← Chapters

အခန်း (၆၁၉)

Vol. 42 Ch. 619

အခန်း (၆၁၉)

Vol. 42 Ch. 619

စူးချင်းက သူမ၏မေးစေ့ကို အနည်းငယ် မြှောက်ကာ တာအိုကျင့်ကြံသူအား အေးတိအေးစက် ကြည့်နေပြန်သည်။ ထိုတာအိုကျင့်ကြံသူက သူမ၏အကြည့်ကြောင့် အလွန်အမင်း စိတ်မသက်မသာ ဖြစ်လာပုံရသည်။ သူက အဝါရောင်အဆောင်စာရွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သတိအနေအထားမျိုး ဖြစ်လာခဲ့သည်။ စူးချင်း၏ အကြည့်က သူ့လက်ပေါ်သို့ ကျရောက်သွားချိန်တွင် ထိုတာအိုကျင့်ကြံသူက အသိစိတ် လွတ်သွားပုံဖြင့် သူ့လက်ထဲမှ အဝါရောင်စာရွက် ပြုတ်ကျသွားသည်။

"ကောင်းပြီလေ၊ ကျွန်မ လိုက်ခဲ့မယ်"

စူးချင်းက ထိုအဝါရောင်စာရွက်ကို ပြန်ငုံ့ကောက်နေသည့် တာအိုကျင့်ကြံသူကို လှမ်းကြည့်ရင်း အေးစက်စက် ပြန်ဖြေလိုက်သည်။ တာအိုကျင့်ကြံသူ၏မျက်နှာထားက ပြောလျော့သွားပြီး သူက အပြုံးဖြင့် မတ်မတ်ပြန်ရပ်လိုက်သည်။

"အော့မိသော့ဖော့၊ သခင်မလီနဲ့ လူကြီးမင်းကျုံးတို့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ပေးအတွက် ဒီအညတရကျင့်ကြံသူက သူတို့ကိုယ်စား ဧကရီမယ်မယ့်ကို ကျေးဇူးတင်ပါတယ်"

ထိုစကားများက စူးချင်းကို တင်းတင်းကျပ်ကျပ် ချုပ်နှောင်နိုင်ခဲ့ပြီး စူးချင်းလည်း လိုက်သွားရန်မှတပါး ဘာမှ မတတ်နိုင်တော့ပေ။ သက်တော်စောင့်တပ်မှူးက အလွန် စိုးရိမ်နေပြီး ဧကရာဇ်နှင့် ဧကရီကိုလည်း မတားနိုင်သဖြင့် သေမတတ် စိတ်ပူနေရှာသည်။

"ဖုန်း‌ရွှေသခင်က အဲ့ဒီရတနာနယ်မြေရဲ့တည်နေရာကို ပုံကြမ်းဆွဲပေးနိုင်မလား? ငါ နေရာအတိအကျ သိချင်တယ်”

စူးချင်းက ချက်ချင်း ထွက်ခွာရန် ဆန္ဒမရှိပုံဖြင့် သူမ၏စနစ်ထဲမှ စာရေးစုတ်တံနှင့် စာရွက်ကို ထုတ်ယူကာ တာအိုကျင့်ကြင့်သူဆီသို့ ပစ်ပေးလိုက်ရန် ဖုန်း‌ရွှေကောင်းသည့် ရတနာမြေ၏ တည်နေရာ အတိအကျကို ဆွဲခိုင်းလိုက်သည်။

“ကောင်းပါပြီ”

စူးချင်းက လေထဲမှ တစ်စုံတစ်ရာ ဆွဲထုတ်လိုက်သည့်အတွက် ထိုတာအိုကျင့်ကြံသူလည်း အံ့သြသွားပုံရသည်။ သူက တစ်စုံတစ်ခုကို မေးချင်နေဟန်ဖြင့် နှုတ်ခမ်းလှုပ်လာသော်လည်း လက်တွေ့တွင် သူ လုံးဝ မမေးရဲပေ။

"ဒီတိုင်း ဆွဲရမှာလား?"

တာအိုကျင့်ကြံသူက စက္ကူနှင့် စုတ်တံကို ကိုင်ကာ ပတ်ပတ်လည်ကို လှည့်ကြည့်နေပြီး စားပွဲမရှိသည့်အချက်ကို စောဒကတက်ချင်နေပုံရသည်။

“သင်္ချိုင်းဂူရဲ့ကျောက်စာတိုင်တွေကို စားပွဲအဖြစ် သုံးလို့ ရတယ်”

စူးချင်းက သင်္ချိုင်းဂူ၏ကျောက်ပြားများကို ချပေးရန် သက်တော်စောင့်များအား ညွှန်ကြားလိုက်သည်။ ထိုတာအိုကျင့်ကြံသူလည်း ဘာမှမတက်နိုင်တော့ဘဲ မြေကြီးပေါ်သို့ ထိုင်ချလိုက်ပြီး ပုံဆွဲရန်အတွက် ဆန်စက္ကူကို သင်္ချိုင်းဂူ၏ကျောက်စာပေါ်သို့ ဖြန့်ခင်းလိုက်ရသည်။

“ဒီဖုန်း‌ရွှေကောင်းတဲ့ ရတနာမြေက လုရှန်းခရိုင်က စန်းမာတောင်ပေါ်မှာ ရှိတာပါ”

တာအိုကျင့်ကြံသူက စကားပြောနေရင်း လမ်းကြောင်းနှင့် တည်နေရာကို ရေးဆွဲနေသည်။ စူးချင်းက သူ့ဘေးနားမှ ရပ်ကြည့်နေသည်။ လုရှန်းခရိုင်က တာ့ထန်ပြည်ထောင်၏ နယ်စပ်နှင့် ပိုနီးကပ်သည်။ ထိုကြောင့် မွေးစားအဖေနှင့် မွေးစားအမေတို့၏ အရိုးများကို ပြန်မြှပ်နှံပြီးသည်နှင့် ရှောင်းလန်ရှင်းကို တွေ့ရန် တာ့ထန်သို့ သွားနိုင်လိမ့်မည်ဟု စူးချင်း ယူဆလိုက်သည်။

သူမ ရှောင်ယင်ကို မတွေ့ရတာ တစ်နှစ်ကျော်နေပြီ။ ရှောင်ယင် ကလေးမီးဖွားတာတောင် သူမ ရှောင်ယင်ကို သွားမတွေ့နိုင်ခဲ့ဘူး။ ဒီတစ်ခါတော့ အချိန်ပေးပြီး သူမရဲ့တူလေးဆီကို သွားလည်ရမယ်။

ရှောင်းလန်ရှင်းက သူမ၏ ပထမကိုယ်ဝန်တွင် သားလေးတစ်ယောက်ကို မွေးဖွားခဲ့သည်။ ယဲ့လွီချွမ်းက ထိုသတင်းကောင်းကို ပေးပို့ရန် တာ့ထန်အင်ပါယာသို့ သံတမန်တစ်ဦး စေလွှတ်ခဲ့ပြီး ထိုသံတမန်၏စကားအရ ယဲ့လွီချွမ်းလည်း ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်နေမှန်း သိသာနေသည်။

တာအိုကျင့်ကြံသူက ပုံဆွဲပြီးသည်နှင့် မြေပုံကို စူးချင်းထံသို့ လှမ်းပေးလိုက်သည်။ စူးချင်းက မြေပုံကို လှမ်းယူလိုက်ပြီး အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် စူးချင်းက သူမ၏သက်တော်စောင့်ရှောင်တင်းကို အမိန့်ပေးလိုက်သည်။

“ရှောင်တင်း၊ မင်း စစ်သူကြီးချန်ဆီကို ပြန်သွားရမယ်၊ ဒီသက်တော်စောင့်တွေကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးဖို့ သူ့ကို ပြောလိုက်”

“ဧကရီမယ်မယ်... ကျေးဇူးပြုပြီး တခြားသူကို လွှတ်ပေးနိုင်မလား? ကျွန်တော်မျိုး ဧကရီမယ်မယ်နဲ့ ဧကရာဇ်မင်းမြတ်ကို ကာကွယ်ပေးချင်ပါတယ်"

သက်တော်စောင့်ရှောင်တင်းကလည်း ဧကရာဇ်မင်းမြတ်နှင့် ဧကရီမယ်မယ်၏ လုံခြုံရေးအတွက် စိတ်ပူနေပြီး ထွက်သွားရန် ငြင်းဆန်နေသည်။

စူးချင်းက တာအိုကျင့်ကြံသူကို ကျောပေးကာ တစ်ဘက်သို့ လှည့်ထွက်သွားသည်။ ပါးနပ်လွန်းသည့် ရှောင်းကျဲယွိက တစ်စုံတစ်ခုကို ရိပ်မိသွားပြီး တာအိုကျင့်ကြံသူ၏ အမြင်အာရုံကို ပိတ်ဆို့ရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုလိုက်သည်။ သူက ထိုတာအိုကျင့်ကြံသူ၏ ‌အရှေ့၌ ပိတ်ရပ်ထားပြီး သင်္ချိုင်းတည်နေရာနှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များကို မေးမြန်းလိုက်သည်။

"ဒါကို စစ်သူကြီးချန်ယွိဆီ ပေးလိုက်။ ပြီးရင် ဒီအတိုင်း လိုက်လာဖို့ သူ့ကို ပြောလိုက်”

စူးချင်းက သက်တော်စောင့်ရှောင်တင်းကို အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။ ရှောင်တင်းက သူ အရေးကြီးသောအလုပ်တစ်ခု အပ်နှင်းခံလိုက်ရမှန်း နားလည်သွားပြီး ချန်ယွိကို သွားရှာရန် မငြင်းဆန်တော့ပေ။ သူက မြေပုံကို ယူပြီး သူ့အိတ်ကပ်ထဲသို့ သေသေချာချာ ထည့်လိုက်သည်။ ထို့နောက် သူက စူးချင်းကို လက်သီးအုပ် အရိုအသေပေးရင်း နှုတ်ဆက်လိုက်သည်။

"ဧကရီမယ်မယ်၊ ဂရုစိုက်ပါ၊ ရှောင်တင်းက စစ်သူကြီးချန်ယွိကို သွားရှာပြီး သူတို့ရဲ့ အလောင်းတွေကို သေသေချာချာ မြှပ်နှံဖို့ ပြောပေးပါ့မယ်"

ရှောင်တင်း ထွက်သွားပြီးနောက် ရှောင်းကျဲယွိက တာအိုကျင့်ကြံသူကို လှမ်းပြောလိုက်သည်။

"ကျန်းတို့ အခု သွားရတော့မှာလား?"

“ကျွန်တော်မျိုးတို့ အခုသွားသင့်နေပါပြီ၊ မင်္ဂလာအချိန်ကို နှောင့်နှေးစေလို့ မဖြစ်ပါဘူး”

တာအိုကျင့်ကြံသူက ခေါင်းညိတ်ပြလိုက်ပြီး အမျိုးသမီးလီ၏ရုပ်ကြွင်းအား ထုတ်ပိုးထားသည့် အနီရောင်အထည်ထုတ်ကို ကျုံးယုံဆီသို့ လှမ်းပေးလိုက်သည်။ ထို့နောက် သူတို့ ချက်ချင်းထွက်ခွာရန် ပြင်ဆင်လိုက်သည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က သူတို့၏ ရထားလုံးများကို ယူဆောင်လာခဲ့ကြပြီး စုစုပေါင်း ရထားလုံးသုံးစီး လိုက်ပါလာခဲ့သည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က ရထားလုံးတစ်စီးပေါ်တွင် ရှိနေပြီး ကျုံးယုံနှင့် ကျန်းယွိရန်တို့က သူမတို့နောက်မှ ရထားလုံးပေါ်တွင် ထိုင်နေကြသည်။ တာအိုကျင့်ကြံသူကတော့ နောက်ဆုံးရထားလုံးဖြင့် တစ်ယောက်တည်း လိုက်ပါလာသည်။ သက်တော်စောင့်များ အားလုံးကတော့ မြင်းကိုယ်စီ စီးလာကြသည်။

လမ်းခရီးတွင် စူးချင်းက မကြာခဏ အပေါ့အပါး သွားလေ့ရှိသည်။ လမ်းဆုံလမ်းခွသို့ ရောက်လာတိုင်း သူမက ရထားလုံးကို ရပ်စေပြီး တောစပ်ထဲသို့ ဝင်သွားတတ်သည်။ ထိုအရာက တာအိုကျင့်ကြံသူကို စိတ်အနှောင့်အယှက်ဖြစ်စေပုံရသည်။

ကျုံးယုံ၏အဖေအား မြှုပ်နှံထားသည့်‌နေရာက ဝေးကွာလွန်းလှပြီး ဝမ်းနည်းဖွယ်ကောင်းအောင် အထီးကျန်‌သည့်နေရာ ဖြစ်သည်။ သူတို့ မော့ချန်၏ လူစည်ကားသောလမ်းများမှ ထွက်ခွာလာပြီး နောက်သုံးရက်ကြာအောင် ခရီးဆက်ခဲ့ရသည်။ ခရီးစဉ်တစ်လျှောက်လုံး၌ သူတို့အားလုံးအပေါ် စိုးရိမ်စိတ်နှင့် လေးနက်မှုတို့ ကြီးကြီးမားမား သက်ရောက်နေခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် တလမ်းလုံးအဆင်ပြေချောမွေ့ခဲ့သည်။ သူတို့ ထိုနေရာသို့ ရောက်ရှိချိန်တွင် အနှောက်အယှက် မခံထားရသော သင်္ချိုင်းဂူကို တွေ့ရှိလိုက်ရသည့်အတွက် စိတ်သက်သာရာရသွားကြသည်။

ခေါင်းတလားကို ဖွင့်လိုက်သည့်အခိုက်တွင် လေးနက်သောဝမ်းနည်းမှုတစ်ခုက ကျုံးယုံ၏စိတ်ထဲသို့ တိုးဝင်လာပြီး သူ့အသိစိတ်ကို ဖုံးလွှမ်းသွားသည်။ ထိုနေရာမှ ငြိမ်သက်နေသည့် သင်္ချိုင်း၏ အလယ်တွင် ကျိုးပဲ့နေသောအရိုးများက ကောင်းကင်သို့ အော်ဟစ်နေသကဲ့သို့ ထောင်မတ်နေသည်။ ထိုမြင်ကွင်းက ကျုံးယုံ၏စိတ်ကို နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားစေပြီး သူ့၏ရင်တွင်းမျ စိတ်ခံစားမှုများကို လှုံ့ဆော်ပေးနေသည်။ ကျုံးယုံက သူ့ဖခင်၏ပျက်စီးနေသော ရုပ်ကြွင်းကို ကြည့်ကာ ခါးခါးသီးသီး ငိုကြွေးနေရှာသည်။

ရှောင်းကျဲယွိ၏ မျက်လုံးများကလည်း နီရဲနေပြီး သူလည်း မျက်ရည်မကျအောင် ထိန်းထားရသည်။

သူ့အဖေကလည်း ဦးလေးကျုံးလိုမျိုး အလောင်းတောင် လုံးဝ မရှိဘဲ သေဆုံးသွားခဲ့ရတာလေ။

တာအိုကျင့်ကြံသူက အခမ်းအနားကို ပြီးဆုံးအောင် စနစ်တကျ ဆောင်ရွက်ခဲ့ပြီး ကျုံးယုံအဖေ၏ ရုပ်ကြွင်းများကို ယူကာ အဝတ်နီဖြင့် ထုတ်ပိုးနေသည်။

"မင်းက ဒီအတိုင်း ထုပ်ပိုးတော့မှာလား?"

ရှောင်းကျဲယွိက ရုတ်တရက် တာအိုကျင့်ကြံသူကို ဟန့်တားလိုက်သည်။ တာအိုကျင့်ကြံသူက စိတ်ရှုပ်ထွေးနေဟန်ဖြင့် သူ့ကို မော့ကြည့်လာသည်။

"အရှင်မင်းမြတ်၊ ဒီလို မထုပ်ပိုးရင် ဘယ်လို ထုပ်ပိုးရမှာလဲ"

“လှည်းနဲ့ဆွဲပြီး အပိုင်းပိုင်းဖြတ်ခံရလို့ သေဆုံးသွားတဲ့ သူတွေရဲ့ အရိုးတွေကို ပြန်ဆက်ပေးမယ်လို့ မွေးစားအဖေ ပြောတာကို ငါ တစ်ခါကြားဖူးပြီး အခုထိ မှတ်မိနေသေးတယ်။ မဟုတ်ရင် သူတို့ ပြန်ဝင်စားနိုင်မှာ မဟုတ်တော့ဘူး”

ရှောင်းကျဲယွိက တာအိုကျင့်ကြံသူကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်နေပြန်သည်။

သူလိုမျိုး ဒီနယ်ပယ်မှာ မကျွမ်းကျင်တဲ့သူတောင် ဒါကို အနည်းအကျဥ်း သိထားသေးတယ်။

ဥပမာပြောရရင် ခေါင်းဖြတ်ခံရတဲ့ လူတောင် အလောင်းကို သင်္ဂြိုဟ်ခါနီးမှာ အဲ့ဒီဦးခေါင်းကို ပြန်ချုပ်ပေးဖို့ ကျွမ်းကျင်တဲ့သူကို သွားရှာရတယ်။ အဲ့လိုပဲ၊ ကိုယ်ခန္ဓာကို အပိုင်းပိုင်း ဖြတ်ခံရတဲ့ သေဆုံးသူတွေအတွက်လည်း သူတို့ လူပြန်ဝင်စားနိုင်အောင် သူတို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြန်စုစည်းပေးရမယ်။ ဒါ့ပေမယ့် ဒီတာအိုကျင့်ကြံသူက ဒီလိုအခြေခံ အချက်ကိုတောင် မသိဘူးလား?”

"သူ့ကို ပြန်သင်္ဂြိုလ်တဲ့အခါ ပြန်စုစည်းပေးဖို့ တွေးထားတာပါ"

တာအိုကျင့်ကြံသူ၏အဖြေက အလွန်ရိုးရှင်းပြီး ဆီလျော်နေသော်လည်း ရှောင်းကျဲယွိ၏ အမူအရာက လေးနက်နေဆဲဖြစ်ကာ ယခု ပြန်စုစည်းပေးရန် အမိန့်ပေးလိုက်သည်။

"တာအိုကျင့်ကြံသူ... မင်း အခုပဲ ရုပ်ကြွင်းကို ပြန်စုစည်းပေးပါ"

“အမိန့်တော်အတိုင်းပါ”

တာအိုကျင့်ကြံသူက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ဖြေလိုက်သည်။ သူက အနီရောင်အထည်စကို ပြန်ဖွင့်လိုက်ပြီး အရိုးများကို ပြန်ခွဲထားလိုက်သည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က စိတ်အေးလက်အေး စောင့်ကြည့်နေကြသော်လည်း ကျုံးယုံကတော့ သူ့၏နှလုံးသားကို ဓားဖြင့် အခုတ်ခံရသလို ခံစားနေရသည်။ သူက ဖခင်ဖြစ်သူ၏ရုပ်ကြွင်းရှေ့တွင် ဒူးထောက်ကာ သူ့နဖူး၌ သွေးများ ဖုံးလွှမ်းလာသည်အထိ ဦးတိုက်ငိုကြွေးနေသည်။

ကြီးမားသောအရိုးများကို ပြန်ပေါင်းစည်းရန်က လွယ်ကူသော်လည်း အရိုးသေးသေးလေးများကို ပေါင်းစည်းရန်ကတော့ ခက်ခဲလွန်းလှသည်။ လက်ရှိအချိန်တွင် တာအိုကျင့်ကြံသူက အရိုးသေးများကို ဘယ်မှာ ထားရမှန်းမသိဘဲ ဒွိဟဖြစ်နေပုံရသည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မျက်လုံးများမှတဆင့် ဆက်သွယ်နေကြသည်။

တာအိုကျင့်ကြံသူက ထိုရုပ်ကြွင်းကို နေရာတကျပြန်စုစည်းရန် တစ်ရှီးချန်ကျော်ကြာအောင် အချိန်ယူခဲ့သည်။ ထို့နောက်မှသာ သူတို့ လုရှန်းခရိုင်သို့ အပြေးအလွှား ထွက်ခွာလာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် စူးချင်းက မကြာခဏ အပေါ့သွားနေပြန်သည်။ နောက်ဆုံးတွင် တာအိုကျင့်ကြံသူက သည်းမခံနိုင်တော့ဘဲ ဧကရာဇ်ကို လာမေးတော့သည်။

“အရှင်မင်းမြတ်၊ ဧကရီမယ်မယ်မှာ တစ်ခုခု မှားနေလို့လား?”

“ဧကရီက အခု ကိုယ်ဝန်ရှိစဖြစ်နေတော့ ဆီးမထိန်း နိုင်ဖြစ်နေတာပါ”

ရှောင်းကျဲယွိ၏အဖြေက အလွန်သဘာဝကျပြီး ထိုဆင်ခြေက လုံးဝ အပြစ်ကင်းစင်သည်။ ကိုယ်ဝန်ဆောင်ထားစဥ် မကြာခဏ ဆီးသွားခြင်းနှင့် ဆီးမထိန်းနိုင်ခြင်းတို့ကို ပုံမှန်သာ ဖြစ်သည်။

“ဒီလိုသာ ဆက်သွားနေရင် နေ့ကောင်းရက်မြက်ကို လွတ်သွားနိုင်တယ်”

တာအိုကျင့်ကြံသူက စိတ်ပူပန်နေပုံရသည်။

“အဆင်ပြေပါတယ်။ ခရီးသွားနေတဲ့ အချိန်တွေမှာ ပိုပြီး မြန်မြန် ခရီးနှင်ကြတာပေါ့၊ နောက်ကျမှာကို စိုးရိမ်နေဖို့ မလိုပါဘူး”

ရှောင်းကျဲယွိက ဘာမှ မဖြစ်သလို ခပ်အေးအေး ပြန်ဖြေလိုက်သည်။ စူးချင်း ဆီးမထိန်းနိုင် ဖြစ်နေသည် ဆိုသောကြောင့် တာအိုကျင့်ကြံသူလည်း ဘာမှ မပြောနိုင်တော့ဘဲ သူ့ရထားလုံးပေါ် ပြန်တက်ကာ မျက်လုံးမှိတ်ပြီး တင်ပျဉ်ခွေထိုင်နေရုံမှတပါး ဘာမှ မတတ်နိုင်တော့ပေ။

ထိုကဲ့သို့ ရပ်တန့်လိုက် အရှိန်ဖြင့် ခရီးနှင်လိုက် လုပ်နေကြရင်း နောက်ဆုံးတွင် သူတို့၏ ရထားလုံးများက လုရှန်းခရိုင်ရှိ စန်းမာတောင်ခြေရင်းသို့ ရောက်ရှိလာခဲ့သည်။

စူးချင်းက လမ်းနယ်နိမိတ်အမှတ်အသားကို အရင် စစ်ဆေးလိုက်သည်။ လမ်းနယ်နိမိတ် ဆိုင်းဘုတ်အောက်မှ မြေကြီးများ လျော့ရဲနေသည် မြင်လိုက်ရချိန်တွင် သူမ၏မျက်လုံးများမှ အေးစက်စက်အလင်းရောင်များ ဖြာထွက်လာသည်။

ရှောင်းကျဲယွိကလည်း ထိုမြေကြီးများကို မြင်သွားပြီး တာအိုကျင့်ကြံသူကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ထိုတာအိုကျင့်ကြံသူက ကျုံးယုံနှင့် သက်တော်စောင့်နှစ်ယောက်ကို ဦးဆောင်ကာ ရုပ်ကြွင်းများအား သယ်ဆောင်နေသည်။

သူတို့ တောင်ပေါ်သို့ အတက်ခင်ကတည်းက အရည်အသွေးကောင်းသည့် ခေါင်းတလား နှစ်လုံးကို ဝယ်ယူထားခဲ့ကြသည်။ သက်တော်စောင့်များက သန်မာကြပြီး ထိုခေါင်းတလားများကို တောင်ပေါ်သို့ အလွယ်တကူ ထမ်းသွားနိုင်ကြသည်။ ထို့ကြောင့် တောင်ခြေရင်း၌ပင် ရုပ်ကြွင်းများကို ခေါင်းတလားထဲ ထားလိုက်ကြပြီး သက်တော်စောင့်များကို ခေါင်းတလားများ သယ်ခိုင်းလိုက်သည်။

ရှောင်းကျဲယွိနှင့် စူးချင်းတို့က အနောက်မှ လျှောက်နေပြီး တာအိုကျင့်ကြံသူက အရှေ့မှ လျှောက်နေခဲ့သည်။ သူက လမ်းလျှောက်ရင်း သူ့လက်ထဲမှ ခေါင်းလောင်းကို ဝှေ့ယမ်းနေကာ အဝါရောင် စက္ကူတချို့ကို ဖြန့်ကျဲရင်း တတွက်တွက် ရွတ်ဖတ်နေသည်။

စူးချင်းက သူ လုပ်သမျှကို အဆက်မပြတ်လိုက်ကြည့်နေသည့်အပြင် တောင်တက်လမ်းတစ်လျှောက် အမှတ်အသားတစ်ချို့ ချန်ထားခဲ့သည်။ သူတို့နောက်တွင် လူတစ်စု ရှိနေပြီး သူတို့နှင့် မလှမ်းမကမ်း အကွာအဝေးကို ထိန်းသိမ်းကာ တောင်ပေါ်သို့ တိတ်တဆိတ် လိုက်ပါလာကြသည်။

နေ့တစ်ဝက်နီးပါး လမ်းလျှောက်လာပြီးနောက် နောက်ဆုံးတွင် တာအိုကျင့်ကြံသူ ပြောခဲ့သည့် ဖုန်း‌ရွှေကောင်းမွန်သည့်ရတနာနယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်။ ရှောင်းကျဲယွိက တောင်ကုန်းမြင့်တစ်ခုပေါ်တွင် ရပ်ကာ ပတ်ပတ်လည်ကို လိုက်ကြည့်နေသည်။ တာအိုကျင့်ကြံသူက သက်တော်စောင့်များကို တွင်းတူးပေးရန် ညွှန်ကြားနေသည်။

“မင်းတို့ ဒီမှာ နေခဲ့ပြီး ဆက်တူးထားကြ။ ငါ တောတိုး လိုက်ဦးမယ်"

တာအိုကျင့်ကြံသူက သက်တော်စောင့်များကို ထိုသို့ ပြောပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

စူးချင်းက ထိုတာအိုကျင့်ကြံသူကို တားကာ သူမ၏မူပိုင်အေးစက်စက် အမူအရာဖြင့် မေးမြန်းလိုက်သည်။

"တာအိုကျင့်ကြံသူ၊ မင်း အခု သွားလို့ မရဘူး"

"ကျွန်တော်မျိုး ပြန်လာခဲ့ပါ့မယ်။ ကျွန်တော်မျိုး ဝမ်းလျှောနေလို့ပါ"

တာအိုကျင့်ကြံသူက သူ့ဗိုက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး နာကျင်နေဟန်ဖြင့် မျက်မှောင်ကြုတ်နေသည်။ စူးချင်းက ဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြီး သူ စကားပြောနေစဉ်အတွင်း သူ့ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

"မင်း ငါ့ပါးစပ်ထဲကို ဘာထည့်လိုက်တာတုန်း"

တာအိုကျင့်ကြံသူက ထိတ်လန့်သွားပြီး ဟန်မဆောင်နိုင်တော့ဘဲ ‌အော်မေးလိုက်သည်။ သူ ထိုဆေးလုံးကို ပြန်ထွေးထုတ်ရန် ကြိုးစားနေသော်လည်း ဆေးလုံးက သူ့ပါးစပ်ထဲတွင် ချက်ချင်းအရည်ပျော်သွားပြီး တံတွေးထွေးရန် အချိန်မရှိလိုက်ပေ။

“ဝမ်းလျှောသက်သာစေမယ့် ဆေးပါ။ တောထဲကို မသွားခင် ထုံးတမ်းဓလေ့ကို အရင်ပြီးအောင်လုပ်ပါ”

စူးချင်းက ခပ်တည်တည် အမိန့်ပေးလိုက်သည်။

“ကျွန်တော်မျိုး အခု ချက်ချင်းပြန်လာပါ့မယ်၊ ကျွန်တော်မျိုး သည်းမခံနိုင်တော့လို့ပါ၊ ဗိုက်ထဲက အရမ်းနာနေပြီး သည်းမခံနိုင်တော့ဘူး”

တာအိုကျင့်ကြံသူက စကားပြောနေရင်း တောထဲသို့ ပြေးဝင်ရန် ခြေလှမ်းပြင်လိုက်သော်လည်း စူးချင်းက သူ့၏အပ်စိုက်မှတ်တစ်ခုကို နှိပ်ချလိုက်သည်။ ထိုတာအိုကျင့်ကြံသူက အလွန်ကြောက်လန့်သွားပုံရပြီး သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။

"ဧကရီမယ်မယ်၊ မယ်မယ်က ဘာလုပ်တာတုန်း"

All Chapters