← Chapters

တာအိုသားတော်ကော ဟုတ်ရဲ့လား..ရှင် ဘယ်လိုလူလဲ

Vol. 9 Ch. 84

တာအိုသားတော်ကော ဟုတ်ရဲ့လား..ရှင် ဘယ်လိုလူလဲ

Vol. 9 Ch. 84

အကုန်လုံး ထွက်သွားပြီးသည်နှင့် ချီယွမ်သည် အနည်းငယ် အံ့အားသင့်ပုံနေရသော ပိုင်ရှီရို့ကို လှမ်းကြည့်လိုက်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"အမပိုင်၊ ကျွန်တော်နဲ့အတူ ထိုက်ရွှမ်း သန့်စင်နယ်မြေကို လိုက်ခဲ့ချင်လား"

ချီယွမ်၏ စကားကို ကြားမှသာ ပိုင်ရှီရို့ နောက်ဆုံးတော့ သတိဝင်လာခဲ့သည်။ သူမ ခပ်ဖြည်းဖြည်း ခေါင်းမော့လိုက်ပြီး လှပသော မျက်လုံးများအတွင်းတွင် ရှုပ်ထွေးမှုများ ဝင်ရောက်နေကာ ဝေခွဲရခက်နေဟန်ပဲ။ သို့သော် ထိုမျက်လုံးများသည် ချက်ချင်းပင် စိတ်ပိုင်းဖြတ်မှုများ ဝင်ရောက်လာခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ချီ... တာအိုသားတော်၊ တာအိုသားတော် ကျွန်မကို အခုလိုမျိုး ကောင်းပေးဖို့ မလိုအပ်ပါဘူး။ တာအိုသားတော်ဆိုတဲ့ သရုပ်မှန်ကို ဖော်ထုတ်လိုက်တဲ့အချိန်မှာ ကျွန်မတို့ကြားက ကွာခြားချက်က ဘယ်လောက်ထိ များပြားသွားလဲဆိုတာ သိခဲ့ရတယ်။ ကျင့်ကြံရေးနယ်ပယ်ပဲဖြစ်စေ သန်မာမှု၊ ရာထူးဂုဏ်ပုဒ် ဒါမှမဟုတ်ရင် အနာဂတ်လမ်းကြောင်းပဲဖြစ်စေ တာအိုသားတော်က ကျွန်မအတွက် အရမ်းကို အလှမ်းဝေးလွန်းနေပြီ"

"ထိုက်ရွှမ်း သန့်စင်နယ်မြေကို သွားချင်တဲ့ ကျွန်မရဲ့ ဆုံးဖြတ်ချက်က ကျွန်မကို မွေးဖွားပြီး စောင့်ရှောက်ပေးခဲ့တဲ့ ဒီတိမ်ကြွေဂိုဏ်းကို စွန့်ပစ်ချင်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ရဲ့ကြားမှာ ရှိနေတဲ့ ကွာခြားချက်ကို အနည်းငယ် ကျဥ်းမြောင်းလာစေဖို့ မျှော်လင့်ချက်လေးနဲ့ အဲ့ဒီနေရာကို သွားချင်တယ်။ ကျွန်မ သေချာပေါက် တာအိုသားတော်ကို ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေမှာ မဟုတ်ပါဘူး"

သူမက ပြောပြီးသည်နှင့် ချီယွမ်ကို တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"ပြီးတော့ ရှေ့၂လမှာတုန်းက တာအိုသားတော်လိုမျိုး မြင့်မြတ်တဲ့ လူတစ်ယောက်က ကျွန်မကို ဂိုဏ်းတူအမဆိုပြီး ခေါ်ဝေါ်ခဲ့ရတယ်။ အ

တစ်ကယ်လို့ ကျွန်မရဲ့ အရည်အချင်းက တာအိုသားတော်ထက် ထပ်ပြီးထပ်ပြီး နိမ့်ကျနေဦးမယ်ဆိုရင် အမတစ်ယောက်အနေနဲ့ ရှက်ဖို့ ကောင်းနေမှာပေါ့”

သူမ၏ ထိုစကားလုံးများကြောင့် ချီယွမ် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးမှ ရယ်မောလိုက်သည်။

"အမပိုင်၊ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ဖြစ်တဲ့ ကျွန်တော့်နောက်ကို အမှီလိုက်ချင်ရင် လွယ်မှာမဟုတ်ဘူးနော်"

ထို့နောက်တွင် ချီယွမ်သည် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို တည်ငြိမ်စွာ ထုတ်ယူရင်း ပိုင်ရှီရို့ကို ကမ်းပေးလိုက်သည်။

"ဒီကျင့်ကြံရေးသိုင်းက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ အနီးကပ် စောင့်ကြပ်ခံထားရတဲ့ လျှို့ဝှက်သိုင်းတစ်ခုပဲ။ ဒီသိုင်းပညာကို တတ်မြောက်သွားရင် အမပိုင်ရဲ့ ကျင့်ကြံမှုကလည်း အများကြီး ခုန်တက်သွားလိမ့်မယ်။ ဒီထဲမှာ အစ်မ နားမလည်တာရှိရင် ကျွန်တော့်ကို အချိန်မရွေး လာမေးလို့ ရပါတယ်"

"ဘာကျင့်ကြံရေး သိုင်းပညာလဲ"

ပိုင်ရှီရို့ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ တွန့်ဆုတ်စွာဖြင့်

"ဒါပေမဲ့ ကျွန်မက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တပည့်တစ်ယောက် တရားဝင် ဖြစ်မလာသေးဘူးလေ။ ဒီလို ထူးခြားတဲ့ သိုင်းပညာကြီးကို လက်ဆင့်ကမ်းပေးလိုက်တာက နည်းနည်း မသင့်တော်ရာ ကျနေမလား"

ချီယွမ်၏ မျက်လုံးက လင်းလက်သွားရင်း အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဒီကျင့်ကြံရေး သိုင်းပညာက ကျွန်တော်နဲ့ပဲ သက်ဆိုင်တာပါ။ ဂိုဏ်းရဲ့ သီးခြားလူတွေကိုပဲ ဆက်ခံခွင့်ပေးတဲ့ သိုင်းပညာ မဟုတ်လို့ ရပါတယ် ယူလိုက်ပါ။ အမပိုင်ရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီသိုင်းကျမ်းကို လွယ်လွယ်ကူကူ တတ်သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

"ဒါဆိုရင်လည်း ကောင်းပါပြီ"

ချီယွမ်၏ ပုံစံကြောင့် ပိုင်ရှီရို့ အနည်းငယ် သိချင်လာခဲ့သည်။ ချီယွမ်၏ လက်ထဲမှ ကျောက်စိမ်းပြားကို ယူလိုက်ရင်း သူမ၏ နတ်အာရုံဖြင့် စစ်ဆေးလိုက်တော့၏။

ချက်ချင်းပင် သူမ၏ နူးညံ့သော ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားကာ မူမမှန်သော အသက်ရှူသံနှင့် ပါးပြင်များပင် နွေးထွေးသွား၏။ သူမ၏ ကျောက်စိမ်းလိုမျိုး နူးညံ့သော မျက်နှာထက်တွင် အနီရောင်တစ်ချို့ အရိပ်ထင်လာတော့သည်။

အချိန်တစ်ခဏ ကြာပြီးနောက်တွင် မိုးကြိုးဒဏ် ခံလိုက်ရသည့်နှယ် ပိုင်ရှီရို့ ကြောက်ရွံ့စွာဖြင့် နတ်အာရုံကို ပြန်လည်ထိန်းသိမ်းလိုက်သည်။ ထို့နောက်တွင် ချီယွမ်ကို နီရဲပြီး အရည်ရွှမ်းနေသော မျက်လုံးရွှဲကြီးများဖြင့် စူးရဲစွာ ကြည့်လိုက်ရင်း…

"ဟွန့်.. အရမ်းဆိုးတာပဲ။ ဒီလိုသိုင်းကျမ်းကြီး ထုတ်ပေးပြီး ကျွန်မကို စနောက်ရလား။ ဒါကိုများ ဘာတဲ့.. ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ လျှို့ဝှက်သိုင်းကျမ်း ဟုတ်လား။ ဒီလိုသိုင်းပညာကို အထူး အလေးအမြတ်ထားနေရအောင် ထိုက်ရွှမ်း သန့်စင်နယ်မြေက သန့်စင်ဂိုဏ်းမဟုတ်ဘဲ ဘယ်လိုဂိုဏ်းမျိုးမို့လို့လဲ"

သူမ၏ လေသံအတွင်းတွင် ၃ပုံသည် ဒေါသထွက်နေခဲ့ပြီး ၇ပုံသည် ရှက်ရွံ့နေကာ ထိုနီရဲရဲ မျက်နှာတစ်ခုလုံးက ပိုမို ဆွဲဆောင်မှု ရှိနေလေ၏။

ချီယွမ်သည် ထိုတုံ့ပြန်မှုကို မျှော်လင့်ထားပြီး ဖြစ်လေရာ မပြောင်းမလဲ မျက်နှာထားဖြင့် တည်ငြိမ်စွာ ပြောလိုက်တော့သည်။

"အမပိုင်၊ အထင်မှားနေပါပြီ။ လူကြီးတွေ ပြောကြတဲ့အတိုင်းပဲ။ လောကမှာ အမတ တစ်ယောက်ဖြစ်လာဖို့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ အဲ့ဒီလမ်းကြောင်းတွေကလည်း တစ်ခုနဲ့တစ်ခု တူညီကြမှာ မဟုတ်ဘူး။ ဒီယင်ယန်အသွင်ပြောင်းခြင်း သိုင်းပညာက ကောင်းကင်အဆင့် ကျင့်ကြံရေး

သိုင်းပညာတစ်ခုပဲ။ ဒီသိုင်းပညာကို လေ့ကျင့်ရင်း ယင်စွမ်းအင်နဲ့ ယန်စွမ်းအင်ကို မျှတအောင် လည်ပတ်စေမယ်ဆိုရင် ကောင်းကင်နဲ့မြေကြီးကြားမှာ အသွင်ပြောင်းမှုကို ရရှိလိမ့်မယ်။ ဒါကိုသာ ကောင်းကောင်းမွန်မွန် အသုံးချတတ်ရင် အနာဂတ်မှာ အများကြီး အကျိုးထူးလာမှာပါ"

ပိုင်ရှီရို့သည် နီစွေးနေသော ပါးမို့နှစ်ခုဖြင့် ချီယွမ်ကို စိုက်ကြည့်ရင်း အနည်းငယ် ဒေါသထွက်နေသော လေသံဖြင့် ပြောလိုက်သည်။

"ဒီလောက်ထိ တည်တည်ငြိမ်ငြိမ် ပြောနိုင်နေတယ်ဆိုတော့… ဘာလဲ။ ဒီသိုင်းပညာကို တခြားမိန်းမတွေနဲ့ လေ့ကျင့်ထားတာလား"

"သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ”

ဖုံးကွယ်ထားသော အန္တရာယ်များ ပါဝင်နေသည့် ထိုသေစေနိုင်သော မေးခွန်းကို ချီယွမ် ချက်ချင်းပင် ငြင်းဆိုလိုက်ရသည်။

"ကျွန်တော် ချီယွမ်၊ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ကျွန်တော် ယင်ယန် အသွင်ပြောင်းခြင်း သိုင်းပညာကို ဘယ်မိန်းကလေးနဲ့မှ တစ်ခါမှ မကျင့်ကြံဖူးပါဘူး။ အမပိုင်က ကျွန်တော် မျှဝေချင်တဲ့ ပထမဦးဆုံးသော မိန်းကလေးပဲ"

ချီယွမ်၏ စကားကို ကြားသည်နှင့် ပိုင်ရှီရို့ သတိမထားမိစွာဖြင့် စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီးမှ ပိုမိုနီရဲလာကာ…

"အယ်၊ လေ့… လေ့ကျင့်ချင်တယ်လို့ ဘယ်သူက ပြောနေလို့လဲ။ ကိုယ့်ဟာကိုယ် လေ့ကျင့်ချည်"

ထိုသို့ဖြင့် သူမသည် ပင်မခန်းမအတွင်းမှ ရှက်ရွံ့စွာ ထွက်ပြေးသွားခဲ့သည်။

ပိုင်ရှီရို့၏ ရှက်ရွံ့နေသော နောက်ကျောပြင်ကို ကြည့်နေရင်း ချီယွမ် ထူးဆန်းသော မျက်နှာထားနှင့် သက်ပြင်းတစ်ချက်သာ ချလိုက်ပါတော့၏။

(ဟိုစောက်သုံးမကျတဲ့ စနစ်..၊ ကျက်သရေကို မရှိဘူး)

(ဒါနဲ့ ဂိုဏ်းတူအမပိုင်က နည်းနည်းလေး တွန့်ဆုတ်နေသလို ထင်ရပေမဲ့ ကျောက်စိမ်းပြားကိုတော့ လက်ခံခဲ့တယ်။ ဖြစ်နိုင်တာ... ငါ့မှာ အခွင့်အရေး ရှိသေးတာလား)

တွေးမိသည်နှင့် ချီယွမ် အနည်းငယ် စွမ်းအင်ပြည့်ဝသွားရင်း ထပ်မံကြိုးစားဖို့ လိုအပ်နေသည်ဟု တိတ်တဆိတ် တွေးတောလိုက်သည်။

အနည်းငယ် ကြာပြီးနောက်တွင် တိမ်ကြွေဂိုဏ်း၏ ပြင်ပခန်းမ၌

"ညီကိုချီ၊ မင်းက တစ်ကယ်ပဲ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော် တစ်ယောက်လား"

ကောင်းကင်သားတော်ဖြစ်သော လင်ကျန်းသည် အခုအချိန်တွင် အလွန်ကို ချဲ့ကားထားသော မျက်နှာထားဖြင့် ချီယွမ်ကို ပါးစပ်ကြီးဖွင့်ဟပြီး စိုက်ကြည့်နေရင်း သရဲတစ်ကောင်ကို မြင်တွေ့ရသည့်နှယ် ပြုမူနေလေ၏။

ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်နှင့် ညီအစ်ကိုဖြစ်စေရန် ကျိန်ဆိုခဲ့ဖူးကြောင်း စဥ်းစားမိသည်နှင့် လင်ကျန်းတစ်ယောက် ကိုယ့်ကိုယ်ကို အိပ်မက်မက်နေသလို ခံစားနေရသည်။

ချီယွမ် တည်ငြိမ်စွာ ပြုံးလိုက်ရင်း ခေါင်းညိတ်လိုက်သည်။

"ညီလေးလင် ကြားထားတာ မှန်ပါတယ်။ ကျွန်တော်က တစ်ကယ်ပဲ ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ပါ။ ဒီတိမ်ကြွေဂိုဏ်းကို ရောက်လာတာက နတ်ဆိုးဂိုဏ်းနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ပဲ။ အခု တာဝန်က ပြီးသွားပြီဆိုတော့ ထွက်သွားဖို့ အချိန်ကျပြီ"

"သေချာပေါက် ကျွန်တော်က ဘယ်သူပဲ ဖြစ်နေပါစေ၊ အဲ့ဒါက ကျွန်တော်တို့ရဲ့ကြားက ဆက်ဆံရေးအပေါ် သက်ရောက်မှု မရှိပါဘူး။ အချိန်တစ်ချို့ရရင် ထိုက်ရွှမ်း သန့်စင်နယ်မြေကို လာပြီးတော့ အတူတူသောက်ဖို့ မမေ့နဲ့နော်"

"ဒါပေါ့ဗျာ”

ချီယွမ်၏ စကားကို ကြားသည်နှင့် လင်ကျန်း ပြတ်သားစွာ ခေါင်းညိတ်ပြလိုက်ရင်း လေးစားမှုများ ပြည့်နေသော မျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။

"ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖြစ်နေတာတောင်မှ သရုပ်မှန်ကို ဖုံးကွယ်ပြီးတော့ ဒီလိုသေးငယ်ပြီး နိမ့်ကျတဲ့နေရာမှာ အစေခံတပည့် တစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိခဲ့တယ်။ ဒီလိုမျိုး မြင့်မြတ်တဲ့ လူထူးချွန်တစ်ယောက်က ကျွန်တော်တို့ ကျင့်ကြံရေးလောကအတွက် စံနမူနာပဲ"

"အဲ့လောက်ကြီးထိ ပြောဖို့မလိုပါဘူး..”

ချီယွမ်သည် အနည်းငယ် နာကျင်နေသော မျက်နှာထားဖြင့် လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။

“ ဒါနဲ့ ညီလေးလင်၊ ဟိုသခင်ကြီးကို အပြင်ထွက်လာဖို့ ခေါ်ပေးလို့ ရမလား။ အရင်တစ်ခေါက်တုန်းက ကျွန်တော့်ကို တစ်ခုခု လုပ်ပေးစေချင်တယ်လို့ ပြောသွားခဲ့တယ်"

(ပြုပြင်ဖန်တီးခြင်း ဆေးလုံးကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီအရူးနဲ့ စကားပြောနေမှာတောင် မဟုတ်ဘူး။ အဲ့ဒီအစား ဂိုဏ်းတူအမပိုင်ရဲ့နောက်ကို ဆက်ပြီးလိုက်နေတာက ပိုမကောင်းဘူးလား)

နောက်တစ်စက္ကန့်မှာပဲ အနည်းငယ် အံ့အားသင့်နေဟန်ရသော အသံတစ်ခုသည် ချီယွမ်၏ ဦးနှောက်အတွင်းသို့ ပဲ့တင်ထပ်လာခဲ့သည်။

"မိတ်ဆွေလေး၊ မင်း ဒီလောက်မြန်မြန်နဲ့ ကောင်းကင်တာအို ဝိညာဉ်သန္ဓေကို ဖန်တီးနိုင်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ တစ်ကယ်ကို အထင်မှားလောက်စရာ အရည်အချင်းရှိတဲ့သူပဲ။ မဆိုးဘူး မဆိုးဘူး"

"သခင်ကြီး၊ မြှောက်ပင့်လွန်းနေပါပြီ"

ချီယွမ်၏ မျက်နှာထက်တွင် အနည်းငယ် နှိမ့်ချရိပ်များ ဖော်ပြထားသည်။

"သခင်ကြီးရဲ့ ညွှန်ကြားပေးမှုကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော် ဆက်ပြီး လမ်းလွှဲနေပြီး ကောင်းကင်တာအို လမ်းစဥ်ကို ဘယ်တော့မှ လျှောက်လှမ်းနိုင်မှာ မဟုတ်ဘူးရယ်"

"အရင်တစ်ခေါက်က သခင်ကြီး ကျွန်တော့်ကို ညွှန်ကြားစရာ ရှိတယ်လို့ ပြောခဲ့တယ်မလား။ ကျွန်တော် အခု ကောင်းကင်တာအို ဝိညာဉ်သန္ဓေကို ဖန်တီးနိုင်သွားပြီ။ ဒါကြောင့် ကျွန်တော့်ဘက်က ကူညီစရာရှိတာကို ကူညီပေးချင်ပါတယ်"

"ဟားဟား အမှန်အတိုင်းပြောရရင် မင်း ပြုပြင်ဖန်တီးခြင်း ဆေးလုံးကို ဘယ်နေရာက ရနိုင်မလဲဆိုတာ ငါ့ဆီကနေ သိချင်နေတာ မဟုတ်ဘူးလား။ ဒီလောက် စကားလုံးအလှကြီးတွေ သုံးပြီး ဝေ့လည်ကြောင်ပတ် လုပ်နေဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ မင်းက တော်တော်လေးတော့ ပါးနပ်သားပဲ။ ဟိုငတုံး လင်ကျန်းလို မဟုတ်ဘူး။ ဒီလို ဥာဏ်ကောင်းတဲ့လူတွေနဲ့ စကားပြောရတာ ပိုကြိုက်တယ်။ ဟိုကောင်နဲ့ စကားပြောရတာ ရင်ဘတ်အောင့်တယ်"

စိတ်လိုလက်ရ ရယ်သံတစ်ခု ပြီးသည်နှင့် ထိုအသက်ရနေသော အသံက နက်ရှိုင်းစွာ ဆက်ပြောလာခဲ့သည်။

"တစ်ကယ်တော့ ဒါက ဇာတ်လမ်းရှည်ကြီး တစ်ခုပဲ။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ကြောက်စရာကောင်းတဲ့ အမတ နှစ်ယောက်က အဆုံးမရှိတဲ့ လေဟာနယ် အနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုက လေဟာနယ်ကို တုန်လှုပ်စေပြီး ကြယ်တွေကို ကြွေကျစေတဲ့အတွက် မဟာယာန နယ်ပယ်ကို ကျော်ဖြတ်နိုင်ပြီးသား ကျင့်ကြံသူတစ်ချို့တောင် အဲဒီထိခိုက်မှုကြောင့် သေဆုံးခဲ့ရတယ်"

ချီယွမ်၏ မျက်နှာထားက ပိုမိုလေးစားဖွယ် ဖြစ်လာကာ မနေနိုင်စွာ ပြောလိုက်တော့သည်။

"သခင်ကြီးရဲ့ ပြောဆိုပုံက အရမ်းကို ထင်ရှားနေတဲ့အတွက် သခင်ကြီးက အဲဒီ အမတ နှစ်ယောက်ထဲက တစ်ယောက်ဖြစ်ရမယ် မှန်တယ်မလား"

(အမတ… ဘယ်လောက်တောင် အင်အားကြီးတဲ့ တည်ရှိမှုကြီးလဲ။ အခုတော့ ငါက အမတ တစ်ယောက်နဲ့ တွေ့နေရတာလား)

ထိုအဘိုးအိုသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး လေသံနိမ့်ဖြင့် ဆက်ပြောလာခဲ့သည်။

"မဟုတ်ဘူး။ ငါက အမတတွေ တိုက်ခိုက်တဲ့ လှိုင်းထိလို့ ကြားထဲကနေ အချောင်သေဆုံးသွားရတဲ့ မဟာယာနနယ်ပယ် ကျင့်ကြံသူပဲ"

ချီယွမ်တစ်ယောက်, “......”

သန့်စင်နယ်မြေအတွင်းတွင်လည်း မဟာယာနနယ်ပယ် ကျင့်ကြံသူ ဘိုးဘေးများ ရှိနေသော်ငြား သူ့လိုမျိုး တာအိုသားတော် ဖြစ်လျှင်တောင်မှ စိတ်ရှိတိုင်း တွေ့ခွင့်ရသူ မဟုတ်ပေ။ ထိုသူတွေအားလုံးက သီးသန့် ပိတ်လှောင်ကာ ပုန်းကွယ်နေကြပြီး သေရင်းရှင်ရေး ကပ်ဘေးမျိုး မကြုံတွေ့ရလျှင် ထွက်ပေါ်လာမည် မဟုတ်ချေ။

အကယ်၍ မဟာယာနနယ်ပယ် ကျင့်ကြံသူတစ်ဦးကိုသာ ခေါင်းကိုင်ဆရာသခင်အဖြစ် ရရှိထားပါက ကျင့်ကြံရေးလောကတွင် စိတ်တိုင်းကျ အုပ်စိုးနိုင်တော့မည်မလား။

စဥ်းစားပြီးသည်နှင့် ချီယွမ် ချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်တော့သည်။

"ဒီလိုဆိုမှတော့ ကျွန်တော် ကြိုးစားကြည့်ချင်ပါတယ်"

…….

All Chapters