သူ မိသားစုနှင့် ဝေးကွာနေတာ သုံးနှစ်ရှိပြီ။
Vol. 10 Ch. 127
ဟဲကျစ်ယန်သည် မေ့မြောနေဆဲဖြစ်သော မော့ချူဟန်ဆီ အကြည့်ရောက်သွားသည်။
“အဋ္ဌမအစ်ကိုကို အမေနဲ့ မရီးဆီ ဘယ်လိုခေါ်သွားမလဲဆိုတာ ရှင် စဉ်းစားပြီးပြီလား။”
မော့ကျိုးယွီက ခဏလောက် စဉ်းစားကြည့်လိုက်သည်၊၊ သူတို့ မော့ချူဟန်ကို မနက်အစောကြီးကတည်းက နေရာလွတ်ထဲသို့ ခေါ်ဆောင်လာပြီး အခုဆို ညနက်နေပြီ။
အဋ္ဌမအစ်ကိုက သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားတဲ့ အနက်ရောင်ဝတ်လူတွေထဲက တစ်ယောက်လို့ အမှန်အတိုင်းပြောလိုက်ရင် ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြဖို့ ခက်သွားလိမ့်မည်။
သူက ခဏလောက် စဉ်းစားပြီးမှ ပြောလာခဲ့သည်၊ “နည်းနည်းဝေးဝေးလောက် သွားကြည့်ရအောင်။ ကိုယ် တောင်ပေါ်မှာ ထူးဆန်းတဲ့ အသံတစ်ခုကို ကြားလိုက်လို့ သွားစစ်ဆေးကြည့်တယ်။ အဲဒီမှာ အဋ္ဌမအစ်ကိုနဲ့ ပက်ပင်းတွေ့ခဲ့တာလို့ ပြောကြတာပေါ့။”
ဟဲကျစ်ယန်က ခေါင်းညိတ်သည်၊ “ဟုတ်ပြီ၊ ဒါက အလုပ်ဖြစ်လောက်တယ်။”
နှစ်ယောက်သား စကားစမြည်ပြောကြရင်း နာရီဝက်ကြာသွားသည်။
မော့ချူဟန်၏ အိုင်ဗွီဆေးရည်ချိတ်တာ ကုန်သွားပြီးနောက် ဟဲကျစ်ယန်သည် မော့ကျိုးယွီနှင့်အတူ နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။
သူတို့နှစ်ယောက်သား စခန်းချရာနေရာမှ တိတ်တဆိတ် ထွက်ခွာပြီး အဝေးတစ်နေရာဆီသို့ ဦးတည်သွားခဲ့ကြသည်။
မော့ကျိုးယွီသည် စခန်းနှင့် အတော်လေး ဝေးနေပြီဟု ခံစားမိသောအခါ ရပ်လိုက်သည်။
“ဒီနေရာဆို အတော်ပဲ။”
“ကောင်းပြီ” ဟဲကျစ်ယန် ပြောပြီးသည်နှင့် မော့ချူဟန်သည် သူတို့နှစ်ဦးရှေ့ မြေပြင်ပေါ် ပွင့်လင်းမြင်သာစွာ ပေါ်လာခဲ့သည်။
အဋ္ဌမအစ်ကို မနိုးသေးတာကိုမြင်တော့ မော့ကျိုးယွီက ထင်းခြောက်တချို့ကို ရှာဖွေပြီး မီးပုံဖိုလိုက်သည်။
မိနစ်နှစ်ဆယ်နီးပါးကြာပြီးနောက် မော့ချူဟန်၏ လက်ချောင်းများ လှုပ်ရှားသွားပြီး သူ့မျက်လုံးတွေ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
မော့ချူဟန်သည် မော့ကျိုးယွီအား မယုံကြည်နိုင်သလို အချိန်အကြာကြီး စိုက်ကြည့်နေသည်။
သူ့အသံက အနည်းငယ် အက်ရှပြီး အားမရှိပေ၊ “နဝမညီလေးလား။”
မော့ကျိုးယွီ၏ မျက်လုံးများသည် မျက်ရည်များ စိုစွတ်နေပြန်သည်။ သူက မော့ချူဟန်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ပြီး “အဋ္ဌမအစ်ကို၊ ကျွန်တော်ပါ၊ ကျိုးယွီလေ” ဟု စိတ်နှလုံးထိခိုက်စွာ ပြောလိုက်သည်။
မော့ချူဟန်သည် သူ၏ တုန်ယင်နေသော လက်များကို ဆန့်ထုတ်ပြီး မော့ကျိုးယွီကို ထိကြည့်ရန် ကြိုးစားခဲ့သည်။
မော့ကျိုးယွီသည် သူ့ခန္ဓာကိုယ်အနီးသို့ ရွှေ့ပေးလိုက်ပြီး မော့ချူဟန် ထထိုင်နိုင်ရန် ကူညီပေးခဲ့သည်။
“အဋ္ဌမအစ်ကို ကျွန်တော်တို့အားလုံး အစ်ကို့ကို သေသွားပြီလို့ ထင်ခဲ့ကြတာ။ ဘာတွေ ဖြစ်ခဲ့တာလဲ။”
မော့ချူဟန်၏ နှုတ်ခမ်းတွေက လှုပ်ရှားသွားပေမယ့် သူ့ကြည့်ရတာ အလွန်အားနည်းနေပုံပေါ်သည်။
“ငါ ဆဌမအစ်ကို၊ သတ္တမအစ်ကိုတို့နဲ့အတူ တောင်ပိုင်း ရှင်းကျန်းလူမျိုးတွေရဲ့ တိုက်ခိုက်မှုကို ခုခံရင်း ရန်သူတွေရဲ့ ချိုင့်ဝှမ်းတစ်ခုဆီ ဦးတည်ပြီး ရောက်သွားတယ်။
ငါတို့ ရန်သူကို တိုက်ခိုက်နေတုန်းမှာပဲ အနံ့စူးစူးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ငါတို့ ရှုရှိုက်မိသွားတယ်။
နောက်တစ်ကြိမ် ငါတို့ နိုးလာတော့ မှောင်မည်းနေတဲ့ ဂူထဲမှာ ငါတို့ခန္ဓာကိုယ်ကို သံကြိုးတွေနဲ့ ချည်နှောင်ခံထားရတယ်။
သိပ်မကြာခင်မှာပဲ တောင်ပိုင်း ရှင်းကျန်းလူမျိုးတစ်ယောက်လို ဝတ်ဆင်ထားတဲ့ အဘိုးအိုတစ်ယောက်က ငါ့ဆီ ရောက်လာတယ်။ သူက ငါ့မျက်နှာအပေါ် အမှုန့်လက်တစ်ဆုပ်စာ ဖြန်းလိုက်တယ်။ အဲဒီနောက်ပိုင်း ငါ ဘာမှ မသိတော့ဘူး။”
မော့ချူဟန်သည် သူ့စကားပြောပြီးသွားသောအခါ သူက မော့ကျိုးယွီ၏ လက်ကို လှမ်းဆွဲလိုက်သည်။
“နဝမညီလေး၊ ဆဌမအစ်ကိုနဲ့ သတ္တမအစ်ကိုတို့ရော အဆင်ပြေရဲ့လား။ ငါတို့ အခု ဘယ်ရောက်နေတာလဲ။”
မော့ကျိုးယွီက သူ့မျက်လုံးထောင့်ရှိ မျက်ရည်စများကို သုတ်ဖယ်ပြီး ပြောလိုက်သည်။
“အဋ္ဌမအစ်ကို၊ အစ်ကိုပြောခဲ့တဲ့ အဖြစ်အပျက်က လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ပျက်ခဲ့တာလေ။ အဲဒီတုန်းက မင်းရယ်၊ ဆဌမအစ်ကိုနဲ့ သတ္တမအစ်ကိုတို့ တောင်ပိုင်းရှင်းကျန်းလူမျိုးတွေရဲ့ လက်ချက်နဲ့ သေသွားပြီဆိုတဲ့ သတင်းကို ကျွန်တော် ရခဲ့တယ်။ မင်း အသက်ရှင်နေတုန်းလို့ ကျွန်တော် မထင်ထားမိဘူး၊ အဋ္ဌမအစ်ကို။
ကျွန်တော်တို့ မော့မိသားစုကို ရန်သူတွေနဲ့ ပူးပေါင်းပြီး နိုင်ငံတော်ကို ပုန်ကန်မှုဖြင့် စွပ်စွဲခံရတယ်။ ဘုရင်မင်းမြတ်က ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်၊ အခုလောလောဆယ် ကျွန်တော်တို့ ပြည်နှင်ဒဏ်ပေးခံရတဲ့ လမ်းမှာ ရှိနေတုန်းပဲ။
ဒီမနက် ကျွန်တော့်ကို လာရောက်လုပ်ကြံတဲ့ အနက်ရောင်ဝတ်လူအဖွဲ့ တစ်ဖွဲ့ရှိတယ်။ အဋ္ဌမအစ်ကိုက အဲ့ဒီအနက်ရောက်ဝတ်လူတွေရဲ့ အဖွဲ့ဝင်ပဲ။
အစ်ကို့ရဲ့ မျက်နှာကို ဖုံးထားပေမယ့် အဋ္ဌမအစ်ကိုရဲ့ ကိုယ်ခံပညာ လှုပ်ရှားမှုတွေကို ကျွန်တော် တစ်ချက်ကြည့်လိုက်တာနဲ့ သတိပြုမိခဲ့တယ်။ ဒါကြောင့် ကျွန်တော် အစ်ကို့ကို မေ့သွားအောင်လုပ်ပြီး ဖွက်ထားခဲ့တယ်။”
မော့ကျိုးယွီသည် ထိုသို့ပြောနေစဉ် သူက ဟဲကျစ်ယန်ကို ဆွဲပြီး မော့ချူဟန်၏ အရှေ့တွင် ရပ်စေလိုက်သည်။
“အဋ္ဌမအစ်ကို ဒါက ကျွန်တော့်မိန်းမ ဘဏ္ဍာရေးဝန်ကြီးဟဲရဲ့ တရားဝင်သမီး ဟဲကျစ်ယန်ပါ။ သူက ဆေးပညာကျွမ်းကျင်ပြီး အစ်ကို့ဆီက ရုပ်သေးကူအဆိပ်ကို ဖယ်ရှားဖို့ ကူညီပေးခဲ့တယ်။”
မော့ကျိုးယွီထံမှ စကားအနည်းငယ်အတွင်း မော့ချူဟန်သည် ထိတ်လန့်ဖွယ်ရာ အချက်အလက်များစွာကို ရရှိခဲ့သည်။
မော့ချူဟန်သည် သူ့ရှေ့မှာ ပိတ်ကြမ်းဝတ်ထားတဲ့ လူနှစ်ယောက်ကို ကြည့်နေပေမယ့် အချိန်အတော်ကြာအောင် မတုံ့ပြန်နိုင်ခဲ့ဘူး။
အချိန်အတော်ကြာပြီးနောက် မော့ချူဟန်က အစမ်းသဘောမေးလာခဲ့သည်၊ “နဝမညီလေး၊ အစ်ကိုတို့တွေ တောင်ပိုင်းရှင်းကျန်းလူမျိုးတွေနဲ့ တိုက်ပွဲဝင်ခဲ့တာက သုံးနှစ်ကျော်သွားပြီလို့ မင်းပြောလိုက်တာလား။”
မော့ကျိုးယွီက ခေါင်းညိတ်သည်၊ “ဟုတ်တယ်၊ အဋ္ဌမအစ်ကို၊ အခုဆို သုံးနှစ်တိတိ ကုန်လွန်သွားပြီ။”
မော့ချူဟန်က ဆက်မေးသည်၊ “ဒါဆို ဆဌမအစ်ကိုနဲ့ သတ္တမအစ်ကိုတို့ကရော ဘယ်လိုနေလဲ” သူ အံ့ဖွယ်နည်းဖြင့် အသက်နိုင်ခဲ့လျှင် ဆဌမအစ်ကိုနဲ့ သတ္တမအစ်ကိုတို့ကရော ဤကဲ့သို့ အံ့ဖွယ်နည်းဖြင့် အသက်ရှင်နေနိုင်လိမ့်မည်ဟု မျှော်လင့်နေမိသည်။
မော့ကျိုးယွီက ခေါင်းကို တစ်ဖက်သို့ အနည်းငယ် စောင်းကာ ထွက်လာတော့မည့် မျက်ရည်များကို ထိန်းထားရန် သူ့မျက်လုံးကို အကြိမ်ကြိမ် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
“ဆဌမအစ်ကိုနဲ့ သတ္တမအစ်ကိုတို့နှစ်ယောက်စလုံး အဲဒီတိုက်ပွဲမှာပဲ ကျဆုံးသွားခဲ့တယ်။”
ဒါကိုကြားတော့ မော့ချူဟန်က မော့ကျိုးယွီ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့သည်။
“အခု မော့မိသားစုမှာ အမျိုးသားတွေဆိုလို့ မင်းနဲ့ ငါပဲ ကျန်တော့တာလား။”
မော့ကျိုးယွီက ခက်ခက်ခဲခဲ ပြန်ဖြေပေးခဲ့သည်၊ “ဟုတ်တယ်။”
မော့ချူဟန်သည် ဒီအဖြေကို ကြားလိုက်သောအခါတွင် သူ့မျက်လုံးများသည် ဒဏ်ရာအကြီးအကျယ် ရရှိနေသော သားရဲတိရိစ္ဆာန်ကဲ့သို့ ရဲရဲနီစွေးသွားသည်။
မော့ချူဟန်သည် မတ်မတ်ထိုင်ဖို့ ကြိုးစားရုန်းကန်ရင်း သူ့ဆံပင်တွေကို လက်နှစ်ဖက်ဖြင့် ဆွဲဆုပ်ကိုင်ပြီး စိတ်ပျက်အားငယ်စွာ အော်ဟစ်ငိုကြွေးလိုက်သည်။
“မဟုတ်ဘူး… ဒါတွေအားလုံးက အဖြစ်မှန်လို့ ငါမယုံနိုင်ဘူး။”
သူ့အခြေအနေကိုကြည့်ရင်း မော့ကျိုးယွီသည် သူ့ရင်ထဲက နာကျင်မှုကို ဖိနှိပ်ကာ အဋ္ဌမအစ်ကိုကို နှစ်သိမ့်ပေးဖို့ ရှေ့ကိုတိုးသွားခဲ့သည်။
“အဋ္ဌမအစ်ကို၊ ဒါတွေအားလုံး ပြီးသွားခဲ့တာကြာပြီ။ အခု မင်းလည်း အသက်ရှင်နေဆဲဆိုတော့ မိုးကောင်းကင်က ငါတို့မော့မိသားစုအပေါ် ကောင်းချီးပေးတာပဲ။”
ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ဟဲကျစ်ယန်သည် သူမ၏ မျက်နှာပေါ်မှာ မျက်ရည်တွေ တရဟော စီးကျလာပေမယ့် သူမမှာ ပြောစရာစကား ရှိနေတုန်းပါပဲ။
သူမက ညီအစ်ကိုနှစ်ယောက်ထံသွားပြီး ကြင်နာစွာ သတိပေးသည်၊ “အဋ္ဌမအစ်ကို၊ အမေနဲ့ အဋ္ဌမမရီးတို့က ဒီနေရာနဲ့ သိပ်မဝေးတဲ့ စခန်းမှာ ရှိနေတယ်။”
ဟုတ်ပါတယ်၊ ဟဲကျစ်ယန်ရဲ့ စကားကိုကြားပြီးနောက် မော့ချူဟန်ရဲ့ စိတ်တွေ တည်ငြိမ်သွားခဲ့သည်။
သူက မော့ကျိုးယွီကို နီရဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“နဝမညီလေး၊ အမေနဲ့ မင်းအဋ္ဌမမရီးရော ဘယ်လိုနေလဲ။”
မော့ကျိုးယွီက မော့ချူဟန်ကို မတ်တပ်ရပ်နိုင်အောင် ဂရုတစိုက် ဖေးမပေးလိုက်သည်။
“သူတို့နှစ်ယောက်လုံး အဆင်ပြေပါတယ်။ အဋ္ဌမမရီးကတော့ မင်းကို အရမ်းလွမ်းနေပုံပဲ။”
သူ့မိခင်၏ ချစ်စဖွယ်မျက်နှာနှင့် သူ့ဇနီးသည်၏ ချစ်စရာကောင်းသောပုံရိပ်လေးသည် မော့ချူဟန်၏ စိတ်ထဲ ရုတ်ခြည်း ဝင်ရောက်လာခဲ့သည်။
သူနှင့် သူ့ဇနီး ကျောက်ရှန့်လန်တို့ဟာ အိမ်ထောင်သက်တစ်လမပြည့်သေးသည့်အပြင် ချစ်ခင်ယုယနေသည့် မင်္ဂလာဦးကာလမှာပင် ရှိနေဆဲ ဖြစ်သည်။ သို့သော် နယ်စပ်မှ အရေးပေါ်သတင်းရပြီး သူသည် မော့ကျိုးယွီနှင့်အတူ နယ်စပ်ကို ညတွင်းချင်း ပြေးသွားခဲ့ကြရသည်။
သူ နောက်ဆုံးအကြိမ် အိမ်က ထွက်သွားတုန်းက သူ့အမေက သူ့မိသားစုဝင်အားလုံးနှင့် အိမ်ရှေ့တံခါးဝမှာ လာတွေ့ခဲ့တာကို မှတ်မိတယ်။
ထိုအချိန်တွင် သူ့မိခင်သည် သူ့ခင်ပွန်းသည်နှင့် သား ( ၅ ) ယောက်တို့ကို ဆုံးရှုံးခဲ့ပြီးဖြစ်သည်။
ဒါတောင်မှ သူမသည် သူနှင့် နဝမညီလေးတို့ကို တိုက်တွန်းနေတုန်းပါပဲ - မော့မိသားစုက အမျိုးသားတွေဟာ သူရဲဘောကြောင်လို့ မရဘူး။
သူ့ဇနီး ကျောက်ရှန့်လန်က သူ့လက်ကို လွှတ်ပေးဖို့ တွန့်ဆုတ်နေပြီး သူမ၏ မျက်လုံးတွေထဲမှာ ဝန်လေးမှုအပြည့်ရှိသည်…
သူ့မိသားစုနဲ့ ကွဲကွာနေတာ သုံးနှစ်ရှိပြီဆိုတာ သူ နည်းနည်းလေးမှ မသိခဲ့ဘူး။
ပြီးတော့ သူဟာ အသိမဲ့ပြီး ဖရိုဖရဲဖြစ်သော အခြေအနေတွင် သုံးနှစ်နေထိုင်ခဲ့သည်။
မော့ချူဟန်က မော့ကျိုးယွီရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်၊ “နဝမညီလေး၊ ငါ့ကို သူတို့နဲ့ တွေ့ဖို့ ခေါ်သွားပေးပါ။”
မော့ချူဟန်၏ တုန်ယင်နေသာ ခြေလှမ်းများကို မြင်လိုက်ရသဖြင့် မော့ကျိုးယွီက စိတ်ပူသွားခဲ့သည်။
အဋ္ဌမအစ်ကိုမှာ လက်မောင်းဒဏ်ရာသာ ရှိတယ်လို့ သူထင်တဲ့အတွက် သူ ဒီလောက် အားနည်းမနေသင့်ဘူး။
ဒါကြောင့် သူက ဟဲကျစ်ယန်ကို မေးလိုက်သည်၊ “ယန်ယန်၊ အဋ္ဌမအစ်ကိုရဲ့ ခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ။”
“အဋ္ဌမအစ်ကိုဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရုပ်သေးကူကောင်ဆီကနေ သူ့အသွေးအသားတွေကို အများကြီး စုပ်ယူခံခဲ့ရတယ်။ အခုအချိန်မှာ အဋ္ဌမအစ်ကို အားနည်းနေတာ ပုံမှန်ပဲ။ နောက်ပိုင်း သူ့ရဲ့ လက်ရှိအသွင်အပြင်ကို ကြည့်ရင် သူ အချိန်အကြာကြီး မစားမသောက်တာကြောင့် ဖြစ်နိုင်တယ်။
တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရဲ့ အိတ်ထဲမှာ စားစရာအချို့ ရှိနေသေးတာကြောင့် အဋ္ဌမအစ်ကိုရဲ့ ဗိုက်ထဲကို အစာနည်းနည်းလောက်ဝင်အောင် အရင်စားသင့်တယ်။”
ဟဲကျစ်ယန်၏ ခန္ဓာကိုယ်တွင် တကယ်တော့ မည်သည့်အထုပ်မှ မရှိပေ။ မော့ချူဟန်သည် ဒီတစ်လျှောက်လုံး သူမအပေါ် သိပ်အာရုံမရောက်ကြောင်း သတိပြုမိသဖြင့် သူမ၏ နေရာလွတ်ထဲမှ ကျပန်းအထုပ်တစ်ထုပ်ကို စိတ်ဖြင့် ထုတ်ယူလိုက်သည်ကို သူ ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ပေ။
သူမ ထိုသို့ပြောပြီးသည်နှင့် သူမ၏ အသိစိတ်ဖြင့် တာ့ပေါင်မောလ်မှ ပေါက်စီအကြီးကြီး တစ်လုံးကို ဝယ်ယူလိုက်ပြီး သူမ၏ ရေခဲသေတ္တာထဲတွင် သိမ်းဆည်းထားသော အမဲသားနှပ်ကိုပါ ထုတ်ယူလိုက်သည်။
မော့ချူဟန်သည် တကယ့်ကို ဗိုက်ဆာနေခဲ့သည်။ သူသည် ဟဲကျစ်ယန်ကို ကျေးဇူးတင်စကား ပြောပြီးနောက် ဟဲကျစ်ယန်၏ လက်ထဲမှ အစားအစာကို ယူကာ စတင် စားသောက်ခဲ့သည်။
ဟဲကျစ်ယန်က နောက်ထပ် ရေအိတ်တစ်အိတ်ကိုပါ ထုတ်ယူလိုက်သည်။
“အဋ္ဌမအစ်ကို အစ်ကို အစာမစားဖြစ်တာကြာပြီဆိုတော့ မြန်မြန် မစားနဲ့။ မြန်မြန်စားရင် အစ်ကိုရဲ့ အစာအိမ်နဲ့ သရက်ရွက်ကို ထိခိုက်စေလိမ့်မယ်။”
ဒါကိုကြားတော့ မော့ချူဟန်၏ မျက်နှာက နီမြန်းသွားခဲ့သည်။
သူ့မွေးချင်းတို့လင်မယား ဒီနေရာမှာ ရှိနေဆဲဖြစ်တာကို သူ အမှန်ပင် မေ့လျော့သွားခဲ့သည်။
မော့ချူဟန်က ရှက်ရွံ့စွာဖြင့် ရေအိတ်ကို လှမ်းယူလိုက်သည်၊ “ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးပါ နဝမခယ်မလေး။”
***