← Chapters

သူမက ဘယ်သူနဲ့ တူတာတုန်း?

Vol. 42 Ch. 617

သူမက ဘယ်သူနဲ့ တူတာတုန်း?

Vol. 42 Ch. 617

စူးချင်းက ဝမ်ရှို့ကို ကြည့်ရင်းကြည့်ရင်း ဘာကြောင့်မှန်းမသိ ရင်းနှီးနေသလို ခံစားရသောကြောင့် ထပ်ခါထပ်ခါ ကြည့်နေခဲ့သည်။ အဓိကအားဖြင့် သူမ ပြုံးလိုက်သည့်အချိန်တွင် တစ်စုံတစ်ယောက်နှင့် ဆင်တူနေသလို ခံစားနေရသည်။

"တာ့နျို၊ မင်းနဲ့ မိန်းခလေးဝမ်ရှို့ ဘယ်လို တွေ့ခဲ့ကြတာလဲ?"

စူးချင်းက လီတာ့နျိုကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။ ရှောင်းကျဲယွိက စူးချင်းကို တအံ့တသြ လှမ်းကြည့်လို့သည်။

ချင်းအာက ဒါမျိုးတွေကို စိတ်မဝင်စားဘူးလို့ သူ ထင်ထားတာ?

“အဲဒါနဲ့ ပြောရရင်တော့ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံဖို့ ကံကြမ္မာရှိနေပုံပဲ”

ထိုစကားကို ပြောနေချိန်၌ လီတာ့နျို၏မျက်ခုံးများက လင်းလက်တောက်ပနေသည်။ သူက ဝမ်ရှို့ကို ချစ်မြတ်နိုးစွာ လှမ်းကြည့်ပြီး သူ့မျက်လုံးများထဲတွင် မခွဲနိုင်မခွာရက်ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေသည်။

လီတာနျိုနှင့် ဝမ်ရှို့တို့၏ တွေ့ဆုံမှုက ကံကြမ္မာ၏ကြိုတင်ပြင်ဆင်မှု ဖြစ်ပုံရသည်။ လီတာနျို တာ့ထန်သို့ အရက်စည်များ သွားပို့သည့်တရက်တွင် လမ်းပေါ်၌ အော်ဟစ်အကူအညီတောင်းသံတစ်ခု ကြားလိုက်ရပြီး သူက ထိုနေရာသို့ သွားကြည့်ခဲ့သည်။ ဝမ်ရှို့က နှစ်ကျန်း(နှစ်မီတာကျော်)ကျော်နက်သော အက်ကွဲကြောင်းထဲသို့ ပြုတ်ကျနေပြီး သူမက ကြောက်လန့်တကြား ငိုနေကာ သူမ၏မျက်နှာပေါ်တွင် မျက်ရည်များ ပြည့်နေခဲ့သည်။ လီတာ့နျိုကို တွေ့လိုက်ရသည်နှင့် သူမက အသက်ကယ်ကောက်ရိုးတစ်မျှင်ကို မြင်သလိုက်ရသလို ဝမ်းသာသွားပြီး မျက်ရည်များကြားမှ အကူအညီတောင်းလာခဲ့သည်။

“ကျွန်မကို ကယ်ပေးပါ၊ မြန်မြန် ကယ်ပေးပါနော်”

သူမကို မြင်လိုက်သည်နှင့်တပြိုင်နက် လီတာ့နျို၏နှလုံးသားက အထိန်းအကွပ် ခုန်ပေါက်လာသည်။

ဒီကောင်မလေးက အရမ်းလှတယ်။ သူ မြင်မြင်ချင်း ချစ်မိသွားပြီ ထင်ပါရဲ့။

လီတာ့နျိုက သူ့၏လှည်းမောင်းသမားနှင့်အတူ ထိုမိန်းကလေးကို ကယ်တင်ခဲ့သည်။

သူမ၏စုတ်ပြဲနေသော အဝတ်အစားများနှင့် သူမ၏မျက်နှာပေါ်ရှိ အမာရွတ်များကို မြင်လိုက်ရသောကြောင့် လီတာ့နျိုက သူမ ဘာဖြစ်လာသည်ကို မေးမြန်းလိုက်သည်။

ဝမ်ရှို့က သူမ၏မိသားစု ဓားပြတိုက်ခံရပြီး သူမ၏ မိဘများနှင့် ညီအစ်ကိုမောင်နှမများအားလုံး အသတ်ခံခဲ့ရကြောင်း ပြောပြခဲ့သည်။ သူမတစ်ယောက်တည်း ဖြစ်နေပြီး ဆွေမျိုးများထံသို့ သွားရောက်ခိုလှုံခဲ့ကြောင်းနှင့် ထိုဆွေမျိုးများက သူမကို ငွေနှင့် ရောင်းစားရန် ပြင်ဆင်နေကြောင်းလည်း ပြောပြခဲ့သည်။ သူမက ထိုဆွေမျိုးများအိမ်မှ ထွက်ပြေးလာခဲ့ပြီး မြေအက်ကွဲကြောင်းထဲသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှို့က ဝမ်းပမ်းတနည်းဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေသောကြောင့် လီတာ့နျို၏စိတ်နှလုံးကို ကြေကွဲသွားစေသည်။ သူက သူမကို မည်သို့နှစ်သိမ့်ရမှန်း မသိဖြစ်နေပြီး အချိန်အတော်ကြာပြီးမှ စကားစပြောလိုက်သည်။

"ငါ မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"

"အိမ်ပြန် ပို့မှာလား? ဒီကျယ်ပြောလှတဲ့ လောကကြီးမှာ ကျွန်မအတွက် သွားစရာတစ်နေရာမှ မရှိပါဘူး။ လူဆိုးတွေက ကျွန်မတို့ရဲ့အိမ်ကို သိမ်းပိုက်သွားပြီ၊ အခု ကျွန်မက အိုးမဲ့အိမ်မဲ့ ဖြစ်နေပါပြီ”

အဆုံးတွင် ဝမ်ရှို့က လီတာ့နျို၏စကားကြောင့် ပို၍ ငိုကြွေးလာပြန်သည်။ သူမ၏ စိတ်မကောင်းဖြစ်ဖွယ် အခြေအနေကြောင့် လီတာ့နျိုက သူမကို သနားလာပြီး သူ့အိမ်သို့ လိုက်ခဲ့ရန် စိတ်လိုက်မာန်ပါ ကမ်းလှမ်းလိုက်သည်။

သို့သော် ထိုစကားကို ပြောပြီးနောက် လီတာ့နျိုတစ်ယောက် နောင်တရသွားပြန်သည်။

ဝမ်ရှို့က သူ့ကို အခွင့်ကောင်းယူတတ်တဲ့ လူယုတ်မာလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ?

မမျှော်လင့်ဘဲ ဝမ်ရှို့က မော့ချန်သို့ ပြန်လိုက်ရန် ချက်ချင်း သဘောတူလိုက်သည်။ သူတို့ တအိမ်တည်း နေခဲ့သည်မှာ တစ်လကျော်ကြာလာပြီးနောက် လီတာ့နျို၏မိခင်က လီတာ့နျိုအား လက်ထပ်ရန် ဝမ်ရှို့ကို တောင်းဆိုခဲ့သည်။ ဝမ်ရှို့က ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြခဲ့ပြီး ဤအိမ်ထောင်ရေး အကောင်အထည် ပေါ်လာခဲ့သည်။

“တော်တော် ထူးဆန်းတဲ့ ကံကြမ္မာပဲ၊ မင်းရဲ့အိမ်က ဘယ်နားမှာလဲ? ဘယ်သူတွေက မင်းရဲ့မိသားစုကို လုယက်သတ်ဖြတ်ခဲ့တာတုန်း၊ ငါတို့ မင်းအတွက် လက်စားချေဖို့ ကူညီပေးနိုင်တယ်"

စူးချင်းက ဝမ်ရှို့ကို ကြည့်ကာ လှမ်းမေးလိုက်သည်။ သူမ၏ အသံက ဘာမှမထူးခြားဘဲ ဧကရီဖြစ်နေသည့် သူမ၏အဆင့်အတန်းနှင့် အလွန်ကိုက်ညီလှသည်။ သူမ၏အသံက အေးစက်နေခြင်းမျိုး မဟုတ်သော်လည်း နွေးထွေးမှုလည်းမရှိဘဲ သီးသန့်ဆန်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

“ကျွန်တော်မျိုးမက ပုရိလော့မျိုးနွယ်စုကပါ။ ကာဆာမျိုးနွယ်စုက ကျွန်တော်မျိုးမတို့ မျိုးနွယ်စုတစ်ခုလုံးကို သိမ်းပိုက်ခဲ့တယ်။ အမျိုးသားတွေအားလုံးကို ခေါင်းဖြတ်သတ်ခဲ့ပြီး အမျိုးသမီးတွေကတော့ ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်၊ အဲဒီတုန်းက ကျွန်တော်မျိုးမ မျိုးနွယ်စုထဲမှာ မရှိနေလို့ လွတ်မြောက်လာခဲ့တာပါ"

ဝမ်ရှို့က အတိတ်အကြောင်းကို ပြန်ပြောရင်း ဝမ်းနည်းသွားပုံဖြင့် ငိုကြွေးနေပြန်သည်။

"အဲ့လို ဖြစ်ခဲ့တာလား? ကောင်းပြီလေ၊ ဖြစ်နိုင်ရင် အဲဒီလူမျိုးစုကို ဖယ်ရှားဖို့ ငါ ကူညီပေးပါ့မယ်"

စူးချင်းက ဝမ်ရှို့ကို နှစ်သိမ့်ပေးလိုက်သည်။ ဝမ်ရှို့က သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး စူးချင်းကို ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်နေသည်။

“ကျေးဇူတင်ပါတယ် မယ်မယ်”

လီတာ့နျိုကလည်း သူ့ဇနီးကို ကြင်ကြင်နာနာ ပွေ့ဖက်ပေးထားပြီး သူမကို ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်သည်။

“ဧကရာဇ်မင်းမြတ်က မင်းအတွက် လက်စားချေဖို့ ကူညီပေးမှာပါ၊ ဝမ်းမနည်းနဲ့တော့နော်"

လီတာ့နျိုက သူမကို ပွေ့ဖက်လိုက်ချိန်၌ ဝမ်ရှို့၏ ခန္ဓာကိုယ် တောင့်တင်းလာပြီး မသိမသာ ရှောင်ထွက်သွားသည်ကို စူးချင်း လှမ်းတွေ့လိုက်ရသည်။

စူးချင်း၏မျက်လုံးများက လှုပ်ရှားသွားပြန်သည်။

လီတာ့နျိုရဲ့ဇနီးက သူ့ကို မကြိုက်ဘဲ သူ့ကို လက်ထပ်ခဲ့တာလား? လီတာ့နျိုရဲ့မိသားစုက ချမ်းသာပြီး သူမက အိုးမဲ့အိမ်မဲ့ဖြစ်နေတာကြောင့် သူ့ကို လက်ထပ်ဖို့ မဖြစ်မနေ သဘောတူလိုက်ရတာလား?

“ရွှေရှန့်၊ အမေက မင်းတို့ကို ထမင်းလာစားဖို့ ဖိတ်ခိုင်းလိုက်တယ်”

“ငါ မလာနိုင်လောက်တော့ဘူး၊ ငါ ဒီမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ မင်း ပြန်သွားရန် ရွှေ့ရှန့်က သူ(မ)ရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ကြောင်း အဒေါ်လီကို ပြန်ပြောပေးဦး၊ အခွင့်အရေး ရတာနဲ့ ငါ အဒေါ်လီနဲ့ ဦးလေးလီကို မြို့တော်မှာ ရက်အနည်းငယ် လည်ပတ်ဖို့ ဖိတ်ခေါ်မယ့်အကြောင်းပါ ပြောပေးဦး”

"အိုက်ယား? မင်း မလာနိုင်မှန်း ငါ သိတယ်၊ ငါက မင်း အလုပ်ရှုပ်နေပြီး မလာနိုင်လောက်ဘူးလို့ ပြောခဲ့ပေမယ့် ငါ့အမေက ငါ့စကားကို မယုံဘူး”

သူ ထိုသို့ပြောနေသည့်တိုင် လီတာ့နျို၏မျက်နှာပေါ်တွင် စိတ်မကောင်းဖြစ်သွားသည့်အရိပ်အယောင်များ ရှိနေသေးသည်။

သူက ရွှေ့ရှန့်ကို အရမ်းလွမ်းနေတာပါ။ နောက်ဆိုရင် အခုလို တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ဖို့ဆိုတာ မလွယ်တော့ဘူးလေ၊ အဲ့ဒါကြောင့် ရှားရှားပါးပါး တွေ့ရတဲ့အခိုက်အတန့်မှာ အချိန်ကြာကြာလေးအတူရှိနိုင်ဖို့ သူ မျှော်လင့်ထားတာပါ။

“အင်း၊ ဒါဆို မင်း လုပ်စရာရှိတာ လုပ်တော့လေ၊ ငါတို့ အရင် ပြန်လိုက်တော့မယ်"

မည်သို့ဖြစ်စေ လီတာ့နျိုက အခြေအနေနှင့် အကျိုးအကြောင်းကို ခွဲခြားနိုင်သေးသည်။

အခု ရွှေ့ရှန့်က အရင်က ရွှေ့ရှန့် မဟုတ်တော့ဘူး။ သူ့မှာ သူ မဖြစ်မနေ ကိုယ်တွယ်ရမယ့် တိုင်းရေးပြည်ရေးတွေ ရှိနေသေးတယ်။ အခု သူ့တို့ကို တွေ့ခွင့်ပေးတာကတောင် သူ့အတွက် ဂုဏ်ယူစရာ ဖြစ်နေပြီ။

"ကောင်းပြီ ငါ မင်းတို့ကို လိုက်ပို့ပေးမယ်"

ရှောင်းကျဲယွိက ခေါင်းညိတ်ပြပြီး လီတာ့နျိုကို ပင်မဝင်ပေါက်အထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ကာ သူ့၏မျက်နှာသာပေးမှုကို လုံလုံလောက်လောက် ဖော်ပြလိုက်သည်။

"ရွှေ့ရှန့်၊ ငါ ပြန်တော့မယ်။ မင်း ပြန်မထွက်ခွာခင် ငါ့အိမ်ကို လာတွေ့ဦးနော်"

လီတာ့နျိုက တံခါးဝသို့ ရောက်သည်အထိ ရှောင်းကျဲယွိ၏လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။

ဒီတစ်ခါ လမ်းခွဲပြီးရင် ဘယ်အချိန်မှ ပြန်ဆုံကြမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူးလေ။

“အေးပါကွာ”

ရှောင်းကျဲယွိက အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ဝမ်ရှို့က သူမ၏ လှပသော မျက်လုံးများကို ရှောင်းကျဲယွိဘက်သို့ မခို့တရို့ဝေ့ကြည့်လိုက်ပြီးမှ အရိုအသေပေးလိုက်သည်။

"အရှင်မင်းမြတ်၊ ဒီနိမ့်ကျတဲ့မိန်းခလေးကို ထွက်သွားခွင့်ပြုပါ"

သူမ ဒူးညွှတ်အရိုအသေပေးနေသည့် အမူအရာကပင် အလွန်ဆွဲဆောင်မှုရှိနေပြီး ချစ်စရာကောင်းလွန်းလှသည်။ သူမ၏မျက်လုံးများထဲမှ ညှို့ငင်နိုင်သော အလင်းရောင်များ ဖြာထွက်နေပြီး သူမ၏အသံကလည်း တေးဆိုနေသည့် စာဝါငှက်လေး၏အသံကဲ့သို့ ချိုသာနေသည်။ ရှောင်းကျဲယွိက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

အစပိုင်းမှာ သူ သတိမထားခဲ့မိပေးမယ့် ဝမ်ရှို့က သူမကိုယ်သူမ “နိမ့်ကျတဲ့ မိန်းခလေး”လို့ သုံးနေတာ နှစ်ခါတောင် ရှိနေပြီ။ သူမနဲ့ တာ့နျိုက အိမ်ထောင်ပြုပြီးသွားပြီ မဟုတ်ဘူးလား? သူမကိုယ်သူမ “နိမ်ကျတဲ့အမျိူးသမီး”လို့ သုံးသင့်တာမဟုတ်ဘူးလား?

ထို့အပြင် သူမ၏ မျက်လုံးများမှ ညှို့ငင်မှုများ ပါဝင်နေသည့် အကြည့်များနှင့် ဖြားယောင်းချင်နေသော အမူအရာများကလည်း ရှောင်းကျဲယွိကို ပို၍ပင် စက်ဆုပ်သွားစေသည်။ ထိုအချိန်တွင် ရှောင်းကျဲယွိက လီတာ့နျိုအတွက် စိုးရိမ်သွားပြန်သည်။

ဒီလိုသာဆိုရင် တာ့နျို သူ့မိန်းမနဲ့အတူ အိုမင်းသွားနိုင်မလားဆိုတာက မေးခွန်းထုတ်စရာ ဖြစ်လာပြီ။

ရှောင်းကျဲယွိ၏ မျက်နှာက မည်းမှောင်နေပြီး သူ့အင်္ကျီလက်ကိုသာ ခါပြလိုက်သည်။ ဝမ်ရှို့ကလည်း သူမ၏ ဂုဏ်သိက္ခာရှိသော အသွင်အပြင်ကို ချက်ချင်း ပြန်ပြောင်းသွားပြီး မူယာမာယာ မများရဲတော့ပေ။

လီတာ့နျိုကို လိုက်ပို့ပြီးနောက်တွင် ရှောင်းကျဲယွိတစ်ယောက် စိတ်ဘဝင်မကျ ဖြစ်နေခဲ့သည်။

ဝမ်ရှို့က သူ့ကို ဖြားယောင်းဖို့ မျက်လုံး ကစားနေပြီး သူ့ကို သွေးဆောင်နေတာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ သူ့ရဲ့ညီအစ်ကိုကောင်းက ဒီလိုမိန်းမမျိုးကို တွေ့ခဲ့တာလား? သူ ပြောလိုက်ရင်လည်း ဒီအိမ်ထောင်‌ရေးကို ဖြိုခွဲသလို ဖြစ်သွားမှာ စိုးလို့ ဘာမှ မပြောနိုင်ပြန်ဘူး။ ဒါပေမယ့် ရှေ့ဆက်ရမယ့် တာ့နျိုရဲ့ဘဝအတွက်လည်း စိတ်ပူနေမိပြန်တယ်။

"တခုခု ဖြစ်လို့လား?"

စူးချင်းက ရှောင်းကျဲယွိ ဒေါသထွက်နေကြောင်း ချက်ချင်း ရိပ်မိသွားပြီး သူ့ကို လှမ်းမေးလိုက်သည်။

"တာ့နျိုရဲ့မိန်းမက အမူအကျင့်သိပ်မကောင်းဘူး"

ရှောင်းကျဲယွိက စကားကုန် မပြောသော်လည်း စူးချင်းကတော့ နားလည်နိုင်ဆဲဖြစ်သည်။

"သူ(မ)က ရှင့်ကို တက်မက်နေသေးတာလား?"

စူးချင်း၏ မျက်လုံးများကလည်း ချက်ချင်း အေးစက်သွားသည်။

အဲ့မိန်းမက အိမ်ထောင်ကျနေပြီးတာတောင် ဇနီးကောင်းတစ်ယောက်လို မပြုမူသေးဘူးပေါ့လေ။ အခုန သူမကို ကြည့်ပြီး ထူးဆန်နေသလို ခံစားရတာ အံ့သြစရာ မဟုတ်တော့ဘူး။ သူမ ပြောခဲ့သမျှစကားတွေက မြှောင့်ပင့်တဲ့ စကားလုံးတွေပဲ။ သူမရဲ့ အပြုံးတွေက အရးမ်တောက်ပနေပေမယ့် သူမရဲ့ မျက်လုံးထဲမှာ လေးစားမှုဆိုတာကို အရိပ်အယောင်လေးတောင် မတွေ့ရဘူး။ သူမပြောခဲ့တဲ့ စကားတွေက သူမရဲ့စိတ်ရင်းနဲ့ လုံးဝ မကိုက်ညီဘူး။ ဒီအချက်နဲ့တင် သူမ ဟန်ဆောင်နေတယ်ဆိုတာ သက်သေပြနေပြီ။

"အဲ့လိုတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့(မ)ရဲ့အမူအရာက နည်းနည်းလေး ပေါ့ပျက်ပျက် ဖြစ်နေသလို ကိုယ် ခံစားနေရတယ်”

ရှောင်းကျဲယွိက စူးချင်း မနာလိုဖြစ်သွားပြီး ဒေါသထွက်ကာ ဝမ်ရှို့အား သွားဖြေရှင်းလျှင် သူနှင့် လီတာ့နျို မျက်နှာပျက်ရမည်ကို စိုးရိမ်သောကြောင့် သူ့လက်ကို ဝှေ့ယမ်းကာ အမြန် ငြင်းဆိုလိုက်သည်။

“ကျွန်မ သူ(မ)နဲ့ ရင်းနှီးနေသလို ခံစားရတယ်။ အထူးသဖြင့် သူ့(မ)ရဲ့မျက်လုံးတွေပဲ၊ တခြားတစ်ယောက်နဲ့ အရမ်းတူလွန်းတယ်။ အဲ့ဒီလူကို ရှင်လည်း သိတယ်"

စူးချင်းက ရှောင်းကျဲယွိကို လှမ်းပြောလိုက်သည်။ ရှောင်းကျဲယွိ၏စကားများက သူမ၏မှတ်ဥာဏ်ကို နှိုးဆွပေးနိုင်ခဲ့ပြီး အမူအကျင့်မကောင်းသည့် လူတစ်ယောက်ကို သတိရသွားစေခဲ့သည်။

ရှောင်းကျဲယွိ၏စိတ်ထဲတွင်လည်း လူတစ်ယောက်၏ပုံရိပ် ပေါ်လာခဲ့သည်။

"မင်း သူ့အကြောင်း ပြောနေတာလား?"

“ဟုတ်တယ်၊ သူပဲ”

ရှောင်းကျဲယွိကလည်း မှတ်မိနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို သူ(မ)က ဘာလို့ တာ့နျိုကို ချဥ်းကပ်နေရတာလဲ?"

ထိုအရာက ရှောင်းကျဲယွိကို ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။ လီတာ့နျိုက တော်ဝင်ရုံးတော်တွင် အရာရှိဖြစ်လာဖို့ ဆန္ဒမရှိသူ ဖြစ်ပြီး သူက သာမန်စီးပွားရေးသမားတစ်ဦးသာ ဖြစ်သည်။

သူ့ကို ချဥ်းကပ်တာက ဘာအသုံးဝင်နိုင်မှာမလို့လဲ?

“ကျွန်မတို့ စောင့်ကြည့်ကြတာပေါ့၊ သူ(မ) ပြောခဲ့တဲ့ ပုရိလော့မျိုးနွယ်စုနဲ့ ကာဆာမျိုးနွယ်ဆီကို စုံစမ်းဖို့ လူတချို့ စေလွှတ်လိုက်မယ်။ သူ(မ) ပြောခဲ့တာတွေ ဟုတ် မဟုတ် စောင့်ကြည့်ရုံပဲ”

စူးချင်းကလည်း ဝမ်ရှို့ အဘယ်ကြောင့် လီတာ့နျိုအား ရွေးချယ်ချဥ်းကပ်ခဲ့သည်ကို နားမလည်နိုင်သေးပေ။ လက်ရှိတွင် သူမတို့ စောင့်ကြည့်ရုံသာ တတ်နိုင်ပြီး ဝမ်ရှို့၏ မွေးရပ်မြေမှ စတင်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ၊ ကိုယ် အခုချက်ချင်း လူလွှတ်လိုက်မယ်"

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်သည်။ ဝမ်ရှို့က သံသယဖြစ်စရာကောင်းမှန်း သူလည်း သိနေပြီး ချက်ချင်း စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု သူ ဆုံးဖြတ်လိုက်သည်။ သူက လီတာ့နျိုအတွက် ထိခိုက်စေမည်ကို အလွန်အမင်း စိတ်ပူနေခဲ့သည်။

သို့သော်လည်း ခိုင်လုံသည့် သက်သေ မပြနိုင်သေးခင် လီတာ့နျိုကို ဘာမှ မပြောဘဲ ထားရန် သူ တွေးနေခဲ့သည်။

တာ့နျိုက မယုံရင် သူတို့ရဲ့ညီအစ်ကိုကောင်း ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်။

ဝမ်ရှို့ကို စုံစမ်းရန် လူများ စေလွှတ်ပြီးနောက် တချိန်တည်မှာပင် မွေးစားအမေနှင့် မွေးစားအဖေတို့၏ သင်္ချိုင်းအား ပြောင်းရွှေ့ရန်အရိုးများကို တူးဖော်ဖို့ စီစဥ်လိုက်ကြသည်။ ယနေ့က အုတ်ဂူဖွင့်ရန် အကောင်းဆုံးနေ့ထူးနေ့မြတ်အဖြစ် ဖုန်းရွှေသခင် ရွေးချယ်ပေးခဲ့သည့်နေ ဖြစ်သည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က ရိုးရိုးချည်ကြမ်းဝတ်စုံများကို ၀တ်ဆင်ထားပြီး နံနက်စောစောတွင် ဖုန်းရွှေသခင်နှင့်အတူ သူတို့ မွေးစားအမေ၏သင်္ချိုင်းဆီသို့ ရောက်လာကြသည်။

သူမတို့ သင်္ချိုင်းမြေသို့ ခြေချလိုက်သည်နှင့် လူသတ်အရိပ်အငွေ့ကို စူးချင်း ခံစားလိုက်ရသည်။

All Chapters