← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 11 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 11 Ch. 123-124

အပိုင်း ၁၂၃

အဖြစ်မှန်မှာ လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း ဦးလေးရှောင်းက သူ သားယောက်ျားလေး မရနိုင်တော့ကြောင်း ကြေညာခဲ့သည်။ သူက တာဝန်တစ်ခုတွင် ဒဏ်ရာရရှိခဲ့သောကြောင့် သူနှင့်သူ့ဇနီးတွင် သမီးတစ်ယောက်သာရှိပြီး နောက်ထပ်ကလေး မရခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဤရှင်းပြချက်ကို လူတိုင်းက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ပြောသကဲ့သို့ မည်သည့်မိသားစုက သားယောက်ျားလေး မလိုချင်ဘဲ ရှိမည်နည်း။

ထိုအခြေအနေသည် ယောက်ျားတစ်ဦးအတွက် အရှက်ရဖွယ်ဖြစ်သော်လည်း ဒါကပဲ ယောင်မိသားစုနှင့် ဆက်ဆံရေးကို လောလောဆယ် တည်ငြိမ်စေရန် ထိရောက်စွာ အထောက်အကူပြုခဲ့သည်။

အမှန်တကယ်တွင် ဦးလေး ရှောင်းသည် ယောင်ဝမ့်လီ နှင့် သားတစ်ယောက်ရရန် ကြိုးစားရာတွင် သူ၏ စိတ်ရင်းမှန်ကို ပြသရန်အတွက် "အားတိုးဆေး" အချို့ကို နှစ်အနည်းငယ်ကြာ သောက်သုံးသည်အထိ ပြုလုပ်ခဲ့သည်။ သူမသည် သူ့အပေါ် အလွန်စွဲလန်းနေခဲ့ရာ ဤအပြုအမူက သူ့ကို ပို၍ပင် မြတ်နိုးစေခဲ့သည်။

ယောင်မိသားစုအတွင်း မကျေနပ်သော အသံအချို့ရှိသော်လည်း ယောင်ဝမ့်လီသည် သူတို့ကို လျစ်လျူရှုခဲ့ပြီး သူမ ဆယ်စုနှစ်ပေါင်းများစွာ လေးစားခဲ့ရသော ထိုယောက်ျားနှင့်အတူ နေထိုင်ရန်သာ စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သူမသည် သူနှင့် အလွန်ဆုံးဆိုရလျှင် ခန္ဓာကိုယ်ချင်း မထိတွေ့သော ဆက်ဆံရေးကိုပင် လက်ခံရန် ဆန္ဒရှိခဲ့သည်။

ရှောင်းရုန်အပေါ် သူမ၏ ယုံကြည်မှုက သူမအား မိသားစုကိစ္စများကို သူ့ထံ ရင်ဖွင့်စေခဲ့ပြီး နယ်နိမိတ်များကို ကျော်လွန်ရန် အခွင့်အရေးတိုင်းကို အသုံးပြုစေခဲ့ကာ သူ၏ မိသားစုစီးပွားရေးကိုပင် ဆွေးနွေးမှုများတွင် ထည့်သွင်းပြောဆိုစေခဲ့သည်။

သို့သော် ယောင်ဝမ့်လီကို စီမံခန့်ခွဲရန်မှာ အတော်လေး လွယ်ကူသော်လည်း ယောင်မိသားစု၏ အကြီးအကဲဖြစ်သော သူမ၏ဖခင်မှာမူ ပို၍ သတိကြီးသူဖြစ်သည်။

သူသည် ရှောင်းရုန်က သူ၏သမီးကို လက်ထပ်ရာတွင် မသမာသော ရည်ရွယ်ချက်များ ရှိနေသည်ဟု အမြဲတစေ သံသယရှိခဲ့သည်။ မည်သို့ပင်ဆိုစေ လျိုမိသားစုကို ပြိုလဲစေခဲ့သည်မှာ သူ၏ ကိုယ်ပိုင်မိသားစုဖြစ်ပြီး ရှောင်းမိသားစုနှင့် လက်ထပ်ခြင်းကို မိသားစုနှစ်ခုကြား ဆက်ဆံရေး ခိုင်မာစေရန် နည်းလမ်းတစ်ခုအဖြစ် တင်ပြခဲ့သော်လည်း သူ ဘယ်တုန်းကမှ အပြည့်အဝ မယုံကြည်ခဲ့ပေ။

သူ၏ မျိုးဆက်တွင် မိသားစုငယ်တစ်ခု၌ ကလေးများ ရှိလာမှသာလျှင် သူတို့သည် ရည်ရွယ်ချက်တစ်ခုတည်းအပေါ် အမှန်တကယ် စည်းလုံးညီညွတ်ကြလိမ့်မည်ဟု ယုံကြည်ကြသည်။

သူသည် သူ၏ အချစ်ဆုံးသမီးနှင့် ကလေးမရှိခဲ့ချေ။ ဒီတော့ သူ မည်သို့ ယုံကြည်နိုင်မည်နည်း။

ဟုတ်ပေသည်၊ အချစ်ဆုံးသမီး.. ။ ယောင်မိသားစု၏ အကြီးအကဲသည် ဇနီးနှစ်ဦး လက်ထပ်ခဲ့ပြီး သူတို့နှစ်ဦးပေါင်းတွင် သားရှစ်ယောက်ရှိသော်လည်း သမီးတစ်ယောက်တည်းသာ ရှိခဲ့သည်။ သဘာဝအတိုင်းပင် သူမသည် အလွန်အမင်း အလိုလိုက် အကြိုက်ဆောင်ခံခဲ့ရသည်။

ဤအချက်က ယောင်ဝမ့်လီ၏ မောက်မာသော စရိုက်ကို ဖြစ်ပေါ်စေခဲ့သည်။ သူမသည် ငယ်စဉ်မှ အရွယ်ရောက်သည်အထိ လိုချင်သမျှ အရာအားလုံးကို အမှန်တကယ် ရရှိခဲ့သည်။ သူမ ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ရသည့် တစ်ခုတည်းသော အချိန်မှာ ရှောင်းရုန်နှင့် ဖြစ်သည်။

ထို့ကြောင့် ရှောင်းရုန်သည် သူမ၏ ဘဝအလင်းရောင် ဖြစ်လာခဲ့သည်။ ရှောင်းရုန်က သူမကို တုံ့ပြန်ပြီး သူမကို လက်ထပ်လိုသော ဆန္ဒကို ဖော်ပြသောအခါ လျို မိသားစုက ရှောင်းမိသားစုအပေါ် သက်ရောက်ခဲ့သော အပျက်သဘောဆောင်သည့် သက်ရောက်မှုများကို လျော့ပါးစေဖို့ရာ ဤလက်ထပ်ခြင်းကို အသုံးပြုရန် ရည်ရွယ်လျက် သူမသည် သူ့ကို ယုံကြည်ခဲ့သည်။

ထို့အပြင် သူမအတွက် ရှောင်းရုန်သည် သူ၏ တစ်ဦးတည်းသောသမီး သူမ၏ အနိုင်ကျင့်ခြင်းကို ခံနေရသည့်အချက်ကိုပင် လျစ်လျူရှုခဲ့သည်။

နောက်ပိုင်းတွင် ရှောင်းနန်မိုသည် အခြားနေရာတွင် နေထိုင်ရန် နှင်ထုတ်ခံခဲ့ရပြီး သူသည် သူမ၏ ငွေကြေးထောက်ပံ့မှုကိုပင် ဖြတ်တောက်ခဲ့သည်။ ထိုအခိုက်အတန့်တွင် ယောင်ဝမ့်လီသည် လုံးဝ ယုံကြည်သွားခဲ့သည်... ဤယောက်ျားသည် သူမကို ချစ်သည်ဟု သူမ သေချာသွားခဲ့သည်။

သူမ မသိခဲ့သောအရာမှာ ရှောင်းရုန်သည် သူ့သမီးကို လက်လွှတ်လိုက်ခြင်းသည်သာ သူမကို အမှန်တကယ် လုံခြုံစေခဲ့သည့်အရာ ဖြစ်သည်။ သူသည် သူမကို လျစ်လျူရှုခဲ့ခြင်း မဟုတ်ပေ။ အမှန်တကယ်တွင် မည်သူမျှ မသိသော်လည်း သူ့သမီးသည် အကာအကွယ်ပေးမှုအောက်တွင် ရှိနေခဲ့သည်။

ရှောင်းနန်မို အမှောင် ဈေးကွက်တွင် တွေ့ရှိခဲ့သော ပုံမှန် ရက်ရောသော ဖောက်သည်နှစ်ဦးပင်လျှင်.. သူတို့ထဲမှ တစ်ဦးမှာ ရှောင်းရုန်၏ အသိုင်းအဝိုင်းမှ တစ်စုံတစ်ဦးဖြစ်ပြီး သူ့သမီးကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ပံ့ကူညီနေခဲ့တာဖြစ်သည်။

အခြားဖောက်သည်တစ်ဦးမှာ ကျန်းကျွင့်က စီစဉ်ပေးထားသော တစ်စုံတစ်ဦး ဖြစ်သည်။

အစမှအဆုံး ရှောင်းနန်မိုသည် သူမ၏ဘဝတွင် အရေးကြီးဆုံး ယောက်ျားနှစ်ဦး၏ တိတ်တဆိတ် အကာအကွယ်ပေးခြင်းကို ခံခဲ့ရသည်။

ဇနီးမောင်နှံအဖြစ် နေထိုင်နိုင်ခြင်း မရှိတာကတော့ ယောင်ဝမ့်လီအတွက် ပြဿနာတစ်ခု မဟုတ်ခဲ့ပေ။ သူမတွင် အပြင်၌ ယောက်ျားများ မရှားပေ။ ထို့ကြောင့် သူမ ဆန္ဒရှိလာတိုင်း ထိုဆန္ဒကို ဖြည့်ဆည်းရန် ယောက်ျားတစ်ဦးကို ရှာဖွေလိုက်ရုံသာ။

ဤသို့ဖြင့် နှစ်နှစ်တာကာလသည် ထူးထူးခြားခြားမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။ ရှောင်းရုန်သည် စိုးရိမ်ပူပန်လာခဲ့သည်။ အဖြေတစ်ခုမရှိဘဲ သူ့ဇနီးရော သမီးပါ အိမ်ပြန်နိုင်မည် မဟုတ်ပေ။

အဖွဲ့အစည်းသည် ပို၍ပင် အသည်းအသန် ဖြစ်လာခဲ့သော်လည်း ရှောင်းရုန်သည် ယောင်ဝမ့်လီကဲ့သို့သော မိန်းမတစ်ဦးနှင့် အမှန်တကယ် မဆက်ဆံလိုခဲ့ပေ၊ ဒါကို သူတို့ နားလည်ခဲ့ကြသည်။

အဖွဲ့အစည်းနှင့် ရှောင်းရုန် နှစ်ဦးစလုံးသည် ယောင်ဝမ့်လီ၏ အခြားယောက်ျားများနှင့် ပတ်သက်သည့် ကိစ္စများကို အစကတည်းက သိရှိခဲ့ကြသည်။ သူတို့သည် သူ့ကို မည်သည့်အရာမျှ လုပ်ဆောင်ရန် အမှန်တကယ် အတင်းအကျပ် မတိုက်တွန်းနိုင်ခဲ့ပေ။ အကယ်၍ သူတို့သာ သူ၏ နေရာတွင် ရှိနေပါက သူတို့လည်း ထိုသို့ ပြုလုပ်လိုမည် မဟုတ်ပေ။

နောက်ပိုင်းတွင် အဖွဲ့အစည်းသည် သူတို့၏ ဗျူဟာကို ပြောင်းလဲခဲ့သည်။ တစ်နှစ်နီးပါးအကြာတွင် သူတို့သည် ရှောင်းရုန်နှင့် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီသော တစ်စုံတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤလူသည် ချန်အာ့ကောဟု အမည်ရသော အောက်တန်းစားတစ်ဦး ဖြစ်သည်။ သူသည် ရာဇဝတ်မှုတစ်ခု ကျူးလွန်ခဲ့ပြီး လက်ရှိတွင် အလုပ်ကြမ်းစခန်းတစ်ခု၌ ပြစ်ဒဏ်ကျခံနေရသည်။

လူအနည်းငယ်က သူ့ကို ရှာဖွေတွေ့ရှိပြီးနောက် သူတို့သည် သူ့ကို ချက်ချင်း ခေါ်ဆောင်လာခဲ့ပြီး ရှောင်းရုန်၏ အမူအကျင့်များနှင့် ပြောဆိုပုံတို့ကို အတုခိုးလျက် သူ့နောက်သို့ တိတ်တဆိတ် လိုက်၍လေ့လာစေခဲ့သည်။

ဤလူသည် ပါရမီရှိသူဖြစ်ပြီး လအနည်းငယ်ကြာ လေ့ကျင့်ပေးပြီးနောက် အလင်းရောင်မှိန်မှိန်ရှိသော ပတ်ဝန်းကျင်တွင် ရှောင်းရုန်ဘေးတွင် ရပ်လျက် သူတို့ စကားနည်းနိုင်သမျှ နည်းအောင် ပြောပါက သူတို့နှစ်ဦးကို ခွဲခြားသိမြင်ရန် အမှန်တကယ် ခက်ခဲလှသည်။

ထိုအချိန်မှစ၍ အတွင်းကျကျ ကိစ္စရပ်အားလုံးကို ချန်အာ့ကောထံ အပ်နှင်းခဲ့သည်။ သေချာပေါက် ညအချိန်များတွင်သာ ဖြစ်သည်။

ပြီးတော့ မပေါ်ပေါက်စေရန် တစ်လလျှင် အကြိမ်အနည်းငယ်သာ ဖြစ်ပျက်စေခဲ့သည်။

ဒါက အမှန်တကယ်ပင် ထေ့ငေါ့စရာကောင်းလှသည်။ ယောင်ဝမ့်လီသည် ရှောင်းရုန်ကို နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးသည်ဟု သူမကိုယ်သူမ ဂုဏ်ယူခဲ့သော်လည်း သူမသည် အပြင်ဘက်တွင် ချစ်သူများစွာ ထားရှိခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ချန်အာ့ကောမှာ ရှောင်းရုန် ကိုယ်တိုင် မဟုတ်သည်ကိုပင် မခွဲခြားနိုင်ခဲ့ပေ။

ချန်အာ့ကော၏ သရုပ်ဆောင်မှုက အမှန်တကယ် ထိုမျှလောက် ကောင်းမွန်နေခဲ့သည်လား။ လုံးဝမဟုတ်ပါ။ အမှန်တရားမှာ ယောင်ဝမ့်လီ၏ ချစ်ခင်တွယ်တာမှုသည် အလွန် ဈေးပေါလွန်းသောကြောင့် ဖြစ်သည်။ အကယ်၍ သူမ တစ်စုံတစ်ယောက်ကို အမှန်တကယ် ချစ်မြတ်နိုးခဲ့ပါက သူမ ခြားနားမှုကို ခွဲခြားသိမြင်နိုင်ခဲ့မည်ဖြစ်သည်။

သူတို့ ယောင်ဝမ့်လီအပေါ် အပြစ်ရှိသလို ခံစားခဲ့ရခြင်း ရှိမရှိနှင့် ပတ်သက်၍မူ အတွေးလွန်နေခြင်းသာဖြစ်သည်။ နှစ်တွေတစ်လျှောက် သူမသည် အပြစ်မဲ့သော အမျိုးသမီးများစွာ အထူးသဖြင့် အချို့သော မိန်းကလေးများ၏ ဘဝများကို သူမထက် ပိုလှပနေသောကြောင့်မျှဖြင့် ဖျက်ဆီးခဲ့သည်။ ဒါက အလွန်ပင် လှောင်ပြောင်စရာကောင်းလှသည်...

ချန်အာ့ကော၏ ဤအစီအစဉ်တွင် ပါဝင်ရန် စိတ်အားထက်သန်မှု၌ သူ့ကိုယ်ပိုင် အကြောင်းပြချက်များ ရှိခဲ့သည်။

သူ၏ ရုပ်ရည်ကောင်းမွန်မှုကြောင့် သူ ဆင်းရဲသော်လည်း အမျိုးသမီးများသည် သူ့ထံသို့ အတင်း တိုးဝှေ့လာကြဆဲဖြစ်သည်.. အထူးသဖြင့် မုဆိုးမများပင်။

သို့သော် သူတို့သည် တစ်ညတာ၏ စိတ်လှုပ်ရှားဖွယ်ရာကိုသာ လိုချင်ခဲ့ကြသည်။ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို လက်ထပ်ရန် ဆန္ဒမရှိခဲ့ကြ... အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ချန်အာ့ကောသည် အလွန် ဆင်းရဲသောကြောင့်ဖြစ်သည်။

သူက လူဆိုးတစ်ယောက်လား။ တကယ်တော့ မဟုတ်ပါ။ သူသည် ကောင်းမွန်သော မိသားစုများမှ အမျိုးသမီးများကို ဘယ်တော့မှ ပစ်မှတ်မထားခဲ့ပေ။

သို့သော် ယခုအခါ တရားမဝင် ပေါင်းသင်းဆက်ဆံမှုများနှင့် ပတ်သက်သည့် တင်းကျပ်သော စည်းမျဉ်းများကြောင့် ဤအချိန်တွင် ပွေရှုပ်ခြင်းသည် လက်တွေ့တွင် ရာဇဝတ်မှုတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် မြစ်ကမ်းနဘေးတွင် ကစားလေ့ရှိသူများ မကြာခဏ ကြုံတွေ့ရသကဲ့သို့ ချန်အာ့ကော အဖမ်းခံခဲ့ရသည်။ တစ်ခါက သူနှင့် မုဆိုးမတစ်ဦးအား အတူတွေ့ရှိသွားပြီး နှစ်ဦးစလုံး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

သို့သော် ယခု အကယ်၍ သူ အမျိုးသမီးများနှင့် ပေါ်ပေါ်တင်တင် အိပ်စက်နိုင်ပြီး ပြစ်ဒဏ်မှ လွတ်မြောက်ရန် လုံလောက်အောင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါက ထိုမိန်းမ ကလေးမွေးဖွားခဲ့လျှင် သူသည် သီးသန့်အခန်းတစ်ခန်းဖြင့်ပင် ဆုချခံရနိုင်သည်။

ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ။ ကောင်းကင်ပေါ်က မုန့်ပြားတစ်ချပ် ကျလာသလိုပင်။

ထိုအခိုက်အတန့်ကို ဆုပ်ကိုင်လျက် နာမည်ပျက်ရှိသော အဖွဲ့အစည်းတစ်ခုကဲ့သို့ ထင်ရသော်လည်း ချန်အာ့ကော သည် စိတ်လှုပ်ရှားနေခဲ့သည်။ သူ အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။ ထိုမိန်းမသည် လူကောင်းတစ်ယောက် မဟုတ်သည့်အပြင် ရန်သူ့ဘက်မှသူလျှိုတစ်ဦး ဖြစ်နိုင်သည်ဟု သူ အတည်ပြုပြီးသည်နှင့် နှစ်ဖက်စလုံး လျင်မြန်စွာ သဘောတူညီချက် ရရှိခဲ့ကြသည်။

ချန်အာ့ကောသည် နည်းလမ်းများစွာဖြင့် အသုံးမကျသူ ဖြစ်နိုင်သော်လည်း နိုင်ငံတော်အရေးနှင့် ပတ်သက်လာသောအခါ သူ မကြောက်ရွံ့ခဲ့ပေ။

ထို့ကြောင့် ယောင်ဝမ့်လီ ထောင်ထဲရောက်သည့် အချိန်အထိ "ကြင်နာတတ်သူ" တစ်ဦးက သူမအား သူမနှင့် အိပ်စက်ခဲ့သော ယောက်ျားမှာ ရှောင်ရုန် မဟုတ်ကြောင်းနှင့် ထိုကလေးသည်လည်း သူ၏ ကလေး မဟုတ်ကြောင်း အသိပေးခဲ့ခြင်း မရှိခဲ့ပေ။

ထို့နောက် တစ်ချိန်က ခမ်းနားထည်ဝါပြီး ကျက်သရေရှိသော ယောင်မိသားစု၏ သမီးကြီး.. သူမ၏ မောက်မာမှုနှင့် အနိုင်ကျင့်တတ်သော အပြုအမူများကြောင့် လူသိများသော ယောင်မိသားစု၏ "မင်းသမီး" သည် ရိုင်းစိုင်းသော အမျိုးသမီးတစ်ဦးနှင့် မခြား ငိုကြွေးခြင်း အော်ဟစ်ခြင်း ကျိန်ဆဲခြင်းများ ပြုလုပ်နေသည်ကို လူတိုင်း မြင်တွေ့ခဲ့ကြရသည်...

ချန်အာ့ကောအတွက်မူ သူသည် ရှောင်းရုန်ကို လုံးဝ အတုခိုးနိုင်သည့်အပြင် သူကိုယ်တိုင်လည်း အတိအကျ ငယ်ရွယ်သူ မဟုတ်တော့ဘဲ ရှောင်းရုန်ထက် နှစ်အနည်းငယ်သာ ငယ်ပြီး သူသည် အသက်လေးဆယ်ကျော် ရှိနေပြီဖြစ်သည်။

သူ၏မိသားစုတွင် ကျန်ရှိသော တစ်ဦးတည်းသော သားသမီးအဖြစ် သူတစ်ယောက်တည်းသာ ရှိတော့ကာ သူတို့သည် စားဝတ်နေရေးအတွက် မနည်း ရုန်းကန်နေရလောက်အောင် ဆင်းရဲလွန်းလှသည်။ ထို့ကြောင့် သူသည် နှစ်ပေါင်းများစွာ ခြေသလုံးအိမ်တိုင် နေထိုင်ခဲ့ရခြင်း ဖြစ်သည်။

သူ၏ တာဝန်ကို ပြီးမြောက်ပြီးနောက် အဖွဲ့အစည်း၏ ကတိအတိုင်း သူ၏ အိမ်ထောင်စုမှတ်ပုံတင်ကို J မြို့ သို့ ပြောင်းရွှေ့ပေးခဲ့သည်။ သူတို့သည် သူ့ကို စတုရန်းမီတာ သုံးဆယ်ခန့်ရှိသော အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းငယ်တစ်ခန်းဖြင့် ဆုချခဲ့ပြီး ပြန်လည်အသုံးပြုသည့် စခန်းတစ်ခုတွင် သူ့အတွက် အလုပ်တစ်ခု စီစဉ်ပေးခဲ့သည်။

အဖွဲ့အစည်းက သူ့အား အကယ်၍ သူ၏ အမှားများကို ပြင်ဆင်ပြီး ဘဝကောင်းတစ်ခု နေထိုင်နိုင်ပါက သူသည် ဖခင်အရင်းဖြစ်သောကြောင့် ထိုကလေးကို ကိုယ်တိုင် ပြုစုပျိုးထောင်ရန် ခွင့်ပြုမည်ဟုလည်း ကတိပေးခဲ့သည်။ သို့မဟုတ်ပါက ထိုကလေးကို ကလေးမရနိုင်သော မိသားစုတစ်ခုက မွေးစားလိမ့်မည်ဖြစ်သည်။

ထိုကလေးကို ထည့်တွက်ထားခဲ့ပြီးဖြစ်သော်လည်း နိုင်ငံတော်အရေးအတွက် ဖြစ်စေကာမူ အဖွဲ့အစည်းသည် ထိုကလေးအတွက် သင့်လျော်သော စီစဉ်မှုများ ပြုလုပ်ရန် အခိုင်အမာ တောင်းဆိုခဲ့သည်။ သူတို့သည် ထိုကလေး အရွယ်ရောက်သည်အထိ တိတ်တဆိတ် စောင့်ကြည့်သွားမည်ဖြစ်သည်။

သူ၏ အသက်အရွယ်တွင် သူ့တွင် သားတစ်ယောက် ရှိနေသေးသည်ဟု ကြားသိရသောအခါ ချန်အာ့ကောသည် ဘဝသစ်အတွက် ခွန်အားသစ်များ ထိုးသွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် သူ၏ ယခင် ပေါ့ပေါ့ဆဆ နေထိုင်တတ်ပြီး မဆင်မခြင် ပြုမူတတ်သော နည်းလမ်းများကို ချက်ချင်း ပြောင်းလဲလိုက်ပြီး နေ့စဉ် လုံ့လဝီရိယဖြင့် အလုပ်လုပ်ကာ ငွေရှာဖွေခဲ့ပြီး တစ်နှစ်ကျော်ကြာ စောင့်ကြည့်လေ့လာပြီးနောက်... အဖွဲ့အစည်းသည် ချန်အာ့ကော အမှန်တကယ် နောင်တရသွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် အတည်ပြုခဲ့သည်။

ထို့ကြောင့် ယောင်ဝမ့်လီ အကျဉ်းချခံရပြီးနောက် အဖွဲ့အစည်းမှ အဖွဲ့ဝင်များသည် သူ့ထံ လာရောက်ကြပြီး သူ့အား ကလေးကို လွှဲပြောင်းပေးကာ သူတို့သည် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။

အကယ်၍ ချန်အာ့ကော သည် မသင့်လျော်သော ဖခင်တစ်ဦးဖြစ်ကြောင်း သက်သေရှိခဲ့ပါက ကလေးကို ပြန်လည် ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း သူတို့သည် ကလေးကို ထောက်ပံ့ရန် လစဉ် ငွေပို့ပေးမည်ဖြစ်ပြီး ထိုကလေးကို အဖွဲ့အစည်းက ပြုစုပျိုးထောင်သည်ဟု သတ်မှတ်မည်ဖြစ်သည်။

အရာအားလုံး အဆင်ပြေချောမွေ့သွားပုံရသည်...

ဇာတ်လမ်းမြင်ကွင်းသည် စု မိသားစု၏ ခြံဝင်းအတွင်းသို့ ပြန်လည် ရောက်ရှိသွားသည်။

နံနက်စာ စားပြီးနောက် ကျန်းကျွင့် ပြန်တော့မည့်အချိန်တွင် စုရှီက သူ့ကို မက်မွန်ဝိုင် ပုလင်းတစ်လုံး ပေးလိုက်သည်။ သူ၏ ရှုပ်ထွေးနေသော အမူအရာကို မြင်သဖြင့် သူမ ရှင်းပြလိုက်သည်။

"ဒီဝိုင်ကို ကျွန်မကိုယ်တိုင် ချက်ထားတာ။ ပါဝင်ပစ္စည်းတွေက အထူးတန်းတွေချည်းပဲ တော်တော်ရှားတယ်။ ကျွန်မဆီမှာ အများကြီးမရှိဘူး အဓိကကတော့ မိသားစု ကျန်းမာရေးအတွက် သိမ်းထားတာ။ ရှင် ဒါကို အန်တီ လျိုနဲ့ သောက်ကြည့်ဖို့ ယူသွားလိုက်ပါ။ သူ့ရောဂါကို သက်သာစေမလားတော့ ကျွန်မ မသေချာဘူး ဒါပေမဲ့ ကျန်းမာရေးအတွက်တော့ တကယ်ကောင်းတယ်။ ကျွန်မအဖွားလည်း သူ့ကျန်းမာရေးအတွက် ဒါကို သုံးတယ်။"

အစပိုင်းတွင် ကျန်းကျွင့်သည် လက်ခံရန် တုံ့ဆိုင်းနေခဲ့သည်။ စုရှီ ပြောသည်မှတစ်ဆင့် ဝိုင်၏ ရှားပါးမှုကို သူ နားလည်သော်လည်း သူမက သူမ၏ အဖွားအကြောင်း ပြောသည်ကို ကြားပြီးနောက် အသက် ခုနစ်ဆယ်ကျော်ပြီဖြစ်သော်လည်း ဆံပင်နက်မှောင်ထူထဲပြီး ကျန်းမာဝဖြိုးသော မျက်နှာရောင်ရှိသည့် ချန်ရှန်းယွင်၏ ပုံရိပ်ကို ပြန်သတိရမိသောအခါ သူ မငြင်းဆန်နိုင်တော့ပေ။

ထို့ကြောင့် သူသည် ပြုံးလျက် လက်ခံလိုက်ပြီး စုရှီကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားဆိုကာ အကျိုးသက်ရောက်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အနာဂတ်တွင် ဤကျေးဇူးကို ပြန်ပေးဆပ်မည်ဟု ကတိပေးခဲ့သည်။

သူ စုရှီကို ခြံဝင်းကျယ်နှင့် အိမ်တစ်အိမ် လက်ဆောင်ပို့ပေးသင့်လား။ သူမသည် ထိုကဲ့သို့သော ပုံစံမျိုးကို အထူး နှစ်သက်ပုံရသည်။

စုရှီသည် အစကတည်းက သူ့ကို ဝိုင်ပုလင်း ပေးရန် စီစဉ်ထားခဲ့ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မိသားစုမှလွဲ၍ သူမသည် ဤ အဆင့်မြှင့်တင်ထားသော မက်မွန်ဝိုင်ကို အခြားသူများအား ပေးလေ့မရှိသောကြောင့်ဖြစ်သည်။ တစ်ခုတည်းသော ခြွင်းချက်မှာ လွန်ခဲ့သော နှစ်အနည်းငယ်က ယွမ်ယွမ် ကိုယ်ဝန်ဆောင်စဉ် သူမ၏ အသက်ကို ကယ်တင်ရန် ပုလင်းတစ်လုံး ပေးခဲ့ခြင်း ဖြစ်သည်။

ထို့မှလွဲ၍ ဒီဝိုင်ကို အမှန်တကယ် မျှဝေခဲ့ခြင်း မရှိခဲ့ပေ။

သို့သော် ကျန်းကျွင့်သည် ရှဲ့ကျန်းနှင့် သူမ နှစ်ဦးစလုံးကို အလွန် ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ ဘယ်လောက်အထိလဲဆို သူမ၏ အဖွားနှင့် ထောင်ထောင်တို့ပင်လျှင် သူ၏ ဂရုစိုက်မှု အသိုင်းအဝိုင်းတွင် ပါဝင်ခဲ့ပြီး ပုံမှန် လာရောက်လည်ပတ်ခဲ့သည်။

စုရှီသည် သူမ၏ အဖွားကို တိတ်တဆိတ် မေးမြန်းခဲ့ရာ ကျန်းကျွင့်သည် သူလာလည်သည့် အခါတိုင်း အဖွားအား ကြည့်ရှုစောင့်ရှောက်ရန် သူ၏ ဘက်မှ တစ်စုံတစ်ယောက် အမြဲရှိနေစေရန် ထန်စစ်ယွင်နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဘယ်သောအခါမျှ ပြောကြားခဲ့ခြင်းမရှိသည်ကို သိရှိခဲ့ရသည်။

ဤအပြုအမူသည် လေးနက်လှပြီး ချိုမြိန်ခြင်းနှင့် ခါးသက်ခြင်း ရောနှောနေသော ခံစားချက်ဖြင့် သူမ၏ နှလုံးသားကို ဖိစီးစေခဲ့သည်။ ဒါက သူမအား မည်သို့ တုံ့ပြန်ရမည်ကို မသိနိုင်လောက်အောင် အလွန် စိတ်လှုပ်ရှားစေခဲ့သည်။ ဤမျှလောက် လုပ်ဆောင်ပေးသော သူငယ်ချင်းတစ်ယောက် ရှိခြင်းသည် အမှန်တကယ် ရှားပါးလှသည်။

မည်သို့ပင်ဆိုစေ ကျန်းကျွင့်တွင် သူကိုယ်တိုင် တက်ရောက်ရန် သူ၏ ကိုယ်ပိုင် လုပ်ငန်းကိစ္စများ ရှိသည်။ သူ အလုပ်များပြီး ကိုယ်တိုင် မလာနိုင်သည့်အခါများတွင်ပင် သူသည် သူ၏ လက်အောက်ငယ်သားများထဲမှ 'ညီငယ်' တစ်ဦးကို သူမထံ လာရောက်ကြည့်ရှုရန် စေလွှတ်ခဲ့သည်။

နောက်ဆုံးတွင် လူတိုင်းတွင် ကိုယ်ပိုင် နှလုံးသား ရှိကြသည်ဖြစ်ရာ သူမသည် ထိုဝိုင်ပုလင်းနှင့် ပတ်သက်၍ ကပ်စေးနဲမိသည်အား ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ပေ။

ထို့အပြင် ဒီဝိုင်သည် သနားစရာကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သည့် နန်မို၏ မိခင်အတွက် ရည်ရွယ်ခဲ့သည်...

သို့သော် ကျန်းကျွင့်သည် ပါးနပ်သူတစ်ဦးဖြစ်ရာ သူမက ဝိုင်များများစားစား မရှိကြောင်း ပြောသောအခါ သူ သူမ၏ ဆိုလိုရင်းကို နားလည်သင့်သည်။

ကျန်းကျွင့်ကို နှုတ်ဆက်လိုက်ပြီးနောက် နံနက် ၈ နာရီ ကျော်နေပြီဖြစ်သည်။

သူတို့ နောက်ကျနေရခြင်း၏ အဓိကအကြောင်းရင်းမှာ ဇာတ်လမ်းက အချိန်အတော်ကြာမြင့်သွားသောကြောင့်ဖြစ်ရာ ယခု စုရှီသည် သူမ၏ သမီးကို ပွေ့ချီလျက် အဖွားနှင့် အန်တီ ယန်တို့နှင့်အတူ တိရစ္ဆာန်ရုံသို့ အလျင်စလို သွားနေသည်။

ရွေးချယ်စရာမရှိပေ။ သူမသည် သူမ၏ ယောက္ခမနှင့် နံနက် ၉ နာရီတွင် တိရစ္ဆာန်ရုံ ဂိတ်ဝ၌ တွေ့ဆုံရန် သဘောတူထားခဲ့ပြီး အကယ်၍ သူတို့ ထိုထက် နောက်ကျပါက လွဲချော်သွားမည်ဖြစ်သည်။

အုပ်စုလိုက် အလျင်စလို သွားခဲ့ကြပြီး သူတို့ ဦးတည်ရာသို့ ရောက်ရှိချိန်တွင် သူတို့သည် မိနစ်အနည်းငယ် နောက်ကျနေဆဲဖြစ်သည်။ စုရှီသည် နောက်အနည်းငယ်ကြာလျှင် သူမ ကားတစ်စီး မဖြစ်မနေ ဝယ်မည်ဟု သူမဘာသာသူမ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးသည် အလွန် အဆင်မပြေလှပေ။

ထန်စစ်ယွင်သည် သူမ၏ မြေးမလေးကို ချီလိုက်ပြီး ပျော်ရွှင်စွာ နမ်းရှိုက်ကာ ထို့နောက် အုပ်စုကို အတွင်းသို့ အလျင်အမြန် ဦးဆောင် ခေါ်သွားခဲ့သည်။

အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း

အပိုင်း ၁၂၄

တိရိစ္ဆာန်ရုံသည် ၁၉၇၀ ခုနှစ်များဆီက တိရစ္ဆာန်ရုံတစ်ရုံ ဖြစ်သော်လည်း နေရာတိုင်းတွင် လူများ ရှိနေဆဲဖြစ်ပြီး အားလုံးသည် သူတို့၏ ကလေးများနှင့်အတူ ပျော်ပွဲစားထွက်ရန် စုပြုံနေကြသည်။

စုရှီနှင့် သူမ၏ အဖွဲ့သည် လူအုပ်နောက်သို့ လိုက်ပါသွားပြီး သူတို့ နောက်ပြန်လှည့်ကြည့်သောအခါ သူတို့၏ နောက်တွင် တင်းကျပ်စွာ စုပြုံနေသော လူတန်းရှည်ကြီးကို တွေ့မြင်ရ၍ တုန်လှုပ်သွားကြသည်။

ဤသို့သော အခြေအနေမျိုးတွင် ကလေးများကို အထူးသဖြင့် အနီးကပ် ထားရှိရမည်ဖြစ်သည်။ လူကုန်ကူးသူများသည် ခေတ်အလိုက် ခွဲခြားခြင်းမရှိပေ။ ကံကောင်းစွာဖြင့် ယနေ့တွင် လူကြီးလေးယောက် ရှိနေသဖြင့် ထောင်ထောင်လေးကို ဂရုစိုက်စောင့်ရှောက်ရန်မှာ လုံးဝ မခက်ခဲခဲ့ပေ။

မူလက စုရှီသည် အသက်ငါးနှစ်ရှိပြီဖြစ်သော သူမ၏ ကလေးသည် သူ့ဘာသာသူ လမ်းလျှောက်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ ကလေး မောပန်းလာသောအခါ သူမ ရိုးရှင်းစွာ ပွေ့ချီလိုက်မည်ဟု တွေးထင်ထားခဲ့သည်။

သို့သော် တိရစ္ဆာန်ရုံသည် သူမ ထင်ထားသည်ထက် များစွာ ပို၍ လူစည်ကားနေခဲ့သည်။ သူမ၏ ယောက္ခမကို မေးကြည့်သောအခါ စုရှီ ရုတ်တရက် သဘောပေါက်သွားသည်... ယနေ့မှာ တနင်္ဂနွေနေ့ ဖြစ်သည်။

စစ်တပ်ထဲတွင် သီးသန့် သတ်မှတ်ထားသော ပိတ်ရက်များ အမှန်တကယ် မရှိခဲ့ပေ။ ထို့ကြောင့် သူမ လုံးဝ သတိမထားမိခဲ့ခြင်း ဖြစ်သည်။

နောက်ထပ် နှစ်နာရီသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ စုရှီသည် သူမ၏ သမီးကို တိရစ္ဆာန်ရုံပတ်လည်တွင် ဆက်ပွေ့ချီထားခဲ့သည်။ သူမ၏ ခွန်အားနှင့်အတူ သူမ လုံးဝ မောပန်းနွမ်းနယ်သည်ဟု မခံစားရပေ။

အကူအညီပေးလိုသော အန်တီ ယန်သည် သူမ၏ အလုပ်ရှင်သည် မည်သို့သော လျှို့ဝှက်သော စွမ်းအားရှင်တစ်ဦး ဖြစ်နေသည်ကို အံ့ဩရင်း လေးစားမှုဖြင့် လျှာသပ်သံပြုမိသည်ကို မထိန်းနိုင်ခဲ့ပေ။

နံနက် ၁၁ နာရီခွဲတွင် တိရစ္ဆာန်ရုံပတ်လည် လမ်းလျှောက်ပြီးနောက် သူတို့သည် နောက်ဦးတည်ရာသို့ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခင်ညက စုရှီသည် ‘လောင်မို’ စားသောက်ဆိုင်ဟု အများသိကြသော မော့စကိုစားသောက်ဆိုင်တွင် ကြိုတင်မှာယူမှုတစ်ခု ပြုလုပ်ထားခဲ့သည်။

စားသောက်ဆိုင်သည် တိရစ္ဆာန်ရုံနှင့် မဝေးလှပေ။ အဖွဲ့သည် ကားထဲသို့ ဝင်လိုက်ကြပြီး စုရှီက ကားမောင်းကာ ထန်စစ်ယွင်က ခရီးသည်ထိုင်ခုံတွင် ထိုင်လျက် သူမ၏ ချွေးမကို လမ်းညွှန်ပေးခဲ့သည်။ ဆယ်မိနစ်ခန့်အကြာတွင် သူတို့သည် ဦးတည်ရာသို့ ရောက်ရှိသွားကြသည်။

ကားရပ်နားပြီးနောက် စားပွဲထိုးတစ်ဦးက သူတို့ကို လူဆယ်ဦး ထိုင်နိုင်သော စားပွဲတစ်ခုဆီသို့ လမ်းညွှန်ခေါ်ဆောင်သွားခဲ့သည်။

စားပွဲတွင် ဖန့်ရှင်း၊ ဖန့်ယွင်ယွင်နှင့် ရှီလင်းလင်းတို့ ရောက်နှင့်နေကြပြီဖြစ်သည်။ ဖန့်ယွင်ယွင်နှင့် ရှီလင်းလင်းတို့ နှစ်ဦးစလုံးသည် သူတို့၏ ကလေးများကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။

သူတို့ စုရှီနှင့် အခြားသူများကို မြင်သောအခါ ပျော်ရွှင်စွာ နှုတ်ဆက်ကြသည်။ ရှီလင်းလင်းက နောက်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။

"ရှီရှီ၊ ရောက်လာပြီ။ ဒီနေ့ ငါတို့ကို ကျွေးမွေးပြုစုမယ့်ပုံပဲ။"

လောင်မို စားသောက်ဆိုင်သည် J မြို့ တွင် အဆင့်မြင့်ဆိုင်အဖြစ် သတ်မှတ်ခံရကြောင်း လူသိများသည်။ ယွမ်တစ်ရာသည် လူနှစ်ဦးကို ဗိုက်ပြည့်ရုံမျှသာ ကျွေးနိုင်ပြီး အားရပါးရ စားသောက်ရန်အတွက် လုံလောက်သည်မှာ သေချာပေါက် မဟုတ်ပေ။

ယွမ်တစ်ရာသည် များပြားသည်ဟု မထင်ရနိုင်သော်လည်း ဤခေတ်တွင် ထိုတန်ဖိုးသည် ပုံမှန်အလုပ်သမားတစ်ဦး၏ သုံးလစာနီးပါးနှင့် ညီမျှသည်။ ဒါက အတော်လေး ဈေးကြီးသည် မဟုတ်ပါလား။

အကယ်၍ နောက်ပိုင်းနှစ်များနှင့် နှိုင်းယှဉ်ကြည့်ပါက လူနှစ်ဦးအတွက် တစ်နပ်စာမျှဖို့ သုံးလစာကို သုံးစွဲခြင်းသည် ဈေးပေါသည်ဟု မဆိုနိုင်ပေ။ ဒါက အနည်းငယ် နှမြောစရာ မဟုတ်ပါလား။

ပြီးတော့ ဒီနေ့ သူတို့တွင် လူကြီးရော ကလေးပါ လူဆယ်ယောက် ရှိနေသည်။ အကယ်၍ သူတို့ လွတ်လပ်စွာ စားသုံးကြမည်ဆိုလျှင် အခြေခံအဖြစ် အနည်းဆုံး ယွမ်ငါးရာ လိုအပ်မည်ဖြစ်သည်။

စုရှီသည် သူ့သမီးလေး ထောင်ထောင်နဲ့ ထိုင်ဖို့ အခိုင်အမာ ပြောပြီးတာနဲ့ သူမဘေးမှာ ဝင်ထိုင်လိုက်သည်။ ထိုမှတ်ချက်ကို ကြားသောအခါ သူမ ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ကြိုက်သလိုသာ စားကြပါ ပျော်ပျော်ရွှင်ရွှင် စားပါ။ အနည်းဆုံးတော့ ပြန်သွားတဲ့အခါ နံရံကိုမှီပြီး ထွက်သွားရတဲ့အထိ ဖြစ်ရမယ်။"

ဤအချိန်တွင် "နံရံကိုမှီ၍ ဝင်လာပြီး နံရံကိုမှီ၍ ထွက်သွားသည်" ဟူသော ဆိုရိုးစကားသည် အများသုံး စားသောက်မှုဆိုင်ရာ အတွေးအခေါ်တစ်ခု မဟုတ်သေးပေ။ သူမ၏ ခြောက်လအရွယ် သမီးလေးကို ပွေ့ချီထားသော ဖန်းယွင်ယွီက စူးစမ်းစွာ မေးလိုက်ရာ အခြားသူများကလည်း သူတို့၏ အာရုံကို စုရှီထံသို့ လှည့်လိုက်ကြသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ။"

စုရှီသည် မစဉ်းစားဘဲ ပြောလိုက်မိသော်လည်း လူတိုင်းက သူမကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူမ ဘာကို ဆိုလိုသည်ကို အလျင်အမြန် ရှင်းပြလိုက်သည်။

ထို့နောက် သူမသည် သူမ၏ အိတ်ကပ်ထဲမှ စာအိတ်တစ်အိတ်ကို ထုတ်ယူပြီး ဖန်းယွင်ယွီ၏ သမီးဖြစ်သူထံ ပေးလိုက်သည်။ ဒါသည် ဤအခါသမယအတွက် သူမ အထူး ယူဆောင်လာခဲ့သော လက်ဆောင်ဖြစ်ပြီး သူတို့၏ ပထမဆုံး တွေ့ဆုံမှုအတွက် အမှတ်တရ လက်ဆောင်တစ်ခု ဖြစ်သည်။ ထိုမိန်းကလေးငယ်သည် သူမ၏ ဖခင်နှင့်တူပြီး နူးညံ့ကာ ချစ်စရာကောင်းကြောင်း သူမ သတိပြုမိလိုက်သည်။

ရှီလင်းလင်းသည် ချက်ချင်းပင် သက်ပြင်းတစ်ချက်ချကာ နှမြောတသဖြစ်သော အမူအရာဖြင့် ညည်းညူလိုက်သည်။

"ငါသာ ကြိုသိခဲ့ရင် မနေ့ကတည်းက ဒါအတွက် ငါ့ဗိုက်ကို ချန်ထားမှာ။ ဒါဆို နင့်အတွက် ပိုက်ဆံတွေ အများကြီး သက်သာသွားမှာ။ ငါ တော်တော် နစ်နာသွားပြီ။"

ဤသည်ကို ကြားသောအခါ လူတိုင်း ရယ်မောကြတော့သည်။ ဟုန့်ကျွင်းတွင် ရှိစဉ်ကတည်းက ရှီလင်းလင်းကို သိခဲ့သော ထန်စစ်ယွင်သည် အားရပါးရ ရယ်မောလိုက်ပြီး သူမ မည်မျှ စနောက်တတ်ကြောင်း မှတ်ချက်ပေးလျက် သူမကို ချစ်စနိုးဖြင့် တို့လိုက်သည်။

အခြားသူများကို ဧည့်ခံကျွေးမွေးသည့်အခါ စုရှီသည် အမှန်တကယ်ပင် ကတိတည်ခဲ့သည်။

အဖွဲ့သည် စုရှီတွင် ငွေရေးကြေးရေး မပြတ်လပ်ကြောင်း သိကြသော်လည်း သူမသည် မဆင်မခြင် သုံးဖြုန်းတတ်သူမျိုးလည်း မဟုတ်ပေ။ သူမသည် ဟင်းလျာအသစ်များကို မြည်းစမ်းကြည့်ရန်အတွက် အနည်းငယ်မျှသာ မှာကြားခဲ့သည်။ သို့သော် ချမ်းသာကြွယ်ဝသူများဖြစ်သော သူမနှင့် ထန်စစ်ယွင် နှစ်ဦးစလုံးသည် အခြားသူများ၏ ယဉ်ကျေးစွာ ငြင်းဆန်မှုများကို လျစ်လျူရှုပြီး အစားအစာများစွာကို မှာကြားခဲ့ကြသည်။

လူတိုင်း အတူတကွ ဆုံစည်းရန်မှာ ရှားပါးလှပြီး အစားအစာတစ်နပ်အတွက် ကပ်စေးနဲရန် မလိုအပ်ပေ။ သူမ၏ သူငယ်ချင်းများသည် သူမအပေါ် အလွန် အလေးထားခဲ့ကြပြီး သူမ သူတို့အားလုံးကို တန်ဖိုးထားမိသည်။ သူတို့ကို ညစာ ဖိတ်ကျွေးခြင်းသည် သူမ၏ ကျေးဇူးတင်မှုကို ပြသသည့် သေးငယ်သော အမူအရာတစ်ခုမျှသာ ဖြစ်သည်။

အမဲသားကင်များ မုန့်များ ဟင်းချိုနှင့် အဖျော်ယမကာများကို စားပွဲပေါ်သို့ ယူဆောင်လာသောအခါ စုရှီသည် သူမ၏ ကော်ဖီကို တစ်ငုံ သောက်လိုက်သည်။ သူမ နှုတ်ခမ်းကို စူလိုက်သည်။ ကော်ဖီမှာ အလွန် ခါးလွန်းနေသည်။ သူမ သကြားခဲတစ်တုံးကို ထည့်လိုက်ပြီး မွှေလိုက်ရာ နောက်ဆုံးတွင် အရသာကို သူမ ပို၍ သဘောကျသွားသည်။

သူမသည် အနာဂတ်မှ နို့ကော်ဖီကို လွမ်းဆွတ်မိသည်။ သူမသည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမ ဘလက်ခ် ကော်ဖီကို မသောက်နိုင်ခဲ့ပေ။

ဤကဲ့သို့သော စုဝေးပွဲမျိုးတွင် မည်သူမျှ ရုံးသုံး အခမ်းအနားများကို သိပ်ဂရုမစိုက်ကြပေ။ သူငယ်ချင်းအုပ်စုသည် တိတ်ဆိတ်စွာ စကားစမြည်ပြောဆိုကြရင်း ရံဖန်ရံခါ ရယ်မောကြကာ ပေါ့ပါးသော ရယ်သံများက လေထုထဲတွင် ပျံ့လွင့်နေခဲ့သည်။

အစပိုင်းတွင် တည်ငြိမ်စွာ နေထိုင်ခဲ့သော အန်တီ ယန်ပင်လျှင် သူမ၏ အမဲသားကင်နှင့် လုံးပန်းနေရင်း ပြုံးလျက် ပေါ့ပါးသွားသည်ကို တွေ့ရှိခဲ့ရသည်။

သူမသည် ဤကဲ့သို့သော အံ့ဩဖွယ်ကောင်းသော အလုပ်ရှင်တစ်ဦး ရရှိထားသည့် သူမ၏ ကံကောင်းခြင်းကို တိတ်တဆိတ် အံ့ဩမိသည်ကို မထိန်းနိုင်ခဲ့ပေ။ သူမ၏ ကျေးဇူးတင်မှုကို ပြသရန် ပို၍ပင် ကြိုးစား အလုပ်လုပ်ရမည်ဖြစ်သည်။ သူမ၏ အလုပ်ရှင်သည် သူမအပေါ် အလွန် ကြင်နာသနားတတ်ခဲ့ပြီး သူမသည် ထိုအရာကို မေ့လျော့နိုင်သူတစ်ဦး မဟုတ်ပေ။

အန်တီ ယန်၏ အတွေးများကို မသိသော စုရှီသည် ဖန့်ရှင်း၏ စကားများကြောင့် အံ့အားသင့်ကာ ယခုတိုင် ယိမ်းယိုင်နေဆဲဖြစ်သည်။

"...ရှင်းရှင်း... နင် ခုနက ဘာပြောလိုက်တာ။ ဘယ်သူက ငါ့ကို... ငါ့ကို ကျန်းဖေးနဲ့ တူတယ်လို့ ပြောတာလဲ။"

ထိုစကားများ ပြောလိုက်သည်နှင့် စုရှီ တစ်ယောက်တည်းသာမကဘဲ သူမ၏ပတ်ဝန်းကျင်ရှိ အခြားသူများပင် နားမလည်နိုင်စွာဖြင့် အံ့အားတသင့် လှမ်းကြည့်လိုက်ကြသည်။

စုရှီကဲ့သို့သော လှပသည့်အမျိုးသမီးတစ်ဦးက ကျန်းဖေးနှင့် မည်သို့မည်ပုံ ပတ်သက်နိုင်မည်နည်း။

ဒါက သူတို့က ကျန်းဖေးကို အထင်သေးနေခြင်းကြောင့် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက သူရဲကောင်းတစ်ဦးဖြစ်ပြီး သူတို့အနေဖြင့် သူမတို့ကိုယ်သူမတို့ သူနှင့် သဘာဝကျကျ နှိုင်းယှဉ်၍မရနိုင်ချေ။

သို့သော် စုရှီက ကျန်းဖေးနှင့်တူသည်ဟု ပြောဆိုခြင်းမှာမူ လုံးဝ အဓိပ္ပာယ်မရှိလှပေ။

သူရဲကောင်း ကျန်းဖေးဟုဆိုလိုက်လျှင် လူတိုင်း၏ အထင်တွင် အရပ်ရှစ်ပေမြင့်ပြီး ကျားသစ်ကဲ့သို့ ကြမ်းတမ်းသောဦးခေါင်းနှင့် မျက်လုံးဝိုင်းများရှိသည့် အမျိုးသားတစ်ဦး၏ ပုံရိပ်ဖြစ်သည်။

ဤပုံရိပ်ကို အတည်မပြုနိုင်သော်ငြားလည်း ဒါသည် စုရှီ၏ နူးညံ့သိမ်မွေ့ပြီး ထိခိုက်လွယ်သော ရုပ်သွင်နှင့် ကိုက်ညီသည့် ဖော်ပြချက်တစ်ခုတော့ မဟုတ်သည်မှာ သေချာသည်။

ဒါက လုံးဝ မဖြစ်နိုင်ပါချေ။

ဖန့်ရှင်းက ဆိုဒါရည်တစ်ငုံသောက်လိုက်ပြီး အဖွဲ့ကြားတွင် စိတ်လှုပ်ရှားအောင် ပြုလုပ်ပြီးမှ ချောင်းအသာဟန့်ကာ စတင်ရှင်းပြလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အခြေအနေတော်တော်လေးကောင်းတဲ့ ငါ့သူငယ်ချင်းတစ်ယောက်က ငါ့ကို လာမေးတယ်။ သူက ငါနဲ့ အစ်မ ရှီရှီနဲ့ ရင်းနှီးမှန်းသိတော့ အစ်မ ရှီရှီက တကယ်ပဲ ဒဏ္ဍာရီထဲကလို ပခုံးကျယ်ကျယ်၊ သန်သန်မာမာနဲ့ နွားလိုခွန်အားရှိပြီး ကျန်းဖေးနဲ့ တစ်ပုံစံတည်းတူတာ ဟုတ်လားတဲ့… အစ်မ ရှီရှီ ရေ၊ အစ်မ မသိဘူး။ ငါ အဲဒါကိုကြားကြားချင်း လန့်သွားလို့ ကိုင်ထားတဲ့စာရွက်တွေကို ဆုတ်ဖြဲပစ်မလို့တောင် ဖြစ်သွားတာ…"

ဖန့်ရှင်းမှာ အချိန်အခါကောင်းကို မသိတတ်ခဲ့ပေ။

သူမ အထက်တန်းကျောင်းပြီးသောအခါ တက္ကသိုလ်များက ကျောင်းသားလက်ခံခြင်း ရပ်ဆိုင်းလိုက်သည့်အချိန်ဖြစ်နေပြီး နောက်ပိုင်းတွင် သူမ၏မိသားစုက သူမအား အလုပ်သမား-တောင်သူလယ်သမား-စစ်သား တက္ကသိုလ်သို့ ဝင်ခွင့်ရရန် နည်းလမ်းရှာပေးခဲ့သည်။

ထို့နောက် လွန်ခဲ့သောနှစ်အနည်းငယ်က သူမ၏ အလုပ်သင်ကာလအတွင်း စစ်တပ်မှလူခေါ်ယူမှုနှင့် ကြုံကြိုက်ခဲ့ပြီး သူမ၏မိသားစုက သူမအား အရပ်ဘက်ဝန်ထမ်းအဖြစ် စစ်တပ်သို့ ဝင်ရောက်ရန် စီစဉ်ပေးခဲ့သည်။

သူမနှင့် အသိုင်းအဝိုင်းတူ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ သူမ၏သူငယ်ချင်းသည် သူမနှင့် ပိုမိုရင်းနှီးလာခဲ့သည်။

ဖန့်ရှင်းသည် ထိုစကားများကို ပထမဆုံးကြားလိုက်ရစဉ်က သူမ မည်မျှ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်ကို မှတ်မိနေဆဲဖြစ်သည်။

သူမ၏ မျက်နှာအမူအရာက သူမ၏စိတ်ကို လုံးလုံးလျားလျား ဖော်ပြနေခဲ့ပြီး သူမမှာ စကားမပြောနိုင်အောင် ဖြစ်ခဲ့ရသည်။

စုရှီမှာ နားမလည်နိုင် ဖြစ်နေဆဲဖြစ်သည်။ "ဘာလို့ ဒီလိုကောလာဟလတွေ ထွက်လာရတာလဲ။ ဘယ်ကစတာလဲ။"

ဖန့်ရှင်းက လျှို့ဝှက်ချက်တစ်ခုရှိသည့်ဟန်ဖြင့် ကလေးဆိုးလေးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။

သို့သော် သူမစကားမဆက်နိုင်မီ၊ သူမအနားတွင် ထိုင်နေသော လှပသည့် ထန်စစ်ယွင်က လက်မြှောက်ပြီး သူမ၏ ခေါင်းနောက်ကို အသာလေး ပုတ်လိုက်သည်။

အရိုက်ခံလိုက်ရပြီးနောက် ဖန့်ရှင်းမှာ ပို၍ လိမ္မာသွားသည်။

သူမသည် သူတို့ကို ဆက်၍ စိတ်လှုပ်ရှားအောင် မလုပ်ရဲတော့ဘဲ၊ လှပချောမောသော ထန်စစ်ယွင်၏ အကဲခတ်အောက်တွင် လည်ပင်းလေးပုဝင်သွားပြီး ပြတင်းပေါက်အနီးရှိ စားပွဲတစ်လုံးကို ခိုးကြောင်ခိုးဝှက် လက်ညှိုးထိုးပြလိုက်သည်။

လူတိုင်း လှမ်းကြည့်လိုက်ကြသည့်အခါ သူမက စုရှီကို တိုးတိုးလေး ကပ်ပြောလိုက်သည်။

"ပြတင်းပေါက်နားမှာထိုင်နေတဲ့ ဆံပင်ရှည်နဲ့ မိန်းမ ပြောတာ။ ခုနက သူ့ကို မတွေ့လိုက်ရင် ဒီအကြောင်းကို ငါမေ့တောင် မေ့နေပြီ။"

စုရှီက အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်ပြီး ထိုသူကို သူမ မသိကြောင်း သဘောပေါက်လိုက်သည်။

သို့သော် ထန်စစ်ယွင်နှင့် ဖန့်ယွင်ယွင်တို့ကမူ သူမကို ချက်ချင်း မှတ်မိလိုက်ကြသည်။

ဖန့်ယွင်ယွင်က မဲ့ပြုံးပြုံးလိုက်သည်။ "ဟိုတစ်ယောက် ကျန်းဖေး မဟုတ်လား။ သူမသာ ဒီကောလာဟလကို ဖြန့်နေတာဆိုရင်တော့ ငါသဘောပေါက်ပြီ။ သူမ ရှဲ့ကျန်းကို ခုထိ ကြိုက်နေတုန်း မဟုတ်လား။"

( အမျိုးသမီး ကျန်းဖေးက jaing နဲ့ ဖြစ်ပြီး

စုရှီကို ပြော‌တဲ့ ကျန်းဖေးက zhang နဲ့ပါ မြန်မာလို ယူလိုက်တော့ အသံထွက်တူတာပါ။ တရုတ်မှာတော့ မတူဘူးရယ်)

ထိုစကားလုံးများက စုရှီအား မိုးကြိုးပစ်ချလိုက်သကဲ့သို့ ထိမှန်သွားစေပြီး သူမမှာ ထိတ်လန့်တုန်လှုပ်ကာ နေရာတွင်ပင် ကြက်သေသေသွားခဲ့သည်။

သူမ မည်သို့ပြောရမည်နည်း။

တစ်စုံတစ်ယောက်က ရှဲ့ကျန်းကို သဘောကျခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ မည်သို့ပင်ဆိုစေ ခင်ပွန်းတစ်ယောက်အနေဖြင့် သူ၏ အရည်အချင်း၊ ရုပ်ရည်နှင့် မိသားစုနောက်ခံ အစစအရာရာမှာ ထိပ်တန်းအဆင့်ဖြစ်ပြီး ထူးကဲကောင်းမွန်လှသည်။

သို့ရာတွင် သူသည် အိမ်ထောင်ကျပြီး ကလေးများပင် ရှိနေပြီဖြစ်ကြောင်း သိလျက်နှင့် သူ့ကို သဘောကျနေဆဲဖြစ်ခြင်းမှာ အထူးသဖြင့် ယခုလိုခေတ်ကြီးထဲတွင် အလွန် ထူးဆန်းလှသည်။

အနည်းဆုံးပြောရလျှင် ဒါက ရဲတင်းလွန်းလှသည်။

ဤသို့တွေးမိသဖြင့် စုရှီသည် သူမ၏အကြည့်ကို ဖန့်ယွင်ယွင်ထံသို့ ရွှေ့လိုက်ပြီး ဆက်ပြောရန် မျက်လုံးဖြင့် အရိပ်ပြလိုက်သည်။

ဖန်းယွင်ယွင်က ဘာကိုမှ ချန်မထားခဲ့ပေ။

သူမသည်လည်း တစ်စုံတစ်ယောက်က သူမသူငယ်ချင်း၏ ခင်ပွန်းကို မျက်စိကျနေသည့်အတွက် စိတ်ဆိုးနေမိသဖြင့် ကျန်းဖေးအကြောင်း သူမသိသမျှအားလုံးကို စုရှီအား ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။

ကျန်းဖေးသည် ရုပ်ရည်ကျော့ရှင်းသော မိန်းကလေးတစ်ဦးဖြစ်သည်။ အလှအပပိုင်းတွင် သိပ်ပြီး ထူးထူးခြားခြားမရှိသော်လည်း သူမ၏စိတ်နေသဘောထားမှာ နူးညံ့ပြီး စကားကို ညင်သာစွာပြောတတ်သူဖြစ်ရာ ယောက်ျားလေးအများစု ကြိုက်နှစ်သက်ကြသည့် ပုံစံမျိုး ဖြစ်သည်။

ကလေးဘဝမှ ဆယ်ကျော်သက်အရွယ်အထိ သူတို့ရပ်ကွက်ထဲမှ ယောက်ျားလေးများစွာသည် ကျန်းဖေး၏ အပေါ်ယံအလှတွင် နစ်မွန်းခဲ့ကြပြီး သူမ၏မျက်နှာသာရရန် ကြိုးပမ်းရင်း သူမနောက်သို့ တကောက်ကောက် လိုက်ခဲ့ကြသည်။

ဖန့်ယွင်ယွင်က အဘယ်ကြောင့် ဒါကို "အပေါ်ယံအလှ" ဟု ခေါ်ဆိုခဲ့သနည်း။

အဘယ်ကြောင့်ဆိုသော် ကျန်းဖေးနှင့် ဖန့်ယွင်ယွင် တို့သည် အသက်အရွယ်တူညီကြသော်လည်း ဖန့်ယွင်ယွင်၏ မိသားစုနောက်ခံက ပိုသာလွန်ပြီး သူမသည် ဖန့်ယွင်ယွင် ထက်ပင် ပို၍လှပသောကြောင့် ဖြစ်သည်။

ငယ်ရွယ်စဉ်အခါက ကျန်းဖေးတွင် သူမ၏ပင်ကိုယ်စိတ်ရင်းအမှန်ကို ဖုံးကွယ်ရန် ကျွမ်းကျင်လိမ္မာမှု မရှိခဲ့ပေ၊ ထို့ကြောင့် သူမသည် ဖန့်ယွင်ယွင် အနားတွင် ရှိနေသောအခါ လုံးဝ ကွဲပြားခြားနားနေခဲ့သည်။

သူတို့ ဆယ်ကျော်သက်အရွယ်တွင် ဖန့်ယွင်ယွင်သည် ကျန်းဖေး၏ လှည့်ကွက်များကြောင့် မကြာခဏ သားကောင်ဖြစ်ခဲ့ရပြီး အကြိမ်များစွာ ရှုံးနိမ့်ခဲ့ရသည်။

ကျန်းဖေးသည် ဟန်ဆောင်ခြင်းအနုပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသည်။

အခြားသူများ၏ရှေ့တွင် သူမသည် အမြဲတစေ နူးညံ့သိမ်မွေ့ပြီး နားလည်မှုရှိကာ ကျက်သရေရှိသော ရုပ်ပုံလွှာတစ်ခုသဖွယ် နေထိုင်သည်။

ထို ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးသော ယောက်ျားလေးများသည် သူမ၏ညှို့ဓာတ်ကြောင့် အလွယ်တကူပင် သဘောကျသွားကြသည်။

ပြီးတော့ အပြင်လူများ အနားတွင်ရှိနေတိုင်း ကျန်းဖေးက ဖန့်ယွင်ယွင်၏ဘေးတွင် တမင်တကာ၊ ပရိယာယ်ကြွယ်စွာဖြင့် နေရာယူကာ ငိုယိုလေ့ရှိပြီး ဒါက လူများစွာအား ဖန့်ယွင်ယွင်အပေါ် အထင်အမြင်သေးစေခဲ့သည်။

သူတို့က သူမအား မိသားစုနောက်ခံကြောင့်သာ အခြားသူများကို အနိုင်ကျင့်တတ်သော ချမ်းသာပြီး ဆိုးသွမ်းသည့် မိန်းကလေးတစ်ဦးအဖြစ် မြင်ခဲ့ကြသည်။

ထိုစဉ်က ဖန့်ယွင်ယွင်သည် ကျန်းဖေးထက် တစ်နှစ်ငယ်သေးပြီး ဆယ့်လေးနှစ်သာရှိသေးကာ ဒေါသထွက်လွန်းသဖြင့် ကျန်းဖေး ရှိမည့် မည်သည့်အခြေအနေမျိုးကိုမဆို ရှောင်ရှားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိခဲ့ဘဲ ထိုအခါမှသာ အခြေအနေများ တိုးတက်ကောင်းမွန်လာခဲ့သည်။

ယခုအခါ ပြန်တွေးကြည့်သောအခါ ဖန့်ယွင်ယွင်မှာ ရွံရှာမုန်းတီးမိခြင်းကို မတားဆီးနိုင်ခဲ့ပေ။ တော်တော်အခြေအနေကဆိုးနေတာပဲ! သူမက အရမ်းရွံဖို့ကောင်းလွန်းတယ်!

စုရှီသည် ကျန်းဖေးက သူမ၏ခင်ပွန်းကို လိုချင်တပ်မက်နေမှုနှင့် သူမအကြောင်း ကောလာဟလများ ဖြန့်ဝေနေမှုတို့ကြောင့် မကျေမနပ်ဖြစ်နေခဲ့ပြီးဖြစ်သော်လည်း ဖန့်ယွင်ယွင်၏ ရှင်းပြချက်အပြည့်အစုံကို ကြားသိရပြီးနောက်တွင် သူမသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ "ဒါဆို သူက ဒီလိုမျိုးကိုး… "ကြာပန်းဖြူမ”ပေါ့။"

ဖန့်ယွင်ယွင်က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ "အဲဒါ ဘာအဓိပ္ပာယ်လဲ။"

စုရှီက ရှင်းပြလိုက်သည်။ "ဒါက တခြားလူတွေရှေ့မှာတော့ ဖြူစင်ပြီး အပြစ်ကင်းသလို ဟန်ဆောင်နေပေမဲ့ တကယ်တမ်း အတွင်းစိတ်က မည်းမှောင်ပြီး ပျက်စီးနေတဲ့သူမျိုးကို ပြောတာ..."

"အဲ့ဒီဖော်ပြချက်က တိကျလိုက်တာ၊ သူက 'ကြာပန်းဖြူမ' ပဲ မဟုတ်ဘူးလား။

"ငါ သူ့ကြောင့် အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရတာ။ သူက ဟန်ဆောင်တာ တကယ်တော်တာ၊ ဒါပေမဲ့ ရှဲ့ကျန်းကောနဲ့ ကျန်းကျွင့်က သူ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး။ တကယ်တော့ သူတို့က အမြဲတမ်း ငါနဲ့ပဲ တွဲသွားတွဲလာလုပ်ကြတာ၊ ဒါကြောင့် အဲဒီတုန်းက ကျန်းဖေးက ငါ့ကြောင့် ခဏခဏ ဒေါသထွက်ခဲ့ရတာ။"

ထိုပြီးပြည့်စုံသော ဖော်ပြချက်ကြောင့် ဖန့်ယွင်ယွင် တစ်ယောက် ကျယ်လောင်စွာ ရယ်မောမိမတတ် ဖြစ်သွားသည်။

အနည်းငယ် ညိုးနွမ်းနေခဲ့သော သူမ၏ စိတ်အခြေအနေသည် ရုတ်တရက် ကြည်လင်သွားခဲ့သည်။

သူတို့ ငယ်စဉ်က ရှဲ့ကျန်းနှင့် ရင်းနှီးရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း ဘယ်တော့မှ အောင်မြင်ခဲ့ခြင်းမရှိပုံနှင့် သူမ မည်မျှ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ပုံတို့ကို ပြန်တွေးမိသောအခါ ဖန့်ယွင်ယွင်မှာ ပို၍ပင် ကျေနပ်သွားမိသည်။

ဖန့်ရှင်းနှင့် ထန်စစ်ယွင်တို့ နှစ်ဦးစလုံးသည် 'ကြာပန်းဖြူ' ဆိုသည်မှာ ကျန်းဖေးနှင့် အကိုက်ညီဆုံးဖြစ်ကြောင်း သဘောတူခဲ့ကြသည်။

All Chapters