ငါ အမြင်ကျဥ်းသွားခဲ့တာပဲ
Vol. 9 Ch. 86
နောက်တစ်နေ့မနက် လင်ကျန်းထံမှ သံလိုက်အိမ်မြှောင်ကို လက်ခံရပြီးသည်နှင့် ချီယွမ်သည် တောင်အနောက်ဘက်သို့ ထပ်မံသွားရောက်ကာ အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သော အဖြူရောင်မြေခွေးကို အသိုက်မှဆွဲခေါ်လာခဲ့သည်။
မကြာမီမှာပဲ တိမ်ကြွေဂိုဏ်း၏ တွန့်ဆုန့်လှစွာသော နှုတ်ဆက်စကားအသီးသီးကို ကျောခိုင်းရင်း ပိုင်ရှီရို့နှင့်အတူ လေသင်္ဘောပေါ်သို့ တက်ရောက်သွားလိုက်၏။
ထိုအဆင့်မြင့်မှော်လက်နက်တစ်ခုဖြစ်သော လေသင်္ဘောသည် မူလက တိမ်ကြွေဂိုဏ်း ဂိုဏ်းခေါင်းဆောင်သာ ပိုင်ဆိုင်သော ထူးခြားကောင်းမွန်သည့်အရာဖြစ်ပါ၏။ အဖေဖြစ်သူ ပိုင်ချင်းဝူသည် ချီယွမ်တို့အားပို့ဆောင်ရန်အတွက် ထိုလေသင်္ဘောကို စိတ်လိုလက်ရငှားပေးခဲ့သည်။
ဟူး..
ထိုလေသင်္ဘောကြီး အလင်းအဖြစ်ပြောင်းလဲပြီး ကောင်းကင်ထဲ ဝင်ရောက် ပျောက်ကွယ်သွားတာကို ကြည့်နေရင်း ပိုင်ချင်းဝူသည် ရှုပ်ထွေးနေသော မျက်နှာထားနှင့် သက်ပြင်းတစ်ချက်ချလိုက်၏။ စိတ်ပျက်အားငယ်စွာဖြင့် ပြန်သွားဖို့ပြင်နေချိန်မှာပဲ စာကြည့်တိုက်မှ အကြီးအကဲတစ်ယောက်သည် တားမြစ်လာခဲ့သည်။
"ဂိုဏ်းခေါင်းဆောင် ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်က ဒီနေရာမှာ အစေခံတပည့်တစ်ယောက်အဖြစ် နေထိုင်ခဲ့ကြောင်းကိုလူသိရှင်ကြား မဖော်ထုတ်ဖို့ မှာသွားခဲ့ပါတယ်။ ဒီကိစ္စကို ကျွန်တော်စာကြည့်တိုက်ထဲ မှတ်တမ်းတင်ထားရအုန်းမလား။"
"မင်းတုံးနေလား။ ဒါကမေးဖို့လိုတဲ့ မေးခွန်းတစ်ခုလား။ အကြိမ်တစ်သန်းလောက်မှာ တစ်ခါပဲတွေ့ရမယ့် ဒီလိုမျိုးရှားရှားပါးပါး အခွင့်အရေးကိုသေချာပေါက် မှတ်တမ်းတင်ထားရမှာပေါ့"
ပိုင်းချင်းဝူသည် ရွံရှာစွာ လှမ်းကြည့်လိုက်ပြီး
"ဒါတင်မကဘူး။ မင်းတို့ သေချာလေးရေးသားရမယ်။ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်က ငါတို့ဂိုဏ်းကို လာလည်သွားတယ်ကွ။ အဓိကရေးရမယ့် အကြောင်းအရာကတော့ တာအိုသားတော်က ငါ့တို့ရို့အာရဲ့ အရည်အချင်းကို အရမ်းအသိအမှတ်ပြုခဲ့ပြီး ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ လက်ရွေးစင်တပည့်ဖြစ်လာဖို့ အထူးဖိတ်ခေါ်သွားတယ်ဆိုတဲ့ အကြောင်းအရာကိုပဲ ခမ်းခမ်းနားနား မှတ်တမ်းတင်ရမှာကွ မင်းနားလည်လား။"
စာကြည့်တိုက်ခြံဝန်း၏ အကြီးအကဲသည် ချက်ချင်းပင် နားလည်စွာခေါင်းညိမ့်လိုက်သည်။
"ဒါဆိုရင်... ဒီအကြောင်းကို လူသိရှင်ကြားထုတ်ပြန်တဲ့အချိန်မှာ တာအိုသားတော် လုပ်ကိုင်ခဲ့ရတဲ့အလုပ်ကို ဆေးဥယျာဉ်မှာ အလုပ်လုပ်ခဲ့ရတဲ့ အစေခံအဖြစ်ပဲ ထည့်သွင်းရမှာလား။"
"ငတုံးကောင်"
ကျွဲပါးစောင်းတီးဖြစ်နေသော လက်အောက်ခံ အကြီးအကဲကြောင့် ပိုင်ချင်းဝူမနေနိုင်စွာ စိတ်ပျက်လာတော့သည်။
"ဘာကိုဆေးဥယျာဉ်လဲ။ ဘာကိုအစေခံတပည့်လဲ။"
"ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်က အလုပ်များနေတဲ့ကြားကနေ ငါတို့ရဲ့တိမ်ကြွေဂိုဏ်းထဲမှာရှိတဲ့ နတ်ဆိုးဂိုဏ်းရဲ့ လှုပ်ရှားမှုတွေကိုသတိထားမိခဲ့ပြီး အထူးတလည် လာရောက်ညွှန်ပြခဲ့တယ်။ ပြီးတဲ့အချိန်ကျတော့ ငါတို့ဂိုဏ်းရဲ့ဆေးဥယျာဉ်ကို ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်ပြီး လိုအပ်တာတွေကို အမိန့်ပေးခဲ့တယ်ပေါ့ဟ။"
"ဒါနဲ့ နောက်ရက်တွေကျရင် တာအိုသားတော်ရဲ့ ရုပ်ပုံကိုရေးဆွဲဖို့ အရည်အချင်းရှိတဲ့ ပန်းချီဆရာတစ်ယောက်ခေါ်လိုက်။ အဲ့ဒီ့ပန်းချီရဲ့ နာမည်ကို တိမ်ကြွေဂိုဏ်းမှာ လာရောက်စုံစမ်းခဲ့တဲ့ တာအိုသားတော်လို့ နာမည်ပေးရမယ်။ အဲ့ဒီပန်းချီရေးဆွဲပြီးတာနဲ့ မြင်သာတဲ့နေရာမှာချိတ်ဆွဲထားရမယ်။ ဒါမှဂိုဏ်းကိုလာသမျှဧည့်သည်တိုင်း အဲ့ဒါကိုမြင်ရမှာ။"
"အာ"
ဘေးတွင်ရှိနေသောတိမ်ကြွေဂိုဏ်း၏ အကြီးအကဲများအားလုံး ချက်ချင်းပင် သဘောပေါက်သွားကြကာ ချီးကျူးလာကြ၏။
"ဂိုဏ်းခေါင်းဆောင်ဆိုတဲ့အတိုင်းပါပဲ။ တစ်ကယ်ကို ပြီးပြည့်စုံတဲ့ အကြံအစည်ကို စဉ်းစားနိုင်တယ်။ ဂိုဏ်းခေါင်းဆောင်ရဲ့ စကားလုံးအနည်းငယ်ကပင် ကျွန်တော်တို့ကိုအလင်းပွင့်သွားစေခဲ့ပြီ"
"ဂိုဏ်းခေါင်းဆောင်က အင်အားကြီးပြီး ဉာဏ်ရည်ထက်မြက်တဲ့ လူတစ်ယောက်ပဲ။ ရဲစွမ်းသတ္တိသာမက ဖောက်ထွင်းမြင်နိုင်မှုကိုလည်း ပိုင်ဆိုင်ထားတယ်။ ကျွန်တော်တို့လေးစားရပါတယ်။"
လေသင်္ဘောပေါ်တွင် မျက်လုံးလေးလုံး စိတ်ဝိညာဉ်မြေခွေးသည် ခြေထောက်အရွယ်ခန့် သေးငယ်သွားခဲ့ပြီး အမြှီးတရမ်းရမ်းဖြင့် ပိုင်ရှီရို့၏ လက်မောင်းကြားတွင်နာခံစွာ အနားယူနေခဲ့သည်။ ထိုမြေခွေးက မကြာမကြာဆိုသလို နူးညံ့သောအခင်းခင်းထားသည့် ထိုင်ခုံပေါ်တွင် ထိုင်နေသော လူရွယ်တစ်ယောက်ကို လေးစားမှုနှင့် ကြောက်ရွံ့မှုများ ရှုပ်ထွေးနေသောအကြည့်မျိုးဖြင့် ကြည့်လိမ့်မည်။
(ဒီခွေးသခင်ကအရမ်းကို အင်အားကြီးနေတယ်။)
ယခင်ကမြေခွေးသည် ပုံရိပ်ယောင်အစွမ်းကိုအသုံးပြုပြီး ဝိညာဉ်ကျွန်စာချုပ်အား ဖောက်ဖျက်နိုင်ရန်တွေးခဲ့သော်ငြား သခင်ဖြစ်သူ၏ ဝိညာဉ်အခြေတည်နယ်ပယ်ကျင့်ကြံမှု အစစ်အမှန်ကို သိရှိလိုက်သည်နှင့် ထိုအကြံဉာဏ်ကို ချက်ချင်းပင် လက်လျော့လိုက်တော့သည်။ ကျင့်ကြံမှုတက်လာသည့်အတွက် ပိုမိုကောင်းမွန်လာသော ပုံရိပ်ယောင်အစွမ်းကို အသုံးပြုရင်းမြေခွေးသည် တိမ်ကြွေဂိုဏ်း၏ အနောက်ဘက်သစ်တောတွင် များစွာသော နတ်ဆိုးသားရဲများအား အနိုင်ယူနိုင်ခဲ့ပြီး အလွန်ကိုသက်သောင့်သက်သာ နေထိုင်ခဲ့ရသည်။
သိုသော်ငြား နှစ်ရက်မျှငြိမ်းချမ်းစွာကုန်ဆုံးပြီးသည်နှင့် ပြန်လည်အဖမ်းခံရပြီး ခွေးသခင်ရဲ့လက်အောက်ကို ပြန်လည်ရောက်ရှိလာမည်လို့ ဘယ်သူထင်ခဲ့မိမှာလဲ။
(ဒီလိုမျိုးချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးနဲ့ တွေ့လို့သာမဟုတ်ရင်ငါ့ကို ဝိညာဉ်ဖမ်းအိတ်တစ်ခုထဲပစ်ထည့်ပြီး အကျဉ်းချထားလောက်တယ်။ တော်သေးလို့ ဒီကောင်မလေးက ငါ့ကို မြင်မြင်ချင်းချစ်သွားလို့သာပဲ။)
ရှေ့တွင်စောင့်ကြိုနေသည့် ကြောက်မက်ဖွယ်ကံတရားကို စဉ်းစားမိသည်နှင့် မြေခွေးနတ်ဆိုးခဗျာ ချက်ချင်းပင် ကူကယ်ရာမဲ့စွာ စိတ်ပျက်သွားတော့သည်။
ထိုအချိန်မှာပဲ ပိုင်ရှီရို့သည် မြေခွေး၏နူးညံ့သောအမွေးများကို ညင်သာစွာပွတ်သပ်နေရင်းမှ ပြုံးလိုက်ကာ
"ပိုင်လေးရေ မင်းလည်းငါနဲ့အတူ ထိုက်ရွှမ်းသန့်စင်နယ်မြေကို လိုက်လာမယ်လို့မထင်ထားမိဘူး။ မင်းလေးကလည်း တိမ်ကြွေဂိုဏ်းကပဲ။ ဟိုမှာ ပြဿနာမရှာရဘူးနော်။ လိမ်လိမ်မာမာနေ သိလား။"
မြေခွေးနတ်ဆိုးခဗျာ ထိုးကိုက်လာသောခေါင်းကိုက်မှုကို သည်းခံရင်း ခံစားချက်မဲ့စွာ တုံ့ပြန်လိုက်သည်။
"ဟုတ်၊ စိတ်မပူပါနဲ့မမ၊ ကျွန်မ လိမ်လိမ်မာမာနေပါ့မယ်”
မြေခွေးလေးသည် မွေးဖွားကတည်းက တိမ်ကြွေဂိုဏ်း၏ အနောက်သစ်တောတွင်သာ ကြီးပြင်း ခဲ့ရသည့်အတွက် ထိုက်ရွှမ်းသန့်စင်နယ်မြေဆိုတာ ဘယ်လိုမျိုးမှန်းလုံးဝမသိရှိဘဲ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက်ဖြင့် ကုန်ဆုံးဖို့သာ တွေးထားလေ၏။
မြေခွေးလေးဘက်မှ လွယ်ကူစွာ သဘောတူလာသောကြောင့် ပိုင်ရှီရို့ကျေနပ်စွာခေါင်းညိမ့်လိုက်ရင်း နူးညံ့သောထိုင်ခုံတွင် ထိုင်နေဆဲဖြစ်သော ချီယွမ်ကိုလှမ်းကြည့်လိုက်သည်။
"သခင်...တာအိုသားတော် ကျွန်မတို့ ထိုက်ရွှမ်းသန့်စင်နယ်မြေကို တိုက်ရိုက်သွားမှာလား။"
"ရို့အာ ကျွန်တော့်ကိုတာအိုသားတော်လို့ ခေါ်ဖို့မလိုပါဘူး။ ဒီနေရာမှာအပြင်လူမှမရှိတာပဲ။ ကျွန်တော့်ရဲ့နာမည်ကိုပဲခေါ်ပါ။"
ချီယွမ်သည်လက်တစ်ဖက်ယမ်းပြကာ ချက်ချင်းပင် ပြောလိုက်၏။
"သေချာပေါက် မောင်လေးချီလို့ ဆက်ခေါ်လို့ရပါတယ်။ ဘာလို့လဲမသိဘူး၊ အဲ့ဒီ့ခေါ်သံကိုကျင့်သားရနေတာဖြစ်မယ်။ အမဘက်ကအရင်လို မခေါ်တော့ ထူးထူးဆန်းဆန်း ခံစားနေရတယ်”
ရိသဲ့သဲ့စကားလုံးများကြောင့် ပိုင်ရှီရို့၏မျက်နှာသည် ချက်ချင်းပင် နီရဲသွားကာ
"ဒါဆိုရင်ကောင်းပါပြီ။ ဘယ်သူမှမရှိဘူးဆိုရင် ဂိုဏ်းတူမောင်လေးချီလို့ပဲခေါ်မယ်နော်။ လူတွေရှိနေရင်တော့ တာအိုသားတော်လို့ပဲခေါ်မယ်။"
"အင်း၊ အဲ့လိုမျိုးကို ပိုကြိုက်တယ်။"
ချီယွမ်ပြုံးလိုက်ပေမယ့် မျက်လုံးထဲတွင်အပြစ်ရှိစိတ်တစ်ချို့ ဝင်ရောက်လာကာ
"ကျွန်တော်တို့ အရင်ဦးဆုံး ဖုကျိုးမြို့ကိုသွားဖို့လိုမယ်။ အဲ့ဒီ့နေရာမှာ ဂရုစိုက်ရမယ့် ကိစ္စတစ်ချို့ရှိနေတယ်။"
ယမန်နေ့ညက ချီယွမ်သည် ကျိချန်အာထံမှ ဖုကျိုးမြို့တစ်နေရာတွင် တွေ့ဆုံဖို့ရန် ချိန်းဆိုသောစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
ထိုအချိန်ကငြင်းဆိုချင်ခဲ့ပေမယ့် အဆုံးမှာတော့သဘောတူလိုက်၏။ တာဝန်ယူမှုရှိသော ယောင်္ကျားတစ်ယောက်အနေနှင့် ကိစ္စပြီးသည်နှင့် သူမကိုချန်ထား၍မှမရတာပဲ။
အကယ်၍ ကျိချန်းအာကိုသာ ငြင်းဆိုလိုက်ပါက ထိုနတ်ဆိုးမသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး တိမ်ကြွေဂိုဏ်းသို့ လာရောက်ကာ သတ်ဖြတ်လိမ့်မည်ဟုပင် ထင်မှတ်ရသည်။
"ဟုတ်လား ဒါဆိုရင်အမ ပိုင်လေးနဲ့အတူ လမ်းပတ်လျှောက်အုံးမယ်။ ဖုကျိုးမြို့က တိမ်ကြွေဂိုဏ်းနဲ့ နီးတယ်ဆိုပေမယ့် တစ်ခါမှမရောက်ဖူးဘူး။"
မထင်ထားစွာပင် ပိုင်ရှီရို့သည် စိတ်ဝင်စားမှုကြီးစွာဖြင့် ပြောလာခဲ့သည်။
"ဖုကျိုးမြို့မှာ လူတွေအများကြီးရှိတယ်။ သေချာပေါက် လမ်းတွေက သက်ဝင်လှုပ်ရှားနေမှာပဲနော်”
ထိုအချိန်မှာပင် ခမ်းနားသောမြို့၏ သဏ္ဍာန်ကို မြင်လိုက်ရသည်။
ထိုအချိန်တွင် ဖုကျိုးမြို့၏ မြို့အရှင်စံအိမ်၌
ကြီးမားကျယ်ဝန်းသော ခြံဝန်းအတွင်းတွင် သစ်လွင်သော အစေခံအဝတ်အစားများအား ဝတ်ဆင်ထားသော အစေခံအုပ်စုသည် ညီညာစွာအတန်းလိုက် နှစ်တန်းရပ်နေကြရင်း အိမ်တော်ထိန်းထံမှ ညွှန်ကြားမှုများကိုနာခံနေကြသည်။
"သေချာနားထောင်ကြ၊ မင်းတို့က အခုဆိုရင် မြို့အရှင်စံအိမ်ရဲ့ အစေခံတွေဖြစ်လာခဲ့ပြီ။ ဒီနေရာရဲ့စည်းမျဉ်းကို မဖြစ်မနေလိုက်နာရမယ်။ ဒီစံအိမ်က ဆန်ကုန်မြေလေးတွေကို မကြိုဆိုဘူး။ မင်းတို့သာ ချောင်ခိုရဲမယ်၊ လိမ်ညာရဲမယ်၊ ဒါမှမဟုတ် စည်းမျဉ်းကိုဖောက်ပြန်ရဲလို့ကတော့ အရိုက်ခံရတဲ့အပြစ်ကိုခံရရင် အဲ့ဒါကသက်သာတယ်လို့မှတ်လိုက်။ မဟုတ်ရင် ဒီစံအိမ်ကနေ တစ်သက်တာလုံး နှင်ထုတ်ခံရမယ်။ မင်းတို့နားလည်လား။
အစေခံအားလုံး ချက်ချင်းပင် ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ကြရင်း လျင်မြန်စွာ တစ်ပြိုင်နက်တည်း ဖြေကြားလိုက်ကြသည်။
"နားလည်ပါပြီ။"
အိမ်တော်ထိန်းက အေးစက်စွာ တစ်ချက်မာန်ဖီပြလိုက်ရင်း ရေခဲတမျှ အေးစက်နေသော လေသံနှင့် အစေခံများကို စူးရဲစွာစိုက်ကြည့်လိုက်ကာ
"ထပ်ပြီးတော့ ပြောမယ်၊ ခွင့်ပြုချက်မရှိဘဲ သခင်မကြီးရဲ့ ခြံဝန်းအနားကပ်တဲ့သူ ဘယ်သူမဆိုအသတ်ခံရမယ်။"
"မင်းတို့ ဒီနေရာမှာအချိန်အကြာကြီး ရှိချင်တယ်ဆိုရင် အလုပ်ကိုကောင်းကောင်းလုပ်ကြပါ။ နားမထောင်သင့်တာကိုမထောင်နဲ့။ မကြည့်သင့်တာကို မကြည့်နဲ့။ မမေးသင့်တာကို မမေးနဲ့။ မဟုတ်ဘူးဆိုရင် ပြီးမှငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်တင်နေရမယ်”
" မင်းတို့ဒီနေရာကို ဝင်မလာခင်ကတည်းက မင်းတို့ရဲ့တာဝန်တွေကို သတ်မှတ်ပြီးသားပဲ။ အခုကိုယ့်အလုပ်ကိုယ်သွားလုပ်လို့ရပြီ။"
ပြောပြီးသည်နှင့် အိမ်တော်ထိန်းက လှည့်ထွက်သွားခဲ့ပြီး အစေခံများအားလုံးလည်း တာဝန်ကျရာကို အသီးသီး သွားလိုက်ကြသည်။
"ဂိုဏ်းတူညီလေးလီ”
လူရှုတ်နေတာကို အခွင့်ကောင်းယူရင်း ကျန်းချိုက်ချမ်းသည် အလျင်အမြန်ရှေ့တိုးလိုက်ကာ အစေခံဝတ်စုံအား ဝတ်ဆင်ထားသော လီမင်ဝမ်ကို ဆွဲခေါ်ရင်း လေသံနိမ့်ဖြင့်မေးလိုက်သည်။
"မင်းဘာတာဝန်ရတာလဲ"
လီမင်ဝမ်သည် ပုံမှန်လိုမျိုးဦးထုပ်ကို ပြုပြင်လိုက်ရင်း
"ကျွန်တော်က သခင်လေးကို ခစားပေးရတယ်။ ဂိုဏ်းတူအကိုကျန်းကရော ဘာကျတာလဲ။"
ကျန်းချိုက်ချမ်း၏မျက်နှာထားသည် ချက်ချင်းပင် ညှိုးငယ်သွားကာ မတရားခံရမှုများ ပြည့်နှက်သွားသည်။
"ချီးပဲ၊ ငါကျရေအိမ်တွေကို သန့်ရှင်းရေးလုပ်ရတယ်။ ဘာကိစ္စမင်းကျ လွယ်ကူနေရတာလဲ။"
လီမင်ဝမ် ခနမျှ အံ့ဩသွားပြီး အူလှိုက်သည်းလှိုက် ရယ်မောလေတော့၏။
"ဘာလို့ဆိုရင် အကို့ကိုကြည့်ရတာ သန်မာလို့နေမှာပေါ့။ အလုပ်ကြမ်းလုပ်ဖို့ အသင့်တော်ဆုံးပဲလေ။"
ကျန်းချိုက်ချမ်း၏မျက်နှာက ချက်ချင်းပင် မဲမှောင်သွားခဲ့သည်မို့ လီမင်ဝမ်တစ်ယောက် စကားလမ်းကြောင်းပြောင်းရင်း အလျင်အမြန် အကြံပြုလိုက်ရသည်။
"ဂိုဏ်းတူအကိုကျန်းကလည်း.. အရမ်းကြီးစိတ်မပျက်ပါနဲ့။ တွေးကြည့်လေ၊ ဒီအလုပ်နဲ့ဆိုရင် ရေအိမ်တွေရှင်းလင်းမယ်လို့ အကြောင်းပြပြီး စံအိမ်အနှံ့ စိတ်ကြိုက်သွားလို့ရပြီမဟုတ်ဘူးလား။ ဒါ့အပြင်စုံစမ်းရလည်း လွယ်ကူသွားမယ်။ နောက်ထပ် ကောင်းကျိုးတစ်ခုရှိသေးတယ်နော်။ သူတို့ပြောတဲ့သခင်မကြီးက ဘယ်လောက်ပဲဆန်းကြယ်နေပါစေ၊ အနည်းဆုံးတော့ တစ်ကိုယ်ရည်သန့်ရှင်းမှုက လိုအုန်းမှာပဲ။ ကျွန်တော်ပြောချင်တာကို အကိုနားလည်တယ်မလား။"
ကျန်းချိုက်ချမ်း အနည်းငယ်အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပင်နားလည်သော အကြည့်ဖြင့် ကြည့်လာကာပျော်ရွှင်စွာ အဖြေပေးလိုက်သည်။
"မင်းမှန်တယ်။ ငါကမစဉ်းစားခဲ့မိတာပဲ"
…….