← Chapters

ဒုတိယတံခါး

Vol. 2 Ch. 19

ဒုတိယတံခါး

Vol. 2 Ch. 19

နေရာက မြူခိုးများဝေဆိုင်းကျနေဆဲ။ စုမင် အဝေးထိ မမြင်ရသေး။ အမြင့်ဆုံး တောင်ထိပ်ပိုင်းကိုသာ မြူကြားမှ ခပ်ရေးရေး မြင်နေရသည်။ သူ့ဘေးနားတခုလုံး တိတ်ဆိတ်နေ၏။ ယုတ်စွအဆုံး အနီးအနားမှ လေတိုးသံပင် မကြားရပေ။

မြူလွှာများနှင့် ကာဆီးနေ‌သည့် တောင်တန်းအား စုမင် ကြည့်လိုက်၏။ ဒါ သူ့အတွက် ဒုတိယ အကြိမ်ပင်။ ဤနေရာမှာ ဤအရပ်တွင် ဒုတိယအကြိမ် ရပ်နေခြင်းဖြစ်ပြီး သူ့အရှေ့တည့်တည့် တောင်နံရံပေါ်တွင် ရေးဆွဲထားသည့် ထူးဆန်းသည့် စာသားများနှင့် ပန်းချီပုံလွှာများကို ကြည့်လိုက်၏။ ၎င်းထွင်းထုရေးဆွဲထားသည့် လက်ရာပိုင်ရှင်မှာ မည်သူဖြစ်စေ စုမင် အနေဖြင့် မလေးစားဘဲ မနေနိုင်ပေ။

စုမင် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ရင်ဘတ်က အဆင်တန်ဆာကို ငုံ့ကြည့်လိုက်၏။ ကျောက်နက်ကလေး ရှိမနေတော့ပေ။ အိပ်မက်မဟုတ်မှန်း သေချာအောင် ကိုယ့်ကိုကိုယ် ဆိတ်ဆွဲကြည့်၏။ သူ တကယ် ထူးဆန်းသည့်နေရာကို ရောက်ခဲ့လေပြီ။

အကျႌရင်ဘတ်ထဲမှ မြူမှုန်ထိုးခွဲ ပုလင်းများကို ထုတ်လိုက်သည်။ ပြီးနောက် မြူထဲသို့ တိုးဝင်သွားလေ၏။ သိပ်မကြာခင် တောင်ခြေသို့ ရောက်ရှိပြီး ဥမင်လိုဏ်ခေါင်းထဲသို့ ရောက်ရှိ လာတော့သည်။

ဥမင်လိုဏ်အဆုံးရှိ တံခါးချပ်ကို မတွေ့မချင်း စုမင် ဆက်လျှောက်လာသည်။ ရင်းနှီးကျွမ်းဝင်နေသည့် တံခါးရွက်နှင့် ၎င်းအပေါ်မှ အပေါက်လေး ၁၅ ပေါက်ကို ကြည့်ရင်း စုမင် ခေတ္တ တွေဝေသွားသည်။ ထို့နောက် ပုလင်းထဲမှ မြူမှုန်ထိုးခွဲဆေးလုံးကို ထုတ်ယူလိုက်၏။ လက်ချောင်းနှစ်ချောင်းနှင့် ဆေးလုံးကို ကိုင်ပြီး ပထမဆုံး အပေါက်ထဲကို ထည့်ကြည့်လိုက်သည်။

သူ့လက်ချောင်းနှင့် အပေါက် ထိမိသည်နှင့် ဆွဲငင်အားဖျော့တော့တော့ တစ်ခုကို စုမင် ခံစားလိုက်ရပြီး ၎င်းဆွဲငင်အားက သူ့လက်ချောင်းကြားမှ မြူမှုန်ထိုးခွဲဆေးလုံးကို စုပ်ယူသွားလေသည်။

စုမင် ဒေါသထွက်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သူ့ထင်မြင်ချက် မှန်၊ မမှန် မသေချာသလို  အပေါက်ငယ် ၁၅ ပေါက်လုံး ဆေးအပြည့် ဖြည့်ပြီးသည့်တိုင် ဘာဆက်ဖြစ်မည်ကို သူမသိသေး။ သို့သော် ဤခရီးအတွက် အကြာကြီး ပြင်ဆင်ခဲ့ရသည်မို့ သူ့ စိတ် တစိတ်တပိုင်းကလည်း အများကြီး မျှော်လင့်ထားပြန်သည်။

စုမင် အလောတကြီး မပြုမူတော့။ ပထမဆုံး အပေါက်ငယ်က ဆေးလုံးအား စုပ်ယူသွားသည်နှင့် ဘာမှမလုပ်သေးဘဲ အပေါက်ကိုသာ သေချာအာရုံစိုက် ကြည့်နေခဲ့သည်။ သို့တိုင် ဘာမှဖြစ်မလာသေးပေ။

စုမင် ခေါင်းကုတ်လိုက်၏။ တစ်ခဏ စဉ်းစားပြီးနောက် နောက်တစ်လုံး ထပ်ထုတ်ကာ ဒုတိယအပေါက်ငယ်ထဲသို့ ထည့်လိုက်၏။ တွန့်ဆုတ်ခြင်းများ၊ စိတ်လှုပ်ရှားခြင်းများနှင့် ၁၅ ပေါက်ပြည့်သည်အထိ ဆေးလုံးများကို ထည့်နေခဲ့သည်။

“(၁၅) လုံး စလုံး ထည့်ပေးပြီးတဲ့အထိ ဘာမှ‌ ပြောင်းလဲမလာရင်တော့ သက်သက် ဖြုန်းတီးတာဖြစ်ပြီ”

စုမင် စိုးရိမ်ပူပန်စွာနှင့် အပေါက် ၁၅ ပေါက်အား စောင့်ကြည့်နေသည်။ ထိုအချိန်မှာပင် အပေါက်များထဲမှ အလင်းရောင်‌ ဖျော့ဖျော့လေး လင်းလာသည်ကို တွေ့လိုက်ရသည်။

စုမင် ချက်ချင်း နောက်ကိုဆုတ်လိုက်သည်။ အလင်းမှာ တံခါးရွက်ကို လွှမ်းခြုံသွားပြီး ပိုမို တောက်ပလာ၏။ တံခါးပေါ်ရှိ ကြိုးအားလုံး အသက်ဝင် လှုပ်ရှားလာပြီး တစ်ခဏအကြာ ကြိုးများအားလုံး ပေါင်းစပ်မိသွားကာ ရေဝဲတစ်ခုလို ပြောင်းလဲသွားလေ၏။

အပေါက်ငယ် ၁၅ ပေါက်မှ ထွက်ပေါ်နေသည့် အလင်းရောင်အား ကြိုးများ ရစ်ခွေလှည့်ပတ်နေသည့် ဝဲကတော့က တဖြည်းဖြည်း စုပ်ယူသွားပြီး တံခါးအား ပြန်လည်ထွန်းလင်း တောက်ပနေလေသည်။ ရုတ်တရက် ဥမင်ထဲမှ မိုးထစ်ချုန်းသံကြီး ပဲ့တင်ခတ် လွင့်ပျံလာသည်။ အသံမှာ ကျယ်လောင်လွန်း၍ ကြားရသူတိုင်း နားပင်းသွားမတတ်ပင်။ ၎င်းအသံက စုမင် ကိုယ်တွင်းမှ သွေးကြောများအား အလိုအလျောက် ပျံ့နှံ့ ထွက်ပေါ်လာစေ၏။ သူ့တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်လာပြီး ဆွဲအားအား အလိုအလျောက် တွန်းကန်လာလေသည်။

မိုးထစ်ချုန်းသံမှာ သိပ်မကြာလိုက်ဘဲ အပေါက် ၁၅ ပေါက်မှ အစိမ်းရောင်အငွေ့များ ထွက်ပေါ်လာ၏။ မြူမှုန်ထိုးခွဲဆေးလုံးများ အငွေ့အဖြစ် ပြောင်းလဲသွားသည့် အလားပင်။ အပေါက်ငယ်များမှ ‌အခိုးအငွေ့ ၁၅ စိုင် ထွက်သည်နှင့် ကြီးမားလှသည့် ကျောက်သား တံခါးချပ်ကြီးမှာ ယိမ်းထိုးသွားလေသည်။ ရုတ်တရက် တံခါး အလယ်ဗဟိုမှ လူတစ်ကိုယ်စာ ဝင်ရုံ ခပ်ကျဉ်းကျဉ်း အပေါက်လေး ပွင့်လာ၏။

ခပ်ဟဟအပေါက်လေး ပေါ်လာသည်နှင့် တံခါးနှစ်ဖက်မှာ ဘေးဘက်ကို ရွေ့သွားကြသည်။ တံခါးပွင့်သွားခဲ့ပြီ ဖြစ်၏။

စုမင် ရင်မှာ တအားခုန်နေသည်။ သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေ၏။ တံခါးလုံးလုံး ပွင့်သွားချိန် စုမင် အသက်ကို ပြင်းပြင်း ရှူလိုက်၏။ တံခါးနောက်တွင် ဥမင်လိုဏ်ခေါင်း ရှိမနေတော့ဘဲ ကျောက်သားတို့နှင့် ဆောက်လုပ်ထားသည့် အခန်းတစ်ခန်း ရှိနေသည်။

အခန်းနံရံမှာ ချောမွေ့နေရမည့်အစား ထွင်းရာများနှင့် ပြည့်နေသည်။ အခန်းငယ်၏ မြောက်ဘက်နံရံတွင် တင်းတင်းစေ့ပိတ်ထားသည့် တံခါးချပ်ကြီးတစ်ခု ရှိနေသည်။

အခန်းငယ်ရဲ့ မျက်နှာကြက်တွင် အလင်းရောင် ခပ်ဖျော့ဖျော့ လက်နေသည့် ကျောက်တုံးကလေးများ ကပ်နေသည်။ တစ်ချက်ကလေး ရှူရှိုက်မိရုံနှင့် လူ၏ စိတ်ဝိညာဉ်ကို အားပြည့်စေသည့် ရနံ့ဖျော့ဖျော့များလည်း သင်းပျံ့နေ၏။ စုမင်မျက်ဝန်းတို့မှာ စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပနေသော်လည်း သတိထားပြီး အခန်းထဲသို့ ဝင်လာလေ၏။ နံရံကို သေချာကြည့်လိုက်ရာ ၎င်းနံရံပေါ်မှ ထွင်းရာများမှာ ဥမင်ထဲမှ ထွင်းရာများနှင့် ပုံစံချင်း ဆင်တူနေသည်ကို တွေ့လိုက်ရ၏။ ပုံအားလုံးမှာ ရှေးဟောင်း အပြင်အဆင်နှင့် ဆံပင်ရှုပ်ပွနေသော ယောက်ျားသားများ ဆေးဖော်စပ်နေကြသည့် ပုံများ ဖြစ်သည်။

စုမင်မှာ ဉမင်ထဲ ပထမဆုံးရောက်စဉ်က ထွင်းထုထားသည့် ရုပ်ပုံများ အလယ်တွင် အူတူတူ ဖြစ်နေခဲ့သည်။ သို့တိုင် ကိုယ်ပိုင် နိုင်စီးငြိမ်းသတ်ခြင်း နည်းလမ်းနှင့် ဆေးဖော်စပ်ခြင်းကို အောင်မြင်ခဲ့သည့်အပြင် ထပ်ပေါ်လာသည့် မှတ်ဉာဏ် အနည်းအကျဉ်းများကြောင့် ယခု ပုံများကို မြင်လိုက်ရသည့်အခါ သဘောတရား အတော်များများကို နားလည်နိုင်ခဲ့ပြီ ဖြစ်သည်။

ပုံထဲမှ လူများသည် မတူညီသည့် ဆေးအမျိုးမျိုးကို ဖော်စပ်နေကြခြင်း ဖြစ်သည်။ ပုံများကို သေချာ လေ့လာကြည့်ရင်း စုမင်မျက်လုံးများမှာ ပုံများထံမှ မျက်လုံး မလွှဲနိုင်တော့ပေ။ အချိန်ကိုပင် မေ့နေပြီး ပုံတစ်ပုံချင်းစီအား မိမိအတွေ့အကြုံနှင့် နှိုင်းယှဉ်ကြည့်နေမိသည်။

တစ်ပုံကြည့်ပြီးသည်နှင့် နောက်တစ်ပုံဆီကူးပြီး ထပ်‌လေ့လာသည်။ အချိန်များ မည်မျှ ကြာသွားလဲပင် သူမသိတော့။ အားလုံးကြည့်ပြီးသွားသည့်တိုင် ထပ်ကြည့်ချင်သေး၍ အခန်းထဲမှ နောက်ထပ် တံခါးတစ်ချပ်ထံ မျက်စိရောက်သွားပြန်၏။

ယခုတံခါးမှာ ပထမတံခါးနှင့် လုံးဝ မတူပေ။ တံခါးတစ်ရွက်လုံး မည်းနက်နေပြီး ရနံ့ကလည်း မွှေးပျံ့နေ၏။ တံခါးရွက်အား ပြုလုပ်စဉ်က ထူးခြားလျှို့ဝှက်သည့် ပစ္စည်းတွေ ထည့်သွင်းခဲ့ပုံ ရသည်။

တံခါးမှာ လေးလံမည့်ပုံလည်း ပေါ်နေသည်။ တံခါးပေါ်တွင် ထွင်းရာများ ရှိနေသော်လည်း ဒယ်အိုးစောက်ပုံ ဖြစ်နေသည်။ ၎င်းအပေါ်မှ မီးခိုးတစ်ငွေ့နှစ်ငွေ့ ထွက်နေပုံပင် ဆွဲထားသေး၏။ ကြည့်ရသည်က အပြင်လက်တွေ့အတိုင်း အသက်ဝင်လွန်းလှသည်။ ပုံကြည့်နေရသည်နှင့် မတူတော့ဘဲ ဆေးမြစ်ဆေးပင်အား တကယ့် နိုင်စီးငြိမ်းသတ်ခြင်း လုပ်နေသည်ကို ကြည့်နေရသလိုပင် စုမင် ထင်မိသည်။

“ငါ့မှာသာ ဒီလိုဒယ်အိုးမျိုး ရှိလို့ကတော့နော်”

စုမင်က မနာလိုဟန်ဖြင့် ဒယ်အိုးအား အကြာကြီး ကြည့်နေမိသည်။

အိုး၏အပေါ်နှင့် ဘေး‌ဘက်တွင် ဆေးပင်အမျိုးမျိုး ရေးဆွဲထားသည်ကို စုမင် တွေ့လိုက်ရသည်။ စုမင်မှာ ရုတ်ချည်း စိတ်လှုပ်ရှားလွန်း၍ ကြက်သီးမွှေးညင်းများထလာသည်။ သူက အာရုံစူးစိုက်မှုအပြည့်နှင့် ပုံများကို လိုက်ကြည့်၏။ သူ ဒီနေရာကို လာရသည့် ရည်ရွယ်ချက်က ယင်းရုပ်ပုံများကို အသေအချာ လေ့လာချင်၍ ဖြစ်သည်။ သူ နောက်ထပ်ဆေးသစ်များ ဖော်စပ်ရန် နည်းလမ်းသစ် ထပ်လိုချင်၍ ဖြစ်သည်။

ဒယ်အိုးရဲ့ ဘယ်ဘက်တွင် ဆေးပင်ခုနစ်မျိုး ရှိနေသည်။ ထိုအထဲမှ ငါးမျိုးမှာ မြူမှုန်ထိုးခွဲ လုပ်သည့်နေရာတွင် လိုအပ်သော ဆေးပင်များ ဖြစ်၏။ နောက်နှစ်မျိုးကို စုမင် တစ်ခါမှ မမြင်ဖူး၍ စိတ်ထဲစွဲနေအောင် မှတ်လိုက်သည်။

ဆေးအညွှန်း၏ အောက်တည့်တည့် ကျောက်တံခါးပေါ်တွင် အပေါက်ငယ် ရှစ်ပေါက်မှာ အစီအရီ ရှိနေသည်။

အိုး၏ညာဘက်တွင်လည်း ဆေးပင်ခုနစ်မျိုးကို တွေ့ရပြန်၏။ ဘယ်ဘက်ရှိ အညွှန်းနှင့် ခပ်ဆင်ဆင် တူသည်။ ငါးမျိုးမှာ မြူမှုန်ထိုးခွဲလုပ်ရာတွင် မရှိမဖြစ် လိုအပ်သော ဆေးများ ဖြစ်သည်။ နောက်ထပ် ဆေးများကို ကြည့်မိလိုက်သည့်အခါ စုမင် ပျော်သွားလေသည်။ သုံးခုတွင် နှစ်ခုကို စုမင်သိနေ၏။ သို့တိုင် ထိုဆေးပင်များက နည်းနည်းရှားလေသည်။

ထိုအညွှန်းအောက်ရှိ အပေါက်ငယ်လေးများမှာ ဘယ်ဘက်ရှိ အပေါက်ငယ် အရေအတွက်ထက် များနေသည်။ ၎င်းအညွန်းအောက်တွင် အပေါက်ငယ် ၁၂ ပေါက်တိတိ ရှိနေ၏။

အိုးပေါ်မှ အညွှန်းကို ကြည့်လိုက်မိချိန် စုမင်မျက်နှာ ပြုံးသွားပြန်သည်။ ၎င်းအညွှန်းတွင် ပါနေသည်မှာ ဆေးပင်များ မဟုတ်ပေ။ ကြောက်လန့်စရာ ပစ္စည်းသုံးမျိုးကို ရေးဆွဲထားခြင်း ဖြစ်သည်။

ပထမတစ်ခုမှာ စပါးအုံးမြွေ၏အမြီးအကြေးခွံ၊ ဒုတိယမှာ ခြေကိုးချောင်းပင့်ကူ၏ ကိုးချောင်းမြောက် ခြေချောင်းနှင့် တတိယမှာ လက်ဝါးသာသာ ရှိ၍ လူနဲ့တူသည့် သတ္တဝါ တစ်ကောင်၏ ညာဘက်လက်မှ သုံးချောင်းမြောက် လက်ချောင်းတို့ ဖြစ်သည်။

ထူးဆန်းသည်က ၎င်းအညွှန်းအောက်တွင် မည်သည့်အပေါက်မှ ရှိမနေပေ။ ဆေးဖော်ရသည်မှာ အရမ်းခက်လွန်း၍ မရှိခြင်းလည်း ဖြစ်နိုင်သည်။

စုမင် ခဏလောက် ငြိမ်သက်သွားသည်။ သူတံခါးဆီကို လျှောက်သွားပြီး တံခါးပေါ်တွင် ညာလက်ကို ဖိကပ်လိုက်၏။ ရုတ်တရက် ဆိုသလို ဒယ်အိုးပုံမှ စူးရှရှ အလင်းရောင်များ ထွက်ပေါ်လာပြီး စုမင်တစ်ကိုယ်လုံးအား လွှမ်းခြုံသွားလေ၏။

မသက်မသာဖြစ်ပြီး တစ်ခဏအကြာ စုမင်အာရုံထဲတွင် ထူးဆန်းသည့် ပုံရိပ်များ ပေါ်လာ၏။ စုမင်မှာ ဆေးသုံးမျိုး ဖော်စပ်နည်းနှင့် ၎င်းတို့၏နာမည်များပါ သိခွင့်ရလိုက်ပြီ ဖြစ်သည်။

“တောင်အရပ်ခွဲခွာ” အိုး၏ ဘယ်ဘက်တွင်ရှိနေသော အညွှန်းကိုကြည့်ပြီး စုမင် ရေရွတ်လိုက်၏။ ပြီးလျှင် ညာဘက်သို့ ကြည့်လိုက်ပြန်သည်။

“တောင်တန်းဝိညာဉ် .... နောက်ဆုံးတစ်ခုက နတ်မင်းကြိုဆို” စုမင်မှာ အိုးအပေါ်မှ ‌ထူးဆန်းလှသည့် ဆေးညွှန်းများကိုကြည့်ပြီး ရေရွတ်လိုက်၏။

စုမင် စဉ်းစားနေချိန် သူ့အား လွှမ်းခြုံထားသည့် အလင်းမှာ တဖြည်းဖြည်း မှိန်ဖျော့လာပြီး တံခါးချပ်က အလင်းရောင်နှင့်အတူ ပျောက်ကွယ်သွား၏။ အလင်းရောင် ပျောက်သွားသည်နှင့် စုမင် အမြင်အာရုံ‌များ ဝေဝါးသွားသော်လည်း စိတ်တော့ လှုပ်ရှားမနေပေ။ သူ ယခုအတွေ့အကြုံကို တစ်ခါ‌ ကြုံတွေ့ပြီးပြီ ဖြစ်၏။ နားထဲတွင် ထူးဆန်းသည့်လေချွန်သံကို ကြားလိုက်ရသည်။ လေချွန်သံ ဆုံးသည်နှင့် တစ်ပြိုင်နက် စုမင်မျက်လုံးများ ပြန်လည် ကြည်လင်လာပြီး မျိုးနွယ်စုကျေးရွာရှိ သူ့အခန်းထဲသို့ ပြန်ရာက်နေသည်ကို တွေ့လိုက်ရ၏။

စုမင် အသက်ပြင်းပြင်းရှူပြီး တံခါးဝသို့ မြန်မြန် လျှောက်သွားလိုက်သည်။ ခုထားသည့် ကုလားထိုင်ကို ဖယ်ပြီး တံခါးကို ဖွင့်လိုက်၏။ အပြင်တွင် ညအချိန်သာ ရှိသေးသည်။ ကြယ်ကလေးများက တောက်ပစွာ ထွန်းလင်းနေကြ၏။ လေပြေညင်းက စုမင်အား ဖြတ်တိုက်သွားချိန် အရာအားလုံး တိတ်ဆိတ်နေသည်။

သို့တိုင် မိုးကုပ်စက်ဝိုင်း ဟိုးတစ်ဖက်၏ ရေပြင်ညီအရပ်ထံမှ ‌ခပ်ဖျော့ဖျော့ အလင်းရောင်လေး ပေါ်ထွက်နေပုံကိုကြည့်ရင် မကြာခင် အရုဏ်တက်တော့မည်ကို သိလိုက်ရ၏။

“ကြည့်ရတာ နေရာနှစ်ခုကြားက အချိန်က သိပ်မကွာခြားဘူးပဲ”

စုမင်က တံခါးကိုပြန်ပိတ်ပြီး တင်ပျဉ်ချိတ်ပြန်ထိုင်လိုက်သည်။ မေးစေ့ကို လက်နဲ့ကိုင်ရင်း စဉ်းစားကြည့်ပြန်၏။

“ဆေးသုံးမျိုးလုံး လုပ်တဲ့ နည်းတွေက လုံးဝကို မတူဘူး။ ‘တောင်ပိုင်းခွဲခွာ’ လုပ်တဲ့ ဆေးနှစ်မျိုးကို ငါမသိဘူး ... ဒီတော့ ခဏဖယ်ထားလို့ ရတယ်။ ‘နတ်မင်းကြိုဆို’ ကတော့ ....”

စုမင် မျက်လုံးများမှာ ကျဉ်းမြောင်းသွားလေသည်။

“အဲဒါဖော်စပ်ဖို့ကျတော့ ဆေးပင်တွေ လိုတာမဟုတ်ဘဲ သိပ်ထူးဆန်းတဲ့ အရာတွေ လိုနေတာပဲ။ ဒါပေမဲ့ ဖော်စပ်ပြီးသွားရင် ရလဒ်က အရမ်းအံ့ဩဖို့ ကောင်းတာတွေ ဖြစ်လာနိုင်တယ်”

သူ့မှတ်ဉာဏ်ထဲတွင် နတ်မင်းကြိုဆို ဖော်စပ်နေသည့်အချိန် ဘေးပတ်ဝန်းကျင်မှ ရာသီဥတုများ ပြောင်းလဲသွားသည်ကို‌ စုမင် သတိထားမိလိုက်၏။ တိမ်တောင်များ၊ လေပြည်များ နောက်ပြန် ရွေ့လျားတိုက်ခတ်နေသည့် ထိုမြင်ကွင်းက စုမင်ရင်ကို တဒုန်းဒုန်း ခုန်စေသည်။

“ရလဒ်ထွက်လာရင် ဆေးရဲ့စွမ်းပကားက သိပ်ကို အံ့ဩစရာကောင်းမှာ‌ သေချာတယ် နှမျောစရာပဲ”

တံခါး‌ပေါ်တွင် အပေါက်များ ရှိမနေရခြင်းမှာ ဆေးလုံးဖော်စပ်နည်းက အရမ်းခက်ခဲလွန်း၍ ဖြစ်နိုင်သည်။ ထို့ကြောင့် တံခါးအား ဖွင့်နိုင်မည့်သော့ မရှိနေခဲ့ခြင်း ဖြစ်နိုင်သည်။

“ကြည့်ရတာ လောလောဆယ် ငါလုပ်နိုင်တာက တောင်တန်း ဝိညာဉ်တစ်ခုပဲ ရှိတယ် ထင်ပါတယ်။ သုံးခုထဲက နှစ်ခုကို ငါသိတယ်။ အခုတော့ မရှိပေမဲ့ မျိုးနွယ်စုရဲ့ ဆေးသိုလှောင်ခန်းမှာ ကျိန်းသေရှိရမယ်။”

စုမင် တွေးတောနေတုန်း မိုးစင်စင်လင်း၍ နေ့သစ်တစ်နေ့သို့ ရောက်ရှိခဲ့ပြန်သည်။

သူ တစ်ညလုံး မနားရသေးသော်လည်း လုံးဝ မပင်ပန်းသေးပေ။ သွေးကြောကျောက်သား အဆင့် (၂) တွင်ရှိစဉ်က ပင်ပန်းနွမ်းနယ်သည်နှင့် အလွန်သိသာ၏။ ယခုတော့ တစ်နေရာမှ စွမ်းအင်ကြီးတစ်ခု လက်ခံရရှိလိုက်သလိုပင်။ အိပ်ရေးပျက်ထားသော်လည်း မျှော်လင့်ချက်က လင်းလက်နေ၍ လူက လန်းဆန်းနေသည်။

နေ့အချိန် ရောက်လာသည်နှင့် မျိုးနွယ်စုများ ကိုယ်စီ လုပ်ငန်းခွင် ဝင်ကြပြီ ဖြစ်သည်။ စုမင်လည်း ကိုယ်လက်သန့်စင်ပြီးသည်နှင့် သူ့အိမ်နှင့် ခပ်လှမ်းလှမ်းတွင် မြက်နွယ်များဖြင့် ပြုလုပ်ထားသော အဆောက်အဦဆီ ဦးတည်လျှောက်လှမ်းလာခဲ့သည်။ ၎င်းနေရာကို စည်းရိုး ခတ်ထားပြီး အစောင့်များက နေ့ညမပြတ် စောင့်ကြည့်နေလေ၏။

*****

All Chapters