ပြောင်းလဲသွားသည့် နှလုံးသားတစ်ခု
Vol. 42 Ch. 621
စူးချင်း လှမ်းမြင်လိုက်သည့်လူက တာတာလူမျိုးများ၏ဝတ်စုံကို ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးဖြစ်သည်။ ထိုလူက စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ မျက်နှာချင်းဆိုင်တွင် ရပ်နေကာ ကခုန်နေသော လူအုပ်ကြီးကို စိုက်ကြည့်နေသည်။ သို့သော်လည်း သူ့၏မျက်လုံးများက အသက်မဲ့နေပြီး လေ့လွင့်နေသော တစ္ဆေတစ်ကောင်၏မျက်ဝန်းများကဲ့သို့ စိတ်ဝိညာဉ်ကင်းမဲ့နေသည်။
စူးချင်းက သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားပြီး ထိုနေရာသို့ အမြန်ပြေးသွားလိုက်သည်။ သို့သော် သူမ ထိုလူဆီသို့ မရောက်သေးမီ ထိုပိန်ပိန်ပါးပါးလူက နောက်သို့ ပြန်လှည့်ပြီး လူအုပ်ကို တိုးဝှေ့ကို ပြန်ထွက်သွားသည်။
"ရှောင်ယင်၊ ရှောင်ယင်"
စူးချင်းက အကျယ်ကြီး အော်ခေါ်လိုက်သည်။
ရှောင်းကျဲယွိက စူးချင်း တစ်ဖက်သို့ ပြေးသွားသည်ကို မြင်သွားပြီး သူလည်း သူမနောက်သို့ ချက်ချင်း ပြေးလိုက်သွားသည်။ စူးချင်းဆီမှ ‘ရှောင်ယင်’ ဆိုသည့် ခေါ်သံကို ကြားလိုက်ရချိန်တွင် သူလည်း အံ့ဩသွားရသည်။
ဘာတွေဖြစ်နေတာလဲ?
ဘယ်လိုလုပ်ပြီး ရှောင်ယင်က ဒီနေရာမှာ ရှိနိုင်မှာတုန်း?
ဒီအချိန်ဆို ရှောင်ယင်က ယဲ့လွီချွမ်းနဲ့အတူ တာ့ထန် နန်းတော်မှာ ရှိနေမှာလေ။
ချင်းအာ လူမှားနေတာ ဖြစ်နိုင်လား?
ရှောင်းလန်ရှင်းနှင့်တူသော ပိန်ပါးပါးလူက လူအုပ်ကြားထဲသို့ အလျင်အမြန် တိုးဝင်သွားပြီး ကတိုက်ကရိုက် ပြန်ထွက်ခွာသွားခဲ့သည်။ စူးချင်းကလည်း သူမ၏လမ်းကို ပိတ်ဆို့နေသော သိုးကျောင်းသားများအား အမြန်တွန်းထုတ်ကာ အော်ဟစ်လိုက်ဖြင့် လိုက်ပါသွားခဲ့သည်။
သို့သော်လည်း ဂီတသံများက သူမ၏အသံကို ဖုံးလွှမ်းသွားပြီး ရှောင်းလန်ရှင်း လူအုပ်ကြားထဲမှ ထွက်နိုင်သွားကာ အလျင်အမြန် ထွက်ပြေးသွားသည်ကိုသာ သူမ မြင်လိုက်ရသည်။ စူးချင်းက အလွန်စိုးရိမ်သွားပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူမက သိုးကျောင်းသားများ၏ ပခုံးများပေါ် ပေါ့ပေါ့ပါးပါး တက်နင်းသွားကာ ရှောင်းလန်ရှင်းနောက်သို့ ပြေးလိုက်သွားသည်။
"ဘယ်သူလဲ? ဘယ်သူက ငါ့ပခုံးကို တက်နင်းတာလဲ?”
အနင်းခံလိုက်ရသည့်သူအားလုံးက ဒေါသထွက်သွားပြီး သူတို့အပေါ်တတ်နင်းသွားသည့်လူကို လိုက်ရှာကြသည်။ ရှောင်းကျဲယွိကလည်း စူးချင်း အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် လေထဲသို့ ခုန်တက်ကာ ထိုလူများ၏ ပုခုံးကို ငှားယမ်းပြီး ပြေးလိုက်သွားပြန်သည်။
"တောင်းပန်ပါတယ်။ မင်းတို့ရဲ့ ပုခုံးတွေကို ခဏလောက် ငှားသုံးပါရစေ”
ရှောင်းကျဲယွိက တောင်းပန်စကားဆိုရင်း သူတို့ပေါ်မှ ဖြတ်ကျော်သွားသည်။ တာတာလူမျိုးများက သူ ပြောသွားသည့်စကားကို နားမလည်ကြပေ။ မည်သို့ပင်ဖြစ်စေ သူတို့ ထိုလူများအား လှမ်းဖမ်း၍ မမိသလို ပြေးလိုက်လည်း မမီသောကြောင့် သူတို့ ပြေးလွှားနေသည်ကိုသာ အားကိုးရာမဲ့ ကြည့်နေရတော့သည်။
ဧကရာဇ်မင်းမြတ်နှင့် ဧကရီတို့က ပြေးထွက်သွားသည်ကို မြင်လိုက်ရသည့် သက်တော်စောင့်များကလည်း သူတို့၏အရှင်သခင်များအတွက် အန္တရာယ်ရှိမည်ကို စိုးရိမ်သွားကြသည်။ ရလဒ်အနေဖြင့် သက်တော်စောင့်များကလည်း လေထဲသို့ အုပ်စုလိုက် ခုန်တက်လာပြီး လူအုပ်ထဲမှ ပြေးထွက်ရန် သိုးကျောင်းသားများ၏ပခုံးများပေါ်သို့ ပေါ့ပေါ့ပါးပါး ဖြတ်နင်းသွားကြသည်။
"ဘာတွေဖြစ်နေတာလဲ? ဒီလူတွေ ဘယ်ကနေ ရောက်လာကြတာလဲ?”
ယခုအချိန်တွင်တော့ လူတိုင်းက ကပွဲကိုပင် မကြည့်နိုင်ကြတော့ဘဲ ရှောင်းကျဲယွိနှင့် စူးချင်းတို့ ပြေးထွက်သွားသည့် လမ်းကြောင်းကိုသာ လိုက်ကြည့်နေကြသည်။
“သွားကြ...သွားကြဟေ့... တာဝန်ရှိသူတွေကို သတင်းပို့ရမယ်”
တစ်ယောက်ယောက်က စတင် အကြံပေးလိုက်ပြီး လူတိုင်းက တာဝန်ရှိသူများထံ သတင်းပို့သင့်သည်ဟု ခံစားလိုက်ကြရသည်။
တကယ်လို့ သူခိုးဓားပြတွေဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ?
တာတာလူမျိုးများက တာဝန်ရှိသူများထံ သတင်းသွားပို့နေကြသော်လည်း ပိန်ပါးပါးလူနောက်သို့ ပြေးလိုက်နေသည့် စူးချင်းနှင့် ရှောင်းကျဲယွိတို့ကတော့ ထိုအကြောင်းကို မသိကြပေ။ သို့သော်လည်း ထိုပိန်ပါးပါးနှင့် အားနည်းနေပုံရသည့် လူကလည်း အလွန်အလျင်အမြန် ပြေးလွှားနေသည်။
ကံကောင်းထောက်မစွာဖြင့် စူးချင်း၏ ကိုယ်ဖော့ပညာက အလွန်အစွမ်းထက်လှသည်။ သူမ ပြေးလိုက်သွားပြီး အချိန်တခဏမျှသာကြာပြီးနောက် သူမက ထိုလူကို တားဆီးနိုင်ခဲ့သည်။ ထိုပိန်ပါးပါးလူက အံ့အားသင့်သွားပြီး သူ့ခေါင်းကို မော့ရာ မျက်နှာသေးသေးလေး ပေါ်လာပြီး အမှန်တကယ် ရှောင်းလန်ရှင်း ဖြစ်နေခဲ့သည်။ ရှောင်းလန်ရှင်းကလည်း စူးချင်းနှင့် ရှောင်းကျဲယွိတို့ကို မြင်သွားပြီး သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံလာသည်။ သူမက စူးချင်း၏ရင်ခွင်ထဲသို့ ပြေးဝင်ကာ အော်ပြောလိုက်သည်။
“ယောင်းမ၊ ညီမ ယောင်းမကို ထပ်မတွေ့နိုင်တော့ဘူးလို့ ထင်ထားခဲ့တာ”
"ရှောင်ယင်၊ ဘာတွေ ဖြစ်နေတာလဲ?"
ရှောင်းလန်ရှင်း ငိုနေသည်ကို မြင်လိုက်ရသောကြောင့် စူးချင်း၏နှလုံးသားလည်း နာကျင်သွားရသည်။ သူမက ရှောင်းလန်ရှင်းကို လူသူကင်းမဲ့သည့်နေရာသို့ ဆွဲခေါ်သွားပြီး သူမ၏မျက်ရည်များကို သုတ်ပေးရန် လက်ကိုင်ပုဝါ ထုတ်ယူလိုက်သည်။
"ရှောင်ယင်၊ ဘာတွေဖြစ်ခဲ့တာလဲ?"
သူ့ညီမလေး ငိုနေသည်ကို မြင်လိုက်ရသည့် ရှောင်းကျဲယွိ၏နှလုံးသားကလည်း ထပ်တူ နာကျင်နေရသည်။
သူ့ညီမက သူမ မင်္ဂလာဆောင်တဲ့နေ့မှာ အရမ်းပျော်နေခဲ့တာလေ။ ပြီးတော့ သူ့ညီမလေးက ပျော်ပျော်နေတတ်ပြီး ငိုတဲ့အချိန်က မရှိသလောက် ရှားတယ်။ အခုတော့ ဘာကြောင့် ရုတ်တရက် ဒီလို ဝမ်းပန်းတနည်း ငိုကြွေးနေရတာလဲ?
“ယောင်းမ ယဲ့လွီချွမ်းက ပြောင်းလဲသွားပြီ၊ သူ... သူက ကိုယ်လုပ်တော် ထပ်ယူလိုက်တယ်”
ရှောင်းလန်ရှင်း ထိုစကားကို ပြောနေချိန်တွင် သူမ၏မျက်ရည်များကလည်း ပုလဲလုံးလေးများကဲ့သို့ ကျဆင်းလာသည်။ ထိုစကားက စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ အမူအရာများကို ချက်ချင်း ပြောင်းလဲသွားစေခဲ့သည်။
အဲ့တုန်းက ယဲ့လွီချွမ်းက သူ ဘယ်တော့မှ ကိုယ်လုပ်တော် မယူဘူးလို့ ကျိန်ဆိုခဲ့တာကြောင့် သူတို့ ရှောင်ယင်ကို အဲ့လူနဲ့ လက်ထပ်ခွင့်ပေးခဲ့တာ မဟုတ်ဘူးလား?
အခု နှစ်နှစ်တောင် မပြည့်သေးဘူး၊ ယဲ့လွီချွမ်းက ဘယ်လိုလုပ်ပြီး သူရဲ့စကားကို မော့သွားပြီး သူ့ရဲ့ကတိကို ချိုးဖောက်နိုင်ခဲ့ရတာတုန်း?
“အရင်ဆုံး ငါတို့နဲ့အတူ တည်းခိုဆောင်ကို ပြန်လိုက်ခဲ့။ ပြန်ရောက်မှ စကားပြောကြမယ်”
ရှောင်းကျဲယွိက ထိုသို့သောအကြောင်းအရာများကို လမ်းမပေါ်၌ မပြောစေချင်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးနှစ်ဖက်စလုံးက တော်ဝင်မိသားစုဝင်များ ဖြစ်နေကြပြီ ဖြစ်သောကြောင့် မိသားစုအရှုပ်တော်ပုံများအား လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမျိုး မလုပ်သင့်တော့ပေ။
“ဟုတ်ကဲ့”
ရှောင်းလန်ရှင်းကလည်း သူမ၏အစ်ကိုကြီးနှင့် ယောင်းမကို တွေ့လိုက်ရသောကြောင့် အနည်းငယ် စိတ်တည်ငြိမ်သွားပြီး အားမငယ်တော့ပေ။
ဘာပဲဖြစ်ဖြစ် သူမ မျိုသိပ်ထားတဲ့ မကျေနပ်မှုတွေကို ဖွင့်ပြောနိုင်မယ့်သူတွေ ရောက်လာခဲ့ပြီ။
နားနေတည်းခိုဆောင်သို့ ပြန်ရောက်ပြီးနောက် ရှောင်းကျဲယွိနှင့် စူးချင်တို့က ရှောင်းလန်ရှင်းအား အကြောင်းစုံ မေးမြန်းလိုက်သည်။
လွန်ခဲ့သည့် နှစ်လခန့်က ယဲ့လွီချွမ်းတစ်ယောက် အမျိုးသမီးတစ်ဦးကို ရုတ်တရက် ပြန်ခေါ်လာရာမှ ဤပြသနာများ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသမီးက အလွန်လှပပြီး နူးညံ့သိမ့်မွေ့ပုံရသည်။ သူမက တစ်စုံတစ်ဦးကို မှီခိုနေရသည့် ချစ်စဖွယ်ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ပြုမူတတ်သော်လည်း ယဲ့လွီချွမ်း အနားသို့ ရောက်လာသည့် ရှောင်းလန်ရှင်းကိုတော့ စိန်ခေါ်သလို ကြည့်လေ့ရှိသည်။
ထိုအမျိုးသမီးကို ပြန်ခေါ်လာပြီးကတည်းက ယဲ့လွီချွမ်းက ရှောင်းလန်ရှင်း၏အခန်းထဲသို့ မလာတော့သလို သူတို့၏ကလေးကိုလည်း ရတနာလေးအဖြစ် မသတ်မှတ်တော့ပေ။ ယခင်ကလိုမျိုး နှုးညံ့သည့်ဆက်ဆံမှုများလည်း ပျောက်ဆုံးသွားခဲ့သည်။
ရှောင်းလန်ရှင်းက ယဲ့လွီချွမ်းကို ပြဿနာ ရှာရန် သွားခဲ့သော်လည်း သူက ပြေရာပြေကြောင်းသာ ပြောပြီး သူမကို ပြန်နှင်လွှတ်တတ်သည်။ ထိုသို့ အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ပြီးနောက် ရှောင်းလန်ရှင်း၏နှလုံးသားက အေးစက်သွားကာ သူမ၏သားလေး ပြုစုပျိုးထောင်ဖို့ အာရုံစိုက်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သို့သော် လွန်ခဲ့သည့်ငါးရက်က ကလေးထံတွင် ထူးဆန်းသောရောဂါတစ်ခု ဖြစ်လာခဲ့သည်။ ထိုရောဂါက အလွန်ထူးဆန်းနေသောကြောင့် ရှောင်းလန်ရှင်းက ယဲ့လွီချွမ်းကို သွားတွေ့ပြီး ကလေးအား ကုသပေးရန် သမားတော် စေလွှတ်ပေးဖို့ တောင်းဆိုခဲ့သည်။
ထိုအမျိုးသမီးက ရှောင်းလန်ရှင်း ယဲ့လွီချွမ်းထံမှ မျက်နှာသာရရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့ပြီး ရှောင်းလန်ရှင်းကို ဝေးရာသို့ နှင်ထုတ်ဖို့ ယဲ့လွီချွမ်းကို ဖြားယောင်းခဲ့သည်။ မူလက ရှောင်းလန်ရှင်း၏တောင်းဆိုမှုကို လိုက်လျောတော့မည့် ယဲ့လွီချွမ်းက သူမ၏စကားကြောင့် ရှောင်းလန်ရှင်းကို နှင်ထုတ်လိုက်သည်။
နောက်ဆုံးတွင် ရှောင်းလန်ရှင်းလည်း မတတ်သာစွာဖြင့် ဧကရာဇ်အိုကြီးကို တိုက်ရိုက်တောင်းဆိုရတော့သည်။ ဧကရာဇ်အိုကြီးက သူ့မြေးလေးကို ကုသပေးရန် တော်ဝင်သမားတော်များ စေလွှတ်ပေးသည့်အပြင် သူကိုယ်တိုင်လည်း ကလေးကို လာရောက်ကြည့်ရှုပေးခဲ့သည်။ တော်ဝင်သမားတော်များက ကလေး၏ကိုယ်ထဲတွင် ထူးဆန်းသောအဆိပ်တစ်မျိုးရှိနေပြီး ဆယ်ရက်အတွင်း အဆိပ်ဖြေဆေးမရလျှင် ကလေးသေသွားနိုင်ကြောင်း ပြောလာခဲ့သည်။
ရှောင်းလန်ရှင်းက ကလေးအတွက် အလွန်စိတ်ပူသွားပြီး ကလေးအား ကုသပေးနိုင်မည့် အရည်အချင်းရှိသူများ ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ယဲ့လွီချွမ်းက ဘာဖြစ်နေမှန်းမသိ ပို၍ ထူးထူးခြားခြား အေးစက်နေပြီး ရှောင်းလန်ရှင်း၏ အော်ဟစ်တောင်းပန်သံများကို လျစ်လျူရှုထားခဲ့သည်။
ရှောင်းလန်ရှင်းလည်း ဘာမှ မတတ်နိုင်တော့ဘဲ ကလေး၏တစ်ကိုယ်လုံး ခရမ်းရောင်ပြောင်းသွားသည်ကိုသာ ကူကယ်ရာမဲ့ စောင့်ကြည့်နေရသည်။ သူမက သူမ၏ကလေးထံတွင် အသက်တစ်ရှုပင်မျှသာ ကျန်ရစ်တော့ကြောင့် သူမ နားလည်နေသည့်တိုင် သူမ ဘာမှ မလုပ်နိုင်ဘဲ အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့ မော့ချန်သို့ ရောက်ရှိနေကြောင်း နန်းတွင်းအစေခံများ ပြောနေသည့်စကားကို သူမ ရုတ်ခြည်း ကြားလိုက်ရသည်။ သူမက ကလေးကို ကုသပေးရန် စူးချင်းကို ရှာဖွေဖို့ တစ်စုံတစ်ဦးအား စေလွှတ်ပေးရန် ယဲ့လွီချွမ်းကို ချက်ချင်း သွားတောင်းပန်ခဲ့သည်။
သို့သော်လည်း ယဲ့လွီချွမ်းက ထိုကိစ္စကို ခွင့်မပြုရုံသာမက သူမကိုပါ အကျဥ်းချထားလိုက်သည်။
တာ့ထန်အင်ပါယာမှ သူမ ခေါ်ဆောင်သွားတွင်း နန်းတွင်းအစေခံ၏ ပါးနပ်မှုနှင့် သတိမှုကြောင့် ထိုအစေခံက ရှောင်းလန်ရှင်း၏နေရာတွင် အစားထိုး အကျဥ်းချခံကာ သူမ လွတ်မြောက်အောင် ကူညီပေးခဲ့သည်။ ရှောင်းလန်ရှင်းက သူမကိုယ်သူမ ယောကျာ်းလေးပုံစံ ရုပ်ဖျက်ပြီး စူးချင်းကို ရှာဖွေရန် မော့ချန်သို့ ထွက်လာခဲ့သည်။ သို့သော်လည်း သူမ လိုက်လံဖမ်းဆီးခံခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် သူမထံတွင် စူးချင်း ပေးထားသည့်လျှို့ဝှက်မြှားအိမ် ရှိနေခဲ့သည်။ သူမအတွက် အသက်အန္တရာယ် စိုးရိမ်ရသည့်အခိုက်အတန့်တွင် သူမ လူသတ်သမားအတွက် ထိုမြှားတစ်ချောင်း ပြန်ပေးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူမ ပြန်ရှိုးကွယ်ရှိုး ပြေးလာရင်း ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
အခြားသူများ သီဆိုကခုန်ရင်း ရယ်မောနေကြသည်ကို မြင်နေရသည့်တိုင် သူမက သူမ၏ကလေးအကြောင်းကိုသာ တွေးမိခဲ့ပြီး သူမ၏နှလုံးသားကို ဓားဖြင့် အစိုက်ခံထားရသလို ခံစားနေရသည်။ ထို့ကြောင့် သူမ စူးချင်းနှင့် ရှောင်းကျဲယွိတို့အား မမြင်ခဲ့သလို စူးချင်း၏ခေါ်သံကိုလည်း သူမ လုံးဝ မကြားလိုက်ရပေ။
"ကလေး နေမကောင်းဘူးလို့ မင်း ပြောနေတာလား?"
သူ့တူလေး နေမကောင်းဖြစ်နေသည်ဟု ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိလည်း စိတ်အေးလက်အေး ထိုင်မနေနိုင်တော့ပေ။
တော်ဝင်သမားတော်တွေက မင်းသားလေး အသက်ရှင်ဖို့ ဆယ်ရက်ပဲ ကျန်တော့တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား? ဒါက နှောင့်နှေးနေလို့ မရတဲ့ ကိစ္စလေ။
“အခု ခြောက်ရက်ရှိပြီ၊ ကျေးဇူးပြုပြီး ညီမရဲ့ကလေးကို ကယ်ပေးပါဦး”
ရှောင်းလန်ရှင်းက အသက်ကယ်ကောက်ရိုးကို တွေ့လိုက်ရသကဲ့သို့ စူးချင်း၏ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏လက်များက အေးခဲနေပြီး သူမ၏ခန္ဓာကိုယ်က တုန်ယင်နေသလို သူမ၏မျက်လုံးများထဲတွင်လည်း စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသည်။
"ငါတို့ ချက်ချင်း သွားမှ ဖြစ်မယ်"
ရှောင်းလန်ရှင်း၏ စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုကို မြင်နေရသည့် စူးချင်းကလည်း သူမပါ ဝမ်းနည်းလာသလို ခံစားနေရသည်။
ရှောင်ယင်ကိုတောင် လိုက်ဖမ်းနေတယ်ဆိုတော့ ကလေးကရော? တာ့ထန်ရဲ့နန်းတော်ထဲမှာ ကျန်ခဲ့တာလား? ဒါဆို ကလေးက အခု ဘယ်လို ဖြစ်နေပြီလဲ? ဆယ်ရက်တောင် အသက်ရှင်နိုင်ပါတော့မလား?
အဲ့ဒါကြောင့် အခု အချိန်ဖြုန်းနေလို့ မရတော့ဘူး။ သူမတို့ တာ့ထန်ရဲ့မြို့တော်ကို ချက်ချင်း သွားမှ ဖြစ်တယ်။
နောက်ဆုံးတွင် လူတစ်စုက တာ့ထန်၏မြို့တော်ဆီသို့ အပြေးအလွှား ထွက်ခွာလာကြပြီး တစ်ရက်ကျော်ခန့် ခရီးဆက်ရမည် ဖြစ်သည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က ရှောင်းလန်ရှင်းကို ခေါ်ဆောင်ကာ နေ့ရောညပါ ခရီးနှင်ခဲ့ကြပြီး တစ်ရက်အတွင်း တာ့ထန်၏နန်းမြို့တော်သို့ ရောက်ရှိလာကြသည်။
တာတာလူမျိုးများ၏မြို့တော်က ယခင်အတိုင်း ရှိနေဆဲပင်။ လမ်းများပေါ်တွင် လူများ စည်ကားနေသော်လည်း ပုံမှန်ထက် စစ်သားများ ပိုများနေသည်။ သူတို့က မြင်းများဖြင့် လှည့်လည်သွားလာနေကာ ဟန်လူမျိုးများကို တွေ့သည်နှင့် ချက်ချင်း စစ်ဆေးမေးမြန်းနေကြသည်။
"သူတို့က ညီမကို လိုက်ရှာနေတာ ဖြစ်နိုင်တယ်"
ရှောင်းလန်ရှင်းက သူမ၏အစ်ကိုကြီးကို လှမ်းပြောလိုက်သည်။ ယဲ့လွီချွမ်း၏ အကြင်နာကင်းမဲ့မှုနှင့် ရက်စက်မှုကို တွေးလိုက်မိချိန်တွင် ရှောင်းလန်ရှင်းက နှလုံးသားသည် လုံးဝ မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။ သူမ မျက်မမြင် ဖြစ်ခဲပြီး ထိုလူနှင့် လက်ထပ်ကာ တာ့ထန်ပြည်ထောင်သို့ မဆိုင်းမတွ လိုက်လာမိခြင်းအတွက် သူမကိုယ်သူမ မုန်းတီးနေမိသည်။
အခုမှ သူမ နောင်တရနေလို့လည်း ဘာကို မတတ်နိုင်တော့ဘူးဆိုတာကိုတော့ သူမ နားလည်ပါတယ်။
“ရပ်စမ်း”
ကင်းလှည့်နေသူများက စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ ယာဉ်တန်းကို တွေ့သွားပြီး ချက်ချင်း ဝိုင်းရံလိုက်ကြသည်။ တာတာစစ်သည်များက ရထားလုံးမောင်းနှင်နေသည့် သက်တော်စောင့်ကို လှံဖြင့် ချိန်ရွယ်ရင်း အသံမာမာဖြင့် မေးလိုက်သည်။
"မင်းတို့ ဘာလာလုပ်ကြတာလဲ"
“ကျွန်တော်တို့က ကုန်သည်တွေပါ။ ဒီကို စီးပွားရေးလုပ်ဖို့ ရောက်လာတာပါ”
သက်တော်စောင့်က ယခင်ကကဲ့သို့ ဆင်ခြေကို အသုံးပြုပြီး စာရွက်စာတမ်းများကို ဤလူများအား ပြသလိုက်သည်။ သို့သော်လည်း ထိုကင်းလှည့်စစ်သည်က စာရွက်စာတမ်းများကို မကြည့်ဘဲ ရထားလုံး၏ကန့်လန့်ကာကို ညွှန်ပြရင်း အမိန့်ပေးလိုက်သည်။
"ရထားလုံးထဲက လူတွေ အားလုံးကို အောက်ကို ဆင်းလာခဲ့"
“ဆင်းကြမယ်”
စူးချင်းက အေးစက်မှုအပြည့်ပြောလိုက်သည်။
အခုတော့ သူမရဲ့ဒေါသကို ခဏ ထိန်းထားလိုက်ဦးမယ်။ ယဲ့လွီချွမ်းက ဘာတွေလုပ်နေတယ်ဆိုတာကို သူမ သိချင်သေးတယ်။