အခန်း (၁၂၇-၁၂၈)
Vol. 11 Ch. 127-128
အပိုင်း ၁၂၇
ဗိုလ်ချုပ်ရုံးခန်းမှ ကားက အမြန် ရောက်လာခဲ့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် စုရှီသည် ဂျစ်ကားပေါ်တွင် ထိုင်လိုက်ပြီး ၁၀ မိနစ်ခန့် မောင်းနှင်ပြီးနောက် သူတို့၏ ဦးတည်ရာသို့ ရောက်ရှိသွားသည်။
ကားပေါ်မှ ဆင်းပြီးနောက် စစ်သားငယ်တစ်ဦးက စုရှီကို ဒုတိယထပ်ရှိ ရုံးခန်းတစ်ခုသို့ လိုက်ပို့ပေးသည်။
သူတို့ တံခါးကို ခေါက်လိုက်ရာ အတွင်းမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဝင်ခဲ့ပါ"
စုရှီ တံခါးကို တွန်းဖွင့်လိုက်သည်။
သူမ အံ့သြသွားသည်မှာ ရှဲ့ကျန်း ရုံးခန်းထဲတွင် ရှိနေခြင်းပင်။
စုရှီ၏ မျက်လုံးများ တစ်ခဏမျှ လှုပ်ရှားသွားပြီးနောက် စားပွဲခုံနောက်တွင် ထိုင်နေသော အသက် ၅၀ အရွယ် အမျိုးသားကို ချက်ချင်း အလေးပြုလိုက်သည်။
"ဗိုလ်ချုပ်။ ဆေးဘက်ဆိုင်ရာ အရာရှိ စုရှီ သတင်းပို့ပါတယ်"
"ဆေးဘက်ဆိုင်ရာ အရာရှိ စုရှီ ဟုတ်လား။ လာပါ... ထိုင်ပါ"
ကျူး အမည်ရသော ဗိုလ်ချုပ်သည် စုရှီကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ဆေးခန်းမှ နာမည်ကြီး ဆရာဝန် စုရှီ အကြောင်း သူ အများကြီး ကြားဖူးထားပြီး သူမ၏ ဂုဏ်သတင်းကြောင့် အလွန် သဘောကျနေခဲ့သည်။
နောက်ပိုင်းတွင် သူ ကိုယ်တိုင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သူမသည် ထူးကဲစွာ အရည်အချင်းရှိသော စစ်သားတစ်ဦး ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူမ၏ စွမ်းရည်များသည် ဆေးပညာတွင်သာ ကန့်သတ်မနေဘဲ တိုက်ခိုက်ရေးတွင်လည်း သူတို့ ဂရုတစိုက် ပျိုးထောင်ထားသော သင်တန်းသားများထဲမှ တစ်ယောက်မှ သူမကို မယှဉ်နိုင်ပေ။
သို့သော် သူမ၏ ရုပ်ရည်သွင်ပြင်က အနည်းငယ် အံ့သြစရာ ကောင်းနေသည်။ သူမက အလွန် နုနယ်ပြီး အားနည်းမည့်ပုံ ပေါက်နေသည်။
အမှားအယွင်း တစ်ခုခုများ ရှိနေသလားဟု ဗိုလ်ချုပ် ကျူး သံသယဝင်စပြုလာချိန်တွင် ယခုအချိန်ထိ တိတ်ဆိတ်နေသော ရှဲ့ကျန်းက စကားပြောလာသည်။
"ဗိုလ်ချုပ်..."
သို့သော် ထိုစကားနှစ်လုံး ပြောပြီးနောက် ရှဲ့ကျန်း ဘာဆက်ပြောရမည်ကို မသိတော့ပေ။
မစ်ရှင်က ဆရာဝန် မလိုအပ်ဘူးလို့ သူပြောရမလား။ မဟုတ်ဘူး... လိုအပ်တယ်။
သူ့မိန်းမကို ခေါ်မသွားနိုင်ဘူးလို့ ပြောရမလား။ မဟုတ်ဘူး... သူမက အကောင်းဆုံး ရွေးချယ်မှုပဲ။
သို့သော် သူမ၏ ခင်ပွန်းအနေဖြင့် သူတို့ထဲမှ ဘယ်သူ့ထက်မှ သူမ မညံ့ကြောင်း ကောင်းကောင်း သိထားသော်လည်း စိတ်မပူဘဲ မနေနိုင်ပေ။
"ရှဲ့ကျန်း၊ မင်း မင်းမိန်းမအတွက် စိတ်ပူနေတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မင်း နားလည်ရမှာက ရဲဘော် စုရှီ ဟာ ပထမဦးဆုံးအနေနဲ့ ထူးချွန်တဲ့ စစ်သားတစ်ယောက် ဖြစ်တယ်ဆိုတာပဲ။ အဖွဲ့အစည်းက သူ့ကို လိုအပ်တယ်"
ရှဲ့ကျန်း ဘာကြောင့် စိုးရိမ်ပူပန်နေသည်ကို ဗိုလ်ချုပ် ကျူး နားလည်သလို ထိုသည်က သဘာဝကျပါ၏။
သို့သော် စုရှီက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ ဤမစ်ရှင်အတွက် လိုအပ်ချက်များက စစ်ဘက်ဆရာဝန်များအတွက် အလွန်မြင့်မားသည်။ စုရှီ၏ အရည်အချင်းများနှင့် ပြည့်မီသူ နောက်တစ်ယောက် ရှာဖွေရန် ခက်ခဲလိမ့်မည် ဖြစ်ပြီး ရှာတွေ့ခဲ့လျှင်တောင် ထိုလူသည် စုရှီကဲ့သို့ နိုင်ငံအပေါ် သစ္စာရှိမှု အဆင့်အတန်း တူညီချင်မှ တူညီပေလိမ့်မည်။
ဒါကြောင့် သူမပဲ ဖြစ်ရမည်။ သူမကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပေ။
ရှဲ့ကျန်း၏ မျက်လုံးများက စူးရှနေပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားကာ ကြွက်သားများက ပေါက်ကွဲလုမတတ် တင်းမာနေသည်။ သူက ဒေါသတကြီး ထပေါက်ကွဲမှာ မဟုတ်။ သူက သူ့ကိုယ်သူ ယုံကြည်မှုရှိလာအောင် ကြိုးစားနေခြင်း ဖြစ်သည်။
ထိုအချိန်တွင် သူ့ဒူးပေါ်၌ တင်းတင်းဆုပ်ကိုင်ထားသော သူ့လက်ကို နူးညံ့သော လက်တစ်ဖက်က လာရောက်အုပ်ကိုင်လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူက အလိုအလျောက် ပြန်ဆုပ်ကိုင်လိုက်ပြီးမှ သူ့လက်ဖဝါးထဲမှ နူးညံ့မှုက ဘာလဲဆိုတာ သတိထားမိသွားသည်။
သူ့ဘေးတွင် ထိုင်နေသော ဇနီးသည်ကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက သူ့ကို နူးညံ့စွာ ကြည့်နေသည်။ သူ့ခန္ဓာကိုယ်မှ တင်းမာမှုများ တဖြည်းဖြည်း လျော့ကျသွားသည်။
အထူးတပ်ဖွဲ့အတွက် ဆရာဝန်ဖြစ်ရခြင်း၏ အန္တရာယ်ကို အသိအမှတ်ပြုသော်လည်း စွန့်စားရမှုက သိပ်မမြင့်မားပေ။ ထို့ကြောင့် သူက အစ်ကိုအကြီးဆုံးနှင့်အတူ ပြောင်းရွှေ့ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ဤမစ်ရှင်နှင့်ကျတော့ သူ၏ ကန့်ကွက်မှုက ယခင်ကထက် ပိုပြင်းထန်နေသည်။ ဒါက အဓိပ္ပာယ်တစ်ခုတည်းကိုသာ ဆောင်သည်၊ မစ်ရှင်က အလွန် ခက်ခဲသည်။ နောက်တန်းတွင် နေရသလောက် ရိုးရှင်းမည် မဟုတ်သည်က သေချာသည်။
မလွဲမသွေပင် ဗိုလ်ချုပ် ကျူး၏ နောက်ထပ်စကားများက စုရှီ၏ သံသယကို အတည်ပြုပေးလိုက်သည်။
မစ်ရှင်က အန္တရာယ်အများဆုံး ရှေးဦးသစ်တောထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ရမည် ဖြစ်သည်။ လွန်ခဲ့သည့်လဝက်ခန့်က K ခရိုင်ရှိ သူလျှိုစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီး ခေါင်းဆောင်ငယ်တစ်ဦးက ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
သူတို့၏ တပ်ဖွဲ့များက သူ့ကို နေ့တစ်ဝက်ခန့် ခြေရာခံခဲ့ပြီး နောက်ဆုံးတွင် သူက သစ်တောထဲသို့ လှည့်မကြည့်ဘဲ ဝင်ရောက်သွားသည်ကို တွေ့မြင်ခဲ့ရသည်။
သူ သစ်တောထဲတွင် သေဆုံးသွားလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ဖမ်းဆီးရမိသူများကို စစ်ဆေးမေးမြန်းရာမှ အခြားအရာတစ်ခုကို တွေ့ရှိခဲ့ကြသည်။ သစ်တောနက်ထဲတွင် မတ်စောက်ပြီး မြင့်မားသော ချောက်ကမ်းပါးတစ်ခု ရှိသည်။ ထိုကောင်စုတ်များက ဆယ်နှစ်ခန့် တူးဖော်ပြီးနောက် ချောက်ကမ်းပါးထိပ်နားရှိ နေရာကို ယာယီအခြေစိုက်စခန်းအဖြစ် တည်ဆောက်ထားခဲ့ကြသည်။
အဲဒီမှာ အနည်းဆုံး လူ သုံးရာလောက် စခန်းချထားတယ်လို့ သတင်းရရှိထားသည်။
နှစ်ပေါင်းများစွာ ကြာပြီးမှ ဒါကို တွေ့ရှိရတာက အလွန် အရှက်ရစရာ ကောင်းလှသည်။
အထက်လူကြီးများက ချက်ချင်းပင် စစ်တပ်ကို စေလွှတ်၍ ဝိုင်းရံပိတ်ဆို့ပြီး ချေမှုန်းရန် အမိန့်ပေးခဲ့သည်။ အောင်ပွဲရရှိရန် သေချာစေဖို့အတွက် တပ်ခွဲ လေးခု၊ လူအင်အား ငါးရာနီးပါးကို စေလွှတ်ခဲ့သည်။
သို့သော် စစ်သားအများစု ကျဆုံးခဲ့ရပြီး ရန်သူ့စခန်းအနီးသို့ပင် ကပ်နိုင်ခြင်း မရှိခဲ့ပေ။ ဗိုလ်ချုပ် ကျူးသည် စားပွဲကို လက်သီးဖြင့် ထုလိုက်သည်။ ကျဆုံးသွားသော ရဲဘော်များအတွက် ဝမ်းနည်းပူဆွေးမှုနှင့် မိမိတို့ မြေပေါ်တွင် မောက်မာဝင့်ကြွားစွာ နေထိုင်နေသော သူလျှိုများကို ဒေါသထွက်မှုများက သူ့မျက်နှာပေါ်တွင် ပြည့်နှက်နေသည်။
ထိုကောင်စုတ်တစ်သိုက်က မြေပြင်အနေအထား အားသာချက်ကို မှီခိုနေကြတာပဲ။
အခြေစိုက်စခန်းက မီတာတစ်ထောင်မြင့်သော ချောက်ကမ်းပါးနှင့် ကပ်လျက် တည်ရှိပြီး သာမန်လူများ ဘယ်တော့မှ မရောက်နိုင်သော နေရာမျိုး ဖြစ်သည်။
တိုက်လေယာဉ်များ အသုံးပြုချင်လျှင်တောင် အသံကြောင့် ရန်သူများ သတိထားမိသွားပြီး အဝေးမှ တိုက်ခိုက်ခံရနိုင်သည်။ ထို့အပြင် မဖြစ်မနေ အခြေအနေမျိုး မဟုတ်လျှင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခြင်းကို မပြုလုပ်လိုကြပေ။ အထက်လူကြီးများက ရန်သူထံမှ ပိုတန်ဖိုးရှိသော ထောက်လှမ်းရေးသတင်းများကို ရယူနိုင်ရန် အရှင်ဖမ်းဆီးလိုကြသည်။
ရန်သူက ထိုနေရာတွင် အခိုင်အမာ တပ်စွဲထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သဖြင့် အရေးကြီးသော စာရွက်စာတမ်းများနှင့် လျှို့ဝှက်သတင်းအချက်အလက်များစွာ ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့် ရန်သူ မသိလိုက်စေဘဲ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်သည်။
ရှေးဦးသစ်တော၏ အရှေ့ဘက်မှ ဝင်ရောက်ခြင်းက လုံးဝ ရွေးချယ်စရာ မဟုတ်ပေ။ ကြိုးပမ်းမှုများစွာ မအောင်မြင်ခဲ့ဘဲ ရဲရင့်သော စစ်သားများစွာ ဆုံးရှုံးခဲ့ရသည်။ ကျန်ရှိသော တစ်ခုတည်းသော ရွေးချယ်စရာမှာ အနောက်ဘက်မှ ချောက်ကမ်းပါးကို တက်ရောက်ခြင်း ဖြစ်သည်။ သတိမထားမိစေရန် အကောင်းဆုံး နည်းလမ်းမှာ မည်သည့် ကိရိယာမှ မပါဘဲ တတ်နိုင်သမျှ တိတ်တဆိတ် တက်ရောက်ခြင်း ဖြစ်သည်။
ထိုမစ်ရှင်ကို ကိုင်တွယ်နိုင်သော တစ်ခုတည်းသော အထူးတပ်ဖွဲ့မှာ ရှဲ့ကျန်း လက်အောက်ရှိ အင်အားအကြီးဆုံး တပ်ဖွဲ့သာ ဖြစ်သည်။
စုရှီသည် ဗိုလ်ချုပ် ကျူး၏ ရှင်းပြချက်ကို ကြားပြီးနောက် မစ်ရှင် မည်မျှ ခက်ခဲကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
ပထမအချက်၊ အားလုံးက မည်သည့် ကိရိယာမှ မပါဘဲ မီတာတစ်ထောင်ကျော် မြင့်မားမတ်စောက်သော ချောက်ကမ်းပါးများကို တက်ရမည်။ ဒုတိယအချက်၊ လူအများကြီး ခေါ်သွား၍ မရ၊ လူများလေလေ အာရုံစိုက်ခံရနိုင်လေလေပင်။ အများဆုံး လူ ငါးဆယ်ခန့်သာ ခေါ်သွားနိုင်သည်။
အရေးကြီးဆုံးအချက်မှာ ထိုလူ ငါးဆယ်သည် ရန်သူ သုံးရာကျော် သို့မဟုတ် ထိုထက်မက ရန်သူများကို ထိန်းချုပ်ရမည့်အပြင် ထိုအခြေအနေကြားတွင် လျှို့ဝှက်စာရွက်စာတမ်းများကိုလည်း ကာကွယ်ရမည် ဖြစ်သည်။
ဒါက မဖြစ်နိုင်သော မစ်ရှင်တစ်ခုလိုပဲဟု သူမ ကိုယ့်ဘာသာ တွေးမိသည်။
စုရှီ၏ လေးလံသော မျက်နှာအမူအရာကို မြင်သောကြောင့် ဖြစ်နိုင်ပြီး ဗိုလ်ချုပ် ကျူးက ဆက်ပြောခဲ့သည်။
"ဒါပေါ့။ အကုန်လုံးကို အရှင်ဖမ်းစရာ မလိုပါဘူး။ ခေါင်းဆောင်တွေကို ဖမ်းမိရင်ပဲ လုံလောက်ပါပြီ"
စုရှီ - ...
ထိုကဲ့သို့သော မစ်ရှင်မျိုးတွင် တစ်ခါမှ မပါဝင်ဖူးသဖြင့် စုရှီက ဒါက အလွန်ခက်ခဲသော တာဝန်တစ်ခု ဖြစ်နေဆဲပင်ဟု တွေးမိသည်။
ဒါပေမဲ့... "ဗိုလ်ချုပ် ကျူး၊ မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါ"
"မေးပါ"
"ဒီလူတွေကို လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက တွေ့ရှိခဲ့တာဆိုရင် သူတို့က အခုထိ ဘာလို့ မဆုတ်ခွာကြသေးတာလဲ"
ဗိုလ်ချုပ် ကျူးက သဘောထားကြီးစွာ ရှင်းပြခဲ့သည်။ "သူတို့က မထွက်ခွာချင်လို့ မဟုတ်ဘူး။ သူတို့ ထွက်ခွာလို့ မရတာ။ ထွက်ပေါက်အားလုံးကို ငါတို့တပ်ဖွဲ့တွေက ပိတ်ဆို့ထားပြီးပြီ။ သူတို့ မပျံသန်းနိုင်သရွေ့တော့ ပိတ်မိနေမှာပဲ"
ပျံသန်းခြင်းက မဖြစ်နိုင်ပေ။ သူတို့မှာ လေယာဉ်များ ရှိနေခဲ့လျှင် မတွေ့ရှိရဘဲ ဆယ်စုနှစ်တစ်ခုကျော် ပုန်းအောင်းနေနိုင်ခဲ့မည် မဟုတ်ပေ။
စုရှီ မေးလိုက်သည်။ "ဒါဆိုရင်... လျှို့ဝှက်စာရွက်စာတမ်းတွေ မပျက်စီးသေးဘူးဆိုတာ ဘယ်လိုလုပ် သေချာနိုင်မှာလဲ"
ဗိုလ်ချုပ် ကျူး ပြန်ဖြေသည်။ "ငါ မသေချာဘူး။ ဒါက ယူဆချက်တစ်ခုပဲ။ စာရွက်စာတမ်းတွေ အကောင်းအတိုင်း ရှိနေသေးဖို့ ငါတို့အားလုံး မျှော်လင့်ကြတာပေါ့"
ဒါကို ကြားတော့ စုရှီ နားလည်သွားပြီး ဆက်မမေးတော့ပေ။
သို့သော် ဗိုလ်ချုပ် ကျူးသည် လက်နှစ်ဖက်ကို ယှက်ပြီး စားပွဲပေါ်တင်လိုက်ကာ မျက်နှာက တည်ကြည်လေးနက်နေသည်။
"ရဲဘော် စုရှီ ငါ့မှာ မင်းဖြေပေးရမယ့် မေးခွန်းတချို့ ရှိနေတယ်"
စုရှီ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ကိုယ်ဟန်အနေအထား မတ်မတ်ထားကာ လက်များကို ဘောင်းဘီချုပ်ရိုးနားတွင် ကပ်ထားပြီး ( လက်ကိုဆန့်တန်းနေအောင် သတိအနေအထားနဲ့ကပ်ထားတာကို ပြောချင်တာပါ) ပြတ်သားသော အကြည့်ဖြင့် ပြောလိုက်သည်။
"ဗိုလ်ချုပ်၊ မေးပါ"
"ထိုင်ပါ... ထိုင်ပါ... ဒီလောက်ကြီး ရိုသေနေစရာ မလိုပါဘူး"
"နားလည်ပါပြီ"
စုရှီ ထိုင်လိုက်ပြီးနောက် ဗိုလ်ချုပ် ကျူးက ထပ်ပြောသည်။ "မင်းက အတော်လေး သန်မာတယ်လို့ ကြားတယ်။ အုတ်ခဲတွေကို လက်ဗလာနဲ့ ချေမွနိုင်တယ်ဆို"
စုရှီ ဖြေလိုက်သည်။ "... ဟုတ်ကဲ့ပါ"
"ဒါဆို ငါ့ကို ပြပါဦး"
ဗိုလ်ချုပ် ကျူးသည် ငုံ့ပြီး စားပွဲအောက်မှ အုတ်ခဲတစ်လုံးကို ယူကာ စားပွဲပေါ်တင်ပြီး စုရှီကို ထိုနေရာမှာပင် သရုပ်ပြရန် အချက်ပြလိုက်သည်။
စုရှီ - ...
ရှဲ့ကျန်း - ...
သူတို့၏ မျက်နှာပေါ်မှ အဆင်မပြေသော အမူအရာများကို မြင်လိုက်ရသောကြောင့် ဖြစ်နိုင်ကာ ဗိုလ်ချုပ် ကျူးက လည်ချောင်းရှင်းပြီး တည်ငြိမ်သော မျက်နှာထားကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
"ငါက ဒါကို လက်တွေ့ အတည်ပြုဖို့ လိုအပ်လို့ပါ။ ဘာပဲဖြစ်ဖြစ် ဒီမစ်ရှင်က အရမ်း အန္တရာယ်များတယ်လေ..."
စုရှီ ချက်ချင်း နားလည်လိုက်သည်။ နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ သူမ အုတ်ခဲကို ကောက်ကိုင်လိုက်သည်။ သို့သော် သူမ၏ လက်များက သေးငယ်သဖြင့် အုတ်ခဲတစ်လုံးလုံးကို တစ်ခါတည်း ချေမွ၍ မရနိုင်ပေ။
ဗိုလ်ချုပ် ကျူး ကြည့်နေစဉ်မှာပင် သူမ အုတ်ခဲကို ညင်သာစွာ လိမ်ချလိုက်ပြီး သူမ၏ လက်သီးဆုပ်အရွယ်အစားခန့် အပိုင်းအစတစ်ခုကို ဖဲ့ယူလိုက်သည်။ သူမ လက်ချောင်းများကို စုစည်းလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မာကျောသော အုတ်ခဲသည် သူမ၏ လက်ဖဝါးထဲတွင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူမ လက်ကို ဖြန့်လိုက်ရာ စိမ်းဖန့်ဖန့် အမှုန့်များက စားပွဲပေါ်သို့ ကျဆင်းသွားခဲ့သည်။
ဗိုလ်ချုပ် ကျူး မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ "... ဒါက အမှန်ပဲဆိုတော့၊ မင်းရဲ့ အာရုံခံနိုင်စွမ်း မြင့်မားတယ်ဆိုတာကရော အမှန်ပဲပေါ့ ဟုတ်လား"
စုရှီ ခေါင်းညိတ်လိုက်သည်။ ဒါကို ဟုန့်ကျွင်းကျွန်းမှာကတည်းက သိခဲ့ကြပြီး ဗိုလ်မှူးကြီး ကျန်းလည်း သိထားသည်။ စစ်သားအများစုကလည်း ကောလဟာလများ ကြားဖူးကြသော်လည်း သူမ ဘယ်တုန်းကမှ တမင်ဖုံးကွယ်မထားခဲ့ပေ။ ပြောရလျှင် ကမ္ဘာပေါ်တွင် အာရုံခံနိုင်စွမ်း ကောင်းမွန်သူ သူမတစ်ယောက်တည်း ရှိသည်မှ မဟုတ်ဘဲ။
ဗိုလ်ချုပ် ကျူး၏ မျက်နှာပေါ်တွင် အပြုံးရိပ်လေးတစ်ခု ပေါ်လာပြီး သူ အနည်းငယ် ပို၍စိတ်ပေါ့ပါးသွားပုံရသည်။
"မင်းမှာ ဒီလို ထက်မြက်တဲ့ အာရုံခံနိုင်စွမ်းတွေ ရှိမှန်း ငါသိလို့ ဒီမစ်ရှင်မှာ မင်းကို ပါဝင်စေချင်ခဲ့တာ။ မင်းရဲ့ အဓိကတာဝန်က စစ်သားတစ်ယောက်အနေနဲ့၊ ပြီးမှ ဆရာဝန်အနေနဲ့ပဲ"
အခြေအနေက အရေးပေါ်ဖြစ်နေသည်။ အဖွဲ့က မြန်မြန်ထွက်ခွာနိုင်လေ ပိုကောင်းလေပင်။
ဗိုလ်ချုပ်ကျူးသည် ထိုအချိန်တွင် ကိစ္စအားလုံးကို အသေးစိတ် မရှင်းပြနိုင်တော့ပေ။ စုရှီသည် သူမပြောခဲ့သကဲ့သို့ အမှန်တကယ်ပင် စွမ်းဆောင်ရည်ရှိကြောင်း အတည်ပြုပြီးသည်နှင့် သူသည် စာရွက်စာတမ်းတစ်ထပ်ကို ရှဲ့ကျန်းအား ကမ်းပေးပြီး လေးနက်စွာ ပြောလိုက်သည်။
"ရှဲ့ကျန်း၊ လေယာဉ်က ပြေးလမ်းပေါ်မှာ စောင့်နေတယ်။ နာရီဝက်အတွင်း လက်နက်တပ်ဆင်ပြီး ထွက်ခွာဖို့ အသင့်ပြင်ထားဖို့ မင်းကို အမိန့်ပေးတယ်"
ရှဲ့ကျန်းက ပြန်လည်ဖြေကြားလိုက်သည်။"ဟုတ်ကဲ့ပါ ဆရာ"
ရှဲ့ကျန်း၏ လေးနက်သော မျက်နှာထားကို ကြည့်ရင်း ဗိုလ်ချုပ် ကျူးသည် ထပ်မပြောဘဲ မနေနိုင်တော့ပေ။
"ဒါက မင်းတို့တပ်ရင်း ဖွဲ့စည်းပြီးကတည်းက ပထမဆုံး မစ်ရှင်ပဲ။ မင်းတို့က တိုင်းပြည်ရဲ့ အထူးချွန်ဆုံး တပ်ဖွဲ့တွေကို ကိုယ်စားပြုတာ။ ပထမဆုံး အောင်ပွဲကို ပြောင်ပြောင်မြောက်မြောက် အရယူလာပေးမယ်လို့ ငါမျှော်လင့်တယ်"
ရှဲ့ကျန်းက ပြတ်သားစွာဖြင့် အလေးပြုလိုက်ပြီး သန်မာသော အသံဖြင့် ပြောလိုက်သည်။ "ကျွန်တော်တို့ မစ်ရှင်ကို မဖြစ်မနေ အောင်မြင်အောင် လုပ်ဆောင်ပါ့မယ်"
ဗိုလ်ချုပ် ကျူး၏ အစောပိုင်း အကျဉ်းချုံး ရှင်းပြချက်အရ ရှဲ့ကျန်းသည် မစ်ရှင်အကြောင်း အတော်အတန် နားလည်သဘောပေါက်ပြီး ဖြစ်သည်။ စုရှီအတွက် အလွန်ခက်ခဲသော တာဝန်ဟု ထင်ရသော်လည်း သူ့အမြင်တွင်မူ ၎င်းသည် ပုံမှန် စစ်ဆင်ရေးတစ်ခုသာ ဖြစ်သည်။ ပြောရလျှင် သူသည် ထိုထက်ပို၍ အန္တရာယ်များသော မစ်ရှင်များစွာတွင် ပါဝင်ခဲ့ဖူးသည်။
စစ်သားများသည် တိုက်ပွဲကို ဘယ်တော့မှ မကြောက်ပေ။ သူ၏ စောစောက တွန့်ဆုတ်နေမှုသည် ဇနီးသည်၏ ဘေးကင်းလုံခြုံရေးကို စိုးရိမ်သောကြောင့်သာ ဖြစ်သည်။
ယခု ဗိုလ်ချုပ် ကျူးက သူမကို လိုက်ပါသွားရန် အမိန့်ပေးလိုက်ပြီ ဖြစ်သဖြင့် စစ်သားတစ်ယောက်အနေဖြင့် သူ နာခံရပေမည်။ ဤမစ်ရှင်တွင် ဇနီးသည် လိုက်ပါလာခြင်းက သူတို့၏ အောင်မြင်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်းလည်း သူ နားလည်လိုက်သည်။
K ခရိုင်ရှိ ရှေးဦးသစ်တောသည် J မြို့နှင့် အလွန်ဝေးကွာသည်။ ရှဲ့ကျန်းသည် သူအပါအဝင် ညဘက်အမြင်အာရုံ အကောင်းဆုံး စစ်သား အယောက် ၅၀ကို ရွေးချယ်ခဲ့ပြီး စုရှီနှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၅၁ ယောက် ဖြစ်သည်။ သုံးနာရီကြာ ပျံသန်းပြီးနောက် သူတို့၏ ဦးတည်ရာအနီးသို့ ရောက်ရှိလာကြသည်။
ရန်သူများ သတိမထားမိစေရန် လူတိုင်းအား ပစ်မှတ်နှင့် မိုင်တစ်ရာခန့်အကွာတွင် လေယာဉ်ပေါ်မှ ချပေးလိုက်သည်။ ထို့နောက် သူတို့အား စောင့်ဆိုင်းနေသည့် စစ်ဘက်ထရပ်ကားများပေါ်သို့ တက်လိုက်ကြသည်။ လမ်းခရီးတွင် ရှဲ့ကျန်းက မစ်ရှင်အကြောင်း လူတိုင်းကို သေချာ ရှင်းပြလိုက်သည်။
နောက်ထပ် တစ်နာရီခန့် ခရီးနှင်ပြီးနောက် ရှေ့ဆက်သွားရန် လမ်းမရှိတော့သည့် နေရာတစ်ခုတွင် ထရပ်ကား ရပ်တန့်သွားသည်။ ထိုအချိန်တွင် မွန်းလွဲ တစ်နာရီခန့် ရှိနေပြီဖြစ်သည်။
စုရှီသည် ရှဲ့ကျန်း၏ ဘေးတွင် ရပ်လျက် ကျောက်တုံးများဖြင့် စုပုံထားသော ခပ်တိမ်တိမ် ကျင်းများကို ကြည့်လိုက်သည်။ အချို့ကျင်းများတွင် ဖြူဖွေးနေသော အရိုးများကို တွေ့ရသည်။ သူမ မော့ကြည့်လိုက်သောအခါ ရှေ့ရှိ မတ်စောက်သော ချောက်ကမ်းပါး၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသဖြင့် သူတို့ ဦးတည်ရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်သည်။
သို့သော် တောင်ထိပ်သည် သူမ ထင်ထားသည်ထက် ပိုမြင့်မားနေသည်။ မမြင်ဖူးခင်က ၎င်း၏ အမြင့်ကို အမှန်တကယ် မခန့်မှန်းနိုင်ခဲ့ပေ။
သို့သော် မြင့်မားသော ချောက်ကမ်းပါး၏ ခြေရင်းတွင် ရပ်လိုက်သောအခါ မီတာတစ်ထောင်သည် မည်မျှ မြင့်မားကြောင်း သူတို့ အမှန်တကယ် ခံစားမိလိုက်ကြသည်။
တိမ်များကို ထိုးဖောက်တော့မည့်အလား မြင့်မားသော တောင်ထိပ်ကို မော့ကြည့်ရင်း စုရှီ စိုးရိမ်တကြီး တံတွေးမြိုချလိုက်မိသည်။ ဒါက သူမ ခန့်မှန်းထားသည်ထက် ပို၍ အန္တရာယ်များလှသည်။
သို့သော် စစ်သားများထဲမှ ဘယ်သူမှ စကားမပြောကြပေ။ ထိုအစား သူတို့သည် နောက်ဆုံးအဆင့် ကိရိယာ စစ်ဆေးမှုများကို စတင်လုပ်ဆောင်ကြသည်။ လူတိုင်း ခါးတွင် ဘေးကင်းရေးကြိုးကို သေချာ ချည်နှောင်ထားကြောင်း အတည်ပြုပြီးသည်နှင့် သူတို့သည် အချိန်ဖြုန်းမနေတော့ဘဲ အကောင်းဆုံး တောင်တက်လမ်းကြောင်းကို စတင်ရှာဖွေကြတော့သည်။
မကြာမီ ရှဲ့ကျန်းသည် ရှီးယန်နန်ကို မှန်ပြောင်းကမ်းပေးလိုက်ပြီး အခြားသူများနှင့်အတူ လမ်းကြောင်းကို အတည်ပြုလိုက်သည်။
သူတို့ တောင်တက်တော့မည့်အချိန်တွင် ရှဲ့ကျန်းသည် သူ့ဘေးတွင် ရပ်နေသော ဇနီးသည်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"မင်း ကြောက်နေလား"
လက်ဗလာဖြင့် တက်ရောက်နိုင်ခြေသည် အလွန်နည်းပါးသည်။ ဤစစ်သားဒါဇင်ပေါင်းများစွာသည် နိုင်ငံတစ်ဝှမ်းမှ ရွေးချယ်ထားသော အထူးတပ်ဖွဲ့ဝင်များ ဖြစ်သော်လည်း ဘေးကင်းစွာ တက်ရောက်ရန် အလွန်ခက်ခဲနေဆဲပင်။ ဤတာဝန်သည် သူတို့၏ ခွန်အား၊ ဟန်ချက်ညီမှုနှင့် အာရုံစူးစိုက်မှုတို့ကို စမ်းသပ်ရုံသာမက သူတို့၏ သတ္တိကိုပါ စမ်းသပ်ခြင်း ဖြစ်သည်။
အမြောက်စာ ခယ်မလေးအဖြစ် ကူးပြောင်းသွားခြင်း
အပိုင်း ၁၂၈
စုရှီ၏ အမြင်အာရုံက အလွန်ကောင်းမွန်သည်။ သူမသည် မှန်ပြောင်းမပါဘဲနှင့်ပင် တောင်တက်လမ်းကြောင်း၏ အစိတ်အပိုင်းများစွာတွင် ခြေကုပ်စရာ နေရာမရှိသလောက်ဖြစ်ပြီး လျှော်ကြိုးတစ်ချောင်းတည်းကိုသာ အားကိုးရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ပါဝင်ပတ်သက်နေသော အခက်အခဲနှင့် အန္တရာယ်ကို တွေးကြည့်ရန် လွယ်ကူသည်။
အကယ်၍ လေထဲတွင် ခြေကုပ်တစ်ချက် လွဲချော်သွားပါက အသက်ဆုံးရှုံးရနိုင်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။ စုရှီ တွေးပင်မတွေးရဲတော့ပေ။
ခင်ပွန်းဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ စုရှီ ခေါင်းလှည့်ကြည့်ပြီး အကြံပြုလိုက်သည်။
"ကျွန်မ ရှေ့ဆုံးက သွားရင်ရော ဘယ်လိုလဲ"
ဇနီးသည်ကို ကြိုးချည်ပေးရန် ငုံ့နေသော ရှဲ့ကျန်းသည် ဒီစကားကို ကြားသောအခါ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
"မင်းက ရှေ့ဆုံးက သွားချင်လို့လား"
စုရှီ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ ကျွန်မ ရှေ့ဆုံးက သွားမယ်။ ကျွန်မက တိုက်ခိုက်ရေးမှာ ရှင်တို့လောက် မတော်ပေမယ့် ခွန်အားသန်တယ်။ ခြေကုပ်စရာ ရှာရခက်တဲ့ နေရာတွေ တွေ့ရင် ရှင်တို့အတွက် ခြေနင်းစရာ နေရာ ဖန်တီးပေးလို့ရတယ်လေ"
စက္ကန့်အနည်းငယ် စဉ်းစားပြီးနောက် ရှဲ့ကျန်း သဘောတူလိုက်သည်။ ဇနီးသည်ကို ကာကွယ်ရန် သူမအနားတွင် ကပ်နေသရွေ့ အဆင်ပြေမည်ဖြစ်သည်။
ထို့နောက် အံ့သြဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ခြေထောက်တင်ရန် ခက်ခဲသော ကျောက်နံရံ အပိုင်းသို့ ရောက်သည့်အခါတိုင်း စုရှီသည် ခါးမှ ဓားမြှောင်ကို ဆွဲထုတ်ပြီး တို့ဟူးကို လှီးသကဲ့သို့ လွယ်ကူစွာပင် ကျောက်နံရံတွင် ခြေထောက်ဆံ့ရုံ အပေါက်ငယ်တစ်ခုကို ထွင်းလိုက်လေ့ရှိသည်။
သူမနောက်မှ လိုက်လာကြသော စစ်သားများသည် စုရှီ ဖန်တီးပေးထားသော 'လမ်း' ပေါ်သို့ ခြေချကာ လျင်မြန်သော အိမ်မြှောင်များကဲ့သို့ လျင်မြန်စွာ တက်လာကြသည်။
ဒါက စစ်သားများ ကြုံတွေ့ဖူးသမျှ အလွယ်ကူဆုံး လက်ဗလာ တောင်တက်ခြင်း အတွေ့အကြုံဖြစ်သည်ဟု ပြောလျှင် ပိုမည်မထင်ပေ။ မီတာတစ်ထောင်နီးပါး မြင့်မားသော ချောက်ကမ်းပါးကို တက်ရာတွင် ထိခိုက်သေဆုံးမှုများ ရှိလာနိုင်သည်ဟု စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ကြသော်လည်း ဤမျှ လွယ်ကူလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ကြပေ။
အလွန်လွယ်ကူလွန်းသဖြင့် နှစ်နာရီခွဲခန့်အကြာတွင် မည်သူမျှ ကျန်ရစ်ခဲ့ခြင်း မရှိဘဲ အားလုံး တောင်ထိပ်သို့ ဘေးကင်းစွာ ရောက်ရှိသွားကြသည်။
ပထမဆုံး ရောက်ရှိလာသော ရှဲ့ကျန်းနှင့် ရှီးယန်နန် တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ အနီးအနားတွင် အခြားလူများ မရှိကြောင်း အတည်ပြုပြီးနောက် ကျောက်နံရံပေါ်တွင် စောင့်ဆိုင်းနေသော စစ်သားများကို တက်လာရန် ခေါ်လိုက်သည်။
စစ်သားအားလုံး မြေပြင်ပေါ်တွင် ထိုင်၍ အနားယူနေကြစဉ် ရှဲ့ကျန်းသည် ကျောပိုးအိတ်ထဲမှ မြေပုံတစ်ခုကို ထုတ်လိုက်သည်။ ၎င်းသည် လွန်ခဲ့သော ရက်အနည်းငယ်က လေယာဉ်ဖြင့် ဓာတ်ပုံရိုက်ပြီးနောက် ရေးဆွဲထားသော လက်ဆွဲမြေပုံဖြစ်သည်။
သူတို့၏ တည်နေရာကို သတ်မှတ်ပြီးနောက် သူတို့သည် ရန်သူ့စခန်းနှင့် အကွာအဝေး တစ်ခုတွင် ရှိနေသေးကြောင်း ရှဲ့ကျန်း တွေ့ရှိလိုက်ရသည်။
ထို့နောက် သူသည် မြေပုံကို ပြန်သိမ်းပြီး လက်ပတ်နာရီကို ကြည့်ကာ ပြောလိုက်သည်။ "ဒီမှာ တစ်နာရီလောက် နားကြမယ်။ ညနေ လေးနာရီ ထိုးနေပြီ။ ဆောင်းတွင်းဆိုတော့ ညရောက်တာ စောတယ်။ ဒါကြောင့် ငါတို့ ငါးနာရီမှာ စထွက်ကြမယ်။ ရန်သူ့စခန်းနားကို ခြောက်နာရီလောက်မှာ ရောက်သင့်တယ်။ အဲဒီအချိန်ဆို မှောင်လုနီးပါး ဖြစ်နေပြီ။ ငါတို့ အမှောင်ကို အကာအကွယ်ယူပြီး လှုပ်ရှားကြမယ်"
ရှဲ့ကျန်း ပြောပြီးသည်နှင့် စစ်သားအားလုံးသည် အိတ်များထဲမှ ရေဘူးများနှင့် ပေါက်စီများကို ထုတ်ကာ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းကြသည်။
စုရှီ၏ လမ်းရှင်းပေးမှုကြောင့် လူတိုင်း၏ အားအင်များ သက်သာခဲ့သော်လည်း မီတာတစ်ထောင်ကျော် တောင်တက်ခြင်းက ကာယစွမ်းအင် အတော်အတန် ကုန်ဆုံးစေခဲ့သည်။
သို့သော် စုရှီသည် ချက်ချင်း မနားသေးပေ။ လက်တွင် ပွန်းပဲ့ဒဏ်ရာရထားသော စစ်သားအချို့ကို ပတ်တီးစည်းပေးပြီးမှ ခင်ပွန်းဖြစ်သူ အနားသို့ လျှောက်သွားသည်။
ရှဲ့ကျန်းက ဇနီးသည်၏ လက်ကို ဆွဲ၍ လူကွယ်ရာ ထောင့်တစ်နေရာသို့ ခေါ်သွားခဲ့သည်။ သူ သူမကို ညင်သာစွာ ဖက်ထားပြီး ပုတ်ပေးကာ တိုးတိုးလေး မေးလိုက်သည်။
"ကြောက်လား"
စုရှီက ခင်ပွန်းသည်၏ ကျယ်ပြန့်သော ရင်ခွင်ထဲတွင် မျက်နှာအပ်ထားပြီး ချိုသာစွာ ပြန်ဖြေလိုက်သည်။
"မကြောက်ပါဘူး"
ရှဲ့ကျန်းက သူမ၏ ခေါင်းလေးကို နှစ်သိမ့်သလို ပုတ်ပေးပြီးမှ လွှတ်ပေးလိုက်သည်။ သူသည် ဘေးနားရှိ ကျောက်တုံးပေါ်မှ သစ်ရွက်ခြောက်များကို ဖယ်ရှားပြီး ဖုန်များကို မှုတ်ထုတ်ကာ စုရှီကို ဝင်ထိုင်စေသည်။
စုရှီသည် သူမအတွက် သန့်ရှင်းသော နေရာတစ်ခု ဖန်တီးပေးရန် ကြိုးစားနေသော ခင်ပွန်းသည်ကို ကြည့်ကာ စိတ်လှုပ်ရှားသွားခဲ့သည်။ တောင်တက်ပြီးနောက်တွင် သူမသည်လည်း သူပြင်ဆင်ပေးနေသော ကျောက်တုံးထက် ပိုမသန့်ရှင်းနိုင်တော့ကြောင်း သူမ သတိမပေးတော့ပေ။
သူတို့နှစ်ဦးသည် စကားစမြည်ပြောရင်း ရိက္ခာများကို စားသောက်ကြသည်။ ရှဲ့ကျန်းသည် စားသောက်ပြီးနောက် အနားမယူခဲ့ပေ။ ထိုအစား သူသည် ဇနီးသည်၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ ခြေထောက်တစ်ဖက်ကို သူ့ပေါင်ပေါ်တင်ကာ နှိပ်နယ်ပေးတော့သည်။
နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့သော သူတို့နှင့် မတူဘဲ နှစ်နာရီခွဲကြာ တောင်တက်ခြင်းသည် ဇနီးဖြစ်သူအတွက် မလွယ်ကူခဲ့ပေ။ သူတို့၏ ကြွက်သားများက ထိုကဲ့သို့ ပြင်းထန်မှုကို ကျင့်သားရနေသော်လည်း သူမအတွက်မူ အခြေအနေက ကွဲပြားသည်။
သူမကို စိတ်ပူသဖြင့် ရှဲ့ကျန်းက သူမ၏ ခြေထောက်ကြွက်သားများကို နှိပ်နယ်ပေးရင်း ပြောလိုက်သည်။ "ရှီရှီ၊ နောက်နောင် မဖြစ်မနေ လိုအပ်တဲ့ အခြေအနေမျိုး မဟုတ်ရင် ဒီလိုမစ်ရှင်မျိုးတွေကို မင်း လက်မခံဖို့ ကိုယ် မျှော်လင့်တယ်"
စုရှီသည် ခင်ပွန်းသည် နှိပ်ပေးနေစဉ် အံကြိတ်ထားသော်လည်း သူ့စကားကို ကြားသောအခါ သူ့ပခုံးပေါ် တင်ထားသော သူမ၏ လက်က တင်းကျပ်သွားသည်။
"... ရှင် ကျွန်မကို စိတ်ပူနေတာလား"
ရှဲ့ကျန်း မော့ကြည့်လိုက်သည်။ "ရှီရှီ၊ ကိုယ် အတ္တကြီးတာပါ။ ကိုယ်တစ်ယောက်တည်းသာ ဆိုရင် တိုင်းပြည်အတွက် စစ်မြေပြင်ကို ဝင်ရောက်တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်။ ကိုယ့်အသက်ကို စွန့်လွှတ်ရမယ် ဆိုရင်တောင် နောင်တရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်မိန်းမက အဲဒီလို လုပ်စရာ မလိုပါဘူး"
စုရှီ စကားမပြောဘဲ သူမရှေ့ရှိ အမျိုးသား၏ ရှားရှားပါးပါး လေးနက်သော အကြည့်ကို ရင်ဆိုင်ရင်း သူ့စကားများကို တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
"တိုင်းပြည်အတွက် အမှုထမ်းရာမှာ ဘယ်အလုပ်အကိုင်မဆို အဆင်ပြေပါတယ်။ စစ်ဘက်ဆရာဝန် တစ်ယောက်အနေနဲ့ မင်းက နောက်တန်းကနေ ကိုယ်တို့အတွက် ပံ့ပိုးပေးပြီး အကျိုးပြုနေတာပဲလေ။ ပြီးတော့ ကိုယ်တို့ မိသားစုက သုံးဆက်တိုင်တိုင် စစ်မှုထမ်းခဲ့ကြတာ။ ကိုယ် တိုင်းပြည်အတွက် တာဝန်ကျေခဲ့ပြီလို့ ယုံကြည်တယ်။ ဒါကြောင့် ကိုယ့်မိန်းမကိုတော့ ဘေးကင်းလုံခြုံစေချင်တယ်..."
စုရှီသည် မစ်ရှင်များကို လိုက်ပါဆောင်ရွက်ရန် အထူးတလည် စွဲလမ်းနေခြင်း မရှိပေ။ ရှဲ့ကျန်း ပြောသကဲ့သို့ပင် စစ်ဘက်ဆရာဝန်တစ်ဦးအနေဖြင့် သူမသည် လူ့အဖွဲ့အစည်းကို သူမနည်း သူမဟန်ဖြင့် အကျိုးပြုနေဆဲ ဖြစ်သည်။ သို့သော် သူမ မေးလိုက်သည်။
"ဗိုလ်ချုပ် ကျူးက သဘောတူပါ့မလား"
ရှဲ့ကျန်း၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားပြီး ဇနီးသည်ကို ဤမစ်ရှင်သို့ စေလွှတ်ရန် ဗိုလ်ချုပ်ကျူး၏ ရုတ်တရက် ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ထင်ရှားနေသည်။
သူက သူမ၏ အခြားခြေထောက်တစ်ဖက်ကို သူ့ပေါင်ပေါ်တင်ကာ ဆက်နှိပ်နယ်ပေးရင်း ပြောလိုက်သည်။
"ကိုယ် သူနဲ့ ပြောလိုက်ပါ့မယ်"
ခင်ပွန်းဖြစ်သူ၏ အေးစက်သော သဘောထားကို သတိထားမိသဖြင့် စုရှီသည် အနည်းငယ် စူးနေသော သူ့ဆံပင်တိုများကို ဖွဖွလေး ထိတွေ့လိုက်သည်။ သူ့ကို စိတ်မပူစေချင်သဖြင့် သူမ နူးညံ့စွာ ပြုံးလိုက်ရာ သူမ၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။
"ကောင်းပါပြီ"
….
တစ်နာရီက လျင်မြန်စွာ အချိန်ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင် နေဝင်သွားပြီဖြစ်ပြီး စုရှီနှင့် အခြားသူများ တဖန် ပြန်၍ထွက်ခွာရန် အဆင်သင့် ဖြစ်နေကြပြီပင်။
ရန်သူ့ အဓိက စခန်းသို့ သွားရာလမ်းရှိ ချောက်ကမ်းပါးသည် စုရှီ ထင်ထားသကဲ့သို့ ခြောက်သွေ့မနေပေ။ ထိုအစား ကျယ်ပြန့်သော သစ်တောကြီးတစ်ခု ရှိနေသည်။ သစ်ပင်အမျိုးအစားကို သူမ မခွဲခြားနိုင်သော်လည်း ဆောင်းရာသီ ဖြစ်သည့်အတွက် သစ်ပင်များ အားလုံး ညှိုးခြောက်နေသည်။
သို့သော် ကံကောင်းသည်မှာ ဤခြောက်သွေ့သော သစ်တောအုပ်က သူတို့၏ ပုံသဏ္ဌာန်များကို ပြီးပြည့်စုံစွာ ဖုံးကွယ်ပေးထားနိုင်ခြင်း ဖြစ်သည်။
လူတိုင်းသည် ရန်သူ့ အဓိက အခြေစိုက်စခန်းဆီသို့ လျင်မြန်ပေါ့ပါးစွာ ရွေ့လျားသွားကြသည်။ လမ်းတစ်လျှောက်တွင် စုရှီသည် သူမ၏ အာရုံခံစားမှု အားလုံးကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ထားခဲ့သည်။
နာရီဝက်ခန့် သွက်လက်စွာ လျှောက်လှမ်းပြီးနောက် စုရှီသည် အဝေးမှ မပီသသော အသံအချို့ကို နောက်ဆုံးတွင် ကြားလိုက်ရသည်။ သူမ၏ သတိရှိမှု ချက်ချင်း မြင့်တက်လာပြီး လက်ထဲမှ သေနတ်ကို မသိစိတ်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
"ဘာဖြစ်လို့လဲ"
ရှဲ့ကျန်း သူမ၏ ပြောင်းလဲမှုကို ချက်ချင်း သတိထားမိလိုက်သည်။
စုရှီသည် သူမ ခင်ပွန်း၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ "အသံတစ်ခု ကြားနေရတယ်။ ဒါပေမဲ့ ဝေးသေးတယ်။ ပိုနီးလာရင် သေချာ ပိုကြားရလိမ့်မယ်"
ရှဲ့ကျန်းက နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူတို့၏ ဦးတည်ရာ နီးကပ်လာပြီဖြစ်ကြောင်းနှင့် အထူးသတိရှိကြရန် နောက်မှ စစ်သားများကို အချက်ပြလိုက်သည်။
ပစ်မှတ်နှင့် ပိုနီးကပ်လာလေ သူတို့၏ ခြေလှမ်းများ ပိုနှေးကွေးလာလေ ဖြစ်သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို ပြောရန် ခက်ခဲသော်လည်း တဖြည်းဖြည်းနှင့် စုရှီသည် ရန်သူ့ဘက်မှ စကားပြောသံများကို ရှင်းလင်းစွာ ကြားလာရသည်။
ရန်သူများ ပြောနေသည်ကို နားလည်ကြောင်း သူမ အတည်ပြုလိုက်သည်နှင့် ရှဲ့ကျန်း လက်မြှောက်လိုက်ရာ အားလုံး ချက်ချင်း နေရာယူ ပုန်းအောင်းလိုက်ကြသည်။
ရှဲ့ကျန်းသည် ဇနီးသည်ကို ကျောက်တုံးတစ်တုံးနောက်သို့ အမြန် ပို့လိုက်ပြီး စုရှီက စကားဝိုင်းမှ မလိုအပ်သော အချက်အလက်များကို ဖယ်ထုတ်ရန် အာရုံစိုက်လိုက်သည်။ လူပေါင်း သုံးရာကျော်၏ စကားသံများကို စိစစ်ရန် မလွယ်ကူသဖြင့် သူမ၏ မျက်ခုံးများ တွန့်ချိုးနေသည်။ တစ်စုံတစ်ယောက်က ဒီလိုပြောလိုက်မှသာ သူမ စိတ်လျော့လိုက်သည်။
"နှစ်ရက် သုံးရက်နေရင် လိုဏ်ခေါင်းတူးတာ ပြီးပြီ။ အဲဒီကျရင် Z နိုင်ငံက အရူးတွေကို အခွံလွတ်ပဲ ချန်ထားခဲ့မယ်။ သူတို့ သိသွားတဲ့အချိန်ကျရင် သူတို့မျက်နှာတွေ ဘယ်လိုဖြစ်နေမလဲ ဆိုတာ ငါတကယ် ကြည့်ချင်သေးတယ် ဟားဟားဟား..."
ရန်သူ့ အဓိက အခြေစိုက်စခန်းရှိ ရိုးရှင်းသော ကျောက်တုံးအိမ်တစ်ခုထဲတွင် ကာမဂုဏ်လိုက်စားပုံရသော အသွင်အပြင်နှင့် အမျိုးသားတစ်ဦးသည် သူတို့၏ ပြောင်မြောက်သော စီမံကိန်းကို တွေးပြီး ပီတိဖြစ်နေသည်။
လူမည်မျှများများက သူတို့ကို လာရောက် ဝိုင်းရံကြလိမ့်မည်နည်း၊ သို့သော် ဗလာသက်သက်သာ ကျန်ရစ်ခဲ့မည့်အကြောင်း တွေးမိသောအခါ သူ ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။ ထိုအကြံအစည်က သူ့ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။
"ငါ့ကို ဒီလို အခြေအနေဆိုး ရောက်အောင် ဖိအားပေးတဲ့ မင်းတို့ကောင်တွေ သေကြစမ်း"
သူ့စိတ်လှုပ်ရှားမှုများ သိသာနေပြီး ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
ရုပ်ရည်ချောမောသော်လည်း အေးစက်ပြီး ယုတ်မာသော အမူအရာရှိသည့် အခြား သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ထိုသူကို အေးစက်စက် ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ထိုလူသည် လန့်ဖျပ်သွားပြီး တုန်လှုပ်သွားခဲ့သည်။ ထိုသူ၏ မျက်နှာပေါ်မှ ကျေနပ်နေသော အမူအရာ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"ညီ ၃၊ ဒီရက်ပိုင်း အခြေအနေကို စောင့်ကြည့်ဦး။ Z နိုင်ငံ စစ်သားတွေက မိုက်ရူးရဲဆန်ပြီး အကြောက်အလန့် မရှိဘူးဆိုတာ နာမည်ကြီးတယ်။ အနောက်ဘက် ချောက်ကမ်းပါးကို စောင့်ဖို့ လူ လွှတ်လိုက်။ သူတို့ အနောက်ဘက်ကနေ ဝင်တိုက်မှာ ငါ စိုးရိမ်တယ်။ ဒီလို အရေးကြီးတဲ့ အချိန်မှာ ငါတို့ အမှားမခံနိုင်ဘူး။ ကင်းလှည့်တာတွေ တိုးမြှင့်ခိုင်းလိုက်။ ဒီရက်ပိုင်း အရမ်း တိတ်ဆိတ်လွန်းနေတယ်၊ ငါ့ စိတ်ထဲမကောင်းဘူး။ သူတို့ တစ်ခုခု ကြံစည်နေမှာ ကြောက်တယ်"
ညီ ၃ ဟု ခေါ်သော အမျိုးသားက အလေးအနက် မထားသော်လည်း အစ်ကိုကြီးကို မငြင်းဆန်ရဲပေ။ သူက ခေါင်းညိတ်ပြီး ပြုံးကာ စိတ်ကျေနပ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် ပြောလိုက်သည်။
"အစ်ကိုကြီး၊ အနောက်ဘက်က မီတာတစ်ထောင်ကျော်မြင့်တဲ့ မတ်စောက်တဲ့ ချောက်ကမ်းပါးကြီးလေ။ အရမ်း မတ်စောက်တာ။ ငါတို့ အရင်က လူတွေကို တက်ခိုင်းဖူးတယ်၊ ဘယ်သူမှ တက်မလာနိုင်ဘူး။ အစ်ကိုကြီး အတွေးလွန်နေတာ မဟုတ်ဘူးလား"
အစ်ကိုကြီးဖြစ်သူက သူ့ကို အထင်သေးစွာ ကြည့်ပြီး အေးစက်စက် ပြုံးလိုက်သည်။ "မင်းက ဘာနားလည်လို့လဲ။ ငါတို့ R နိုင်ငံအတွက် ပုန်းအောင်းနေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီ။ သေမှာကြောက်တဲ့ Z နိုင်ငံ စစ်သားကို မင်း မြင်ဖူးလို့လား။ လူကို လှေကားလုပ်ပြီး တက်ရမယ်ဆိုရင်တောင် သူတို့ တက်လာကြမှာကွ"
ညီ ၃ မကျေမနပ် ရေရွတ်လိုက်သည်။ "သူတို့လည်း လူတွေပဲလေ။ ပြုတ်ကျရင် သေမှာပဲ။ သူတို့ အဲဒီလောက်တော့ မတုံးပါဘူး ဟုတ်တယ်မလား"
အစ်ကိုကြီးက ဒီတစ်ကြိမ်တွင် တကယ် ဒေါသထွက်သွားခဲ့သည်။ "မင်းက ဝက်လား။ Z နိုင်ငံ စစ်သားက သေမှာကြောက်တာ မင်း ဘယ်တုန်းက တွေ့ဖူးလို့လဲ။ မြန်မြန်သွားပြီး စီစဉ်စမ်း"
"ဟုတ်... ဟုတ်... ဟုတ်ကဲ့ပါ... အစ်ကိုကြီးက အမြဲတမ်း စေ့စပ်သေချာပါတယ်။ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်..."
အစ်ကိုကြီးဖြစ်သူ ဒေါသထွက်လာသည်နှင့် ညီ ၃ ချက်ချင်း ကျုံ့သွားပြီး ခေါင်းညိတ် ဦးညွှတ်ကာ အခန်းထဲမှ ဆုတ်ခွာသွားသည်။
တံခါးဝသို့ ရောက်သည်နှင့် အိပ်ရာထဲလဲနေသော ညီ ၈ ကို သတိရသွားပြီး ပြန်လှည့်မေးလိုက်သည်။
"အစ်ကိုကြီး၊ နောက်ရက်နည်းနည်းကြာရင် ငါတို့ ထွက်ခွာတဲ့အခါ ညီ ၈ ကို ခေါ်သွားကြမလား"
ညီ ၈ ရှေးဦးသစ်တောထဲသို့ ထွက်ပြေးခဲ့ခြင်းက သူတို့၏ ပုန်းခိုရာနေရာကို Z နိုင်ငံ စစ်သားများထံ ဖွင့်ချလိုက်သလို ဖြစ်သွားကြောင်း ပြန်တွေးမိပြီး အစ်ကိုကြီး၏ ယုတ်မာသော အကြည့်က ပို၍ မည်းမှောင်သွားသည်။ သူ့အသံက ပိုအေးစက်လာသည်။
"ငါတို့ ထွက်ခွာတဲ့အခါ သူက ဝန်ထုပ်ဝန်ပိုး ဖြစ်နေရင် သတ်ပစ်လိုက်။ သူ့ကို Z နိုင်ငံ စစ်သားတွေ လက်ထဲ အပါမခံနိုင်ဘူး"
စကားလုံးများက ရက်စက်လွန်းပြီး သနားညှာတာမှု လုံးဝမရှိပေ။ ညီ ၃ ၏ မျက်လုံးများ လှုပ်ရှားသွားပြီး အစ်ကိုကြီး၏ ရက်စက်မှုကြောင့် တဖန် တုန်လှုပ်သွားပြန်သည်။
ရိုးရှင်းသော စကားလုံးအနည်းငယ်က ညီ ၈ ၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်သည်။ ကျွတ်စ်... ညီ ၈ က သေလူ ဖြစ်နေလေပြီ။ ပြောရလျှင် ထိုအရူးက ပြန်လာတုန်းက Z နိုင်ငံ စစ်သားတွေ ပစ်တာ ခံခဲ့ရသေးသည်။ သူက အိပ်ရာထဲတွင် ပြန်လည်သက်သာလာအောင် ကုသနေရဆဲ ဖြစ်သည်။
သနားစရာကောင်းလိုက်တာဟု ညီ ၃ က ဝမ်းနည်းဟန်ဆောင်ပြီး သက်ပြင်းချလိုက်သည်။ သူက မိကျောင်းမျက်ရည်အချို့ကို ဟန်ပြ သုတ်လိုက်ပြီးမှ လေးစားစွာ ပြောလိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော် အခုပဲ ကင်းလှည့်ထွက်လိုက်ပါ့မယ်"
"သွားတော့။ ဂရုစိုက်ဦး"
"ကောင်းပါပြီ ကောင်းပါပြီ။ ကျွန်တော် သေချာ စီစဉ်လိုက်ပါ့မယ်။ စိတ်မပူပါနဲ့"
ညီ ၃က ခေါင်းညိတ်ပြီး အလွန် ရိုသေလေးစားဟန်ဖြင့် ဦးညွှတ်လိုက်သည်။
သို့သော် ဝင်းထဲမှ ထွက်လိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် မကျေနပ်သော အမူအရာ ပျံ့နှံ့သွားခဲ့သည်။ အစ်ကိုကြီးက စိတ်ထားမည်းမှောင်သော ကောင်စုတ်ဟု သူ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ညီ ၈ က သူ့ဆီမှာ ဆယ်နှစ်ကျော်ကြာ ရှိနေခဲ့တာတောင် အစ်ကိုကြီးက ဘာမှမစဉ်းစားဘဲ စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ စိတ်ပျက်စရာ ကောင်းလိုက်တာ။
သူက ညီ ၈ ဘက်က ရပ်တည်ပေးနေတာ မဟုတ်ပေမယ့် သူ့ဘက်ကနေ တွေးကြည့်ရင် တစ်နေ့ကျလို့ သူ အသုံးမဝင်တော့ရင် သူ့ကိုလည်း ဒီလိုပဲ လွယ်လွယ်ကူကူ စွန့်ပစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။
မဖြစ်ဘူး၊ သူ ဒီလို ငြိမ်ခံနေလို့မဖြစ်ဘူး။ တိုက်ဆိုင်စွာပင် ညီ ၄ ရှိနေသဖြင့် သူသွားပြောရန် ဆုံးဖြတ်လိုက်သည်။ ညီ ၄ က သူ့ဝမ်းကွဲ ဖြစ်ပြီး သူသာ အစ်ကိုကြီးကို ပုန်ကန်ချင်ရင် ညီ ၄ က သူ့ဘက်က ရပ်တည်မှာ သေချာသည်။
ဒါက အခွင့်အရေးကောင်း တစ်ခု ဖြစ်နိုင်သည်။ Z နိုင်ငံ စစ်သားများက သူတို့ကို မနားတမ်း လိုက်လံ ဖမ်းဆီးနေသဖြင့် အစ်ကိုကြီး သေဆုံးမှုကို သူတို့အပေါ် ပုံချလိုက်လျှင် ဘယ်သူမှ သံသယဝင်ကြမည် မဟုတ်ပေ။
သူ ပိုစဉ်းစားလေ၊ ဒီအကြံအစည်က ဖြစ်နိုင်ချေရှိလေဟု ယုံကြည်လာလေ ဖြစ်သည်။ သူ အစ်ကိုကြီး နေရာ ရသွားတဲ့အခါ အလှပဂေးများနှင့် စည်းစိမ်ဥစ္စာ အားလုံးကို အရင် ရရှိလိမ့်မည်။ ညီ ၃ က မစောင့်နိုင်တော့ပေ။ သူ ချက်ချင်း လှည့်ထွက်ပြီး ညီ ၄ ၏ အခန်းသို့ ဦးတည်သွားရာ အစောင့်များ တိုးမြှင့်ချထားရန် အစ်ကိုကြီး၏ အမိန့်ကို လုံးဝ မေ့သွားတော့သည်။
—
"အခြေအနေ ဘယ်လိုလဲ"
ရှဲ့ကျန်းသည် စုရှီ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာကို သတိထားမိပြီး မေးလိုက်သည်။
ယခင်က တစ်စုံတစ်ယောက်သည် ကင်းလှည့်မှုများ တိုးမြှင့်ရန် အမိန့်ပေးခဲ့ကြောင်း စုရှီ ပြောသောအခါ သူ သိပ်အရေးမစိုက်ခဲ့ပေ။ ပြောရလျှင် တိုင်းပြည်ထဲတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေနိုင်သူသည် ပါးနပ်သူ ဖြစ်ရမည်။
သို့သော် သူ မထင်မှတ်ထားသည်မှာ ထိုလူများက လိုဏ်ခေါင်းများမှတစ်ဆင့် ထွက်ပြေးရန် စီစဉ်နေခြင်း ဖြစ်သည်။
ဒါက အလွန် ပါးနပ်သော အကြံအစည် ဖြစ်သည်ဟု ပြောရမည်။ သို့သော် ဒီအစီအစဉ်က တစ်ရက် နှစ်ရက်အတွင်း လုပ်ထားခြင်း မဟုတ်ဘဲ လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ် လောက်ကတည်းက ထွက်ပြေးမည့် လမ်းကြောင်းအဖြစ် လိုဏ်ခေါင်းကို တူးဖော်ထားခြင်း ဖြစ်နိုင်သည်။
သို့သော် နောက်ဆုံးအချိန်ကျမှ သူတို့ ပေါ်သွားခဲ့သည်။ ကံဆိုးသည်ဟုသာ ပြောရတော့မည်။
ယခု စုရှီ၏ မျက်နှာထား တင်းမာမှုမှာ အခြားအရာတစ်ခုသို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ရှဲ့ကျန်း မမေးဘဲ မနေနိုင်တော့ပေ။