← Chapters

အလျင်စလို အပြန်ခရီး

Vol. 42 Ch. 626

အလျင်စလို အပြန်ခရီး

Vol. 42 Ch. 626

မောင်နှမနှစ်ယောက် စကားပြောနေကြချိန်တွင် သက်တော်စောင့်တစ်ယောက် ရောက်လာပြီး သတင်းပို့လာခဲ့သည်။ ရှောင်းကျဲယွိက မတ်မတ်ပြန်ထိုင်လိုက်ပြီး မျက်နှာတင်းတင်းဖြင့် အမိန့်ပေးလိုက်သည်။

“သူ့ကို ခေါ်ခဲ့”

မကြာခင်မှာပင် သက်တော်စောင့်တစ်ယောက်က တာတာလူမျိုးပန်ချီဆရာကို တဲနန်းထဲသို့ ခေါ်ဆောင်လာသည်။ ထိုပန်းချီဆရာက သူ့လက်ထဲတွင် ပုံတူတစ်ချပ် ကိုင်ထားရင်း တဲနန်းထဲသို့ ဝင်လာကာ ရှောင်းကျဲယွကို ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ပုံတူကို သူ့လက်နှစ်ဖက်ဖြင့် ခေါင်းပေါ် မြှောက်တင်ကာ ရှောင်းကျဲယွိထံသို့ ဆက်သလိုက်သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့၏ အစွမ်းသတ္တိကို မြင်တွေ့ရပြီးနောက် တာတာပြည်သူများနှင့် စစ်သည်များက ရှောင်းကျဲယွိနှင့် စူးချင်းတို့ကို နတ်ဘုရားများကဲ့သို့ ရိုသေလေးစားနေကြသည်။ သူတို့က ခွန်အားကြီးသူများကို ကိုးကွယ်ကြပြီး စူးချင်း နှင့် ရှောင်းကျဲယွိတို့က သူတို့ တွေ့ဖူးသမျှ ခွန်အားကြီးသူများထဲမှ အသန်မာဆုံး ဖြစ်သည်။

ရှောင်းကျဲယွိက ထိုပုံတူကို ယူလာရန် သူ့သက်တော်စောင့်အား အမိန့်ပေးလိုက်သည်။ ပုံတူထဲမှ အမျိုးသမီးကို မြင်လိုက်သည်နှင့် ရှောင်းကျဲယွိ၏မျက်လုံးများ စူးရှသွားပြီး မော့ချန်သို့ ချက်ချင်း ပြန်ရန် ဆုံးဖြတ်လိုက်သည်။

ယဲ့လွီချွမ်းအပေါ် စိတ်ပျက်နေသည့် ရှောင်းလန်ရှင်းကလည်း သူမ၏အစ်ကိုကြီးနှင့်အတူ မော့ချန်သို့ ပြန်လိုက်သွားသည်။ သူမ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် ရက်ပေါင်းများစွာ မေ့မြောနေခဲ့သည့် ယဲ့လွီချွမ်း ပြန်သတိရလာခဲ့သည်။

မိခင်ဖြစ်သည့် ကြင်ယာတော်လီက သူမ၏သား နိုးလာသည်ကို မြင်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် သူမသား၏လက်ကို ပြေးကိုင်ရင်း တိုးတိုး‌လေး ဝမ်းသာအရ လှမ်းပြောလိုက်သည်။

“သားတော်၊ နောက်ဆုံးတော့ မင်း ပြန် နိုးလာပြီ”

“ဘယ်သူလဲ? ငါ ဘာဖြစ်သွားတာလဲ?”

ယဲ့လွီချွမ်းက သူ့ခေါင်းကို ဆုပ်ကိုင်ထားပြီး ပြင်းထန်သည့် နာကျင်မှု ဝေဒနာကို ခံစားနေရပုံပေါ်သည်။ ထိုအပြင် သူ့၏မှတ်ဉာဏ်များ ပျောက်ဆုံးသွားပုံရပြီး သူ့အမေကိုပင် မမှတ်မိတော့ချေ။

“မယ်တော့်ကိုတောင် မမှတ်မိတော့ဘူးလား?”

ကြင်ယာတော်လီ၏မျက်ရည်များက သူမ၏ မျက်နှာပေါ်သို့ စီးကျလာပြန်သည်။ သူမ၏သားက သူမ၏ဘဝဖြစ်ပြီး ယခု ယဲ့လွီချွမ်း၏အခြေအနေက သူမ၏နှလုံးသားကို ကွဲကြေသွားစေသည်။

“မယ်တော်လား?”

"ငါ့ကို မနှောင့်ယှက်နဲ့၊ ငါ့ခေါင်းက အရမ်းနာနေတယ်"

ယဲ့လွီချွမ်းက သူ့ခေါင်းမှ တဆစ်ဆစ်ကိုက်ခဲမှုကို သည်းမခံနိုင်ပဲ သူ့မျက်လုံးများအား မှိတ်ချလိုက်ပြန်သည်။

ဧကရာဇ်အိုကြီးကတော့ သူ့သားတော်ကိုပင် မတွေ့ချင်တော့ပေ။ သူ့၏သားတော်က အဆိပ်ခတ်ခံရပြီး စိတ်လွတ်နေသည်ကို သူ သိနေခဲ့သော်လည်း သားဖြစ်သူ၏လုပ်ရပ်များကြောင့် သူ ဒေါသထွက်နေဆဲဖြစ်ပြီး သူ့ ဒေါသများက မလျော့သွားသေးပေ။

သူ့သားတော် နိုးလာသည်ဟု သတင်း ကြားလိုက်ချိန်တွင် ဧကရာဇ်အိုကြီးက ယဲ့လွီချွမ်းကို သွားမကြည့်သော်လည်း သူ့ရင်ထဲ၌ အပူလုံးကြီး ကျသွားပြီး စိတ်သက်သာရာ ရသွားခဲ့သည်။

ရက်စက်တဲ့ ကလေးတွေ ရှိတတ်ပေမယ့် ရက်စက်တဲ့ မိဘလို့တော့ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူလည်း သူရဲ့သားတော်ကို စိုးရိမ်တာပါပဲ။

“ဧကရာဇ်မင်းမြတ်၊ ဝမ်ရယ်က နိုးလာပြီးတဲ့နောက်မှာ ဘာကိုမှ မမှတ်မိတော့ပါဘူး။ ခေါင်းကိုက်တယ်လို့ အော်ဟစ်ညည်းညူနေပါတယ်”

သက်တော်စောင့်တစ်ယောက်က အပြေးအလွှား လာသတင်းပို့သောကြောင့် ဧကရာဇ်အိုကြီးလည်း တော်ဝင်သမားတော်များကို ဆင့်ခေါ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ သူကိုယ်တိုင်လည်း သူ့တဲနန်းကြီး၌ ခေါက်တုန့်ခေါက်ပြန် လျှောက်နေကာ အလွန်အမင်းစိုးရိမ်နေပုံရသည်။

တာ့ထန်၏ တော်ဝင်သမားတော်များအားလုံး ယဲ့လွီချွမ်း၏တဲနန်းတော်ဆီသို့ အပြေးအလွှား သွားခဲ့ကြသော်လည်း ယဲ့လွီချွမ်း၏အခြေအနေက သူတို့ အလွန်အမင်း အံ့သြသွားစေခဲ့သည်။

အိမ်ရှေ့စံမင်းသားက ရင်ဘတ်မှာ ဒဏ်ရာရခဲ့တာ မဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး ခေါင်းကိုက်နေရတာတုန်း?

ယဲ့လွီချွမ်းက သူ့ခေါင်းမှ နာကျင်မှုကို မခံနိုင်ပဲ သူ့ခေါင်းကို နံရံဖြင့် ဆောင့်နေပြန်သည်။ ထိုအချိန်တွင် သူ့ရှေ့၌ အမျိုးသမီးတစ်ဦး ပေါ်လာပြီး သူ့ကို စိုးရိမ်တကြီး ကြည့်နေသလို ယဲ့လွီချွမ်း ခံစားလိုက်ရသည်။ ထိုအရာက သူ့၏ခေါင်းကိုက်ဝေဒနာကို သက်သာသွားစေသောကြောင့် ယဲ့လွီချွမ်းက ထိုအမျိုးသမီးကို ပွေ့ဖက်ရန် လက်လှမ်းလိုက်သည်။ သို့သော်လည်း အမျိုးသမီးက နောက်ပြန်လှည့်က အဝေးသို့ ထွက်သွားခဲ့သည်။

“မသွားပါနဲ့၊ မသွားနဲ့!”

ယဲ့လွီချွမ်း အော်ဟစ်တောင်းဆိုနေသော်လည်း ထိုအမျိုးသမီးက သူ့စကားကို နားမထောင်ပဲ ဆက်လျှောက်နေဆဲဖြစ်သည်။ သူ ပိုအော်လေ ထိုအမျိုးသမီးက မြန်မြန်လျှောက်လေလေ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ထိုအမျိုးသမီး ပျောက်ကွယ်သွားခဲ့သည်။

“ငါ့သားတော်က ဘာဖြစ်သွားတာလဲ?”

ကြင်ယာတော်လီ၏မြင်တွင် သူမ၏သားက လက်များကို လေထဲ၌ ဝှေ့ယမ်းနေပြီး အော်ဟစ်နေသည်ကိုသာ မြင်နေရသည်။ သူမက ယဲ့လွီချွမ်းအား ကုသပေးရန် တော်ဝင်သမားတော်ကို အလောတကြီး တိုက်တွန်းနေခဲ့သည်။

စူးချင်းသာ ထွက်မသွားသေးရင် သူမရဲ့သားကို ကုသပေးနိုင်မှာ သေချာတယ်။

ကြင်ယာတော်လီ တမ်းတနေသော စူးချင်းက ယခုအချိန်တွင် ထျန်းတောင်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုဟွေ့မျိုးနွယ်စုမှ အမျိုးသားများက တောင်တက်လမ်းတစ်ဝက်တွင် ကျန်ရစ်နေကြပြီး သူမ၏အရိပ်ကိုပင် မီအောင်မလိုက်နိုင်ခဲ့ကြပေ။

စူးချင်းက စနစ်မှ ပေးသော တည်နေရာအတိုင်း လျှောက်လှမ်းနေပြီး ကောင်းကင်တောင်တန်းနှင်းကြာပန်းကို ရှာဖွေနေခဲ့သည်။ ထိုတောင်ထိပ်၌ ဖြူဖွေးနေသည့် နှင်းများ ဖုံးလွှမ်းနေပြီး လူသူ အရောက်အပေါက်နည်းသောကြောင့် မပျက်သုန်းသေးသည့် နတ်ဘုရားနယ်မြေတစ်ခုကဲ့သို့ ဖြစ်နေလေသည်။ နှင်းပေါ်ရှိ တိရစ္ဆာန်ခြေရာ အနည်းငယ်မှ လွဲ၍ လူသားများ၏ ခြေရာကို မတွေ့ရသောကြောင့် နှင်းကြာပန်းကို မဆွတ်ရသေးကြောင်း သိသာထင်ရှားနေသည်။

နောက်ဆုံးတွင် စူးချင်းက နှင်းများကြားထဲမှ နှင်းကြာပန်းကို ရှာတွေ့သွားခဲ့သည်။ နှင်းများပေါ်တွင် နေရောင်ခြည် တောက်ပနေပြီး ထိုကောင်းကင်တောင်တန်းနှင်းကြာပန်းက တောင်၏တစ်ဖက်ခြမ်းမှ နှင်းတောထဲ၌ ရှိနေသည်ကို သူမ တွေ့လိုက်ရသည်။ ၎င်းက ကြည်လင်တောက်ပနေပြီး အညစ်အကြေး ကင်းစင်နေကာ ကမ္ဘာပေါ်မှ အလှပဆုံးနှင့် အသန့်စင်ဆုံးပန်းတစ်ပွင့်ဟု ယူဆနိုင်ပေးသည်။

နှင်းကြာပန်းနှစ်ပွင့်က အမြွှာကြာပွင့်လေးများသဖွယ် နှင်းတောထဲ၌ ပွင့်လန်းနေကြသည်။ ထိုနှင်းကြာပန်းများက အလွန်ရှားပါးပြီး ရှာဖွေရန် မလွယ်ကူလှပေ။ အပင်အား ရှာနိုင်လျှင်ပင် ကံကြမ္မာရှိသူမှသာ ပန်းပွင့်နေသည့်အချိန်ကို မြင်ခွင့်ရသည်ဟု ပြောလေ့ရှိကြသည်။ စူးချင်းက ၎င်းတို့ ထဲမှ တစ်ပွင့်ကို နှုတ်ယူလိုက်ပြီး သူမ၏စနစ်ထဲသို့ ထည့်ကာ သိမ်းဆည်းလိုက်သည်။ သူမ လဲ့အာအတွက် ဆေးဖော်ရန် ကြာပန်းတစ်ပွင့်သာ အသုံးပြုရမည် ဖြစ်သောကြောင့် တပွင့်ချန်ထားရန် ဆုံးဖြတ်လိုက်သည်။

ယခု သူမထံ၌ နှင်းကြာပန်း ရှိနေပြီ ဖြစ်သောလည်း လင်ဇီးမျိုးနွယ်ဝင် မှိုတစ်မျိုးဖြစ်သည့် ထိုက်စွေ့ကိုတော့ ရှာမတွေ့သေးပေ။ ထိုက်စွေ့က နှင်းကြာပန်းများထက် ရှာဖွေရန် ပိုခက်ခဲသည်။ ရှေးခတ်လူများက အယူသီးကြပြီး ‘ထိုက်စွေ့၏ ခေါင်းကို မထိရ’ဟုပင် ဆိုခဲ့ကြသည်။

နှင်းကြာပန်းကို ရှာတွေ့ပြီးနောက် စူးချင်းက ထိုက်စွေ့ကို ရှာဖွေရန် တောင်ပေါ်မှ ချက်ချင်း ပြန်ဆင်းလာခဲ့သည်။ သူမ ဆင်းလာသည့်လမ်းတွင် ဟွေ့လူမျိုးအုပ်စုကို သူမ ထပ်တွေ့လိုက်ရပြန်သည်။ သူတို့အားလုံးက ချောက်ကမ်းပါးဘေးတွင် ရပ်နေကြပြီး စိုးရိမ်တကြီး အော်ဟစ်နေကြသည်။

စူးချင်းက သူတပါး၏ကိစ္စတွင် ဝင်မပါချင်သောကြောင့် တောင်အောက်သို့ တည့်တည့်ဆက်ဆင်းလာခဲ့သည်။ သို့သော် ‌ဟွေ့လူမျိုးများက စူးချင်းကို တွေးသွားကြပြီး သူမကို တားဆီးလိုက်ကြသည်။ သူတို့က တစ်ခုခု ပြောနေကြပြီး စူးချင်း နားမလည်မည်ကို ကြောက်နေဟန်ဖြင့် ချောက်ကမ်းပါးဆီသို့လည်း ညွှန်ပြနေကြသေးသည်။

အမှန်တကယ်တွင် စူးချင်းက သူတို့ ပြောနေသည့်စကားများကို နားလည်နေပြီး အရပ်အရှည်ဆုံးနှင့် အချောဆုံး အမျိုးသားက သူတို့၏မင်းသားဖြစ်ပြီး ယခု ထိုလူက တောင်ပေါ်တက်နေရင်း ခြေချော်ကာ ချောက်ထဲသို့ ကျသွားကြောင်း သူမ သိလိုက်ရသည်။

ဤလူများက မင်းသား၏လက်အောက်ငယ်သားများ ဖြစ်ပြီး သူတို့ထဲမှ လက်အောက်ငယ်သားနှစ်ယောက်က မင်းသားကို ကယ်တင်ရန် အောက်ဆင်းဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့လည်း ပြုတ်ကျသွားပြန်သည်။ ယခု စူးချင်း ဝတ်ထားသည့် ဖိနပ်ကို မြင်လိုက်ရချိန်၌ သူတို့က သူတို့မင်းသားကို ကယ်တင်ရန် စူးချင်း၏ ဖိနပ်ကို ဝယ်ချင်နေကြခြင်း ဖြစ်သည်။

စူးချင်းက သူတို့ အဆက်မပြတ် ပြောနေသည့်စကားကို နားထောင်နေရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ထို့အပြင် သူမ၏ စိတ်ထဲ၌ အတွေးတချို့လည်း ရှိနေခဲ့သည်။

တဖက်လူက မင်းသားတစ်ပါးတဲ့လား? မြောက်ပိုင်းနယ်စပ်က ဒီလူရိုင်းမျိုးနွယ်စုတွေက စစ်တိုက်ရတာကို ကြိုက်ကြပြီး အလယ်ပိုင်းလွင်ပြင်ကို အမြဲကျူးကျော်ချင်နေကြတယ်။ အခု သူတို့ တာ့ထန်အင်ပါယာကို မကျူးကျော်ရသေးပေမယ့် နယ်စပ်က နေရာတချို့ကိုတော့ အခွင့်ရတိုင်း နှောင့်ယှက်နေကြတယ်။ သူမ အဲ့မင်းသားကို ကယ်တင်ပေးလိုက်ရင် သူမက သူတို့ရဲ့ကယ်တင်ရှင် ဖြစ်လာပြီး တိုင်းပြည်နှစ်ခုကြားက ငြိမ်းချမ်းရေးကို နှစ်အနည်းငယ်လောက် အာမခံနိုင်လိမ့်မယ်။

ထိုချောက်က ဟွေ့လူမျိုးများအတွက် အလွန်မတ်စောက်နေပြီး တစ်နှစ်ပတ်လုံး နှင်းများနှင့် ရေခဲများ ဖုံးလွှမ်းနေသည့်နေရာက အလွန်ချော်နေကာ ခြေချရန် မဖြစ်နိုင်ပေ။ ထိုနေရာ၌ မတ်တပ်ရပ်ရန် နေရာကလည်း မရှိသလောက် ဖြစ်နေခဲ့သည်။ သို့သော်လည်း စူးချင်းအတွက်တော့ အလွန်လွယ်ကူသောကိစ္စ ဖြစ်သည်။ သူမက အထူးတောင်တက်ကိရိယာများကို အသုံးပြုနေသည့်အပြင် သူမ၏ စစ်နတ်ဘုရားစွမ်းရည်လည်း ရှိနေသောကြောင့် ဘာအန္တရာယ်မရှိဘဲ ထိုချောက်ကမ်းပါးကိ ဖြတ်ကျော်နိုင်စွမ်းရှိသည်။

သူမ ရပ်နေသည့်နေရာမှ ကြည့်လျှင် အောက်မှ မြင်ကွင်းကို အတိုင်းသား မြင်နေရသည်။ အပြင်သို့ ငေါ့ထွက်နေသည့် ကျောက်တုံးပေါ်တွင် လူတစ်ယောက် မှောက်လျက် တင်နေပြီး သူ မလှုပ်မယှက် ဖြစ်နေသောကြောင့် သေသည် ရှင်သည်ကို မပြောနိုင်သေးပေ။

အောက်ဘက်မှ နောက်ထပ်ကျောက်ဆောင်နှစ်ခုပေါ်တွင် နောက်ထပ်လူနှစ်ယောက် လဲကျနေသည်။ သူတို့က သူတို့မင်းသားကို ကယ်တင်ရန် ဆင်းသွားသည့် လက်အောက်ငယ်သားနှစ်ယောက် ဖြစ်နိုင်ပြီး ထိုလူနှစ်ယောက်က သူတို့မင်းသားလောက် ကံကောင်းမကြပေ။ သူတို့၏ဦးခေါင်းဘေးတွင် သွေးများ ရှိနေပြီး သူတို့ ဦးခေါင်းဖြင့် အရင် ပြုတ်ကျသွားမှန်း သိသာနေကာ သေသွားပြီဟုပင် သံသဖြစ်ဖွယ်ရှိသည်။

ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် စူးချင်းက အကြံတစ်ခု ရသွားခဲ့သည်။ သူမက သူတို့၏ မင်းသားကို ကယ်တင်ပေးနိုင်သော်လည်း အပေါ်တွင် ရှိနေသည့်လူများထံမှ အကူအညီကိုလည်း လိုချင်နေသေးသည်။

“မင်းတို့ ကျောက်တုံးကြီးကြီးတစ်တုံး ရှာပြီး ဒီကြိုးကို အဲ့ဒီကျောက်တုံးနဲ့ တင်းနေအောင် ချည်ထားပေ။ ငါ အောက်ကနေ ကြိုးစကို ဆွဲလှုပ်လိုက်တာနဲ့ မင်းတို့ အပေါ်ကနေ ဒီကြိုးကို ပြန်ဆွဲတင်ရမယ်”

စူးချင်းက ထိုလူများကို ညွှန်ကြားလိုက်ပြီး ထိုဟွေ့လူမျိုးများကလည်း အလွန်စိတ်လှုပ်ရှားသွားကြသည်။ သူတို့က စူးချင်း သူတို့၏ဘာသာစကားကို နားလည်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ယခု စူးချင်းက သူတို့၏စကားကို နားလည်နေသောကြောင့် မင်းသားကို ကယ်တင်ပေးရန် ဦးညွှတ်တောင်းပန်လိုက်ကြသည်။

သူတို့ကို ကြိုးချည်ခိုင်းပြီးနောက် စူးချင်းကက ကြိုးစကို ဆွဲကာ အောက်သို့ လျှောဆင်းသွားသည်။ သူမက အလျင်အမြန် လျှောဆင်းသွားပြီး မျက်လုံးတစ်မှိတ်အတွင်းမှာပင် လမ်းတစ်ဝက်ရောက်သွားသော်လည်း အပေါ်မှ လူများ အံ့သြတကြီး ဖြစ်သွားရသည်။

စူးချင်းက ကျောက်ဆောင်ပေါ်သို့ ဆင်းသွားခဲ့ပြီး ထိုနေရာက သိပ်မကြီးမားကြောင်း သူမ သိလိုက်ရသည်။ လူတစ်ယောက် လဲကျနေသောကြောင့် နောက်ထပ်ခြေချစရာ နေရာသိပ်မရှိတော့ပေ။ သူ့၏အဝတ်အစားပေါ်မှ ခြစ်ရာများကို ကြည့်လိုက်ခြင်းဖြင့် သူ ပြုတ်ကျစဥ်က ကျောက်နံရံနှင့် လျောတိုက်မိကာ အရှိန်လျှော့သွားပြီး နောက်ဆုံး ဤငေါ့ထွက်နေသည့် ကျောက်တုံးပေါ်၌ တင်နေခြင်းဖြစ်မှန်း သိသာနေသည်။ ထိုမင်းသားက ကံကောင်းလွန်းသည်ဟု စူးချင်း သတ်မှတ်လိုက်သည်။

စူးချင်းက သူ့ဘက်သို့ လှည့်လိုက်ပြီး သူ့သွေးခုန်နှုန်းကို စစ်ဆေးတလိုက်သည်။

အရင်စစ်ကြည့်မှ ဖြစ်မယ်လေ၊ သူ သေနေပြီဆိုရင် ဘာလို့ အပင်ပန်းခံပြီး သူ့က ဆွဲတင်ဖို့ အားထုတ်နေတော့မှာလဲ?

ကံကောင်းထောက်မစွာဖြင့် ထိုမင်းသား၏သွေးခုန်နှုန်းက အားကောင်းနေဆဲ ဖြစ်သည်။ ဤထိခိုက်မှုကြောင့် သူ သတိလစ်နေသည့်အပြင် နံရိုးတစ်ချို့နှင့် ခြေသလုံးရိုး ကျိုးသွားသောကြောင့် သေချာပေါက် သူဘာသာသူ ပြန်တတ်နိုင်တော့မည် မဟုတ်ပေ။

စူးချင်းက မင်းသားကို ကြိုးဖြင့် ချည်လိုက်သည်။ သူမက သူ့ခါးကို တိုက်ရိုက် ကြိုးမချည်ဘဲ လေထဲတွင် အလုပ်လုပ်သူများ ကြိုးသိုင်းသည့်ပုံစံမျိုး ဖြစ်အောင် သူ့ခြေထောက်များကို အရင် ကြိုးချည်လိုက်သည်။ ထိုနည်းဖြင့် ဆွဲတင်မှာသာ သူ့ခေါင်းအား မထိခိုက်စေရန် ကာကွယ်ပေးနိုင်မည် ဖြစ်သည်။

သို့သော် ထိုမင်းသားက သတိလစ်နေပြီး သူ့လက်ဖြင့် ကြိုးကို ဆွဲနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် စူးချင်းက သူ့လက်နှစ်ဖက်လုံးကိုပါ ကြိုးချည်လိုက်သည်။ အပေါ်မှ ဟွေ့လူမျိုးများက ချောက်ကမ်းပါးဘေးတွင် ဝမ်းလျားမှောက်နေကြပြီး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကာ စူးချင်း၏အချက်ပြမှုကို စောင့်မျှော်နေကြသည်။

စူးချင်း ဟွေ့မင်းသားအား ကယ်တင်နေစဉ် ရှောင်းကျဲယွိက ရှောင်းလန်ရှင်းနှင့်အတူ မော့ချန်သို့ အလျင်အမြန် ပြန်ပြေးသွားနေခဲ့သည်။ လမ်းတလျှောက်လုံးတွင် သူ့အမူအရာက အလွန် လေးနက်နေပြီး သူ အပြန်နောက်ကျသွားသည်နှင့် ပြန်ပြင်ရန် မဖြစ်နိုင်တော့သည့်တစ်စုံတရာ ဖြစ်ပျက်သွားမည်ကို စိုးရိမ်နေပုံရသည်။

(t/n: ဒီနှစ်ပိုင်းမှာ အချိန်‌လေးတွေ နည်းနည်းလွဲနေတယ်နော်၊ စူးချင်း သွားတာက ဆယ့်သုံးရက်၊ ရှောင်းကျဲယွိ တာတာတွေဆီမှာနေတာက တစ်ရက်၊ သူတို့ပြန်သွားပြီး ယဲ့လွီချွမ်း ပြန်သတိရလာတော့ ရက်ပေါင်းများစွာနေသောတဲ့ ၊ E-tran မှာ မှားနေလားလို့ ပြန်စစ်ပေမယ့် မူရင်းမှာလည်း အဲ့အတိုင်းပါပဲ၊ လက်ရှိမူရင်းက တချို့နေရာတွေ edit လုပ်နေတော့ နောက်မှ ပြင်မလားမပြောတတ်ဘူး၊ ခုတော့ သူ့အတိုင်းပဲ ဘာသာပြန်ပေးလိုက်ပါတယ်ရှင့်)

All Chapters