အခန်း (၁၂၅-၁၂၆)
Vol. 11 Ch. 125-126
အပိုင်း ၁၂၅
စုရှီသည် ထောင်ထောင်၏ ပါးစပ်မှ နို့များကို သုတ်ပေးပြီးနောက် ဆက်ပြောခဲ့သည်။ "သူမက နင့်ထက် တစ်နှစ်ကြီးတယ်ဆိုတော့ ဒီနှစ် ၃၃ နှစ်ရှိပြီပေါ့၊ ဟုတ်လား။ ခုထိ အိမ်ထောင်မပြုသေးဘူးလား။"
နောက်ပိုင်းနှစ်များတွင် ထိုအသက်အရွယ်သည် သာမန်ဖြစ်နိုင်သော်လည်း ၁၉၇၀ ပြည့်လွန်နှစ်များတွင်မူ ဒါက ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ဖြစ်သည်မှာ သေချာ၏။
ဖန့်ယွင်ယွင်က နှုတ်ခမ်းတွန့်လိုက်သည်။ "ဟင့်အင်း၊ သူမ နှစ်ခါ ကွာရှင်းပြီးပြီ။ ပထမတစ်ခါက သူ့တက္ကသိုလ်က ပါမောက္ခနဲ့။ အဲ့လူက အိမ်ထောင်ရှိပြီးသား၊ ဒါပေမဲ့ ဒီမိန်းမက တခြားသူရဲ့ယောက်ျားကို လုယူရတာ ဝါသနာပါနေတော့ အဲ့လူကို သူ့မိန်းမနဲ့ ကွာရှင်းအောင်လုပ်ပြီး သူ့ကို လက်ထပ်အောင် လုပ်နိုင်ခဲ့တာ။"
စုရှီ မှင်သက်သွားခဲ့သည်။ သူမ အလိုလို မေးလိုက်မိသည်။ "သူတို့ ဘာလို့ ကွာရှင်းသွားကြတာလဲ။"
ဖန့်ယွင်ယွင်က ပခုံးတွန့်လိုက်သည်။ "တခြား ဘာဖြစ်နိုင်ဦးမှာလဲ။ ၁၉၆၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ အဲ့ဒီပါမောက္ခကို အလုပ်နဲ့ နယ်နှင်ဒဏ်ပေးခံရတယ်၊ ပြီးတော့ သူမက အဲ့လူကို တိုင်ကြားခဲ့တာ။ သူတို့လက်ထပ်ထားတာ တစ်လတောင်မပြည့်သေးဘူး။"
ကျန်းဖေးသည် ရှဲ့ကျန်း၏ အိမ်ထောင်ရေးအကြောင်း သိရှိပြီးမှသာ လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကြောင်းကိုမူ ဖန့်ယွင်ယွင်က စုရှီအား မပြောပြခဲ့ပေ။
ကျန်းဖေးသည် စက်ဆုပ်ဖွယ်ကောင်းသည်မှာ သေချာသော်လည်း သူတို့သည် ထိုပါမောက္ခအတွက် ဝမ်းနည်းမနေခဲ့ကြပေ။
သူ၏ပထမဇနီးကို စွန့်ပစ်ခဲ့စဉ်ကတည်းက အကျိုးဆက်များက သူ့ထံ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြန်လည်ကျရောက်လာမည်ကို သူ သိထားခဲ့သင့်သည်။
စုရှီသည် စိတ်ဝင်စားမှု မြင့်တက်လာကာ သူမ၏ အတင်းအဖျင်း ပြောလိုစိတ်များ တောက်လောင်လျက် သူတို့ကို ဆက်ပြောရန် တိုက်တွန်းလိုက်သည်။ "ဒုတိယအကြိမ်ကရော။"
ဖန့်ရှင်းက တခစ်ခစ်ရယ်လိုက်သည်။ "ဒုတိယတစ်ခုကိုလည်း ငါသိတယ်။ တကယ်တော့ ကျန်းဖေးက လူကောင်းတစ်ယောက် မဟုတ်ပေမဲ့ သူ့မိသားစုက ချမ်းသာတယ်။ သူ့အဖေက တပ်ရင်းမှူးတစ်ယောက်၊ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အတွင်း အငြိမ်းစားယူရတော့မှာ။"
ဤတွင် စုရှီ သဘောပေါက်သွားသည်။ ထင်ထားသည့်အတိုင်းပင်.. မုန့်လေးတစ်ခုကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် ဖန့်ရှင်းက ဆက်ပြောသည်။
"သူ့ရဲ့ ဒုတိယခင်ပွန်းကို သူ့အဖေက ရွေးချယ်ပေးခဲ့တာ။ သူက စစ်သားတစ်ယောက်၊ အိမ်ထောင်မရှိဘူး၊ အရည်အချင်းတွေလည်း အတော်အသင့်ရှိတယ်၊ ဒါပေမဲ့ သူ့မိသားစုက သာမန်ပဲ။ သူ့အဖေ ရွေးပေးလိုက်တဲ့လူက တကယ်တော့ အရည်အချင်းရှိတယ်၊ ပြီးတော့ ကျန်းဖေးက ယောက်ျားတွေနဲ့ ဆက်ဆံရေးမှာ အမြဲတမ်း တော်တော့၊ ပထမနှစ်အနည်းငယ်မှာ သူတို့နှစ်ယောက် တော်တော်လေး အဆင်ပြေခဲ့ကြတယ်လို့ ငါကြားတယ်။ သူတို့မှာ သမီးတစ်ယောက်တောင် ရှိခဲ့သေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လက သူ့ခင်ပွန်း တာဝန်ထမ်းဆောင်နေတုန်း ဗုံးထိမှန်သွားခဲ့တယ်။"
"သူ့ရဲ့ ဘယ်ဘက်ခြေသလုံး ပြတ်သွားခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးအဖြစ်နဲ့ အငြိမ်းစားယူခဲ့ရတယ်။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာ နင် ခန့်မှန်းမိမှာပါ.. ကျန်းဖေးရဲ့ ခင်ပွန်းက အလုပ်အကိုင်ပိုင်းမှာ ဘာမှ သိပ်မလုပ်နိုင်တော့တာနဲ့ သူမရဲ့ ပင်ကိုယ်စိတ်ဓာတ်အမှန်တွေ ထွက်လာတော့တာပဲ။ သူမက အဲ့လူကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တာ... ဘာပဲဖြစ်ဖြစ်၊ ဒီကိစ္စက တော်တော်လေး ဂယက်ရိုက်သွားတယ်။ လူတော်တော်များများက ဒီအကြောင်းကို သိသွားကြပြီး နောက်ဆုံးမှာတော့ သူ့ခင်ပွန်းကပဲ စိတ်ဓာတ်ကြံ့ခိုင်အောင်မွေးပြီး သူ့ရဲ့ ဒဏ်ရာရနေတဲ့ခြေထောက်ကို ဆွဲပြီး သူမကို ကွာရှင်းခဲ့တာ။ ကျန်းဖေးက ကလေးကိုတောင် မလိုချင်ခဲ့ဘူး၊ သူမက သမီးကို အဲ့လူဆီမှာ ထားခဲ့တာ။ သူမ ကွာရှင်းခွင့်တော့ ရခဲ့တယ်၊ ဒါပေမဲ့ သူမဂုဏ်သတင်းက လုံးဝ ပျက်စီးသွားပြီ။ တစ်နှစ်ခွဲလောက်ရှိပြီ၊ အဲ့ဒီနောက်ပိုင်း သူမ နောက်အိမ်ထောင်မပြုတော့ဘူး။"
သူမ စကားပြောနေရင်း ဖန့်ရှင်းသည် သူမ၏ ကိတ်မုန့်လေးကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်ပြီး ပါးစပ်အပြည့်ဖြင့် ပြောလိုက်သည်။ "သူမက လက်မထပ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ငါထင်တာတော့ အိမ်ထောင်ရေးတွေ အကြိမ်များစွာ ပြိုလဲပြီးတဲ့နောက်မှာ သူ့ဦးနှောက်က အရင်ကလောက် မထက်မြက်တော့ဘူး။ သူမ ငယ်ငယ်တုန်းကလောက် မပါးနပ်တော့ဘူး၊ ပြီးတော့ သူမရဲ့ စံနှုန်းတွေကလည်း မြင့်နေတုန်းပဲ။ သူမက မစဉ်းစားဘူး။ အဲ့ဒီ ဂုဏ်သရေရှိတဲ့ မိသားစုတွေထဲမှာ ကျန်းဖေးက ဘယ်သူလဲဆိုတာ မသိတဲ့သူ ဘယ်သူရှိလို့လဲ။ သူတို့က သူမကို ဘယ်လိုလုပ် စိတ်ဝင်စားနိုင်မှာလဲ။ ရှဲ့ကျန်းကောရဲ့ဇနီး၊ အစ်မ ရှီရှီက ကျန်းဖေး နဲ့ တူတယ်ဆိုတဲ့အကြောင်းကို သူ ဘယ်ကနေကြားလာမှန်းလည်း ငါမသိဘူး။ သူမက သူ့ကိုယ်သူ အမြဲတမ်း လှတယ်လို့ ထင်နေတာ၊ ဒီတော့ ဒါက သူ့အတွက် အခွင့်အရေးပဲလို့ တွေးမိမှာပဲ။ မကြာသေးခင်က သူမက အပြင်က အသိုင်းအဝိုင်းတွေမှာ နင့်အကြောင်း မကောင်းတဲ့ ကောလာဟလတွေ ဖြန့်နေတာ..."
ဖန့်ယွင်ယွင်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ နင်က အရမ်း အနေအထိုင်အေးဆေးလို့။ နင် အိမ်ထောင်ကျနေတာ နှစ်တွေအများကြီးရှိပြီ၊ ဒါပေမဲ့ နင့်ကို မမှတ်မိတဲ့လူတွေ အများကြီး ရှိနေတုန်းပဲ။ အထူးသဖြင့် မျိုးဆက်သစ်တွေထဲမှာ၊ ငါနဲ့ ရှင်းရှင်းပဲ နင့်ကို မြင်ဖူးတယ်လို့ ငါထင်တယ်။ စကားမစပ်... အဲ့မိန်းမက ရှဲ့ မိသားစုက နင့်ကို တောကလာတယ်ဆိုပြီး သဘောမတူလို့ နင့်ကို ဖွက်ထားတာ၊ အသိုင်းအဝိုင်းထဲမှာ မျက်နှာမပြခိုင်းဘူးလို့တောင် ပြောသေးတယ်… ဟား! ငါ ရယ်တာတောင် မရပ်နိုင်တော့ဘူး..."
"ဒါ လုံးဝ မဟုတ်တရုတ်တွေ။" ဤအရာကို နောက်ပြောင်မှုတစ်ခုအဖြစ် နားထောင်နေခဲ့သော ထန်စစ်ယွင် သည် ရုတ်တရက် ဤမဖြစ်နိုင်သော စကားများကို ကြားလိုက်ရသောအခါ သူမ၏ဒေါသများ ထွက်လာခဲ့သည်။
သူမသည် ပြင်းထန်စွာ စိုက်ကြည့်လိုက်ပြီး သူမ၏ အမူအရာတစ်ခုလုံးမှာ ကြမ်းတမ်းခက်ထန်သွားသည်။ သူမသည် အေးစက်စွာ ပြောလိုက်ရင်း စားပွဲပေါ်သို့ လက်ဖြင့် ဒုန်း ခနဲ အသံကျယ်ထွက်အောင် ရိုက်ချလိုက်သည်။
"... အား။" ဖန့်ယွင်ယွင်မှာ သူမ၏ရင်ဘတ်ကို ဆုပ်ကိုင်ထားလိုက်ပြီး အလွန်အမင်း ထိတ်လန့်သွားသည်။
အဒေါ် ထန်က ဩဇာအာဏာရှိနေတုန်းပါပဲလား။
မို စားသောက်ဆိုင်သည် လူများက အများအားဖြင့် အသံကျယ်ကျယ် မပြုမိစေရန် ဂရုစိုက်ကြရသည့် အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင် ဖြစ်သည်။
ကျယ်လောင်သောဆူညံသံ ထွက်ပေါ်လာသောအခါ လူတိုင်း အလိုလို လှည့်ကြည့်လိုက်ကြသည်။
စားပွဲထိုးပင်လျှင် သူတို့ အကူအညီ လိုအပ်ခြင်း ရှိ၊ မရှိ မေးမြန်းရန် အလျင်အမြန် ရောက်လာခဲ့သည်။
ထိုဆူညံမှုက ကျန်းဖေး၏ အာရုံစိုက်မှုကိုလည်း ဖမ်းစားနိုင်ခဲ့သည်။
သူမသည် အဖွဲ့နှင့် ဆန့်ကျင်ဘက်သို့ မျက်နှာမူထားခဲ့သဖြင့် အစောပိုင်းက မြင်ကွင်းကို သတိမထားမိခဲ့ပေ။
သူမ အံ့ဩသွားသည်မှာ သူတို့မှာ သူမ၏ "အသိဟောင်းများ" ဖြစ်ကြသော ဖန့်ယွင်ယွင်နှင့် ဖန့်ရှင်းတို့ ဖြစ်နေခြင်းပင်။
ထိုနှစ်ယောက်တည်းသာ ဖြစ်ခဲ့ပါက သူမသည် သူတို့ကို နှုတ်ဆက်ရန် အရေးလုပ်နေမည် မဟုတ်ပေ။
သို့သော် ထန်စစ်ယွင် ရှိနေသောကြောင့် ယခုအခါ အခြေအနေမှာ ကွဲပြားသွားခဲ့သည်။
ဤသူမှာ ရှဲ့ကျန်း၏ မိခင်ဖြစ်သည်။
ကျန်းဖေးသည် ငယ်စဉ်ကတည်းက ရှဲ့ကျန်းကို သဘောကျခဲ့သော်လည်း ရှဲ့ကျန်းမှာ အသုံးမကျသော ကျန်းကျွင့်နှင့်သာ ပေါင်းသင်းခဲ့ပြီး သူမကို တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ပေ။
သူသည် သူမအစား ထိုငတုံးမ ဖန့်ယွင်ယွင်နှင့်ပင် ပို၍ ပေါင်းသင်းဆက်ဆံရန် ရွေးချယ်ခဲ့သည်။
မကြာသေးမီက ရှဲ့ကျန်း၏ ဇနီးသည်မှာ "ကျားသစ်ခေါင်း" နှင့် "မျက်လုံးဝိုင်းများ" ရှိသော၊ သန်မာကြမ်းတမ်းသည့် လူရိုင်းတစ်ဦးကဲ့သို့သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း စစ်တပ်ထဲတွင် ကောလာဟလများ ထွက်နေသည်ဟု သူမ၏အဖေထံမှ ကြားသိခဲ့ရသည်။
ကျန်းဖေးသည် သူမနှင့် ရှဲ့ကျန်း အကြားက ဆက်သွယ်မှုမှာ အခွင့်အရေး ရှိနေသေးနိုင်သည်ဟု ချက်ချင်း တွေးမိခဲ့သည်။
သို့သော် သူမ မည်မျှပင် ကြိုးစားစေကာမူ ထန်စစ်ယွင် ထံ သွားရောက်လည်ပတ်ရန် အခွင့်အရေး မရခဲ့ပေ။
ထန်စစ်ယွင်က ပွဲလမ်းသဘင်များ တက်ရောက်သည့်အခါတိုင်း ကျန်းဖေးသည် သူမကို မြှောက်ပင့်ပြောဆိုရန် ကြိုးစားလေ့ရှိသော်လည်း ထိုအမျိုးသမီးကြီးမှာ တုံ့ပြန်မှုမရှိဘဲ နေခဲ့သည်။
သို့တိုင်အောင် သူမသည် ရှဲ့ကျန်း၏ မိခင်ဖြစ်သည်ဟူသော အတွေးမျှဖြင့်ပင် ကျန်းဖေးမှာ အံကြိတ်ကာ စော်ကားမှုများကို သည်းခံခဲ့ရသည်။
သူမသာ ထိုမိသားစုထဲသို့ လက်ထပ်ဝင်ရောက်နိုင်ခဲ့လျှင် ဤအဘွားကြီးကို သေချာပေါက် ရှင်းလင်းမည်ဟု သူမ ကျိန်ဆိုခဲ့သည်။
ထို့ကြောင့် သူမသည် ဆန္ဒမရှိသော်လည်း သူမကို ဤနေရာတွင် တွေ့လိုက်ရသဖြင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။
အကယ်၍သာ သူမသည် ရှဲ့ကျန်း တာဝန်ကျနေသည့် တပ်ရင်းကို ရှာဖွေနိုင်ခဲ့ပါက ဤအဘွားကြီးကို မျက်နှာချိုသွေးရန် နည်းလမ်းရှာနေစရာ လိုအပ်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ ရှဲ့ကျန်း၏ ကြီးမားပြီး ကြွက်သားထွားကျိုင်းသော ဇနီးသည်မှာ သူမနှင့် ယှဉ်ပြိုင်နိုင်သူ မဟုတ်ပေ။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် တစ်စုံတစ်ယောက်က သူမအား နုပျိုသည်ဟု ချီးကျူးခဲ့သေးသည်။
မည်သည့်ယောက်ျားက မျက်နှာလှလှလေးကို မကြိုက်ဘဲ ရှိမည်နည်း။
ဤအတွေးများဖြင့် ကျန်းဖေးသည် သူမ၏အဖော်များနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ယိမ်းနွဲ့ကာ လျှောက်လှမ်းလာခဲ့သည်။
ထို့နောက် ဖန့်ယွင်ယွင်နှင့် အခြားသူများ၏ မျက်နှာထားတင်းတင်းများကို သတိမပြုမိသည့်အလား သူမသည် မျက်နှာချိုသွေးသော အပြုံးကို ဆင်မြန်းလိုက်ပြီး ထန်စစ်ယွင်ကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။
"အဒေါ် ထန်၊ အဒေါ့်ကို ဒီမှာတွေ့ရမယ်လို့ မထင်ထားဘူး။ တိုက်ဆိုင်လိုက်တာ။"
ထန်စစ်ယွင်က မျက်တောင်တစ်ချက်ပင် မခတ်လိုက်ပေ။
အစားထိုးအနေဖြင့် သူမသည် ကျန်းဖေး၏ စကားများကို လုံးဝမကြားလိုက်သကဲ့သို့၊ လတ်လတ်ဆတ်ဆတ် တည်ခင်းထားသော အမဲကင်တစ်တုံးကို အေးဆေးစွာ ဆက်၍လှီးဖြတ်နေခဲ့သည်။
ကျန်းဖေးသည် လျစ်လျူရှုခံရရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သော်လည်း သူမ၏အပြုံးများ တောင့်တင်းသွားကာ ကြက်သေသေသွားရခြင်းကို မတားဆီးနိုင်ခဲ့ပေ။
ထို့နောက် သူမ ဖန့်ယွင်ယွင်ကို လှမ်းကြည့်လိုက်ကာ သူမ၏ ရန်ဘက်တော်ကို တမင်တကာ လျစ်လျူရှုလိုက်သည်။
ပို၍ အတွေ့အကြုံနုနယ်သော ဖန့်ရှင်းထံသို့ သူမ၏အာရုံကို ပြန်လွှဲလိုက်ပြီး ကျန်းဖေးက စကားစမြည်ပြောရန် ကြိုးစားလိုက်သည်။
"ရှင်းရှင်း ဒီနေ့ ဘယ်လိုဖြစ်လို့ နင်တို့အားလုံး ဒီမှာ ညစာလာစားကြတာလဲ။ ဒါက တွေ့ဆုံပွဲလား။ ဘာလို့ ငါ့ကို မဖိတ်တာလဲ။"
ဤတစ်ကြိမ်တွင် ဖန့်ရှင်းက မည်သည့် ယဉ်ကျေးမှုမျိုးကိုမှ မပြသခဲ့ပေ။
ယခင်ကကဲ့သို့ မည်သို့ပင်ဆိုစေ သူတို့သည် ရပ်ကွက်တစ်ခုတည်းမှ ဖြစ်သဖြင့် ယဉ်ကျေးမှုအရ စကားအနည်းငယ် အပြန်အလှန်ပြောဆိုခြင်းမျိုး မဟုတ်ဘဲ၊ သူမတွင် ကျန်းဖေးအတွက် သည်းခံစိတ် မကျန်ရှိတော့ပေ။
မည်သို့ပင်ဆိုစေ ဤအမျိုးသမီးသည် အစ်မ ရှီရှီ၏ ခင်ပွန်းဖြစ်သူ ရှဲ့ကျန်း ယကို လိုက်နေသူဖြစ်သည်။
ဒါက ခွင့်လွှတ်နိုင်စရာ မဟုတ်ပေ။
ဖန့်ရှင်းက ချုပ်တည်းမထားဘဲ ခပ်ပြတ်ပြတ် ပြောလိုက်သည်။ "ငါက နင့်ကို ဘာလို့ ဖိတ်ရမှာလဲ။ ငါတို့က မရင်းနှီးဘူး၊ သိလား။"
ကျန်းဖေးမှာ အံ့အားသင့်သွားပြီး သူမ၏အပြုံးများ ယိုင်နဲ့သွားသည်။
သူမသည် ဖန့်ယွင်ယွင်ကို သံသယဖြင့် လှမ်းကြည့်လိုက်ပြီး၊ ဖန့်ယွင်ယွင်က သူမအား တိတ်တဆိတ် အသရေဖျက်နေခဲ့သည်ဟူသော ထူးဆန်းသည့် ခံစားချက်တစ်ခု ဝင်ရောက်လာခဲ့သည်။
ကံကောင်းစွာဖြင့် ဖန့်ယွင်ယွင်မှာ ကျန်းဖေး၏ စိတ်ထဲတွင် ဘာတွေဖြစ်နေသည်ကို မသိခဲ့ပေ။
သို့မဟုတ်ပါက သူမ၏ မီးကဲ့သို့သော ဒေါသများမှာ သေချာပေါက် ပေါက်ကွဲထွက်လာမည်ဖြစ်သည်။
ကျန်းဖေးက ဘာတွေတွေးနေသနည်း။ သူမတွင် ဂုဏ်သတင်းအကြောင်း ပြောဆိုရန် သတ္တိ အမှန်တကယ် ရှိနေသေးသည်လား။
ကျန်းဖေးက အခြေအနေတင်းမာမှုကို လျှော့ချရန် အခြားတစ်ခုခုကို ပြောတော့မည့်ဆဲဆဲတွင် သူမ၏အကြည့်မှာ စုရှီ အပေါ်သို့ မထင်မှတ်ဘဲ ကျရောက်သွားသည်။
သူမ၏ ရင်သပ်ရှုမောဖွယ် အလှကို မြင်လိုက်ရသောအခါ၊ သူမသည် ခေတ္တမျှ မှင်သက်သွားခဲ့ပြီး ထို့နောက် နက်ရှိုင်းသော မနာလိုဝန်တိုမှုတစ်ခုက သူမ၏မျက်လုံးများထဲသို့ တိုးဝင်လာခဲ့သည်။
သူမသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ ရုတ်တရက် ထုတ်ဖော်ပြောလိုက်သည်။
"ဒါ ဘယ်သူလဲ။"
တကယ့်ကို မျက်စိနောက်စရာပါလား။
ဖန့်ယွင်ယွင်နှင့် ဖန့်ရှင်းတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံးမှာ ကလေးဆိုးလေးများကဲ့သို့သော အပြုံးများကို ပြုံးနေကြသည်။
သူတို့ ပြန်ဖြေတော့မည့်ဆဲဆဲတွင် ထန်စစ်ယွင်က သူမ၏ ဓားနှင့် ခက်ရင်းကို ညင်သာစွာ ချပြီး အမဲကင်တစ်တုံးကို လှီးဖြတ်ကာ သူမ၏ချွေးမထံသို့ ကမ်းပေးလိုက်သည်။
သူမ၏ ချွေးမသည် ကလေးကို ပြုစုစောင့်ရှောက်နေရသဖြင့် အစာ များများစားရသေးခြင်း မရှိပေ။
ထန်စစ်ယွင်သည် သူမအတွက် သနားဂရုဏာသက်မိသဖြင့် သူမကို အရင် ခွံ့ကျွေးရန် ဆုံးဖြတ်လိုက်သည်။
စုရှီ စားလိုက်သည်ကို မြင်ပြီးမှသာ သူမသည် မျက်လုံးများကို ပင့်လိုက်ပြီး ယခုအခါ အတော်လေး မကျေမနပ်ဖြစ်နေပုံရသော ကျန်းဖေးကို မဲ့ကာ ကြည့်လိုက်သည်။
သူမသည် လေသံမှာ အေးစက်စွာဖြင့် ပြောလိုက်သည်။ "ဒါ ငါ့ချွေးမ၊ ရှဲ့ကျန်းရဲ့ ဇနီးပဲ။ ဘယ်လိုလဲ။ နင် သဘောတူရဲ့လား။"
ကျန်းဖေးက ထိတ်လန့်တကြား ထွက်ပြေးလုနီးပါး ဖြစ်သွားခဲ့သည်။
ရှဲ့ကျန်း ဇနီးသည်၏ ရုပ်ရည်သွင်ပြင်ကြောင့် သူမရရှိလိုက်သော တုန်လှုပ်ခြောက်ခြားမှုမှာ အလွန်ကြီးမားလွန်းလှသည်။ ရှဲ့ကျန်း၏ ဇနီးသည်နှင့် ပတ်သက်၍ သူမ မကြာသေးမီက မကောင်းသတင်းများ လွှင့်ခဲ့ပုံများနှင့် သူမက ထိုအမျိုးသမီးထက် ပိုလှသည်ဟု ပေါ်တင်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ ပြောဆိုခဲ့သည်များကို ပြန်တွေးမိပြီး သူမမှာ အသက်ရှူပင် မဝတော့သလို ခံစားလိုက်ရသည်။ သူမ အချိန်တွေကို နောက်ပြန်လှည့်နိုင်ရန် ဆုတောင်းမိတော့သည်။
ကောလဟာလတွေကို ဘယ်သူလွှင့်ခဲ့လဲဆိုတာကိုတောင် သူမ မသိခဲ့ပေ။
ရှဲ့ကျန်း၏ ဇနီးသည်က ထိုကဲ့သို့ ရုပ်ရည်မျိုး ဖြစ်နေမှတော့ ကျားတစ်ကောင်လို ကျောပြင်နှင့် ဝက်ဝံတစ်ကောင်လို ခါးမျိုးရှိတဲ့ သူမနှင့် ဘယ်လိုလုပ်ပြီး ပတ်သက်ဆက်နွယ်နေနိုင်ပါ့မလဲ။
စုရှီနှင့် အခြားသူများက ကျန်းဖေး တစ်ယောက် ဘာမှမစားဘဲ ယိုင်နဲ့နဲ့ဖြင့် စားသောက်ဆိုင်ထဲမှ ထွက်ခွာသွားသည်ကို ကြည့်လိုက်ကြပြီး အချို့အရာများကို နှုတ်မှမဖွင့်ဟဘဲ ထားလိုက်ကြသည်။ "သူမရဲ့ ဖိအားဒဏ်ခံနိုင်ရည်က သိပ်ညံ့တာပဲ..."
"နှိုင်းကြည့်ဖို့ကျ အရမ်းရက်စက်လွန်းနေတယ် ဟုတ်တယ် မဟုတ်လား"
ထန်စစ်ယွင်၏ လေသံက တည်ငြိမ်နေသော်လည်း နှုတ်ခမ်းထောင့်များက မကွေးညွတ်ဘဲ မနေနိုင်တော့ပေ။
သူမ၏ ချွေးမက အလွန်တော်ပါပေသည်။
ကျန်းဖေးသည် ဤမျှ စိတ်ဓာတ်ပျော့ညံ့လိမ့်မည်ဟု ဘယ်သူမျှ မထင်ထားခဲ့ကြပေ။ ဤကိစ္စပြီးနောက်တွင် သူမအနေဖြင့် ပြဿနာဆက်ရှာရန် မျက်နှာ ရှိတော့မည်မထင်။
သူမသည် ထိုကိစ္စလေးကို ဘေးဖယ်ထားလိုက်ကြပြီး ဆက်၍စားသောက်ကြတော့သည်။
စုရှီက ထိုကိစ္စ ပြီးသွားပြီဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ထိုနေ့ညနေတွင် သူမ၏ ယောက္ခမထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့ပြီး ကြောင်အမ်းသွားခဲ့ရသည်။
"အစည်းအဝေးတက်ရမယ် ဟုတ်လား။ ဘာအစည်းအဝေးလဲ"
ထန်စစ်ယွင်က တစ်ဖက်မှ ပြန်ဖြေလိုက်သည်။ "စိတ်ဝင်စားစရာကောင်းတဲ့ ပွဲမျိုးတော့ မဟုတ်ပါဘူး။ ငါတို့ မိန်းမတွေ စုပြီး စကားပြောကြ၊ လက်ဖက်ရည်သောက်ကြနဲ့ အိမ်နီးနားချင်းတွေအကြောင်း အတင်းပြောကြတဲ့ ပွဲပါပဲ..."
ကြားရတာ ပျင်းစရာကောင်းပုံရသည်။ စုရှီသည် အတင်းပြောတာကို ကြိုက်နှစ်သက်သော်လည်း ရင်းနှီးသူများနှင့်သာ ပြောလေ့ရှိသည်။
စုရှီ စိတ်မဝင်စားပေ။ ထိုကဲ့သို့ အားလပ်ချိန်မျိုးရလျှင် အိမ်တွင်သာ အိပ်နေလိုက်ချင်တော့သဖြင့် သူမ တိုက်ရိုက် ငြင်းပယ်လိုက်သည်။
သူမ အံ့အားသင့်သွားရသည်မှာ အမြဲတမ်း သူမကို အလိုလိုက်ပြီး အလိုလိုက်ထားသည့် ထန်စစ်ယွင်က ဒီတစ်ကြိမ်တွင် အတင်းအကျပ် ပြောဆိုလာခြင်းကြောင့် ဖြစ်သည်။
"မရဘူး။ သမီး သွားကိုသွားရမယ်။ အမေတောင် ဒီပွဲကို မကြိုက်ပေမယ့် ဆယ်ခါမှ တစ်ခါလောက်တော့ သွားရတယ်။ အရင်တုန်းက သမီးမကြိုက်မှန်းသိလို့ အမေ ဘယ်တော့မှ အတင်းမတိုက်တွန်းခဲ့ဘူး။ ဒါပေမဲ့ ဒီရက်ပိုင်း အပြင်မှာ မကောင်းတဲ့ ကောလဟာလတွေ ထွက်နေတယ်။ ငါတို့သွားပြီး မျက်နှာပြရမယ်။ ပြီးတော့ အဲဒီ အဘွားကြီးတွေရဲ့ မျက်နှာကို ရိုက်ချပစ်လိုက်ရမယ်။ အဲဒါပြီးရင် သမီးနေချင်နေ၊ မနေချင်ပြန် အမေ အတင်းမတိုက်တွန်းတော့ဘူး..."
စုရှီသည် ထိုအကြောင်းပြချက်ကြောင့် အံ့သြသွားသဖြင့် ခဏမျှ စဉ်းစားလိုက်ပြီးမှ သဘောတူလိုက်သည်။ သူမကို အခြားသူများ မည်သို့မြင်သည်ကို သူမ သိပ်ဂရုမစိုက်လှပေ။ ပြောရလျှင် သူမက ထိုသူများကို သိပင်မသိပေ။ သူမက စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ နေခဲ့ရပြီး အတင်းအဖျင်း စကားများကိုလည်း မကြားရပေ။
သို့သော် ချွေးမတစ်ယောက်အနေဖြင့် သူမ တစ်ကိုယ်တည်း မဟုတ်တော့ပါ။ သူမကြောင့် ရှဲ့ မိသားစု၏ ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်ပေ။
သို့သော်လည်း... စုရှီသည် ဖုန်းပြောနေသော သူမဘေးတွင် ထိုင်ကာ နားထောင်နေကြသည့် အဘွားနှင့် ထောင်ထောင်ကို ကြည့်လိုက်သည်။ သူမတွင် ခွင့်တစ်ရက်သာ ကျန်တော့ပြီး နောက်တစ်ခေါက် ဘယ်တော့ ခွင့်ရမည်ကို မသိနိုင်ပေ။
အဘွားနှင့် သူမ၏ သမီးကို ထားခဲ့ရန် ဝန်လေးနေသဖြင့် စုရှီ သေချာ စဉ်းစားလိုက်သည်။ သူမက ဖုန်းမချသေးသော ယောက္ခမကို နောက်တစ်နေ့မနက်တွင် အဘွားနှင့် ထောင်ထောင်ကိုပါ ခေါ်လာခဲ့မည့်အကြောင်း၊ နေ့လယ်ပိုင်းတွင် သူတို့ကို ရှဲ့မိသားစုအိမ်၌ ထားခဲ့ပြီးမှ ယောက္ခမနှင့်အတူ ပွဲတက်မည့်အကြောင်း ပြောပြလိုက်သည်။
အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၁၂၆
ချွေးမဖြစ်သူက နေ့လယ်စာစားရန် လာမည်ဟု ကြားသောအခါ ထန်စစ်ယွင် အလွန် ဝမ်းသာသွားခဲ့သည်။ သူမသည် ဖုန်းချပြီးနောက် ပျော်ရွှင်စွာဖြင့် နောက်တစ်နေ့အတွက် ဟင်းစာရင်းစီစဉ်ရန် မီးဖိုချောင်သို့ သွားလေသည်။
ဟင်းစာရင်း စီစဉ်ပြီးသည်နှင့် သူမသည် ဘိုးဘွားရိပ်သာတွင် ရှိနေသော သခင်ကြီးရှဲ့ကို ဖုန်းဆက်ပြီး နောက်တစ်နေ့ ထမင်းစားရန် ပြန်လာခဲ့ဖို့ ပြောလိုက်သည်။
ရှဲ့ပေါ် အိမ်သို့ ပြန်ရောက်သောအခါ ဇနီးသည်က ဆိုဖာပေါ်တွင်ထိုင်၍ ဆွယ်တာအင်္ကျီထိုးရင်း သီချင်းတစ်ပုဒ် ညည်းနေသည်ကို တွေ့လိုက်ရသဖြင့် သူမ အလွန်စိတ်ပျော်ရွှင်နေပုံပင်။
ထိုအမျိုးသား၏ အကြည့်များက နူးညံ့သွားပြီး သူမအနားသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။ သူမက သူ့ဘက်သို့ မှီလာသောအခါ သူက သူမကို ဆွဲဖက်လိုက်ပြီး မျက်လုံးများကို မှေးကာ ရှားပါးသော အေးချမ်းသည့် အချိန်လေးကို အနားယူ ခံစားလိုက်သည်။
သားနှင့် ချွေးမ J မြို့ သို့ ပြောင်းလာကတည်းက အားယွင်သည် နေ့တိုင်း ပျော်ရွှင်နေခဲ့သည်။
သမီးနှင့် သားမက်ဖြစ်သူတို့က H ခရိုင်တွင် ဝေးကွာနေသော်လည်း သူတို့၏ ဘဝက အဆင်ပြေနေသည်။ လူချင်း မတွေ့နိုင်သော်လည်း ဖုန်းဖြင့် မကြာခဏ အဆက်အသွယ် လုပ်ကြသည်။ ဝမ်ယွမ်သည် ကွန်မြူနတီ၏ တန်ဖိုးရှိသော အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။
သူ၏ တရားဝင် လစာက မများသော်လည်း သီးသန့်ရရှိသော ထောက်ပံ့ကြေးများက လင်မယားနှစ်ယောက် ကောင်းမွန်စွာ နေထိုင်ရန် လုံလောက်သည်ထက် ပိုနေသည်။ သူတို့၏ နောက်တွင် ပံ့ပိုးပေးနေသော မိဘများ ရှိနေသည်ကို ထည့်ပြောစရာပင် မလိုပေ။
ဒါပေါ့၊ သူ့အတွက် အရေးအကြီးဆုံးအရာက ဝမ်ယွမ် သည် ကွန်မြူနတီ၏ အကာအကွယ်ကို ရရှိရန် သူ၏ အရည်အချင်းများကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဒါက အကြီးမားဆုံးသော လုံခြုံမှုပင်ဖြစ်သည်။
ဒါက စုရှီအတွက် ဒီဘဝမှာ ပထမဆုံးအကြိမ် တက်ရောက်ဖူးသော လူစုလူဝေးပွဲတစ်ခု ဖြစ်သည်။
သူမ ဘာလုပ်ရမှန်း သိပ်မသိပေ။ သူမ မနေတတ်မထိုင်တတ် ဖြစ်နေသည်ကို မြင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ထန်စစ်ယွင်က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ ပျင်းနေတဲ့ အဘွားကြီးတစ်သိုက်ပါပဲ။ သူတို့က အရမ်းစိတ်ရှုပ်ဖို့ကောင်းတာ။ အမေကတော့ ပုံမှန်ဆိုရင် သွားဖို့ စိတ်မပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ ယွမ်ယွမ်ရဲ့ အမေရယ်၊ ရှင်းရှင်းရဲ့ ယောက္ခမနဲ့ အမေကိုပါ ဖိတ်ထားတယ်။ ငါတို့ အတူတူသွားကြမယ်။ ရင်းနှီးတဲ့သူတွေ ပိုများတော့ အချိန်ကုန်ရတာ ပိုလွယ်တာပေါ့"
ယောက္ခမဖြစ်သူ၏ အားပေးစကားကြောင့် စုရှီ ပြုံးလိုက်မိပြီး စိတ်လက်ပေါ့ပါးသွားသည်။
သို့သော်...
သူမ၏ စိတ်ထဲတွင် ချမ်းသာသော ဇနီးသည်များ၏ တွေ့ဆုံပွဲဆိုသည်မှာ တီဗီဇာတ်လမ်းတွဲများထဲတွင် မြင်ဖူးသကဲ့သို့ ခမ်းနားထည်ဝါပြီး ဖက်ရှင်ကျနေသင့်သည်ဟု ထင်ထားခဲ့သည်။
ဒါပေမဲ့ လက်တွေ့မှာတော့...
ယောက္ခမနှင့်အတူ ဘယ်ကွေ့ ညာကွေ့ဖြင့် ခြေလျင် ၁၀ မိနစ်ခန့် လမ်းလျှောက်ပြီးနောက်တွင် အနာဂတ်ကာလမှ သက်ကြီးရွယ်အိုများအတွက် လူထုစင်တာနှင့် တူသော နေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။
စုရှီ တံခါးဝတွင် ရပ်ရင်း လုံးဝ ကြောင်အမ်းသွားခဲ့သည်။
ဒါက...?
ဘေးဘီကို ကြည့်လိုက်တော့ တံခါးဝတွင် ပြည့်ဖြိုးသော ဇနီးသည်နှစ်ဦး ထိုင်နေပြီး နေကြာစေ့ စားနေကြသည်။
ခေတ်ကာလ မတူညီတော့သဖြင့် အနာဂတ်ကာလကကဲ့သို့ စုဝေးပွဲများက မခမ်းနားသော်လည်း ဤရိုးရှင်းပြီး ဟန်ဆောင်မှုကင်းသော "ချမ်းသာသော ဇနီးသည်များ" ၏ တွေ့ဆုံပွဲသည် စုရှီ၏ စိတ်ကူးနှင့် လုံးဝ ကွဲပြားနေသည်။ သူမ၏ ယောက္ခမက သူမကို စကပ်မဝတ်ခိုင်းဘဲ စစ်ဝတ်စုံသာ ဝတ်ခိုင်းခဲ့သည်မှာ မဆန်းတော့ပေ။
စုရှီ အံ့သြနေရာမှ သတိမဝင်လာခင်မှာပင် တံခါးဝတွင်ထိုင်ကာ နေကြာစေ့ စားနေသော အမျိုးသမီးနှစ်ဦးက ထန်စစ်ယွင်နှင့် သူမ၏ ချွေးမ လျှောက်လာသည်ကို မြင်သွားကြသည်။ သူတို့က ချက်ချင်း မတ်တတ်ရပ်ပြီး နှုတ်ဆက်ကြသည်။
"စစ်ယွင်၊ တကယ်ကို မတွေ့ရတာ ကြာပြီနော်။ မနေ့က တိုင့်ရုံ (ဖန့်ရှင်းက နင်လာမယ်လို့ ပြောတုန်းက ငါမယုံခဲ့ဘူး။ ဒါပေမဲ့ နင်တကယ် ရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး..."
မျက်နှာဖယောင်းတိုင်လို ပြည့်ဖောင်းနေသော အမျိုးသမီးက ထန်စစ်ယွင်ကို ပြောနေသော်လည်း သူမ၏ မျက်လုံးများက ဘေးနားရှိ အမျိုးသမီးငယ်လေးကို တစ်ချက်တစ်ချက် ကြည့်နေသည်။ ဒီမိန်းကလေးချောလေးက ဘယ်သူလဲဆိုတာ သူမ မသေချာသဖြင့် ပြုံးကာ မေးလိုက်သည်။
"ဒီမိန်းကလေးက ဘယ်သူလဲ"
ဒီမေးခွန်းကို စောင့်နေသော ထန်စစ်ယွင်သည် ကျောကို မတ်လိုက်ပြီး မျက်နှာက ဂရုမစိုက်သလို ပုံစံရှိနေသော်လည်း မျက်လုံးများက ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
"ဒါက ငါ့ချွေးမ စုရှီလေ။ တပ်ကနေ နှစ်ရက်ခွင့်ရတုန်းလေး။ ဒါကြောင့် အစည်းအဝေးပွဲမှာ အားလုံးနဲ့ မိတ်ဆက်ပေးဖို့ ခေါ်လာတာ။ နင်တို့မသိကြဘူး။ ငါ့ချွေးမက စစ်ဘက်ဆရာဝန်တစ်ယောက်လေ။ ဒုတိယဗိုလ်မှူးကြီးတောင် ဖြစ်နေပြီ။ သူမက နေ့တိုင်း အရမ်းအလုပ်များတာ..."
ထိုသို့ ပြောပြီးနောက် ထန်စစ်ယွင်သည် အမျိုးသမီးနှစ်ဦး မျက်လုံးပြူးသွားသည်ကို သတိမထားမိသကဲ့သို့ သူမ၏ ချွေးမ လက်ကို ပုတ်ပြီး ရွှင်လန်းစွာ မိတ်ဆက်ပေးလိုက်သည်။
"ရှီရှီ၊ ဒါက ဗိုလ်ချုပ်ဝမ် မိသားစုက အဒေါ်ကောင်း.. ပြီးတော့ ဒါက ဗိုလ်မှူးကြီး ဟူမိသားစုက အဒေါ်လင်။ သူတို့က ဒီဝင်းထဲက အိမ်နီးချင်းတွေလေ။ ဒီပွဲကို သူတို့ ဦးစီးကျင်းပတာပေါ့"
စုရှီသည် တောက်ပစွာ ပြုံးလိုက်ရာ သူမ၏ အလှက ကြည်လင်သော မျက်လုံးများ၊ ဖြူဖွေးသော သွားများနှင့်အတူ ကျက်သရေရှိစွာ လင်းလက်သွားသည်။ သူမက ယုံကြည်မှုရှိရှိဖြင့် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အဒေါ် ကောင်း၊ မင်္ဂလာပါ အဒေါ် လင်"
"အေး... အေး... မင်္ဂလာပါ မင်္ဂလာပါ"
အဒေါ် ကောင်းက ပထမဆုံး သတိပြန်ဝင်လာပြီး သူမ၏ ဝိုင်းစက်သော မျက်နှာပေါ်တွင် အနည်းငယ် အဆင်မပြေသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ထန်စစ်ယွင်က စုရှီကို အထဲသို့ ခေါ်သွားပြီးနောက် အဒေါ် ကောင်းနှင့် အဒေါ် လင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ စောစောက သူတို့ ကြားထားသော "ကျန်းဖေးလို ရုပ်မျိုး၊ ကျားတစ်ကောင်လို ကျောပြင်နှင့် ဝက်ဝံတစ်ကောင်လို ခါးမျိုး" ဆိုသည့် စကားလုံးများက သူတို့ ခေါင်းထဲတွင် ပဲ့တင်ထပ်နေသည်။
တကယ့် လူလိမ်ပဲ။
ထန်စစ်ယွင်၏ သရော်သော စကားများက သူမကွယ်ရာတွင် သူမ၏ ချွေးမအကြောင်း သူတို့ အတင်းပြောခဲ့ကြသည်ကို တုံ့ပြန်လိုက်ခြင်း ဖြစ်မှန်း သိသာလှသည်။ အဒေါ် ကောင်းနှင့် အဒေါ် လင်တို့သည် ထန်စစ်ယွင်၏ စိတ်ဆတ်မှုကို တွေးမိပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နောက်မှ အဆူခံရမည်ကို စိုးရိမ်နေကြသည်။
ဖြောင်း!! အတင်းပြောမိတာ အဲ့ဒါကြောင့် ခံရတာပေါ့။
စုရှီသည် သူမ၏ နောက်ကွယ်တွင် ဖြစ်ပျက်နေသော စိတ်ပိုင်းဆိုင်ရာ ပြဇာတ်ကို မသိရှိသော်လည်း အကယ်၍သာ သိခဲ့လျှင် လှောင်ပြုံးပြုံးလိုက်မည် ဖြစ်သည်။ အကယ်၍သာ သူမ၏ ယောက္ခမက သူတို့ ဘာပြောခဲ့သည်ကို သိခဲ့လျှင် ကံဆိုးမိုးမှောင်ကျဖို့ နောက်မှ စောင့်နေစရာ မလိုတော့ပေ။ ထန်စစ်ယွင်နှင့် စုရှီက စာရင်းရှင်းစရာရှိလျှင် နေ့ချင်းပြီး ရှင်းမည့် သူမျိုးများ ဖြစ်သည်။
စုဝေးပွဲနေရာသို့ ဝင်ရောက်ပြီးနောက် စုရှီ ဘေးဘီကို အမြန် ဝေ့ကြည့်လိုက်ရာ အနာဂတ်ကာလ ကျောင်းတုန်းက တက်ရောက်ခဲ့ဖူးသော လက်ဖက်ရည်ပွဲများနှင့် တူနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။
စားပွဲများကို အားလုံး ပူးကပ်ထားပြီး လူအတော်များများလည်း ရောက်ရှိနေကြသည်၊ အယောက် လေးဆယ်၊ ငါးဆယ်ခန့်ရှိပြီး အများစုမှာ အသက်ကြီးပိုင်းများ ဖြစ်ကြသည်။
စုရှီအား ပို၍ အံ့သြသွားသည်မှာ ဖန်းယွင်ယွင်နှင့် ဖန်းရှင်းတို့လည်း ရောက်ရှိနေခြင်း ဖြစ်သည်။ သူတို့က သူမကို တွေ့ပြီး လက်လှမ်းပြနေကြသည်။ သူတို့က သူမအဖော်ရအောင် လာခဲ့ကြမှန်း စုရှီ ချက်ချင်း နားလည်လိုက်သည်။
စုရှီသည် ထန်စစ်ယွင်ကို ဆွဲ၍ သူမ၏ သူငယ်ချင်းများထံသို့ အမြန်လျှောက်သွားရင်း မပြုံးဘဲ မနေနိုင်တော့ပေ။ သူမ အလွန် စိတ်လှုပ်ရှားမိသည်။
ဤတွေ့ဆုံပွဲက အမြဲတမ်း နေထိုင်မှုပုံစံ နှိမ့်ချစွာ နေလေ့ရှိသော စုရှီကို အသိုင်းအဝိုင်းထဲတွင် ထင်ရှားသွားစေပြီး အသိအမှတ်ပြုမှု ရရှိစေခဲ့သည်။
သူမ၏ ရုပ်ရည်သွင်ပြင်ကြောင့် သာမက သူမ၏ ကိုယ်ပိုင် ထူးချွန်မှုကြောင့်လည်း ဖြစ်သည်၊ အသက် ၂၅ နှစ်အရွယ်ဖြင့် ဒုတိယဗိုလ်မှူးကြီး ဖြစ်နေသည်မှာ ထိုမျှ ငယ်ရွယ်သူတစ်ဦးအတွက် ရှားပါးလှသည်။ အရပ်ဘက် အလုပ်တစ်ခုအတွက် ဆိုလျှင်တောင် ရှဲ့ကျန်းသည် အမှန်တကယ်ပင် ထူးချွန်သော အမျိုးသမီးတစ်ဦးကို လက်ထပ်တော့မည် ဖြစ်သည်။ ရှဲ့ မိသားစုသည် ထီပေါက်သကဲ့သို့ ကံကောင်းသွားခြင်း ဖြစ်သည်။
အခြားသူများရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ပြခြင်းလောက် ကောလဟာလများကို ထိရောက်စွာ ချေဖျက်နိုင်ခြင်း မရှိပေ။ ယခု ကာယကံရှင် ကိုယ်တိုင် ရှိနေပြီ ဖြစ်သဖြင့် မျက်လုံးပါသူ မည်သူမဆို အမှားနှင့် အမှန်ကို အလွယ်တကူ ခွဲခြားသိမြင်နိုင်သည်။ ထိုရယ်စရာကောင်းသော ကောလဟာလများမှာ မနာလိုစိတ်ဖြင့် လုပ်ကြံပြောဆိုမှုများ ဖြစ်ကြောင်း ရှင်းလင်းသွားသည်။
လူတွေက စုံစမ်းမေးမြန်းကြည့်ကြသောအခါ မူလ အတင်းအဖျင်းစကားများသည် ရှဲ့ကျန်းကို စွဲလမ်းနေသော ကျန်းဖေးထံမှ လာကြောင်း တွေ့ရှိသွားကြသည်။ ဒါက လူတွေကြားထဲမှာ ရှိနှင့်ပြီးသား ကျန်းဖေးအပေါ် အမြင်မကြည်လင်မှုများကို ပိုဆိုးသွားစေခဲ့သည်။
ထိုအချိန်တွင် စုရှီ မည်မျှထူးချွန်ကြောင်း၊ မည်မျှ လှပကြောင်း၊ သူမ၏ ယောက္ခမနှင့် မည်မျှ အဆင်ပြေကြောင်း၊ သူတို့၏ ဆက်ဆံရေး မည်မျှ သဟဇာတဖြစ်ကြောင်း စသည့် သတင်းစကားအသစ်များက စစ်တပ်ဝင်းထဲတွင် တောမီးပမာ ပျံ့နှံ့သွားတော့သည်။
သို့သော် ထိုအရာအားလုံးက သိပ်အရေးမကြီးတော့ပါ။ သူမ၏ ပုံရိပ်ကို ပြသပြီး "မစ်ရှင်" ပြီးဆုံးသွားပြီ ဖြစ်သဖြင့် စုရှီသည် သူမ၏ အားလပ်ရက်တိုလေးကို အဆုံးသတ်ကာ တပ်စခန်းသို့ အလုပ်ပြန်ဆင်းလိုက်သည်။
"အိမ်ကရော ဘယ်လိုနေလဲ။ အဘွား ကျန်းမာရေးရော ကောင်းရဲ့လား"
စုရှီ ပြန်ရောက်သော ညတွင် မိသားစုလေးယောက် ထမင်းစားခန်း၌ အတူတူ ထမင်းစားရန် စုဝေးခဲ့ကြသည်။
အိမ်တွင် ချက်ပြုတ်ခြင်းက ရွေးချယ်စရာ မဟုတ်ပေ။ ရှဲ့ကျန်းက သူ့ဇနီးအတွက် မချက်ပြုတ်ပေးချင်၍ မဟုတ်ဘဲ သူ အလွန် အလုပ်များလွန်းသောကြောင့် ဖြစ်သည်။ စစ်တပ် ယူနစ်အသစ်တွင် လုပ်စရာများ များပြားပြီး အဓိက တာဝန်ခံ ဖြစ်သည့်အတွက် သူ ကြီးကြပ်ရမည့်အရာများစွာ ရှိနေသည်။
ပြီးတော့ ဒီမှာ ချက်ပြုတ်ရတာက တော်တော်လေး အလုပ်ရှုပ်သည်။ ဘုံသုံး ဘေစင်များနှင့် မီးဖိုများကြောင့် ချက်ပြုတ်ရန် တန်းစီစောင့်ဆိုင်းရသည်။ ထို့ကြောင့် သူတို့အားလုံး ထမင်းစားဆောင်တွင် ရေရှည် စားသောက်ကြရန် သဘောတူခဲ့ကြသည်။
ထိုညနေတွင် ရှဲ့ကျန်းက ထမင်းစားဆောင်တွင် အရာအားလုံးကို ကြိုတင်စီစဉ်ထားပြီး အစားအသောက်အတွက် ငွေပေးချေကာ စားဖိုမှူးကို သူတို့အတွက် ဟင်းပွဲငယ်အချို့ ပြင်ဆင်ပေးရန် ပြောထားခဲ့သည်။
စုရှီ ပြောလိုက်သည်။ "မိသားစုက အဆင်ပြေပါတယ်။ ရှင် ယုံမှာတောင် မဟုတ်ဘူး။ ကျန်းကျွင့်နဲ့ ယောက္ခမက နေ့တိုင်းလိုလို အိမ်မှုကိစ္စတွေကို ကူလုပ်ပေးကြတယ်။ ကျွန်မ သူတို့ကို အရမ်းအားနာတာပဲ..."
ထိုအမျိုးသားသုံးဦးက စကားသိပ်ပြောတတ်သူများ မဟုတ်ကြဘဲ ထမင်းစားနေစဉ်အတွင်း မိသားစုကိစ္စများကို စုရှီကသာ အဓိက ပြောဆိုနေခြင်း ဖြစ်သည်။
ရှဲ့ကျန်းက သူ့အမေနှင့် ငယ်သူငယ်ချင်းက သူတို့မိသားစုအပေါ် ကူညီပေးသည်ကို မအံ့သြမိပေ။ သူ ကျေးဇူးတင်ပြီး အားနာမိသော်လည်း စစ်ဝတ်စုံကို ဝတ်ဆင်လိုက်ကတည်းက တိုင်းပြည်၏ ကြီးမားသော အရေးကိစ္စများက ကိုယ်ရေးကိုယ်တာ သို့မဟုတ် မိသားစုကိစ္စများထက် အမြဲ ရှေ့တန်းရောက်နေခဲ့သည်။
ရှဲ့ကျန်း သူတစ်ယောက်ထဲ တွေးလိုက်သည်။ 'နောက်ထပ် နှစ်အနည်းငယ်လောက်ကြာလို့ သူတို့ ရှေ့တန်းမလိုက်တော့တဲ့တစ်နေ့ ကျရင် သူတို့အတွက် အကောင်းဆုံး ပြန်ပေးဆပ်ပါ့မယ်'
ဘဝက ပုံမှန်အတိုင်း ဆက်၍လည်ပတ်နေခဲ့သည်။ စုရှီသည် အပြည့်အဝ အသားကျနေပြီဖြစ်ပြီး ရက်အနည်းငယ်ကြာတိုင်း လေ့ကျင့်ရေးကွင်းအပြင်ဘက်တွင် ရပ်ကာ စစ်သားများ ချွေးများနှင့် သွေးများကျကာ အကန့်အသတ်အထိ ကြိုးစားအားထုတ်နေကြသည်ကို ကြည့်ရှုလေ့ရှိသည်။ သူမသည် ဒဏ်ရာများကို ကုသပေးခြင်းနှင့် လိုအပ်သည့်နေရာတိုင်းတွင် ပတ်တီးစည်းပေးခြင်းများကိုလည်း ကျင့်သားရနေပြီ ဖြစ်သည်။
ပထမတော့ စစ်ဘက်ဆရာဝန်တစ်ယောက် အမြဲ အဆင်သင့်ရှိနေရသည်မှာ အနည်းငယ် ပိုလွန်းသည်ဟု သူမ ထင်ခဲ့သော်လည်း စစ်သားများ၏ ပြင်းထန်သော လေ့ကျင့်မှုများကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ သူမ နားလည်သွားသည်။ သူတို့၏ လေ့ကျင့်မှု ပြင်းအားနှင့် ပါဝင်သော အန္တရာယ်များက အလွန်မြင့်မားလွန်းသဖြင့် သေရေးရှင်ရေး အခြေအနေကဲ့သို့ ခံစားရပြီး စစ်ဘက်ဆရာဝန်များ အချိန်ပြည့် အဆင်သင့်ရှိနေရန် လိုအပ်သည်မှာ အဓိပ္ပာယ်ရှိလှသည်။
လအနည်းငယ် ကြာပြီးနောက်တွင် ဒဏ်ရာအသေးစားနှင့် အကြီးစားများ ရရှိခြင်းမှာ နေ့စဉ် ဖြစ်ပျက်နေကျ ကိစ္စများ ဖြစ်လာသည်။
သို့သော်လည်း ကြမ်းတမ်းပြီး တစ်ခါတစ်ရံ အစွန်းရောက်သော လေ့ကျင့်မှု သဘာဝ ရှိသော်လည်း စုရှီသည် ထူးချွန်ပြီးသား စစ်သားများက မည်သို့ ပိုရဲရင့်လာပြီး ကြံ့ခိုင်လာကြသည်ကို ကိုယ်တွေ့ မြင်တွေ့ခွင့်ရသည့် ကံကောင်းသူ ဖြစ်သည်။ တချိန်က အနည်းငယ် ဂနာမငြိမ်ဖြစ်နေတတ်သော သူတို့၏ မျက်လုံးများပင်လျှင် လပေါင်းများစွာ သွေးနှင့် ချွေးများ ကျပြီးနောက် တဖြည်းဖြည်း တည်ငြိမ်ပြီး မယိမ်းယိုင်နိုင်သော အကြည့်များ ဖြစ်လာကြသည်။
သူတို့သည် ယခုအခါ အတော်ဆုံး ပန်းပဲဆရာများ သွေးထားသော ဓားများကဲ့သို့ ထက်မြက်အေးစက်သော အလင်းရောင်များ တောက်ပနေပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီပင်။
တစ်နေ့တွင် စုရှီ ရုံးခန်းထဲ၌ ထိုင်ကာ သတင်းစာဖတ်နေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။ မော့ကြည့်လိုက်တော့ ညွှန်ကြားရေးမှူး လီ ရပ်နေသည်ကို တွေ့လိုက်ရသည်။ စုရှီ သတင်းစာကို ချပြီး မတ်တတ်ရပ်ကာ ဘာကိစ္စရှိလဲဟု မေးမလို့ လုပ်နေစဉ် ညွှန်ကြားရေးမှူး လီက သူမကို လက်ဝှေ့ယမ်းပြလိုက်သည်။
"ဒေါက်တာ စုရှီ၊ ကျွန်တော့်ရုံးခန်းကို ခဏလောက် လာခဲ့ပါ"
ပြောပြီးသည်နှင့် သူ လှည့်ထွက်ပြီး ဖြည်းဖြည်းချင်း လျှောက်သွားသည်။
စုရှီ တုံ့ဆိုင်းမနေဘဲ ချက်ချင်း သူ့နောက်သို့ လိုက်သွားသည်။ ရုံးခန်းထဲ ရောက်သောအခါ အစ်ကိုအကြီးဆုံးလည်း ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူမ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီးဖြစ်သော ညွှန်ကြားရေးမှူး လီကို တစ်ချက်ကြည့်လိုက်ပြီး သူ ဖိတ်ခေါ်သည်ကို မစောင့်ဘဲ စုရှီ လျှောက်သွားကာ စုတုန်ဘေးတွင် ဝင်ထိုင်လိုက်သည်။
အလုပ်နှင့်ပတ်သက်လျှင် ညွှန်ကြားရေးမှူး လီက ပွင့်လင်းသောသူဖြစ်ပြီး စကားကို ဝေ့ဝိုက်ပြောရသည်ကို မကြိုက်ပေ။ စုရှီ ထိုင်လိုက်သည်နှင့် သူ စပြောလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်လုံးကို ဒီနေ့ ခေါ်လိုက်ရတဲ့ အကြောင်းရင်းကတော့ အထက်ကနေ ကျွန်တော်တို့ဆီကို တာဝန်တစ်ခု ပေးအပ်လိုက်လို့ပါ။ ဒီမစ်ရှင်က အန္တရာယ်များပြီး စွန့်စားရမယ့် အနေအထားရှိလို့ တပ်ဖွဲ့နဲ့အတူ လိုက်ပါဖို့ တိုက်ပွဲဝင် ဆရာဝန်တစ်ယောက် လိုအပ်ပါတယ်"
ဒီနေရာတွင် ညွှန်ကြားရေးမှူး လီက မျက်နှာအမူအရာ လုံးဝ မပြောင်းလဲသော စုရှီကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ဆိုလိုတာက စုတုန်ကို စေလွှတ်ဖို့ စဉ်းစားထားတာပါ။ အမျိုးသမီးမို့လို့ ခွဲခြားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အမျိုးသားတွေက ကာယခွန်အားဘက်မှာ အားသာချက် ရှိကြတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ဆုံးဖြတ်ဖို့က ခင်ဗျားတို့ နှစ်ယောက်အပေါ်မှာပဲ မူတည်ပါတယ်"
သူတို့၏ ခေါင်းဆောင်အနေဖြင့် ညွှန်ကြားရေးမှူး လီတွင် တာဝန်ကို တိုက်ရိုက် ပေးအပ်ပိုင်ခွင့်ရှိသော်လည်း သူက စုရှီနှင့် သူမ၏ အစ်ကိုကို ဆုံးဖြတ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ဒါကို ကြားသောအခါ စုရှီက အစ်ကိုအကြီးဆုံးကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။ အထူးတပ်ဖွဲ့မှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် သူတို့သည် တိုက်ခိုက်ရေး တပ်ဖွဲ့များနှင့်အတူ ရှေ့တန်းသို့ နောက်ဆုံးတွင် စေလွှတ်ခံရမည်ကို စုရှီ အမြဲ သိထားခဲ့သည်။ ပထမဆုံး မစ်ရှင်က ဒီလောက် မြန်မြန် ရောက်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ရုံသာ။
စကားပြောတော့မည့်ဟန် ပြင်နေသော အစ်ကိုအကြီးဆုံးကို စုရှီ တွေဝေမနေဘဲ လက်ဖြင့် ဖိထားလိုက်ပြီး ညွှန်ကြားရေးမှူး လီကို ပြတ်သားစွာ ကြည့်လိုက်သည်။
"ညွှန်ကြားရေးမှူး၊ ကျွန်မ သွားပါ့မယ်"
စုရှီ၏ တိုက်ခိုက်ရေးစွမ်းရည်က စုတုန်ထက် အများကြီး သာလွန်ပြီး သူမက ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ကာကွယ်နိုင်စွမ်း ရှိသည်။
ညွှန်ကြားရေးမှူး လီက သက်ပြင်းအသာချလိုက်သည်။ "တကယ်တော့ ဗိုလ်ချုပ်က ခင်ဗျားကို အထူးတလည် ရွေးချယ်လိုက်တယ်လို့ ကျွန်တော့်ကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ခင်ဗျားက ငယ်သေးတဲ့အပြင် အမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့အတွက် နောက်တန်းမှာပဲ နေသင့်တယ်လို့ ကျွန်တော် အမြဲ တွေးခဲ့တာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်ရဲ့ အမိန့်ကတော့ ဗိုလ်ချုပ်ရဲ့ အမိန့်ပါပဲ"
ရှဲ့ကျန်း ဦးဆောင်သော တပ်ဖွဲ့သည် အလွန်အရေးကြီးပြီး ဗိုလ်ချုပ်၏ ကွပ်ကဲမှုအောက်တွင် တိုက်ရိုက်ရှိနေသဖြင့် တာဝန်အမိန့်များသည် ဗိုလ်ချုပ်ထံမှ တိုက်ရိုက် ရောက်လာခြင်း ဖြစ်သည်။
ဗိုလ်ချုပ်က သူမကို အထူးတလည် တောင်းဆိုခဲ့သည်ကို စုရှီ မအံ့သြမိပေ။ ဟုန့်ကျွင်း ကျွန်းပေါ်မှ သူမ၏ အောင်မြင်မှုများကြောင့် သာမက သူမ စရောက်တုန်းက စစ်သားများနှင့် ယှဉ်ပြိုင်ခဲ့ခြင်းက အထက်လူကြီးများ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
ဘယ်လို အကြောင်းပြချက်ကြောင့်ပဲ ဖြစ်ပါစေ စုရှီသည် ညွှန်ကြားရေးမှူး လီကို ကျေးဇူးတင်မိသည်။
သူက ဗိုလ်ချုပ်၏ အမိန့်အကြောင်း ပြောလိုက်ပြီး စုရှီ၏ မျက်နှာအမူအရာ မပြောင်းလဲသည်ကို မြင်သောအခါ နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေကြောင်း သူ နားလည်လိုက်သည်။ သို့သော် သူ ဆက်မမေးတော့ပေ။
"ဗိုလ်ချုပ်ရုံးခန်းကို ခေါ်သွားဖို့ ကားလာကြိုပါလိမ့်မယ်။ မစ်ရှင်ရဲ့ အသေးစိတ် အချက်အလက်တွေကို အဲဒီမှာ ရှင်းပြပါလိမ့်မယ်။ ကဲ... သွားပြီး ပြင်ဆင်ကြပါတော့"
ညွှန်ကြားရေးမှူး လီ၏ ရုံးခန်းမှ ထွက်လာပြီးနောက် စုတုန်သည် ညီမဖြစ်သူကို စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သို့သော် သူမက ရှေ့တန်း အထူးတပ်ဖွဲ့တွင် စစ်ဘက်ဆရာဝန် ဖြစ်လာရန် ရွေးချယ်လိုက်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးသားမို့ သူ ဘာမှမပြောတော့ပေ။
စုရှီက အရင် စပြောလိုက်သည်။ "အစ်ကိုကြီး စိတ်မပူပါနဲ့။ ညီမက ရှေ့တန်းမှာ နေရမှာမှ မဟုတ်တာ။ ညီမ နေရမယ့်နေရာက အတော်လေး ဘေးကင်းပါတယ်။ ပုံမှန်မဟုတ်တဲ့ ကိစ္စတစ်ခုခု ဖြစ်လာရင်တောင် ညီမကို ဘယ်သူကများ ထိခိုက်အောင် လုပ်နိုင်မယ်လို့ ထင်နေတာလဲ"
ကြီးမားသော ခွန်အားကြောင့် သူမ လုပ်ဆောင်နိုင်ခဲ့သော ထူးခြားသည့် စွမ်းဆောင်ရည်များကို တွေးမိပြီး စုတုန်ပြုံးလိုက်မိသည်။ သူက သူမ၏ ခေါင်းကို ပုတ်ပြီး နူးညံ့သော အသံဖြင့် ပြောလိုက်သည်။"ဘယ်လိုပဲဖြစ်ဖြစ် ပေါ့ပေါ့ဆဆ မနေနဲ့နော်"
"ညီမ သိပါတယ်"သူမ ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်သည်။