ခြေတစ်လှမ်း နောက်ကျသွားပြီ
Vol. 42 Ch. 627
ရှောင်းကျဲယွိက စိတ်မငြိမ်မသက် ဖြစ်နေပြီး အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်ရန် သူ့လက်အောက်ငယ်သားများအား ညွှန်ကြားနေခဲ့သည်။ သို့သော်လည်း သူနှင့် ရှောင်းလန်ရှင်းတို့ မော့ချန်သို့ ပြန်ရောက်သွားချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်နေပြီ ဖြစ်သည်။ မြို့တံခါးများပင် ပိတ်ထားပြီးပြီ ဖြစ်သောကြောင့် သက်တော်စောင့်များ တံခါးသွားခေါက်ရပြန်သည်။
သက်တော်စောင့်များက ချန်ယွိပေးထားသည့် ဖြတ်သန်းခွင့်လက်မှတ်များကို ကိုင်ဆောင်ထားသောကြောင့် မြို့စောင့်တပ်သားများက သူတို့အတွက် မြို့တံခါး ဖွင့်ပေးခဲ့ကြသည်။
ရှောင်းကျဲယွိက ရထားလုံး၏ကန့်လန့်ကာကို ဆွဲဖွင့်လိုက်ပြီး အပြင်ဘက်မှ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများထံ၌ တုံ့ဆိုင်းနေသည့်အရိပ်အယောင်တစ်ချို့ ထွက်ပေါ်လာသည်။
ကောင်းကင်ကြီးတောင် မှောင်နေပြီ။ သူ မနက်ဖြန်မနက်အထိ စောင့်သင့်လား?
သို့သော်လည်း ထိုအတွေးက ရှောင်းကျဲယွိ၏ စိတ်ထဲသို့ တခဏတာသာ ဝင်ရောက်လာပြီး ချက်ချင်း ပြန်ထွက်သွားသည်။
မဖြစ်ဘူး....သူ လုံးဝ မစောင့်နိုင်တော့ဘူး။
ရှောင်းကျဲယွိက ရုံးတော်သို့ မသွားတော့ဘဲ လီမိသားစု၏နေအိမ်သို့ တည့်တည့် ဦးတည်လိုက်သည်။ သူ လီတာ့နျို၏အိမ်သို့ ရောက်သွားသည့်အချိန်တွင် တံခါးနှစ်ဘက်လုံး၌ အဖြူရောင်မီးပုံးများ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ ထိုမီးပုံးများတွင် ကြီးမားပြီး ထင်ရှားသော စကားလုံးတစ်ချို့ ရှိနေပြန်သည်။
‘နှုတ်ဆက်အရိုသေပေးခြင်း’
ခြံဝင်းက လင်းထိန်နေပြီး တာအိုကျင့်ကြံသူတစ်ယောက်က သေလွန်သူများ၏ ဝိညာဉ်များကို လမ်းပြပေးသည့် ရိုးရာဓလေ့တစ်ခု ပြုလုပ်နေသည်။
ရှောင်းကျဲယွိနှင့် ရှောင်းလန်ရှင်းတို့က ထိုမြင်ကွင်းကြောင့် ခဏမျှပင် စောင့်မနေနိုင်တော့ဘဲ ချက်ချင်း ရထားလုံးပေါ်မှ ခုန်ဆင်းကာ ခြံဝင်းထဲသို့ ပြေးဝင်သွားကြသည်။ ခြံဝင်းထဲတွင် ဝမ်းနည်းခြင်းဝတ်စုံ ဝတ်ဆင်ထားသည့် လီတာနျို့နှင့် လီရွှမ်းအာတို့ ဒူးထောက်နေကြပြီး အလွန်ဝမ်းနည်းကြေကွဲနေကြပုံရသည်။ လီရွှမ်းအာက သည်းသည်းထန်ထန် ငိုကြွေးနေပြီး သူမ၏တစ်ကိုယ်လုံး ပျော့ခွေနေကာ သူမ ဒူးထောက်နိုင်ရန် ခင်ပွန်းသည်ဖြစ်သူက ကူတွဲပေးထားရသည်။ လီတာ့နျို၏ အော်ဟစ်ငိုကြွေးသံများကလည်း ကောင်းကင်ကို တုန်လှုပ်စေပြီး နားကွဲမတတ် ဖြစ်နေစေသည်။ သူက သူ့နဖူးမှ သွေးများ ထွက်ကြလာသည်အထိ သူ့ခေါင်းကို မြေကြီးဖြင့် စောင့်ကာ ဦးတိုက်အရိုအသေပေးနေခဲ့သည်။
လီတာ့နျို၏ အိမ်ထောင်ကျခါစ ဇနီးသည်ကလည်း ဝမ်းနည်းခြင်းဝတ်စုံကို ၀တ်ဆင်ထားသည်။ လီတာ့နျိုနှင့် လီရွှမ်းအာတို့လောက် အသည်းအသန် မငိုနေသည့်တိုင် သူမကလည်း သူမ၏မျက်ရည်များကို လက်ကိုင်ပုဝါဖြင့် တိတ်တိတ်လေး ခိုးသုတ်နေသည်။ သူမ ဒူးထောက်နေသည့် ပုံစံကလည်း ခိုင်မာမှု မရှိတော့ပဲ သိပ်မကြာခင် ပုံလဲသွားတော့မည်ဟန် ဖြစ်နေကာ ဒူးထောက်တစ်ဝက် ထိုင်တစ်ဝက် ဖြစ်နေခဲ့သည်။
ရှောင်းကျဲယွိ ပြေးဝင်လာချိန်တွင် ဝင်းအလယ်မှ ခေါင်းတလားနှစ်လုံးကို တွေ့လိုက်ရပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားလိုက်မိသည်။
အဒေါ်လီနဲ့ ဦးလေးလီတို့ ဆုံးပါးသွားတာ ဖြစ်နိုင်လား?
"တာ့နျို၊ အဒေါ်နဲ့ ဦးလေးတို့ ဆုံးသွားပြီးလား? ဘာတွေ ဖြစ်နေတာလဲကွာ... သူတို့က အမြဲတမ်း ကျန်းမာရေး ကောင်းနေခဲ့တာ မဟုတ်ဘူးလား? ဘာလို့ ရုတ်တရက် တိမ်ပါးသွားရတာလဲ?”
ရှောင်းကျဲယွိက လီတာ့နျို၏ နံဘေးသို့ အမြန်လျှောက်သွားနေရင်း အော်မေးလိုက်သည်။ နှင်းဆီသစ်သားဖြင့် ပြုလုပ်ထားသော အခေါင်းက အလင်းရောင်အောက်တွင် သွေးများကဲ့သို့ တောက်ပနေသည်။
သူတို့ နောက်ဆုံးတွေ့ခဲ့တာ ရက်ပိုင်းပဲ ရှိသေးတယ်လေ။
သူတို့နောက်ဆုံးတွေ့ခဲ့တာက တာ့နျိုရဲ့ မင်္ဂလာဆောင်မှာ... အခု ရက်အနည်းငယ်ပဲရှိတေးတယ်၊ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကြရပြီ။ သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ထွက်သွားနိုင်တာလဲ?
ရှောင်းကျဲယွိက သူကိုယ်တိုင် အလွန်စိတ်မကောင်း ဖြစ်နေသော်လည်း တစ်ချိန်တည်းမှာပင် အဒေါ်လီနှင့် ဦးလေးလီတို့ မည်ကဲ့သို့ ကွယ်လွန်သွားသည်ကို သိချင်နေသေးသည်။
သူတို့ ကပ်ဘေးကနေ ထွက်ပြေးခဲ့တဲ့လမ်းက အရမ်း ခက်ခဲကြမ်းတမ်းတာတောင် သူတို့အတူတူ ဇွဲရှိရှိနဲ့ လျှောက်လှမ်းနိုင်ခဲ့ကြတယ်လေ။ ဘာလို့ အခုလို ပျော်ရွှင်မှုူတွေ စတင်ခံစားနိုင်တဲ့အချိန်မှ ရုတ်တရက်ကြီး ထွက်ခွာသွားကြရတာလဲ?
ဘာလို့လဲ?
"ရွှေ့ရှန့်၊ ငါ့မိဘတွေက သူခိုးတွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတာ”
ရှောင်းကျဲယွိကို မြင်လိုက်ရသောကြောင့် လီတာ့နျိုက ပို၍ပင် ကြေကြေကွဲကွဲ ငိုကြွေးးနေပြန်သည်။ သူက ငိုကြွေးနေရင်း ရှောင်းကျဲယွိ၏ရှေ့၌ ဒူးထောက်နေကာ သူ့မိဘများ အသတ်ခံခဲ့ရသည့်အကြောင်း ပြန်ပြောပြနေခဲ့သည်။
"ဒီမနက် ငါ... အရက်ချက်ရုံကို သွားခဲ့တယ်။ အရက်ချက်ရုံကို ရောက်ပြီး သိပ်မကြာခင်မှာပဲ အစေခံတစ်ယောက် ရောက်လာပြီး ငါ့မိဘတွေ အသတ်ခံခဲ့ရတယ်လို့ ပြောလာတယ်”
လီတာ့နျိုက သူ့မိဘများ အသတ်ခံခဲ့ရပုံကို ပြန်ပြောပြရင်း ရင်ကွဲလုမတတ် ငိုကြွေးနေခဲ့သည်။ သူ ပြောနေရင်း ပိုပို ဝမ်းနည်းလာကာ ငိုရလွန်းသောကြောင့် မူးလဲလုနီးပါး ဖြစ်သွားရသည်။
"မင်းတို့အိမ် ဖောက်ထွင်းခံခဲ့ရတာလား?"
ရှောင်းကျဲယွိ၏ စူးရှသော အကြည့်များက လီတာ့နျို၏ဇနီးအပေါ်သို့ ကျရောက်သွားသည်။ သူမက မျက်ရည်များ သုတ်ရင်း ခေါင်းငုံ့နေကာ သံသယဖြစ်စရာ ဘာမှ မရှိပေ။
“ဟုတ်တယ်၊ ဒါက အရမ်း ထူးဆန်းတယ်။ မနက်အစောကြီးမှာ ဘာလို့ သူခိုးတွေ ဒီလောက်များကြီး ရောက်လာရတာလဲ?”
လီတာ့နျိုက ငိုနေရင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။ နေ့ခင်းကြောင်တောင် ခိုးဝင်လုယက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သူလည်း နားမလည်နိုင်ဖြစ်နေခဲ့သည်။
အခု မော့ချန်က အရမ်းအေးချမ်းနေတာ မဟုတ်ဘူးလား? လမ်းပေါ်မှ ပစ္စည်း ကျရင်တောင် ကောက်သွားမယ့်သူ မရှိဘူးလေ။ နေ့ခင်းကြောင်တောင် ခိုးဝှက်လုယက်ဖို့ အိမ်ထဲကို ဝင်လာခဲ့တာက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတုန်း။
“သူတို့က သူခိုးတွေဆိုတာ မင်းတို့ ဘယ်လို သိခဲ့တာတုန်း”
ရှောင်းကျဲယွိက မည်းမှောင်နေသော မျက်နှာဖြင့် ထပ်မေးလိုက်သည်။ သူက လီတာ့နျို၏ဇနီးအား စောင့်ကြည့်ထားရန် သူ့သက်တော်စောင့်များအား အချက်ပြလိုက်သည်။
“အပြာရောင် အဝတ်အစား ဝတ်ထားတဲ့ လူတစ်ယောက် နံရံကို ကျော်ပြီး ခုန်တက်သွားတာကို အစေခံတစ်ယောက်က လှမ်းမြင်လိုက်တယ်။ နော်ကတော့ ငါ့အဖေက သွေးအိုင်ထဲမှာ လဲကျနေပြီး ငါ့အမေကလည်း အတွင်းခန်းထဲမှာ သေနေပြီ။ အခန်းထဲမှာ ရှိသမျှ ငွေစက္ကူတွေလည်း အကုန် ပျောက်သွားတယ်”
လီတာ့နျို၏ မျက်လုံးများက နီရဲလာပြန်သည်။
သူ သူ့အမေကို ကာကွယ်ဖို့ အိမ်မှာ ရှိမနေခဲ့တဲ့အတွက် သူ့ကိုယ်သူ မုန်းတီးနေမိတယ်။
"အဲဒီတုန်းက မင်း ဘယ်မှာလဲ?"
ရှောင်းကျဲယွိ၏ အသံက သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းနေပြီး အေးစက်တင်းမာနေသည်။ သူက လီတာ့နျို၏ဇနီးကို လှမ်းကြည့်နေပြီး သူမက အပြစ်ကင်းစင်ပုံရသော မျက်ဝန်းများဖြင့် သူ့ကို ပြန်မော့ကြည့်နေသည်။
"ကျွန်တော်မျိူးက ကျွန်တော်မျိုးမရဲ့အခန်းထဲမှာ ရှိနေခဲ့တာပါ"
“လာကြစမ်း သူ့(မ)ကို ဖမ်းလိုက်။ ပြီးတော့ ဒီခြံထဲကလူတွေ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး။ သူတို့အားလုံးကို သီးခြားစီ စစ်မေးရမယ်”
သူမ ဟန်ဆောင်နေသေးသည်ကို မြင်လိုက်ရသဖြင့် ရှောင်းကျဲယွိက အေးစက်စွာ အမိန့်ပေးလိုက်သည်။ မကြာခင်မှာပင် သက်တော်စောင့်များက ခြံဝင်းတစ်ခုကို ထိန်းချုပ်လိုက်ကြသည်။ မည်သူမျှ ထွက်သွားခွင့် မရတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် စစ်ဆေးမေးမြန်းရန် ဆွဲခေါ်သွားခံလိုက်ရသည်။
"တာ့နျို၊ တာ့နျို၊ သူတို့ ကျွန်မကို အနိုင်ကျင့်နေတယ်၊ ရှင် ဒီအတိုင်း ရပ်ကြည့်နေတော့မှာလား?”
သက်တော်စောင့်များက သူမအား လာရောက်ဖမ်းဆီးသောကြောင့် လီတာ့နျို၏ဇနီးက လီတာ့နျိုကို လှမ်းအော်ကာ တိုင်တည်ငိုကြွေးနေသည်။ သူမက ထိတ်လန့်ကြောက်ရွံ့နေသည့် သမင်မလေးတစ်ကောင်ကဲ့သို့ တုန်ယင်နေရှာသည်။
လီတာ့နျိုက ရှောင်းကျဲယွိကို ကြောင်တောင်တောင် စိုက်ကြည့်နေဆဲ ဖြစ်သည်။ ခဏကြာမှ သူ့မိန်းမ ချုပ်နှောင်ခံထားရသည်ကို သဘောပေါက်သွားပြီး ရှောင်းကျဲယွိအား လှမ်းမေးလိုက်သည်။
"ရွှေ့ရှန့်၊ဘာတွေ ဖြစ်နေတာလဲ? မင်း ဘာလို့ ဝမ်ရှို့ကို ဖမ်းခိုင်းရတာလဲ?”
“သူ(မ)က သူလျှိုပဲ။ သူ(မ)က မင်းရဲ့အိမ်ကို တမင်တကာ စိမ့်ဝင်နေပြီး မင်းမိဘတွေကို သတ်ခဲ့တယ်လို့ ငါ သံသယ ရှိတယ်"
ရှောင်းကျဲယွိ၏ မျက်နှာသည် မည်းမှောင်နေပြီး လက်နှစ်ဖက်ကျောပစ်ကာ မားမားမတ်မတ် ရပ်တည်နေသည်။ သူ့ထံတွင် လီတာ့နျိုနှင့် ကျမ်းသစ္စာကျိန်ဆိုထားသော ညီအစ်ကိုကောင်းတစ်ယောက်၏ဟန်ပန်မျိုး မရှိတော့ဘဲ ကမ္ဘာကြီးကို အုပ်စိုးသော ဧကရာဇ်တစ်ပါး၏ကျက်သရေသာ ရှိနေတော့သည်။ သူ့အသံကပင် ဩဇာအာဏာကို အပြည့်အဝ သယ်ဆောင်လာပြီး အေးစက်သောလေသံဖြင့် အတိအကျ အမိန့်ပေးနေခြင်း ဖြစ်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လို မဟုတ်ဘူး။ ကျွန်မ မဟုတ်ဘူး၊ ကျွန်မ သူလျှို မဟုတ်ပါဘူး"
သက်တော်စောင့်နှစ်ယောက်က ဝမ်ရှို့ကို ချုပ်နှောင်ထားကြသည်။ သူမက ကြောက်စိတ်ဖြင့် ရုန်းကန်နေရင်း သူမကို ကယ်တင်ပေးရန် လီတာ့နျိုအား အော်ဟစ်တောင်းပန်နေသည်။
"တာ့နျို၊ ကယ်ပါဦး။ တာ့နျို... ကျွန်မကို ကယ်ပေးပါနော်"
လီတာ့နျို၏အမူအရာက စိတ်ရှုပ်ဟန်မျိုး ဖြစ်လာခဲ့သည်။
သူက ရွှေ့ရှန့်ကို ကောင်းကောင်းနားလည်တယ်။ သူ့မိန်းမက ရွှေ့ရှန့် သံသယဖြစ်စေမယ့်အရာမျိုး တခုခု မလုပ်ခဲ့ဘူးဆိုရင် ရွှေ့ရှန့်က ဝမ်ရှို့ကို ဖမ်းဖို့ ဒီလောက် အလျင်စလိုဖြစ်နေမှာ မဟုတ်ဘူး။
ဒါပေမယ့် ဝမ်ရှို့က အရမ်းကြောက်တတ်ပြီး အရမ်းအားနွဲ့တဲ့ မိန်းမသားလေ။ သူ့မိဘတွေကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ?
ပြီးတော့ သူ့အဖေရဲ့ခန္ဓာကိုယ်က အကောင်းကြီး ရှိသေးတယ်။ လူငယ်တွေတောင် သူ့အဖေလောက် မသန်မာကြဘူး။ အမေ့ကလည်း ကျန်းမာရေး ကောင်းတာကြောင့် သန်မာနေတုန်းပဲ။ ဝမ်ရှို့နဲ့ သူ့အမေ ရန်ဖြစ်ရင် ဝမ်ရှို့က သူ့အမေကို လုံးဝ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။
ထိုအတွေးများကြောင့် လီတာ့နျိုက ဝမ်ရှို့ သူ့မိဘများအား သတ်နိုင်မည်ဟု လုံးဝ မယုံနိုင်သေးပေ။
"ဒီပုံကို ကြည့်"
ရှောင်းကျဲယွိက လီတာ့နျိုကို အသေးစိတ် မရှင်းပြတော့ဘဲ ထိုအစား ပုံတူတစ်ချပ် ထုတ်ယူကာ ဝမ်ရှို့ရှေ့၌ ဖွင့်ပြလိုက်သည်။ ထိုပုံတူထဲမှ အမျိုးသမီးက သူ့ရှေ့မှ ဝမ်ရှို့နှင်အတူတူ ဖြစ်သည်။ ပုံတူက သူမ၏မျက်နှာနှင့် လုံးဝ တူညီနေသော်လည်း မျက်ခုံးနှင့် မျက်လုံးကတော့ အနည်းငယ် ကွဲပြားနေသည်။
ဝမ်ရှို့က နူးညံ့ပုံပေါက်နေသော်လည်း ထိုအမျိုးသမီးကတော့ ဆွဲဆောင်မှုပိုရှိပုံရသည်။
ထိုပုံတူကို မြင်လိုက်ရချိန်တွင်တော့ ဝမ်ရှို့၏အမူအရာလည်း ချက်ချင်း ပြောင်းလဲသွားသည်။ သူမ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ပေါ်လာထွက်လာသည်။ ရှောင်းကျဲယွိက ထိုအမူအရာကို မြင်သွားခဲ့ပြီး ဝမ်ရှို့ ပုံတူထဲမှ အမျိုးသမီးကို သိနေကြောင့် ယူဆလိုက်သည်။
“ငါတို့ သူ့(မ)ကို ဖမ်းမိထားပြီးပြီ၊ မင်းရဲ့သရုပ်မှန်ကလည်း ပေါ်လာပြီ။ အဒေါ်လီနဲ့ ဦးလေးလီတို့က မင်း သူလျှိုတွေနဲ့ အဆက်အသွယ် လုပ်နေတာကို မြင်သွားတာကြောင့် မင်း သူတို့ကို နှုတ်ပိတ်ချင်လို့ သတ်ပစ်ခဲ့တာ မဟုတ်ဘူးလား?”
ရှောင်းကျဲယွိက အေးစက်သောလေသံဖြင့် ထပ်မေးလိုက်သည်။ သူ၏ အရပ်ရှည်ရှည် အသွင်အပြင်က တောင်ကြီးတစ်လုံးကဲ့သို့ ဝမ်ရှို့ရှေ့တွင် ခန့်ခန့်ထည်ထည် ရှိနေပြီး သူမ အသက်မရှူနိုင်လောက်အောင် ဖိအားပေးနေခဲ့သည်။ ဝမ်ရှို့ကတော့ ခေါင်းတောင်မမော့ရဲတော့ပေ။
လီတာ့နျိုက ဝမ်ရှို့ကို အထိတ်တလန့် လှမ်းကြည့်နေသည်။
ဒါက အမှန်ဆိုတာ သူ မယုံချင်သေးဘူး။ သူ့မိန်းမက သူ့မိဘတွေကို သတ်တဲ့လူတဲ့... ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာတုန်း။
ဘာပဲဖြစ်ဖြစ် သူက ဝမ်ရှို့ကို ကယ်တင်ပေးခဲ့တဲ့သူလေ။
ရှောင်းကျဲယွိ၏စကားကို ကြားလိုက်ရသည့် လီရွှမ်းအာကတော့ အရူးတစ်ယောက်လို ဖြစ်သွားပြီး လီတာ့နျို၏ဇနီးထံသို့ ပြေးသွားတော့သည်။ သူမက ဝမ်ရှို့၏ပုခုံးကို ဆွဲကိုင်ကာ လှုပ်ယမ်းရင်း ဒေါသတကြီး အော်ဟစ်နေသည်။
“ပြောစမ်း၊ နင် ငါ့မိဘတွေကို သတ်လိုက်တာလား?”
“မဟုတ်ပါဘူး... ငါ သူတို့ကို မသတ်ပါဘူး၊ ငါက ကြက်တစ်ကောင်တောင် မသတ်ရဲတဲ့သူပါ”
ဝမ်ရှို့က ခေါင်းတယမ်းယမ်းဖြင့် ငြင်းဆန်ရင်း ငိုကြွေးနေသည်။ သူမ၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူမ အချိန်မရွေး လဲကျသွားနိုင်ပုံရသည်။
လီတာ့နျိုက မြေပြင်ပေါ်ရှိ ပုံတူကို ကောက်ယူလိုက်သည်။
ပုံတူထဲက အမျိုးသမီးက ဝမ်ရှို့ မဟုတ်ဘူးလား?
သူက ရှောင်းကျဲယွိကို တုန်လှုပ်နေသည့်လေသံဖြင့် လှမ်းမေးလိုက်သည်။
"ရွှေ့ရှန့်၊ ဒီပုံတူရဲ့နောက်ကွယ်က ဇာတ်ကြောင်းက ဘာလဲ?"
“ဒါက ငါတို့ တာ့ထန်မှာ ဖမ်းမိခဲ့တဲ့ သူလျှိုပဲ။ သူ(မ)က တတိယမင်းသားကိုယ်ထဲမှာ အချစ်ကူ စိုက်ထူပြီး သူ့ကို ထိန်းချုပ်ထားပြီးပြီ”
ရှောင်းကျဲယွိက ဝမ်ရှို့၏မျက်လုံးများကို ကြည့်လိုက်သည်။ သူက ထိုအမျိုးသမီး ပုံတူကို မြင်ပြီးသည့် အချိန်မှစ၍ ထိုအမျိုးသမီး အဘယ်ကြောင့် သူမကိုယ်သူမ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်သွားမှန်း သူ ခန့်မှန်းနိုင်ခဲ့သည်။
သူမက သူတို့ သူမကို မှတ်မိသွားပြီး ဝမ်ရှို့ ဖော်ထုတ်ခံရမှာကို ကြောက်နေတာလေ။
ရှောင်းကျဲယွိ၏စကားကို ကြားလိုက်ရချိန်တွင် ဝမ်ရှို့၏အမူအရာက ထပ်ပြောင်းသွားပြီး သူမ မျှော်လင့်ချက်မဲ့သွားပုံရသည်။ သူမ၏ အကြည့်များက နူးညံ့သိမ်မွေ့သည့်ပုံစံမှ ရက်စက်သည့်ပုံစံသို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူမက ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး သူမ၏ပုခုံးကို လှုပ်ရမ်းနေသော လီရွှမ်းအာကို ချုပ်ကိုင်ကာ သူမလက်ထဲမှ ဓားမြှောင်ဖြင့် လီရွှမ်းအာ၏လည်ပင်းကို ဖိထားလိုက်သည်။
"ငါ့နားကို မလာခဲ့နဲ့ ၊ မဟုတ်ရင် ငါ သူ့ကို သတ်ပစ်မယ်"