ညီအစ်ကိုတွေ အချင်းချင်း သတ်ကြစမ်း
Vol. 42 Ch. 630
ဝမ်ရှို့၏စကားကို ကြားပြီးနောက်တွင် မူလက ဒေါသတရား၊ ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေခဲ့သည့် လီတာ့နျို၏ မျက်လုံးများက ချက်ချင်း နီရဲလာပြီး ရှောင်းကျဲယွိကို ရုတ်တရက် ခုန်အုပ်လိုက်သည်။
ဘေးနားမှ သက်တော်စောင့်များက အလျင်အမြန် ပြေးလာကြပြီး လီတာ့နျိုကို တားဆီးရန် ကြိုးစားနေကြသည်။ သို့သော်လည်း ဘာကြောင့်မှန်းမသိ လီတာ့နျို၏ ခွန်အားက အလွန် ကြီးမားနေပြီး သက်တော်စောင့်နှစ်ယောက် နောက်သို့ ပြန်လွင့်စင်သွားရသည်။ လီတာ့နျိုက ရှောင်းကျဲယွိဆီသို့ အလျင်အမြန် ပြေးဝင်သွားပြီး ရှောင်းကျဲယွိအား လည်ပင်းညှစ်သတ်ရန် လက်လှမ်းလိုက်သည်။
ရှောင်းမိသားစုစစ်သည်များကလည်း သူတို့၏ဧကရာဇ်မင်းမြတ်အား ကာကွယ်ရန် အပြေးအလွှား ရောက်ရှိလာကြပြီး လီတာ့နျိုအား သူတို့၏ဓားများ၊ လှံများဖြင့် စတင်တိုက်ခိုက်နေကြသည်။
“သူ့ကို မထိခိုက်စေနဲ့”
ရှောင်းကျဲယွိက ကျယ်ကျယ်လောင်လောင် အော်ဟစ်အမိန့်ပေးလိုက်သည်။
“သူ့ကို ထိန်းရုံပဲ ထိန်းထား”
ရှောင်းကျဲယွိက လီတာ့နျို အဆိပ်မိနေသည်ကို နားလည်သွားခဲ့သည်။ သို့သော်လည်း ၎င်းက မည်သည့်အဆိပ်ဖြစ်သည်ကိုတော့ သူ မသိနိုင်သေးပေ။ လီတာ့နျို၏ ခွန်အားက ရုတ်တရက် သိသိသာသာ တိုးလာပြီး ဓားနှင့် လှံများပင် တိုးမပေါက်နိုင်ဖြစ်နေကာ ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ သူ့မျက်လုံးများက အလွန်အမင်း နီရဲနေပြီး သွေးများမှလွှဲ၍ ဘာမှ မရှိတော့သလို ထင်ရစေသည်။ ထို့အပြင် သူ့ထံ၌ ဆင်ခြင်တုံတရား လုံးဝ ပျောက်ဆုံးနေသလို ဖြစ်နေခဲ့သည်။
ရှောင်းကျဲယွိက သူ့၏ညီအစ်ကိုကောင်း အသတ်ခံရမည်ကို မကြည့်ရက်နိုင် ဖြစ်နေခဲ့သည်။ ချိုးယုံခန်းအား သူ့၏သစ္စာဖောက်မှုကြောင့် ချေမှုန်းပစ်ခဲ့ရသော်လည်း လီတာ့နျိုကတော့ ပြင်ပ ပရောဂကြောင့် လူစိတ်ပျောက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ရှောင်းကျဲယွိက သူ့ကို မသတ်နိုင်သလို ထိခိုက်ဒဏ်ရာရအောင်လည်း မလုပ်ချင်ပေ။
ဝမ်ရှို့က ရှောင်းကျဲယွိအား ထူးဆန်းသော အပြုံးဖြင့် ကြည့်နေပြီး သူမ၏ပုံစံက ပွဲကြီးပွဲကောင်းကို စောင့်မျှော်နေဟန်ရှိသည်။
ညီအကိုတွေ အချင်းချင်း သတ်နေကြပြီ၊ အရမ်းကောင်းတယ်။ ရှောင်းကျဲယွိရဲ့ အတုအယောင် ကြင်နာမှုနဲ့ ဖြောင့်မတ်မှုတွေက ဘယ်လောက်ကြာကြာ ဆက်ရှိနိုင်မလဲဆိုတာ သူမ မြင်ချင်ပါသေးရဲ့။
ဒီနေ့ ရှောင်းကျဲယွိ လီတာ့နျိုကို သတ်လိုက်တာနဲ့ သူက သူ့ရဲ့သွေးသောက်ညီအစ်ကိုကို ဒုက္ခရောက်စေတဲ့သူ ဖြစ်သွားလိမ့်မယ်။ လူအများက သူ့ကို လှောင်ပြောင်ပြီး သူ့ရဲ့ဂုဏ်သတင်းလည်း ပျက်ဆီးသွားလိမ့်မယ်။
"သူ့(မ)ရဲ့မျက်လုံးတွေကို ဖောက်ထုတ်လိုက်"
ရှောင်းကျဲယွိက ဝမ်ရှို့အား ထိန်းချုပ်ထားသည့် သက်တော်စောင့်များကို ရုတ်တရက် အမိန့်ပေးလိုက်သည်။ ဝမ်ရှို့၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး အစွမ်းကုန် ရုန်းကန်ရင်း ရင်ကွဲလုနီးပါး အော်ဟစ်နေသည်။
"နင်က လူ မဟုတ်ဘူး၊ နင်က လူ မဟုတ်ဘူး၊ နင်က သားရဲပဲ၊ ကောင်းကင်ဘုံက နင့်ကို မိုးကြိုးနဲ့ အပြစ်ပေးလိမ့်မယ်၊ အဖေ၊ ဒုတိယအစ်ကို၊ သူ့ကို အမြန် လာခေါ်သွားပါတော့”
သက်တော်စောင့်များက သူမ၏မျက်လုံးများအား ဖောက်ထုတ်တော့မည်ကို မြင်နေရသောကြောင့် ဝမ်ရှို့တစ်ယောက် ကြောက်ရွံ့မှုအပြည့်ဖြင့် အော်ဟစ်နေသည်။ သူမက ရှောင်းကျဲယွိအား တိုက်ခိုက်ရန်ပင် စိတ်မဝင်စားနိုင်တော့ဘဲ အဆုတ်ထိပ်မှ အသံဖြင့် လီတာ့နျိုကို အကူအညီလှမ်းတောင်းလိုက်သည်။
"လီတာ့နျို၊ ငါ့ကို ကယ်ပါ၊ ငါ့ကို အရင် ကယ်ပေး"
ရှောင်းမိသားစုစစ်သည်များက လီတာ့နျိုကို ဝိုင်းရံထားကြသည်။ ရှောင်းကျဲယွိက သူ့စစ်သည်များကို လက်နက်သုံးရန် ခွင့်မပြုထားခဲ့ပေ။ ဝမ်ရှို့၏အော်သံကို ကြားလိုက်ရချိန်တွင် လီတာနျိုက စစ်သည်လေးငါးခြောက်ယောက်ကို တွန်းတိုက်ပြီး သူမဆီသို့ ပြေးသွားခဲ့သည်။ သူ့ကို ပိတ်ဆို့ထားသည့် လူအားလုံးလည်း လွင့်စင်သွားရပြန်သည်။ သူ့ထံတွင် မဖြစ်နိုင်သော ခွန်အားတစ်ခု ရှိနေပြီး အလျင်အမြန် ပြေးလွှားလာနေခဲ့သည်။ သက်တော်စောင့်များကလည်း သူ ပြေးလာနေသည်ကို မြင်သွားပြီး ဝမ်ရှို့၏မျက်လုံးတစ်ဖက်ကို အမြန်ဖောက်ထုတ်လိုက်ကြသည်။ ဝမ်ရှို့အတွက် မျက်လုံးတစ်လုံး ဆုံးရှုံးသွားရပြီး ထိုဝေဒနာကြောင့် မော့မြောသွားသည်။ လီတာ့နျိုက မြေပြင်ပေါ်၌ အမြစ်တွယ်သလို ချက်ချင်း ရပ်တန့်သွားပြီး ဦးတည်ရာမဲ့ဖြစ်သွားပုံရသည်။ ရှောင်းကျဲယွိက ထိုအချိန်ကို အခွင့်အရေးကို ယူပြီး သူ့၏အပ်စိုက်မှတ်တချို့ကို ဖိနှိပ်လိုက်သည်။ စစ်သည်များက လီတာနျိုဘေးသို့ ဝိုင်းအုံလာပြီး သူ့ကို လက်မလုံးလောက်အထူရှိသည့် ကြိုးများဖြင့် ချည်နှောင်လိုက်ကြသည်။
"သံကြိုးတွေကို သုံး"
ရှောင်းကျဲယွိက စစ်သည်များ၏လက်ထဲမှ ကြိုးကို ကြည့်ကာ ထပ်ညွှန်ကြားလိုက်သည်။
တာ့နျိုက အဆိပ်မိပြီး အသိလွတ်နေပြီ၊ အခုသုံးနဲ့တဲ့ ကြိုးတွေက သူ့ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ ပို စိတ်ချအောင် သူကို သံကြိုးတွေနဲ့ တုတ်နှောင်ထားပြီး အဆိပ်ဖြေပေးဖို့ ချင်းအာ ပြန်လာတဲ့အထိ စောင့်ရတော့မယ်။
လီရွှမ်းအာ၏ခင်ပွန်းဖြစ်သူက သူမကို တွဲပေးပြီး အိမ်ထဲမှ ပြန်ထွက်လာကြသည်။ တော်ဝင်သမားတော်က သူမ၏လည်ပင်းမှ ဒဏ်ရာကို ပတ်တီးစည်းထားပေးပြီး ဖြစ်သည်။ ရှောင်းကျဲယွိက သူမ၏အစ်ကိုအား သံကြိုးများဖြင့် ချည်နှောင်ရန် အမိန့်ပေးနေသည်ကို မြင်လိုက်ရသည့် လီရွှမ်းအာက ရှောင်းကျဲယွိကို အလောတကြီး တောင်းပန်လိုက်သည်။
"အစ်ကိုရွှေ့ရှန့်၊ အစ်ကိုကြီးကို မဖမ်းပါနဲ့"
“အဲဒီမိန်းမက သူ့ကို ကျိန်စာတိုက်ထားတယ်။ ဒါက သူ့ကို ကာကွယ်ဖို့ လုပ်နေတာပါ၊ မင်းရဲ့အစ်မစူးချင်း ပြန်လာပြီး သူ့ကို ကုသပေးတဲ့အထိ ငါတို့ စောင့်ရတော့မယ်"
ရှောင်းကျဲယွိက လီရွှမ်းအာအား ရှင်းပြသည်။ လီရွှမ်းအာက အနည်းငယ် ဇဝေဇဝါ ဖြစ်နေသော်လည်း ရှောင်းကျဲယွိက သူမ၏အစ်ကိုကြီး ထိခိုက်အောင် လုပ်မည်မဟုတ်ကြောင်း သူမ နားလည်နေသည်။
လီရွှမ်းအာ၏ အဖြူရောင် ဝမ်းနည်းခြင်းဝတ်စုံတွင်လည်း အနီရောင်သွေးများ စွန်းထင်းနေသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ်အပျက်ကို ကြုံခဲ့ရပြီး သွေးအလွန်အကျွံ ဆုံးရှုံးခဲ့ရခြင်းကြောင့် သူမ ခေါင်းမူးနေသော်လည်း အနားယူရန် အိမ်ထဲသို့ မဝင်ဘဲ အပြင်တွင် နေရန် အတင်းအကျပ် တောင်းဆိုနေခဲ့သည်။
အခု သူမရဲ့အစ်ကိုကြီးက အဖမ်းခံထားရတယ်။ သူမ ထွက်သွားရင် သူမတို့ရဲ့မိဘတွေကို ဘယ်သူက စောင့်ကြည့်ပေးမှာလဲ?
လီရွှမ်းအာ၏ခင်ပွန်းက ကြင်နာတတ်သူ ဖြစ်ပြီး သူ့ဇနီးဘေးတွင် အမြဲ ရှိနေပေးခဲ့သည်။ သူက ယောက္ခမများရှေ့တွင် ဒူးထောက်နေပြီး ရွှေစက္ကူများအား မီးရှို့ပေးနေသည်။
ရှောင်းကျဲယွိက လီတာ့နျိုအား ခေါ်ဆောင်သွားရန် သူ့လူတွေကို အမိန့်ပေးလိုက်သည်။
အခု တာ့နျိုက အန္တရာယ် ရှိနေပြီဆိုတော့ သူ့ကို ခေါ်သွားမှ ဖြစ်တော့မယ်။
ဝမ်ရှို့က မေ့မြောနေရာမှ သတိပြန်ရနေပြီ ဖြစ်သည်။ သူမ၏မျက်လုံးများ ဖောက်ထုတ်ခံထားရသောကြောင့် သူမ၏မျက်နှာက ကြောက်မက်ဖွယ်ရာ ဖြစ်သွားခဲ့သည်။ နာကျင်မှုက သူမ၏တစ်ကိုယ်လုံးကို တုန်ယင်နေစေပြီး အဆုံးမဲ့ အမှောင်ထုက သူမကို အထိတ်တလန့်နှင့် အားကိုးရာမဲ့ ဖြစ်သွားစေသည်။
လက်ရှိအချိန်တွင် သူမက စုန်းအတတ်ကို သိသော ရက်စက်ကြမ်းကြုတ်ပြီး လိမ္မာပါးနပ်သည့် မင်းသမီးတစ်ပါး မဟုတ်တော့ပေ။ သူမက သနားစရာကောင်းသော မျက်မမြင်မိန်းခလေးတစ်ဦးမျှသာ ဖြစ်သည်။
သူမတို့ စေ့စေ့စပ်စပ်နှင့် ဂရုတစိုက် ကြံစည်ခဲ့သည့် အစီအစဉ်များက လုံးဝ ကျရှုံးသွားပြီ ဖြစ်သည်။ သူမ၏ပြိုင်ဘက်က အစွမ်းထက်လွန်းသောကြောင့် သူမ တစ်ဖက်လူကို လှုပ်တောင် မလှုပ်နိုင်ခဲ့ပေ။
ဝမ်ရှို့၏ ဟောင်းလောင်းဖြစ်နေသည့် အနက်ရောင်မျက်ဝန်းအိမ်များမှ သွေးများ စီးကျနေသည်။ သို့တိုင်အောင် သူမက သူမ၏လျှာဖျားကို ကိုက်ကာ ရှောင်းကျဲယွိနှင့် စူးချင်းတို့အား သွေးကျိန်စာတိုက်ရန် ကြိုးစားနေသေးသည်။
“ကောင်းကင်ဘုံကို ကျိန်ဆိုပါတယ်။ ကျွန်မ ဘယ်တော့မှ ပြန်လည်မမွေးဖွားလာဖို့ ဆန္ဒရှိပါတယ်၊ သူတို့ တစ်မိသားစုလုံး အလောင်းမပါဘဲ သေဆုံးသွားအောင် ကျွန်မ လုပ်ချင်ပါတယ်"
ရှောင်းကျဲယွိက သူမ၏ အပ်စိုက်မှတ်ကို ဖိချလိုက်ပြီး သူမ သူမ၏လျှာကို မကိုက်နိုင်စေရန် သူမ၏ ပါးစပ်ထဲသို့ သစ်သားချောင်း ထည့်ထားရန် အမိန့်ပေးလိုက်သည်။
သူမထံတွင် ကြံရာပါမည်မျှရှိသည်ကို ရှာဖွေရန် လိုအပ်နေသေးသောကြောင့် ရှောင်းကျဲယွိက ဝမ်ရှို့အား ခေါ်ဆောင်သွားရန် အမိန့်ပေးလိုက်သည်။
ရှောင်းကျဲယွိက လီမိသားစုအိမ်တွင် ဆက်နေနေပြီး အဒေါ်လီနှင့် ဦးလေးလီတို့အတွက် အမွှေးတိုင်ထွန်းကာ ငွေစက္ကူအချို့ကို မီးရှို့နေခဲ့သည်။ သူလည်း အလွန်စိတ်ဓာတ်ကျနေပြီး သူ အဒေါ်လီနှင့် ဦးလေးလီတို့အား ဒုက္ခပေးမိသလို ခံစားနေရသည်။
သူတို့သာ သူနဲ့ သိမနေခဲ့ရင် ဒါမှမဟုတ် တာ့နျိုသာ သူ့ရဲ့ညီအစ်ကိုကောင်း မဟုတ်နေရင် ဝမ်ရှို့က သူတို့ကို လာရှာမှာ မဟုတ်ဘူး။
"အစ်ကိုရွှေ့ရှန့်၊ အစ်ကိုကြီးရဲ့ရောဂါက ပျောက်နိုင်ပါ့မလားဟင်?"
လီရွှမ်းအာက ရှောင်းကျဲယွိကို လှမ်းမေးရင်း ငိုနေပြန်သည်။ သူမက သူမ၏လည်ပင်းမှ ဒဏ်ရာအတွက် စူးချင်း သူမအတွက် ပေးခဲ့သည့်ဆေးကို အသုံးပြုထားပြီး ဖြစ်သည်။ ထိုဆေးကို လိမ်းပြီးနောက် လည်ပင်းတစ်ဝိုက် အေးမြသွားပြီး နာကျင်မှုကိုလည်း မခံစားရတော့ပေ။ လက်ရှိအချိန်တွင် သူမက သူမ၏အစ်ကိုကြီးအတွက်သာ စိတ်ပူနေရှာသည်။
"အင်း၊ မင်းတို့ရဲ့အစ်မစူးချင်းက သူ့ကို ကုသပေးနိုင်မှာ သေချာတယ်"
ရှောင်းကျဲယွိက အသေအချာ အာမခံလိုက်သည်။
ချင်းအာ သူ့ဆီကို အချစ်ကူ အရင် ထည့်ပေးလိုက်တာ သူ့အတွက် ကံကောင်းသွားတယ်။ ဝမ်ရှို့ သူ့ပါးစပ်ထဲ ပိုးကောင် ထည့်လိုက်တာနဲ့ ပိုးကောင်က ချက်ချင်း သေသွားတယ်။ ချင်းအာက သူရဲ့ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ သူမက အန္တရာယ်ကို အမြဲ ကြိုတင်ခန့်မှန်းနိုင်တယ်။
"အစ်မစူးချင်း ဘယ်တော့ပြန်လာမှာလဲ?"
“အင်း...အဲ့ဒါက နည်းနည်းတော့ ကြာနိုင်တယ်”
ရှောင်းကျဲယွိကိုယ်တိုင်လည်း စူးချင်း ဘယ်တော့ပြန်လာမည်ကို မသိပေ။
ထျန်းရှန့်ကို သွားရမယ့် ခရီးက အရမ်းရှည်လျားပြီး အသွားအပြန်ဆိုရင်တောင် တစ်လကျော်လောက် ကြာနိုင်တယ်။ ပြီးတော့ နှင်းကြာပန်းကိုလည်း ရှာရဦးမယ်။ ပြီးတော့ နှင်းကြာပန်းကို ရေစက်ပါတဲ့ သူတွေပဲ ရှာတွေ့နိုင်တယ်လို့ သူရဲ့မွေးစားအဖေပြောတာကို သူ ကြားဖူးတယ်။ ကံကြမ္မာမရှိတဲ့သူတွေကတော့ ပန်းပွင့်တာကို မမြင်နိုင်ကြဘူးတဲ့။
"ဒါဆို အစ်ကိုကြီး ဘာဖြစ်သွားနိုင်လဲ?"
လီရွှမ်းအာက သူမ၏အစ်ကိုကြီးအတွက် အလွန်စိုးရိမ်နေရှာသည်။ သူမက ရှောင်းလန်ရှင်းဆီမှ သူမ၏အစ်ကိုကြီး မည်သည့်ပုံစံဖြစ်သွားခဲ့သည်ကို သိထားပြီး ဖြစ်သည်။
အစ်ကိုကြီးက အစ်မစူးချင်း ပြန်လာတဲ့အထိ မစောင့်နိုင်ရင် ဘယ်လိုလုပ်ကြမလဲ?
"ငါ ဝမ်ရှို့ကို သွားကြည့်လိုက်ဦးမယ်။ သူ(မ)က စုန်းအတက်ကို သုံးနိုင်မှတော့ သူ့(မ)မှာ ဖြေရှင်းဖို့ နည်းလမ်းလည်း ရှိနိုင်တယ်”
ရှောင်းကျဲယွိကလည်း အချိန်ကြာလာလျှင် လီတာ့နျို တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေပြီး အကျဥ်းထောင်သို့ သွားကာ ဝမ်ရှို့ထံမှ ဖြေဆေးတောင်းရန် ဆုံးဖြတ်လိုက်သည်။
"အဲဒီမိန်းမက အစ်ကိုရွှေ့ရှန့်ကို ပေးပါ့မလား?"
လီရွှမ်းအာက ဝမ်ရှို့ သူမ၏လည်ပင်းအား ဓားမြှောင်ဖြင့် လှီးဖြတ်လိုက်သည့်ခံစားချက်ကို ပြန်တွေးလိုက်ပြီး တုန်လှုပ်သွားပြန်သည်။
အဲဒီမိန်းမက အရမ်းရက်စက်တယ်။ အဆိပ်ဖြေဆေး ပေးပါ့မလား?
ရှောင်းကျဲယွိက သူ့လက်ထဲမှ နောက်ဆုံး ငွေစက္ကူတစ်ရွက်ကို မီးဖိုထဲသို့ ထည့်လိုက်ပြီး သူ့လက်ကို ရိုက်ခါရင်း မတ်တပ်ထရပ်လိုက်သည်။ သူက တော်ဝင်ဆန်သော အမူအရာကို ပြန်လည်ထိန်းသိမ်းလိုက်ပြီး အာမခံလိုက်ပြန်သည်။
“ငါမှာ အစီအစဥ် ရှိတယ်”
“ရှောင်ယင်၊ မင်း ဒီမှာ နေခဲ့ပြီး ရွှမ်းအာကို အဖော်လုပ်ပေးလိုက်ဦး"
ရှောင်းကျဲယွိက သူ မထွက်သွားခင် သူ့ညီမကို လှမ်းပြောလိုက်သည်။
ရှောင်ယင်နဲ့ ရွှမ်းအာတို့က ညီအစ်မတွေလို ဖြစ်နေကြပြီး အဒေါ်လီနဲ့ ရှောင်ယင်ရဲ့ဆက်ဆံရေးကလည်း အမေနဲ့သမီးလိုပဲ။ သူ ရှောင်ယင်ကို ခေါ်သွားချင်ရင်တောင် ရှောင်ယင်က သူနဲ့ လိုက်ချင်မှာ မဟုတ်ဘူး၊ အဲ့တော့ ရှောင်ယင့်ကို နေခွင့်ပေးလိုက်တာက အကောင်းဆုံးပဲ။
ရှောင်းလန်ရှင်းက ကြင်ယာတော်မင်းသမီး ဖြစ်နေပြီ ဖြစ်သော်လည်း သူမ၏အဆင့်အတန်းကို ဂရုမစိုက်ဘဲ အဒေါ်လီအတွက် ဝမ်းနည်းခြင်းအဝတ်အစားများ ဝတ်ဆင်ကာ သူမ၏နောက်ဆုံးခရီးအား လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။
ရှောင်းကျဲယွိက မော့ချန်၏ အကျဉ်းထောင်မှ ညှဉ်းပန်းနှိပ်စက် စစ်ဆေးမေးမြန်းသည့်အခန်းသို့ ရောက်ရှိလာခဲ့သည်။ ဤအကျဥ်းထောင်၏ စစ်ကြောရေးအခန်းက မြေပြင်ပေါ်မှ ငရဲတစ်ခု ဖြစ်သည်။
အရိုးတွေ ဘယ်လောက်ပဲ မာမာ၊ သူတို့ ဒီနေရာကို ဝင်လိုက်တာနဲ့ မသေမှာကိုတောင် ကြောက်ပြီး မြန်မြန်အဆုံးသတ်ပေးဖို့ တောင်းဆို ရလိမ့်မယ်။
ကံကောင်းထောက်မစွာဖြင့် ဝမ်ရှို့၏မျက်လုံးများက ဖောက်ထုတ်ခံထားရသည်။ ထို့ကြောင့် အကျဉ်းထောင်တွင်းရှိ အရာများကို သူမ မမြင်နိုင်ပေ။ သို့တိုင်အောင် ဤအကျဥ်းထောင်ထဲအတွင်းမှ ရက်စက်ကြမ်းကြုတ်မှုနှင့် မှောင်မိုက်မှုကို သူမ ခံစားရသေးသည်။ သူမ ဤနေရာသို့ ဝင်လိုက်သည်နှင့် သူမ၏ဆံပင်များ ထောင်တက်သွားသလို ခံစားလိုက်ရသည်။
သူမ အော်ဟစ်ချင်သော်လည်း မနေနိုင်ပြန်ပေ။ သူမ မိမိဘာသာ လျှာကိုက်ပြီး သတ်သေချင်သောလည်း ပါးစပ်ထဲမှာ ထင်းချောင်းတစ်ချောင်း ရှိနေပြန်သည်။ သေခြင်းက သူမအတွက် အလှမ်းမမီနိုင်သော တန်ဖိုးကြီးပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။
“ငါ့ကို အမှန်အတိုင်းပြောရင် အသားနာတာ သက်သာလိမ့်မယ်”
လီဖူဟိုင်က ဝမ်ရှို့ကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမေးမြန်းနေသည်။
ဒီမိန်းမက ဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူလေ။ သူ့နယ်မြေမှာ ဧကရာဇ်မင်းမြတ်ကို တစ်ခုခု ဖြစ်သွားရင် သူ တာဝန်ခံရမှာ မဟုတ်ဘူးလား?
ထို့အတွေးကြောင့် လီဖူဟိုင်က ဝမ်ရှို့ကို အမုန်းကြီး မုန်းတီးနေခဲ့သည်။
သူ မော့ချန်မှာ ပုန်းအောင်းနေတဲ့ လုပ်ကြံသတ်ဖြတ်သူအားလုံးကို ရှာဖွေနိုင်ရမယ်။ သူတို့ ရောက်လာရင် သူက သူတို့ကို အကောင်းဆုံးညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ဧည့်ခံပေးမယ်။
......။.......။........