သိသာလွန်းသည့် စိတ်နေစိတ်ထားပြောင်းလဲမှု
Vol. 42 Ch. 622
စူးချင်းနှင့် ရှောင်းကျဲယွိတို့က ရှောင်းလန်ရှင်းနှင့်အတူ ရထားလုံးပေါ်မှ ဆင်းလိုက်ကြသည်။ တာတာစစ်သည်များက စူးချင်းနှင့် ရှောင်းကျဲယွိတို့၏နောက်မှ ရှောင်းလန်ရှင်းကို မြင်သွားပြီး သူမကို ချက်ချင်း လှံများဖြင့် ချိန်ရွယ်လိုက်ကြသည်။
"သူ(မ)ကို ဆွဲခေါ်ခဲ့"
ရှောင်းလန်ရှင်းက တာတာစစ်သည်များကို စိုက်ကြည့်နေသည်။
သူမက အခုထက်ထိ ကြင်ယာတော်မင်းသမီး ဖြစ်နေတုန်းလေ၊ သူတို့က သူမကို ဖမ်းဆီးမယ်ဆိုတော့ အရှင်သခင်ကို ပြန်စော်ကားနေတာ မဟုတ်ဘူးလား?
မည်သို့ပင်ဖြစ်စေ ရှောင်းလန်ရှင်းက သူမ၏အစ်ကိုကြီးနှင့် ယောင်းမတို့ ရှိနေသောကြောင့် ထိုစစ်သည်များအား ပြန်ဆူပူကြိမ်းမောင်းရန် ခွန်အားရှိလာပြီ ဖြစ်သည်။
"မင်းတို့ ဘာလို့ ဒီလောက် ရဲတင်းနေကြတာလဲ? ငါက တာ့ထန်ရဲ့ ကြင်ယာတော်မင်းသမီးနော်၊ မင်းတို့က ငါ့ကို မရိုမသေ လုပ်ရဲတယ်ပေါ့"
“မင်းက တိုင်းတပါးနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်ခဲ့တယ်၊ အိမ်ရှေ့စံမင်းသားက မင်းကို တွေ့တာနဲ့ ချက်ချင်း ဖမ်းပြီး ခြွင်းချက်မရှိ ကွပ်မျက်ဖို့ အမိန့်ပေးထားတယ်"
တာတာစစ်သည်ခေါင်းဆောင်က ရှောင်းလန်ရှင်းကို ပြန်လှောင်ပြောင်လိုက်သည်။
စူးချင်းက အေးစက်သောလေသံဖြင့် ဝင်မေးလိုက်သည်။
"မင်းတို့က သူ့(မ)ကို သတ်ဖို့တောင် ဆုံးဖြတ်ထားပြီးပြီပေါ့"
“သူတို့ အားလုံးကို ဖမ်း၊ သူတို့အားလုံးက သစ္စာဖောက်တွေပဲ”
တာတာစစ်သည်များ၏ ခေါင်းဆောင်က စူးချင်းနှင့် ရှောင်းကျဲယွိတို့ထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သော အရှိန်အဝါကို မြင်သွားပြီး အနည်းငယ် ကြောက်လန့်သွားခဲ့သည်။ ဤလူနှစ်ယောက်က ကြောက်မက်ဖွယ်ကောင်းနေပြီး ပေါ့ပေါ့တန်တန် ဖြေရှင်းရန် မလွယ်ကူပုံပေါ်နေသည်အတွက် သူ့လက်အောက်ငယ်သားများအားလုံးကို အတူတူတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်သည်။ ထို့နောက် သူက လူတစ်ချို့ကို ပြန်လွှတ်လိုက်ပြီး စစ်ကူ ပြန်ခေါ်ခိုင်းလိုက်သည်။
“မင်းတို့ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ဒါက ငါတို့နယ်မြေပဲ၊ မင်းက နဂါးဖြစ်ရင်တောင် မင်း နာနာခံခံ တွန့်ခွေနေရမယ်။ မင်းက ကျားဖြစ်နေရင်တောင် ရိုရိုကျိုးကျိုး ဝပ်တွားနေရမယ်”
"ရွှေ့ရှန့်၊ ကျွန်မတို့ သတ်ဖြတ်မှုကြီးတစ်ခု စတင်တော့ရမယ့်ပုံပဲ"
စူးချင်းက ရှောင်းကျဲယွိကို လှမ်းကြည့်လိုက်ပြီး အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူမက လူမသတ်ချင်ပေမယ့် သူတို့က သူမကို အတင်းအကြပ်ဖိအားပေးနေမှတော့ သူမကလည်း သတ်ပေးရတော့မှာပေါ့။
"ဟုတ်တယ်၊ ယဲ့လွီချွမ်းက ကိုယ်တို့ကို သစ္စာဖောက်လိုက်ပုံပဲ။ သူ့ကို သတ်ဖို့ကလွဲလို့ ကိုယ်တို့မှာ ရွေးချယ်စရာ မရှိတော့ဘူး”
ရှောင်းကျဲယွိက ခေါင်းညိတ်ပြလိုက်ပြီး သူတို့ပတ်ဝန်းကျင်ရှိ တာတာစစ်သည်များကို မကြောက်မရွံ့ ပြန်စိုက်ကြည့်လိုက်သည်။
လက်ရှိအခြေအနေမှာ သူနဲ့ ချင်းအာတို့က လူသတ်ဖို့ တွန်းအားပေးခံနေရတာပါ။
ပုံမှန်ဆိုရင် သူတို့က တာ့ထန်ကို ဧည့်သည်တွေအနေနဲ့ ရောက်လာကြတာဆိုတော့ ရန်သူစစ်သည်တွေကို မသတ်သင့်ဘူး။ အဲဒါက တာ့ထန်ပြည်ထောင်ကို ကျူးကျော်တာနဲ့ အတူတူပဲ။ ဒါပေမယ့် အခုတော့ ရန်သူက သူတို့ကို သတ်ဖို့ ရည်ရွယ်ထားတာ ထင်ရှားနေတယ်လေ၊ သူတို့မှာ ဘာမှ ပြောဆိုဆွေးနွေးနေစရာအကြောင်း မရှိတော့ဘူး။
ဒါပေမယ့် သူ့တူလေးက သူတို့ လက်ထဲမှာ ရှိနေတုန်းပဲ။ အခု တိုက်ခိုက်ပြီး ကလေးကို ပြန်ခေါ်သွားရမယ်။ သူတို့ တာ့ထန်အင်ပါယာကို ပြန်ရောက်တာနဲ့ စစ်ပွဲစတင်ဖို့ အမိန့်ထုတ်ပြန်ရမယ်။
စူးချင်းနှင့် ရှောင်းကျဲယွိတို့ စကားပြောနေကြစဉ် သူတို့နှင့်အတူ ပါလာသည့် သက်တော်စောင့်များကည် တာတာစစ်သည်များနှင့် စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။ ရှောင်းကျဲယွိ၏သက်တော်စောင့်များအားလုံးက အဆင့်မြင့်သိုင်းပညာရှင်များ ဖြစ်ကြပြီး တာတာစစ်သည်များက သူတို့ကို လုံးဝ မယှဉ်နိုင်ပေ။ ထို့အပြင် ရှောင်းကျဲယွိက သူတို့ကို လုံးဝ မတွန့်ဆုတ်ရန် အမိန့်ပေးထားသောကြောင့် သူတို့အနေဖြင့် တာတာစစ်သည်များကို သတ်နိုင်သည်ဟု အဓိပ္ပါယ်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တာတာစစ်သည် တစ်ဒါဇင်ကျော်ခန့် သေဆုံးသွားပြီး ခေါင်းဆောင်က ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော် ရှောင်းကျဲယွိ၏လူများက သူ့ကို ပြန်ဖမ်းလိုက်ကြသည်။
"နန်းတော်ကို သွားကြမယ်၊ တာ့ထန်ရဲ့ဧကရာဇ်က ဘာလုပ်ချင်လဲဆိုတာ သွားမေးကြတာပေါ့”
ရှောင်းကျဲယွိက ဒေါသအပြည့်ဖြင့် အမိန့်ပေးလိုက်သည်။
သူ့ညီမလေးနဲ့ တူလေးက ဒီလိုမျိုး အရှက်ခွဲခံခဲ့ရတယ်။ ဒီအတိုင်း လွှတ်ပေးထားလိုက်ရင် သူ ယောက်ျားတစ်ယောက် မဟုတ်တော့ဘူး။
ပြီးတော့ သူ့တူလေးကို ပြန်ခေါ်သွားရမယ်၊ မဟုတ်ရင် ကလေးက သေသွားနိုင်တယ်။
သူတို့ နန်းတော်ဘက်သို့ ဦးတည်နေချိန်တွင် တာ့ထန်စစ်သည်တစ်ဖွဲ့ အပြေးရောက်လာပြီး သူတို့ကို ဝိုင်းရံလိုက်ကြပြန်သည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကာ နှစ်ယောက်သား သက်တော်စောင့်များကို ဦးဆောင်ပြီး စတင်တိုက်ခိုက်ကြတော့သည်။ သိပ်မကြာမီမှာပင် သွေးလမ်းကြောင်းတစ်ခု ပေါ်ပေါက်လာပြီး သူတို့အားလုံး အလျင်အမြန် ဖောက်ထွက်နိုင်ခဲ့ကြသည်။ စူးချင်း၏ စစ်နတ်ဘုရားစွမ်းရည်က တစ်ဖွဲ့လုံးကို တစ်ချက်တည်းဖြင့် ချေမှုန်းပစ်နိုင်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို မည်သူမျှ ရပ်တန့်နိုင်မည်မဟုတ်ပေ။
လက်ရှိတွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့က နားလည်မှုလွဲမှားနေသည့်အရာများ ရှိနေမည်ကို စိုးရိမ်သောကြောင့် သူတို့ကိုယ်သူတို့ ထိန်းချူပ်ထားဆဲ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူတို့ လက်ပစ်ဗုံးများ ပစ်လိုက်သည်နှင့် ဤစစ်သည်များအားလုံး လွင့်စင်သေဆုံးသွားမည်မှာ အသေအချာ ဖြစ်သည်။
ဧကရာဇ်အိုကြီးကလည်း သတင်းကြားကြားချင်း သူ့တဲနန်းမှ အမြန် ပြေးထွက်လာခဲ့သည်။ သူက တာတာတပ်သားများ ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။
“အားလုံး ရပ်လိုက်ကြစမ်း၊ နောက်ကို ပြန်ဆုတ်ကြ”
သို့သော်လည်း တာတာစစ်သည်များက သူ့စကားကို လုံးဝ နားမထောင်ကြတော့ပေ။ ထိုအရာက ဧကရာဇ်အိုကြီးကို အလွန်ဒေါသထွက်စေပြီး သူ့မျက်နှာလည်း ဖြူဖျော့သွားရသည်။ သူက ရှောင်းကျဲယွိကို လှမ်းအော်ပြောလိုက်သည်။
“မင်း ငဲ့ညှာနေဖို့ မလိုဘူး။ မနာခံတဲ့ခွေးတွေကို သတ်သာသတ်ပစ်လိုက်တော့”
ဧကရာဇ်အိုကြီး၏စကားကို ကြားလိုက်ရချိန်တွင် ရှောင်းကျဲယွိနှင့် စူးချင်းတို့က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။
တာ့ထန်မှာ ဘာတွေဖြစ်နေတာလဲ? ဧကရာဇ်အိုကြီးက စစ်တပ်ကို အမိန့်မပေးနိုင်တော့ဘူးလား?
ဧကရာဇ်အိုကြီးထံမှ အတည်ပြုမှုကို ရလိုက်သောကြောင့် စူးချင်းနှင့် ရှောင်းကျဲယွိတို့ကလည်း ယဉ်ကျေးမနေတော့ပေ။ သူတို့က တာတာစစ်သင်ည် ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြပြီး နောက်ဆုံးတွင် အနည်းငယ်မျှသာ ကျန်နေတော့သည်။
စူးချင်း၏ စစ်နတ်ဘုရားစွမ်းရည်က အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူမ၏ လက်ရှိ စွမ်းအားက သူမတို့ ဝူးခို့ကို တိုက်ခိုက်နေချိန်ကထက် အဆများစွာ ပိုအားကောင်းလာခဲ့သည်။ သူမ၏ တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် လူတန်းရှည်ကြီးတစ်ခု လဲကျနေပြီး ထိုလူများအနေဖြင့် အသက်ရှင်ရန် အခွင့်အရေး မရှိကြတော့ပေ။
ဤကဲ့သို့သော တိုက်ပွဲစွမ်းအားမျိုးက အမြဲလိုလို ရဲရင့်နေတတ်သည့် တာတာစစ်သည်များကိုပင် ကြောက်လန့်စေခဲ့သည်။ သူတို့က သူတို့ရှေ့မှလူများကို ဆက်မတားဆီးရဲတော့ဘဲ စူးချင်းနှင့် ရှောင်းကျဲယွိတို့ ရှောင်းလန်ရှင်းကို ခေါ်ဆောင်ကာ ဧကရာဇ်အိုကြီးထံသို့ သွားနေသည်ကို သူတို့ စောင့်ကြည့်နေကြရသည်။
"ချွေးမတော်၊ မြေးတော်လေးက ကျန်းရဲ့တဲနန်းထဲမှာ ရှိတယ်"
ဧကရာဇ်အိုကြီးက သူ့၏ချွေးမကို နာကျင်သောအမူအရာဖြင့် ကြည့်နေကာ တုန်ရီနေသောအသံဖြင့် လှမ်းပြောသည်။ တော်ဝင်သမားတော်က မြေးတော်လေး အဆိပ်မိသွားကြောင်း ပြောခဲ့သည်ကို ကြားပြီးနောက် ဧကရာဇ်အိုကြီးက ကလေးကို သူ့တဲနန်းသို့ ပြန်ခေါ်လာခဲ့သည်။ သူက လင်ဇီးနှင့် ဂျင်ဆင်းများကို သုံးစေကာ ကလေး၏အသက်ကို ဆွဲဆန့်ထားရန် တော်ဝင်သမာတော်များအား ညွှန်ကြားခဲ့သည်။
သူ သူ့မြေးတော်လေးကို ကယ်တင်ချင်လို့ စူးချင်းကို သွားရှာဖို့ တာ့ထန်အင်ပါယာကို လူတွေ အများကြီး စေလွှတ်ထားပြီးပြီ။ ဒါပေမယ့် အဝေးမှ ရေက အခုချက်ချင်း ရေငတ်ပြေစေမှာ မဟုတ်ဘူးလေ။ အချိန်က အရမ်းနောက်ကျသွားခဲ့ပြီ။ ကလေးက တစ်နေ့ထက်တစ်နေ့ ပိုအခြေအနေဆိုးလာပြီး သူလည်း ပူပင်သောကတွေ၊ စိုးထိတ်မှုတွေနဲ့ ကူကယ်ရာမဲ့ ဖြစ်နေခဲ့ပြီ။
"ယောင်းမ"
စူးချင်းကို အကူအညီ တောင်းနေသည့် ရှောင်းလန်ရှင်း၏မျက်လုံးများက နီရဲနေသည်။
"ကလေးကို အရင် သွားကြည့်ရအောင်"
စူးချင်းက ကလေးကို ကယ်တင်ရန် ရောက်လာခဲ့ခြင်း ဖြစ်ပြီး ယဲ့လွီချွမ်းက ဧကရာဇ်အိုကြီးပင် လူရာမသွင်းတော့ကြောင်း သူမ နားလည်လိုက်သည်။ ထို့ကြောင့် စူးချင်းက ဧကရာဇ်အိုကြီး ခက်ခဲအောင် မလုပ်တော့ဘဲ ရှောင်းလန်ရှင်းကိုခေါ်ကာ ဧကရာဇ်အိုကြီး၏တဲနန်းထဲသို့ ဝင်သွားတော့သည်။
ရှောင်းကျဲယွိကတော့ ဧကရာဇ်အိုကြီးကို စိုက်ကြည့်နေပြီး တင်းမာသောအမူအရာဖြင့် မေးခွန်းထုတ်နေသည်။
"ကျုပ်က ကျုပ်ညီမကို ခင်ဗျားတို့ လက်ထဲ ထည့်ပေးလိုက်တယ်၊ ဒါက ခင်ဗျားတို့ သူ့(မ)ကို ဆက်ဆံတဲ့ပုံစံလား?"
"ပြောရမှာလည်း ရှက်ဖို့ကောင်းလွန်းပါတယ်ကွာ"
ဧကရာဇ်အိုကြီးက အပြစ်မကင်းဟန်ဖြင့် ခေါင်းငုံ့လိုက်သော်လည်း သူက ချက်ချင်း ခေါင်းပြန်မော့ကာ ရှောင်းကျဲယွိအား အလောတကြီး ထပ်ပြောလာသည်။
“ချွမ်းအာက ဆေးခပ်ခံရပြီး စိတ်ပျောက်နေတယ်လို့ ငါ ထင်တယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်က သိသိသာသာ ပြောင်းလဲသွားပြီ၊ သူက ငါနဲ့ သူ့မယ်တော်ကိုတောင် မျက်လုံးထဲ မထားတော့ဘူးဘူး။ မြေးတော်လေးကို ခုလို ခေါ်လာဖို့တောင် ငါတို့အသက်နဲ့ ခြိမ်းခြောက်ခဲ့ရတယ်၊ မဟုတ်ရင် အခု... ဘာပဲဖြစ်ဖြစ် သူ အရင်တုန်းက ဒီလို မဟုတ်ဘူး။ အဲဒီအမျိုးသမီးကို ပြန်ခေါ်လာပြီးကတည်းက သူ လုံးဝ ပြောင်းလဲသွားတာ”
ဧကရာဇ်အိုကြီးက သူ့သားတော်၏ပြောင်းလဲမှုကို ပြောပြနေပြီး သူလည်း အလွန်ရင်နာနေပုံရသည်။
မိဘကို ရိုသေလေးစားတဲ့ ကလေးက ရုတ်တရက် ပြောင်းလဲသွားတယ်။ သူ အရင်က ချွမ်းအာကို ထီးနန်လွဲဖို့ ပြင်ဆင်နေခဲ့ပြီး စစ်တပ်အာဏာရော စီးပွားရေးတွေပါ ယုံယုံကြည်ကြည်နဲ့ လွှဲပြောင်းပေးလိုက်မိတယ်။ အခု သူ့မှာ စစ်သည်လည်း မရှိတော့ဘူး၊ အာဏာလည်း မရှိတော့ဘူး။ သူက ရုပ်သေးဧကရာဇ်တစ်ပါးသာသာ ဖြစ်နေခဲ့ပြီ။
"အဲ့မိန်းမက ဘယ်လိုမိန်းမမျိုးလဲ?"
ရှောင်းကျဲယွိအတွက် ထိုစကားကို ဒုတိယအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။ ရှောင်းလန်ရှင်းကလည်း ယခင်က သူ့ကို ထိုသို့ ပြောခဲ့ဖူးသည်။ ထိုအမျိုးသမီး ရောက်လာပြီကတည်းက ယဲ့လွီချွမ်း ပြောင်းလဲသွားသည်ဟု သူ့ညီမလေး ပြောခဲ့သည်ကို ရှောင်းကျဲယွိ မှတ်မိနေသေးသည်။ ယဲ့လွိချွမ်းက သူ့ညီမလေး၏တဲနန်းသို့ မလာတော့သလို ကလေးကိုလည်း လျစ်လျူရှုထားပြီးး အဆုံးတွင် သူက ဇနီးနှင့် ကလေးကို နှိပ်စက်စပြုလာခဲ့သည်။
"ဖြားယောင်းတတ်တဲ့ မိန်းမပါ"
ဧကရာဇ်အိုကြီးက ထိုမိန်းမအကြောင်းကို ပြောပြနေရင်း မုန်းတီးမှုအပြည့်ဖြင့် အံကြိတ်ထားသည်။
သူမက သူတို့ရဲ့ တာ့ထန်ပြည်ထောင်ကို ဘေးဥပဒ်ဖြစ်စေမယ့် ဒုက္ခအရင်းအမြစ်တစ်ခုပဲ။
သူ စူးချင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြင်ဖူးထားတယ်။ သူတို့ရဲ့ တပ်ဖွဲ့တွေ အားလုံးကို စုဆောင်းလိုက်ရင်တောင် စူးချင်းကို ဖမ်းဖို့ မဖြစ်နိုင်ဘူး။ သူတို့ တာ့ထန်အင်ပါယာကို ပြန်သွားတဲ့နေ့က တာ့ထန်ပြည်ထောင် ကျဆုံးတဲ့နေ့ ဖြစ်လာလိမ့်မယ်။
အခု သူ သူ ရပ်တည်ချက်ကို ဖော်ပြနေတာက တာတာလူမျိုးတွေကို ကာကွယ်ပေးချင်လို့ပါ။
အနည်းဆုံးတော့ သူရဲ့မြေးတော်လေးလည်း ရှိနေသေးတယ်။ ရှောင်းကျဲယွိက ကလေးကို ဂရုစိုက်နေသေးရင် သူတို့ရဲ့တိုင်းပြည်သေးသေးလေးကို ဖျက်ဆီးပစ်မှာ မဟုတ်ဘူး။
သူ့သားအတွက်လား?
ထိုအရာက ဧကရာဇ်အိုကြီးကို ဒွိဟဖြစ်စေသည်။ သူက သူ့သားကို အလွန်စိတ်ပျက်နေသော်လည်း စူးချင်းနှင့် ရှောင်းကျဲယွိတို့က သူ့သားအား ခွင့်လွှတ်ပေးရန်တော့ သူ မျှော်လင့်နေသေးသည်။
ဒါပေမယ့် သားက ရူးသွပ်နေတာ မဟုတ်ဘဲ ပုန်ကန်မှုတစ်ခု လုပ်ဖို့ ကြံစည်နေပြီး သူ့ဇနီးနဲ့ ကလေးကို သတ်တာဆိုရင်ရော..... အဲ့လို ဆိုရင်တော့.....
ဧကရာဇ်အိုကြီးက ဖြောင့်မတ်မှုထက် မိသားစုကို ပိုအရေးပေးသူဖြစ်သည်။ သူက သူ့သားကို မသတ်ချင်ဘဲ အကျဥ်းချထားရန်သာ ဆန္ဒရှိနေခဲ့သည်။ သူ့ထီးနန်းကိုတော့ မြေးတော်ကြီး၏လက်ထဲသို့ အပ်ရန် တွေးထားခဲ့သည်။
စူးချင်းက ရှောင်းလန်ရှင်းနှင့်အတူ တဲနန်းထဲသို့ လိုက်ပါသွားခဲ့သည်။ ယဲ့လွီချွမ်း၏မိခင် ကြင်ယာတော်လီက ကလေးကို ပြုစုစောင့်ရှောက်ပေးနေသည်။ သူမက အဝတ်ပင် မလဲနိုင်ဘဲ သူမ၏မြေးလေးကို သုံးရက်၊ သုံးညလုံး ပြုစုစောင့်ရှောက်ပေးနေခဲ့သည်။ သူမ၏မျက်နှာကလည်း နီရဲနေပြီး သူမ ငိုရလွန်းလို့ သူမ၏မျက်လုံးများပင် ရောင်ရမ်းနေသည်။
ရှောင်းလန်ရှင်းနှင့် စူးချင်းတို့ ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် ကြင်ယာတော်လီက အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားသလို စူးချင်း၏လက်ကို ဆုပ်ကိုင်ထားပြီး တောင်းဆိုနေခဲ့သည်။
"သခင်မလေးစူး၊ ငါ့ရဲ့မြေးလေးကို ကယ်ပေးပါဦး"
စူးချင်းအတွက်လည်း သူမ၏တူလေးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ထိုကဲ့သို့သောအခြေအနေမျိုးနှင့် တွေ့လိုက်ရခြင်းက သူမကို ရင့်နင့်သွားစေခဲ့သည်။
"သားလေး"
ရှောင်းလန်ရှင်းက သူမ၏ကလေးလေး အသက်ရှုမဝပုံဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး မအီမသာ ဖြစ်နေသည်ကို မြင်သွားခဲ့သည်။ သူမက ချက်ချင်း မျက်ရည်ကျလာပြီး စူးချင်းအား တောင်းပန်နေပြန်သည်။
"ယောင်းမ၊ လဲ့အာကို ကယ်တင်ပေးပါဦး"
စူးချင်းက ကလေးဆီသို့ အလျင်အမြန် တိုးသွားလိုက်ပြီး ကလေးလေး ချက်ချင်း မသေသွားစေရန် အသက်ကယ်ဆေးလုံး အရင်တိုက်လိုက်သည်။ ထို့နောက်မှသာ ကလေး၏သွေးခုန်နှုန်းကို စမ်းသပ်ရတော့သည်။
ဤနေရာတွင် စူးချင်း လဲ့အာ၏ သွေးခုန်နှုန်းအား စစ်ဆေးနေချိန်တွင် တစ်ဖက်မှ ယဲ့လွီချွမ်းက သူ့စစ်တပ်ကို ခေါ်ဆောင်လာပြီး ဧကရာဇ်အိုကြီး၏တဲနန်းကို ဝိုင်းရံထားသည်။ သူက လေးသမားများကို အဆင်သင့် ပြင်ခိုင်းထားပြီး သူ့မိဘများကိုပင် ဂရုမစိုက်တော့ပေ။