← Chapters

ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ

Vol. 9 Ch. 82

ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ

Vol. 9 Ch. 82

တစ်ဖက်သူသည် နောက်နေဟန် မရသောကြောင့် ပိုင်ချင်းဝူ မျက်နှာပျက်လာကာ ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။

"မင်းရဲ့တောင်းဆိုချက်က အရမ်းများလွန်းတယ်။ ငါ သဘောမတူနိုင်ဘူး။ တောင်းဆိုချက်ကို ပြောင်းမယ်ဆိုရင် နောက်မကျသေးဘူး"

"ပြောင်းဖို့ မလိုအပ်ပါဘူး"

ချီယွမ် အနည်းငယ် ပြုံးလိုက်ရင်း တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

"ကျွန်တော် ဂိုဏ်းတူအစ်မပိုင်ကိုပဲ လိုချင်တယ်"

ဘန်း…

အကုန်လုံး၏ ထူးဆန်းသော အကြည့်များအောက်တွင် ပိုင်ချင်းဝူ စားပွဲခုံကို မထိန်းချုပ်နိုင်စွာဖြင့် လက်သီးနှင့် ထိုးချလိုက်သည်။ ပိုင်ချင်းဝူ၏ လေသံက အလွန်အမင်း ပြတ်သားနေလေ၏။

"မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ဘူး။ ဟိတ်ကောင် မင်းလိုချင်တာ ဘာမဆို ငါပေးမယ်။ ဒါပေမဲ့ ရို့အာကို တွေးတဲ့ မင်းရဲ့အတွေးတွေ ပြင်ဆင်လိုက်ဖို့ပဲ ငါ အကြံပေးမယ်။ မင်း..."

သို့သော်ငြား ပိုင်ချင်းဝူ၏ စကားမဆုံးခင်မှာဘဲ ဘေးမှာရပ်နေသော ပိုင်ရှီရို့သည် နီရဲသောမျက်နှာဖြင့် အင်္ကျီစကို လှမ်းဆွဲလာခဲ့သည်။

"အဖေ၊ ဂိုဏ်းတူမောင်လေးချီက အဖေထင်နေသလိုလူ မဟုတ်ပါဘူး။ ဒီလိုမျိုး ပြောလာတာ သူ့မှာ အကြောင်းရင်းရှိမှာပါ။ သူ ပြောတာကို အရင် နားထောင်ကြည့်ရအောင်လေ"

"ဘာ"

ပိုင်ချင်းဝူ၏ မျက်လုံးသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားကာ သမီးဖြစ်သူကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏ နှလုံးသားတစ်ခုလုံး ကြောက်ရွံ့သွား၏။

"ရို့အာ၊ ဒီကောင်က အရှင်းအလင်းကြီးကို သမီးကို လိုက်နေ အပိုင်သိမ်းချင်နေတာနော်။ ဘာလို့ သူ့ကို ကာကွယ်ပေးနေတာလဲ"

(သမီးဖြစ်သူ၏ ပုံမှန်ဒေါသအရဆိုလျှင် ချက်ချင်းပင် ခိုင်ခိုင်မာမာ ငြင်းဆိုပစ်လိုက်ရမှာ မဟုတ်ဘူးလား။ ဘာလို့ အခုလိုမျိုး ကာကွယ်ပေးနေရတာလဲ။ ဖြစ်နိုင်တာ...)

ပိုင်ချင်းဝူ ဆက်လက် မတွေးတောရဲတော့ချေ။

ထိုအချိန်မှာပဲ ပိုင်ရှီရို့ နူးညံ့စွာ ခေါင်းငုံ့လိုက်ပြီး ရှက်ရွံ့စွာ ပြောလာတာကို ကြားလိုက်ရသည်။

"ဂိုဏ်းတူမောင်လေးချီက သမီးကို အရမ်းကောင်းတယ်။ သူ့ကို ယုံကြည်ချင်တယ်"

"ရို့အာ၊ သမီး..."

ထိုစကားကြောင့် ပိုင်ချင်းဝူတစ်ယောက် လည်ချောင်းထဲ ခဲပြုတ်ကျသလိုမျိုး ဆွံ့အသွားကာ ရင်ဘတ်တစ်ခုလုံး တင်းကျပ်လာခဲ့ပြီး သွေးအန်တော့မတတ် ဖြစ်လာခဲ့သည်။

သမီးဖြစ်သူ၏ စကားလုံးများသည် နူးညံ့ညင်သာသော်ငြား နောက်ကွယ်တွင်ရှိသော ဖုံးကွယ်၍မရပါသော အဓိပ္ပါယ်သည် ထင်ရှားပါ၏။

ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးထားသော လှပသည့် ပန်းပွင့်လေးကို ပန်းရော အိုးပါ အပိုင်သိမ်းတော့မည့် အခြေအနေကြောင့် အဖေဖြစ်သူ ပိုင်ချင်းဝူ အလွန်အမင်း စိတ်ပျက်လာတော့သည်။

အချိန်တစ်ခဏ ကြာသည်အထိ တိတ်ဆိတ်သွားပြီးမှ ပိုင်ချင်းဝူသည် ဒေါသထွက်နေသော မျက်လုံးရဲများဖြင့် ချီယွမ်ကို လှမ်းကြည့်လိုက်ရင်း အံကြိတ်ကာ ပြောလိုက်တော့သည်။

"ကောင်လေး၊ မင်း ငါ့ကို အကျိုးအကြောင်းသင့်တဲ့ ဖြေရှင်းချက်တစ်ခုတော့ ပေးရမယ်။ မဟုတ်ဘူးဆိုရင် ငါ့ဘက်က ဒီလိုမျိုး ယဥ်ကျေးနေမှာ မဟုတ်ဘူး"

"အဖေ"

တဖြည်းဖြည်း ပြင်းထန်လာသော အခြေအနေများကြောင့် ပိုင်ရှီရို့ လျင်မြန်စွာ ချီယွမ်၏ အရှေ့၌ ပိတ်ကာလိုက်သည်။

"ဂိုဏ်းတူမောင်လေးချီကို မခြောက်ပါနဲ့။ သူက အဖေ့ကို ကယ်တင်ထားတာနော်”

“သမီး… အဖေ ဒေါသထွက်နေပြီနော်”

ပိုင်ချင်းဝူ၏ မျက်ခွံများပင် အကြမ်းပတမ်း တုန်လှုပ်လာတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ခံစားနေရ၏။ ချက်ချင်းပင် ထိုဖြစ်ပျက်နေသော နှစ်ယောက်သားထံသို့ အင်္ကျီလက်ကို ပင့်တင်ကာ လျှောက်သွားလိုက်ရင်း အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်တာပဲ။ ငါ အဲ့ဒီကောင်လေးကို အရင်ဦးဆုံး ရိုက်ပစ်မယ်။ ဘာပဲဖြစ်နေနေ ငါ ကြိုက်တာပေးလို့ ရတယ်။ ဒါပေမဲ့"

ထိုအဖြစ်အပျက်ကြောင့် ဘေးမှာရပ်ကာ ဖရဲသီးစားရင်း ပွဲကြည့်နေသော အကြီးအကဲများ အားလုံး လျင်မြန်စွာ ရှေ့တိုးလာကြပြီး ဖျောင်းဖျရတော့သည်။

"ဂိုဏ်းခေါင်းဆောင်၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

"လူငယ်တွေပဲ ဖြစ်တတ်ပါတယ်။ ဘာလို့ ဒီလောက်ထိ ပြဿနာ ရှာနေရမှာလဲ"

"မင်းတို့အားလုံး ထွက်သွားကြ။ ဂိုဏ်းခေါင်းဆောင်က အခု မိသားစုအရေး ရင်ဆိုင်နေရတယ်။ မင်းတို့ ကြည့်စရာ ဘာမှမရှိဘူး"

"ဪ ပြီးတော့ တပည့်တစ်ချို့က ဒီသစ္စာဖောက် အကြီးအကဲ ယင်ချင်းယွမ်ကို ခေါ်သွားကြ။ သူ့ရဲ့ ကျင့်ကြံမှုတွေအားလုံးကို ဖျက်ဆီးခံလိုက်ရပြီ။ ဒါပေမဲ့ သူ့ကို မျက်စိဒေါက်ထောက်ကြည့်ထား။ သတ်သေဖို့ အခွင့်အရေးလေးတစ်ခုတောင် မပေးနဲ့"

ဥာဏ်ပြေးသော အကြီးအကဲတစ်ချို့က ချက်ချင်းပင် တပည့်များကို မောင်းထုတ်ရင်း အဆင့်မြင့် အကြီးအကဲများသာ ချန်ထားခဲ့လိုက်သည်။

ပရမ်းပတာ အခြေအနေများကြားတွင် မုန်တိုင်း၏ ဗဟိုနေရာ၌ ရပ်နေသော ချီယွမ်သည် ရုတ်တရက် ရယ်မောလိုက်ကာ ကျယ်လောင်စွာ ပြောလိုက်၏။

"ကဲ ဒါဆိုရင် သခင်ကြီးတို့ ကျွန်တော် ရှင်းပြတာကို နားထောင်ပေးကြပါဦး"

တစ်ချိန်တည်းမှာပဲ ချီယွမ်၏ ခန္ဓာကိုယ်ထဲမှ အလွန်အင်အားကြီးသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ခန်းမတစ်ခုလုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။

နေရာတွင် ရှိနေသော သူများအားလုံး ထိတ်လန့်ပြီး မနေနိုင်စွာ လှည့်ကြည့်လာကြ၏။

ထိုအဖြစ်အပျက်သည် အကုန်လုံးကို အလွန်အမင်း အံ့အားသင့်စေသော အခြေအနေကို ရောက်ရှိစေခဲ့သည်။ တစ်ချို့ဆိုလျှင် အိပ်မက်မက်နေလား ခွဲခြားနိုင်စေရန် ကိုယ့်ကိုယ်ကို ဆွဲဆိတ်လိုက်ကြ၏။

(ငါ ဘယ်သူလဲ။ ငါ ဘယ်နေရာ ရောက်နေတာလဲ။ ငါ ဘာတွေ မြင်နေရတာလဲ။ ငါ ဘာလုပ်ရတော့မလဲ)

ထိုသို့ဖြင့် အဓိပ္ပါယ်မရှိသော မေးခွန်းများစွာ ထွက်ပေါ်လာခဲ့ပြီး လူတွေအားလုံး မျက်စိရှေ့က မြင်ကွင်းကိုသာ ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။

"ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲ”

ဂိုဏ်းခေါင်းဆောင် တစ်ဖြစ်လည်း သေမင်းတံခါးဝမှ ထွက်လာနိုင်ခဲ့သော ပိုင်ချင်းဝူသည် အရင်ဦးဆုံး တုံ့ပြန်နိုင်ခဲ့သည်။ ချီယွမ်ကို သတိကြီးစွာ ကြည့်လိုက်ရင်း နက်ရှိုင်းသော လေသံဖြင့် မေးခွန်းထုတ်လိုက်၏။

"မင်းက တစ်ကယ်ပဲ ဘယ်သူလဲ။ ပြီးတော့ ချီတအစစ် ဘယ်ရောက်နေလဲ"

တစ်ဖက်သူသည် ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အပြင် သာမန်သူ မဟုတ်ဘူးဟူသော ခံစားချက်ကို ဝေဝါးစွာ ခံစားနေရ၏။

ထိုသူ၏ အရှိန်အဝါသည် နက်ရှိုင်းကာ သိပ်သည်းပြီး ဝိညာဉ်အခြေတည်နယ်ပယ် အစောပိုင်းအဆင့်သာ ရှိသေးသော်ငြား နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးလိုမျိုး အရှိန်အဝါကို ထုတ်ပေးနိုင်လေရာ အလွန်အမင်း မယုံကြည်နိုင်ဖွယ် ကောင်းလှသည်။

ထိုသို့သောသူမျိုးသည် ထိပ်သီးဂိုဏ်းများ အတွင်းမှာတောင်မှ ရှားပါးသည်။ ထို့ကြောင့် ထိုသူသည် သေချာပေါက် သာမန် အလယ်အဆင့်ဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက် မပြောနှင့်… အလွတ်တန်း ကျင့်ကြံသူ တစ်ယောက်ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါချေ။

ပိုင်ချင်းဝူ၏ လေသံသည် တိတ်ဆိတ်မှုကို ဖြိုခွင်းသွားခဲ့ပြီး အံ့သြမှင်သက်နေကြသော သူများအားလုံး သတိဝင်လာကာ ချီယွမ်ကို ရှုပ်ထွေးမှုနှင့် သတိထားမှုများ ရောယှက်နေသော အကြည့်များဖြင့် လှည့်ကြည့်လာကြသည်။

တိမ်ကြွေဂိုဏ်းသည် အခုမှ ကပ်ဘေးကြီးကို ကျော်လွှားပြီးဖြစ်သည်။ သို့သော်ငြား နောက်ထပ် ဝိညာဉ်အခြေတည်နယ်ပယ် ကျွမ်းကျင် ကျင့်ကြံသူ တစ်ယောက်သည် ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုအဖြစ်အပျက်သည် အကုန်လုံး၏ ကျောရိုးတစ်လျှောက်လုံးကို မချမ်းစိမ့်စေဘဲ နေပါ့မလား။

ပိုင်ရှီရို့ပင် မနေနိုင်စွာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ပြီး သူမ၏ ဘာဒံစေ့ပုံစံ မျက်ဆံအတွင်းတွင် မျက်ရည်များ ဝင်ရောက်လာကာ တုန်ယင်နေသော လေသံဖြင့်..

“ရှင်… ရှင် ဘယ်လိုလုပ် ဝိညာဉ်အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတာလဲ။ တစ်ကယ်ပဲ ဂိုဏ်းတူမောင်လေးချီ ဟုတ်ရဲ့လား”

ချီယွမ် အနည်းငယ် ခေါင်းညိိတ်လိုက်ကာ ညင်သာသော လေသံဖြင့်

“ဂိုဏ်းတူအစ်မ၊ စိတ်အေးအေးထားပါ။ တိမ်ကြွေဂိုဏ်းထဲကို ဝင်လာကတည်းက ကျွန်တော်က ချီတ ဖြစ်နေခဲ့တာ။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်တုန်းက ဂိုဏ်းရဲ့ ဝင်ခွင့်စစ်ဆေးမှု ဖြေရတုန်းက လင်ကျန်းကို ဂိိုဏ်းတူအစ်မ သွားကယ်ခဲ့တယ်မလား။ ဒါပေမဲ့ ကျွန်တော် အရင်ရောက်လာတော့ ဂိုဏ်းတူအစ်မက လူလုံးထွက်မပြဘဲ ပုန်းနေခဲ့တယ်။ ကျွန်တော်သာ ချီတဆိုရင် အဲ့ဒီအကြောင်းကို လုံးဝ သိမှာမဟုတ်ဘူးလေ”

ထိုစကားကို ကြားမှသာ ပိုင်ရှီရို့ စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“ဟုတ်သားပဲ တော်သေးတယ်။ မင်းက သူပဲ”

“တိမ်ကြွေဂိုဏ်းက အကြီးအကဲတို့”

ချီယွမ်သည် အကုန်လုံးကို မတူညီစွာ အရင် ကြည့်ရှုလိုက်ပြီး ဝတ်ရုံအတွင်းမှ သေးငယ်ပြီး တောက်ပနေသော ဖန်တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျွန်တော်က ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ပဲ။ ကျွန်တော့်ရဲ့နာမည်က ချီယွမ်.. ဆရာသခင်ရဲ့ အမိန့်နဲ့ တောင်အောက်ဆင်းလာပြီး ခရီးထွက်ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီခရီးထဲမှာ နတ်ဆိုးဂိုဏ်းရဲ့ သဲလွန်စတစ်ချို့ကို ရှာတွေ့ခဲ့တယ်။ သူမက တိမ်ကြွေဂိုဏ်းထဲမှာ ကျန်းယုယန်အဖြစ် ဖုံးကွယ်ပြီး နေထိုင်ခဲ့တာ။ သူမရဲ့ ရည်ရွယ်ချက်က မရှင်းလင်းဘူး။ နတ်ဆိုးဂိုဏ်းရဲ့ ရည်မှန်းချက်အစစ်ကို ရှာတွေ့နိုင်ဖို့ ကျွန်တော့်ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီးတော့ တိမ်ကြွေဂိုဏ်းထဲကို အလွတ်တန်း ကျင့်ကြံသူ ချီတအဖြစ် ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပိုင်းကျတော့ အဲ့ဒီနတ်ဆိုးဂိုဏ်းက တစ်ကယ်ကို ဆိုးယုတ်တဲ့ အကြံအစည်နဲ့ တိမ်ကြွေဂိုဏ်းမှာ ရှိတဲ့ လူယုံတစ်ချို့နဲ့ ပူးပေါင်းပြီး ထိန်းချုပ်ဖို့လုပ်ခဲ့မှန်း ကျွန်တော် သိခဲ့ရတယ်။ ကောင်းမွန်တဲ့ လမ်းကြောင်းကို ဖျက်ဆီးဖို့ နည်းလမ်းချနေတာပဲ”

ပြောနေရင်းနှင့် ချီယွမ်၏ မျက်နှာသည် ဝေဝါးလာကာ မျက်နှာအစစ်ကို ထုတ်ဖော်ပြသလိုက်သည်။

“သူတို့ရဲ့ အကြံအစည်ကို ရှာတွေ့တာနဲ့ နတ်ဆိုးဂိုဏ်းနဲ့ ကျွန်တော် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးတော့ သူမကို မောင်းထုတ်နိုင်ခဲ့ပြီး ဂိုဏ်းထဲကို နောက်ထပ်ရောက်လာတဲ့ နတ်ဆိုးဂိုဏ်းသားတစ်ယောက်နဲ့ ဖြေရှင်းဖို့ ပြန်လာခဲ့တာပဲ။ ကံကောင်းစွာနဲ့ ဂိုဏ်းကို စောင့်ကြပ်ပေးနေတဲ့ ဝိညာဉ်အခြေတည်နယ်ပယ် အစီအရင်ဝိညာဥ် ရှိနေတော့ နတ်ဆိုးဂိုဏ်းရဲ့ နောက်ထပ် လက်ရွေးစင်တပည့်ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် လက်တစ်ချောင်းတောင် လှုပ်ရှားဖို့ မလိုအပ်ခဲ့ဘူး”

(ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်တဲ့လား)

ထိုအချိန်တွင် တိမ်ကြွေဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများအားလုံးသည် မျက်စိရှေ့ရှိ ချောမောသော လူငယ်ကို ဗလာမျက်ဝန်းများဖြင့် စိုက်ကြည့်နေကြကာ အံ့အားသင့်နေလွန်းသဖြင့် စကားတစ်ခွန်းတောင် မပြောရဲတော့ချေ။ ထိုကောင်လေး၏ မျက်နှာသည် များစွာ ပြောင်းလဲသွားခဲ့ပြီး ထူးခြားကောင်းမွန်သော ရုပ်အသွင်ကို အပြည့်အဝ ဖော်ပြထားခဲ့သည်။

(ဒါက လုံးဝကို မယုံကြည်နိုင်စရာ ကိစ္စပဲ။ သူတို့ အစောပိုင်းကမှ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်နဲ့ တွေ့ထားခဲ့တာလေ။ အခု ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်က ထပ်ရောက်လာပြန်ပြီလား)

သန့်စင်နယ်မြေကြီး ၇ခုအတွင်းတွင် ထူးခြားသော အဆင့်သတ်မှတ်ချက်များ မရှိသော်ငြား ကျင့်ကြံရေးလောကအတွင်းရှိ လွှမ်းမိုးမှုအရ ထိုက်ရွှမ်း သန့်စင်နယ်မြေသည် ထူးခြားကောင်းကင် သန့်စင်နယ်မြေထက် ပိုမိုမြင့်မားပြီး မြောက်ဘက်နယ်မြေတွင် ခိုင်မာစွာ နေရာယူထားနိုင်သည်။

တစ်နည်းပြောရလျှင် နှိုင်းယှဉ်ကြည့်လိုက်ပါက ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော်ဟူသော ဂုဏ်ပုဒ်သည် ထူးခြားကောင်းကင် သန့်စင်နယ်မြေ၏ တာအိုသားတော်ထက် များစွာ မြင့်မား၏။

အလွန်အမင်း တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကြားထဲတွင် ချီယွမ်သည် ပါးစပ်များ ပွင့်ဟကာ ဝေဝါးနေသော မျက်လုံးများဖြင့် ပြူးကျယ်စွာ ကြည့်နေသော ပိုင်ရှီရို့ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်နှာထက်တွင် နူးညံ့သော အပြုံးတစ်ခု ဝင်ရောက်လာကာ…

“ကျွန်တော် ဂိုဏ်းတူအမပိုင်ကို လိုချင်တယ်လို့ ပြောခဲ့တာက သူမရဲ့ ထူးချွန်တဲ့ စရိုက်နဲ့ အရမ်းကို ကောင်းမွန်တဲ့ အရည်အချင်းကြောင့်ပါပဲ။ သူမက ပိုကောင်းတဲ့ လေ့ကျင့်မှုကိုရဖို့ တစ်ကယ်ပဲ ထိုက်တန်တယ်။ ဒါကြောင့် ဦးလေးပိုင်သာ သဘောတူမယ်ဆိုရင် အမကို ထိုက်ရွှမ်း သန့်စင်နယ်မြေဆီ ခေါ်သွားပြီးတော့ သန့်စင်နယ်မြေရဲ့ လက်ရွေးစင်တပည့် ဖြစ်လာအောင် ကျွန်တော် ပြောပေးမယ်။ သူမရဲ့ အနာဂတ်က သေချာပေါက် ချောမွေ့ပြီး တောက်ပနေမှာပါ”

တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်၏ တန်ဖိုးရှိလှသော သမီးဖြစ်သူကို တရားဝင် ခေါ်ဆောင်သွားချင်လျှင် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းက သရုပ်မှန်ကို ဖော်ထုတ်ဖို့ရန်သာ ဖြစ်သည်။ ဘယ်လိုပင်ဆိုဆို တိမ်ကြွေဂိုဏ်းအတွင်းသို့ လာရောက်ရမည့် စနစ်၏ တာဝန်များသည်လည်း ပြီးမြောက်သွားပြီ ဖြစ်လေရာ သရုပ်မှန်ကို ဖုံးကွယ်ထားဖို့ မလိုအပ်တော့ချေ။

ထိုစကားကို ကြားမှသာ ပိုင်ချင်းဝူတစ်ယောက် အသိစိတ် ပြန်ကပ်လာခဲ့ပြီး ပြူးကျယ်နေသော မျက်လုံးများဖြင့် ချီယွမ်၏ လက်အတွင်းရှိ သေးငယ်သော တံဆိပ်ပြားကို ပြူးပြဲကြည့်လိုက်သည်။ ထို့နောက်တွင် ရှုပ်ထွေးနေသော မျက်နှာထားဖြင့်..

“ဒီတံဆိပ်ပြားက ထိုက်ရွှမ်း သန့်စင်နယ်မြေရဲ့ တာအိုသားတော်ပိုင်တဲ့ တံဆိပ်ပြားပဲ။ ဒါပေမဲ့ အဲ့လိုမျိုး ဂုဏ်သိက္ခာမြင့်မားတဲ့ တာအိုသားတော် တစ်ယောက်က ဒီနေရာကိုလာပြီး အစေခံ တပည့်တစ်ယောက် လုပ်မယ်လို့ ကျုပ် မယုံကြည်နိုင်ဘူး”

ထိုအချိန်မှာပင် ခန်းမ အပြင်ဘက်တွင် စောင့်ကြပ်နေသော တပည့်တစ်ယောက်၏ တင်ပြသံကို ကြားလိုက်ရသည်။

“ဂိုဏ်းခေါင်းဆောင်ကို တင်ပြပါတယ်။ အပြင်ဘက်ကို မရင်းနှီးတဲ့ ကျင့်ကြံသူနှစ်ယောက် ရောက်လာတယ်။ သူတို့က လူတစ်ယောက်ကို လာရှာနေတာလို့ ပြောတယ်”

…..

All Chapters