ဟန်ဆောင်မနေနဲ့၊ နင်က မွေးရာပါ နတ်ဆိုးဗီဇနဲ့သူပဲ
Vol. 9 Ch. 88
( ဒီနတ်ဆိုးမ ရူးသွားပြီလား )
ထိတ်လန့်မှုကြောင့် ချီယွမ်တစ်ယောက် ပါးစပ်ကြီး ပွင့်ဟစွာဖြင့် ချီယွမ်အား ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။
“နတ်သမီးကျိ ဘာလို့ ထူးဆန်းတဲ့ အတွေးတွေ တွေးနေရတာလဲ။ ကျွန်တော်က အမြဲတမ်း ဖြောင့်မတ်မှန်ကန်ပြီး ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ။ နတ်ဆိုးဂိုဏ်းလိုမျိုး နေရာတစ်ခုက ကျွန်တော့်လို လူမျိုးအတွက် လုံးဝကို မသင့်တော်ဘူး။ ဟုတ်ပြီလား”
“ဟမ်း”
သို့သော်ငြား ကျိချန်အာသည် မဲမှောင်နေသော မျက်နှာထားဖြင့် စူးရဲစွာ လှမ်းကြည့်ပြီး အေးစက်စွာ ပြောလိုက်လေ၏။
“ချီမျိုးရိုး၊ နင်တစ်ခြားလူတွေကို အရူးလုပ်ချင် လုပ်လို့ရမယ်။ ဒါပေမယ့် ငါ့ကိုတော့ အရူးလုပ်လို့ရမယ်လို့ ထင်မနေနဲ့။ နင်က ဘယ်လိုလူမျိုးမှန်း ငါမသိဘူး ထင်နေတာလား”
သူမ၏လှပသော မျက်လုံးသည် အနည်းငယ် ကျဉ်းမြောင်းသွားကာ ခန့်မှန်း၍ မရနိုင်သော လေသံဖြင့် ပြောလာခဲ့၏။
“ဟန်ဆောင်နေတာ ရပ်လိုက်တော့။ နင်က မွေးရာပါ နတ်ဆိုးဗီဇနဲ့ လူပဲ။ အဲ့ဒီလူမျိုးက နှစ်တစ်သောင်းမှာ တစ်ယောက်ပဲ ရှာတွေ့နိုင်တာ”
( ငါကလား ငါက နတ်ဆိုးဗီဇနဲ့လူ ဟုတ်လား )
ချီယွမ် အံ့ဩသွားကာ ခဏမျှ ဘာပြန်ပြောရမှန်း မသိတော့ချေ။
သရုပ်မှန်ကို ဖော်ထုတ်ခံလိုက်ရသည့် တိုင်အောင် တစ်ဖက်သူသည် ကြောက်ရွံ့မှု ပြမလာပဲ မသိချင်ယောင်ဆောင်နေပုံကြောင့် ကျိခန်အာ မနေနိုင်စွာ လေးစားသွားခဲ့သည်။
( ဒီလူငယ်က ဒီလိုအခြေအနေမှာတောင်မှ မလှုပ်မရှားနဲ့ တည်ငြိမ်အောင် နေနိုင်သေးတယ်။ သူ့ရဲ့နှလုံးသားက ကျောက်တုံးတစ်တုံးလို မာကျောနေတာပဲ။ ဒီလိုမျိုး နတ်ဆိုးဗီဇက ရှာဖွေဖို့ ခဲယဉ်းလွန်းတယ်။ ဒီတစ်ချက်ထဲနဲ့တင် သူက ငါတို့ဂိုဏ်းနဲ့ ကံကြမ္မာပါတဲ့ လူတစ်ယောက်ပဲ)
ထိုသို့ဖြင့် ကျိချန်အာသည် ပိုမို စိတ်အားထက်သန် လာတော့သည်။
“ဒီလိုဆိုမှတော့ ငါလည်း နင့်ရဲ့သရုပ်မှန်ကို သိသွားပြီ။ ဖုံးကွယ်ဖို့ကြိုးစားမနေနဲ့”
“ဟိုတစ်ခေါက်က မေးတဲ့ မေးခွန်းသုံးခုက ယင်ရှဂိုဏ်းကိုဝင်တဲ့ တပည့်တိုင်း ဖြေဆိုရတဲ့ မေးခွန်းသုံးသွယ်ပဲ။ အဲ့ဒီမေးခွန်းတွေကို ဝင်ရောက်သူ အသစ်တွေကို စမ်းသပ်ဖို့ အထူး ဖန်တီးထားတာ။ ဒီမေးခွန်းသုံးခုကို ဖြေနိုင်မှပဲ ယင်ရှဂိုဏ်းကို ဝင်ရောက်ဖို့ အခွင့်အရေးရှိမယ်။ ပြီးတော့ နင့်ရဲ့ အဖြေတွေက ဘိုးဘေးကြီး ကိုယ်တိုင် သတ်မှတ်ထားတဲ့ စံအဖြေတွေထက် အများကြီးကို သာလွန်နေတယ်။ ဒါကိုများ ကိုယ့်ကိုယ်ကိုယ် ကြင်နာတတ်တဲ့ လူတစ်ယောက်လို့ ပြောထွက်ရဲတာလား”
အာ…
ချီယွမ်တစ်ယောက် အနေခက်စွာဖြင့် မျက်နှာကြီးရှုံ့မဲ့သွားတော့သည်။
ထိုငတုံးမေးခွန်း များကို ဖြေဆိုခဲ့ခြင်းက အခုလိုမျိုး မွေးရာပါ နတ်ဆိုးဗီဇ ရှိသူအဖြစ် ထင်မြင်စေခဲ့မှန်း လုံးဝကို မထင်မှတ်မိခဲ့ချေ။
ချီယွီ၏ စွံ့အနေပုံကြောင့် ကျိချန်အာ မျက်နှာအား မဲ့လိုက်ရင်း….
“နင်တို့လို လူတွေက များသောအားဖြင့် သံသယများတတ်ပြီး ဘယ်သူ့ကိုမှ မယုံကြည်တတ်ကြဘူး။ တိမ်ကြွေဂိုဏ်းကို ဝင်ရောက်တာကလည်း အနင်းခံ ကျောက်တုံးအဖြစ် အသုံးချချင်လို့ပဲ ဖြစ်ရမယ်။ ဘယ်လိုလုပ် ဒီလိုမျိုး သေးငယ်တဲ့ ဂိုဏ်းတစ်ခုအပေါ်မှာ သစ္စာရှိတာ ဖြစ်နိုင်မှာလဲ”
“အဲ့ဒီပုံရိပ်ယောင်မှာတုန်းက နင့်ရဲ့ ရုပ်အသွင်က အခုနဲ့ လုံးဝကိုကွဲပြားတယ်။ ပုံရိပ်ယောင်ထဲမှာ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇကို ဖုံးကွယ်လို့ မရဘူး။ အဲ့ဒါရဲ့ ဆိုလိုရင်းက နင့်ရဲ့အခုရုပ်ကလည်း အတုအယောင်ပဲ”
“ငါသာ မမှားဘူးဆိုရင် ချီတဆိုတဲ့ နာမည်ကလည်း နင်ဖန်တီးထားတဲ့ အရာပဲဖြစ်ရမယ်။ နာမည်၊ရုပ်၊ နောက်ခံ အားလုံးကအတုအယောင်တွေပဲမို့ နင်က အစကတည်းက တိမ်ကြွေဂိုဏ်းကို သစ္စာဖောက်ဖို့ ပြင်ဆင်ထားတာပဲ”
“ဒီလိုမျိုး ရက်စက်တဲ့ရည်ရွယ်ချက်တွေ ရှိနေတာကိုများ ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးတစ်ယောက် မဟုတ်ပဲ ဖြောင့်မတ်ပြီး ကြင်နာတတ်တဲ့ သူလို့ ပြောထွက်ရဲတယ်နော်။ သေလိုက်လေ”
ဒီအချိန်မှာတော့ ချီယွမ်သည် ထိုနတ်ဆိုးမထံကနေ မွေးရာပါ နတ်ဆိုးဗီဇရှိသူအဖြစ် မြင်ယောင်ခံလိုက်ရပြီး ဂိုဏ်းအတွင်းသို့ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ခံထားရမှန်း နားလည်လိုက်တော့သည်။
တစ်ချို့သောအရာတွေက ယုတ္တိမရှိဘူး ဆိုသော်ငြား သူမ၏ မှန်းဆချက် တစ်ချို့ကတော့ မှန်ကန်နေမှန်း လက်ခံရမည်ပင်။
ဖုံးကွယ်ထားသော ရုပ်ရည်ကိုပါ ဖော်ထုတ်ခံလိုက်ရသည့် အတွက် ချီယွမ် ရိုးရှင်းစွာပင် သူ၏နဂိုရုပ်ရည်ကို ပြန်လည်ဖော်ထုတ်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျိချန်အာ ကျုပ်ရဲ့နာမည်အရင်းက ချီယွမ်ပဲ။ ဘာသိချင်သေးလဲ.. အရာအားလုံး ပြောလို့ရတယ်”
မျက်စိရှေ့တွင် ပေါ်လာသော ရင်းနှီးသည့် ချောမောသော မျက်နှာကြောင့် ကျိချန်အာတစ်ယောက် မနေနိုင်စွာပင် ပုံရိပ်ယောင်အတွင်းက နူးညံ့သော မှတ်ဉာဏ်တစ်ချို့ကို နှိုးဆွမိသွားသည်။
တစ်ချိန်ထဲမှာပဲ သူမ၏ ပါးပြင်ထက်၌ ရှက်ရွံ့မှုတချို့ ဝင်ရောက်လာကာ လေသံသည်လည်း သတိမထားမိစွာ တိုးဖျော့သွားလေ၏။
“ချီယွမ် ငါနဲ့အတူ သန့်စင်ဂိုဏ်းကို ပြန်လိုက်ခဲ့ပါ။ လက်ရွှေးစင် တပည့်အဖြစ် အဆင့်တက်ခံလိုက်ရတာနဲ့ အိမ်ပါသမက်ဆိုပေမယ့်လည်း ကျိအိမ်တော်ရဲ့ အိမ်သားဖြစ်တဲ့ ငါ့ကို လက်ထပ်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်။ ဒါဆိုရင် ငါလည်း ဘိုးဘေးကြီးကို အကူအညီ တောင်းပြီးတော့ အဆင့်ကိုးဝိညာဉ်အဆင့်တက်ခြင်း ဆေးလုံးကို တောင်းဆိုပေးမယ်။ အဲ့ဒီဆေးလုံးနဲ့ဆိုရင် နင့်ရဲ့ ဝိညာဉ်သွေးကြော စွမ်းဆောင်ရည်ကို မြှင့်တင်လို့ရပြီ”
သူမ၏ စကားလုံးများထဲမှ နက်ရှိုင်းသော အဓိပ္ပာယ်သည် ချီယွမ်၏ နှလုံးသားကို မွှေနှောက်သွားခဲ့သည်။ သို့သော်ငြား ချီယွမ် လျင်မြန်စွာဖြင့် တည်ငြိမ်အောင် ဖန်တီးလိုက်ကာ တောင့်တင်းစွာ ဖြေလိုက်လေ၏။
“မိန်းကလေး မင်းက ကျုပ်ကို အလုပ်ဘယ်လိုလုပ်ရမလဲ သင်ပေးနေတာလား”
( ဘာ )
ထိုအေးစက်ပြီး အဖက်မလုပ်သော စကားများကြောင့် ကျိချန်အာ မှင်သက်သွားလေရဲ့။
ရာထူးနှင့်ဂုဏ်ပုဒ်အရ ပြောရမည်ဆိုလျှင် သူမသည် ဝိညာဉ်အခြေတည် နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အပြင် ကျိအိမ်တော်၏ တရားဝင်သမီးလည်း ဖြစ်ပါသည်။ ယင်ရှဂိုဏ်းအတွင်းမှာ မြင့်မားသောရာထူးကို အရယူနိုင်ထားပြီး နတ်ဆိုးလမ်းစဉ်အား လျှောက်လှမ်းနေသော အင်အားကြီးသည့် ကျင့်ကြံသူ တစ်ယောက်ပါပင်။
ရုပ်ရည်အရ ပြောရလျှင်လည်း သန့်စင်ဂိုဏ်း၏ အလှလေးသွယ်ထဲမှ တစ်ပါးအဖြစ်သတ်မှတ်ခြင်း ခံထားရသော သူမသည် အမျိုးသားကျင့်ကြံသူများစွာ၏ အိပ်မက်ထဲမှ နတ်သမီးအဖြစ် လေးစားခံရပြီး အချစ်ရေးဆိုသူများ ဝိုင်းဝိုင်းလည်နေသူဖြစ်သည်။
အခုများတော့ သူမသည် မာနကို ခဝါချရင်း ချီသန့်စင်ခြင်း နယ်ပယ်သာ ရှိသေးသော ကျင့်ကြံသူငယ်လေးအား ဂိုဏ်းအတွင်း ဝင်ရောက်ခွင့်ပြုပြီး ကောင်းမွန်သော အခြေအနေအားလုံးကို ပေးပါမည်ဟု ကတိပေးထားခဲ့သည်။ အဆုံးတွင် သူမကိုပါ လက်ထပ်နိုင်မည်ဟု သွယ်ဝိုက် ပြောဆိုထားသေး၏။
သို့သော် မထင်ထားစွာပင် ထိုကောင်လေး၏ တုံ့ပြန်ပုံက အေးစက်ပြီး မာကြောနေလေရဲ့။
“နင် နင်ရူးနေလား”
ကျိချန်အာတစ်ယောက် ချီယွမ်အား စိတ်ဆိုးစွာ ကြည့်လိုက်ရင်း သူမ၏ မျက်လုံးအတွင်း၌ မယုံကြည်နိုင်မှုများ ပြည့်နှက်လာခဲ့သည်။
ချီယွမ် ခပ်ဖွဖွပြုံးလိုက်ပြီး ကျိချန်အာ အနီးသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာကာ အနားရောက်သည်နှင့် သူမ၏နူးညံ့သော မေးစေ့ကိုဆက်ခနဲ ပင့်တင်လိုက်ရင်း နက်ရှိုင်းသော လေသံဖြင့် မေးလိုက်သည်။
“နားထောင် ကျုပ်က သူများစီစဉ်ပေးထားတဲ့ ဇာတ်ခုံပေါ်မှာ ကရတာ မကြိုက်ဘူး။ ကျိအိမ်တော်သားနဲ့လည်း ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။ ဒီတော့ အဲ့ဒီကိစ္စကို မေ့ထားလိုက်တော့”
“ယင်ရှဂိုဏ်းကို ဝင်ချင်ခဲ့ရင်လည်း ကျုပ်ကိုယ်တိုင်ပဲ ဝင်မယ်။ တခြားသူရဲ့ ဝင်ရောက်စွက်ဖက်မှု မလိုအပ်ဘူး”
“ပြီးတော့ နတ်ဆိုးဂိုဏ်းရဲ့ လက်ရွှေးစင် တပည့်တစ်ယောက်က ကျုပ်မျက်လုံးထဲ ဝင်နိုင်မယ်ထင်လား။ ကျုပ်ကြားထားတာတော့ ယင်ရှဂိုဏ်းမှာ သန့်စင်သားတော်ဆိုတဲ့ ရာထူးလည်း ရှိသေးတယ်ဆိုလားပဲ။ တစ်ကယ်လို့ ကြိုးစားပြချင်တယ်ဆိုရင် သန့်စင်သားတော် ဖြစ်လာအောင် လုပ်ပြလိုက်ဦးမှာ”
ချီယွမ် နောက်ဆုံးတော့ နားလည်လိုက်သည်။ ကျိချန်အာလိုမျိုး စိတ်ဓာတ်မာကျောသည့် မိန်းကလေးမျိုးနှင့် ရင်ဆိုင်ရပါက အပေါ်စီးမှ နေနိုင်ရန်အတွက် သူမထက် ပိုမိုသန်မာပြီး ပိုမို လွှမ်းမိုးနိုင်စွမ်း ရှိမှရလိမ့်မည်။
မဟုတ်လျှင် သူများ၏ နှာခေါင်းအောက်၌သာ အမြဲတမ်း နေနေရပြီး ဘယ်သောအခါမှ ခေါင်းမော့၍ ရနိုင်တော့မည် မဟုတ်ချေ။
( ငါ ဘာကိုမှ ဖုံးကွယ်စရာမလိုတော့ဘူး။ ဘယ်လိုပဲဆိုဆို ဒီနတ်ဆိုးမက ငါ့ကို အနိုင်ယူနိုင်မှာမှ မဟုတ်တာပဲ။ ဘာကို ကြောက်နေရမှာလဲ )
( ဒီမျိုးမစစ်ကောင်..... ဘယ်လိုတောင်လုပ်ရဲတာလဲ )
တစ်ဖက်က ကျိချန်အာကတော့ အလွန်အမင်း ကြောင်အနေလေရဲ့။
ထိုရိုင်းစိုင်းသော လူသားကို ဤနေရာမှာတွင် ယင်ရှဂိုဏ်း၏ သင်ပြပေးထားသော ကြမ်းတမ်းရက်စက်သည့် နည်းလမ်းများစွာဖြင့် သင်ခန်းစာ ပေးချင်စိတ်ကို အသည်းအသန် ထိန်းလိုက်ရသည်။
သို့သော်ငြား အကြောင်းအရင်းမသိ ချီယွမ်ထံမှ အခုလိုမျိုး ဆက်ဆံခံရခြင်းသည် သူမ၏နှလုံးသားထဲကို ထူးဆန်းသော နှစ်လိုဖွယ်ခံစားချက် တစ်ချို့ဝင်ရောက်လာစေပြီး အနည်းငယ် တုန်ယင်လာစေ၏။
( လွှမ်းမိုးနိုင်စွမ်းရှိပြီး ဒီလိုမျိုးအင်အားကြီးရမယ်.. ထိန်းချုပ်မှုကို မကြိုက်တဲ့ ဒီလိုလူကမှ ငါကျိချန်အာရဲ့ယောင်္ကျား ဖြစ်ဖို့ ထိုက်တန်တဲ့ နတ်ဆိုးတစ်ကောင်ပဲ )
အချိန်တစ်ခဏ ကြာပြီးနောက်တွင် ကျိချန်အာ၏ အကြည့်သည် တဖြည်းဖြည်း ရီဝေလာကာ သူမ၏ နှုတ်ခမ်းတစ်စုံက တင်းကျပ်သွားခဲ့ပြီး ဖီးနစ်ငှက်တစ်ကောင်လို စူးရဲသောမျက်ဝန်းတစ်စုံသည် ခပ်ဖြည်းဖြည်း မှိတ်ကျသွားကာ အသားယူခံဖို့ အဆင်သင့် စောင့်ဆိုင်းနေလိုက်သည်။
ထိုမြင်ကွင်းကြောင့် ချီယွမ်ပင် အံ့ဩသွားလေရဲ့။
( ဒီအခြေအနေထိ ရောက်လာပြီးမှတော့ ယောင်္ကျားဖြစ်တဲ့ငါက နတ်ဆိုးမကို အလွယ်တကူ အရှုံးပေးရမှာလား.. ဖြစ်နိုင်မယ်ထင်လားကွ )
ချီယွမ်တစ်ယောက် တွေးပြီးသည်နှင့် သက်သောင့်သက်သာ ရှိစွာပင် သူ၏လက်နှစ်ဖက်ကို သေးသွယ်သော ခါးထက်၌ ဇိမ်ကျစွာ တင်လိုက်ရင်း အရှုံးပေးထားသော နတ်ဆိုးမလေးအား သိမ်းပိုက်လိုက်တော့သည်။
.......
အချိန်ဘယ်လောက် ကြာသွားသည် မသိ။ ချီယွမ်တစ်ယောက် မြေပြင်ပေါ်တွင် ထိုင်လိုက်ရင်း ဦးခေါင်းတစ်ခုလုံး ဗလာဖြစ်နေလေ၏။ ဤအချိန်တွင် သူ၏ လက်ထဲ၌ စီးကရက်တစ်လိပ်သာ ရှိနေဖို့ ဆုတောင်းမိပါသည်။
ထိုအချိန်တွင် ကျိချန်အာလည်း နီရဲနေသော ပါးနှစ်ဖက်နှင့် မြေပြင်ပေါ်မှ ကုန်းရုန်းထလာကာ ဖရိုဖရဲဖြစ်သွားသော ဆံပင်နှင့် အဝတ်အစားများကို ပြင်ဆင်လိုက်ရင်း အံကြိတ်ကာ သတိပေးလိုက်သည်။
“ချီမျိုးရိုး ဒီလိုမျိုး ငါ့ကို မလေးမစား ထပ်လုပ်ရဲလို့ကတော့ အခုလိုမျိုး အလွယ်လေး လွှတ်ပေးမှာမဟုတ်ဘူး”
ချီယွမ် ပခုံးတွန့်ပြကာ တည်ငြိမ်စွာပဲ ပြုံးပြလိုက်၏။
“စိတ်မပူပါနဲ့ ကျုပ်က အမျိုးကောင်းသား တစ်ယောက်ပါ။ နောက်တစ်ခေါက် တွေ့ရင်လည်း ကောင်းကောင်းမွန်မွန် ပြုမူမှာပဲ။ အခုလိုမျိုး ခွင့်ပြုချက် မရမချင်းပေါ့”
ထိုရင်းနှီးသော စကားလုံးများတွင် ကျိချန်အာ အများကြီး မစဉ်းစားခဲ့ချေ။ သူမ၏ နှလုံးသားထဲက ခံစားချက်များကို ဖိနှိပ်ရင်း အင်္ကျီအတွင်းမှ သိုလှောင် လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ချီယွမ်ကို ပစ်ပေးလိုက်သည်။
“ဒီထဲမှာရှိတဲ့ အရင်းအမြစ်တွေကို ယူထားလိုက်။ နောက်တစ်ခေါက်တွေ့တဲ့အချိန် အခြေခံတည်ထောင်ခြင်း နယ်ပယ်ကို မရောက်လို့ကတော့ ငါကိုယ်တိုင် သတ်ပစ်မယ်”
သူမက ပြောပြီးသည်နှင့် ချီယွမ်ကို စူးနေအောင် ကြည့်လိုက်ရင်း အလင်းအဖြစ် ပြောင်းလဲကာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ချီယွမ်တစ်ယောက် လက်စွပ်အားကောက်ယူရင်း စစ်ဆေးလိုက်သည်နှင့် အထဲမှာရှိနေသော မြောက်များစွာသည့် ဝိညာဉ်ကျောက်တုံးများနှင့် ရှားပါး ရတနာများအပြင် ထိပ်သီးအဆင့်မှော်လက်နက် တစ်ချို့ကိုပါ တွေ့လိုက်ရသည်။
လက်ထဲရှိ သိုလှောင်လက်စွပ်အား ကြည့်နေရင်း ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းလာတော့၏။
“သေစမ်း ငါ့ကိုယ်ငါ ဘာလို့ ချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက်ဆီကနေ အမ်းခံနေရတယ်လို့ ခံစားနေရပါလိမ့်မယ်”
…….