← Chapters

သင်္ချိုင်းရွေ့ပြောင်းစဥ် လုပ်ကြံသတ်ဖြတ်မှု ကြုံရခြင်း

Vol. 42 Ch. 618

သင်္ချိုင်းရွေ့ပြောင်းစဥ် လုပ်ကြံသတ်ဖြတ်မှု ကြုံရခြင်း

Vol. 42 Ch. 618

"ရွှေ့ရှန့်၊ အဲဒီမှာ ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတဲ့သူတွေ ရှိတယ်"

စူးချင်းက ရှောင်းကျဲယွိကို တိုးတိုးပြောလိုက်သည်။ ရှောင်းကျဲယွိကလည်း အခြေအနေ မမှန်သည်ကို ခံစားမိပြီးသားဖြစ်သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေသဖြင့် နေရာတိုင်းတွင် အန္တရာယ်ရှိနေသည်ဟူသော ခံစားချက်ကို သူ ရရှိပြီး ဖြစ်သည်။

"သတိနဲ့ လူခွဲထားကြ"

ရှောင်းကျဲယွိက သူ့သက်တော်စောင့်များ အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ သက်တော်စောင့်များက ချက်ချင်း လူစုခွဲလိုက်ကြပြီး ပတ်ပတ်လည်ကို သတိဖြင့် စောင့်ကြည့်နေကြသည်။

ဖုန်းရွှေသခင်က သူတို့ကို လှည့်ကြည့်လာပြီး သူတို့၏ တင်းမာသော အမူအရာကို မြင်သွားကာ အထူးအဆန်းသဖွယ် မေးလာခဲ့သည်။

"ဘာဖြစ်လို့လဲ၊ ဘာလို့ မြန်မြန်ဆန်ဆန် မလိုက်လာကြတာလဲ?"

စူးချင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ ထိုတာအိုကျင့်ကြံသူက အေးအေးဆေးဆေး ဖြစ်နေပြီး အလွန်တည်ငြိမ်နေပုံရသည်။

စူးချင်းက ရုတ်တရက် သူမ၏လက်ကို မြှောက်လိုက်ပြီး ထိုတာအိုကျင့်ကြံသူ၏ပါးပြင်ဘေးမှ မြားတစ်စင်း ဖြတ်ထွက်သွားသည်။ တာအိုကျင့်ကြံသူက အလွန်ထိတ်လန့်သွားဟန်ဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်ကျသွားသည်။ သူက ကမန်းကတမ်း ပြန်ထပြီး စူးချင်းကို လှမ်းအော်လိုက်သည်။

"မင်း ဘာလုပ်တာလဲ?"

“အား”

သူ့၏အော်မေးသံ မဆုံးမီမှာပင် အော်ဟစ်သံတစ်ခု ကြားလိုက်ရပြီး မြေပြင်တစ်ခုလုံး တုန်သွားကာ မြေမှုန်များဝဲပျံတက်လာသည်။ ခြုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့်လူတစ်‌ယောက် စူးချင်း၏လက်ချက်ဖြင့် သေဆုံးကာ လဲကျသွားခြင်းပင်။

စူးချင်းက တာအိုကျင့်ကြံသူကို လျစ်လျူရှုကာ သူမ၏လက်ကို နှစ်ကြိမ်ခန့် ထပ်မြှောက်လိုက်ပြီး ခြုံခိုနေသော လူသတ်သမားများကို တယောက်ပြီး တယောက် ပစ်သတ်လိုက်သည်။ သက်တော်စောင့်များကလည်း မြက်ခင်းပြင်အောက်တွင် ပုန်းအောင်းနေသော လူသတ်သမားများကို ရှာဖွေတွေ့ရှိသွားကြပြီး တိုက်ခိုက်ရန် ပြေးထွက်သွားကြသည်။

သူတို့ တိုက်ခိုက်နေကြစဉ်မှာပင် မြေပြင်က ရုတ်တရက် ကွဲထွက်သွားပြီး အက်ကြောင်းများကြားမှ ကျည်ဆန်များ ထွက်လာသည်။ အချိန်မီမရှောင်နိုင်သည့် သက်တော်စောင့်သုံးဦး ကျည်ဆန် ထိမှန်ခံလိုက်ရပြီး လဲကျသေဆုံးသွားကြသည်။

စူးချင်းက စနစ်ထဲမှ လက်ပစ်ဗုံးတစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်ပြီး ထိုမြေအက်ကွဲကြောင်းထဲသို့ ပစ်ချလိုက်သည်။ အထဲတွင် ပုန်းအောင်းနေသည့် လုပ်ကြံသတ်ဖြတ်သူများအားလုံး အပိုင်းပိုင်း ပြတ်သွားကြပုံရပြီး သွေးများနှင့် အသားစများ လွင့်စင်လာသည်။ ထိုခန္ဓာကိုယ်အပိုင်းအစများနှင့် သွေးများက တာအိုကျင့်ကြံသူ၏ မျက်နှာပေါ်အထိ ကျလာခဲ့ပြီး ထိုတာအိုကျင့်ကြံသူလည်း အလွန်တုန်လှုပ်ချောက်ချားသွားကာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။

ရှောင်းကျဲယွိနှင့် ကျုံးယုံတို့က ကျန်နေသည့် သက်တော်စောင့်များကို ဦးဆောင်ကာ မြက်ခင်းပြင်နှင့် သင်္ချိုင်းနောက်ကွယ်၌ ပုန်းအောင်းနေသည့် လူသတ်သမားအားလုံးကို ရှင်းလင်းလိုက်ကြသည်။ ထိုလူများထံတွင်လည်း သေနတ်များ ရှိနေကြသည်။ သို့သော် သူတို့၏သေနတ်များက လက်လုပ်သေနတ်များ ဖြစ်ပြီး နည်းစနစ်က မမှန်ကန်ပေ။ ထိုအပြင် ရှုပ်ထွေးနေသည့်အခြေအနေနှင့် သူတို့၏ထိတ်လန့်နေမှုကြောင့် နောက်ထပ်သက်တော်စောင့်နှစ်ယောက်၏ ခြေထောက်ကိုသာ ထိအောင်ပစ်နိုင်ခဲ့ကြသည်။

စူးချင်းက ထိုသေနတ်များကို စစ်ဆေးကြည့်ခဲ့ပြီး ထိုသေနတ်များအားလုံးက ခေတ်သစ်အမဲလိုက်ရိုင်ဖယ်များကဲ့သို့ ကျည်ဆန်နှစ်တောင့်ပါသော သေနတ်များဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအရာက စူးချင်းကို အတွေးများသွားစေပြီး သူမ၏အမူအရာလည်း လေးနက်သွားသည်။

ဒီနေရာမှာ သေနတ်တွေ ပေါ်လာတယ်လား? ဒီမင်းဆက်ကို ခေတ်သစ်ကလူတွေ ကူးပြောင်းလာကြတာဖြစ်နိုင်လား?

“အော့မိတော့ဖော့၊ ဧကရီမယ်မယ်.... မယ်မယ့်ကို လူတွေ မသတ်ဖို့ ပြောခဲ့တယ် မဟုတ်ဘူးလား? မယ်မယ်က ဘာလို့ အဲ့စကားကို မလိုက်နာရတာလဲ?"

စူးချင်း သေနတ်များကို စူးစမ်းနေချိန်တွင် တာအိုကျင့်ကြံသူ၏အသံက သူမနောက်မှ ထွက်ပေါ်လာသည်။ သူက သူမကို ပြစ်တင်ရှုံ့ချချင်နေပုံရပြီး သူ့အသံတွင် အပြစ်တင်သံများ ရောထွေးနေသည်။

စူးချင်းက မတ်တပ်ထရပ်လိုက်ပြီး တာအိုကျင့်ကြံသူကို အေးစက်စက် စိုက်ကြည့်ကာ ပြန်မေးလိုက်သည်။

"ဒါဆို ငါက သေဖို့ ရပ်စောင့်နေရမယ်လို့ မင်း ပြောချင်တာလား?"

သူမ၏အသံက ကျယ်လောင်ခြင်း မရှိသော်လည်း တဖက်လူအပေါ် ထိုက်တောင်ကြီး ပိကျလာသလို ခံစားရစေသည်။ သူမ၏ ကိုယ်ရှိန်ကိုယ်ဝါက အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီး ဩဇာအာဏာများ ပြည့်လျှံနေပုံရသည်။

တာအိုကျင့်ကြံသူက ခေါင်းပြန်ယမ်းပြလာခဲ့သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လို ပြောတာ မဟုတ်ပါဘူး။ ဧကရာဇ်မင်းမြတ်နဲ့ ဧကရီမယ်မယ်တို့က ကောင်းကင်က ကြယ်တွေပါ။ သာမာန်လူတွေက အရှင်မင်းမြတ်နဲ့ မယ်မယ်ကို ဘယ်လို လုပ်ပြီး သတ်နိုင်မှာလဲ? ကျွန်တော်မျိုး ပြောချင်တာက အရှင်မင်းမြတ်တို့ကို ကယ်တင်ဖို့ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်။ ဧကရီမယ်မယ်က ဘာကြောင့် သွေးစွန်းခံပြီး လူသတ်နေရမှာလဲ?”

စူးချင်းက သူ့ကို အေးစက်စက် အကြည့်တစ်ချက် ထပ်ပေးလိုက်သည်။

"ငါက ဒီလိုအရာတွေကို အယုံအကြည် မရှိဘူး။ ပြီးတော့ ဒီလိုမှားယွင်းတဲ့ အယူအဆတွေ ဖြန့်နေတာ ရပ်လိုက်တော့၊ အဲ့လိုမှမဟုတ်ရင် ငါ မင်းကို အခုချက်ချင်း သတ်ပစ်မယ်"

တာအိုကျင့်ကြံသူက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ နောက်ဆုံးတွင် သူဘာမှ မပြောရဲတော့ပုံဖြင့် ပါးစပ်ပိတ်သွားသည်။

"လုပ်စရာရှိတာကို မြန်မြန်လုပ်"

ရှောင်းကျဲယွိက တာအိုကျင့်ကြံသူကို တိုက်တွန်းလိုက်သည်။ သူက ပတ်ဝန်းကျင်မှ သတ်ဖြတ်ခြင်း အငွေ့အသက်နှင့် အရိပ်အယောင်များကို ခံစားနေရဆဲဖြစ်ပြီး ပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်ရန် သူ့သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။

သူတို့ ထွက်မလာခင် ချန်ယွိက ရှောင်းကျဲယွိကို ကာကွယ်ပေးရန် သူ့တပ်ဖွဲ့နှင့်အတူ လိုက်လာချင်ခဲ့သည်။ သို့သော်လည်း ရှောင်းကျဲယွိက ရုတ်ရုတ်သဲသဲ မဖြစ်စေချင်သောကြောင့် သူ့ကို မလိုက်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ဤနေရာတွင် တစ်ခုခု ဖြစ်လာလိမ့်မည်ဟုလည်း ရှောင်းကျဲယွိ မမျှော်လင့်ထားခဲ့ပေ။

ဒီလူတွေက သူ့ရဲ့တည်နေရာကို ဘာလို သိနေရတာလဲ? သူတို့က ဘာကြောင့် ဒီနေရာမှာ ဒီလောက် တိတိကျကျ လာပုန်းနေနိုင်ရတာလဲ? သူတို့က တကယ့်ကို လုံးဝ ကောင်းကောင်း ဖုံးကွယ်ထားနိုင်ကြတယ်။ သူနဲ့ ချင်းအာတို့မှာသာ လူသတ်အငွေ့အသက်ကို အာရုံခံနိုင်စွမ်း မရှိရင် သူတို့ရဲ့ ပုန်းအောင်းနိုင်စွမ်းနဲ့ သေနတ်တွေကြောင့် ဒီလုပ်ကြံသတ်ဖြတ်မှု အောင်မြင်သွားနိုင်တယ်။

ကံမကောင်းတာက လူသတ်သမားအားလုံး သေသွားခဲ့တာပဲ။ အခု ဘယ်သူက နောက်ကွယ်ကနေ သူတို့ကို အမိန့်ပေးနေတယ်ဆိုတာ သိနိုင်ဖို့ နည်းလမ်းမရှိတော့ဘူး။

သင်္ချိုင်းပြောင်းရွှေ့နေသည့် အခမ်းအနားတစ်လျောက်လုံးတွင် စူးချင်းက စကားတစ်ခွန်းမှ မပြောဘဲ လုံးဝ တိတ်ဆိတ်နေသည်။ သူမက ထိုတာအိုကျင့်ကြံသူ ထုံးတမ်းစဉ်လာများ ပြုလုပ်နေခြင်းနှင့် အရိုးများအား ထုတ်ယူရန် ခေါင်းတလားဖွင့်နေခြင်းကိုသာ စောင့်ကြည့်နေခဲ့သည်။

ကျုံးယုံက မြေပြင်ပေါ်တွင် ဒူးထောက်ရင်း ငိုကြွေးနေသည်။ ကျန်းယွိရန်က ကျုံးယုံ၏ဇနီးလောင်းအဖြစ် ကျုံးယုံနှင့်အတူ လိုက်ပါလာကာ သူမလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် အဝတ်အစားများ ၀တ်ဆင်ထားသည်။ သူမ လူသတ်သမားကြောင့် ကြောက်လန့်သွားကာ သူမ၏မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း သူမ၏ယောက္ခမလောင်းအား ဆက်လက် အရိုအသေပေးနေဆဲပင်။

ခေါင်းတလားကို ဖွင့်လိုက်ချိန်တွင် ရှောင်းကျဲယွိနှင့် စူးချင်းတို့လည်း ဒူးထောက်လိုက်ကြသည်။ အကယ်၍ လူတစ်ဦးက ဧကရာဇ်မင်းမြတ်၏တော်ဝင်ဝတ်ရုံကို မဝတ်ဆင်ထားပါက ထိုလူကို ဧကရာဇ်မင်းစင်စစ်ဟု မသတ်မှတ်နိုင်ပေ။ ထို့ကြောင့် ယခု ရှောင်းကျဲယွိ သူ့မွေးစားအမေအတွက် ဒူးထောက်ခြင်းက ထူးဆန်းသည့်အရာမျိုး မဖြစ်လာစေခဲ့ပေ။

သက်တော်စောင့်များက သူတို့၏ဓားရိုးများပေါ်သို့ လက်တင်ထားပြီး ပတ်ပတ်လည်ကို သတိထား စောင့်ကြည့်နေကြသည်။ သူတို့၏နှလုံးသားထဲတွင်လည်း ဒေါသမီးများ တောက်လောင်နေကြသည်။ သင်္ချိုင်း‌ရွှေ့ခြင်း အခမ်းအနားပြီးသွားချိန်တွင် သက်တော်စောင့်အချို့က သေဆုံးသွားသော သက်တော်စောင့်များကို သွားသယ်လာကြပြီး မြေမြှုပ်သင်္ဂြိုဟ်ရန် စီစဥ်နေကြသည်။

“အရှင်မင်းမြတ်၊ အခမ်းအနားပြီးပါပြီ။ ကျွန်တော်မျိုးတို့ တခြားသင်္ချိုင်းကို သွားသင့်နေပါပြီ”

တာအိုကျင့်ကြံသူက အမျိုးသမီးလီ၏ရုပ်ကြွင်းမှ အရိုးများကို တစ်ခုပြီး တစ်ခု ကောက်ယူကာ အနီရောင်အ၀တ်ပေါ်သို့ တင်လိုက်ပြီး သေသေချာချာ ဂရုတစိုက် ထုပ်ပိုးလိုက်သည်။ သူက ရှောင်းကျဲယွိကို လှမ်းသတိမ‌ပေးခင် ထုံးတမ်းစဉ်လာတစ်ခုဖြစ်သည့် ခေါင်းလောင်းကို တီးခတ်လိုက်သေးသည်။

"အရှင်မင်းမြတ်၊ အရှင်မင်းမြတ်ကို ကာကွယ်ဖို့ လူကြီးမင်းချန်ရဲ့ တပ်ဖွဲ့ကို ပြန်ခေါ်သင့်ပါတယ်"

သက်တော်စောင့်ခေါင်းဆောင်က စိုးရိမ်နေပုံဖြင့် ရှောင်းကျဲယွိ ရှေ့သို့ တိုးလာကာ အရိုအသေပေးရင်း အကြံပြုလိုက်သည်။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ကျွန်တော်မျိုးတို့က ဝိညာဉ်တွေကို ဆင့်ခေါ်ဖို့ ကြိုးစားနေတာပါ။ ဝိညာဉ်တွေက ပြင်းထန်တဲ့ ယန်ဓာတ်ကို အကြောက်ဆုံးပဲ။ စစ်တပ်ထဲက လူတွေက ယန်ဓာတ်ပြင်းထန်ပြီး သတ်ဖြတ်လိုစိတ် ပြင်းပြကြတယ်။ သူတို့က သခင်မလီကို ကြောက်လန့်သွားစေလိမ့်မယ်။ ဒါဆို သူ(မ)က သူမရဲ့နေရာဟောင်းကို ပြန်လာနိုင်တော့မှာ မဟုတ်ဘူး၊ အဲ့လို ပြန်မလာနိုင်ရင် နေရာကို ဝင်ဖို့လည်း မဖြစ်နိုင်တော့ဘူး၊ သူ(မ)က လေလွင့်တစ္ဆေ ဖြစ်သွားလိမ့်မယ်"

သက်တော်စောင့်တပ်မှူး၏ စကားကို ကြားလိုက်ရချိန်တွင် တာအိုကျင့်ကြံသူက အမြန်ဝင်တားလိုက်သည်။

“ဒါတော့ မဖြစ်နိုင်ဘူး။ ငါ့အမေကို အထီးကျန်ဆန်တဲ့ လေလွင့်တစ္ဆေဖြစ်ခွင့် မပေးနိုင်ဘူး”

သူ့အမေက အိုးမဲ့အိမ်မဲ့ဖြစ်သွားမည်ဟု ကြားလိုက်ရချိန်တွင် ကျုံးယုံက ချက်ချင်း ငြင်းဆန်လိုက်သည်။ ရှောင်းကျဲယွိကလည်း စစ်သည်များအား ကြောက်လန့်သည့် သရဲတစ္ဆေများအကြောင်း ကြားခဲ့ဖူးပြီး ဤတာအိုကျင့်ကြံသူ ပြောနေသည့်စကားများက အဓိပ္ပာယ်ရှိသည်ဟု ခံစားနေမိသည်။ ထို့ကြောင့် သူက သက်တော်စောင့်တပ်မှူးကို လှမ်းပြောလိုက်သည်။

"ရတယ်၊ မလိုဘူး"

စူးချင်းက တာအိုကျင့်ကြံသူအား နောက်တစ်ကြိမ် စိုက်ကြည့်နေပြန်သည်။ သူမ၏ အကြည့်များက စူးရဲလွန်းသောကြောင့် တာအိုကျင့်ကြံသူက သူမ၏အကြည့်အောက်၌ ဖောက်ထွင်းအကြည့်ခံနေရသလို ခံစားနေရပြီး အလွန် စိတ်မသက်မသာ ဖြစ်နေပုံရသည်။ သူက ရှောင်းကျဲယွိ ဘက်သို့ လှည့်ကာ တိုက်တွန်းလိုက်ပြန်သည်။

“ဧကရာဇ်မင်းမြတ်၊ ကျွန်တော်မျိုးတို့ အခု ထွက်ခွာသင့်နေပါပြီ။ ဒီနေ့ကောင်းနေ့မြတ်ရဲ့ မင်္ဂလာအချိန်အတွင်းမှာ သခင်ကြီးကျုံးရဲ့ အကြွင်းအကျန်တွေကို တူးဖော်ပြီး ပြန်လည်သင်္ဂြိုလ်သင့်ပါတယ်”

“ကောင်းပြီလေ”

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်သည်။ သူက ကျုံးယုံ၏ဖခင် သေဆုံးမှုအား ပြန်တွေးနေပြီး သူ့နှလုံးသားကို ဓားဖြင့်အထိုးခံလိုက်ရသလို ခံစားနေရသည်။

အဲဒီတုန်းက ဦးလေးကျုံးက သူ့အဖေကို ကယ်တင်ဖို့ ကြိုးစားရင်း မြင်းလှည်းတွေနဲ့ အဆွဲခံခဲ့ရပြီး အပိုင်းပိုင်းဖြတ်သေဆုံးခဲ့ရတယ်။ ဒီနေ့ သူ ကျုံးယုံနဲ့အတူ မွေးစားအ‌ဖေအမေတို့ကို ဒူးထောက်အရိုအသေပေးတာက သူ့ရဲ့မိဘတွေအပေါ် ဝတ္တရား ကျေပွန်မှု ပြသတဲ့ နည်းလမ်းပါပဲ။

ဒါပြီးရင် သူရဲ့ဆရာဦးလေးကို သွားရှာပြီး သူ့မိဘတွေကို ပြန်သင်္ဂြိုဟ်ပေးရမယ်။ အရင်က သူ့အဖိုးနဲ့ သူ့ရဲ့ဆရာဦးလေးက သူ့မိဘတွေရဲ့အလောင်းတွေ လျှို့ဝှက်ပြီး ပြန်တူးခဲ့ကြတယ်။ နောက်ဆုံးမှာ သူ့အဖိုးက သူရဲ့ဆရာဦးလေးဆီကို အလုံးစုံ အပ်နှံလိုက်တာကြောင့် အခု သူတို့ရဲ့အဖိုးတောင် သူ့မိဘတွေကို ဘယ်နားမှာ မြှုပ်နှံထားမှန်း မသိတော့ဘူး။

သူ တိုင်းပြည်ထူထောင်ပြီးကတည်းက သူ့ရဲ့ဆရာဦးလေးကို လိုက်ရှာနေခဲ့တယ်။ ဒါပေမယ့် သူရဲ့ဆရာဦးလေးက ကမ္ဘာမြေပြင်ကနေ အငွေ့ပျံသွားသလို ပျောက်ကွယ်သွားပြီး အစအနတောင် မတွေ့ရတော့ဘူး။

"အရှင်မင်းမြတ်၊ ဒါက အန္တရာယ်များလွန်းပါတယ်"

သက်တော်စောင့်တပ်မှူးကလည်း အလွန်စိုးရိမ်နေပြီး တားဆီးနေပြန်သည်။ သူက ဧကရာဇ်မင်းမြတ် အန္တရာယ်ဖြစ်မည်ကို မလိုလားဘဲ စစ်သူကြီးချန်အား ပြန်ခေါ်ကာ ဧကရာဇ်မင်းမြတ်အား ကာကွယ်ပေးစေချင်နေခဲ့သည်။

“အစ်ကိုကြီး၊ မင်းတို့ မလိုက်နဲ့တော့၊ ငါနဲ့ ယွိရန်ပဲ သွားလိုက်မယ်"

ကျုံးယုံကလည်း တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ပေ။ သိပ်မကြာခင်က တွေ့ကြုံခဲ့သည့် လုပ်ကြံသတ်ဖြတ်မှုက ဧကရာဇ်မင်းမြတ်၏ တည်နေရာ ပေါက်ကြားသွားပြီ ဖြစ်ကြောင်း သက်သေပြနေခဲ့သည်။ သူ့အမေ၏ဂူတွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခုကို ရှိနေသောကြောင့် သူ့အမေ၏ဂူတွင်လည်း ချုံခိုတိုက်ခိုက်မှု ရှိနေမည်ဟု သူ တွက်ဆနိုင်သည်။

"ငါလည်း ငါတို့ မသွားသင့်ဘူးလို့ ထင်တယ်"

ဤအတောအတွင်း နှုတ်ဆိတ်နေခဲ့သည့် စူးချင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ တာအိုကျင့်ကြံသူက ထိုစကားကြောင့် အလွန်စိုးရိမ်သွားပုံရပြီး ထပ်ပြောလာပြန်သည်။

"အဲ့လို လုပ်လို့ မရဘူး၊ ဖုန်း‌ရွှေကောင်းတဲ့ ရတနာနယ်မြေက နဂါးချီရဲ့အကူအညီနဲ့ပဲ ရတနာနယ်မြေ ဖြစ်လာနိုင်တယ်။ ဧကရာဇ်မင်းမြတ် သွားမှကို ဖြစ်မှာ၊ မဟုတ်ရင် အဲဒီမြေကွက်က ဖုန့်ဆိုးမြေ ဖြစ်သွားလိမ့်မယ်၊ အဲ့လိုဖြစ်သွားရင် ကျုံးမိသားစုရဲ့ အနာဂတ်မှာ သားစဉ်မြေးဆက်တွေ မရှိနိုင်တော့ဘူး”

"ဒါက အဲ့လောက်တောင် လေးနက်တာလား?"

ရှောင်းကျဲယွိက တာအိုကျင့်ကြံသူအား စိုက်ကြည့်ကာ မေးမြန်းလိုက်ပြီး သူ့မျက်လုံးများက ရှေးဟောင်းရေတွင်းကြီးကဲ့သို့ နက်မှောင်နေသည်။ သူက သံရှည်ဆွဲကာ မေးလိုက်ပြီး တာအိုကျင့်ကြံသူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“ဒါက အရမ်း လေးနက်တဲ့ကိစ္စပါ၊ အဲဒါကြောင့် အရှင်မင်းမြတ်ကို ကျွန်တော်မျိုးတို့နဲ့အတူ လိုက်လာစေချင်ပါတယ်”

ကျုံးယုံက ထိုစကားကို မယုံကြည်သလို အလေးအနက်လည်း မထားပေ။

“ရတယ်၊ ဒါက အရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး"

သူက ရှောင်းကျဲယွိကို ကြည့်ကာ ထပ်ပြောလိုက်ပြန်သည်။

“အစ်ကိုကြီး၊ မင်း လိုက်လာဖို့ မလိုဘူး။ ငါ ဒီလို အရာတွေကို လုံးဝ မယုံဘူး"

"အစ်ကိုယုံ၊ ရှင် မယုံလို့ မရဘူး‌လေ"

ကျန်းယွိရန်က ကျုံးယုံ၏အင်္ကျီစကို လှမ်းဆွဲကာ တိုးတိုးလေး သတိပေးလိုက်သည်။

သူမကတော့ သားသမီး‌တွေ မရှိဘဲ မသေချင်ဘူးလေ။ သူမလည်း မိသားစုဘဝလေး လိုချင်တယ်။

သူမ ထိုသို့တွေးနေသည့်တိုင် ဧကရာဇ်နှင့် ဧကရီတို့အား မစွန့်စားစေချင်သည့် စိတ်လည်း ရှိနေပြန်ကာ ကျန်းယွိရန်တစ်ယောက် သူမဘာသာ စိတ်လွန်ဆွဲနေရသည်။

"ငါ မင်းနဲ့ လိုက်ခဲ့မယ်"

ရှောင်းကျဲယွိက ဘာမှဂရုမစိုက်ဟန် ခပ်တည်တည် ပြန်ပြောလိုက်ပြီး စူးချင်းဘက်သို့ လှည့်ကာ သူမကို လှမ်းပြောလိုက်ပြန်သည်။

“ချင်းအာ၊ မင်း ပြန်သွားသင့်တယ်”

စူးချင်း ဘာမှ ပြန်မဖြေရသေးခင် တာအိုကျင့်ကဲ့သူက ဖြတ်ပြောလိုက်ပြန်သည်။

“ဧကရီလည်း လိုက်မှ ဖြစ်မယ်။ နဂါးနဲ့ ဖီးနစ် ပေါင်းစပ်မှုူက မရှိမဖြစ်လိုအပ်တဲ့ မင်္ဂလာတစ်ပါးပဲ"

All Chapters