အလဲအလှယ်
Vol. 42 Ch. 629
ရှောင်းကျဲယွိက သူ့ကို ကြိုးချည်ရန် သူ့သက်တော်စောင့်များအား အမိန့်ပေးလိုက်ပြန်သည်။ သက်တော်စောင့်တပ်မှူးက အလွန်ထိတ်လန့်နေပြီး ချွေးအေးများ ထွက်လာကာ ရှောင်းကျဲယွိကို ဖျောင်းဖျရန် အလောတကြီး ကြိုးစားလိုက်သည်။
“အရှင်မင်းမြတ်၊ အရှင်အနေနဲ့ ဒီလို အန္တရာယ်အဖြစ်ခံပြီး မစွန့်စားသင့်ပါဘူး”
ရှောင်းကျဲယွိက အေးစက်သောအမူအရာဖြင့် သူ့ကို စိုက်ကြည့်ကာ အမိန့်ထပ်ပေးလိုက်သည်။
"ကျန်းကို အခုချက်ချင်း ကြိုးချည်လိုက်"
ဝမ်ရှို့က ဓားမြှောင်ကို တင်းတင်း ဆုပ်ကိုင်ထားပြီး သူမ၏ လက်ဖဝါးများတွင်လည်း ချွေးအေးများ ရွှဲစိုနေသည်။
ရှောင်းကျဲယွိက လီရွှမ်းအာနှင့် လဲလှယ်ရမည့် သူမ၏ တောင်းဆိုချက်အား သဘောတူလိုက်သည်ကို မြင်နေရသောကြောင့် သူမ၏ မျက်လုံးများထဲမှ အောင်ပွဲခံနေသည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ရှောင်းကျဲယွိက သူမ ဘေးနားကို ရောက်လာသရွေ့ သူမမှာ သူ အညံ့ခံသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းရှိတယ်။
ထိုအတွေးကြောင့် မကြာမီ ရောက်လာတော့မည့် သူမ၏ အောင်မြင်မှုများကို တွေးကာ ဝမ်ရှို့၏မျက်လုံးများ တလက်လက် တောက်ပလာသည်။ သို့သော် သက်တော်စောင့်တပ်မှူးက ရှောင်းကျဲယွိအား ကြိုးချည်နေသည်ကိုတော့ သူမ သတိဖြင့် စောင့်ကြည့်နေသေးသည်။
"ငါ့ဘက်ကို လှည့်ချည်"
သက်တော်စောင့်တပ်မှူးက ရှောင်းကျဲယွိအား ကြိုးဖြင့် ချည်နေသည်ကို မြင်နေရသောကြောင့် ဝမ်ရှို့ စိတ်အေးလက်အေး ဖြစ်လာချိန်တွင် ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေသည့် လီရွှမ်းအာ၏ မျက်လုံးများထဲမှ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“အစ်ကိုရွှေ့ရှန့်၊ ကျွန်မရဲ့ဘဝက ဘာမှ တန်ဖိုးမရှိဘူး။ ရှင် ကျွန်မအတွက် ထည့်တွေးပေးနေဖို့ မလိုဘူး။ ဒီမိန်းမကို လုံးဝ မလွှတ်ပေးနဲ့။ ကျွန်မရဲ့မိဘတွေအတွက် ကူညီပြီး လက်စားချေပေးရင် ရပြီ”
ရှောင်းကျဲယွိက လီရွှမ်းအာကို လှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။
“မင်း ဘာမှ ထပ်ပြောနေဖို့ မလိုဘူး။ မင်းက ကျန်းရဲ့ပြည်သူတွေထဲက တစ်ယောက်ပဲ။ ကျန်းက ကျန်းရဲ့ပြည်သူတွေ ဒုက္ခရောက်နေတာကို ရပ်ကြည့်နေမှာ မဟုတ်ဘူး"
ရှောင်းကျဲယွိ၏စကားများက ထိုနေရာ၌ ရှိနေသူများအားလုံး၏ နှလုံးသားထဲသို့ တည့်တည့်တိုးဝင်သွားပြီး သူတို့ကို စိတ်လှုပ်ရှားသွားစေသည်။
သူတို့မှာ ပြည်သူတွေအတွက် အမြဲတွေးပေးတဲ့ ဧကရာဇ်ကောင်းတစ်ယောက် ရှိတယ်။
ဝမ်ရှို့ကတော့ အံကြိတ်လိုက်ပြီး ရှောင်းကျဲယွိအား မထီမဲ့မြင်ပြုသည့် လေသံဖြင့် လှောင်ပြောင်လိုက်သည်။
"ဧကရာဇ်ကြီးက လူတွေရဲ့ နှလုံးသားကို ရယူတဲ့နေရာမှာ တကယ် တော်တာပဲ"
ရှောင်းကျဲယွိက သူမကို စူးစူးရဲရဲ စိုက်ကြည့်နေရင်း ဩဇာသံအပြည့်ဖြင့် အမိန့်ပေးလိုက်သည်။
"မင်း အခုနေ မင်းရဲ့ဓားမြှောင်ကို ချလိုက်ရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားပးမယ်"
"ဟမ့်၊ ငါက သေရင်တောင် တစ်ယောက်တည်း သေမှာမဟုတ်ဘူး။ ငါ သေရမယ်ဆိုရင်တောင် နင့်ကို အပါခေါ်သွားမယ်"
ဝမ်ရှို့က အေးစက်စက် နှာခေါင်းရှုံလိုက်ပြီး ပြန်အော်လိုက်သည်။ သူမက သူမကိုယ်သူမ အလွန် ယုံကြည်မှုရှိနေပြီး ရှောင်းကျဲယွိ သူမလက်ထဲသို့ ရောက်လာသည်နှင့် အခြေအနေ လုံးဝ ကွဲပြားသွားမည်ဟု တထစ်ချ သတ်မှတ်ထားခဲ့သည်။
"ကောင်းပြီလေ၊ မင်း ဘယ်လောက် အစွမ်းရှိတယ်ဆိုတာကို ကျန်း မြင်ချင်သေးတယ်"
ရှောင်းကျဲယွိက ဝမ်ရှို့၏စကားကို ပြန်စိန်ခေါ်လိုက်သည်။ သက်တော်စောင့်တပ်မှူးက သူ့ကို ကြိုးဖြင့် ချည်ထားပြီးဖြစ်သော်လည်း ရှောင်းကျဲယွိ အလွယ်တကူ ကြိုးဖြည်နိုင်စေရန် ကြိုး၏အဆုံးတွင် အထုံးတစ်ခု ချန်ထားခဲ့သည်။
“မရဘူး၊ သေသေချာချာ တင်းနေအောင် ပြန်ချည်။ ကြိုးစကို ရှေ့မှာထား"
ဝမ်ရှို့က တစ်ချက်ကြည့်ရုံဖြင့် မြင်သွားပြီး သူမပြောသည့်အတိုင်း ပြန်ချည်ရန် သက်တော်စောင့်တပ်မှူးကို ဖိအားပေးနေပြန်သည်။
သက်တော်စောင့်တပ်မှူး၏ မျက်လုံးများထဲ၌ ဒေါသအရိပ်အယောင်များ ပြည့်နှက်နေပြီး သူက ထိုအမျိုးသမီးကို ချက်ချင်း သတ်ဖြတ်ချင်နေဟန် ရှိသည်။
ဘာပဲဖြစ်ဖြစ် ဧကရာဇ်မင်းမြတ်နဲ့ လီရွှမ်းအာက လဲလှယ်ဖို့ မထိုက်တန်ဘူးလေ။
"သူ(မ) ပြောတဲ့ အတိုင်း လုပ်ပေးလိုက်"
ရှောင်းကျဲယွိက အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။ သတင်းကြားပြီးနောက် အမြန်ပြေးလာသော ချန်ယွိနှင့် မော့ချန်၏စီရင်စုအမတ် လီဖူဟိုင်တို့ ဝင်လာချိန်တွင် ရှောင်းကျဲယွိ ကြိုးချည်ခံထားရသည်ကို သူတို့ တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် နှစ်ယောက်သား တပြိုင်နက် အော်ဟစ်လိုက်ကြသည်။
"အရှင်မင်းမြတ်၊ အဲ့လို လုပ်လို့ မဖြစ်ပါဘူး"
မော့ချန်၏ ရှောင်းမိသားစုစစ်တပ်က လီတာ့နျိုတို့၏ခြံဝင်းကို ဝိုင်းရံထားပြီး စစ်သည်များလည်း တစ်သံတည်း အော်ဟစ်လိုက်ကြသည်။
"အရှင်မင်းမြတ်၊ အဲ့လို လုပ်လို့ မဖြစ်ပါဘူး"
ဝမ်ရှို့၏မျက်နှာတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာပြီး သူမက ရှောင်းကျဲယွိက စကားမတည်တော့မည်ကို စိုးရိမ်သွားဟန် ရှိသည်။
“ရှင်က တိုင်းပြည်ရဲ့ အုပ်ချုပ်သူနော်၊ ဂုဏ်သိက္ခာရှိတဲ့ အုပ်စိုးရှင်တစ်ပါးအနေနဲ့ ရှင် စကားကို ပြန်မပြင်သင့်ဘူး"
"စိတ်မပူပါနဲ့၊ ကျန်းက ကျန်းကိုယ်တိုင် မင်းကို ဖမ်းချင်မှာပါ"
ရှောင်းကျဲယွိက ဝမ်ရှို့ကို ခပ်စူးစူး စိုက်ကြည့်နေပြီး သက်တော်စောင့်တပ်မှူးအား သူမ ပြောသည့်အတိုင်း လိုက်လုပ်ပေးရန် အမိန့်ပေးသည်။
ရှောင်းကျဲယွိ၏ အကြည့်များအောက်၌ ဖိနှိပ်ခံထားရသော ဝမ်ရှို့ကတော့ သူမ၏နှလုံးခုန်သံများ ပိုမြန်လာသလို ခံစားနေရသည်။
သူမ ကျားနှုတ်ခမ်းမွှေးကို သွားဆွဲမိပြီလား? အခု ကျားက ဒေါသထွက်ပြီး သူမကို အပိုင်းပိုင်း ကိုက်ဖြတ်ချင်နေပုံပဲ။
သို့သော်လည်း ရှောင်းကျဲယွိ သူမအနားသို့ ရောက်လာသရွေ့ လက်ရှိအကျပ်အတည်းအား ဖြေရှင်းနိုင်မည့် နည်းလမ်းရှိနေသေးကြောင်း ပြန်တွေးမိသွားချိန်တွက် ဝမ်ရှို့က သူမ၏ ဖရိုဖရဲဖြစ်နေသောစိတ်အခြေအနေကို ဖယ်ရှားလိုက်ပြီး ရှောင်းကျဲယွိကိုသာ အာရုံပြန်စိုက်လိုက်သည်။ ရှောင်းကျဲယွိ သူမ နားသို့ ရောက်လာမည့်အချိန်ကို စောင့်နေရင်း သူမ၏ဘယ်လက်ထဲ၌ တစ်စုံတစ်ခုကို ကိုင်ထားလိုက်သည်။ ရှောင်းကျဲယွိက သူ့ကို ကြိုးချည်ရန် သက်တော်စောင့်တပ်မှူးကို အမိန့်ပေးလိုက်ပြီး ဝမ်ရှို့ဆီသို့ တည့်တည့်လျှောက်သွားလိုက်သည်။
"သူ့(မ)ကို လွှတ်ပေးလိုက်၊ သူ(မ)က သာမန်ပြည်သူတစ်ယောက်ပဲ။ သူ့(မ)ကို ဓားစာခံအဖြစ် ချုပ်နှောင်ထားတာက မင်းအတွက် ဘာမှ အကျိုးမရှိဘူး”
“ကောင်းပြီ၊ ရှင် ဒီကိုလာ”
ဝမ်ရှို့က ခေါင်းညိတ်လိုက်ပြီး ရှောင်းကျဲယွိကို အနီးကပ်လာရန် တိုက်တွန်းလိုက်သည်။ ရှောင်းကျဲယွိက ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးလိုက်သည်။ ဝမ်ရှို့က သူမ၏ ဘယ်လက်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ သူမ၏ လက်ဖဝါးပေါ်သို့ အနက်ရောင် ပိုးကောင်ကြီးတစ်ကောင် ရောက်ရှိလာသည်။
"ပါးစပ် ဖွင့်ပြီး ဒါကို စားလိုက်"
ဝမ်ရှို့က ရှောင်းကျဲယွိကို အမိန့်ပေးလိုက်သည်။ ရှောင်းကျဲယွိက ရင်းနှီးသော ပိုးကောင်ကို ကြည့်ကာ ဝမ်ရှို့နှင့် ပူးပေါင်းဆောင်ရွက်ပေးရန် သူ့ပါးစပ်ကို ဖွင့်ပေးလိုက်သည်။
အနက်ရောင်ပိုးကောင်က ပျံတက်လာပြီး ရှောင်းကျဲယွိ၏ပါးစပ်ထဲသို့ ဝင်ရောက်လာသည်။ ရှိနေသူအားလုံးကလည်း တပြိုင်းတည်း အော်လိုက်ကြပြန်သည်။
“အရှင်မင်းမြတ်၊ မလုပ်ပါနဲ့”
ရှောင်းကျဲယွိက သူ့ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး ထိုအနက်ရောင်ပိုးကောင်ကို သွားဖြင့် ကိုက်ထားလိုက်သည်။ ဝမ်ရှို့ကို ကြည့်နေသည့် သူ့အကြည့်များက တည်ငြိမ်နေဆဲဖြစ်ကာ အေးစက်မှုအပြည့်ဖြင့် အမိန့်ထပ်ပေးလိုက်သည်။
"သူ(မ)ကို လွှတ်ပေးတော့"
ရှောင်းကျဲယွိ ပိုးကောင်အား စားလိုက်သည်ကို မြင်နေရသောကြောင့် ဝမ်ရှို့က သူမ၏အကြံအစည် အောင်မြင်သွားပြီဟု သတ်မှတ်လိုက်သည်။
ပိုးက သူ့ပါးစပ်ထဲ ရောက်သွားပြီဆိုမှတော့ သူက သူမရဲ့စကားကို နားထောင်ရတော့မှာပေါ့။
“ကောင်းပြီ၊ ရှင် ဒီကိုလာ”
ဝမ်ရှို့က ရှောင်းကျဲယွိကို အရင် လာခိုင်းလိုက်ပြီး လီရွှမ်းအာ၏လည်ပင်းပေါ်မှ ဓားမြှောင်ကို ရှောင်းကျဲယွိ၏နောက်ကျောဆီသို့ ပြောင်းရွှေ့လိုက်သည်။
လီရွှမ်းအာက မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမက ရှောင်းကျဲယွိကို ကြည့်ရင်း မျက်ရည်များဝဲလာပြန်သည်။
"အစ်ကို ရွှေ့ရှန့်၊ ကျွန်မ ရှင့်ကို ဒုက္ခပေးမိပြီ"
ရှောင်းကျဲယွိက သက်တော်စောင့်တပ်မှူးကို လှမ်းကြည့်လိုက်သည်။ သက်တော်စောင့်တပ်မှူးက လီရွှမ်းအာကို ဆွဲထူပြီး နောက်ပြန်ဆုတ်သွားသည်။ တချိန်တည်းမှာပင် ရှောင်းကျဲယွိက အနက်ရောင်ပိုးကောင်ကို ပြန်ထွေးထုတ်လိုက်သည်။ ပျော့ပြောင်းနေရမည့် ထိုပိုးကောင်က တောင့်တင်းနေပြီ သေသွားသည်မှာ ကြာနေမှန်း သိသာထင်ရှားနေသည်။ ရှောင်းကျဲယွိက သူ၏အတွင်းအားကို အသုံးပြုပြီး ကြိုးကို လှုပ်ခါလိုက်ရာ သူ ချက်ချင်း လွတ်မြောက်သွားသည်။
ဒါက အချစ်ကူလေ၊ အရင်က ကျဆုံးမှုဆိုတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ ရှောင်းကျဲယွိ ပါးစပ်ထဲ ကူကောင်ဝင်သွားတာကို သူမ မြင်လိုက်ရတယ်လေ။ သူက ဘယ်လိုလုပ်ပြီး ပြန်တွေးထုတ်နိုင်ရတာလဲ?
"ရှောင်းကျဲယွိ၊ ငါ့အမိန့်ကို နာခံစမ်း"
သူမရှေ့မှ မြင်ကွင်းက ဝမ်ရှို့ကို အကြီးအကျယ် ထိတ်လန့်သွားစေပြီး သူမ ကမန်းကတန်း အော်ဟစ်လိုက်သည်။ ထို့အပြင် သူမက သူမလက်ထဲမှ ဓားမြှောင်ဖြင့် ရှောင်းကျဲယွိ၏နှလုံးသားနေရာကို ကျောဘက်မှ လှမ်းထိုးလိုက်သည်။
သူမတို့ရဲ့ တိုင်းပြည်ကို ပြန်မထူထောင်နိုင်ရင်တောင် သူမ ကလဲ့စားချေနိုင်မှ ဖြစ်မယ်။ သူ့ကို သတ်နိုင်တာနဲ့ သူမတို့လုပ်ခဲ့တဲ့အရာအားလုံး ထိုက်တန်တယ်လို့ ပြောနိုင်တယ်။
သို့သော်လည်း သူမ ရှောင်းကျဲယွိ၏ သိုင်းပညာကို လျှော့တွက်နေမိဆဲ ဖြစ်သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် ရှောင်းကျဲယွိက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ သူက ယောကျာ်းမိန်းမ ကွဲပြားနေမှုအတွက်ပင် မထောက်ထားတော့ဘဲ ဝမ်ရှို့၏လက်ကောက်ဝတ်ကို တိုက်ရိုက် လိမ်ချိုးလိုက်သည်။ ဝမ်ရှို့က နာကျင်မှုကြောင့် အကျယ်ကြီး အော်ဟစ်ကာ သူမလက်ထဲမှ ဓားမြှောင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဘေးနားတွင် ရှိနေသည့် သက်တော်စောင့်များက ချက်ချင်း ရှေ့တိုးလာပြီး ဝမ်ရှို့ကို ဖမ်းဆီးကာ မြေပြင်ပေါ်၌ ဖိနှိပ်ထားလိုက်ကြသည်။
သူတို့က သူတို့၏ဧကရာဇ်အား ဓားစာခံအဖြစ် ချုပ်နှောင်ချင်သည့် ဤအမျိုးသမီးအား အလွန် မုန်းတီးနေကြသည်။ ထို့ကြောင့် သက်တော်စောင့်များက ဝမ်ရှို့အား ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံနေကြသည်။
သူတို့က သူမကို ကြိုးတုပ်နေရင်း သူမ၏ လက်မောင်များကိုပင် လိမ်ချိုးလိုက်ကြသေးသည်။ နာကျင်မှုကြောင့် ဝမ်ရှို့တစ်ယောက် တဆတ်ဆတ် တုန်ယင်နေပြီး နာကျင်ကြီးစွာ အော်ဟစ်ညည်းညူနေရသည်။ ယခင်ကလို မောက်မာမှုမျိုးလည်း မရှိနိုင်တော့ပေ။
"မင်းက ဟာဆာပြည်ထောင်ရဲ့ မင်းသမီးပဲ"
ရှောင်းကျဲယွိက ဝမ်ရှို့၏ အထောက်အထားအမှန်ကို တိုက်ရိုက် ထောက်ပြလိုက်သည်။ ဝမ်ရှို့က သူမ၏ဖြူဖျော့နေသော မျက်နှာဖြင့် မြေပြင်ပေါ်မှ မော့ကြည့်ရန် ကြိုးစားနေသည်။ သူမ၏ နဖူးပေါ်မှ ချွေးပေါက်ကြီးများ စီးကျလာပြီး သူမ၏ မျက်လုံးများထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။ ယခင်က လှပနေခဲ့သည့် မျက်နှာက ယခု အလွန်ကြောက်မက်ဖွယ်ဖြစ်နေလေသည်။
“ဟုတ်တယ်၊ ငါက ဟာဆာပြည်ထောင်ရဲ့ မင်းသမီးပဲဦ၊ နင်က ငါ့အစ်ကို ပါးထူလုကို သတ်ခဲ့တဲ့အပြင် ငါတို့ရဲ့တိုင်းပြည်ကို ဖျက်ဆီးဖို့ တာ့ထန်ပြည်ထောင်ကို ကူညီပေးခဲ့တဲ့လည်း နင်နဲ့ စူးချင်းပဲ။ နင်တို့ကြောင့် ဒီမြင့်မြတ်တဲ့ မင်းသမီးက ထွက်ပြေးတိမ်းရှောင်သူ ဖြစ်နေရပြီ။ အဲ့အတွက် လက်စားချေရမယ်။ ငါ ဒီနေ့ သတိလက်လွတ် ဖြစ်သွားလို့ နင်ရဲ့ထောင်ချောက်ထဲကို ကျသွားခဲ့တာ။ ငါ သရဲတစ္ဆေ ဖြစ်သွားရင်တောင် နင်တို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
ဝမ်ရှို့က မုန်းတီးမှု အပြည့်ဖြင့် ရှောင်းကျဲယွိကို စိုက်ကြည့်နေသည်။
သူမ သူ့ကို မုန်းတယ်၊ သူ့ကို မသတ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းတယ်။
"အရမ်းကောင်းတယ်၊ သေရတာက အသက်ရှင်နေတာထက် ပိုကောင်းတယ်ဆိုတာ မင်း သိသွားအောင် ငါ ပြောပြမယ်"
ရှောင်းကျဲယွိက ခေါင်းဆတ်လိုက်ပြီး ဝမ်ရှို့အား ထပ်ကြည့်လိုက်ပြန်သည်။ သူ့အကြည့်များက အေးစက်နေသည့်အပြင် ရက်စက်မှုများလည်း ပြည့်နှက်နေသေးသည်။
“လာကြစမ်း၊ သူ့(မ)ကို ခေါ်သွားပြီး စစ်မေးလိုက်ကြ၊ ဒီမြို့မှာ သစ္စာဖောက် ဘယ်လောက်ရှိတယ်ဆိုတာ ရအောင်မေး၊ ထွက်ပြေးသွားတဲ့ လူတွေရဲ့ အသိုက်ကိုပါ ရအောင် စစ်မေးကြ”
အဲ့တုန်းက ပါးထူလုက စီးပွားရေးသမားတစ်ယောက်လို ဟန်ဆောင်ထားပြီး သူ့ကိုယ်သူ ချူကျင်းဖုန်းလို့တောင် နာမည်ပေးထားသေးတယ်။ သူက မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အလယ်ပိုင်းလွင်ပြင်မှာ ပုန်းနေတဲ့အပြင် နောက်ပိုင်းမှာ သူ့ရဲ့ချင်းအာကိုတောင် တပ်မက်လာသေးတယ်။ သူ ဟာဆာပြည်ထောင်ကို ဖျက်ဆီးခဲ့မိတာအတွက် နောင်တမရဘူး။ ဒီလို အလယ်ပိုင်းလွင်ပြင်မှာ ပုန်းအောင်းနေတဲ့ ရန်သူကို သနားပေးဖို့ မလိုဘူးလေ။
ဝမ်ရှို့နဲ့ တာ့ထန်မှာ ယဲ့လွီချွမ်းကို ထိန်းချုပ်ထားတဲ့ အမျိုးသမီးက အမြွှာညီအစ်မတွေ ဖြစ်နိုင်ပေမယ့် သူတို့ နှစ်ယောက်တည်း လှုပ်ရှားနေတောတော့ မဖြစ်နိုင်ဘူး။ တခြားအကြွင်းအကျန်တွေ ရှိနေနိုင်တယ်။ သူတို့ကို မဖြစ်မနေ ဖယ်ရှားပစ်ရမယ်။
လီတာနျိုက သူ့ညီမကို တွဲထားရင်း နားမလည်နိုင်ဖြစ်နေသည့် အမူအရာဖြင့် ဝမ်ရှို့ကို လှမ်းကြည့်နေသည်။
ဒါဆို သူမက ဟာဆာပြည်ထောင်ရဲ့ မင်းသမီးပေါ့၊ ရွှေ့ရှန့်ကို ဒုက္ခပေးချင်လို့ သူ့ကို လက်ထပ်ခဲ့တာတဲ့လား?
အခုတော့ သူမှာ နောင်တတွေပဲ ရှိတော့တယ်။ သူ့မှာ ဝမ်ရှို့အတွက် ဘာခံစားချက်မှ မရှိတော့ဘူး။
သူ့မိဘတွေကို သတ်ခဲ့တဲ့ ရန်ကြွေးနဲ့ မုန်းတီးမှုတွေက ဘယ်တော့မှ ကုန်သွားမှာ မဟုတ်တော့ဘူး။ ပြီးတော့ သူမက အစကနေ အဆုံးအထိ သူ့ကို အသုံးချခဲ့တယ်။
သက်တော်စောင့်များက ဝမ်ရှို့ကို ကြိုးချည်ပြီး ဆွဲခေါ်သွားကြသည်။ ဝမ်ရှို့က လီတာ့နျိုကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူ့ကို အမိန့်ပေးလိုက်သည်။
"တာနျို့၊ သူ့ကို အခုချက်ချင်း သတ်ပစ်လိုက်"