အချစ်ကူ
Vol. 42 Ch. 624
ထိုအမျိုးသမီးက လဲ့အာကို အဆိပ်ခတ်ခဲ့သူဖြစ်နိုင်သောကြောင့် စူးချင်းက သူမထံမှ အဆိပ်ဖြေဆေးတောင်းရန် သူမကို သွားဆွဲခေါ်ချင်နေသော်လည်း ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာပြန်သည်။ ယဲ့လွီချွမ်းက ထိုအမျိုးသမီးကို မြေပြင်ပေါ်သို့ ရုတ်တရက် ပစ်ချလိုက်သည်ကို သူမ မြင်လိုက်ရသည်။ သို့သော်လည်း နောက်တစ်ခဏအတွင်းမှာပင် သူက ချက်ချင်း ငုတ်တုတ်ထိုင်ချလိုက်ပြီး ထိုအမျိုးသမီးကို ပြန်ပွေ့ယူရန် ကြိုးစားနေပြန်သည်။ သို့သော် သူ ထိုအမျိုးသမီးအား မပွေ့နိုင်သေးခင်မှာပင် သူကိုယ်တိုင် မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။
"ဘာတွေ ဖြစ်နေတာလဲ?"
ဒေါသထွက်နေဆဲဖြစ်သည့် ရှောင်းကျဲယွိပင် ထိုထူးဆန်းသောမြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားရသည်။
ဒါက ဘယ်လိုမှော်အတတ်တွေလဲ? သူတို့နှစ်ယောက်က စုန်းအတတ်ကို သုံးဖို့ ကြိုးစားနေတာ ဖြစ်နိုင်လား?
“အဲ့နေရာကို မသွားနဲ့၊ ဒီနားမှာနေပြီး ကျွန်မကို စောင့်နေ"
စူးချင်းက ရှောင်းကျဲယွိကို သွားမစစ်ဆေးစေရန် တားဆီးလိုက်သည်။
အဆိပ်ပဲဖြစ်ဖြစ် လျှိုဝှက်လက်နက်ပဲဖြစ်ဖြစ် နောက်ဆုံး စုန်းအတတ်တွေ၊ မှော်အတတ်တွေ ဖြစ်နေရင်တောင် တစ်ဖက်လူက သူမ ထိခိုက်သွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ရွှေ့ရှန့်အတွက်ဆိုရင်တော့ သူ့သိုင်းပညာက ဘယ်လောက်ပဲ ကောင်းနေပါစေ သူ အဆိပ်ကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး။
ထိုအမျိုးသမီး၏ အဆိပ်က အလွန်ပြင်းထန်လှပြီး ပြသနာ များလွန်းသောကြောင့် စူးချင်းက ရှောင်းကျဲယွိ အဆိပ်မိသွားမည်ကို စိုးရိမ်နေခဲ့သည်။
"ချင်းအာ၊ ကိုယ် မင်းနဲ့ လိုက်ခဲ့မယ်"
ရှောင်းကျဲယွိက မည်သည့်အတွက်ကြောင့်မျှ စူးချင်း၏နောက်၌ ပုန်းအောင်းနေမည့်သူ မဟုတ်ပေ။ အန္တရာယ်ရှိနေလျှင်ပင် သူက သူ့ဇနီး၏ရှေ့မှ ရင်ဆိုင်ချင်သူ ဖြစ်သည်။ သက်တော်စောင့်လေးယောက်ကလည်း ဧကရာဇ်နှင့် ဧကရီကို ကာကွယ်ရန် ပြေးလာကြပြီး သူတို့ရှေ့၌ တန်းစီရပ်လိုက်ကြသည်။
ယဲ့လွီချွမ်းက ထိုအမျိုးသမီးကို ပွေ့ချီရန် ကြိုးစားရုန်းကန်နေသော်လည်း ထိုအမျိုးသမီးက သူ့ကို တွန်းဖယ်လိုက်သည်။ အနီးနားရှိ သက်တော်စောင့်သည်က သူ့တို့၏ဓားများကို တစ်ပြိုင်နက်တည်း ဆွဲထုတ်လိုက်ပြီး သူမ၏လည်ပင်းဆီသို့ ချိန်ရွယ်လိုက်သောကြောင့် မြင်ကွင်းက ပို၍ ထူးဆန်းလာပြန်သည်။
စူးချင်းက သူမရှေ့မှာ သက်တော်စောင့်များကို တွန်းဖယ်လိုက်ပြန်သည်။
ဒီမိန်းမက ဘာဖြစ်ချင်နေတာလဲ?
ရုတ်တရက် ထိုအမျိုးသမီးက အနက်ရောင် လျှို့ဝှက်လက်နက်တစ်ခုကို စူးချင်းနှင့် ရှောင်းကျဲယွိတို့ထံ လှမ်းပစ်လိုက်သည်။ ထိုလျှို့ဝှက်လက်နက်က လေထဲတွင် ပေါက်ကွဲသွားပြီး အနက်ရောင် အဆိပ်ငွေ့များ ပျံ့နှံ့လာသည်။
"အသက်မရှူကြနဲ့"
စူးချင်းက အော်ဟစ်သတိပေးနေရင်း ထိုအဆိပ်ငွေ့များထဲသို့ ပြေးဝင်သွားသည်။ ရှောင်းကျဲယွိက သူ့ပါးစပ်နှင့် နှာခေါင်းကို သူ့အင်္ကျီလက်များဖြင့် ပြန်အုပ်လိုက်ရသောကြောင့် သူ့ခြေလှမ်းများအနည်းငယ် တုံ့ဆိုင်းသွားကာ စူးချင်းထက် ခြေတစ်လှမ်း ပိုနောက်ကျသွားရသည်။ သူ ရှေ့သို့ ပြန်ကြည့်လိုက်ချိန်တွက် စူးချင်းက အဆိပ်ငွေ့များထဲသို့ ပြေးဝင်သွားသည်ကိုသာ မြင်လိုက်ရပြီး သူလည်း မဆိုင်းမတွ ပြေးလိုက်သွားတော့သည်။
စူးချင်းက အဆိပ်ငွေ့များကို ဖြတ်ကျော်ကာ ယဲ့လွီချွမ်းနှင့် ထိုအမျိုးသမီး ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူမ မြင်လိုက်ရသည့်မြင်ကွင်းက သူမကို ထိတ်လန့်သွားစေသည်။
ထိုအမျိုးသမီး၏ မျက်နှာပေါ်ရှိ အရေပြားက ကွဲအက်နေကာ အသားစများ ကွာကျနေပြီး သွေးသံတရဲရဲ ဖြစ်နေလေသည်။ သူမ၏ မျက်လုံးများကလည်း မျက်ဝန်းအိမ်ထဲမှ ကျွတ်ထွက်နေသည်။ သူမ၏လက်ထဲတွင် သွေးစွန်းနေသော ဓားမြှောင်တစ်ချောင်းရှိပြီး သူမ၏လက်က မြေပြင်ပေါ်သို့ လျောကျနေသည်။ သူမ၏ရင်ဘတ်တွင် ကျည်ဆန်ပေါက်ရာတစ်ခု ရှိနေပြီး သူမ၏လည်ပင်းမှလည်း သွေးကြောများလည်း ပြတ်တောက်နေပြီ ဖြစ်သည်။ နတ်ဘုရားများပင်လျှင် သူမအား ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
ယဲ့လွီချွမ်း၏ ချပ်ဝတ်တန်ဆာတွင်လည်း အနီရောင်သွေးများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူ မူလထဲက အဆိပ်မိထားခြင်းဖြစ်လား သို့မဟုတ် ယခုမှ အဆိပ်ငွေ့များကို ရှူရှိုက်မိခြင်းလား မသဲကွဲသည့်တိုင် သူလည်း သတိလစ်နေပြီး သူ့မျက်နှာတစ်ခုလုံး ပြာနှမ်းနေသည်။
စူးချင်းက သူမ၏ဓားပျော့ကို ဆွဲထုတ်ကာ ယဲ့လွီချွမ်း၏လည်ပင်းထဲသို့ တိုးသို့ရန် ပြင်လိုက်သည်။ သူမ နောက်ထပ် ခွန်အားအနည်းငယ် စိုက်ထုတ်ရုံဖြင့် သူ့ကို အဆုံးသတ်နိုင်တော့မည် ဖြစ်သည်။
"ချင်းအာ၊ မလုပ်နဲ့၊ သူ အဆိပ်ခတ်ခံထားရတယ်"
ရှောင်းကျဲယွိက စူးချင်းကို တားဆီးလိုက်သည်။ ယဲ့လွီချွမ်းက အဆိပ်သင့်နေခဲ့ပြီး လူစိတ်ပျောက်ဆုံးနေသည်ဟု သူ ယူဆလိုက်သည်။ ထို့ကြောင့် သူ့ညီမလေးကို ထိုကဲ့သို့ ဆက်ဆံခဲ့ခြင်းက ယဲ့လွီချွမ်း၏ ကိုယ်ပိုင်ရည်ရွယ်ချက် မဟုတ်နိုင်ဟု သူ ကောက်ချက်ချလိုက်သည်။
"ဟမ့်၊ အသဲနှလုံး မရှိတဲ့လူက သေဖို့ပဲ ထိုက်တန်တယ်"
စူးချင်းကတော့ ယဲ့လွီချွမ်းကို သတ်ချင်နေဆဲဖြစ်သည်။
သူမနဲ့ ရွှေ့ရှန့်တို့က ရှောင်ယင် ငိုနေတာကို လုံးဝ မကြည့်ရက်ကြဘူးလေ။ ဒီအကြင်နာမဲ့တဲ့ကောင်ကတော့ ရှောင်ယင်ကို အရမ်း နာကျင်စေခဲ့ပြီး ရက်ရက်စက်စက် ဆက်ဆံခဲ့တယ်။ သူမ ရှောင်ယင်အတွက် ဒီလူယုတ်မာကို သတ်ပစ်ရမယ်။ ဒီလူက ဆယ်ခါပြန် သေသင့်တဲ့လူပဲ။ မဟုတ်သေးဘူး... အခါတစ်ထောင်...အခါတစ်သောင်း သေရင်တောင် မလုံလောက်ဘူး။
"ချင်းအာ၊ မင်း သူ့ကို သတ်လိုက်ရင် ရှောင်ယင် မုဆိုးမ ဖြစ်သွားလိမ့်မယ်"
ရှောင်းကျဲယွိက စူးချင်း၏လက်ထဲမှ ဓားကို လုယူလိုက်သည်။
ယဲ့လွီချွမ်းက အဆိပ်ခတ်ခံခဲ့ရတာ၊ ဒါက သူ့ရဲ့စိတ်ရင်းမဟုတ်ဘူး။ သူ့အပြစ်က သတ်ရလောက်တဲ့အထိ မများသေးဘူး။
"ယောင်းမ၊ သူ့အသက်ကို ချမ်းသာပေးလိုက်ပါ!"
ရှောင်းလန်ရှင်းက အချိန်မီရောက်လာခဲ့သည်။ သူမက ဒဏ်ရာရနေသော ယဲ့လွီချွမ်းကို ငုံကြည့်လိုက်ပြီး သူမ၏နှလုံးသားကို ဓားတစ်ချောင်းဖြင့် ထိုးမွှေနေသလို ခံစားလိုက်ရသည်။ သူမ၏မျက်ရည်များက ပုလဲလေးများသဖွယ် စီးကျနေပြီး သူမ တွေဝေနေပြန်သည်။
သူမ ဘာလုပ်သင့်လဲ? သူ့ကြောင့် သူမ အရှက်ခွဲခံခဲ့ရပြီး နာကျင်ခဲ့ရတာတောင် သူမရှေ့တင် သူ သေသွားမှာကို မကြည့်ရက်နိုင်ဖြစ်နေတုန်းပဲ။
"ရှောင်ယင်၊ မင်း သူ့ကို လက်မလျှော့သေးဘူးလား?"
စူးချင်းက ငို့နေသည့် ရှောင်းလန်ရှင်း လှမ်းကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရှောင်ယင်က ယဲ့လွီချွမ်းအပေါ် ခံစားချက်တွေ ရှိနေသေးတာပဲ။
ရှောင်းလန်ရှင်းက သူမ၏မျက်လုံးထဲမှ မျက်ရည်များကို သုတ်လိုက်ပြီး အသံမာမာဖြင့် ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး၊ ညီမ လက်လျှော့လိုက်ပြီ၊ ဒါပေမယ့် ဧကရာဇ်မင်းမြတ်ရဲ့ အရိုက်အရာကို ဆက်ဆံဖို့ သူ့အသက်ကို ချန်ထားမှ ဖြစ်မယ်။ ညီမ လဲ့အာကို ခေါ်သွားချင်တယ်"
“ကောင်းပြီ”
ရှောင်းလန်ရှင်း၏ ဆုံးဖြတ်ချက်က စူးချင်းကို ကျေနပ်သွားစေသည်။
ဒီလူယုတ်မာက ရှောင်ယင်ကို နှိမ့်ချဆက်ဆံခဲ့တယ်။ အဲ့ဒါကြောင့် လဲ့အာကို စောင့်ရှောက်ဖို့ အခွင့်အရေးလည်း မရှိဘူး။
ဒါပေမယ့် ဧကရာဇ်အိုကြီးကတော့ လူကောင်းတစ်ယောက် ဖြစ်နေတုန်ပဲ။ သူမတို့ လဲ့အာကို ခေါ်သွားချင်ရင် ထီးနန်းဆက်ခံနိုင်မယ့်သူတော့ ချန်ထားခဲ့သင့်တယ်။
“ယောင်းမ သူ့ကို ကုသပေးနိုင်မလား?”
ယဲ့လွီချွမ်း သတိလစ်နေသည်ကို မြင်နေရသောကြောင့် ရှောင်းလန်ရှင်းက စူးချင်းကို တောင်းဆိုလိုက်သည်။ စူးချင်းက ယဲ့လွီချွမ်းကို ကုသပေးရန် စိတ်မပါသော်လည်း ရှောင်းလန်ရှင်းကြောင့် ယဲ့လွီချွမ်း၏သွေးခုန်နှုန်းကို စစ်ဆေးလိုက်သည်။
ထိုအခိုက်အတန့်တွင် စူးချင်း၏ မျက်လုံးများထဲမှ အေးစက်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
ယဲ့လွီချွမ်းက တကယ်ကို အဆိပ်မိနေတာပဲ။ မဟုတ်သေးဘူး။ ဒါကို အဆိပ်လို့ မခေါ်နိုင်ဘူး။ ဒါက မိန်းမတွေ ယောက်ျားတွေအပေါ် အသုံးပြုလေ့ရှိတဲ့ အချစ်ဆိပ်တက်စေမယ့်ပိုးကောင်တစ်မျိုးပဲ။
အချစ်ကူ အသွင်းခံလိုက်ရတဲ့သူက သူတို့ရဲ့ မူရင်း အသိစိတ် ပျောက်ကွယ်သွားပြီး အဲဒီမိန်းမရဲ့စကားကိုပဲ နားထောင်လိမ့်မယ်။ အဲ့မိန်းမက အရှေ့ကို သွားခိုင်းရင် အဲ့ယောကျာ်းက လုံးဝ အနောက်ကို သွားတော့မှာ မဟုတ်ဘူး။ သူတို့က ခွေးတွေထက်တောင် ပိုပြီး သစ္စာရှိသွားလိမ့်မယ်။
ဒီတော့ ယဲ့လွီချွမ်း ရှောင်ယင့်အပေါ်ကို ပြုမူခဲ့တဲ့ လုပ်ရပ်တွေက သူရဲ့စိတ်ရင်း မဟုတ်ဘူးပေါ့။ အဲဒီအမျိုးသမီးက သူ့ကို ခြယ်လှယ်နေခဲ့တာပဲ။
စူးချင်းက ရှောင်းလန်ရှင်း၏ရှေ့၌ပင် ယဲ့လွီချွမ်း၏ လက်ကောက်ဝတ်နှစ်ဖက်စလုံးကို လှီးဖြတ်လိုက်သည်။ ရှောင်းလန်ရှင်းက အကြည့်မလွှဲသွားဘဲ လက်သီးကို တင်းတင်းဆုပ်ကာ စိုက်ကြည့်နေသည်။
စူးချင်းက အပ်စိုက်ကုထုံးကို အသုံးပြုပြီး အချစ်ကူကို သူ့လက်ကောက်ဝတ်ဆီသို့ တွန်းပို့လိုက်သည်။ ထိုပိုးကောင်များက သွေးဖိအားဒဏ်ကို မခဲနိုင်ဘဲ ယဲ့လွီချွမ်း၏ လက်ကောက်ဝတ် ဒဏ်ရာမှ အပြင်ဘက်သို့ ရုန်းထွက်လာကြသည်။ အနက်ရောင်ပိုးကောင်များ မြေပြင်အနှံ့ ပျံ့နှံလာပြီး နောက်ဆုံးတွင် တစ်ပေခန့်ရှည်ပြီး အမျိုးသမီးတစ်ဦး၏ လက်ချောင်းအရွယ်ခန့် လုံးပတ်ရှိသည့် အချစ်ကူကို အပြင်သို့ တွန်းထုတ်နိုင်ခဲ့သည်။
ထိုနေရာတွင် ရှိနေသည့်လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြပြီး ကြင်ယာတော်လီက ထိတ်လန့်မှုကြောင့် မူးလဲသွားသည်။ ဧကရာဇ်ကြီးကလည်း အလွန်တုန်လှုပ်နေပြီး မတ်မတ်ပင် မရပ်နိုင်တော့ပေ။
စူးချင်းက ယဲ့လွီချွမ်း၏ ဒဏ်ရာမှ သွေးများ ရပ်တန့်သွားစေရန် ဆေးမှုန့်တချို့ အသုံးပြုခဲ့ပြီး အနာကျက်ဆေးတစ်ပုလင်း ထုတ်ယူကာ တာတာလူမျိုး တော်ဝင်သမားတော်တစ်ယောက်ဆီသို့ ပစ်ပေးလိုက်သည်။
“သူ့ဒဏ်ရာက ပြန်ချုပ်ဖို့ လိုတယ်၊ မင်း ချုပ်ပေးလိုက်"
စူးချင်းက ယဲ့လွီချွမ်းကို ကိုယ်တိုင်ကိုယ်ကျ ကုသပေးချင်စိတ် မရှိသေးပေ။
သူ ရှောင်ယင်ကို ဘယ်လိုအနိုင်ကျင့်ခဲ့လဲဆိုတာ ပြန်တွေးရင်း သူမ စိတ်မထိန်းနိုင်ဘဲ သူ့ကို သတ်ပစ်ချင်နေသေးတယ်။ သူမက ဒီလူယုတ်မာကို ကယ်တင်ရမှာတုန်း။ ဟာသပဲ။
"ရှောင်ယင်၊ ကလေးရဲ့အခြေအနေက ငါတို့ နှောင့်နှေးနေရမယ့်အချိန် မဟုတ်ဘူး။ ငါတို့ ထျန်းရှန့်ကို ချက်ချင်း သွားမှ ဖြစ်မယ်"
စူးချင်းက ရှောင်းလန်ရှင်းကို လှမ်းကြည့်ရင်း အလေးအနက် ပြောလိုက်သည်။
ကလေးအတွက် အချိန်သုံးရက်ပဲ ရတော့တယ်။ အခု သူမ အချိန်နဲ့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရတော့မှာ။
“အင်း၊ အခု ချက်ချင်း သွားကြရအောင်”
ယဲ့လွီချွမ်းက သတိလစ်နေဆဲဖြစ်သော်လည်း ရှောင်းလန်ရှင်းက သူ နိုးလာမည့်အချိန်ကို မစောင့်နိုင်တော့ပေ။ ကလေးက မိခင်၏ အသွေးအသားနှင့် စိတ်ဝိညာဥ်ဖြစ်ပြီး သူမ၏အသက်ကို စွန့်လွှတ်ရလျှင်ပင် ကလေးကို ကယ်တင်ရန်က ဦးစားပေးဖြစ်သည်။
"ရှောင်ယင်၊ မြေးလေး ပြန်သက်သာသွားတာနဲ့ ပြန်လာခဲ့နော်"
ကြင်ယာတော်လီက ရှောင်းလန်ရှင်းနှင့် ခွဲခွာရန် အလွန် ဝန်လေးနေပြီး မျက်ရည်များဖြင့် တောင်းဆိုလာပြန်သည်။
“မယ်တော်၊ ကျွန်မ ပြန်မလာတော့ဘူး။ လဲ့အာ သက်သာသွားရင် ကလေးကို အလယ်ပိုင်းလွင်ပြင်ဆီ ပြန်ခေါ်သွားတော့မယ်။ လဲ့အာ ကံမကောင်းဘူးဆိုရင်တော့ ကျွန်မ သူ့ကို မြေအောက်မ္ဘာဆီ တစ်ယောက်တည်း သွားခိုင်းမှာ မဟုတ်ဘူး"
မည်သူ့ရှိုက်သံမျှမရှိသော်လည်း ရှောင်းလန်ရှင်း၏ မျက်နှာပေါ်၌ မျက်ရည်များ စီးကျနေဆဲဖြစ်သည်။ ကြင်ယာတော်လီက သူမကို မိခင်အရင်းကဲ့သို့ ဆက်ဆံပေးခဲ့သော်လည်း ယဲ့လွီချွမ်း၏ရက်စက်မှုများကြောင့် သူမ နာကျင်နေဆဲဖြစ်သည်။ ထို့ကြောင့် ရှောင်းလန်ရှင်းက တာ့ထန်ပြည်ထောင်သို့ မပြန်ချင်တော့ပေ။
ရှောင်းလန်ရှင်း၏ နောက်ဆုံးစကားကို ကြားလိုက်ရချိန်တွင် စူးချင်၏အမူအရာက တင်းမာသွားပြန်သည်။
သူမ ကလေးကို မကုသပေးနိုင်ရင် အသက်နှစ်သက် ဆုံးရှုံးရလိမ့်မယ်။
"သွားကြရအောင်"
အချိန်က အရေးကြီးနေပြီး ဖြုန်းတီးရန် အချိန်မရှိတော့ပေ။ စူးချင်းက ကလေးကို ပွေ့ချီလိုက်ပြီး လူတိုင်းရှေ့၌ပင် သူမ၏စနစ်ထဲကို ပို့လိုက်သည်။ လက်ရှိအချိန်တွင် စနစ်ထဲ၌ နေရာလွတ်အလွှာတစ်ခု ရှိနေပြီ ဖြစ်ကာ ထိုနေရာတွင် ပိတ်မိနေသည့်လူက ဆောင်းခိုနေသလို ဖြစ်နေမည် ဖြစ်သည်။ သွေးစီးဆင်းမှုကလည်း ပြင်ပလောက် မမြန်သောကြောင့် စူးချင်းက လဲ့အာ အသက်ပိုရှည်နိုင်စေရန် ထိုသို့ ဆုံးဖြတ်လိုက်သည်။
စူးချင်း၏လက်ထဲမှ ကလေး ပျောက်ကွယ်သွားသည်ကို လူတိုင်း မြင်လိုက်ကြရသည်။ ရှောင်းလန်ရှင်းနှင့် အလယ်ပိုင်းလွင်ပြင်မှ လူများအတွက် ထိုအရာကို ကျင့်သားရနေပြီဖြစ်သော်လည်း ဧကရာဇ်အိုကြီးနှင့် ကြင်ယာတော်လီကတော့ တစ်ခါမှ မမြင်ဘူးကြပေ။ ကလေးပျောက်သွားသည်ကို မြင်လိုက်သည်နှင့် သူတို့က စူးချင်းကို ကြည့်ကာ စိုးရိမ်တကြီး မေးနေကြပြန်သည်။
“လဲ့အာ ဘယ်မှာလဲ? လဲ့အာက ဘယ်ကို ရောက်သွားတာလဲ?"
“ကျွန်မ သူ့ကို မသေမျိုးတံခါးဆီ ပို့လိုက်တာ။ အဲ့နေရာမှာဆိုရင် သူ နောက်ထပ်ဆယ်ရက်လောက် ပိုအသက်ရှင်နိုင်လိမ့်မယ်၊ ကျွန်မတို့ သုံးရက်အတွင်း ထျန့်ရှန့်ကို မရောက်နိုင်ဘူး၊ အဲ့နေရာကို မပို့ရင် ကလေးအတွက် ပိုစိုးရိမ်စရာ ဖြစ်သွားလိမ့်မယ်”
စူးချင်းက မျက်တောင်ပင်မခတ်ဘဲ ခပ်တည်တည် ပြန်ဖြေလိုက်သည်။
သူမက သူမရဲ့စနစ်အကြောင်း ပေါ်ပေါက်သွားမှာကို လုံးဝ မကြောက်ဘူးလေ။ ဒီရှေးခေတ်က လူတွေက အယူသီးကြတယ်။ သူမက မသေမျိုးဂိုဏ်းလို့ ပြောရင် မသေမျိုးဂိုဏ်း တစ်ကယ်ရှိတယ်ဆိုပြီး ယုံကြည်ကြတာပဲ။
ပြီးတော့ ဒါက တာတာတွေအတွက် အဟန့်အတားတစ်ခုလည်း ဖြစ်သွားလိမ့်မယ်။ သူမရဲ့ အစွမ်းကို မြင်လိုက်ရတာကြောင့် မကောင်းတဲ့ အကြံအစည်တွေ ရှိရင်တောင် ရှေ့ဆက်ရဲကြမှာ မဟုတ်ဘူး။
"ကျေးဇူးတင်ပါတယ်"
ဧကရာဇ်အိုကြီးက အနည်းငယ် သံသယ ဖြစ်နေသေးသည်။ သို့သော်လည်း ယခုအချိန်တွင် သူ့မြေးတော်အတွက် စူးချင်းကိုသာ အားကိုးရတော့မည် ဖြစ်သည်။
စူးချင်းမှ မကယ်တင်ပေးရင် သူ့မြေးတော်လေးက သေရတော့မှာလေ။
စူးချင်းက ရထားလုံးပေါ်သို့ မတက်ခင် စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်နေသည့် တာတာစစ်သည်များအား လှည့်ကြည့်လိုက်သည်။ စစ်သည်များက ထိုအမျိုးသမီး၏အလောင်းကို မြက်ဖျာဖြင့် ပတ်ကာ သယ်ဆောင်သွားကြသည်။
"ရွှေ့ရှန့်၊ အဲဒီအမျိုးသမီးရဲ့မျက်နှာကို ဆွဲဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်၊ သူက သူ့မျက်နှာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားအောင် တမင်တကာ လုပ်သွားတယ်လို့ ကျွန်မ ထင်တယ်"