ပေလင်း
Vol. 2 Ch. 20
ဆောင်းတွင်း ဖြစ်သည်နှင့်အညီ မနက်ခင်း၏ လေပြည်မှာ အေးမြလှရာ စုမင်ကို ဖြတ်တိုက်သွားသည်နှင့် အသားကို ဓားနဲ့လှီးသွားသလို ခံစားလိုက်ရသည်။ မျိုးနွယ်စု အလယ်တည့်တည့်တွင် ဖိုထားသည့် မီးပုံကြီးထံမှ အနွေးဓာတ်သည် မျိုးနွယ်တစ်စုလုံးအား လွှမ်းခြုံပေးရင်း အအေးဓာတ်ကို နှင်ထုတ်နေသလိုမျိုး ရှိနေသည်။
မာန်စွမ်းအားရှင်များ ဆိုလျှင် ကိုယ်တွင်းရှိ ချီ စွမ်းအင်များကြောင့် အအေးဓာတ်ကို ခံနိုင်သော်လည်း မျိုးနွယ်ဝင်အများစုမှာ သာမန်လူများ ဖြစ်ကြသည်။ ထို့ကြောင့် ဆောင်းတွင်းဆိုလျှင် လူအတော်များများ အပြင်ထွက်လေ့ သိပ်မရှိကြ။
အပြင်သွားလျှင်လည်း အအေးဒဏ်မှ ကာကွယ်ရန် ထူထူကဲကဲ ဝတ်ဆင်ကြ၏။ ဆောင်းတွင်းတွင် အလုပ်အများဆုံးမှာ မျိုးနွယ်စု သမားတော်များ ဖြစ်သည်။ ၎င်းတို့မှာ မျိုးနွယ်ဝင်များအတွက် အအေးဒဏ် ခုခံကာကွယ်နိုင်အား တက်စေသည့် ဆေးများ ဖော်စပ်ပေးရ၏။
အအေးဆုံး ဟေမန္တဆောင်းကြမ်းကြီး၏ နေ့ရက်များကို ကျော်ဖြတ်နိုင်ရန် အကြီးအကဲသည် ၎င်း၏ခန္ဓာကိုယ်မှ ချီအား မျိုးနွယ်စုတစ်ခုလုံးထံ အသက်သွင်း ဖြန့်ကြက်ပေးတတ်လေ၏။
တစ်ကိုယ်လုံး အအေးဒဏ်လုံသည့် သားရဲသားရေအကျႌကို ဝတ်ဆင်ပြီး နင်းလိုက်တိုင်း ထွက်ပေါ်လာသည့် ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများကို နားစွင့်ရင်း နှင်းတောထဲသို့ စုမင် ဖြတ်သန်းလာ၏။ ရင်းနှီးနေသည့်မြင်ကွင်းနှင့် ဆီးကြိုနှုတ်ဆက်နေကြသည့် မျိုးနွယ်ဝင်များ၏ အပြုံးက စုမင်ရင်ကို နွေးထွေးသွားစေသည်။ အပြုံးဆိုသည်မှာ အေးစက်မှုကို နှင်ထုတ်ပေးသည့် ကုဆေးတမျိုးပင်။
မျိုးနွယ်စုထဲမှ အိမ်လေးများကို ရိုးရိုးရှင်းရှင်း ဆောက်လုပ်ထားလေ၏။ တခြား ရာသီများတွင် အဆင်ပြေသော်လည်း ဆောင်းလေအေးကို တောင့်ခံနိုင်လောက်သည့် အမိုးအကာများတော့ မရှိကြပေ။ ဆောင်းဝင်သည်နှင့် လေအေးများ မဝင်နိုင်အောင် အိမ်လေးဘက်လေးတန် နံရံများကို သားရဲသားရေ အများအပြားနှင့်ကာရံထားကြလေ၏။
သားရဲသားရေမှာ နံရံတွင် အချိန်ကြာကြာ မမြဲသောကြောင့် ပုံမှန်ပြုပြင် ထိန်းသိမ်းပေးရသည်။ မျိုးနွယ်စုဝင်များသည်လည်း အိမ်ထဲတွင် ဖိုထားတဲ့မီးပုံအတွက် သစ်သားများကို အိမ်တွင် သိုထားရသည်။ ထို့ကြောင့် ဆောင်းတွင်းမှာ မျိုးနွယ်ဝင်များအတွက် နှိပ်စက်ညှဉ်းပန်းမှု တစ်ခုလိုပင်။
အတိုချုံးဆိုရလျှင် အအေးဒဏ်ကြောင့် မသေကြသော်လည်း ဒုက္ခတော့ အတော်ရောက်ရလေသည်။
မျိုးနွယ်ဝင်တချို့ အမြဲမပြတ် စောင့်ကြပ်နေသည့် အဆောက်အဦနားသို့ စုမင်ရောက်လာသည်။ ၎င်းမှာ နက်မှောင်တောင်မျိုးနွယ်စု၏ ဆေးဝါးများ သိုလှောင်ထားသည့် နေရာ ဖြစ်သည်။ အဆောက်အဦ၏ နံရံကို သားရဲသားရေ အများအပြားနှင့် ထူထပ်စွာ ကာရံထားလေသည်။ ဘေးပတ်ပတ်လည်တွင်လည်း မီးပုံ အများအပြား ဖိုထား၍ အဆောက်အဦနား နီးလာလေ အပူဓာတ်ကို ခံစားမိလေ ဖြစ်သည်။
စုမင်မှာ သည်နေရာနှင့် အကျွမ်းတဝင် ရှိသည်။ သူ ဆေးရှာရမှာ ပြန်လာတိုင်း သည်နေရာသို့ ဆေးပင်ဆေးမြစ်များ လာပို့နေကြ ဖြစ်သည်။ ထို့ကြောင့် အစောင့်များက စုမင်ကို မြင်သည်နှင့် ပြုံးပြကြပြီး မတားမြစ်ကြပေ။ စုမင်ကလည်း ပြန်နှုတ်ဆက်ပြုံးပြရင်း ခြံစည်းရိုးကို ဖြတ်ကျော်လာခဲ့သည်။ အဆောက်အဦထဲသို့ ဝင်တော့မည့်ဆဲဆဲ အနောက်မှ လှမ်းခေါ်လိုက်သည့် အသံမြူးမြူးလေးတစ်သံကို ကြားလိုက်ရသည်။
“စုမင် နင်ဘယ်တုန်းက ပြန်ရောက်တာလဲ”
၎င်းမှာ မိန်းကလေးအသံ ဖြစ်သည်။ အသံလေးက သံစုံခေါင်းလောင်း အလုံးတစ်ရာလောက် မြည်ဟည်းသွားသလို နားဝင်ချိုလွန်းလှသည်။
စုမင် ရပ်ပြီး လှည့်ကြည့်လိုက်ရာ သူမကို တွေ့သွား၍ သူ့အကြည့်များ နူးညံ့သွားလေသည်။ အသံရှင်မှာ ခပ်ပြည့်ပြည့် ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူမသည် ထူထဲလှသည့် သားရဲသားရေကို တစ်ကိုယ်လုံးအပြည့် ဝတ်ဆင်ထားပြီး ဆံနွယ်များကို မြက်နွယ်တစ်ကြိုးနှင့် စည်းနှောင်ထားလေသည်။ ထူးခြားကောင်းမွန်သည့် အရိုးနားဆွဲ နှစ်ဖက်ကိုလည်း သူမနားနှစ်ဖက်တွင် တွဲလဲ ချိတ်ဆွဲထား၏။ သူမအသားအရေမှာ အနည်းငယ် ကြမ်းတမ်းဟန်ရှိသော်လည်း သူမအလှကိုတော့ မှေးမှိန်သွားနိုင်စေခြင်း မရှိပေ။
ရေအိုင်တမျှ ကြီးမားဝိုင်းစက်နေသည့် သူမမျက်ဝန်းများက လှပကြည်လင်နေပြီး ဖြူစင်မှုကို ဖော်ပြနေသလို ရှိသည်။ စုမင်ထံ ခပ်သွက်သွက် လျှောက်လှမ်းလာနေသည့် သူမမျက်ဝန်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပြည့်လျှံနေလေ၏။
“ငါမနေ့ကပဲ ပြန်ရောက်တာ”
စုမင် ပြုံးလိုက်သည်။ ကောင်မလေးမှာ သူမရှိတုန်း အိမ်ကို ရှင်းလင်းပေးနေသည့် ချန်းရှင်း ဖြစ်သည်။ ချန်းရှင်း အနောက်အား ကြည့်လိုက်သည့်အခါ စုမင်ကိုယ်လေး ဆတ်ခနဲ ဖြစ်သွားသည်။
ချန်းရှင်း တစ်ယောက်တည်း မဟုတ်ပေ။ သူမအနောက်တွင် အရွယ်ရောက်တော့မည့်ဆဲဆဲ လူငယ်လေး တစ်ယောက် ရှိနေသည်။ လူငယ်လေး၏ ခန္ဓာကိုယ်မှာ လေ့ချန်ထက်တောင် တောင့်တင်းကြံ့ခိုင်သေး၏။ ယခုလို ဆောင်းတွင်းမျိုးမှာပင် သားရဲသားရေ အနည်းငယ်သာ ဝတ်ဆင်ထားလေ၏။ သူ့ဆံပင်များက ရှုပ်ဖွာနေသော်လည်း ညစ်ပတ်နေခြင်းတော့ မရှိပေ။ ထက်မြက်ဟန်ရှိသာ့် မေးရိုးက သူ့ကို ဝင့်ကြွားစရာ ဖြစ်စေလေသည်။
အထူးသဖြင့် သူ့မျက်လုံးများက ကြယ်ပွင့်လိုပင်။ ကြမ်းတမ်းခက်ထန်သော်လည်း တောက်ပနေတယ်။ သူများတကာကို သိမ်ငယ်စေသည့် ဟန်ရှိပြီး သူ့အနားရောက်သည်နှင့် ရှိန်ကျသွားစေသည့် အရှိန်အဝါမျိုး ပိုင်ဆိုင်ထားသည်။ ခြုံပြောရလျှင် လူငယ်လေးမှာ သားရဲ တစ်ကောင်နှင့်ပင် တူသေး၏။
ကျောတွင် လေးကို လွယ်ထားလျက် စုမင်အား ရပ်ကြည့်နေသည့် သူ့အကြည့်များက မြားတစ်စင်းပမာ စူးရှလွန်းလှသည်။
“စုမင် ...”
“ပေ .... ပေလင်း”
စုမင်က လူငယ်လေးကို ကြည့်ရင်း သူ့မျက်ဝန်းထဲတွင် စိတ်ရှုပ်သလို အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သို့တိုင် သူက လေးစားစွာနှင့် ပြောဆိုလိုက်၏။
စုမင်ရှေ့မှောက်မှ လူငယ်လေးမှာ သူတို့တို့ခေတ်၏ ကြံ့ခိုင်သန်မာမှု အရှိဆုံး တစ်ယောက် ဖြစ်သည်။ အကြီးအကဲပင် လူငယ်လေး၏ အရည်အချင်းများကို မယှဉ်ပြိုင်နိုင်လောက်ဟု ပြောဖူးသည်။ လေ့ချန်တစ်ယောက်သာလျှင် မာန်စွမ်းအင် နိုးထပြီးနောက် သူနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာသူ ဖြစ်သည်။
ခေတ်၏ အသန်မာဆုံး လူငယ်တစ်ယောက်အနေနှင့် ပေလင်း၏ ကျင့်ကြံမှုမှာ အဆင့်တက် အလွန် မြန်ဆန်နေသည်။ သူသည် သွေးကြောကျောက်သား ကျင့်စဉ်ကို ပြီးမြောက်အောင်မြင်ပြီး ဉာဏ်အလင်းပေါက် အဆင့်သို့ တက်ရောက်နိုင်ရန် အလားအလာ အရှိဆုံး လူငယ်တစ်ယောက် ဖြစ်သည်ဟု အကြီးအကဲ ပြောဖူးသည်ကို စုမင် ကြားဖူးသည်။
အနီးအနား တစ်ဝိုက်မှ မျိုးနွယ်စုများထံတွင်လည်း လူငယ်လေးမှာ နာမည်ကြီးသည်။ လေပြေစီးကြောင်း မျိုးနွယ်စုပင် လူငယ်လေးအကြောင်းကြားသည့်အခါ ဆတ်သားလွှတ်ပြီး သူတို့မျိုးနွယ်စုတွင် လေ့ကျင့်ပေးရန် တောင်းဆိုခဲ့ဖူး၏။ ထို့ကြောင့် စုမင်မှာ လူငယ်လေးအား သည်နေရာတွင် မြင်ရမည်ဟု မထင်မှတ်ထားခဲ့ချေ။
ပေလင်း အပေါ်ထားသည့် စုမင်၏ ခံစားချက်များက ရှုပ်ထွေးသည်။ စုမင် ငယ်စဉ်က ပေလင်းမှာ အစ်ကိုကြီးတစ်ယောက်ပမာ စောင့်ရှောက်ပေးခဲ့သည်။ ယခု စုမင် တတ်ကျွမ်းသည့် လေးမြားအတတ်မှာလည်း ပေလင်း သင်ပေးခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် ပေလင်းက မျိုးနွယ်စုရှိ လူငယ် ခေါင်းဆောင် ဖြစ်လာသည်။ သူ၏ လေးမြားကျွမ်းကျင်မှုမှာ သူတို့လူငယ်အားလုံးအတွက် လှောင်ရယ်စရာ မဟုတ်ခဲ့ပေ။
သို့သော် ချန်းရှင်းအသက် (၁၂) နှစ်သမီးအရွယ်အရောက်တွင် အားလုံး ပြောင်းလဲသွားခဲ့သည်။ စုမင်နှင့် ချန်းရှင်းမှာ အလွန် ရင်းနှီးလွန်းသောကြောင့်ပင် မသိ။ ထိုအချိန်မှစ၍ စုမင်အပေါ် ပေလင်း၏ အကြည့်များက ထူးဆန်းလာပြီး သံသယတို့နှင့် ပြည့်နှက်လာသည်။ ထို့နောက် သူ့ပုံစံမှာ ခပ်တည်တည် ဖြစ်လာပြီး စုမင်အား ဖယ်ကျဉ်လာ၏။ နှစ်ယောက်ဆုံလျှင်ပင် ပေလင်းမှာ စုမင်အား ခေါ်ပြောတော့သည် မဟုတ်ပေ။
ပေလင်းအဖေနှင့် မျိုးနွယ်စုခေါင်းဆောင်တို့သည် ချန်းရှင်းနှင့် ပေလင်းအား စေ့စပ်ပေးရန် သဘောတူထားကြောင်းကို စုမင် သိရသည်မှာ မကြာသေးပေ။
စုမင်မှာ ရှင်းပြချင်ပေမဲ့ ပေလင်း၏ အေးစက်စက် အကြည့်များကြောင့် အခွင့်မသာခဲ့ချေ။ နောက်ဆုံးတွင် သက်ပြင်းသာ တွင်တွင်ချရင်း ပေလင်းနှင့် ခပ်ဝေးဝေးမှာပင် စုမင် နေလိုက်တော့၏။
စုမင်က ကိုယ့်အခြေအနေကိုယ် ကိုယ်သိပါသည်။ သူသည် သာမန်မျိုးနွယ် တစ်ယောက်သာ ဖြစ်သည်။ အကြီးအကဲကြောင့် မဟုတ်ပါက မျိုးနွယ်စုထဲပင် သူ့အား အဝင်ခံကြမည် မဟုတ်မှန်း စုမင်သိပါသည်။
စုမင်မှာ လွန်ခဲ့သည့်နှစ်များစွာက အကြီးအကဲ ခရီးထွက်စဉ် လမ်းတွင် ကောက်ရခဲ့သည့် စွန့်ပစ်ခံ ကလေးတစ်ယောက် ဖြစ်သည်။ မျိုးနွယ်စုများက သူ့အပေါ် ကြင်ကြင်နာနာ ဆက်ဆံကြသည် ဆိုသော်ငြား သူသည် မျိုးနွယ်စုနဲ့ ဘာမှ မသက်ဆိုင်သူ ဖြစ်သည်။ ဤအချက်က မည်သည့်အခါမှ ပြောင်းလဲ မသွားနိုင်သည့်အချက်လည်း ဖြစ်၏။
“ပြန်ရောက်တာ ငါ့ကို ဘာလို့မပြောတာလဲ။ ငါနင့်ကို ခဏခဏ လာရှာသေးပေမဲ့ နင်မရှိဘူး”
ချန်းရှင်းက နှာခေါင်းလေးရှုံ့မဲ့ရင်း ဆူနေသည်။
စုမင်က နှာခေါင်းကို တစ်ချက်ပွတ်ပြီး ချန်းရှင်း၏ အကြည့်ကို ရှောင်လိုက်၏။ သူက ချန်းရှင်းကို ညီမလေးတစ်ယောက်လို သဘောထားပြီး ဘာခံစားချက်မှ ရှိသူ မဟုတ်ပေ။ သူ့အပေါ် သနားကရုဏာနှင့် ဆက်ဆံပေးခဲ့သည့် ပေလင်းအား ဆက်၍ အထင်မလွဲစေလို။
“ပေလင်းရော ဘယ်တုန်းက ပြန်ရောက်လဲ”
စုမင်က စွမ်းအားအရှိန်အဝါများ ဖြာထွက်နေသည့် ပေလင်းအား ကြည့်လိုက်သည်။ ပေလင်း၏ ခန္ဓာကိုယ်က ရုန်းကြွနေပြီး အဆုံးမရှိနိုင်သည့် ချီစွမ်းအင်များကို စုမင်ခံစားမိ၏။ သူ့ဆီမှ ထွက်ပေါ်နေသည့် ' ချီ ' က အကြီးအကဲနှင့် မျိုးနွယ်စုခေါင်းဆောင်များပြီးလျှင် အားအကောင်းဆုံး ဖြစ်သည်။
ထိုချီစွမ်းအင်နှင့်အတူ သူ့ထံမှ ထွက်ပေါ်နေသည့် မာန်မာနကလည်း အားကောင်းသည်။ သူ့ဘေးတွင် ရပ်ရုံနှင့်ပင် စုမင်တယောက် အသက်ရှူ ကျပ်လာသလိုပင်။
“မနေ့က”
ပေလင်းရဲ့အကြည့်က ခါတိုင်းလိုပင်။ အေးစက်စက်နှင့် လိုတိုရှင်းပြောပြီး စကားစ ဖြတ်လိုက်၏။ ပြန်လှည့်သွားပြီး သူ့ဘေးတွင်ရပ်နေသော ချန်းရှင်းကို ကြည့်လိုက်သည်။
“ရှင်း .... ရှင် အမေ့အတွက် ဆေးလာယူချင်တာ မဟုတ်ဘူးလား။ သွားရအောင်”
ပေလင်းက ပြောလည်းပြော၊ ချန်းရှင်း လက်ကိုဆွဲပြီး စုမင်ဘေးမှ ဖြတ်လျှောက်သွားသည်။ ထို့နောက် ဆေးခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်သွား၏။ ချန်းရှင်းက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ခဏတွေဝေသွားပြီးနောက် ဘာမှမပြောဘဲ လိုက်သွားလေ၏။ စုမင်အား ခေါင်းတစ်ချက် ဆတ်ပြပြီး ပေလင်းနှင့်အတူ အဆောက်အဦထဲသို့ ဝင်သွားလေသည်။
စုမင် တိတ်ဆိတ်စွာပင် ရပ်နေမိသည်။ ခဏကြာမှ သက်ပြင်းချပြီး လိုက်ဝင် သွားလေတော့၏။
*****