← Chapters

နတ်သမီးကျိ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို ဘယ်လိုမြင်လဲ

Vol. 9 Ch. 87

နတ်သမီးကျိ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို ဘယ်လိုမြင်လဲ

Vol. 9 Ch. 87

ဖူကျိုးမြို့ကို ရောက်သည်နှင့်..

ချီယွမ်သည် သူ၏အရှိန်အဝါကို ပြန်လည်ပိတ်သိမ်းလိုက်ရင်း ချီတအဖြစ် ဟန်ဆောင်ကာ လမ်းကြားများကြား ပျောက်ကွယ်သွားခဲ့ပြီး သီးခြားခြံဝန်းတစ်ခုသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"ဝင်ခဲ့"

တံခါးမခေါက်ရသေးခင်မှာပဲ သစ်သားတံခါးသည် အလိုအလျောက် ပွင့်သွားကာ ရှင်းလင်းပြီး ဆန်းကြယ်သော အမျိုးသမီးအသံကို အထဲမှ ကြားလိုက်ရ၏။

ထိုအသံကို ကြားသည်နှင့် ချီယွမ် မျက်ခုံးပင့်သွားခဲ့ပြီး ခြံဝန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။

ခြံဝန်းအလယ်တည့်တည့်တွင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် မိန်းကလေး ကျိချန်အာသည် ဝင့်ထည်စွာ ရပ်နေခဲ့သည်။

ထိုအချိန်တွင် ကျိချန်အာသည် သူမ၏ နဂိုပုံစံကို ပြန်လည်ထိန်းသိမ်းသွားနိုင်ဟန်ရှိပြီး ချီယွမ်ကို ကြည့်နေသော သူမ၏ အကြည့်များကြားထဲတွင် အရင်လိုမျိုး အထီးကျန်အေးစက်မှုများ ရှိနေလေ၏။

ချီတ တဖြစ်လဲ ချီယွမ် ဝင်ရောက်လာသည်နှင့် ကျိချန်အာ အနည်းငယ် မျက်လုံးပင့်ကြည့်လာကာ ခံစားချက်မဲ့သော မျက်နှာထားဖြင့် မေးလိုက်တော့သည်။

"ဒီအချိန်ထဲမှာ ပိုင်ရှီရို့က နင်နဲ့တွေ့ဖို့ လာနေတာလား”

"ပြောချင်တာက ငါ့လိုမျိုး... နင်က သူနဲ့အတူ အိပ်နေတာလား"

သူမ၏ အသံသည် ရေခဲတုံးလိုမျိုး အေးစက်နေပြီး တင်းမာမှုတစ်ချို့ကို ဖုံးကွယ်ထားသည်။

ကျိချန်အာသည် မထင်မှတ်ထားစွာဘဲ မနေ့ကမှ သူမသည်လည်း ပိုင်ရှီရို့အပေါ် ပုံရိပ်တစ်ထောင်ဝိညာဉ်ဖမ်း သိုင်းပညာအား အသုံးပြုထားရင်း ထိုလူကို မြူဆွယ်ဖို့ ခိုင်းစေထားမှန်း သတိရလိုက်သည်။

မူလက ထိုအကြံအစည်သည် ပြီးပြည့်စုံသော အစီအစဉ်ဖြစ်ပြီး အောင်မြင်သည်နှင့် နတ်ဆိုးဗီဇပါဝင်သော ဤမျက်စိရှေ့ကလူငယ်ကို တိမ်ကြွေဂိုဏ်းနှင့် အဆက်အသွယ် ဖြတ်တောက်နိုင်ကာ ယင်ရှဂိုဏ်းသို့ ဖိတ်ခေါ်နိုင်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

သို့သော်ငြား အခြေအနေတွေက များစွာပြောင်းလဲသွားလေ၏။ သူမ၏ စီစဉ်မှုအောက်မှာပဲ ထိုသူက နောက်ထပ် မိန်းကလေးတစ်ယောက်နှင့် ရှုပ်ပွေနေလိမ့်မည်ဟူသော အတွေးက ကျိချန်အာ၏ နှလုံးသားကို အရိုင်းဆန်စေပြီး ထိုသူကိုသာ ရန်ရှာချင်နေတော့သည်။

"အာ"

ဘာကြောင့်ရယ်မသိ ကျိချန်အာ မေးခွန်းမေးလိုက်သည်နှင့် ချီယွမ်တစ်ယောက် ပတ်ဝန်းကျင်ရှိ လေထုသည် လျင်မြန်စွာ အေးခဲမှတ်ကို ရောက်ရှိသွားခဲ့ပြီး လူသတ်အရိပ်အငွေ့များ ဖျော့တော့စွာ ပြည့်နှက်လာမှန်း ခံစားလိုက်ရ၏။

တစ်ခုခု လွဲမှားနေမှန်း ခံစားမိသည်နှင့် ချီယွမ် ပုခုံးတွန့်လိုက်ကာ ချက်ချင်းပဲ ပြောလိုက်တော့သည်။

"နတ်သမီးကျိ၊ ဂိုဏ်းတူအမပိုင်က ကျွန်တော့်ကို တစ်ကယ်ပဲ လာတွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခြံဝန်းကို ရှင်းလင်းပေးပြီးတာနဲ့ ချက်ချင်း ထွက်သွားခဲ့တယ်"

ပြောပြီးသည်နှင့် ချီယွမ်သည် တည်ငြိမ်စွာဖြင့် ကောင်းကင်ကို လက်ညှိုးထိုးကာ ကျိန်ဆိုလိုက်ပြီး တစ်ခွန်းမှ အမှားမပါအောင် ပြောဆိုလိုက်သည်။

"ကျွန်‌တော် ကျိန်ပါတယ်၊ ပုံရိပ်ယောင်ထဲမှာ မိခဲ့တဲ့အချိန်ကလွဲပြီး တခြားဘယ်မိန်းကလေးနဲ့မှ အတူမအိပ်ခဲ့ဖူးဘူး၊ကျွန်တော်သာ နည်းနည်းလောက်ဖြစ်ဖြစ် လိမ်ညာမိရင် ကျွန်တော့်ရဲ့ဘဝမှာ တာအိုလက်‌တွဲဖော်ကို တစ်သက်လုံး ရှာမတွေ့ပါစေနဲ့"

ချီယွမ်၏ ရိုးသားမှုကို မြင်ရသောကြောင့် ကျိချန်အာ၏ မျက်နှာထားသည် အနည်းငယ် ပြေလျော့သွားခဲ့ပြီး သူမ၏ နှလုံးသားလည်း သက်သာရာရသွားခဲ့သည်။

[အဲ့ဒီ ဝိညာဉ်အခြေတည်နယ်ပယ် အစီအရင်ဝိညာဉ်က ငါ့ရဲ့ ပုံရိပ်တစ်ထောင်ဝိညာဉ်ဖမ်းသိုင်းပညာကို သတိထားမိပြီး ကြားကနေ ဝင်ဖျက်ဆီးပေးသွားတာများလား]

ထိုသို့ တွေးမိသည်နှင့် ကျိချန်အာ၏ မျက်နှာထားသည် ချက်ချင်းပင် နူးညံ့သွားကာ နောက်ဆုံးတော့ နူးညံ့စွာ ခြိမ်းခြောက်လိုက်တော့၏။

"နင့်ဘာနင် တစ်ခြားသူတွေနဲ့ ဘယ်လိုပဲ ပတ်သက်နေနေ ငါစိတ်မဝင်စားဘူး၊ ဒါပေမဲ့ ငါနဲ့ပတ်သက်ပြီး မသင့်တော်တဲ့ အတွေးကို တွေးမိလို့ကတော့ ငါသေချာပေါက် သတ်ပစ်မယ်"

ကျိချန်အာသည် နောက်ထပ် ကြမ်းတမ်းသော စကားလုံးများကို ပြောဆိုလိုက်သော်ငြား ပတ်ဝန်းကျင်ရှိ လေထု၏ တင်းမာမှုသည် သိသာစွာ လျော့ကျသွားမှန်း ချီယွမ် ချက်ချင်းပင် ခံစားမိလိုက်၏။ အစောပိုင်းက ထူးဆန်းသော အရိပ်အငွေ့များသည် မရှိတော့သလိုမျိုး လျင်မြန်စွာ ပျောက်ကွယ်သွားလေပြီ။

ပြေလျော့သွားသော ပတ်ဝန်းကျင်ကို ခံစားရမှသာ ချီယွမ် စိတ်သက်သာစွာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကျိချန်အာကို ပုံမှန်လို မေးလိုက်သည်။

"နတ်သမီးကျိ၊ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို ဘယ်လိုထင်လဲ"

"နင်ဘာလို့ မေးနေတာလဲ"

ကျိချန်အာ အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ရှုပ်ထွေးမှုတစ်ချို့နှင့် ကြည့်လာ၏။

"ဘာမှ မဟုတ်ပါဘူး"

ချီယွမ် တည်ငြိမ်စွာ ပြောလိုက်ရင်း နှာခေါင်းကို ပွတ်သပ်လိုက်ကာ..

"ကျွန်တော် နည်းနည်းသိချင်လို့ပါ၊ ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်က လွန်ခဲ့တဲ့ လတစ်ချို့ကမှ ခန့်အပ်ခြင်း ခံထားရတာ၊ နတ်ဆိုးဂိုဏ်းရဲ့ လက်ရွေးစင် တပည့်တစ်ယောက်အနေနဲ့ တာအိုသားတော်အပေါ် ဘယ်လို ခန့်မှန်းချက်မျိုး ရှိမလဲလို့ သိချင်မိတယ်"

သူ၏ သရုပ်မှန်ကို မဖော်ထုတ်ခင်မှာ လိုအပ်သော စမ်းသပ်ချက်များကို ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုမှသာ ကောင်းမွန်လှသော ချစ်သူနှစ်ဦး ပြန်လည်ပေါင်းစည်းခန်းသည် အော်ပရာပြဇာတ်တစ်ခု ကြည့်နေရသည့်နှယ် နတ်ဆိုးနှင့် လူကောင်းကြားက တိုက်ပွဲအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်။

သန့်စင်နယ်မြေ၏ တာအိုသားတော် ဖြစ်သော်ငြား ချီယွမ် ကိုယ်တိုင်လည်း နတ်ဆိုးဂိုဏ်းများအပေါ် ကြီးမားသော မုန်းတီးမှုများ မရှိချေ။ စစ်မှန်သောအဖြူရောင်နတ်ဂိုဏ်းအတွင်းမှာလည်း လူဆိုးတွေ ရှိကြတာပဲ။

အကယ်၍ သူသာ တွေ့သမျှလူတိုင်းအား အကောင်းအဆိုး ခွဲခြားနေပြီး နတ်ဆိုးဂိုဏ်းသားဟူသမျှကို လိုက်လံသုတ်သင်နေပါက မောပန်းပြီး သေသွားလိမ့်မည်။ ကျင့်ကြံမှုကို တိုးမြင့်ဖို့အတွက် ကျင့်ကြံချိန် အဘယ်မှာရှိတော့မည်နည်း။

ထို့ကြောင့် ချီယွမ်၏ လူကောင်းလူဆိုး ခွဲခြားခြင်းသည် ဂိုဏ်းများနှင့် မသက်ဆိုင်ဘဲ ရိုးရှင်းပါသည်။ သူ့ကို ရန်စလာသောသူ အားလုံးသည် ရန်သူပင်။

ကျိချန်အာလည်း ခံစားချက်ကောင်းနေဟန်ရှိပြီး ခဏမျှ စဉ်းစားပြီးသည်နှင့် ဖြေလာခဲ့သည်။

"ထိုက်ရွှမ်းသန့်စင်နယ်မြေက ဘယ်လိုဖြစ်ပြီး တာအိုသားတော်က ဘယ်လိုလူဆိုတာ ငါသေချာမသိပေမဲ့ အဲဒီ စစ်မှန်ဂိုဏ်းသား တော်တော်များများက တစ်ပုံစံတည်းပဲ၊ အထူးသဖြင့် သန့်စင်နယ်မြေကြီး ၇ ခုက လူတွေပဲ၊ သူတို့တွေက ကျော်ကြားမှုကိုပဲ ရှာဖွေနေကြပြီး သူရဲဘောကြောင်တဲ့ သူတွေ၊ တစ်ကယ်လို့ အဲ့ဒီတာအိုသားတော်နဲ့သာ အနာဂတ်မှာ တွေ့ဆုံဖို့ အခွင့်အရေး ရှိခဲ့မယ်ဆိုရင် တိုက်ပွဲကောင်းတစ်ခု ဖန်တီးပြီး ငါ့ရဲ့အရည်အချင်းတွေကို ကမ္ဘာကြီးသိအောင် ပြသပစ်လိုက်မယ်"

"အဲ့ဒီ စစ်မှန်လှပါချည်ရဲ့ ဆိုတဲ့ လူတွေကပဲ အရမ်းကြီးအဆင့်အတန်းမြင့်ပြီး အင်အားကြီးတယ်လို့ ဘယ်သူပြောခဲ့လို့လဲ၊ ငါတို့ရဲ့ ယင်ရှဂိုဏ်းသားတွေကိုများ မကောင်းတဲ့လူတွေလိုမျိုး သွားပုပ်လေလွင့်ပြောပြီး ဆန့်ကျင်နေကြသေးတယ်"

ကျိချန်အာ ဂုဏ်ယူစွာ ပြောလိုက်ရင်း သူမ၏ လေသံအတွင်းမှာ တက်ကြွသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာခဲ့သည်။

"အမ်... နတ်သမီးကျိ၊ မင်းက တစ်ကယ်ကို ရည်ရွယ်ချက် မြင့်မားတာပဲ"

ချီယွမ် ခြောက်ကပ်စွာ တုံ့ပြန်လိုက်ရင်း သရုပ်မှန်ကို ပြောပြမည့် အစီအစဉ်အား ချက်ချင်းပင် စွန့်လွှတ်လိုက်တော့၏။

ထိုနတ်ဆိုးမသည် သန့်စင်နယ်မြေကြီး ၇ ခုအပေါ်မှာ ကြီးမားသော အမုန်းတရားကြီး ရှိနေဟန်ပင်။ အကယ်၍ သူကသာ ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်တစ်ယောက် ဖြစ်မှန်း ပြောဆိုလိုက်ပါက ဤနေရာမှာတင် တိုက်ပွဲဖြစ်ပွားသွားနိုင်သည်။ သူမကို အပြီးသတ် အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိသော်ငြား ကိုယ့်မိန်းမဖြစ်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရခြင်းသည် ပျော်ရွှင်ဖွယ်ကိစ္စတစ်ခုတော့ မဟုတ်ပါချေ။

ထို့အပြင် ကျိချန်အာ၏ ဂုဏ်ယူပြီး မောက်မာသော ပင်ကိုဗီဇအရ အနိုင်ယူခံရပြီးသည့်တိုင်အောင် အရှုံးကို ဝန်ခံမည် မဟုတ်ဘဲ အဆုံးထိ သေပွဲဝင်ကာ တိုက်ခိုက်လိမ့်မည်။ ထိုအခြေအနေသည် လုံးဝကို အကျိုးမရှိသော အခြေအနေပင်။

ကောင်းမွန်သော ဖြေရှင်းချက် မရှိသေးသည့်အတွက် ချီယွမ် တိတ်ဆိတ်စွာနေဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

ဘယ်လိုပင်ဆိုဆို တိမ်ကြွေဂိုဏ်းအတွင်းမှာ သူမ၏ နတ်ဆိုးဂိုဏ်းသားဟူသော သရုပ်မှန်ကိုလည်း ဖော်ထုတ်ခံရပြီး ဖြစ်သည့်အတွက် ထိုနေရာတွင် ဝိညာဉ်အခြေတည်နယ်ပယ် အစီအရင်ဝိညာဉ် ရှိနေသည်ဖြစ်ရာ သူမ ပြန်သွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက ထိုက်ရွှမ်းသန့်စင်နယ်မြေ၏ တာအိုသားတော်တစ်ယောက် ဟုတ်မှန်း ကျိချန်အာ မသိနိုင်တော့ဘူး။

ချီယွမ် အတွေးလွန်နေစဉ်မှာပဲ ကျိချန်အာက ရုတ်တရက် တည်ငြိမ်လာခဲ့ပြီး..

"ချီတ၊ ငါနင့်ကို ဒီနေရာခေါ်လိုက်တာက သတင်းတစ်ချို့ ပေးချင်လို့ပဲ၊ နင်အခု တိမ်ကြွေဂိုဏ်းကနေ သွားလိုက်တော့၊ ငါနဲ့အတူ ယင်ရှဂိုဏ်းကို ပြန်လိုက်ခဲ့‌ချေ၊ အဲ့ဒီနေရာကို ရောက်တာနဲ့ နင် ယင်ရှဂိုဏ်းရဲ့ အတွင်းတပည့်တစ်ယောက် ဖြစ်လာစေရမယ်လို့ ငါအာမခံပေးတယ်"

"ဟမ်"

ချီယွမ် အံ့ဩသွားရင်း ထိတ်လန့်တကြား ပြန်မေးလိုက်တော့သည်။

"ကျွန်တော်ကလား၊ ယင်ရှဂိုဏ်းကို ဝင်ရမယ် ဟုတ်လား"

ကျိချန်အာ တစ်ယောက် အပျော်လွန်သွားသည်ဟု ထင်မှတ်လိုက်ပြီး ချက်ချင်းပင် ခေါင်းညိတ်ပြလာသည်။

"အတွင်းတပည့်တစ်ယောက် ဖြစ်လာမယ်ဆိုရင် နင် တိမ်ကြွေဂိုဏ်းမှာ ရခဲ့တဲ့ အရင်းအမြစ်တွေထက် အဆတစ်သောင်းလောက် ပိုများတဲ့ အရင်းအမြစ်တွေကို ယင်ရှဂိုဏ်းက ပေးနိုင်တယ်၊ ဒါ့အပြင် ငါတို့ ကျိအိမ်တော်ရဲ့ ကာကွယ်မှု ရထားတဲ့အတွက် ဘယ်သူမှ နင့်ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"

ထို့နောက်တွင် သူမက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဂုဏ်ယူစွာ ဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ရက်တစ်ချို့ကမှ ငါ့ရဲ့ဘိုးဘေးကလည်း အဆင့်ထပ်တက်ထားတယ်၊ မဟာယနနယ်ပယ်ရဲ့ ထိပ်ပိုင်းကို ရောက်နေပြီ၊အခုဆိုရင် သူက ယင်ရှဂိုဏ်းမှာ နံပါတ်တစ် အသန်မာဆုံး လူတစ်ယောက်ပဲ၊ မကြာခင်မှာ ကျိအိမ်တော်က အသန်မာဆုံးအိမ်တော် ဖြစ်လာလိမ့်မယ်၊ ငါ့ရဲ့အမိန့်အောက်မှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်မယ်ဆိုရင် ငါလည်းပဲ ယင်ရှဂိုဏ်းရဲ့ သူတော်စင်မရာထူးကို ရလာပြီး နင်လည်း လက်ရွေးစင် တပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်"

[ဘုရားရေ၊ သောက်ကျိုးနည်းကြီးဟေ့]

ချီယွမ် အလွန်အမင်း အံ့သြသွားတော့သည်။

[ငါက ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်တစ်ယောက်လေ၊ အဲ့ဒါကို နတ်ဆိုးဂိုဏ်းရဲ့ လက်ရွေးစင်တပည့်တစ်ယောက် ဖြစ်လာစေချင်နေတာလား]

…….

All Chapters