒါ့အပြင် ပိုင်ရှင်က တစ်ဘဝလုံးမှာ တစ်ယောက်ကိုပဲ ချည်နှောင်လို့ ရမှာပါ၊ ချည်နှောင်ပြီးတဲ့ အချိန်ကျရင် နတ်စွမ်းရည်ကို အသုံးပြုလို့ရမယ်၊ ဒါပေမဲ့ ချည်နှောင်မှုကို ဖြတ်တောက်လိုက်ရင်တော့ နတ်စွမ်းရည်ကို အသုံးပြုလို့ ရမှာမဟုတ်ဘူး]

အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်တွင် ချီယွမ်ချက်ချင်းပင် တောင့်တင်းသွားခဲ့သည်။ သူ၏ လက်သီးဆုပ်နှစ်ခုလုံးလည်း ပိုမိုတောင့်တင်းလာ၏။

[သောက်ကျိုးနည်းကြီး]

[ချီးပဲဟေ့၊ စနစ်ရေ.. ချီးပဲဟေ့၊ ငါပြောတာ နားထောင်စမ်းပါ။ မင်း ပုံမှန်တာဝန်တွေ ပေးလို့ မရဘူးလား]

[ဘယ်လို ကောင်းတဲ့ စနစ်က ပိုင်ရှင်ကို ဒီလိုမျိုး ရူးချင်စရာကောင်းတဲ့ တာဝန်တွေ ပေးလို့လဲ၊ မင်းတို့ရဲ့ ဇာတ်ကြောင်း စီစဉ်မှုအရ တိမ်ကြွေဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီး ငါနဲ့ ပိုင်ရှီရို့ပဲ လွတ်မြောက်လာတယ်ဆိုတဲ့ ကိစ္စက လက်ခံပေးလို့ ရသေးတယ်၊ ဘယ်လိုပဲဆိုဆို မင်းရဲ့အမြင်မှာ ငါက ချီသန့်စင်ခြင်းနယ်ပယ်ပဲ ရှိသေးတာ၊ ဒါပေမဲ့ ဘာကိစ္စလုပ်ရမဲ့ တာဝန်အကြောင်းအရာကြီးက သောက်ကျိုးနည်းကြီး ဖြစ်နေရတာလဲ]

[အခု တိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းတူအစ်မ ပိုင်ရှီရို့က သောက်ရမ်းကိုမှ အဆင်ပြေနေတယ်ကွ၊ ဒဏ်ရာလေး တစ်စက်တောင် မရှိဘူး၊ ငါကသာ စိတ်အားထက်သန်စွာနဲ့ သူမကို ကယ်တင်ပေးလို့ ဆိုပြီး နှစ်ကိုယ်တွဲကျင့်ကြံရေး ယင်ယန်အသွင်ပြောင်းသိုင်းကြီး ချပြလိုက်ပါလား၊ နှာဘူးလို့ စွပ်စွဲခံလိုက်ရပြီး ငါကြိုးစားပမ်းစား တည်ဆောက်ထားတဲ့ ဂုဏ်သတင်းကြီး ပျက်စီးသွားမှာပေါ့၊ ပိုင်ရှီရို့ ကိုယ်တိုင်က သဘောတူရင်တောင်မှ ဒါက လွယ်မနေဘူးနော်]

[ငါက မကြာသေးခင်ကမှ နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးမနဲ့ အီစီကလီ လုပ်ထားတာလေ၊ အခု လာပြီးတော့ ဒီစစ်မှန်တဲ့ ဖြူစင်သန့်ရှင်းတဲ့ မိန်းကလေးကို နှစ်ကိုယ်တွဲ ကျင့်ကြံဖို့ တောင်းဆိုခိုင်းနေတာလား၊ မင်း ငါ့ကို ဘယ်လိုကောင်ကြီး လုပ်စေချင်နေတာလဲ]

[ပိုပြီး စိတ်ပျက်ဖို့ကောင်းတာက နောက်ဆုံးတစ်ခေါက် တာဝန်တုန်းကလိုပဲ အခုတစ်ခေါက်လည်း မင်း ငါ့ကို ငြင်းဆိုလို့ ရတယ်လို့ မပြောထားဘူး၊ အဲ့တော့ ငါက ဒီတာဝန်ကို မလုပ်ဘူးဆိုရင် ငါ့ကို တာဝန်တွေ ထပ်မပေးတော့ဘူးပေါ့]

ကံကောင်းသည်မှာ ဤတာဝန်၏ ကြာချိန်သည် ပိုင်ရှီရို့ မသေမချင်းဟု ထည့်သွင်းပေးထားသည်။ ပိုင်ရှီရို့သာ အသက်ရှင်နေပြီး သေဆုံးမည့် အရိပ်အယောင် မရှိပါက ချီရွမ်အတွက် ဒုတိယအစီအစဉ်ချမှတ်ဖို့ အခွင့်အရေး ရှိလာနိုင်သည်။

အနည်းဆုံးတော့ သူနှင့် ပိုင်ရှီရို့၏ ကြားရှိ ဆက်ဆံရေးကို တိုးတက်အောင် ပြုလုပ်ဖို့ သင့်နေပြီ။ ထိုသို့မဟုတ်လျှင် စနစ်၏ လုပ်ဆောင်မှုအရ သေချာပေါက် နှာဘူးကောင် တစ်ကောင် ဖြစ်လာပေလိမ့်မည်။

ထို့အပြင် နောက်ထပ် သတင်းကောင်းတစ်ခုသည် စနစ်၏ ဇာတ်ကြောင်းအရ တိမ်ကြွေဂိုဏ်းအတွင်း၌ နေထိုင်ကြသော ကာလ ပြီးဆုံးသွားပြီဟု ယူဆ၍ရသောကြောင့် ဤသေးငယ်သော ဂိုဏ်းအတွင်းတွင် ပုန်းကွယ်ပြီး ဆက်လက်နေထိုင်စရာ မလိုအပ်တော့ချေ။

ချီယွမ်တစ်ယောက် အတွေးလွန်နေစဉ်မှာပဲ တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူက အကြီးအကဲများ၏ အကူအညီဖြင့် ထိုင်ခုံပေါ် ဝင်ထိုင်လိုက်သည်။ ပိုင်ချင်းဝူက ချီယွမ်ကို ကြင်နာသောအကြည့်များဖြင့် ကြည့်လာကာ လေးစားသော လေသံဖြင့်…

"ကောင်လေးချီ၊ ဒီတစ်ခေါက် တိမ်ကြွေဂိုဏ်းက အများကြီး ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်၊ ဒီအခြေအနေကို ပြောင်းလဲနိုင်ခဲ့တာက မင်းရဲ့ ကျေးဇူးကြောင့်ပဲ။ မင်းက ငါတို့ကို အများကြီး ကူညီပေးတာဆိုတော့ မင်းရဲ့လုပ်ရပ်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကြီးမားတယ်၊ ဆုချီးမြှင့်ခံရဖို့နဲ့ ထိုက်တန်တယ်၊ မင်းလိုချင်တာကို တောင်းလိုက်ပါ၊ ငါလုပ်နိုင်စွမ်းရှိနေသ၍ ဘယ်အရာကိုမဆို ပေးမယ်"

"ဂိုဏ်းခေါင်းဆောင်က တော်တော်ကို ရက်ရောတာပဲ"

ခန်းမအတွင်းရှိ လူအားလုံး၏ မျက်နှာထက်တွင် မနာလိုမှုများ ဝင်ရောက်လာကာ...

"တူလေးချီရဲ့ လုပ်ဆောင်ချက်က အကုန်လုံး မျက်မြင်ပဲ၊ သူက တစ်ကယ်ကို ဆုချီးမြှင့်ခံရဖို့ ထိုက်တန်တယ်"

"ဟုတ်တယ် ဒီကြင်နာမှုကို ငါတို့ရဲ့ဂိုဏ်းက လုံးဝ မမေ့သင့်ဘူး"

"ဂိုဏ်းထဲမှာ ဒီလိုမျိုး လုပ်နိုင်စွမ်းရှိတဲ့ လူတစ်ယောက် ရှိနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ တိမ်ကြွေဂိုဏ်းက အခြေကျလာမှာပဲ"

ချီးကျူးသံများကြားတွင် ချီယွမ်သည် အနေခက်စွာ နှာခေါင်းကို ပွတ်လိုက်ရင်း စိတ်အေးသက်သာသော လေသံဖြင့်...

"ဂိုဏ်းခေါင်းဆောင် ကြင်နာလွန်းနေပါပြီ၊ ဒါပေမဲ့ ကျွန်တော်က ဂိုဏ်းတူအစ်မပိုင်ကိုပဲ လိုချင်ပါတယ်၊ တခြား မလိုချင်ဘူး"

"ဟမ်"

ချီယွမ်၏ စကားကြောင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေကာ အကုန်လုံးက မျက်လုံးသေများဖြင့် လှည့်ကြည့်လာကြသည်။

"မင်း ဘာပြောလိုက်တယ်"

ပိုင်ချင်းဝူ၏ အပြုံးသည် အေးခဲသွားလေရဲ့။ သူ၏ အကြားအာရုံအပေါ် အမြဲတမ်း ယုံကြည်မှုရှိပါသော်ငြား သူ၏ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် နားကြားမှားသလားဟု သံသယဝင်သွားခဲ့သည်။ နာမည်တပ်ခံလိုက်ရသော ပိုင်ရှီရို့ပင် အနည်းငယ် တုန်ယင်သွားပြီး လှပသော မျက်နှာသည် ချက်ချင်းပင် နီရဲသွားလေရဲ့။

………

All Chapters