← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 11 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 11 Ch. 131-132

အပိုင်း ၁၃၁

ခေါင်းဆောင်သည် သတိလစ်ခါနီးဖြစ်နေပြီး လှေကားပေါ်မှ နောက်ပြန် ပြုတ်ကျတော့မည်ကို ရှဲ့ကျန်း မြင်လိုက်ရသည်။ သူ ချက်ချင်း ရှေ့သို့ ခုန်လိုက်ပြီး မပေါက်ကွဲမီ ခေါင်းဆောင်ကို အနောက်သို့ ဆွဲယူလိုက်သည်။ လက်ပစ်ဗုံးသည် ကျယ်လောင်သော အုန်းခနဲ အသံနှင့်အတူ ပေါက်ကွဲသွားသည်။

ပေါက်ကွဲမှု ငြိမ်သက်သွားသောအခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မြေပြင်ပေါ်သို့ ဝပ်ချလိုက်သော ရှဲ့ကျန်းသည် မတ်တတ်ရပ်လိုက်ပြီး လျှို့ဝှက်ခန်းတံခါးမှ သော့ခလောက်ကို သေနတ်ဖြင့် အမြန် ချိန်ရွယ်ပစ်ခတ်လိုက်သည်။ ထို့နောက် သတိလစ်နေပြီဖြစ်သော ခေါင်းဆောင်ကို အခန်းထဲသို့ ဆွဲသွင်းလိုက်သည်။ ထိုအချိန်ကျမှ ခေါင်းဆောင်၏ ဘယ်ဘက်ခြေထောက် ပေါက်ကွဲမှုတွင် ပါသွားပြီး ခြေသလုံးတစ်ခုလုံး ပြတ်ထွက်သွားသည်ကို သူ သတိထားမိလိုက်သည်။

ရှဲ့ကျန်းသည် ဤလူအတွက် သနားစိတ် မရှိပေ။ ခေါင်မိုးပေါ်မှ အခုလေးတင် ဆင်းလာသော နံပါတ် နှစ်ကို အမြန် လှမ်းခေါ်ပြီး ကျိုးပဲ့နေသော လှေကားထံသွား၍ ထိခိုက်သေဆုံးမှုများကို စစ်ဆေးရန် အမိန့်ပေးလိုက်သည်။

ထိုနေရာကို စစ်ဆေးကြည့်ရာ အောက်ခြေမှ အသက်ငွေ့ငွေ့သာ ကျန်ပြီး အားနည်းစွာ အသက်ရှူနေသော တစ်ယောက်မှလွဲ၍ ကျန်ရှိသော ရန်သူ အနည်းငယ် အားလုံး သေဆုံးကုန်ပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ရှဲ့ကျန်းနှင့် နံပါတ် နှစ် တို့ လျှောက်လာသည်ကို မြင်သောအခါ ထိုလူက အားနည်းစွာ တောင်းပန်လိုက်သည်။

"... ကယ်ပါဦး... ကျေးဇူးပြုပြီး... ကျွန်တော် မသေချင်ဘူး..."

ရှဲ့ကျန်းသည် ခန္ဓာကိုယ်အောက်ပိုင်း ပြတ်ထွက်နေသော ရန်သူကို အေးစက်စွာ ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် သနားသည့်အရိပ်အယောင် မတွေ့ရပေ။ သူ၏ လက်ချောင်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီး သူ့ကို အဆုံးသတ်ရန် နောက်ထပ် တစ်ချက် လျင်မြန်စွာ ပစ်ခတ်လိုက်သည်။

ထိုလူ၏ ဒဏ်ရာက ကယ်၍မရနိုင်လောက်အောင် ဖြစ်နေရုံသာမက ကယ်တင်နိုင်ခဲ့လျှင်တောင် ရှဲ့ကျန်းသည် ရန်သူတစ်ယောက်အပေါ် မည်သည့် အရင်းအမြစ်မှ ဖြုန်းတီးမည် မဟုတ်ပေ။

သူတို့ ဤနေရာကို ဆယ်စုနှစ်တစ်ခုကျော် သိမ်းပိုက်ထားခဲ့ပြီး မရေမတွက်နိုင်သော နိုင်ငံသားများ သေဆုံးစေခဲ့သည်ကို တွေးမိသောအခါ၊ လွန်ခဲ့သော ရက်အနည်းငယ်က သူတို့လက်ချက်ဖြင့် ကျဆုံးခဲ့ရသော စစ်သားရာပေါင်းများစွာ ပါဝင်သောကြောင့် ရှဲ့ကျန်း သနားစိတ် မရှိတော့ပေ။

သူ့ကို ကယ်ရမယ် ဟုတ်လား။ အဲဒီတုန်းက သူ့ရဲဘော်တွေကိုကျ ဘယ်သူမှ လာမကယ်ခဲ့ကြတာလဲ။

နံပါတ် နှစ်သည် နေရာကို သေချာ စစ်ဆေးလိုက်ပြီး ခေါင်းဆောင်မှလွဲ၍ အခြား အသက်ရှင်ကျန်ရစ်သူ မရှိသည်ကို မြင်သောအခါ၊ ရှဲ့ကျန်း ကျည်ပြန်ဖြည့်နေသည်ကို လျစ်လျူရှုပြီး သူ့ကို အလေးပြုကာ သတင်းပို့လိုက်သည်။

"ခေါင်းဆောင်၊ အခြား အသက်ရှင်ကျန်ရစ်သူ မရှိပါဘူး"

ရှဲ့ကျန်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေါင်းဆောင်ကို သတိလစ်သွားအောင် သူ့ဇနီးသည်၏ လုပ်ရပ်က ဖြစ်စေခဲ့တာဖြစ်နိုင်ကြောင်း တွေးမိပြီး စိုးရိမ်စိတ်ဝင်လာကာ ပြောလိုက်သည်။

"နံပါတ် သုံးနဲ့ တခြားသူတွေကို သွားကြည့်လိုက်။ ပြီးရင် ဒီလူကို ကုပေးဖို့ စစ်ဘက်ဆရာဝန် စုရှီကို ခေါ်ခဲ့လိုက်။ သူက အသုံးဝင်သေးတယ်"

"ဟုတ်ကဲ့"

နံပါတ် နှစ် လှေကားမှ ချက်ချင်း ပြေးဆင်းသွားသော်လည်း တစ်ဝက်လောက်အရောက်တွင် အောက်ခြေလှေကားများ လက်ပစ်ဗုံးကြောင့် ပျက်စီးနေသည်ကို တွေ့လိုက်ရသည်။ တွန့်ဆုတ်မနေဘဲ သုံးမီတာကျော် အမြင့်မှ ခုန်ချလိုက်ပြီး ပေါ့ပါးစွာ မြေချကာ စုရှီ ရှိရာသို့ ပြေးသွားလိုက်သည်။

ထိုအချိန်တွင် ရှဲ့ကျန်းသည် လျှို့ဝှက်ခန်းထဲသို့ ပြန်ဝင်သွားပြီး သတိလစ်နေသော ရန်သူ့ခေါင်းဆောင်ကို ခေါင်းမှ ခြေဖျားအထိ၊ ဆံပင်နှင့် ပါးစပ်များ အပါအဝင် ဦးစွာ စစ်ဆေးလိုက်သည်။ လက်နက်အားလုံး သိမ်းဆည်းပြီးကြောင်း သေချာစေပြီးနောက် ခေါင်းဆောင်ကို ကြိုးဖြင့် တုပ်နှောင်လိုက်သည်။

ထို့နောက် ကျောက်ခန်းထဲမှ စာရွက်စာတမ်းများကို စတင် ရှာဖွေလိုက်သည်။ အများစုကို သားရေအိတ်များထဲတွင် သိမ်းဆည်းထားသည်။ ထိုစာရွက်စာတမ်းများကို အမြဲတမ်း ဤကဲ့သို့ သိမ်းဆည်းထားခြင်းလား သို့မဟုတ် မကြာသေးမီက ဆုတ်ခွာရန်အတွက် ခေါင်းဆောင်က အလျင်စလို ထုပ်ပိုးထားခြင်းလား ဆိုသည်မှာ မရှင်းလင်းပေ။

သူသည် စာအိတ်တစ်အိတ်ကို ပေါ့ပေါ့ပါးပါး ဖွင့်ပြီး စတင်ဖတ်ရှုလိုက်သည်။ စာများကို R နိုင်ငံ ဘာသာစကားဖြင့် ရေးသားထားသည်။ ရှဲ့ကျန်းသည် R, Y နှင့် E ဘာသာစကားများကို ကျွမ်းကျင်စွာ တတ်မြောက်ထားပြီး ပါးလွှာသော စာရွက်များကို ဖတ်ရှုနေစဉ် ပုံမှန် တည်ငြိမ်သော သူ့အမူအရာသည် ဒေါသကြောင့် တဖြည်းဖြည်း တင်းမာလာခဲ့သည်။ သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် လက်ဆစ်များ ဖြူရော်လာခဲ့သည်။

မကြာမီ ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရပြီး ရှဲ့ကျန်း စိတ်လှုပ်ရှားသွားကာ သူ့ဇနီးနှင့် အခြားသူများ ဖြစ်ကြောင်း မှတ်မိလိုက်သည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့အတွင်းမှ ဆူပွက်လာသော အသက်ရှူကျပ်မတတ် ဒေါသများကို ထုတ်လွှတ်ရန် ကြိုးစားသကဲ့သို့ ပြင်းထန်စွာ ပြန်မှုတ်ထုတ်လိုက်သည်။

တုန်ယင်နေသော လက်များဖြင့် စာကို စာအိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး စာရွက်စာတမ်း အားလုံးကို အမြန် စုစည်းလိုက်သည်။ ဤနေရာမှ အရာအားလုံးသည် အရေးကြီးသော သက်သေအထောက်အထားများ ဖြစ်လာလိမ့်မည်။ Z နိုင်ငံသည် အနိုင်ကျင့်ရန် လွယ်ကူသည် မဟုတ်ပေ။ R နိုင်ငံအတွက်မူ သူတို့သည် မကြာမီ ပြင်းထန်သော တုံ့ပြန်မှုကို ရင်ဆိုင်ရပေတော့မည်။

စုရှီသည် အောက်ထပ်တွင် တတိယမြောက်လူကို ကျောပိုးထားသော ဒုတိယမြောက်လူအား ပြောလိုက်သည်။

"ပုန်းလို့ကောင်းတဲ့ နေရာတစ်နေရာရှာပြီး ပုန်းနေလိုက်။ ကျွန်မတစ်ယောက်တည်း တက်သွားမယ်"

လှေကားများမှာ ပျက်စီးနေပြီးဖြစ်ကာ တတိယမြောက်လူမှာလည်း သွေးထွက်လွန်နေပြီး မျက်လုံးများ မှုန်ဝါးနေပြီဖြစ်သည်။ စုရှီသည် သူ့ကို မပင်ပန်းစေချင်သောကြောင့် ထိုလူနှစ်ဦးအား အောက်ထပ်တွင် စောင့်နေရန် ပြောလိုက်သည်။

ဒုတိယမြောက်လူသည် သူ့ရဲဘော်ဖြစ်သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးနီးပါး သွေးများရွှဲနစ်နေသည်ကို မြင်လိုက်ရသဖြင့် ဒေါသကြောင့် မျက်လုံးများရဲကာ အံကြိတ်ထားရင်း မရီးဖြစ်သူ၏ စကားကို ကြားသောအခါ ပြောလိုက်သည်။

"မရီး၊ ကျွန်တော် အပေါ်လိုက်ပို့ပေးမယ်"

သို့သော် စုရှီက ခေါင်းခါပြလိုက်သည်။ သူမသည် ထိုအရာနှင့် အသားမကျသေးသဖြင့် မျက်နှာဖုံးပဝါကို ပြန်ဆွဲတင်လိုက်ရာ တောက်ပ၍ ဝိုင်းစက်သော မျက်လုံးများသာ ပေါ်နေတော့သည်။ ထို့နောက် သူမက တိုးညှင်းစွာ ပြောလိုက်သည်။

"ရှင်တို့ သေချာ ပုန်းနေဖို့ပဲ လိုတာပါ"

ပြောပြီးသည်နှင့် သူမသည် ဆေးသေတ္တာကို ကျောတွင်လွယ်လိုက်ပြီး အပေါ်ဘက်သို့ လှမ်းအော်လိုက်သည်။

"အားကျန်း! ကြိုးပစ်ချပေးပါဦး"

ဇနီးသည်၏ အသံကို ကြားလိုက်ရသဖြင့် ရှဲ့ကျန်းသည် လက်ထဲရှိ စာရွက်စာတမ်းများကို ချက်ချင်းချလျက် ကျောက်တုံးအိမ် အဆောက်အအုံဘက်သို့ လျှောက်သွားလိုက်ရာ အောက်ဘက်တွင် ဘေးကင်းစွာ ရပ်နေသော ဇနီးသည်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် စိတ်အေးသွားခဲ့သည်။

ထို့နောက် သူ၏အကြည့်များသည် ကောင်းကင်ယံရှိ တောက်လောင်နေသော မီးရောင်အောက်တွင် သွေးများဖြင့်ချင်းချင်းနီနေသည့် ကိုယ်တစ်ပိုင်းလဲလျောင်းနေသော တတိယမြောက်လူထံသို့ ရောက်ရှိသွားသည်။

သူ၏မျက်လုံးများ အေးစက်သွားသော်လည်း စကားတစ်ခွန်းမျှ မပြောပေ။ ထိုအစား သူသည် ခါးတွင်ချည်ထားသော ကြိုးကို သူမထံ ပစ်ချပေးလိုက်သည်။ ကြိုး၏ အခြားတစ်ဖက်ကိုမူ သူ့လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

အောက်ဘက်ရှိ စုရှီသည် ကြိုးကိုဖမ်းကိုင်ကာ ခြေဖျားများကို ကျောက်နံရံတွင်ထောက်၍ အနည်းငယ်တွန်းကန်လိုက်ပြီး မျောက်တစ်ကောင်ကဲ့သို့ လျင်မြန်သွက်လက်စွာဖြင့် အားစိုက်ထုတ်စရာမလိုဘဲ အပေါ်သို့ တက်လာခဲ့သည်။

ကူညီပေးချင်နေခဲ့သော ဒုတိယမြောက်လူမှာ မှင်သက်သွားပြီး မျက်လုံးပြူးကာ ငေးကြည့်နေမိသည်။ သူသည် ထပ်တူအံ့အားသင့်နေသော တတိယမြောက်လူကို ကြည့်ပြီး အံ့သြတကြီး ရေရွတ်လိုက်သည်။

"မရီးက တော်တော်မိုက်တာပဲ။ ငါတို့လို အသန်မာဆုံးစစ်သည်တွေထဲမှာတောင် ဗိုလ်မှူးကြီး တစ်ယောက်ပဲ သူမကို ယှဉ်နိုင်လောက်မယ်ထင်တယ်၊ ဒုတိယ ဗိုလ်မှူးတောင် အနိုင်ရဖို့ အခွင့်အရေး မရှိလောက်ဘူး"

တတိယမြောက်လူက အက်ကွဲသောအသံဖြင့် ထောက်ခံပြောဆိုလိုက်သည်။ "ဟုတ်ပါ့၊ မရီးက တကယ့်အကြမ်းစားပဲ"

တတိယမြောက်လူ၏ ဘေးသို့ ပြန်ရောက်သောအခါ ဒုတိယမြောက်လူသည် ကင်းစောင့်နေရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"စောစောက မင်းတို့နှစ်ယောက် ဘာဖြစ်ကြတာလဲ။ မင်းတို့က အဝေးကြီးမှာ ရှိနေတာတောင် မေ့ဆေးသေနတ်နဲ့ လူတစ်ယောက်ကို ထိအောင်ပစ်နိုင်ခဲ့တယ်ပေါ့"

ရန်သူခေါင်းဆောင်၏ လက်ကောက်ဝတ်ကို မေ့ဆေးအပ် ထိမှန်သွားသည်ကို သူစောစောက မြင်လိုက်ရပြီး ထိုအကြောင်းကြောင့် လက်ထဲမှ လက်ပစ်ဗုံးမှာ မတော်တဆ လွတ်ကျကာ သူတို့လူအချင်းချင်း ပြန်လည်ထိခိုက်ဒဏ်ရာရသွားခြင်း ဖြစ်သည်။

တတိယမြောက်လူက ဇဝေဇဝါဖြစ်နေဆဲဖြင့် ပြန်ဖြေလိုက်သည်။ "မေ့... မေ့ဆေးအပ် ဟုတ်လား။ အဲ့ဒါ... ထိသွားတာလား"

"မင်း အဆင်ပြေရဲ့လား။ ဒဏ်ရာက ပြင်းထန်နေလို့လား။ ဘာလို့ စကားထစ်နေတာလဲ"

"မဟုတ်ပါဘူး... ငါ ရုတ်တရက် တွေးလိုက်မိတာက... မရီးက ပြိုင်ဘက်ကင်းပဲကွ။ မရီး ကျန်းမာပါစေ"

"ဟေ့ကောင်! မင်း ရူးသွားပြီလား။ အဖျားတက်နေတာလား ဘာလား"

"သွားစမ်းပါကွာ၊ သွားစမ်းပါ..."

စုရှီနှင့် ရှဲ့ကျန်းတို့သည် အောက်ဘက်ရှိ ရဲဘော်များ၏ နောက်ပြောင်ပြောဆိုနေမှုများကို အာရုံမစိုက်ကြပေ။

အပေါ်သို့ ရောက်သည်နှင့် စုရှီသည် ခင်ပွန်းဖြစ်သူ၏ နောက်သို့ အမြန်လိုက်သွားပြီး ခြေထောက်ပြတ်သွားသော ရန်သူအား သွေးတိတ်စေရန် ပြုလုပ်ပေးလိုက်သည်။ သူမ အလုပ်လုပ်နေရင်း စိုးရိမ်တကြီး မေးရန် မမေ့ခဲ့ချေ။

"အားကျန်း ရှင် ဒဏ်ရာရထားသေးလား"

ရှဲ့ကျန်းသည် ဇနီးသည်ကို သေချာစွာ ကြည့်ရှုစစ်ဆေးခဲ့ပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာမရှိကြောင်း သေချာမှသာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ သူ မတ်တတ်ရပ်လိုက်ပြီး စာရွက်စာတမ်းများကို ဆက်၍သိမ်းဆည်းလိုက်သည်။

"ကိုယ်ဘာမှမဖြစ်ဘူး၊ မင်းရော? ကြောက်နေလား"

ကြောက်လား...

သူမ ပစ်သတ်လိုက်သော လူအကြောင်းကို တွေးလိုက်မိရုံနှင့် သူမမျက်နှာမှာ ဖြူဖျော့သွားပြီး အော့အန်ချင်သလို ခံစားလိုက်ရသည်။ သို့သော် အချိန်အခါ မဟုတ်သေးသလို သူမအနေဖြင့် အားနည်းပြရမည့် အချိန်လည်း မဟုတ်ပေ။ ထို့ကြောင့် သူမသည် နှုတ်ခမ်းကိုစေ့ကာ လေသံမာမာဖြင့် ပြန်ဖြေလိုက်သည်။

"မကြောက်ပါဘူး"

သို့သော် ရှဲ့ကျန်းသည် သူမ၏ အသံထဲမှ ပုံမှန်မဟုတ်သော လေသံကို သတိထားမိလိုက်သည်။ သူသည် ဇနီးသည်အား ချက်ချင်း လှမ်းကြည့်လိုက်ရာ မျက်ဝန်းထဲတွင် စိတ်မကောင်းဖြစ်မှုများ ပြည့်နှက်နေသည်။ သို့သော် နှစ်ဦးစလုံး ထုတ်မပြောဘဲ သိနေကြသည်မှာ ယခုအချိန်သည် နှစ်သိမ့်ပေးရမည့် အချိန်မဟုတ်သေးဟူ၍ပင် ဖြစ်သည်။

ထိုအချိန်မှာပင် အောက်ဘက်မှ ခြေသံများ ကျယ်လောင်လာပြီး လျင်မြန်စွာ နီးကပ်လာခဲ့သည်။ စုရှီ ခန့်မှန်းစရာပင် မလိုပေ။ သူမ၏ ရဲဘော်များ စစ်ကူလာပေးခြင်း ဖြစ်သည်။

သူတို့အားလုံး အဆင်ပြေကြပါစေဟု သူမ မျှော်လင့်မိသည်။

အပြင်ရောက်နေသော စာရွက်စာတမ်းနှင့် ပစ္စည်းအနည်းငယ်သာ ကျန်တော့သည်။ ရှဲ့ကျန်းသည် အားလုံးကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။

ဇနီးသည်က ဒဏ်ရာကို ပတ်တီးစည်း၍ မပြီးသေးသည်ကို မြင်သောအခါ သူသည် စာရွက်စာတမ်းများကို ဆွဲယူကာ အပြင်သို့ ထွက်လာခဲ့သည်။

အောက်ဘက်တွင် စစ်သားတစ်ဆယ်ကျော် ရောက်ရှိနေပြီဖြစ်သည်ကို သူ မြင်လိုက်ရသည်မို့ သူ မေးလိုက်သည်။

"ငါတို့ဘက်က ထိခိုက်ကျဆုံးမှု အခြေအနေ ဘယ်လိုလဲ"

စစ်သားတစ်ဦး ရှေ့သို့ထွက်လာပြီး ရှဲ့ကျန်းကို မော့ကြည့်ကာ ပြန်လည်ဖြေကြားလိုက်သည်။

"သတင်းပို့ပါတယ် ခေါင်းဆောင်။ ခုနစ်ယောက် ဒဏ်ရာရပါတယ်၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူ မရှိပါဘူး"

ရှဲ့ကျန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။"ရန်သူဘက်က ဘယ်နှယောက် ဖမ်းမိလဲ"

"၁၈ ယောက် ဖမ်းမိပါတယ်။ အကျဉ်းချုံး စစ်ဆေးမေးမြန်းပြီးတဲ့နောက်မှာတော့ သူတို့ထဲက ၇ ယောက်က ဒီအဖွဲ့အစည်းရဲ့ အလယ်အလတ်အဆင့် ခေါင်းဆောင်တွေ ဖြစ်နေတာကို သိလိုက်ရပါတယ်"

မဆိုးဘူးဟု ရှဲ့ကျန်း တွေးလိုက်မိသည်။ သုံးလသာ လေ့ကျင့်ရသေးပြီး ယခု ပထမဆုံး မစ်ရှင်ထွက်ရသည့် ဤစစ်သားများကို သူ အတော်လေး ကျေနပ်မိသည်။ သို့သော် သူ ဘာမှမပြောပေ။ ထိုအစား သစ်သားသေတ္တာကို ကြိုးဖြင့်ချည်ပြီး စာရွက်စာတမ်းများကို အောက်သို့ စ၍ချပေးလိုက်သည်။

နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော စာရွက်စာတမ်းများနှင့် ပစ္စည်းများအားလုံးကို အောက်သို့ သယ်ယူရန် အကြိမ်ကြိမ် အသွားအပြန် လုပ်ခဲ့ရသည်။

ထိုအချိန်တွင် စုရှီသည် အခြေခံ ရှေးဦးသူနာပြုစုခြင်းကို ပြီးစီးအောင် ဆောင်ရွက်ပြီးဖြစ်သည်။

ရှဲ့ကျန်းသည် လူနာများအပေါ် ထားရှိတတ်သည့် ပုံမှန် နူးညံ့သိမ်မွေ့သော ပုံစံမျိုး မရှိပေ။ ရန်သူများနှင့်ပတ်သက်လျှင် ကြွေကျနေသော သစ်ရွက်များကို ဆောင်းဦးလေ တိုက်ခတ်သကဲ့သို့ ရက်စက်ပြတ်သားသူ ဖြစ်သည်။

ထို့ကြောင့် သတိလစ်နေသော ရန်သူခေါင်းဆောင်မှာလည်း ထူးမခြားနားစွာ ဆက်ဆံခံရသည်။ ရှဲ့ကျန်း သည် စာရွက်စာတမ်းများကို သယ်ယူခဲ့သကဲ့သို့ပင် ထိုလူကို ကုန်ပစ္စည်းတစ်ခုအလား သဘောထား၍ အောက်သို့ သယ်ချသွားခဲ့သည်။

သွေးပြန်ထွက်နေသော ခြေထောက်ဒဏ်ရာနှင့် ပတ်သက်၍မူ... အသက်အန္တရာယ် မရှိသရွေ့ ပြီးရောဟုသာ သဘောထားလိုက်သည်။

ထိုနှစ်ဦး ကြိုးဖြင့် အောက်သို့ ရောက်ရှိလာသောအခါ ရှဲ့ကျန်းသည် လာရောက်ခေါ်ဆောင်ရန်အတွက် တိုက်လေယာဉ်များအား အချက်ပြရန် သူ၏ရင်ဘတ်မှ မီးကျည်ကို ချက်ချင်း ပစ်ဖောက်လိုက်သည်။

မီးကျည် ကောင်းကင်သို့ တက်သွားသည်ကို အတည်ပြုပြီးနောက် ထိုအဖွဲ့သည် အချိန်ဖြုန်းမနေတော့ပေ။ သူတို့သည် ဒဏ်ရာရနေသော တတိယမြောက်လူကို သယ်ဆောင်ကာ အရေးကြီး စာရွက်စာတမ်းသေတ္တာအများအပြားကို ကိုင်ဆောင်လျက် ဆယ်ယောက်ကျော်ပါဝင်သော အဖွဲ့သည် စုစည်းပြီး ကျန်ရှိနေသော စစ်သားများရှိရာဘက်သို့ ဦးတည်ထွက်ခွာလာကြသည်။

တောင်ကြားထဲတွင်...

ထူထပ်သော တောအုပ်ထဲတွင် တပ်ရင်းတစ်ခုလုံး ကင်းပုန်းဝပ်နေကြသည်။

သူတို့သည် မီတာရာပေါင်းများစွာ ကွာဝေးသော ရန်သူ့ပင်မစခန်းကို မျက်တောင်မခတ် စောင့်ကြည့်ရင်း တစ်နေ့တာလုံး ထိုနေရာတွင် အသင့်ပြင်ထားလျက် ရှိနေခဲ့ကြသည်။

သူတို့ရှိနေသော နေရာမှနေ၍ ကောင်းကင်ပေါ်သို့ မြင့်မားစွာ တက်နေသော မီးတောက်များကို မြင်တွေ့နေရပြီး သေနတ်ပစ်ခတ်သံများမှာလည်း မရပ်မနား ထွက်ပေါ်နေကာ ရံဖန်ရံခါတွင် နာကျင်စွာ အော်ဟစ်သံများ လေထဲတွင် ပဲ့တင်ထပ်နေသည်။

အရှေ့ဆုံးတွင်ရှိသော တပ်ရင်းမှူးတစ်ဦးသည် ဘေးနားရှိ ဗိုလ်မှူးကြီးထံသို့ တိတ်တဆိတ် လှည့်ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

"ဗိုလ်မှူးကြီး၊ ကျွန်တော်တို့ သူတို့ကို သွားကူညီပေးသင့်လား"

ဗိုလ်မှူးကြီးသည် ရှေ့မှမြင်ကွင်းကို အာရုံစိုက်ကြည့်နေပြီး သူ၏မျက်နှာထားမှာ တည်ကြည်လေးနက်နေသည်။

"မသွားနဲ့ဦး။ လှုပ်ရှားဖို့အတွက် အချက်ပြမီးကျည်ကို စောင့်ဦးမယ်"

တပ်ရင်းမှူးသည် ပါးစပ်ဟလိုက်သော်လည်း သူ၏ သိလိုစိတ်ကို မထိန်းနိုင်ဖြစ်နေသည်။

"ဒါပေမဲ့ ကျွန်တော်ကြားတာက ကျွန်တော်တို့လူ ၅၀ ပဲ တက်သွားတာတဲ့။ ရန်သူဘက်က အနည်းဆုံး ၃၀၀၊ ၄၀၀ လောက် ရှိတာလေ။ ကျွန်တော်တို့လူတွေ နိုင်ပါ့မလား"

တုံးအသော လက်အောက်ငယ်သားအပေါ် စိတ်ရှည်သည်းခံခြင်းမရှိသည့် ဗိုလ်မှူးကြီးသည် ခေါင်းကို အနည်းငယ်လှည့်ကာ လေသံနှိမ့်၍ ပြောလိုက်သည်။

"စစ်ဘက်ဆရာဝန်တစ်ယောက်လည်း ပါသေးတယ်၊ အဲ့တော့ စုစုပေါင်း ၅၁ ယောက်ပေါ့။ ပြီးတော့ မင်းက သူတို့ကို ငါတို့နဲ့ အတူတူပဲလို့ ထင်နေတာလား။ တပ်မဟာမှူးဆီက ငါကြားတာတော့ ငါတို့လွှတ်လိုက်တဲ့ အဖွဲ့က နိုင်ငံရဲ့ လျှို့ဝှက်လက်နက်ပဲ။ ဒါက သူတို့ရဲ့ ပထမဆုံး မစ်ရှင်ဖြစ်ပြီး သူတို့က ငါတို့တပ်ဖွဲ့ရဲ့ အကောင်းဆုံးတွေကို ကိုယ်စားပြုတယ်။ သူတို့ရဲ့ ပစ္စည်းကိရိယာတွေ၊ စွမ်းရည်တွေက တစ်နိုင်ငံလုံးမှာရှိတဲ့ ထိပ်တန်းအရည်အချင်းရှိသူတွေပဲ"

ပြောနေရင်းနှင့် ဗိုလ်မှူးကြီး၏ မျက်ဝန်းများတွင် လေးစားအားကျမှုနှင့် မနာလိုစိတ်များ ပေါ်လာခဲ့သည်။ လူတို့သည် သဘာဝအတိုင်းပင် အင်အားကြီးမားမှုကို လေးစားတတ်ကြသည်။ မီတာတစ်ထောင်ကျော် မြင့်မားသော ချောက်ကမ်းပါးကို လက်ဗလာဖြင့် တက်ရောက်နိုင်ခဲ့ခြင်း တစ်ခုတည်းကပင် သာမန်လူတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသော အရာဖြစ်သည်။

ထို့ပြင် သူနောက်ဆုံးရရှိထားသော သတင်းအရ စစ်ဘက်ဆရာဝန် အပါအဝင် ၅၁ ယောက်စလုံးသည် ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာ တက်ရောက်နိုင်ခဲ့ကြောင်း အတည်ပြုထားသည်။ ဒါက ဘယ်လို အံ့ဖွယ်အဖွဲ့မျိုးလဲ။ စစ်ဘက်ဆရာဝန်ကအစ အတော်လေး စွမ်းတာပဲ!

တောင်တက်နေစဉ်အတွင်း ထိုလျှို့ဝှက်ဆန်းကြယ်သော စစ်ဘက်ဆရာဝန်ကသာ အဓိက အင်အားဖြစ်ခဲ့သည်ကိုသာ သိခဲ့လျှင် သူ၏လေးစားမှုကြောင့် မျက်ရည်ပင် ကျမိသွားနိုင်လေသည်။

ဗိုလ်မှူးကြီးက ထိုလျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အကြောင်းကို မည်မျှချီးကျူးနေသည်ကို ကြားသောအခါ တပ်ရင်းမှူး၏ စူးစမ်းလိုစိတ်က ပိုပြင်းပြလာသည်။ သို့သော် ခေါင်းမာသူပီပီ သူက မရေရွတ်ဘဲ မနေနိုင်ခဲ့ပေ။

"စစ်ဘက်ဆရာဝန်တစ်ယောက် ပိုပါလာတော့ရော ဘာထူးမှာမို့လို့လဲ"

ကင်းပုန်းဝပ်နေစဉ် တိတ်ဆိတ်စွာ နေရန်သာ မလိုအပ်ပါက ဗိုလ်မှူးကြီးသည် ဤလူအမိုက်ကောင်ကို ကန်ကျောက်မိပြီးလောက်ပြီ ဖြစ်သည်။

"ဟေ့ကောင်၊ မင်းက ငါကြွားနေတယ်လို့ ထင်နေတာလား။ မီတာတစ်ထောင်ကျော်မြင့်တဲ့ ချောက်ကမ်းပါးကို လက်ဗလာနဲ့ တက်နိုင်တယ်ဆိုတာနဲ့တင် သူတို့က သာမန် စစ်ဘက်ဆရာဝန် မဟုတ်ဘူးဆိုတာ ပြနေပြီ။ သူတို့ထဲက တစ်ယောက်က မင်းလိုကောင် ဆယ်ယောက်လောက်ကို အနိုင်ယူနိုင်လောက်တယ်"

ဗိုလ်မှူးကြီးသည် ပြောရင်းနှင့် ပိုဒေါသထွက်လာပြီး စိတ်ပျက်လက်ပျက်ဖြင့် တံတွေးထွေးကာ ပြောလိုက်သည်။

"ထွီ! အသုံးမကျတဲ့ကောင်..."

တပ်ရင်းမှူးမှာ မတရားအပြောခံရသည်ဟု ခံစားလိုက်ရသော်လည်း ဘာမှပြန်မပြောရဲပေ။

အခြားတစ်ဖက်တွင်မူ သူတို့၏ စကားပြောသံကို ကြားလိုက်ရသော အခြား တပ်ရင်းမှူးနှစ်ဦးမှာ အဝေးမှ မီးတောက်များဆီသို့ လှမ်းမကြည့်ဘဲ မနေနိုင်ကြတော့ပေ။ သူတို့၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်လာကြသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် ဆယ်မိနစ်မပြည့်တပြည့် ဆက်တိုက် ထွက်ပေါ်နေခဲ့သော သေနတ်သံများ ရုတ်တရက် ရပ်တန့်သွားသည်။

တပ်ရင်းမှူးအားလုံး ဗိုလ်မှူးကြီး ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဉာဏ်ကောင်းသော တပ်ရင်းမှူးတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဗိုလ်မှူးကြီး၊ တစ်ခုခုတော့ လွဲနေပြီ။ မြန်လွန်းတယ်။ ကျွန်တော်တို့လူတွေ အကုန် ကျသွားတာများလား"

ဗိုလ်မှူးကြီးက တံတွေးနှစ်ခါ ထွေးလိုက်သည်။ "နိမိတ်မရှိ နမာမရှိ ကွာ!"

သူ ယုံကြည်မှုရှိစွာ ပြောလိုက်သော်လည်း မျက်လုံးထဲတွင် သံသယအရိပ်အယောင်များ ဖြတ်သန်းသွားသည်။

မဖြစ်နိုင်ဘူး... အဲ့လိုတော့ မဖြစ်သင့်ဘူး။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူသည် အချိန်ကို ကြည့်ကာ ဆုံးဖြတ်ချက် တစ်ခုကို အမြန်ချလိုက်သည်။

"နောက်ထပ် ငါးမိနစ်လောက် စောင့်ကြည့်မယ်။ အဲ့ဒီအချိန်ထိ လှုပ်ရှားမှု ဒါမှမဟုတ် အချက်ပြမီးကျည် မတွေ့ရရင် ငါတို့ တက်ပြီး စစ်ကူပေးမယ်"

စောင့်ဆိုင်းရခြင်းသည် အမြဲတမ်း အခက်ခဲဆုံး အပိုင်းဖြစ်ပြီး အထူးသဖြင့် စစ်မြေပြင်တွင် မိမိတို့၏ ရဲဘော်များ ဘာတွေရင်ဆိုင်နေရသည်ကို မရေရာသော အချိန်တွင် ပို၍ဆိုးရွားသည်။

သို့သော် စစ်သားများအနေဖြင့် ထိခိုက်ကျဆုံးမှု အနည်းဆုံးဖြင့် မစ်ရှင်အောင်မြင်ရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားပြီး စက္ကန့်တိုင်းသည် ထာဝရကာလတစ်ခုအလား ခံစားနေရသည်။

ပတ်ဝန်းကျင်ရှိ တိတ်ဆိတ်မှုမှာ နက်ရှိုင်းလွန်းသဖြင့် စက္ကန့်တံ လည်ပတ်သံကိုပင် ကြားနေရသကဲ့သို့ ခံစားရသည်။ နေ့စဉ်ဘဝတွင် ရိုးရှင်းသော နာရီ၏ ပုံမှန် တစ်ချက်ချက် မြည်သံသည် ယခုအချိန်တွင် သည်းမခံနိုင်လောက်အောင် အေးစက်ပြီး စက်ဆန်နေသည်ဟု ခံစားရစေသည်။

ဗိုလ်မှူးကြီး အနေဖြင့် သူ၏အကြည့်များကို နာရီပေါ်တွင်သာ စူးစိုက်ထားသည်။ သူ့စိတ်ထဲတွင် စက္ကန့်များကို တိတ်တဆိတ် ရေတွက်နေမိသည်။

"တစ်မိနစ်နဲ့ နှစ်ဆယ့်လေးစက္ကန့်... နှစ်မိနစ်နဲ့ သုံးဆယ့်နှစ်စက္ကန့်... သုံးမိနစ်နဲ့ လေးဆယ့်ရှစ်စက္ကန့်... လေးမိနစ်နဲ့ နှစ်ဆယ်..."

ရုတ်တရက် "ဒိုင်း" ခနဲ ကျယ်လောင်သော အသံနှင့်အတူ အစိမ်းရောင် အချက်ပြမီးကျည်တစ်ခု ကောင်းကင်ယံသို့ ပျံတက်သွားပြီး ထူထပ်သော ညနေခင်း၏ အမှောင်ထုကို တောက်ပသော အလင်းရောင်ဖြင့် ခွဲဖြာလိုက်ကာ ဗိုလ်မှူးကြီး၏ တိတ်တဆိတ် ရေတွက်နေမှုကို ဖြတ်တောက်လိုက်သည်။

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၁၃၂

"အချက်ပြမီးပဲ၊ အစိမ်းရောင်ကွ ဗိုလ်မှူးကြီး! သူတို့ အောင်မြင်သွားပြီ"

မျက်စိလျင်သော တပ်ရင်းမှူးသည် စိတ်လှုပ်ရှားစွာဖြင့် မပြုံးဘဲ မနေနိုင်တော့ပေ။

"ကျွတ်၊ ငါတော့ သဘောကျသွားပြီကွာ။ သူတို့အယောက် ၅၀... ပြီးတော့ စစ်ဘက်ဆရာဝန်တစ်ယောက်နဲ့ တကယ်နိုင်သွားတာပဲ။ သူတို့ တကယ်သန်မာတာ ငါဝန်ခံတယ်"

သံလိုမာသော ကန့်ကန့်လည်း လေးစားသွားသည်။

ဗိုလ်မှူးကြီးမှာမူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အကာအကွယ် ယူထားသော သစ်ကိုင်းခြောက်များကို ဘေးသို့လွှင့်ပစ်ကာ လက်ကိုဝှေ့ယမ်း၍ အော်ပြောလိုက်သည်။

"ရဲဘော်တို့၊ ငါ့နောက်လိုက်ခဲ့၊ ငါတို့ရဲ့ သူရဲကောင်းတွေကို သွားကြိုဆိုကြမယ်"

"ဟုတ်ကဲ့! သူရဲကောင်းတွေကို ကြိုဆိုကြမယ်"

"သူရဲကောင်းတွေကို ကြိုဆိုကြမယ်"

"သူရဲကောင်းတွေကို ကြိုဆိုကြမယ်"

"သူရဲကောင်းတွေ"

"သူရဲကောင်းတွေ"

"......"

စစ်သားတိုင်း မပြုံးဘဲ မနေနိုင်ကြပေ။ ဒါက လှပသော တိုက်ပွဲတစ်ခုပင်။ သူတို့သည် Z နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်ကြသည်။

စစ်သားနှစ်ထောင်ကျော်ရှိသော တပ်ရင်းတစ်ခုလုံးသည် ရန်သူ့ပင်မစခန်းဆီသို့ လျင်မြန်စွာ ပြေးသွားကြသည်။ လမ်းတစ်လျှောက်တွင်လည်း သူတို့၏ ဂုဏ်ယူဝင့်ကြွားမှုများကို ဟစ်ကြွေးရန် မမေ့ခဲ့ကြချေ။

မြင်ကွင်းမှာ ခမ်းနားလှပြီး အသံများမှာလည်း ကျယ်လောင်လှသည်။

မီတာငါးရာကျော်အကွာတွင် ရှိနေသော ရှဲ့ကျန်းနှင့် အခြားသူများပင် ထိုအသံကို အတိုင်းသား ကြားနေရသည်။

မီတာငါးရာဆိုသည်မှာ သိပ်မဝေးလှသဖြင့် မကြာမီပင် စစ်သားနှစ်ထောင်သည် တောင်ခြေသို့ ရောက်ရှိသွားကြသည်။

အနောက်ဘက်မှတက်လျှင် မီတာတစ်ထောင်ကျော် တက်ရသော်လည်း အရှေ့ဘက် တောအုပ်မှတစ်ဆင့် ဝင်ရောက်လျှင် မီတာတစ်ရာကျော်သာ တက်ရပြီး လှေကားများလည်း ရှိသည်။

သူတို့အားလုံးသည် သန်မာကျန်းမာသော စစ်သားများ ဖြစ်ကြသည်။ ရှဲ့ကျန်းနှင့် သူ၏အဖွဲ့လို လူများမပါလျှင်တောင် သူတို့၏ ခန္ဓာကိုယ်များသည် သာမန်လူများထက် ပိုသွက်လက်ကြသည်။

အားလုံး စိတ်လှုပ်ရှားစွာဖြင့် ရှဲ့ကျန်းနှင့် အခြားသူများထံ ရောက်ရှိသွားချိန်တွင် မိနစ်အနည်းငယ်သာ ကုန်ဆုံးသွားခဲ့သည်။

ဗိုလ်မှူးကြီးသည် ရှေ့ဆုံးမှ လျှောက်လာခဲ့သည်။ မရေမတွက်နိုင်သော အလောင်းများနှင့် အသက်ရှင်ကျန်ရစ်သူ တစ်ဆယ်ကျော်ခန့်ကို မြင်လိုက်ရပြီးနောက် လက်မထောင်ပြရန် ဝန်မလေးတော့ပေ။

သူသည် ထိုမြင်ကွင်းကို ကြာကြာကြည့်မနေဘဲ နောက်မှပါလာသော တပ်ရင်းမှူး အများအပြားကို ဦးဆောင်ကာ ရှဲ့ကျန်းနှင့် အခြားသူများထံသို့ သွားလိုက်သည်။ ထို့နောက် မျက်လုံးများသာ ဖော်ထားသော်လည်း အေးစက်ပြီး သန်မာသော အရှိန်အဝါကို ငြင်းဆန်၍မရနိုင်သည့် ထိုလူအုပ်စုအား စိတ်လှုပ်ရှားစွာဖြင့် လေးလေးနက်နက် အလေးပြုလိုက်ပြီး ပြောလိုက်သည်။

"ရဲဘော်တို့၊ ပင်ပန်းသွားကြပါပြီ။ ကျွန်တော်က တပ်မတစ်ခုရဲ့ တပ်ရင်း ဗိုလ်မှူးကြီး ဝမ်တာ့ကျူးပါ။ ခင်ဗျားတို့အဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲဆိုတာ မေးလို့ရမလား"

ရှဲ့ကျန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြန်လည်အလေးပြုလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ဗိုလ်မှူးကြီး ဝမ်၊ မင်္ဂလာပါ။ ကျွန်တော်က အဖွဲ့ခေါင်းဆောင်ပါ။ တပ်ဖွဲ့နံပါတ်နဲ့ နာမည်တွေက လျှို့ဝှက်ချက်ပါ"

ဗိုလ်မှူးကြီး ဝမ်သည် လေးစားမှုမရှိဟု လုံးဝမခံစားရပေ။ ထို့ပြင် သူ၏အကြည့်များက ပို၍ပင် ပြင်းပြလာသည်။ လျှို့ဝှက်တပ်ဖွဲ့တဲ့လား။ ကျွတ်၊ ပိုတောင် အထင်ကြီးစရာကောင်းနေသေးတယ်။

သူသည် အဖွဲ့ခေါင်းဆောင်၏ မြင့်မားသော ခန္ဓာကိုယ်နှင့် အေးစက်တည်ငြိမ်သော အမူအရာကို လုံးဝ လစ်လျူရှုထားလိုက်သည်။ သူ၏မျက်လုံးများ တောက်ပနေလျက် မေးလိုက်သည်။

"ကျွန်တော်တို့ ကူညီပေးရမယ့်ကိစ္စ ရှိသေးလား"

ရှဲ့ကျန်းက ခေါင်းညိတ်လိုက်သည်။ "တကယ်တော့ ရှိပါတယ်။ ဗိုလ်မှူးကြီးဝမ် ခင်ဗျားဆီမှာ လူအများကြီးရှိတော့ ဒီဧရိယာကို နှံ့နှံ့စပ်စပ် ရှာဖွေဖို့ လူတချို့ လွှတ်ပေးပါဦး။ အသက်ရှင်ကျန်ရစ်သူတွေ ဒါမှမဟုတ် ကျန်ခဲ့တဲ့ စာရွက်စာတမ်းတွေ မရှိစေချင်ဘူး။ ပြီးတော့ ကျွန်တော်တို့က သူတို့ဝှက်ထားတဲ့ ငွေတွေကိုပဲ တွေ့သေးတယ်၊ သူတို့ရဲ့ စားနပ်ရိက္ခာ သိုလှောင်ထားတာတွေကို မတွေ့သေးဘူး"

ဗိုလ်မှူးကြီး ဝမ်၏ မျက်နှာထားက ပိုလေးနက်လာသည်။ "ကောင်းပါပြီ၊ တပ်ရင်းမှူးတွေကို ဦးဆောင်ခိုင်းပြီး ချက်ချင်း ရှင်းလင်းရေး လုပ်ခိုင်းလိုက်ပါ့မယ်"

ထို့နောက် သူသည် နောက်လှည့်ကာ အမိန့်အချို့ ပေးလိုက်သည်။ စစ်သားနှစ်ထောင်ကျော် ဖြန့်ခွဲသွားကြပြီး ကူညီပေးရန် တပ်ခွဲတစ်ခုသာ ကျန်ရစ်ခဲ့သည်။

သေချာသည်မှာ တပ်ရင်းမှူးသုံးဦးလည်း ထွက်မသွားကြပေ။

တပ်ဖွဲ့များကို စီစဉ်ပြီးနောက် ဗိုလ်မှူးကြီး ဝမ်သည် ရှဲ့ကျန်း ဘက်သို့ ပြန်လှည့်ကာ မေးလိုက်သည်။

"ခေါင်းဆောင်၊ ကျွန်တော် သိချင်တာက... ခင်ဗျားတို့ဘက်မှာ ထိခိုက်ကျဆုံးမှု ရှိလား။ ကျွန်တော်တို့ ဆေးအဖွဲ့ရဲ့ အကူအညီ လိုမလား"

ရှဲ့ကျန်းက ခေါင်းခါပြလိုက်သည်။ "ကျွန်တော်တို့ဘက်က ဘယ်သူမှ မသေပါဘူး။ ရဲဘော် ၇ ယောက်ပဲ ဒဏ်ရာအနည်းငယ် ရထားတာပါ၊ ကျွန်တော်တို့ ဆေးအဖွဲ့က ကုသပေးနေပါပြီ။ ကျေးဇူးပါပဲ ဗိုလ်မှူးကြီး ဝမ်"

"အော်... အော်..."

ဗိုလ်မှူးကြီး ဝမ်သည် မျက်နှာအမူအရာ တောင့်တင်းလျက် တွေဝေစွာ ခေါင်းညိတ်လိုက်သည်။ သူ နားကြားမှားသည်ဟု ထင်လိုက်မိသည်။ ဒီတိုက်ပွဲမှာ သူတို့ဘက်က အထိအခိုက်အကျအဆုံး မရှိဘူးဆိုတာကို တကယ်ပဲ ကြားလိုက်တာလား။ သူက ၄၃ နှစ်ပဲ ရှိသေးတာ၊ သူ့ဦးနှောက်က အခုကတည်းက စပြီး ယိုယွင်းနေပြီလား။

သူ ထိုသို့တွေးနေရင်း ဘေးနားရှိ တပ်ရင်းမှူးကို လှမ်းကြည့်လိုက်မိရာ ထိုသူ၏ မျက်နှာထားမှာ သူ့ထက်ပင် ပို၍ အံ့သြနေသည်ကို တွေ့လိုက်ရသည်။

ဆယ်မိနစ်အောက် အချိန်တိုအတွင်း သူတို့သည် ရန်သူ ၃၀၀၊ ၄၀၀ ခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး သူလျှို ဆယ်ယောက်ကျော်ကို ဖမ်းမိကာ အရေးကြီး စာရွက်စာတမ်းများနှင့် ငွေကြေးများကို ရှာဖွေတွေ့ရှိခဲ့သည်ဟူသော အချက်ကို သူသဘောပေါက်သွားသည်။ သူ့တွင် ဘာကြောင့် ဒီလောက်တော်တဲ့ လက်အောက်ငယ်သားတွေ မရှိရတာလဲဟု ကိုယ့်ကိုယ်ကိုယ် တွေးမိလိုက်သည်။ သူ အားကျလွန်းသဖြင့် ငိုချင်စိတ်ပင် ပေါက်လာသည်။

ဗိုလ်မှူးကြီး ဝမ် မသိသည်မှာ သေနတ်သံများကို မကြားရမီ ဆယ်မိနစ်ခန့်အလိုတွင် ရှဲ့ကျန်းနှင့် သူ့အဖွဲ့သည် ဓားများ သို့မဟုတ် လက်နက်မဲ့ တိုက်ခိုက်ခြင်းများကို အသုံးပြု၍ နာရီဝက်နီးပါးကြာ ရန်သူတပ်ဖွဲ့တစ်ဝက်ခန့်ကို ဖြိုခွင်းခဲ့ပြီး ဖြစ်သည်။

ထိုအချိန်တွင် စစ်သားများ၏ ဒဏ်ရာများကို ဆောင့်ကြောင့်ထိုင်၍ ကုသပေးနေသော စုရှီသည် မတ်တတ်ရပ်လိုက်သည်။ ဤနေရာရှိ ဆေးကုသမှု အခြေအနေမှာ မကောင်းမွန်လှသဖြင့် စစ်သားလေးဦး၏ ကိုယ်ထဲတွင် ကျည်ဆန်များ ကျန်ရှိနေသေးသည်။ ကံကောင်းသည်မှာ ဒဏ်ရာများက အသက်အန္တရာယ် မရှိသဖြင့် လေယာဉ်ပေါ်ရောက်မှ ခွဲစိတ်ရန် စောင့်ဆိုင်းနိုင်ပြီး ၎င်းက ပိုးဝင်နိုင်ခြေကို လျော့နည်းစေမည်ဖြစ်သည်။

ကျန်စစ်သားသုံးဦးမှာ ပြင်ပဒဏ်ရာများသာ ရရှိထားသဖြင့် စုရှီသည် အမြန် ပိုးသတ်ဆေးထည့်ကာ ပတ်တီးစည်းပေးလိုက်သည်။

အားလုံး ပြီးစီးသွားပြီးနောက် သိပ်မကြာမီ သူမသည် ရှဲ့ကျန်း၏ ဘေးသို့ လျှောက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"လေယာဉ် ဘယ်တော့ရောက်မလဲ။ စစ်သားတချို့ကို ခွဲစိတ်ကုသပေးဖို့ လိုနေတယ်"

ရှဲ့ကျန်း ပြန်မဖြေနိုင်ခင်မှာပင် စိတ်လှုပ်ရှားနေသော တပ်ရင်းမှူး သံလူသားကန့်ကန့်က အော်ပြောလိုက်သည်။

"မိန်းမတစ်ယောက်? မိန်းမတစ်ယောက်က ဘယ်လိုလုပ် ရှိနေတာလဲ?? သူ ဒီထဲကို ဘယ်လို ဝင်လာတာလဲ??"

ဗိုလ်မှူးကြီး ဝမ်နှင့် အခြားသူများ အံ့သြသွားကြသော်လည်း ထိုအချိန်တွင် ရှက်လွန်းသဖြင့် မျက်နှာကိုသာ ဖုံးထားချင်စိတ် ပေါက်သွားကြသည်။ ဒီအကောင်ကတော့ တကယ်ကို ကယ်မရတော့ဘူး။ သူ့ကို ဒီတိုင်း သေအောင်ကန်လိုက်ရရင် ကောင်းမလားပဲ။

သူက ရှင်းပြချင်သဖြင့် လက်များကို ပွတ်သပ်နေသော်လည်း ရှဲ့ကျန်းက ဦးအောင် ပြောလိုက်သည်။ သူ၏ အေးစက်သော အကြည့်များက စိတ်လှုပ်ရှားနေသော တပ်ရင်းမှူးအပေါ် ဖြတ်သန်းသွားပြီး ရေခဲကဲ့သို့ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"မိန်းမဖြစ်တော့ ဘာဖြစ်လဲ။ သူက ကျွန်တော်တို့ရဲ့ စစ်ဘက်ဆရာဝန် ဖြစ်သလို ထူးချွန်တဲ့ စစ်သားတစ်ယောက်ပဲ။ ခင်ဗျားမှာ ပြဿနာ ရှိလို့လား"

ရှဲ့ကျန်း၏ အကြည့်မှာ အလွန်အေးစက်လွန်းသဖြင့် သံလူသားကန့်ကန့်သည် မည်မျှပင် ထုံထိုင်းသူဖြစ်ပါစေ အလိုအလျောက် လည်ပင်းကျုံ့သွားမိသည်။ ထိုကဲ့သို့ အထက်တန်းစား အဖွဲ့တွင် အမျိုးသမီးတစ်ဦး ပါဝင်နေသည်မှာ အနည်းငယ် ထူးဆန်းသည်ဟုသာ သူတွေးမိခြင်းဖြစ်ပြီး မကောင်းသော ရည်ရွယ်ချက် မရှိပေ။

ရှဲ့ကျန်း ဒေါသထွက်သွားသည်သာမက သူ့နောက်ရှိ စစ်သားများကပါ မဖော်ရွေသော အကြည့်များဖြင့် သူတို့ဘက်သို့ ကြည့်နေကြသည်ကို ဗိုလ်မှူးကြီး ဝမ် သတိထားမိလိုက်သည်။

တောင်ပေါ်ရှိ ဆာလောင်နေသော ဝံပုလွေအုပ်၏ ချောင်းမြောင်းခြင်းကို ခံနေရသကဲ့သို့ သူ၏ ဦးရေပြားများ ချက်ချင်း ကျဉ်တက်သွားသည်ဟု ခံစားလိုက်ရသည်။

ဗိုလ်မှူးကြီး ဝမ် အနေဖြင့် ဤမျှ ထူးချွန်သော လူအုပ်စုနှင့် ရန်သူမဖြစ်လိုပေ။ သူသည် သူတို့ကို လေးစားနေဆဲဖြစ်သည်။ သူ တောင်းပန်တော့မည့်အချိန်မှာပင် တစ်ဖက်အဖွဲ့မှ အမျိုးသားတစ်ဦး ရှေ့ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် အဖွဲ့ခေါင်းဆောင်နှင့် အရပ်အမောင်း တူညီသူဖြစ်သည်။

ထိုသူသည် ပေါ့ပါးသော ခြေလှမ်းဖြင့် သေးသွယ်သော စစ်ဘက်ဆရာဝန်မလေး၏ ဘေးနားသို့ သွားရပ်လိုက်ပြီး တောက်ပသော မျက်လုံးများသာ မြင်နေရသည့် သူမ၏ ခေါင်းကို လှမ်းပုတ်ကာ နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

"ညီမလေး သွားလိုက်။ ဟို ဘာမှနားမလည်တဲ့ တပ်ရင်းမှူးကို နင်ဘာလုပ်နိုင်လဲဆိုတာ ပြလိုက်စမ်းပါ"

"ဟုတ်တယ်၊ ဟုတ်တယ်! မရီး... အဲလေ၊ စစ်ဘက်ဆရာဝန်၊ စွမ်းရည်ပြလိုက်စမ်းပါ"

"စွမ်းရည်ပြလိုက်စမ်းပါ"

"ဟုတ်တယ်! စွမ်းရည်ပြလိုက်"

"......"

ရှင်တို့တွေ ဘာဖြစ်နေကြတာလဲ၊ ဒါက လိုလို့လားဟု စုရှီ စိတ်ထဲတွင် တွေးလိုက်မိသည်။

သို့သော် ယနေ့တွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့ခြင်းကြောင့် သော်လည်းကောင်း၊ သူမ၏ ရဲဘော်များက ဝိုင်းဝန်းအားပေးနေကြခြင်းကြောင့် သော်လည်းကောင်း၊ သူမကိုယ်တိုင်လည်း စမ်းသပ်ချင်စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။

သို့သော် သူမသည် မည်သူ့ကိုမျှ မထိခိုက်စေလိုပေ။ မေးခွန်းမေးခဲ့သောသူမှာ မည်သည့် မလိုမုန်းထားမှုမျှမရှိဘဲ ရိုးသားသော လူအ,တစ်ယောက်သာ ဖြစ်ကြောင်း စုရှီ သိမြင်နိုင်သည်။

သို့သော် ယခုအချိန်တွင် နောက်ဆုတ်လိုက်ပါက ပျော်စရာပျက်သွားလိမ့်မည်။

စုရှီသည် ခြေတစ်လှမ်းတိုးလိုက်ပြီး လူအများ၏ စနောက်မှုများအကြားမှ ထွက်လာခဲ့သည်။ သူမသည် ပျာယာခတ်နေသော ထိုလူကို ကြည့်ပြီး မျက်လုံးများက အပျော်သဘောဖြင့် ပြုံးယောင်သန်းနေသည်။

"ကျွန်မနဲ့ ပြိုင်ချချင်လို့လား"

"မဟုတ်ဘူး၊ မဟုတ်ဘူး... မလိုပါဘူးဗျာ"

ဘာမှနားမလည်သော တပ်ရင်းမှူးမှာ ခေါင်းပြုတ်ထွက်မတတ် ခါရမ်းပြလိုက်ချင်သည်။ သူ၏မျက်နှာမှာ ရှက်လွန်းသဖြင့် မီးခဲကဲ့သို့ နီရဲလာသည်။

သို့သော် စုရှီမှာ ဆော့ကစားချင်စိတ် ဖြစ်ပေါ်နေသည်။ သူမသည် ခြေထောက်သေးသေးလေးဖြင့် မြေကြီးကို အသာအယာ ဆောင့်ကန်လိုက်ပြီး အရှိန်ယူကာ မီတာအနည်းငယ်အကွာရှိ ဘာမှနားမလည်သော တပ်ရင်းမှူး၏ ရှေ့တည့်တည့်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သူ မတုံ့ပြန်နိုင်ခင်မှာပင် သူမသည် သူ၏ကော်လာကို ဖမ်းဆွဲလိုက်ပြီးဖြစ်သည်။ သူ၏ခန္ဓာကိုယ် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သေးသွယ်သော စစ်ဘက်ဆရာဝန်မလေးက သူ့ကို မီတာနှစ်မီတာကျော် မြင့်သော ကျောက်လှေကားထစ်များပေါ်သို့ မ,တင်ပေးလိုက်သည်။ သူ၏ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားသည်။

'ဘာဖြစ်သွားတာလဲ။ သူက ဘယ်သူလဲ။ သူ ဘယ်ရောက်နေတာလဲ။'

စုရှီသည် ကြောင်အမ်းအမ်းဖြစ်နေသော သူ့မျက်နှာကို ဂရုမစိုက်ပေ။ သူ့ကို ကျောက်လှေကားထစ်ပေါ်သို့ မ,တင်ပေးပြီးနောက် သူမသည် ပေါ့ပါးစွာ ပြန်ခုန်ဆင်းလိုက်ပြီး ရှဲ့ကျန်း၏ ဘေးသို့ အမြန်ပြန်သွားလိုက်သည်။

ဖြစ်စဉ်တစ်ခုလုံးသည် စက္ကန့်အနည်းငယ်ထက် မပိုခဲ့ပေ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဗိုလ်မှူးကြီး ဝမ်က အရင်ဆုံး သတိဝင်လာခဲ့သည်။ သူ၏ လည်ချောင်းများ ခြောက်သွေ့နေသလို ခံစားရပြီး အိပ်မက်မက်နေသကဲ့သို့ ပြောလိုက်သည်။

"အထူးတပ်ဖွဲ့က စစ်ဘက်ဆရာဝန်တွေကအစ ဒီလောက်တောင် သန်မာတာလား..."

ထိုလူက ပေါင် ၁၇၀ လောက်လေးပြီး အရပ် ၆ ပေ ရှိတာလေ။ ဒီကောင်မလေးက သူ့ကို ကြက်ကလေးတစ်ကောင်လို မ,သွားတာလား။

ပြီးတော့ ထိုကျောက်လှေကားထစ်တွေပေါ်ကို သူမ ဘယ်လိုလုပ် အဲ့လောက်မြန်မြန် တက်သွားတာလဲ။ လက်တစ်ဖက်တည်းနဲ့ လူတစ်ယောက်ကို မ,တင်ဖို့ထားဦး၊ သူကိုယ်တိုင်တောင် မနည်းတက်ယူရမှာ။ ဒါက လုံးဝ အဓိပ္ပာယ်မရှိဘူး။

အာ! ... သူမက ရူးသွပ်စရာကောင်းလောက်အောင် စွမ်းတာပဲ။

စစ်သားများအပေါ် ကြည့်သော ဗိုလ်မှူးကြီး ဝမ်၏ အကြည့်များ ပို၍ ပြင်းထန်လာသည်။ စစ်ဘက်ဆရာဝန်ကတောင် ဒီလောက် သန်မာနေရင် စစ်သားတွေဆို ဘယ်လောက်တောင် စွမ်းအားကြီးမလဲ။

စောစောက အားပေးနေခဲ့ကြသော ရှဲ့ကျန်း နောက်မှ စစ်သားများသည် ဗိုလ်မှူးကြီး ဝမ်၏ စူးစူးရဲရဲ အကြည့်အောက်တွင် နေရခက်လာကြသည်။ ထိုအကြည့်၏ အဓိပ္ပာယ်ကို သူတို့ တစ်နည်းနည်းဖြင့် နားလည်လိုက်ကြသည်။

အားလုံး၏ စိတ်ထဲတွင် ခေါင်းကို အတင်းခါရမ်းနေမိကြသည်။

ငါမဟုတ်ဘူး!

ငါမလုပ်နိုင်ဘူး!

ထူးဆန်းတဲ့လူက တစ်ယောက်တည်း ရှိတာပါ။ ဒါမှမဟုတ်... နှစ်ယောက်လား။ ဒါမှမဟုတ် နှစ်ကိုယ်ခွဲများလား။ TVT

ဇနီးသည်က တခြားသူများအား နောက်ပြောင်ကျီစယ်နေသေးသည်ကို မြင်လိုက်ရပြီး သူမ၏ တောက်ပ၍ အရည်လဲ့နေသော မျက်လုံးများ အရောင်လက်နေသည်ကို တွေ့ရသောအခါ ရှဲ့ကျန်း၏ အစောပိုင်းက စိုးရိမ်ပူပန်မှုများ လျော့ပါးသွားသည်။ သူသည် အပြစ်တင်ချင်ယောင်ဆောင်ကာ စုရှီ၏ ခေါင်းကို ဖွဖွလေး ခေါက်လိုက်သည်။

ထို့နောက် သူသည် မလှမ်းမကမ်းရှိ ကျောက်လှေကားထစ်များပေါ်တွင် ထိုင်နေသော ကြောင်အမ်းအမ်း ဖြစ်နေသည့် တပ်ရင်းမှူးဘက်သို့ လှည့်ကြည့်ကာ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ စစ်ဘက်ဆရာဝန်က နည်းနည်း ဆော့ချင်နေလို့ပါ"

ဤစကားကြောင့်... ရှီးယန်နန် မျက်လုံးလှန်ကြည့်လိုက်မိသည်။ သူ့ယောက်ဖက တစ်ခါတလေကျရင် တကယ်ကို သဘောထားသေးသိမ်လွန်းသည်။ ဒီလိုအချိန်မျိုးမှာတောင် သူ့မိန်းမအပေါ် ပိုင်စိုးပိုင်နင်းနိုင်မှုကို ပြသဖို့ မမေ့ဘူး။ တကယ့်လူပဲ။

ဖြူစင်ရိုးသားသော တပ်ရင်းမှူးမှာမူ ထိုအချိန်ကျမှပင် တုံ့ပြန်နိုင်တော့သည်။ သူသည် မိန်းမတစ်ယောက်ကြောင့် သိက္ခာကျသွားသည်ဟု မခံစားရသည့်အလား လှေကားထစ်များပေါ်မှ ခုန်ဆင်းလိုက်သည်။ အရပ်ရှည်ပြီး ခန့်ညားသော ရှဲ့ကျန်းကို လစ်လျူရှုကာ စုရှီ၏ ဘေးသို့ အားကျသောအမူအရာဖြင့် ပြေးသွားပြီး စိတ်လှုပ်ရှားနေသော ခွေးလေးတစ်ကောင်ကဲ့သို့ အမြီးနှံ့ကာ မေးလိုက်သည်။

"ဝိုး, ခင်ဗျား တော်တော်မိုက်တာပဲ။ ကျွန်တော့်ကို ဘယ်လို မ, လိုက်တာလဲ။ ခင်ဗျားက မွေးရာပါ သန်မာတာလား၊ ဒါမှမဟုတ် အထူးစွမ်းရည် တစ်ခုခုများ ရှိနေတာလား။ ကျွန်တော် သင်လို့ရမလား။ ခင်ဗျား ဘယ်လောက်ကြာကြာ လေ့ကျင့်ခဲ့ရတာလဲ။ ဟင်... ဟင်..."

စုရှီ - ...

လူတိုင်း - ...

ဗိုလ်မှူးကြီးသည် လက်အောက်ငယ်သား၏ အကျင့်စရိုက်ကို သိထားသူပီပီ နေရခက်စွာဖြင့် လက်များကို ပွတ်သပ်လိုက်သည်။ သူသည် တစ်ကိုယ်လုံးမှ အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်နေသည့် အမည်မသိ ခေါင်းဆောင်ဖြစ်သူကို အမြန်လှမ်းကြည့်လိုက်သည်။ သူသည် စစ်ဘက်ဆရာဝန်မလေး၏ ဘေးတွင် ဝိုင်းနေကြသော လက်အောက်ငယ်သားများကို သူ့နောက်သို့ အလိုအလျောက် ဆွဲပို့လိုက်သည်။

ဒီကောင်လေးက နည်းနည်း တုံးအလွန်းပေမယ့် လူကောင်းလေး တစ်ယောက်တော့ ဟုတ်သည် မဟုတ်ပါလား။

သို့သော် ထိုလူ၏ အေးစက်သော အကြည့်နှင့် ဆုံလိုက်ရသောအခါ ဗိုလ်ချုပ်ကြီးမှာ အပြစ်ရှိသလို မခံစားရဘဲ မနေနိုင်တော့ပေ။ သူ အတင်းဟန်ဆောင် ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။

"ခေါင်းဆောင်၊ အောက်ဆင်းပြီး ခဏလောက် နားမလား။ တောအုပ်အစပ်မှာ အခြေစိုက်စခန်းတစ်ခု ရှိပါတယ်"

ရှဲ့ကျန်းသည် မျက်နှာဖုံးအောက်မှ နှုတ်ခမ်းပါးများကို တင်းတင်းစေ့ထားလိုက်ပြီး သူ့ဇနီးသည်အနားတွင် အလွန်အမင်း စိတ်အားထက်သန်နေသော ထိုလူ၏ အပြုအမူကို မနှစ်မြို့ကြောင်း ထင်ရှားနေသည်။ ထိုလူ၌ မကောင်းသော ရည်ရွယ်ချက်မရှိမှန်း သိသော်လည်း သူ စိတ်တိုနေမိဆဲပင်။ သူက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

"မလိုပါဘူး၊ ကျွန်တော်တို့အဖွဲ့ ရောက်တော့မှာပါ"

စကားဆုံးသည်နှင့် တစ်ပြိုင်နက် လေယာဉ်အင်ဂျင်သံကို အဝေးမှနေ၍ လူတိုင်း ကြားလိုက်ကြရသည်။

လေယာဉ်ကို ရှာဖွေရန် မော့ကြည့်နေသော ဗိုလ်ချုပ်ကြီးကို ရှဲ့ကျန်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏လူများဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။

"အားလုံး တန်းစီ။ ထွက်ခွာဖို့ ပြင်ကြ"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်!"

တောင်ထိပ်မှာ မညီမညာဖြစ်နေသဖြင့် လေယာဉ်သည် မြေပြင်မှ မီတာသုံးဆယ်ခန့်အကွာတွင်သာ ရပ်တန့်နိုင်ပြီး စစ်သားများကို ကယ်ဆယ်ရေး ကြိုးများအသုံးပြု၍ တက်ရောက်စေရသည်။ ဤစစ်သားများအတွက် လေယာဉ်ပေါ်တက်ရန် လုံခြုံရေးကြိုး အသုံးပြုခြင်းမှာ စိန်ခေါ်မှုတစ်ခု လုံးဝမဟုတ်ပေ။ ဒဏ်ရာရစစ်သားများနှင့် စုရှီပင်လျှင် အကူအညီမပါဘဲ လုပ်ဆောင်နိုင်ခဲ့ကြသည်။

မကြာမီ သုံ့ပန်းများအပါအဝင် စစ်သားအားလုံး လေယာဉ်ပေါ်သို့ အောင်မြင်စွာ တက်ရောက်သွားကြသည်။

ကောင်းကင်ယံတွင် အစက်ကလေးတစ်စက်အဖြစ် ကျုံ့သွားသော လေယာဉ်ကို ကြည့်ရင်း ဗိုလ်မှူးကြီး ဝမ်သည် မချင့်မရဲဖြင့် အကြည့်ကို ပြန်ရုတ်သိမ်းကာ အားကျစိတ်ဖြင့် နှုတ်ခမ်းကို သပ်လိုက်သည်။

သူ တကယ်ကို မနာလိုဖြစ်မိသည်။ သူတို့အားလုံးက စစ်သားချင်း အတူတူဖြစ်သော်လည်း ထိုခေါင်းဆောင်က လေယာဉ်ပေါ်တက်တာကိုတောင် သူလုပ်နိုင်သည်ထက် ပိုပြီး အထင်ကြီးစရာကောင်းအောင် လုပ်ပြသွားနိုင်ခဲ့သည်။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော တပ်ရင်းမှူးတစ်ဦးက တွန့်ဆုတ်စွာ ပြောလိုက်သည်။

"ဗိုလ်မှူးကြီး၊ သူတို့က သုံ့ပန်းတွေရော စာရွက်စာတမ်းတွေပါ ယူသွားပြီ။ အခု ကျွန်တော်တို့က ဘာလုပ်ရမှာလဲ..."

သူ့စကားမဆုံးသေးသော်လည်း သူဘာဆိုလိုသည်ကို ရှိနေသူအားလုံး နားလည်လိုက်ကြသည်။ ကောင်းသတင်းနှင့် ဂုဏ်ပြုခံရမှုအားလုံး သူများလက်ထဲ ပါသွားသည့်အတွက် သူ စိတ်ပျက်နေခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး ဝမ်၏ မျက်နှာမှာ မည်းမှောင်သွားပြီး စိတ်ထဲတွင် ဒေါသများ ထွက်ပေါ်လာသည်။ သူ၏တပ်ရင်းမှူးသုံးဦးအနက် ဤတစ်ဦးကို သူ မကြိုက်ဆုံးဖြစ်သည်။ ထိုသူသည် အမြဲတမ်း ဉာဏ်များပြီး ကိုယ့်ရာထူးတိုးဖို့ တစ်ခုတည်းကိုသာ အာရုံစိုက်တတ်သူ ဖြစ်သည်။ ရာထူးတိုးချင်တာ ပြဿနာမရှိသော်လည်း ရဲဘော်ရဲဘက်တွေရဲ့ သွေးတွေ ချွေးတွေအပေါ်မှာ အခွင့်ကောင်းယူပြီး တက်ချင်တာကတော့ လွန်လွန်းသည်။

သူ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ပွင့်လင်းရိုးသားသော အခြားတပ်ရင်းမှူးတစ်ဦးက ဝင်ရောက်၍ ဆူပူပြောဆိုလိုက်သည်။

"သူတို့ အကုန်ယူသွားတာ မှန်တာပေါ့။ ငါတို့က လက်ဖျားနဲ့တောင် မကူညီခဲ့ရဘဲနဲ့ မင်းက ညည်းညူရဲသေးတယ်ပေါ့။ မင်းဘာတွေ တွေးနေလဲဆိုတာ ဘယ်သူမှ မသိဘူးများ ထင်နေလား"

ဝေဖန်ခံလိုက်ရသော တပ်ရင်းမှူးမှာ အံ့အားသင့်သွားပြီး အနည်းငယ် အပြစ်ရှိစိတ် ဝင်သွားသဖြင့် စကားထစ်သွားသည်။

"မင်း...!"

သူ တွေးမိသည်မှာ သူတို့ ဒီလောက် ကြိုးစားပမ်းစား လုပ်ခဲ့ရပြီးမှ နာမည်ကောင်း အနည်းငယ်မျှပင် မရလိုက်သည့်အတွက် စိတ်ပျက်မိရုံသာ ဖြစ်သည်။

ပွင့်လင်းရိုးသားသော တပ်ရက်းမှူးက ဆက်ပြောသည်။

"ဘာကို 'မင်း' လဲ။ မင်း ဘာလို့ သူတို့ရှေ့မှာကျ ဒီစကားကို ထွက်မပြောရဲတာလဲ။ သူတို့ပြန်သွားမှ မင်းက ပွစိပွစိ လုပ်နေတာ။ ဘာလဲ... ငါတို့ ဗိုလ်မှူးကြီး ဝင်ပါပြီး နာမည်ကောင်းရအောင် လုပ်စေချင်တာလား။ ဟား! ငါတို့ ဗိုလ်မှူးကြီးက အရမ်းကြီး ဉာဏ်မကောင်းပေမယ့် တုံးလည်း မတုံးပါဘူးကွ။ မင်းရဲ့ မသမာတဲ့ အကြံအစည်လေးတွေကို ဘယ်သူမှ မမြင်ဘူးလို့ ထင်နေလား..."

ဗိုလ်မှူးကြီး ဝမ်... လုံးဝ ထုံကျဉ်သွားသည်။

ကောင်းပြီလေ၊ ရန်ဖြစ်ချင်ရင် ဖြစ်ကြပါ... ဒါပေမဲ့ ဘာလို့ ငါ့ကိုပါ ဆွဲထည့်နေကြတာလဲ။

ပြီးတော့ နောက်တစ်ခုက .. လူပုဂ္ဂိုလ်ရေး တိုက်ခိုက်တာမျိုးက မလုပ်သင့်ဘူးနော်။ ကျေးဇူးပဲ။

"မင်းတို့နှစ်ယောက်လုံး နှစ်ကူးပိတ်ရက်မှာ အနားယူကြတော့။ ငါပဲ တာဝန်ယူ စောင့်လိုက်မယ်"

All Chapters