← Chapters

မြို့အရှင်ရဲ့ သမီးဖြစ်သူ

Vol. 9 Ch. 89

မြို့အရှင်ရဲ့ သမီးဖြစ်သူ

Vol. 9 Ch. 89

ဖူကျိုးမြို့တွင်

နေ့ခင်းအချိန် ဖြစ်သည့်အတွက် လမ်းတလျှောက်တွင် လူသွားလူလာများ၊ မြင်းလှည်းများနှင့် ပြည့်နှက်နေကာ လမ်းနှစ်ဖက်ရှိ ပြန်ကျ စျေးသည်များကလည်း အားတက်သရော ရောင်းချနေမှုကြောင့် လမ်းမတစ်ခုလုံးသည် သက်ဝင်လှုပ်ရှားနေခဲ့သည်။

သာမာန် မြင်းလှည်းတစ်ချို့မှ လွဲလျှင် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် ဝိညာဉ်သားရဲအသီးသီး ဆွဲထားကြသော ဇိမ်ခံလှည်းများကိုလည်း ကျယ်ပြောသော လမ်းမတစ်လျှောက်တွင် တွေ့နိုင်သည်။

ပိုင်ရှီရို့သည် သူမနှင့်အတူ မျက်လုံးလေးလုံး မြေ‌ခွေးသားရဲအား ခေါ်လာရင်း လမ်းတစ်လျှောက်လုံးကို စပ်စုစွာ လှည့်ပတ်ကြည့်ရှု့ နေခဲ့သည်။ သူမသည် မွေးဖွားစဉ်ကတည်းက တိမ်ကြွေဂိုဏ်းမှာသာ ကြီးပြင်းခဲ့ရသည့်အတွက် အခုလိုမျိုး သက်ဝင်လှုပ်ရှားပြီး ဆူညံသောမြင်ကွင်းမျိုးကို ပထမဦးဆုံး မြင်ဖူးခြင်းဖြစ်သည်။

သူမ၏ လက်မောင်းကြားထဲရှိ မြေခွေးသည်လည်း စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပတ်ဝန်းကျင်အား မျက်လုံးဝိုင်းကြီးနှင့် လှည့်ပတ်ကြည့်ရှုနေ၏။

တိမ်စိုင်လိုမျိုး သွယ်တန်းကာ ဆင်းကျနေသော အနက်ရောင်ဆံနွယ်များနှင့် အဝါဖျော့ရောင် ဝတ်စုံ၏ ခါးပတ်ကို တင်းကြပ်စွာစည်းနှောင်ရသော ဒီဇိုင်းကြောင့် သေးသွယ်သော ခါးလေးသည် ထင်ရှားနေကာ လှပပြီး ကျက်သရေရှိသော အသွင်ကိုဖြစ်ပေါ်စေသည်။ သူမ၏ ပုလဲလုံးလိုဖြူဖွေးသောသွား၊ နှင်းဆီပွင့်လို နီရဲနေသော နှုတ်ခမ်းနှင့် ရေကန်အလယ်မှာ ပွင့်နေသည့် ကြာပွင့်တစ်ခုလို သန့်စင်သော အလှတရားများကြောင့် ဖြတ်သွားဖြစ်လာ လူများအားလုံး၏ အကြည့်ကို မကြာမကြာ ဆွဲဆောင်နေသည်။

သူမ၏ခန္ဓာကိုယ်ကနေ ဖျော့တော့စွာ ထွက်ပေါ်နေသော ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါကြောင့်သာ မဟုတ်လျှင် သူမထံသို့ ချဥ်းကပ်သူများပင် ရှိလောက်သည်။

ဖူကျိုးမြို့တွင် ကျင့်ကြံသူနှင့် သာမန်ပြည်သူများ ယှဉ်တွဲ နေထိုင်ကြသည် ဆိုသော်ငြား လမ်းတလျှောက်တွင်ရှိသော ကျင့်ကြံသူအများစုသည် ချီသန့်စင်ခြင်းနယ်ပယ်သာ ရှိသေးသည့် အငယ်တန်း ကျင့်ကြံသူများပင်။ အခြေခံတည်ထောင်ခြင်း နှောင်းပိုင်းအဆင့် ဟူသော သူမ၏ ကျင့်ကြံမှုက အကုန်လုံးကို ခြောက်လန့်နိုင်ဖို့ လုံလောက်ပါ၏။

“မမပိုင် ဒီနှင်းဆီပန်းပုံစံ အချိုပွဲကိုကြည့်လိုက် အရသာရှိမယ့်ပုံပဲမလား။ နည်းနည်းလောက် ဝယ်ပြီး စားကြည့်ရအောင်လေ”

လမ်းပေါ်ကအချိုပွဲကို မြင်သည်နှင့် မြေခွေးလေး၏ ပါးစပ်သည် သွားရည်ယိုလာကာ ချက်ချင်းပင် ပူဆာလေတော့၏။

ပိုင်ရှိရို့က ညင်သာစွာ ခေါင်းပုတ်ပေးလိုက်ရင်း

“ကောင်းပြီ။ ဒါပေမယ့် မင်းအများကြီးတော့ မစားရဘူးနော်။ မဟုတ်ဘူးဆိုရင် ဗိုက်နာလိမ့်မယ်”

မြေခွေးလေးက အားနည်းစွာ ဖြေလာခဲ့သည်။

“မမ ကျွန်မက အခြေခံ တည်ထောင်ခြင်းနယ်ပယ်ကို ရောက်နေပြီနော်။ ဆိုင်မှာရှိတဲ့ အချိုပွဲတွေအားလုံးကို စားလိုက်ရင်တောင် ဗိုက်နာမှာမဟုတ်ဘူး”

ပိုင်ရှီရို့ ခေါင်းငြိမ့်ပြလိုက်ပြီး ချက်ချင်းပင် လမ်းပေါ်ရှိ ဈေးဆိုင်သို့ သွားလိုက်သည်။

ဂိုဏ်း၏တာဝန် တစ်ချို့ကြောင့် မြို့များရွာများကို လည်ပတ်ခဲ့ဖူးသဖြင့် ပိုင်ရှီရို့သည် သာမာန်ပြည်သူများ ကြားတွင် ကြေးဒင်္ဂါး ငွေဒင်္ဂါးနှင့် ရွှေဒင်္ဂါးကို အသုံးပြုကြမှန်းသိထားသည်။ ကျင့်ကြံသူများသာ ဝိညာဉ်‌ကျောက်တုံးအား ငွေကြေးအဖြစ် အသုံးပြုကြခြင်း ဖြစ်သည်။

မြေခွေးလေးအတွက် အချိုပွဲကိုဝယ်ပြီးသည်နှင့် ပိုင်ရှီရို့ ထွက်ခွာဖို့ ပြင်လိုက်ချိန်မှာပဲ နူးညံ့သော မိန်းကလေးအသံတစ်ခုကို ကြားလိုက်ရ၏။

“အမ ခဏလောက် စောင့်ပါဦး”

တစ်စုံတစ်ယောက်က ခေါ်နေသောကြောင့် ပိုင်ရှီရို့ အနည်းငယ် တုံ့သွားခဲ့ပြီး လှည်ကြည့်လိုက်ချိန်တွင် အသက် ဆယ့်‌ခြောက်နှစ်အရွယ် ဝန်းကျင်သာရှိနိုင်မည့် သူမအားပြုံးပြကာ ကြည့်နေသော လှပသော မိန်းမငယ်တစ်ယောက်အား မြင်လိုက်ရသည်။

ထိုကောင်မလေးသည် တော်တော်လေး လှပသည်ဟု ပြောရမည်ပင်။ သူမ၏ အသားအရေသည် အနည်းငယ် ဖြူဖတ်ဖြူရော်နိုင်သည် ဆိုသော်ငြား စွမ်းအင်လှိုင်းတစ်ချို့ကို ခပ်ဖျော့‌ဖျော့ ခံစားရသည်။ သူမက အခြေခံတည်ထောင်ခြင်း နယ်ပယ် အစောပိုင်းအဆင့်ကို ရှိနေပြီပင်။

“ညီမလေးဘာဖြစ်လို့လဲ”

ပိုင်ရှီရို့ သူမအား စစ်ဆေးနေရင်း စိတ်ထဲမှာ အံ့ဩမိသွားသည်။

အခုမျှ ငယ်ရွယ်သော အသက်အရွယ်နှင့် ဒီလိုမျိုး ကျင့်ကြံဆင့်ကို ရရှိထားသည့်အတွက် သူမ၏ အရည်အချင်းသည် ထိပ်သီးအဆင့် ဖြစ်ရမည်ပင်။

ထိုမိန်းမငယ်လေး၏ နောက်တွင် များစွာသော အစေခံများ ရှိနေပြီး ထိုသူတွေကလည်း ကောင်းမွန်စွာ လေ့ကျင့်ပေးခံထားရမှန်း သိသာ၏။ နေရာမှာတွင် ရပ်မြဲအတိုင်း ရပ်နေကြပြီး မျက်စိအောက်ငိုက် ချထားကာ သခင်မလေး၏ လုပ်ဆောင်မှုကို အနည်းငယ်သော်မျှ ဝင်ရောက်စွတ်ဖက်ခြင်း မရှိပေ။

“အမက အရမ်းလှတာပဲ။ လမ်းမှာရှိတဲ့ သူတွေအားလုံးက အမကိုပဲကြည့်နေကြတယ်”

ထိုမိန်းမငယ်လေးက သူမ၏ပါးစပ်ကို လက်ဖဝါးဖြင့်ကာလိုက်ရင်း အနည်းငယ်ပြုံးလိုက်ပြီးမှ ဆက်ပြောလာသည်။

“ညီမရဲ့နာမည်က အန်းစွေ့လန်ပါ။ ညီမရဲ့အဖေက ဒီမြို့ရဲ့မြို့အရှင် အန်းလင်ရှူးပဲ။ အမကို တွေ့လိုက်တဲ့အချိန် စိတ်ထဲမှာ ရင်းနှီးနေသလိုမျိုး ခံစားရလို့ လှမ်းခေါ်လိုက်တာပါ။ အမ လန့်မသွားဘူးမလား”

“အို ညီမလေးအန်း”

ထိုမိန်းမငယ်လေး၏ မိတ်ဆက်မှုကို ကြားသည်နှင့် ပိုင်ရှီရို့ ချက်ချင်းပင် သဘောပေါက်သွားခဲ့ပြီး မျက်နှာထားသည်လည်းအနည်းငယ် နူးညံ့သွားခဲ့သည်။

အိမ်နီးချင်းများ ဖြစ်သည့် ဖူကျိူးမြို့နှင့် တိမ်ကြွေဂိုဏ်းသည် အမြဲလိုလို ဆက်ဆံရေးကောင်းကို ထိန်းသိမ်းခဲ့ပြီး အကူအညီလိုအပ်တိုင်း အချင်းချင်း ဖေးမခဲ့ကြသည်။

ဖူကျိုးမြို့၏ မြို့အရှင်အန်းလင်ရှူးသည် မူလက တော်ဝင်ရုံးတော်အတွင်း အဆင့်မြင့် အရာရှိတစ်ဦးဖြစ်သည်။ တော်ဝင်ရုံးတော်၏ အတွင်းရေး ကိစ္စတစ်ချို့ကြောင့် ဝေးလံ‌ခေါင်ခိုက်သော ဤနယ်စပ်ဒေသသို့ မောင်းထုတ်ခံလိုက်ရခြင်းပင်။ ရွှေအမြုတေနယ်ပယ် ကျင့်ကြံမှုကို ရှိထားခြင်းကြောင့် ဖူကျိုးမြို့ရှိ လူတိုင်းက ရိုသေလေးစားကြသည်။

ပိုပြီးအရေးကြီးသည်မှာ အန်လင်ရှူးတွင် တရှားမင်းဆက်ရှိ အဆက်အသွယ် ကောင်းများ များစွာရှိသေး၏။ မြို့တော်မှာကျန်ခဲ့သော မိသားစုများကပင် ဝိညာဉ်အခြေတည် နယ်ပယ်ရှိသော အင်အားကြီး ကျင့်ကြံသူများဖြစ်ကြသည်။ အခုလိုမျိုး ခံ့ညားသော နောက်ခံကြောင့် သာမန်ဝိညာဉ်အခြေတည် နယ်ပယ် ကျင့်ကြံသူများကတောင်မှ အန်းလင်ရှူးအား လေးစားမှု ပြသရသည်။

နှုတ်ဆက်စကား အနည်းငယ်ပြောပြီးသည်နှင့် အန်းစွေ့လန်က ခပ်ဖွဖွ ပြုံးလိုက်ကာ..

“အမပိုင် ဒီရက်ပိုင်း မြို့ပြင်မှာ တစ္ဆေမျက်နှာနဲ့ အခြေခံတည်ထောင်ခြင်း နယ်ပယ် အလယ်အဆင့်ရှိတဲ့ ပိုးဖလံတစ်ကောင် သောင်းကျန်းနေတယ်။ အဲ့ဒီ နတ်ဆိုးပိုးဖလံက ဖြတ်သွားဖြတ်လာ ကုန်သည်ယာဥ်‌တွေကို တိုက်ခိုက်ပြီး အပြစ်မဲ့တဲ့ ပြည်သူတွေကို ခံစားရအောင် လုပ်နေတာ လဝက်လောက်ရှိပြီ။ ဒါကြောင့် အဖေကတောင်မှ မြို့ထဲမှာ ရှိနေတဲ့ ကျင့်ကြံသူတွေကို အဲ့ဒီနတ်ဆိုးကို သတ်ပေးဖို့အကူအညီတောင်းတဲ့ အမိန့်တောင် ထုတ်ခဲ့သေးတယ်။ သမီးဖြစ်တဲ့ ညီမကလည်း ဘေးထွက်ပြီး နေမနေချင်ဘူး”

“အဲ့ဒီနတ်ဆိုး ပိုးဖလံကောင် သတ်ဖြတ်နေတာတွေ ရပ်ဖို့အတွက် ညီမက မြို့ပြင်ထွက်ပြီး အမဲလိုက်ဖို့ စဉ်းစားထားတယ်။ ညီမနဲ့အတူ အဖော်သွားပေးမဲ့ ဝိညာဉ်အခြေတည် နယ်ပယ် ကျင့်ကြံသူတွေကို လိုက်စုဆောင်းနေတာပါ။ ဒီတာဝန်သာ အောင်မြင်သွားရင် မြို့အရှင် စံအိမ်ကနေ ထိုက်တန်တဲ့ဆုလာဘ်ကို ချီးမြှင့်လိမ့်မယ်”

အန်းစွေ့လန်သည် သူမ၏ အစီအစဉ်အားလုံးကို ဖော်ပြပြီးသည်နှင့် ပိုင်ရှီရို့အား တတ်ကြွမှုများ တောက်လောင်နေသော မျက်လုံးများဖြင့် မျှော်လင့်တကြီး ကြည့်ရှုလိုက်သည်။

“ဒါက.....”

ထိုကောင်မလေး၏ ရှင်းပြမှုကို နားထောင်ပြီးသည်နှင့် ပိုင်ရှီရို့ အနည်းငယ် တွန့်ဆုတ်သွားကာ မချင့်မရဲ ဖြေလိုက်သည်။

“အမှန်တော့ ဘာဆုလာဘ်မှ မလိုအပ်ပါဘူး။ မြို့က ပြည်သူတွေရဲ့ အသက်နဲ့ သက်ဆိုင်နေတာပဲ။ အမ ကူညီချင်ပါတယ်။ ဒါပေမဲ့အမ ဒီမြို့ကိုလာတဲ့အချိန်မှာ အမနဲ့အတူ အဖော်တစ်ယောက် ပါလာတယ်။ သူ့ကို နှုတ်မဆက်ပဲ သွားလို့တော့ မကောင်းဘူး။ အဲ့ဒီ နတ်ဆိုး ပိုးဖလံလှုပ်ရှားနေတဲ့ နေရာကို အမကို ပြောခဲ့ပါလား။ အမရဲ့အဖော် ပြန်ရောက်လာတာနဲ့ ညီမလေးတို့ကို လာကူမယ်လေ”

“ဟုတ်ပြီ ဒါဆိုရင် ဒီမြေပုံကို ပေးခဲ့မယ်။ ဒီမြေပုံထဲမှာ အဲ့ဒီနတ်ဆိုး ပိုးဖလံ လှုပ်ရှားနေတဲ့ နေရာကိုမှတ်သားထားတယ်။ အမ ညီမလေးတို့ကို အဲ့ဒီနေရာကို လာရှာလိုက်လို့ရတယ်။ ညီမ အရင် လူစုထားလိုက်မယ်”

အန်းစွေ့လန်သည် အနည်းငယ် နောင်တရစွာ သက်ပြင်းချပြီးသည်နှင့် သူမ၏သိုလှောင်လက်စွပ်အတွင်းမှ ဖူကျိုးမြို့ ပတ်ပတ်လည်ကို မှတ်သားထားသော မြေပုံတစ်ခုအား ထုတ်ယူပြီး ပိုင်ရှီရို့ကို ကမ်းပေးလိုက်ကာ အစေခံများနှင့်အတူ လျင်မြန်စွာထွက်သွားခဲ့သည်။

သိပ်မကြာခင်မှာပဲ…

“မောင်လေးချီ ပြန်ရောက်ပြီလား”

ချီယွမ်ကို မြင်သည်နှင့် ပိုင်ရှီရို့၏ လှပသော မျက်လုံးများက ချက်ချင်းပင် ဝင်းလက်သွားကာ ချီယွမ်အား ပျော်ရွှင်စွာသွားရောက် နှုတ်ဆက်တော့သည်။

ပိုင်ရှီရို့၏လှပသော အပြုံးကြောင့် ချီယွမ်ပင် လမ်းလျှောက်နေသော အရှိန်ကို မြှင့်တင်မိရင်း ရင်ထဲမှာ အနည်းငယ်အပြစ်ရှိစိတ် ခံစားလိုက်ရ၏။

“ကျွန်‌တော့်ရဲ့ကိစ္စ ပြီးပြီ။ သွားကြမယ်လေ”

ပိုင်ရှီရို့က ညင်သာစွာပြုံးလိုက်ရင်း

“မောင်လေးကို ကျေးဇူးတင်ပါတယ်”

ချီယွမ်၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းလာတော့၏။

“မလိုပါဘူးဗျာ”

ချီယွမ်တစ်ယောက် စကားမဆုံးခင်မှာပဲ ရုတ်တရက် မျက်နှာထားပြောင်းလဲသွားကာ တည်တံ့စွာ မေးလိုက်တော့၏။

“အမ ကျွန်တော်မရှိတဲ့ အချိန်မှာ တစ်ယောက်ယောက်နဲ့ တွေ့ခဲ့သေးလား”

ချီယွမ်သည်လက်ရှိတွင် ပိုင်ရှီရို့အပေါ်မှ ဖျော့တော့ပြီး ခန့်မှန်း၍မရနိုင်သော အရှိန်အဝါ တစ်ခုကို ခံစား၍ ရနေခဲ့သည်။ ထိုအရှိန်အဝါသည် တစ္ဆေတကောင်လိုမျိုး အနည်းငယ် ခြောက်ခြားဖို့ကောင်း၏။ ယခုလိုမျိုး နေ့ခင်းကြောင်တောင် အချိန်ကြီးမှာတောင် ဆွဲငြိကျန်နေနိုင်သော အရှိန်အဝါကြောင့် မူရင်းပိုင်ရှင်သည် အနည်းဆုံးတော့ ဝိညာဉ်အခြေတည်နယ်ပယ်နှင့် ညီမျှသော တစ္ဆေစစ်သူကြီး အဆင့်အား ရောက်ရှိထားသော အဆင့်မြင့်ဝိညာဥ်တစ်ကောင် ဖြစ်ရမည်။

( ဖြစ်နိုင်တာ ငါမရှိနေတဲ့ အချိန်မှာ အမပိုင်ကို တစ္ဆေတစ်ချို့က ပစ်မှတ်ထား သွားတာလား )

ချီယွမ် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏မျက်လုံးအတွင်းမှာ လူသတ်လိုစိတ်များ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။

တစ်ဖက်သူ၏ တည်ငြိမ်နေသော မျက်နှာထားကြောင့် ပိုင်ရှီရို့ပင် အနည်းငယ် မျက်မှောင်ကြုတ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။

“အမ အစောပိုင်းက မြို့အရှင်ရဲ့သမီး အန်းစွေ့လန်နဲ့ တွေ့ခဲ့တာပါ။ အဲ့ဒီညီမလေးက မြို့ပြင်မှာ အခြေခံတည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူတွေနဲ့အတူ အမဲလိုက်ဖို့ အမကို ဖိတ်ခေါ်ထားတယ်”

ပိုင်ရှီရို့သည် ပြောပြီးသည်နှင့် အင်္ကျီအတွင်းမှ မြေပုံကို ထုတ်ယူကာ မှတ်သားထားသော အနီရောင်အဝိုင်းအား လက်ညိုးထိုးလိုက်ရင်း

“တစ္ဆေမျက်နှာ ပိုးဖလံက အဲ့ဒီ နေရာတဝှိုက်မှာ လှုပ်ရှားနေတယ်တဲ့”

ချီယွမ် ခံစားနေရသော ခြောက်ခြားဖွယ် စွမ်းအင်သည် ထိုမြေပုံအတွင်းမှ ထွက်ပေါ်နေတာဖြစ်သည်။

“သွားကြမယ်”

ချီယွမ်၏ အကြည့်က စူးရှသွားရင်း ချက်ချင်းပင် ပြောလိုက်တော့သည်။

“အဲ့ဒီလူတွေကို ကျွန်တော်တို့ အခုပဲ သွားရှာကြမယ်”

( ဒီကိစ္စက အမပိုင်ရဲ့လုံခြုံမှုနဲ့ သက်ဆိုင်နေတယ်။ ဘာတွေဖြစ်ခဲ့လဲဆိုတာကို အတိအကျ မသိမရမချင်း ငါစိတ်အေးရမှာ မဟုတ်ဘူး )

………

All Chapters