ဓားစာခံလဲလှယ်ခြင်း
Vol. 42 Ch. 628
ဝမ်ရှို့က လီရွှမ်းအာ၏လည်ပင်းပေါ်သို့ ဓားမြှောင်တင်ထားပြီး အော်ဟစ်နေသည်။ တချိန်က ချိုမြိန်ခဲ့ဖူးသည့် သူမ၏အသံက ယခုအချိန်တွင် ရက်စက်မှုများ ပြည့်နှက်နေသည်။ သူမ၏ မျက်လုံးများကလည်း ရေကဲ့သို့ နူးညံ့နေခြင်းမရှိတော့ဘဲ ထူးထူးခြားခြား စူးရှနေပြီး ရက်စက်ကြမ်းကြုတ်ပုံပေါ်လာသည်။
“နင် ငါ့မိဘတွေကို သတ်လိုက်တယ်ပေါ့၊ ငါ နင့်ကို သေတဲ့အထိ ပြန်တိုက်ခိုက်မယ်”
ဝမ်ရှို့က သူမ၏လည်ပင်းကို ဓားမြှောင်ဖြင့် ထောက်ထားသော်လည်း လီရွှမ်းအာက အလွန်အကျွံဒေါသထွက်နေကာ သူမ အသေခံပြီး ဝမ်ရှို့အား ပြန်တိုက်ခိုက်လိုက်သည်။ ချွန်ထက်သောဓားသွားက သူမ၏အရေပြားကို ဖြတ်တောက်လိုက်ပြီး သွေးများ စီးကျလာသည်။
"ဝမ်ရှို့ ရပ်လိုက်စမ်း"
လီတာ့နျိုတစ်ယောက် ရှောင်းကျဲယွိ၏စကားကို မတုံ့ပြန်ရသေးခင်မှာပင် ဝမ်ရှို့က သူ့ညီမလေးကို ဓားမြှောင်ဖြင့် ထိုးနေသည်ကို လှမ်းတွေ့လိုက်ရသည်။ သူက သူ့ညီမလေးကို ကယ်ချင်ဇောဖြင့် လှမ်းအော်လိုက်သည်။
“ရှေ့တိုး မလာနဲ့”
ဝမ်ရှို့က သူမ၏ဓားမြှောင်ကို လီရွှမ်းအာ၏လည်ပင်းပေါ်သို့ ထပ်တင်ထားပြီး ခပ်ပြင်းပြင်း ဖိချလိုက်ပြန်သည်။ သူမ အနည်းငယ် အားစိုက်ထုတ်လိုက်သည်နှင့် သွေးများ တဟုန်ထိုး ထွက်ကျလာသောကြောင့် လီတာ့နျိုလည်း သူ့ညီမလေးအတွက် အလွန်စိုးရိမ်သွားကာ လှုပ်ပင်မလှုပ်ဝံ့တော့ပေ။ လီရွှမ်းအာကလည်း ဒဏ်ရာကြောင့် ပြင်းထန်စွာ နာကျင်လာပြီး သွေးနွေးနွေးများ စီးကျနေသည်ကို ခံစားမိသောကြောင့် သူမ အလွန်ကြောက်လန့်သွားပြီး ထပ်မတိုက်ခိုက်တော့ပေ။
"ရွှမ်းအာကို လွှတ်ပေးပါ၊ မင်း ဘယ်လောက် လိုချင်လဲ? မင်း လိုချင်သလောက်ငွေကို ငါ ပေးနိုင်တယ်"
လီရွှမ်းအာ၏ခင်ပွန်းက သူ့၏ဇနီးသည် ဓားစာခံအဖြစ် ဖမ်းဆီးခံလိုက်ရသည်ကို မြင်သွားပြီး ဝမ်ရှို့အား အလောတကြီး အော်ပြောလိုက်သည်။
သူ့အတွက် အရာအားလုံးဆုံးရှုံးသွားရင်တောင် အရေးမကြီးဘူး။ သူ ပိုက်ဆံ ပိုရှာနိုင်တယ်။ သူ့မိန်းမ ဆုံးရှုူးရရင်တော့ သူ သူမကို ဘယ်တော့မှ ပြန်မရနိုင်တော့မှာ မဟုတ်ဘူး။
ရှောင်းကျဲယွိက ဝမ်ရှို့ကိုသာ စိုက်ကြည့်နေပြီး အေးစက်စက် လှမ်းပြောလိုက်သည်။
“သူ(မ)ကို လွှတ်ပေးလိုက်၊ ငါ မင်းကို လွှတ်ပေးမယ်”
“မဖြစ်နိုင်ဘူး၊ ငါ သူ့ကို လွှတ်ပေးလိုက်ရင် နင်တို့က ငါ့ကို ဖမ်းဖို့ လူတွေ ချက်ချင်း လွှတ်လိုက်မှာ၊ နင် သူ့ကို လွှတ်ပေးစေချင်ရင် နင်တိုယ်တိုင် လာလဲလှယ်လို့ ရတယ်"
ဝမ်ရှို့က လှည့်စားခံရလောက်အောင် ညံ့ဖျင်းသူ မဟုတ်ပေ။ သူမကို စူးစူးရဲရဲ စိုက်ကြည့်နေသော တော်ဝင်သက်တော်စောင့်များ ရှိနေသည်ကို သူမ သိနေပြီး သူမ လီရွှမ်းအာကို လွှတ်ပေးလိုက်သည်နှင့် ရှောင်းကျဲယွိက သူမကို ဖမ်းရန် သူ့လူများအား အမိန့်ပေးလိမ့်မည်ကို သူမ သိနိုင်သေးသည်။
သူမကို ဖမ်းမိသွားရင် သူမအတွက် လွတ်လမ်းရှိတော့မှာ မဟုတ်ဘူး၊ ယခု သူမက နံရံကို ကျောနဲ့ ဝင်တိုက်ပြီးပြီ၊ နောက်ဆုံးတော့ ရှောင်းကျဲယွိ လီတာ့နျိုနဲ့ သူ့ညီမကို တကယ်အလေးထား မထား အလောင်းအစားလုပ်ဖို့ပဲ ကျန်တော့တယ်။
"ဝမ်ရှို့၊ မင်း ဘာလို့ ဒီလို လုပ်နိုင်ရတာလဲ? ငါ့ညီမလေးကို လွှတ်ပေးပါ”
သူ ဒီအမျိုးသမီးကို ကယ်တင်ပေးခဲ့တယ်။ အခုတော့ သူမက သူ့မိဘတွေကို သတ်တဲ့ လူသတ်သမား ဖြစ်နေတဲ့အပြင် သူ့ညီမလေးကိုလည်း ဖမ်းထားပြီး သူတို့ကို ပြန်ခြိမ်းခြောက်နေသေးတယ်။
လီတာ့နျို၏ နှလုံးသားက အလွန်အမင်း နာကျင်လာပြီး သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရန်ပင် ခွန်အားမရှိတော့ပေ။ ဤအရာများအားလုံး အိပ်မက်ဆိုးတစ်ခု ဖြစ်နေရန်သာ သူ မျှော်လင့်နေခဲ့သည်။
သူ သူမကို ကယ်တင်ပေးခဲ့တဲ့အချိန်မှာ သူမက ခိုကိုးရာမဲ့ ဖြစ်နေပြီး သူမကို ခေါ်သွားပေးဖို့ သနားစဖွယ် တောင်းပန်ခဲ့တယ်။ သူမရဲ့ အလှအပနဲ့ နူးညံ့သိမ်မွေ့မှုက သူ့ကို စွဲဆောင်နိုင်တယ်။ သူတို့ အိမ်ထောင်ကျခဲ့ပြီး သာယာလှပတဲ့ဘဝကို ဖြတ်သန်းခဲ့ကြတယ်။ အခု သူ့မျက်လုံးနဲ့ မြင်နေရတာတောင် သူမက လူဆိုးတစ်ယောက်လို့ သူ မယုံချင်သေးဘူး။ ဝမ်ရှို့က သူ့အကြံဉာဏ်ကို နားထောင်ပြီး သူ့ညီမလေးကို လွှတ်ပေးလိမ့်မယ်လို့ သူ မျှော်လင့်နေမိသေးတယ်။
"နင့်ပါးစပ်ကို ပိတ်ထားစမ်း"
ဝမ်ရှို့က စိတ်မရှည်ဖြစ်နေပုံဖြင့် လီတာ့နျိုအား ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမထဲတွင် သူမ၏ပုံမှန် နူးညံ့သိမ်မွေ့မှုများ မရှိတော့ဘဲ သူမ၏မျက်လုံးများထဲ၌ လူသတ်ချင်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
"ဧကရာဇ်ကြီး၊ ဘာလဲ ရှင်က သေရမှာ ကြောက်နေတာလား? ဘာလဲ တာ့ထန်အင်ပါယာရဲ့ ဧကရာဇ်က သူရဲဘောကြောင်တယ်လို့ လူတွေဆီကနေ လှောင်ပြောင်ခံရမှာကို မကြောက်ဘူးလား?”
ဝမ်ရှို့က ရှောင်းကျဲယွိကို ကြည့်ကာ နှာမှုတ်လိုက်ပြီး အေးစက်စက် လှောင်ပြုံးဖြင့် ရှောင်းကျဲယွိ၏မခံချင်စိတ်ကို နှိူးဆွရန် ကြိုးစားနေသည်။
ရှောင်းကျဲယွိက လက်နှစ်ဖက်ကျောပစ်ကာ ရပ်နေဆဲဖြစ်ပြီး ဝမ်ရှို့ကို အေးစက်သောအကြည့်ဖြင့် စိုက်ကြည့်နေဆဲ ဖြစ်သည်။
သူ့ကို ရန်စတာက အသုံးမဝင်ပေမယ့် လီရွှမ်းအာ အသတ်ခံရတာကိုတော့ သူ စောင့်ကြည့်မနေနိုင်ဘူးလေ။
အခု အဒေါ်လီနဲ့ ဦးလေးလီတို့လည်း အသတ်ခံခဲ့ရပြီးပြီး။ ရွှမ်းအာသာ သေဆုံးသွားခဲ့ရင် တာ့နျို တစ်ယောက်တည်း ကျန်ခဲ့တော့မှာပေါ့။ တာ့နျိုက သူ့ကိုယ်သူ အပြစ်တင်ပြီး သူ့ဘဝတစ်လျောက်လုံး အဲ့စိတ်နဲ့ လုံးပါးပါးသွားလိမ့်မယ်။
ဝမ်ရှို့က ရန်စနေမှန်း ရှောင်းကျဲယွိ သိနေသော်လည်း သူက လီတာ့နျို၏အကျိုးအတွက် ဝမ်ရှို့၏စိန်ခေါ်မှုကို လက်ခံရမည် ဖြစ်သည်။ ထို့အပြင် ရှောင်းကျဲယွိက အလွန် အစွမ်းထက်ကြီး ရဲရင့်လွန်းသူဖြစ်ကာ ဝမ်ရှို့ကို မျက်လုံးထဲတွင် မထည့်ထားပေ။
"ကောင်းပြီလေ၊ ကျန်းက သူ့(မ)အတွက် လဲလှယ်ပေးရမှာပေါ့"
ဝမ်ရှို့က သူ မည်သူမည်ဝါ ဖြစ်နေသည်ကို သိထားပြီး ဖြစ်သောကြောင့် ရှောင်းကျဲယွိကလည်း သူ့ကိုယ်သူ တမင်ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။ သူက “ငါကိုယ်တော်” ဟူသော စကားတစ်ခွန်းတည်းဖြင့် ဧကရာဇ်၏အရှိန်အဝါကို ထုတ်ဖော်ကာ ဝမ်ရှုအား ဖိနှိပ်လိုက်သည်။
ဝမ်ရှို့၏ မျက်လုံးများထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေသော်လည်း တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှု အရိပ်အယောင်များလည်း ရှိနေခဲ့သည်။
ဒီလူဟာ ဘာမှ အသုံးမကျတဲ့သူ မဟုတ်သလို အားနည်းတဲ့ စာပေပညာရှင်လည်း မဟုတ်ဘူး။ သူက မြင်းပေါ်ကနေ စစ်တိုက်ခဲ့တဲ့ ဧကရာဇ်လေ။ သူရဲ့လက်နဲ့ မရေမတွက်နိုင်တဲ့လူတွေကို သတ်ဖြတ်ခဲ့ပြီးပြီ။
ပြီးတော့ သူ့ရဲ့ စိတ်စွမ်းအားက ထူးခြားလွန်းတယ်။ သူမ ပြီးခဲ့တဲ့အကြိမ်က သူမရဲ့ ဖြားယောင်းခြင်း ပညာရပ်ကို သုံးခဲ့တာတောင် သူ့အပေါ်မှာ အလုပ်မဖြစ်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ သေတဲ့အထိ တိုက်ခိုက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး။
ဒါပေမယ့် သူမ အနိုင်ရခဲ့ရင် သူမတို့ရဲ့ လက်စားချေတဲ့ အစီအစဥ် အောင်မြင်တယ်လို့ ယူဆနိုင်ပြီး တိုင်းပြည်အတွက် ပြန်လည်ထူထောင်ရေးအစီအစဥ်တွေ အကောင်အထည် ဖော်နိုင်လိမ့်မယ်။ သူမ ရှုံးသွားရင်တော့ သူမရဲ့အသက်ကို ပေးဆပ်ရလိမ့်မယ်။
ရှောင်းကျဲယွိက သူမဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာချိန်တွင် ဝမ်ရှို့က မသိစိတ်မှ ကြောက်စိတ်ကြောင့် လီရွှမ်းအာဆွဲခေါ်ပြီး နောက်ပြန်ဆုတ်သွားသည်။ သူမ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သော်လည်း ရှောင်းကျဲယွိ၏ ခန္ဓာကိုယ်မှ ဖိအားကြောင့် သူမ အသက်ရှုမဝ ဖြစ်နေလေသည်။ သူမ၏ ပင်ကိုယ်အသိစိတ်မှ အချက်ပေးနေသည့် အန္တရာယ်ကြောင့် သူမ အနည်းငယ် နောင်တရနေသော်လည်း ယခုအချိန်တွင် လွတ်မြောက်ရန် နည်းလမ်းလည်း မရှိတော့ပေ။ ထို့ကြောင့် ဝမ်ရှို့က အံကြိတ်ကာ ရှေ့တိုးဖို့ ဆုံးဖြတ်လိုက်သည်။
"သူ(မ)ကို လွှတ်ပေးလိုက်"
ရှောင်းကျဲယွိက ဝမ်ရှို့ထံသို့ လျှောက်လှမ်းနေရင်း လီရွှမ်းအာကို လွှတ်ပေးရန် အေးစက်စက် အမိန့်ပေးနေသည်။
"ကိုယ့်ကိုယ်ကို ကြိုးချည်လိုက်"
ဝမ်ရှို့က လီရွှမ်းအာကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။ သူမက ရှောင်းကျဲယွိအား အစွမ်းကုန် လှမ်းအော်ပြောလိုက်ပြန်သည်။
သူ့ကို ကြိုးချည်ထားရင် သူမ ပိုလုံခြုံသွားလိမ့်မယ်။
"ဝမ်ရှို့ ဓားကို ချလိုက်"
လီတာ့နျိုက စိတ်မြန်လက်မြန် အော်ဟစ်လိုက်ပြီး ဝမ်ရှို့နားသို့ ချဉ်းကပ်သွားကာ သူမ၏လက်မှ ဓားကို လုယူရန် ကြိုးစားလိုက်သည်။ ဝမ်ရှို့ကလည်း လီရွှမ်းအာ၏လည်ပင်းကို ချက်ချင်း ထပ်လှီးလိုက်ပြန်သည်။ လီရွှမ်းအာက နာကျင်စွာ အော်ဟစ်နေပြီး သူမ၏ခင်ပွန်းက မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချကာ စိုးရိမ်တကြီး တောင်းပန်နေသည်။
"မရီး၊ ရွှမ်းအာကို လွှတ်ပေးပါ။ သူ(မ)က ကိုယ်ဝန်ဆောင်တစ်ယောက်ပါ”
"ဝမ်ရှို့၊ တစ်ညတာ အတူရှိခဲ့ရင်တောင် လင်မယားလို့ ပြောလို့ရတယ်။ ငါတို့က အိမ်ထောင်ပြုပြီးတဲ့ ဇနီးမောင်နှံတွေပါ၊ ပြီးတော့ ငါ မင်းကို ကယ်တင်ပေးခဲ့တယ်လေ၊ ရွှမ်းအာကို လွှတ်ပေးလိုက်ပါ"
လီတာ့နျိုလည်း အလွန်ကြောက်လန့်သွားပြီး ထပ်မလှုပ်ရဲတော့ပေ။ သူက သူ့၏အသက်ကယ် ကျေးဇူးကို ထုတ်ပြောလိုက်ပြီး ဝမ်ရှို့က သူ့၏ကြင်နာမှုအပေါ် အမှတ်ရနိုင်ရန် မျှော်လင့်ရင်း ဝမ်ရှို့ကို တောင်းပန်နေခဲ့သည်။
"ဟမ့်၊ ငါ့ကို ကယ်ခဲ့တယ်တဲ့လား? နင်က ငါ့ကို ကယ်နိုင်မယ်လို့ နင် ထင်နေတာလား? ငါက နင့်ကို တမင်ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်ခဲ့တာ။ နင့်ကိုယ်နင် သူရဲကောင်းတစ်ယောက်လို့ ထင်နေတာလား?"
ဝမ်ရှို့က လီတာ့နျိုကို ကြည့်နေရင်း လှောင်ပြောင်ရယ်မောလိုက်သည်။ ထို့အပြင် သူမက သူမ၏မျက်လုံးထဲမှ ရွံရှာမှုများကိုလည်း ဖုံးကွယ်မထားတော့ပေ။
သူမ သူနဲ့အတူ သရုပ်ဆောင်ပေးနေတာ လဝက်ကျော်နေပြီ။ နေ့တိုင်း သူ့ကို ပြုံးပြနေရပြီး နူးညံ့သလို ဟန်ဆောင်နေခဲ့ရတယ်။ ညဘက်တွေကို တွေးကြည့်ရုံနဲ့ အန်တောင် အန်ချင်လာတယ်။
"တစ်ညတာ အတူနေရင် စုံတွဲ ဖြစ်ပြီတဲ့လား? ငါတို့ရဲ့အိမ်ထောင်ရေးက တကယ်ပြီးမြောက်သွားပြီလို့ နင် ထင်နေတာလား?"
ဝမ်ရှို့က လီတာ့နျိုကို ရွံရှာစွာ ကြည့်နေပြန်သည်။
“နင်က နိမ့်ကျတဲ့ လယ်သမားတစ်ယောက်ပဲ။ နင်မှာ ငါနဲ့ အိပ်ရာ အတူမျှဝေဖို့ ဘယ်လို အဆင့်ရှိမှာလဲ”
"မင်း ဘာပြောလိုက်တယ်"
လီတာ့နျိုက သူမကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
အရင်က သူတို့ အတူတူ အိပ်ခဲ့ကြတယ်လေ၊ သူမက ဘာလို့ ဒီလိုတွေ ပြောနေရတာတုန်း?
“ညတိုင်းညတိုင်း နင် ကောင်းကောင်း ဇိမ်ခံရအောင် ငါက နင့်ကို ဆေးတွေ ပေးထားခဲ့တယ်လေ။ ငါ့ရဲ့ဆေးကြောင့် နင်က အံ့သြဖွယ်ကောင်းတဲ့ အရာတွေကို မြင်ယောင်နေတာ... ဟား ဟား...”
ဝမ်ရှို့က အားရပါရ ရယ်မောလိုက်ပြီး လီတာ့နျို၏ မျက်နှာက ပြာနှမ်းသွားသည်။
အခုမှ သူ သတိပြန်ရသွားတယ်။ ဝမ်ရှို့က သူ့ကို နေ့တိုင်း ဟင်းချိုတစ်ခွက် ယူလာပေးတယ်။ ဝမ်ရှို့ သူ့အတွက် စိတ်ပူနေတယ်လို့ သူ ထင်ခဲ့ပေမဲ့ သူမက သူ့ကို တချိန်လုံး ဆေးခပ်နေခဲ့တယ်ပေါ့။
အဲ့ဒီ ရင်းနှီးတဲ့ အခိုက်အတန့်တွေ အားလုံးက သူ ဆေးမိပြီး စိတ်ကူးယဉ်ခဲ့တာတွေပေါ့လေ။
“မင်း ဘာလို့ ငါ့ကို ဒီလို လုပ်ခဲ့တာလဲ?"
လီတာ့နျိုက ဝမ်ရှို့ကို ကြည့်ကာ ဒေါသတကြီး မေးလိုက်ပြန်သည်။
"ဘာလို့လဲဆိုတော့ ရှင်က အသုံးဝင်နေသေးလို့ပေါ့"
ဝမ်ရှို့၏အကြည့်များက ရေခဲကဲ့သို့ အေးစက်နေပြီး သူမ၏အသံတွင် လှောင်ပြောင်နှိမ်ချမှုများ ပြည့်နှက်နေသည်။
သူမနဲ့ တွဲခွင့်ရပြီး သူမ လှည့်စားတာကို လက်ခံခွင့်ရခဲ့တာက သူ့အတွက် ကောင်းချီပေးခံရတာ မဟုတ်ဘူးလား။
အနည်းဆုံးတော့ သူမ သူနဲ့ တကယ် လက်ထပ်ခဲ့ရတယ်လေ။ အတိတ်က ဆိုရင် သူက သူမရဲ့မြင်းကို ဆွဲပေးဖို့တောင် မထိုက်တန်ဘူး။
"မင်း... ငါ့မိဘတွေကို သတ်လိုက်တာလား?"
လီတာ့နျိုက ဒေါသတကြီးအော်မေးလိုက်ပြီး လက်သီးများကို ကျစ်နေအောင် ဆုပ်ထားလိုက်သည်။
ဒါက ယောက်ျားတစ်ယောက်အတွက် အထူးခြားဆုံး အရှက်ရစရာကိစ္စပဲ။ သူ လက်ထပ်ထားခဲ့တဲ့ ဇနီးသည်က သူ့ကို ထိခွင့်တောင် မပေးခဲ့သလို သူ့ကိုလည်း နှလုံးသားထဲက ရွံရှာမုန်းတီးနေသေးတယ်။
"ဒီလူအိုကြီးနှစ်ယောက်က ငါရဲ့ကိစ္စတွေကို မြင်သွားမှတော့ သူတို့ကို နှုတ်ပိတ်ဖို့ သတ်ပစ်ရုံကလွဲပြီး ဘာမှ ရွေးချယ်စရာ မရှိတော့ဘူးလေ"
ဝမ်ရှို့က သူမ သတ်လိုက်သည်က သူမ၏ယောက္ခမများ မဟုတ်ဘဲ ကြက်များ၊ ဘဲများကို သတ်သလိုမျိုး အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
"ငါ မင်းကို သတ်မယ်"
လီတာ့နျိုက အလွန်ဒေါသထွက်နေပြီး ဝမ်ရှို့ကို သတ်ပစ်ချင်နေသည်။ သို့သော် သူ့ညီမလေး၏လည်ပင်းမှ သွေးစီးကြောင်းကို မြင်နေရသောကြောင့် သူ တုံ့ဆိုင်းသွားပြန်သည်။ လီတာ့နျိုအတွက် သူ့၏ဒေါသကို ထွက်ပေါက်ပေးရန် နေရာမရှိ ဖြစ်နေပြီး ဝံပုလွေတစ်ကောင်ကို အိမ်ထဲသို့ ခေါ်လာမိသော သူ့ကိုယ်သူလည်း အမုန်းကြီး မုန်းတီးနေလေသည်။ သူက သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်ပုတ်လိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။
ဝမ်ရှို့က လီရွှမ်းအာ၏လည်ပင်းကို ထပ်မံလှီးဖြတ်တော့မည်အား မြင်လိုက်ရသည့် ရှောင်းကျဲယွိက အနားမှ တော်ဝင်သက်တော်စောင့်များကို အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။
"လာကြစမ်း၊ ငါ့ကို ကြိုးနဲ့ ချည်ကြစမ်း"